အနည်းဆုံးလုပ်ခ ၄၈၀၀ ကျပ်မပေးသော အလုပ်ရှင်များကို အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနနှင့် အနည်းဆုံး အခကြေးငွေ ကော်မတီထံသို့ တိုင်ကြားနိုင်သည့်အပြင် အလုပ်ရှင်ကို တရားစွဲဆိုနိုင်ဟုဆို

အနည်းဆုံးလုပ်ခ ၄၈၀၀ ကျပ် မပေးသော အလုပ်ရှင်များကို သက်ဆိုင်ရာမြို့နယ် အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အနည်းဆုံးအခကြေးငွေ ကော်မတီထံသို့ တိုင်ကြားနိုင်သည့်အပြင် အလုပ်ရှင်ကို တရားစွဲဆိုနိုင်ကြောင်း အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်း၏ ပြောကြားချက်အရ သိရသည်။

ဇွန် ၁၂ ရက်က ရန်ကုန်မြို့ ချက်ထရီယံ ဟိုတယ်၌ ပြုလုပ်သော ကမ္ဘာ့ကလေးလုပ်သား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင်  သတင်းမီဒီယာများ၏ မေးမြန်းမှုများကို ဖြေကြားရာ၌ ၎င်းကထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“အနည်းဆုံး အခကြေးငွေ ၄၈၀၀ ကို မေ ၁၄ ရက်က အတည်ပြု သတ်မှတ်ပြီး စပေးပါလို့ အမိန့်ထုတ်ပြန် လိုက်တယ်။ မေ ၁၄ ရက်မတိုင်ခင် ၄၈၀၀ မပေးလို့ရတယ်။ ၁၄ ရက်နောက်ပိုင်းက ပေးရမယ်။ ၄၈၀၀ မရရင် ဘာလုပ်လို့ရလဲဆိုတော့ ဥပဒေအရ သက်ဆိုင်ရာ မြို့နယ်အရာရှိကို တိုင်လို့ရတယ်။ တိုင်ပြီးမှ မရဘူးဆိုရင် အဆင့်ဆင့်ပေါ့။ အနည်းဆုံး အခကြေးငွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့် ကော်မတီတွေကို တိုင်ရမယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်ကော်မတီတွေကို တိုင်လို့မှ မရဘူးဆိုရင် တရားစွဲရမှာပေါ့” ဟု အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးညွန့်ဝင်းက ပြောကြားသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်ရုံခြောက်ရုံနှင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ စက်ရုံနှစ်ရုံတို့မှာ အနည်းဆုံး လုပ်ခ ၄၈၀၀ ကျပ်နှုန်း ပေးချေခြင်း မရှိသည်ကို သိရှိကြောင်း မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ၀န်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (MICS) အတွင်းရေးမှူး ကိုသက်နှင်းအောင်၏ ပြောကြားချက်အရ သိရသည်။

အစိုးရက အနည်းဆုံးလုပ်ခ ကျပ် ၄၈၀၀ သတ်မှတ်ပြီးနောက်ပိုင်း စက်ရုံ၊ အလုပ်ရုံ ပိုင်ရှင်များမှာ အနည်းဆုံး လုပ်ခ ၄၈၀၀ ကျပ်ကို ပေးချေသော်လည်း ယခင်အလုပ်သမားများ ရရှိသည့် ရက်မှန်ကြေး၊ ဖယ်ရီကြေး စသည်တို့ကို လျှော့ချခြင်း၊ ဖြတ်တောက်ခြင်းများ ပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။

၂၀၁၅ ခုနှစ်က အနည်းဆုံး လုပ်ခကို တစ်ရက် ၃၆၀၀ ကျပ်အဖြစ် သတ်မှတ်စဉ်က ၃၆၀၀ ကျပ်မရသဖြင့် အလုပ်သမား ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

Pearl Garment အထည်ချုပ်စက်ရုံမှ အလုပ်သမားများ အလုပ်သမားအခွင့်အရေး မရရှိသဖြင့် စက်ရုံရှေ့ ဆန္ဒထုတ်ဖော်

ဓာတ်ပုံ-အောင်မျိုးသန့်

Pearl Garment အထည်ချုပ်စက်ရုံမှ အလုပ်သမားများ အလုပ်သမားအခွင့်အရေးများ မရရှိသဖြင့် စက်ရုံရှေ့တွင် ဆန္ဒထုတ်ဖော်မှု ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

အလုပ်သမားများ ဆန္ဒထုတ်ဖော်နေသည့် စက်ရုံမှာ လှိုင်သာယာစက်မှုဇုန် ကျန်စစ်သားလမ်း၌ တည်ရှိပြီး ဆန္ဒထုတ်ဖော်မှုတွင် စက်ရုံမှအလုပ်သမား ၁၀၀ ခန့်ပါဝင်ခဲ့ကာ စက်ရုံရှေ့တွင် မေ ၁၀ ရက်မှစတင်ကာ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ကြောင်း ဆန္ဒထုတ်ဖော်လျက်ရှိသည့် အလုပ်သမားများ၏ ပြောကြားချက်အရ သိရသည်။

“ကျွန်တော်တို့ မေ ၁၀ ရက်ကတည်းက ဆန္ဒပြတာပါ။ ဒီနေ့မှာတော့ စက်ရုံထဲမှာ အလုပ်သမား ၇၀ လောက်ရှိတယ်။ အပြင်ကဆန္ဒပြတဲ့ အလုပ်သမားတွေကတော့ ဒီနေ့ညနေပိုင်းက စပြတာပါ။ အထဲမှာကတော့ ဒီနေ့မှ ပိတ်မိတာပါ။ အဓိကတော့ တစ်နေ့လုပ်ခ ၄၈၀၀ အပါအ၀င် အလုပ်သမားအခွင့်အရေး ခြောက်ချက်ကို တောင်းဆိုထားတယ်။ မနက်ဖြန် တစ်နေကုန် အပြီးသတ်ညှိနှိုင်းဖို့ ပြောထားပါတယ်” ဟု အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် ဦးဆောင်ပါဝင်သူတစ်ဦးက ပြောကြားသည်။

