အနည်းဆုံးလုပ်ခ ကျပ် ၄၈၀၀ ရရှိပြီးနောက် အခြားခံစားခွင့်များ မရဟုဆိုကာ CCI Cho Cho စက်ရုံ အလုပ်သမားများ ဆန္ဒပြမှု တစ်လကျော်ကြာသည်အထိ တောင်းဆိုမှုများ မရသေး

တောင်းဆိုမှုများရရှိရန် လုပ်ငန်းခွင်မ၀င်ဘဲ ဆန္ဒထုတ်ဖော်နေသည့် CCI Cho Cho စက်ရုံ အလုပ်သမားများကို တွေ့ရစဉ်

အနည်းဆုံးလုပ်ခ ကျပ် ၄၈၀၀ရရှိပြီး နောက်အခြားခံစားခွင့်များ ရရှိခြင်း မရှိဟုဆိုကာ လှိုင်သာယာ စက်မှုဇုန် (၂)၊ တွင်းသင်း အတွင်းဝန် ဦးထွန်းညိုလမ်းရှိ CCI Cho Cho စက်ရုံတွင် အလုပ်သမားများ ဆန္ဒပြလျက်ရှိရာ တစ်လကျော်ကြာသည်အထိ တောင်းဆိုမှုများ ရရှိခြင်း မရှိသေးကြောင်း ဇူလိုင် ၉ ရက်က စုံစမ်းသိရသည်။

အဆိုပါ စက်ရုံတွင် အလုပ်သမား ၁၀၀ ကျော်သည် ဇွန်၈ရက်မှစတင်ကာ လုပ်ငန်းခွင်မ၀င်ဘဲ ဆန္ဒပြနေခြင်းဖြစ်ပြီး ဇူလိုင် ၉ ရက်အထိ တောင်းဆိုမှုများ ရရှိခြင်းမရှိသေးကြောင်း အလုပ်သမားများထံက စုံစမ်းသိရသည်။

“အရင်တုန်းက ကျွန်မတို့ကို အနည်းဆုံး လုပ်ခအပြင် ခံစားခွင့်ကြေး ၄၀၀၀၀ ကျော်ပေးတယ်။ ၄၈၀၀ သတ်မှတ်လိုက်ပြီး နောက်ပိုင်းမှာ ခံစားခွင့်ကြေးတွေ မရတော့ဘူး။ အဲဒီကိစ္စကြောင့် ဆန္ဒစပြဖြစ်တာ။ နောက်ပြီး တစ်ရက်ကို အလုပ်ချိန်အဆိုင်း သုံးဆိုင်းဆင်းခိုင်းမယ့်အစား နှစ်ဆိုင်းပဲ ဆင်းပေးမယ်လို့ ပြောတာလည်း လက်မခံဘူး။ ကျွန်မတို့ အလုပ်သမားတွေက တောင်းဆိုမှုတွေ မရမချင်း ဆန္ဒပြနေမှာ” ဟု ဆန္ဒပြအလုပ်သမား တစ်ဦးဖြစ်သူ မသွယ်သွယ်ဝင်းက ပြောကြားသည်။

အလုပ်သမားဆန္ဒပြမှုနှင့် ပတ်သက်၍ စက်ရုံတာဝန်ရှိသူ တစ်ဦးအား ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းက “သူတို့ တောင်းဆိုနေတာတွေနဲ့ ပတ်သက်ပြီး အလုပ်သမား ညှိနှိုင်းဖျန်ဖြေရေးမှာကော၊ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှာကော သူတို့နဲ့ အပြန်ပြန်အလှန်လှန် တွေ့ဆုံပြီး ရှင်းလင်းပြောကြားပြီးပြီ။ သက်ဆိုင်ရာ ဦးစီးဌာနတွေကလည်း ညွှန်ကြားချက်တွေပေးလို့ ကျွန်တော်တို့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အဲဒါကို မပြီးသေးဘူး ပြောတာသူတို့ အပိုင်းပါပဲ။ ကျွန်တော်တို့က ဒီဟာတွေကို ရှင်းလင်းပြီးပါပြီ” ဟု CCI Cho Cho စက်ရုံက General Manager ဦးကျော်ကျော်က ပြောကြားသည်။

ယင်းစက်ရုံတွင် အလုပ်သမားများကို ၂၄ နာရီပတ်လုံး ၈ နာရီအဆိုင်း သုံးဆိုင်းခွဲ၍ အလုပ်လုပ်ခိုင်း စေကြောင်း၊ အလုပ်သမားများက တစ်ရက်လျှင် အဆိုင်းနှစ်ဆိုင်းသာ ခိုင်းစေပြီး အချိန်ပို ခေါ်စေချင်ကြောင်း၊ အိမ်ပြန်ချိန်တွင် ဖယ်ရီစီစဉ်ပေးခြင်း မရှိသဖြင့် စက်ရုံအလုပ်သမားများ သွားလာရေး အခက်အခဲ ဖြစ်ပေါ်နေကြောင်း၊ လုပ်သက်ကြေး၊ ကျွမ်းကျင်ကြေးစသည်တို့ ဆန္ဒပြအလုပ်သမားများ၏ ပြောကြားချက်များအရ သိရသည်။