ထိုသို့ စက်ရုံရှေ့တွင် အလုပ်သမားအချို့က ဆန္ဒထုတ်ဖော်လျက်ရှိသဖြင့် ကျန်ရှိသည့် အလုပ်သမားအချို့မှာ စက်ရုံအတွင်း ပိတ်မိလျက်ရှိကြောင်းသိရပြီး အဆိုပါဆန္ဒပြမှုမှာ မေ ၁၇ ရက် ည ၁၂ နာရီအထိ ဆန္ဒပြအလုပ်သမားများ စက်ရုံရှေ့၌ ရှိနေကြောင်း သိရသည်။

အလုပ်သမားဥပဒေပါ ပြဌာန်းချက်များအရ ပြည်တွင်းအလုပ်သမားများ၏ လုပ်ခလစာအား နှစ်နှစ်တစ်ကြိမ် ပြန်လည်သုံးသပ်ရမည်ဖြစ်သဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် မေ ၁၄ ရက်မှစ၍ အနည်းဆုံးအခကြေးငွေအား တစ်နာရီ ကျပ် ၆၀၀၊ ရှစ်နာရီ (တစ်ရက်) ကျပ် ၄၈၀၀ ပေးအပ်ရမည်ဟု သတ်မှတ်ထားကြောင်း သိရသည်။

 

မန္တလေးတိုင်းဒေသကြီးအတွင်း အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာကော်မတီနှင့် အလုပ်ရှင် အလုပ်သမားများ တွေ့ဆုံဆွေးနွေး

မန္တလေးတိုင်းဒေသကြီးအတွင်း အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာကော်မတီ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့နှင့် အလုပ်ရှင် အလုပ်သမားများ တွေ့ဆုံဆွေးနွေးမှုကို ဇန်န၀ါရီ ၃၁ ရက် နံနက် ၉ နာရီက မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ကနောင်ခန်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာကော်မတီနှင့် အလုပ်ရှင် အလုပ်သမားအဖွဲ့အစည်းများ အလုပ်သမားများနှင့်တွေ့ဆုံပွဲမှာ အနည်းဆုံးလုပ်ခလစာနှင့်ပတ်သက်၍ အဆိုပြုလိုသည့်လုပ်ငန်းရှင်များ၊ ကန့်ကွက်လိုသည့် လုပ်ငန်းရှင်များက တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အလုပ်သမားရေးရာနှင့် ပတ်သက်သည့်ဌာနများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ အဆိုပါဆွေးနွေးပွဲသို့ မန္တလေးမြို့မှ အလုပ်သမားအဖွဲ့အစည်းများနှင့် အလုပ်သမားများ၊ မန္တလေးစက်မှုဇုန်ရှိ အလုပ်သမားခေါင်းဆောင်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

“ကျွန်တော်တို့ အလုပ်သမားအဖွဲ့အစည်းတွေ အလုပ်သမားတွေက အနည်းဆုံးလုပ်ခလစာကို ကျပ် ၅၆၀၀ ရရှိဖို့ တောင်းဆိုဆွေးနွေးထားတယ်။ အလုပ်ရှင်တွေဘက်ကတော့ ကျပ် ၄၈၀၀ သတ်မှတ်ပေးချင်တယ်။ ဒါကို အလုပ်သမားတွေဘက်က တစ်နေ့လုပ်ခလစာကို ကျပ် ၅၆၀၀ ရရှိဖို့ အဓိကတောင်းဆိုထားပါတယ်။ ကျွန်တော်တို့ အခုလို အလုပ်သမားတွေအတွက် ဆွေးနွေးပွဲတွေကို မကြာခဏပြုလုပ်တယ်။ ဒီလိုဆွေးနွေးပွဲတွေကို အဓိကတာဝန်ရှိတဲ့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ၀န်ကြီးဦးမျိုးသစ်က အလုပ်သမားနဲ့ပတ်သက်ပြီး တာဝန်ပေးခံထားရသလို ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူထားတယ်။ အခုလိုအရေးကြီးတဲ့ ဆုံးဖြတ်ချက်ချနိုင်တဲ့ ဆွေးနွေးပွဲကို မတက်ရောက်လာတာကတော့ စိတ်မကောင်းပါဘူး။ တိုင်းဒေသကြီးအစိုးရဟာ ကျွန်တော်တို့အလုပ်သမားတွေအပေါ်မှာ အာရုံစိုက်မှုနည်းပါးသလို သူတို့အောက်ခြေ၀န်ထမ်းတွေကိုလည်း စနစ်တကျမကိုင်တွယ်တတ်ဘူး။ ဒီကနေ့ ဆွေးနွေးပွဲကတော့ နောက်ဆုံးအဆင့် ဆွေးနွေးခြင်းဖြစ်ပါတယ်” ဟု ဆွေးနွေးရာတွင် ပါဝင်ခဲ့သည့် အလုပ်သမားခေါင်းဆောင် ကိုသက်နှင်းအောင်က ပြောကြားသည်။

အဆိုပါဆွေးနွေးပွဲမှရရှိခဲ့သည့် ဆွေးနွေးချက်များအား အနည်းဆုံးအခကြေးငွေဆိုင်ရာ အမျိုးသားအဆင့်ကော်မတီထံသို့ ထပ်မံတင်ပြသွားမည်ဖြစ်ကာ အဆိုပါကော်မတီက သတ်မှတ်ထားသည့် အနည်းဆုံးလုပ်ခလစာနှုန်းထားကို အလုပ်သမားများက ကန့်ကွက်မှုများ ပြုလုပ်ထားကြောင်း သိရသည်။

အဆိုပြု အနည်းဆုံးအခကြေးငွေ ကျပ် ၄၈၀၀ အား တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အလုပ်ရှင်နှင့်အလုပ်သမားများ၏ ကန့်ကွက်မှုများရှိနေ

အဆိုပြု အနည်းဆုံးအခကြေးငွေ တစ်ရက် ကျပ် ၄၈၀၀ အား တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အလုပ်ရှင်နှင့် အလုပ်သမားများ ကန့်ကွက်မှုများရှိနေကြောင်း ဇန်န၀ါရီ ၁၉ ရက်တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲ တမ်းအတွင်းဝန် ဦးမျိုးအောင်၏ ပြောကြားချက်အရ သိရသည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်တွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရုံး၌ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ စတုတ္ထအကြိမ်မြောက် အစည်းအဝေးပြုလုပ်ခဲ့သည်။ အဆိုပါ အစည်းအဝေးတွင် အနည်းဆုံးအခကြေးငွေ အဆိုပြုနှုန်းထားမှာ တစ်ရက်လျှင် ကျပ် ၄၈၀၀ ဖြစ်ပြီး အလုပ်သမား ၁၀ ဦးနှင့်အထက် လုပ်ငန်းများတွင် အကျုံးဝင်သည်ဟု သတ်မှတ်ခဲ့သည်။

“အနည်းဆုံးအခကြေးငွေ အဆိုပြုနှုန်းထားကို ကန့်ကွက်မှုတွေရှိတယ်။ သိတာတော့ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းမှာ ရှိတယ်လို့ သိထားတယ်။ အလုပ်ရှင်လည်းပါတယ်။ အလုပ်သမားလည်းပါတယ်။ နှစ်ဖက်စလုံး (ကန့်ကွက်လွှာ) တင်ထားတယ်လို့ သိရတယ်။ သက်ဆိုင်ရာပြည်နယ်နဲ့ တိုင်းတွေက အနည်းဆုံးအခကြေးငွေကော်မတီက ဖြေရှင်းဖို့လုပ်နေကြတယ်။ သူတို့က အလုပ်ရှင် နဲ့ အလုပ်သမားကိုဖြေရှင်းမယ်။ ဖြေရှင်းပြီးတော့မှ ဆွေးနွေးမယ်။ မကွေးမှာဆို ထူးထူးခြားခြား အလုပ်သမားကိုယ်စားလှယ်တွေက ၈၀၀၀ တောင်တောင်းဖို့တင်ထားတယ်လို့ ကြားရတယ်။ ရန်ကုန်တိုင်းကတော့ ၅၆၀၀ တွေများတယ်။ အလုပ်ရှင်တွေက ၄၀၀၀၊ ၄၄၀၀ အဲဒီ ၀န်းကျင်တွေကြားတယ်”ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည် သူ့အင်အားဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောကြားသည်။

၂၀၁၅ ခုနှစ်က အနည်းဆုံးအခကြေးငွေ သတ်မှတ်စဉ်ကလည်း ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ ကန့်ကွက်စာ ၃၃၀ ခန့်ရှိကြောင်း သိရသည်။

အဆိုပြုအနည်းဆုံးအခကြေးငွေ ကျပ် ၄၈၀၀ အား ကန့်ကွက်မှုများရှိသော်လည်း လူတစ်ဦးချင်းစီ၏ သဘောထားထက် လူအများစု၏ သဘောထားကို ကြည့်ရမည်ဖြစ်ကြောင်း ဦးမျိုးအောင်က “သွားရမယ့်လမ်းကြောင်းက အများစုရဲ့ သဘောထားလေ။လူတစ်ဦးချင်းစီရဲ့ သဘောထားကို ဒီအချိန်မှာ ဦးစားပေးလို့ မရတော့ဘူး။ အကြံပြုချက်တွေ ကောင်းနေရင်တော့တစ်မျိုးပေါ့။ သို့သော်လည်း အများစုရဲ့သဘောထားကို လိုက်ရမယ့် အနေအထားဖြစ်သွားပြီလေ” ဟု ဆိုသည်။

အနည်းဆုံးအခကြေးငွေ အဆိုပြုနှုန်းထား တစ်ရက် ကျပ် ၄၈၀၀ ကို ရက်ပေါင်း ၆၀ အတွင်း ကန့်ကွက်နိုင်ကြောင်း ဥပဒေတွင် ပါရှိသော်လည်း ကန့်ကွက်လွှာပေးပို့ရန် ရက်သတ္တပတ်နှစ်ပတ်သာ အချိန်ပေးသည့်အတွက် ကန့်ကွက်မှုများ ရှိကြောင်း သိရသည်။

ရန်ကုန်လွှတ်တော်ဆီ ရောက်မလာဘဲ စတင်ခဲ့တဲ့ Eco Green City အိမ်ရာစီမံကိန်းနဲ့ အနည်းဆုံးအခကြေးငွေ ကျပ် ၄၈၀၀ ဂယက်

အနည်းဆုံး အခကြေးငွေ တစ်ရက် ကျပ် ၅၆၀၀ ရရှိရေး အထည်ချုပ်စက်ရုံ အလုပ်သမားများ ဆန္ဒထုတ်ဖော်နေသည်ကို ယခုလပိုင်းအတွင်း တွေ့ရစဉ် (ဓာတ်ပုံ – ကြည်နိုင်)