အလုပ်သမားများ ဆန္ဒပြနေသည့် CCI Cho Cho စက်ရုံသည် Shin Shin ကြာဆံများ ထုတ်လုပ်သည့် စက်ရုံဖြစ်ကြောင်း သိရသည်။

အနည်းဆုံးလုပ်ခ ကျပ် ၄၈၀၀ နှင့်ပတ်သက်၍ တိုင်ကြားခံထားရသည့် စက်ရုံများရှိသော်လည်း အရေးယူထားသော လုပ်ငန်းရှင်မရှိသေးကြောင်း သိရ

အနည်းဆုံးလုပ်ခ တစ်ရက် ကျပ် ၄၈၀၀ နှင့်ပတ်သက်ပြီး တိုင်ကြားခံထားရသည့် စက်ရုံများရှိသော်လည်း အရေးယူခံထားရသော လုပ်ငန်းရှင်မရှိသေးကြောင်း အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ ဇူလိုင် ၇ ရက်တွင် စုံစမ်းသိရသည်။

အနည်းဆုံးလုပ်ခကို တစ်ရက် ကျပ် ၄၈၀၀ ကို မေ ၁၄ ရက်မှစတင်ကာ တစ်နိုင်ငံလုံး တစ်ပြေးညီသတ်မှတ်လိုက်ပြီး အလုပ်သမား ၁၀ ဦးနှင့်အထက် လုပ်ငန်းများတွင် ကျပ် ၄၈၀၀ ပေးရန် သမ္မတက အတည်ပြု လက်မှတ်ရေးထိုးခဲ့သည်။

ယင်းသို့ အနည်းဆုံးအခကြေးငွေကို တစ်ရက် ကျပ် ၄၈၀၀ အဖြစ် နိုင်ငံတော်သမ္မတက အတည်ပြုလက်မှတ် ထိုးထားခဲ့သော်လည်း သတ်မှတ်ထားသော အနည်းဆုံးလုပ်ခ နှုန်းအတိုင်းမပေးသည့် စက်ရုံ၊ အလုပ်ရုံများရှိကြောင်း သိရသည်။ အဆိုပါ စက်ရုံ၊ အလုပ်ရုံများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အနည်း ဆုံးအခကြေးငွေ သတ်မှတ်ရေးကော်မတီနှင့် မြို့နယ်အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနရုံးများတွင် တိုင်ကြားနိုင်ကြောင်း သိရသည်။

“အနည်းဆုံးလုပ်ခမရတဲ့ စက်ရုံ အလုပ်သမားတွေက တရားဝင် သက်ဆိုင်ရာပြည်နယ်နဲ့ တိုင်းဒေသကြီးက အနည်းဆုံးအခကြေး ငွေသတ်မှတ်ရေးကော်မတီကို တင်ပြခွင့်ရှိတယ်။ မြို့နယ်အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနရုံးတွေကိုလည်း တင်ပြခွင့်ရှိတယ်။ ပြီးတော့ ညှိနှိုင်းဆောင်ရွက်ပေးတာ ရှိတယ်။ အရေးယူရတဲ့ အလုပ်ရှင်တော့ မရှိသေးဘူး။ အများစုက ပေးပါတယ်။ တိုင်တဲ့သူတွေကတော့ ရှိတယ်။ တိုင်တဲ့သူတွေက အထူးသဖြင့် ရန်ကုန်တိုင်း လှိုင်သာယာမှာ အများဆုံးဖြစ်တယ်။ အများကြီးတော့ မရှိပါဘူး။ ၁၀ ရုံ လောက်ပဲရှိပါတယ်။ တိုင်ကြားရင် သွားစစ်တယ်” ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောကြားသည်။

တချို့စက်ရုံ၊ အလုပ်ရုံများသည် အနည်းဆုံးလုပ်ခ ကျပ် ၄၈၀၀ ပေးချေသော်လည်း ယခင်က ပေးချေခဲ့သည့် ကျွမ်းကျင်ကြေး၊ လုပ်သက်ကြေး စသည့်တို့ကို ဖြတ်တောက်မှုများရှိကြောင်း သိရသည်။

ယင်းသို့ အခြားခံစားခွင့်များ ဖြတ်တောက်သဖြင့် လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်စက်မှုဇုန်၊ သံလွင်လမ်းရှိ Good Morning မုန့်စက်ရုံတွင် အလုပ်သမား ၁၀၀ ကျော်သည် မူလအတိုင်း အခြားခံစားခွင့်များ ပေးချေရန် ဇွန် ၂၂ ရက်မှ ယနေ့အထိ ဆန္ဒပြတောင်းဆိုလျက်ရှိသည်။

၂၀၁၅ ခုနှစ်တွင် ပထမဆုံးအနည်းဆုံး အခကြေးငွေအားတစ်ရက် ကျပ် ၃၆၀၀ အဖြစ် သတ်မှတ်ခဲ့စဉ်က အနည်းဆုံးအခကြေး ငွေနှုန်းအတိုင်း လစာပေးခြင်းမရှိသည့် စက်ရုံ၊ အလုပ်ရုံများ၌ အလုပ်သမားဆန္ဒပြမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။