စီးပွားရေး ကျဆင်းမှုတွေနဲ့ ပြည်သူတွေရဲ့ စားဝတ်နေရေး ကျပ်တည်းမှုတွေ ပန်းဝင်ခဲ့တဲ့ ငြိမ်းချမ်းရေးနှစ်အမည်တပ် ၂၀၁၇ ခုနှစ် ကုန်ဆုံးခဲ့ချိန်မှာ မြန်မာနိုင်ငံအတွက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာမှာ စတင်ပါဝင်ရတော့မယ့် အာဆီယံစီးပွားရေး အသိုက်အ၀န်းက စောင့်ကြိုနေမယ့် စိန်ခေါ်မှုဆီ ဦးတည်ခဲ့ပါပြီ။

အစိုးရဘက်က မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေအသက်ဝင်လာမယ့် ၂၀၁၈ ခုနှစ် သြဂုတ်ကို ပစ်မှတ်ထား လုပ်ဆောင်နေသလို ပုဂ္ဂလိက လုပ်ငန်းတွေထဲက အသေးစား အလတ်စားလုပ်ငန်းတွေအတွက်လည်း ချေးငွေဆိုင်ရာ အတိုးနှုန်းတွေနဲ့ ကာလတွေ လျှော့ချမှုတွေ ပြင်ဆင်လာတာ မြင်စပြုခဲ့ပါတယ်။

ဆန်စင်ရာ ကျည်ပွေ့လိုက်ရင်း မဟာဗျုဟာမြောက် ချမှတ်နိုင်ခြင်း မရှိသေးတဲ့ မြန်မာ့စီးပွားရေးအမြင်ဟာ ဘာလုပ်နေသလဲလို့ မေးခွန်းထုတ်ရမယ့် စီးပွားရေးမူဝါဒ ၁၂ ချက်နဲ့ ရှေ့ဆက်ဖို့ ခဲယဉ်းနေဆဲပါ။

ဒီလိုအခြေအနေတွေ ကြုံနေပေမယ့်လည်း အစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှု အားနည်းတယ်လို့ ဝေဖန်ခံနေရတဲ့ဖြစ်စဉ်အဖြစ် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ မဲဆန္ဒနယ်လှည်းကူးမှာ Eco Green City အိမ်ရာစီမံကိန်းကို အကောင်အထည် ဖော်ခဲ့တာကြောင့် လွှတ်တော်ကို အသေးစိတ် ရှင်းလင်းမှုမရှိခဲ့လို့ လွှတ်တော်ကိုယ်စားလှယ်တွေ ဝေဖန်ခဲ့ကြသလို အလုပ်ရှင်က များတယ်ထင်ပြီး အလုပ်သမားက နည်းတယ်ထင်တဲ့ အနည်းဆုံး အခကြေးငွေကို မူလကထက် ကျပ် ၁၂၀၀ တိုးမြှင့်လိုက်မှုဂယက်တွေလည်း ရှိနေပြီး ဒီလိုလုပ်ဆောင်မှုတွေကိုပဲ ဒီတစ်ပတ်ရဲ့ စီးပွားရေး သုံးသပ်ချက်ကဏ္ဍမှာ တင်ပြလိုပါတယ်။

ရန်ကုန်မြို့သစ် အိမ်ရာစီမံကိန်းနဲ့ ကျုးကျော်အိမ်ရာအရင် စတင်လာတဲ့ Eco Green City အိမ်ရာစီမံကိန်း

အရင်အစိုးရလက်ထက်က လုပ်ခဲ့တဲ့ ဝေဖန်ခံရန်ကုန်မြို့သစ် စီမံကိန်းနဲ့ လက်ရှိ အစိုးရလက်ထက်မှာ စတင်အကောင်အထည်ဖော်မယ့် ကျုးကျော်အိမ်ရာ စီမံကိန်းတွေ အရင်ခြေလှမ်းပြင်လာတာက ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ မဲဆန္ဒနယ် လှည်းကူးမှာ Eco Green City အိမ်ရာစီမံကိန်းကို အကောင်အထည်ဖော်လာမှု ဖြစ်ပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်းကို စတင်ပြီး အကောင်အထည်ဖော်ရာမှာ အနောက်တောင်မြို့သစ်စီမံကိန်းကို ကျပ် ၆၄ ဘီလျံနဲ့ အကောင်အထည်ဖော်မှာဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရက ၅၁ ရာခိုင်နှုန်းနဲ့ ၄၉ ရာခိုင်နှုန်းကို မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ဖွဲ့စည်းထားတဲ့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ ပါဝင်တဲ့ MCD ဆိုတဲ့အဖွဲ့နဲ့ ဆောက်လုပ်မှာကလွဲရင် ဘာမှသိခွင့်မရသေးတဲ့ မြို့သစ်စီမံကိန်းက ၂၀၁၈ ခုနှစ်ထဲမှာ စတင်ဖို့ ရှိနေပါတယ်။ ဒီစီမံကိန်း စတင်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က Yangon Metro- politan Development Public Co.,Ltd ဆိုပြီး ရန်ကုန်မြို့သစ်စီမံကိန်း လုပ်ဆောင်ဖို့ တည်ထောင်ထားပေမယ့် အကျိုးအမြတ် ခွဲဝေမှုအတွက် အဓိကကျတဲ့ အစုရှယ်ယာပါဝင်မှုနဲ့ ဘယ်လိုလူတွေပါနေလဲ ဆိုတာကတော့ ပြည်သူတွေ သိခွင့်မရသေးပါဘူး။

ဒီလိုအချိုးအစားအလိုက် စတင်တော့မယ့် ရန်ကုန်အနောက်တောင် မြို့သစ်စီမံကိန်းမှာဆိုရင် ရင်းနှီးမြှုပ်နှံမှုက ရှင်းလင်းမှုမရှိဘဲ ပြည်သူတွေရဲ့ ဘဏ္ဍာငွေနဲ့ ရင်းနှီးမြှုပ်နှံမယ့် အစိုးရဘက်ခြမ်းက ၅၁ ရာခိုင်နှုန်းမှာ ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦးက ဒါရိုက်တာဘုတ်အဖွဲ့ဝင်အဖြစ် ပါဝင်မယ်လို့ဆိုပါတယ်။ ဒီလိုပါဝင်မှာကို လက်မခံနိုင်ဘူးလို့လည်း ဒေါ်စန္ဒာမင်းက ဆွေးနွေးခဲ့ဖူးပါတယ်။

ဒီလို ရန်ကုန်မြို့သစ်စီမံကိန်း လုပ်ဆောင်နေမှု ပွင့်လင်းမြင်သာမှု မရှိတာကြောင့် အဝေဖန်ခံနေရချိန်မှာ ကျုးကျော်အိမ်ရာစီမံကိန်း အတွက်လည်း လက်မှတ်ရေးထိုးရုံ အဆင့်သာရှိနေသေးပေမယ့် သူတို့ကို ကျော်တက်လာတဲ့ Eco Green City အိမ်ရာစီမံကိန်းကလည်း လွှတ်တော်မှာ ရှင်းပြမှုမရှိခဲ့တာကြောင့် ကိုယ်စားလှယ်တွေက ဝေဖန်မှုရှိနေပါတယ်။

Eco Green City အိမ်ရာစီမံကိန်း၊ တိုင်းအစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်ကဏ္ဍ

“ကျွန်တော်တို့က အဲဒီစီမံကိန်း အကြောင်းကို အဲဒီနေရာတွေ၊ ကျူးကျော်တွေ ရှင်းလင်းဖယ်ရှားကတည်းက အနာဂတ်စီမံကိန်းကို သိနေတယ်။ Alliance Star ဆိုတာ ရွှေသံလွင်ပါပဲ။ ပထမသိတာက ရွှေသံလွင်က Media Village အတွက် မြေတောင်းတယ်။ မြေတောင်းတာက ဧက ၂၀ လောက် တောင်းတာထင်တယ်။ ရန်ကုန်တိုင်းအစိုးရက Media Village အပြင် ဒီနေရာမှာ အိမ်ရာဆောက်ခွင့်ပေးမယ်။ တိုင်းဒေသကြီးအစိုးရကလည်း ယူမယ်ပေါ့။ ဘယ်လိုစာချုပ်ချုပ်လဲ မသိဘူးပေါ့။ ဒီစီမံကိန်းကြီးက ဘယ်လိုအကောင်အထည်ဖော်မလဲ။ ကျူးကျော်တွေလည်း ရောက်နေတာပေါ့။ ကျူးကျော်တွေ ရှိနေတာကို မြန်မြန်ရှင်းထုတ်သင့်တယ်။ ရောင်းမှားဝယ်မှား ဖြစ်မယ်ဆိုပြီး အကြံပြုခဲ့တယ်။ နောက်ဆုံးအနေအထားကတော့ ရှင်းထုတ်လိုက်တယ်ပေါ့။ စီမံကိန်းကြီးကို ဆက်လက်အကောင်အထည် ဖော်တယ်ပေါ့။ ပြည်ထောင်စုဝန်ကြီး ကိုယ်တိုင် အဲဒီပွဲကို တက်ရောက်တယ်။ ပြည်ထောင်စုကို အမြဲတမ်း စောင့်ကြည့်နေတာ။ ပြည်ထောင်စုမှာ ဒီစီမံကိန်းကို မကြားမိဘူး။ တိုင်းဒေသကြီးမှာတော့ ကျွန်တော်ကိုယ်တိုင် ပါဝင်နေတော့ အသိဆုံးပေါ့။ ရန်ကုန်မြို့သစ် စီမံကိန်းကိုလည်း ရှင်းလင်းခွင့်မရခဲ့ဘူး။ အခု ဒီစီမံကိန်းကိုလည်း မသိရဘူး။ လုပ်ထုံးလုပ်နည်းနဲ့ မညီညွတ်ဘူးပေါ့ဗျာ။ လွှတ်တော်ထဲလည်း မဖြတ်ဘူး။ အကောင်အထည်ဖော်လိုက်တယ်။ ဒီကိစ္စကို လွှတ်တော်ထဲမှာ တင်ပြသွားမယ်။ ပြည်သူ့လွှတ်တော်ကတော့ စတော့မှာပေါ့။ ဒီဟာကို ပြည်ထောင်စုက ကိုင်သင့်တာပေါ့။

ကျွန်တော်က စီမံကိန်းကော်မတီ အတွင်းရေးမှူးဆိုတော့လည်း အမှန်ဘက်ကဖြစ်အောင် ဆွေးနွေးခွင့်ရအောင်၊ ပြည်သူ့ဆန္ဒပါအောင် စာချုပ်ချုပ်တာ ပွင့်လင်းမြင်သာမှုရှိအောင် တခြားကုမ္ပဏီတွေရော ဆောက်ချင်တာ မရှိဘူးလား။ အဲဒါို မေးခွန်းမေးသွားမယ်။ Alliance Star နဲ့ လုပ်မယ်ဆိုတာကို ရန်ကုန်တိုင်းဒေသကြီး အစိုးရတက်ကတည်းက ကြားနေတာ” လို့ဆိုသူက ဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဇေယျပါ။

ဦးကျော်ဇေယျနည်းတူ ဝေဖန်ခဲ့တာက လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်ဖြစ်ပြီး ဒီစီမံကိန်းက တိုင်းဒေသကြီးအစိုးရက လုပ်တာဖြစ်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်နဲ့ပဲဆိုင်တယ်လို့ ဆိုခဲ့ပါတယ်။

“ဒီစီမံကိန်းက ပြည်ထောင်စု လွှတ်တော်နဲ့တော့မဆိုင်ဘူး။ ရန်ကုန်တိုင်းအစိုးရအစီအမံနဲ့ လုပ်တာဖြစ်တဲ့အတွက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်နဲ့ပဲ ဆိုင်တယ်။ ဒီစီမံကိန်းက ပြည်ထောင်စုအဆင့်မဟုတ်တဲ့အတွက် အသေးစိတ်မသိရဘူး။ အခမ်းအနားလုပ်တဲ့နေ့ ရှင်းပြတာပဲ သိရတာပေါ့။ စီမံကိန်းအနေအထားကို လွှတ်တော်မှာလည်း ဆွေးနွေးထားတာ မဟုတ်တဲ့အတွက် လက်ရှိသူတို့ပြောတာပဲ ကြားရတယ်။ ပိုပြီးတော့မသိပါဘူး။ ဆောက်လုပ်ရေး ၀န်ကြီးရဲ့အောက်မှာ အိုးအိမ်တို့၊ ဘာတို့ရှိတယ်။ ဒီဟာက ရန်ကုန်တိုင်းရဲ့ မြို့အိုးအစီအစဉ်နဲ့ ပြည်ထောင်စုဝန်ကြီးကို အသိအမှတ်ပြုတဲ့အတွက် ဖိတ်လိုက်တာ။ ဆောက်လုပ်ရေးဝန်ကြီးရဲ့ ပြည်ထောင်စုစီမံကိန်း မဟုတ်ပါဘူး။ ဒါက တိုင်းဒေသကြီးကလုပ်တဲ့ စီမံကိန်းပါ။ သူတို့ဟာနဲ့ ဘယ်လိုလုပ်ခဲ့လဲ။ တိုင်းအစီအစဉ်နဲ့ ဘယ်လိုလုပ်ခဲ့လဲမသိရဘူး။ ကျွန်တော်တို့ သိထားတာက ကျူးကျော်နဲ့ ပတ်သက်လို့ ဆောက်လုပ်ရေးနဲ့ Alliance Star က အရင် အစိုးရလက်ထက်ကတည်းက Joint လုပ်ထားတယ်လို့ သိရတယ်။ အဲဒီလို အချိတ်အဆက်လေးတွေတော့ ရှိတယ်” လို့ ဆိုခဲ့ပါတယ်။

ဒါ့အပြင် ဒီစီမံကိန်းကြီးက အကြီးကြီးဖြစ်လို့ လွှတ်တော်ကိုဖြတ်ပြီးမှပဲသွားမှ ဒီမိုကရေစီကျမှာဖြစ်သလို ပွင့်လင်းမြင်သာမှုရှိသင့်တယ်လို့ လှိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက ထောက်ပြပေမယ့် လက်ရှိမှာတော့ စီမံကိန်းက ကုမ္ပဏီအကျိုးအတွက် လုပ်သလားဆိုတာကို ပြည်သူသိခွင့် မရခင်မှာ စတင်နေပါပြီ။

အနည်းဆုံးအခကြေးငွေ ကျပ် ၄၈၀၀ ဂယက်

အနည်းဆုံးအခကြေးငွေ ကျပ် ၃၆၀၀ သတ်မှတ်မယ်ဆိုရင် စက်ရုံပိတ်ပြီး ချက်ချင်းပြန်သွားမယ်လို့ ခြိမ်းခြောက်ခဲ့တာက တရုတ်အထည်ချုပ် လုပ်ငန်းရှင်တွေဖြစ်ပြီး သူတို့ ခြိမ်းခြောက်ခဲ့စဉ်က မြန်မာနိုင်ငံမှာ အနည်းဆုံး အခကြေးငွေကို စတင် သတ်မှတ်မှုကာလဖြစ်တဲ့ ၂၀၁၅ ခုနှစ်တုန်းကပါ။

ဒါပေမဲ့ အစိုးရက သတ်မှတ်တဲ့ ဒီနှုန်းထားဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အနေနဲ့ မြန်မာနိုင်ငံတွင်း ၀င်လာရင် မြန်မာလုပ်သားတွေကို သူတို့ပေးရမယ့်နှုန်းထားနီးပါး အောက်ပဲရှိတယ်လို့ ငြင်းချက်ထုတ်လာချိန်မှာ သူတို့ပါးစပ်ပိတ်ခဲ့သလို စက်ရုံပိတ်ပြန်သွားမှုလည်း မရှိခဲ့ဘူးဆိုတဲ့ အခြေအနေပါ။

အနည်းဆုံး အခကြေးငွေကို နှစ်နှစ်တစ်ကြိမ် ပြန်လည်သတ်မှတ်ရမယ်ဆိုတဲ့ အချက်အရ လက်ရှိ ၂၀၁၇ ခုနှစ်မှာ အလုပ်ရှင် အလုပ်သမား အကြိမ်ကြိမ် ဆွေးနွေးအပြီး ဒီဇင်ဘာ ၂၉ ရက်မှာ ကျပ် ၄၈၀၀ သတ်မှတ်လိုက်မှုဖြစ်စဉ် ဖြစ်လာခဲ့ပါတယ်။ အလုပ်ရှင်ဘက်ကို ပစားပေး စဉ်းစားခဲ့ပေမယ့် ဒီလို ၄၈၀၀ သတ်မှတ်မှုကို အလုပ်ရှင်တွေက များတယ်ထင်ပြီး မပေးချင်ကြတဲ့ အခြေအနေဖြစ်သလို ကျပ် ၅၆၀၀ နဲ့ ၆၆၀၀ အကြား ရလိုတဲ့ အလုပ်သမားတွေဘက်ကလည်း မနှစ်သက်ကြပါဘူး။

“ပုဂ္ဂလိက၀န်ထမ်းတွေကို လစာတိုးပေးမယ်ဆိုရင် ကျွန်တော်တို့ အစိုးရ၀န်ထမ်းတွေမှာလည်း အထိအခိုက် ရှိပါလိမ့်မယ်။ ဒါကိုလည်း ကျွန်တော်တို့ အသေးစိတ် စဉ်းစားရပါတယ်။ လက်ရှိအနေအထားမှာ ၃၆၀၀ ပေးတယ်ဆိုရာမှာ ကျွန်တော်တို့ ၀န်ထမ်းတွေက ၄၀၀၀ လောက်ပေးထားတာ ဖြစ်ပါတယ်။ သူတို့ကိုတိုးပေးမယ်ဆိုရင် ကျွန်တော်တို့ ၀န်ထမ်းတွေကိုလည်း အချိုးညီစွာ တိုးပေးရပါမယ်။ တိုးပေးဖို့လည်း ကျွန်တော်တို့အစိုးရမှာလည်း လိုငွေပြဘတ်ဂျက်ဖြစ်နေပါတယ်။ တိုးပေးဖို့လည်း အခက်အခဲတွေ ရှိပါတယ်။ မူလသတ်မှတ်ခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်းက နိုင်ငံခြားငွေလဲနှုန်းမှာ နှစ်ဒေါ်လာဝန်းကျင် ရှိနေပြီးတော့ အဲဒီအချိန်မှာ သူများတွေက သုံးဒေါ်လာလောက် ဖြစ်နေပါတယ်။ အစစအရာရာ ချိန်ထိုးပြီးတော့ ကျွန်တော်တို့ သတ်မှတ်ရာမှာ ၂၀၁၅ ခုနှစ်တုန်းက နိုင်ငံခြားငွေလဲနှုန်းက တစ်ဒေါ်လာကို ကျပ် ၁၀၀၀ ၀န်းကျင်ပဲရှိပြီး လက်ရှိကာလမှာ ကျပ် ၁၃၅၀ ၀န်းကျင်ပါ။ လက်ရှိ ၄၈၀၀ ကို ကျွန်တော်တို့က ပြန်တွက်တဲ့အခါကျတော့ နိုင်ငံခြားငွေလဲနှုန်း များလာတဲ့အတိုင်းပဲ ဖြစ်ပါတယ်” လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဆိုပါတယ်။

ဒီနေရာမှာ ကြားချသတ်မှတ်ရရင် အလုပ်ရှင်တွေအနေနဲ့လည်း လက်ရှိတိုးမြှင့်လိုက်တဲ့နှုန်းက အာဆီယံမှာ အနည်းဆုံးဖြစ်နေသေးတယ်ဆိုတာကို တွေးဆပြီး ကန့်ကွက်ဖို့မသင့်သလို အစိုးရကနိုင်ငံဝန်ထမ်း ၁၅ သန်းလောက် လစာတိုးပေးရမယ်ဆိုရင် တိုင်းပြည်က စိုက်ထုတ်ရမှာ သတိချပ်သင့်ပါတယ်။ အလုပ်သမားတွေ အနေနဲ့လည်း တစ်ရက်ကို ၂ ဒသမ ၆၈ ဒေါ်လာပဲရနေတာကနေ တစ်ရက်ကို ၃ ဒသမ ၅၃ ဒေါ်လာနီးပါးရလာပြီး ၁၂၀၀ တိုးတာနဲ့ ကျေနပ်ပါလို့ပဲ တောင်းဆိုရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

အနည်းဆုံးအခကြေးငွေ သတ်မှတ်ရာတွင် အစိုးရ၀န်ထမ်းများအတွက်ပါ ထည့်သွင်းစဉ်းစားရမည်ဟုဆို

အနည်းဆုံးအခကြေးငွေ သတ်မှတ်ရာတွင် အစိုးရ၀န်ထမ်းများအတွက်ပါ ထည့်သွင်းစဉ်းစားရမည်ဟု အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ဒီဇင်ဘာ ၂၃ ရက်တွင် ပြောကြားသည်။

ဒီဇင်ဘာ ၂၃ ရက်တွင် ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်တွင် ပြုလုပ်သည့် အနည်းဆုံးအခကြေးငွေ ပြင်ဆင်သတ်မှတ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် သတင်းမီဒီယာများ၏ မေးမြန်းမှုများကိုဖြေကြားရာတွင် ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“အနည်းဆုံးအခကြေးငွေ သတ်မှတ်တဲ့အခါမှာ ဆရာတို့က ဥပမာ-၂၀၁၅ မှာ ၃၆၀၀။ ဆရာတို့ အစိုးရသတ်မှတ်တာက ၄၀၀၀ ရှိတယ်။ အစိုးရပေးတဲ့နှုန်းကိုပါ စဉ်းစားရပြီ။ ရှင်းရှင်းပြောရရင် နိုင်ငံတော်ရဲ့ ဘတ်ဂျက်ကိုပါကြည့်ရမှာ။ ဒါကြောင့် နိုင်ငံတော်အခြေအနေ စဉ်းစားဖို့လိုတယ်။ လက်ရှိအခြေအနေ စဉ်းစားဖို့လိုတယ်။ သင့်တင့်မျှတတဲ့နှုန်းပေါ့။ တစ်ခုသိထားဖို့က အစိုးရတစ်ခုတည်းသတ်မှတ်တာ မဟုတ်ဘူး။ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ညှိနှိုင်းသတ်မှတ်တာ။ အစိုးရ၀န်ထမ်းရဲ့ လစာပေါ်မှာ Balance ညှိပြီးတော့ ထည့်သွင်းစဉ်းစားရမယ့်အချက်ပဲ” ဟု အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောကြားသည်။

၂၀၁၅ ခုနှစ်တွင် အနည်းဆုံးအခကြေးငွေအား တစ်နိုင်ငံလုံးတစ်ပြေးညီ တစ်ရက်လျှင် ကျပ် ၃၆၀၀ နှုန်းဖြင့် တစ်လလျှင် ကျပ် ၁၀၈၀၀၀ သတ်မှတ်ခဲ့ပြီး အစိုးရက တရားဝင်ခန့်အပ်သည့် နေစားဝန်ထမ်းများမှာ တစ်ရက်လျှင် ကျပ် ၄၀၀၀ နှုန်းရရှိကြောင်း သိရသည်။

လက်ရှိတွင် အနည်းဆုံးအခကြေးငွေ ပြန်လည်သတ်မှတ်ရေးအမျိုးသားအဆင့် ကော်မတီတွင် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်နှင့် အခြားအဖွဲ့အစည်းများ ဆွေးနွေးညှိနှိုင်းလျက်ရှိသည်။

အနည်းဆုံးအခကြေးငွေအား တစ်ရက်လျှင် ကျပ် ၄၀၀၀ မှ ၄၂၀၀ ကြားသာပေးနိုင်မည်ဟု လုပ်ငန်းရှင်များ ပြောကြား

အနည်းဆုံးအခကြေးငွေ တစ်ရက်လျှင် ကျပ် ၅၆၀၀ ထက်မနည်း အမြန်ဆုံးသတ်မှတ်ပေးရေး အလုပ်သမားများ ဒီဇင်ဘာ ၃ ရက်က လှိုင်သာယာမြို့နယ်တွင် ဆန္ဒထုတ်ဖော်စဉ်

အနည်းဆုံးအခကြေးငွေနှုန်းထားအား လုပ်ငန်းရှင်များဘက်က တစ်ရက်လျှင် ကျပ် ၄၀၀၀ မှ ၄၂၀၀ ကြားသာပေးနိုင်မည်ဟု ဒီဇင်ဘာ ၉ ရက်တွင် အထည်ချုပ်လုပ်ငန်းရှင်များအသင်း၏ ဗဟိုအလုပ်မှုဆောင် ဒေါက်တာခင်မောင်အေးက ပြောကြားသည်။

ရန်ကုန်မြို့ သုဝဏ္ဏရှိ ဆောက်လုပ်ရေးဗဟိုသင်တန်းကျောင်းတွင် ပြုလုပ်သည့် အလုပ်ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲအခမ်းအနားတွင် ဒေါက်တာခင်မောင်အေးက မီဒီယာများ၏မေးမြန်းမှုကို ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“သူတို့တောင်းနေတဲ့ ၅၆၀၀ ပေးဖို့က ကျွန်တော်တို့လုပ်ငန်းရှင်တွေမှာ လုံးဝမဖြစ်နိုင်ဘူးလို့ အဖြေထွက်တယ်။ ကျွန်တော်တို့ရတဲ့ အထည်ချုပ်လုပ်ငန်းမှာဝင်ငွေက နိုင်ငံခြားငွေနဲ့ရတယ်။ ရတဲ့ငွေကို ငွေလဲလှယ်နှုန်းနဲ့ လဲလိုက်တယ်။ အဲဒီပိုက်ဆံကို အလုပ်သမားတွေကို ခွဲဝေပေးလိုက်တယ်။ ကုန်ပြီ။ တောင်းသလိုပေးနိုင်ဖို့က ကျွန်တော်တို့မှာ အကြောင်းအချက်တွေ အများကြီးရှိတယ်။ ကျွန်တော်တို့ပေးနိုင်တဲ့နှုန်းက နိုင်ငံခြားငွေလဲလှယ်နှုန်းပေါ်မှာလည်း မူတည်တယ်။ အလုပ်သမားရဲ့ ကုန်ထုတ်လုပ်မှုပေါ်မှာ မူတည်တယ်။ ဒီနှစ်ခုအပေါ်မှာ မူတည်တယ်။ လက်ရှိလုပ်ငန်းရှင်တွေအများစုရဲ့ ပေးနိုင်တဲ့နှုန်းထားက ဒီလောက်ပါပဲ။ အများစုက ၄၀၀၀ ကိုပဲ ပေးနိုင်တယ်လို့ပြောကြတယ်” ဟု မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်မှုဆောင် ဒေါက်တာခင်မောင်အေးက ပြောကြားသည်။

ယင်းနှုန်းထားပမာဏသည် အထည်ချုပ်လုပ်ငန်းရှင်များ၏ သဘောထားဟု ပြောနိုင်ပြီးဖြစ်သင့်သည့် ပမာဏဟု ဒေါက်တာခင်မောင်အေးက ဆက်လက်ပြောကြားသည်။

လုပ်ငန်းရှင်များပေးနိုင်သည့်နှုန်းထားနှင့် ပတ်သက်၍ လာမည့်ဒီဇင်ဘာ ၂၃ ရက်တွင် ရန်ကုန်မြို့၌ပြုလုပ်မည့် အလုပ်သမား၊ အလုပ်ရှင်၊ အစိုးရစသည်တို့ပါဝင်သည့် အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် လုပ်ငန်းရှင်များဘက်က တင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ သန်လျင်၊ လှိုင်၊ မှော်ဘီ၊ လှည်းကူးမြို့နယ်များနှင့် ပဲခူးမြို့၊ သာယာဝတီမြို့၊ ဆွာမြို့စသည်တို့ရှိ အလုပ်သမားများသည် ကုန်ဈေးနှုန်းမြင့်မားခြင်းနှင့်အတူ နေထိုင်စားသောက်စရိတ် ကျပ်တည်းမှုများကြောင့် အနည်းဆုံးအခကြေးငွေအား တစ်ရက်လျှင် ကျပ် ၅၆၀၀ သတ်မှတ်ပေးရန် ဒီဇင်ဘာ ၃ ရက်တွင် လှိုင်သာယာမြို့နယ်အတွင်း လှည့်လည်ကာ ဆန္ဒထုတ်ဖော်တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။