မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အသက် ၆၀ ကျော် အဘွားအို တစ်ဦးအား သားမယားပြုကျင့်ပြီး သတ်ခဲ့သည့် အမျိုးသားအား မွန်ပြည်နယ် မုတ္တမမြို့တွင် ဖမ်းဆီးရမိ

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ခရမ်း-သုံးခွ မော်တော်ယာဉ်ဂိတ် အနီးရှိ လေထိုးကျွတ်ဖာဆိုင်တွင် အသက် ၆၀ ကျော်အရွယ် အဘွားအို တစ်ဦးအား သားမယားပြုကျင့်ပြီး သတ်ခဲ့သည့် အမျိုးသားအား ဖမ်းဆီးရမိခဲ့ကြောင်း သြဂုတ် ၂၈ ရက်တွင် အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

လူသတ်မှုကျုးလွန်သူ အမျိုးသားမှာ ကို…. (၂၄ နှစ်) ဖြစ်ပြီး ၎င်းအား သြဂုတ် ၂၈ ရက် နံနက် ၇ နာရီခွဲခန့်တွင် မွန်ပြည်နယ် မုတ္တမမြို့ ဆီဆုံရပ်၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ကျုးလွန်သူကို သြဂုတ် ၂၈ ရက် နံနက်ပိုင်းမှာ မွန်ပြည်နယ် မုတ္တမမှာ ဖမ်းဆီးရမိတာပါ။ ဖမ်းဆီးရမိသူကို ဒီကတပ်ဖွဲ့တွေက လွှဲပြောင်းယူဖို့ သွားနေပါတယ်” ဟု အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

လူသတ်မှု ကျူးလွန်သူမှာ သေဆုံးသူ ဒေါ်…. (၆၃ နှစ်) အား သားမယားပြုကျင့်ပြီး လည်ပင်းညှစ်သတ်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသူ ဖြစ်သည်ဟု ကနဦး စစ်ဆေးချက်များအရ သိရှိရကြောင်း မုတ္တမနယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“သြဂုတ် ၂၈ ရက် နံနက်ပိုင်းက မုတ္တမ ဆီဆုံရပ်မှ ဖမ်းဆီးရမိခဲ့သူဟာ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသူ ဖြစ်ကြောင်းကို မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းမှူးနဲ့ ဆက်သွယ်အတည်ပြုချက် ရယူပြီးပါပြီ။ အခုရန်ကုန်ကို လွှဲပြောင်းပေးဖို့ ဆောင်ရွက် နေကြပါတယ်” ဟု မုတ္တမနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

သြဂုတ် ၂၂ ရက် ည ၁၀ နာရီခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ် ခရမ်း-သုံးခွ မော်တော်ယာဉ်ဂိတ် အနီးရှိ လေထိုးကျွတ်ဖာဆိုင်တွင် သေဆုံးနေသည့် အမျိုးသမီးတစ်ဦး၏ အလောင်းတွေ့ရှိကြောင်း သတင်းရသဖြင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ဒေါ်…. (၆၃ နှစ်) ဖြစ်ကြောင်း သိရသည်။

သေဆုံးသူမှာ အဆိုပါဆိုင်၏ နောက်ဖေးအခန်း၌ သေဆုံးနေခြင်း ဖြစ်ကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။ သေဆုံးသူမှာ နဖူး၊ နှာတံ ပိန်ချိုင့်စုတ်ပြဲနှင့် ယာလက်ဖျံ စုတ်ပြဲဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ အခင်းဖြစ်ပွားခဲ့သည့် နေရာမှာ နေ့ခင်းအချိန်၌ လူအသွားအလာ များပြားသော်လည်း ညဘက်အချိန်တွင် မှောင်ပြီး လူပြတ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်အား မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားပြီး ကျုးလွန်သူအား ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။

 

ကမာရွတ်မြို့နယ်တွင် ၁၀ နှစ်အရွယ် မိန်းကလေးကို သားမယားပြုကျင့်ပြီး သတ်ဖြတ်ခဲ့သည့် အမျိုးသားအား သေဒဏ်ချမှတ်

ကျူးလွန်ခဲ့သူအား တွေ့ရစဉ် (ဓာတ်ပုံ – Yangon Police)

ကမာရွတ်မြို့နယ်တွင် ၁၀ နှစ်အရွယ် မိန်းကလေးကို သားမယားပြုကျင့်ကာ သတ်ဖြတ်ပြီး အလောင်းကို ရထားသံလမ်းပေါ်၌ စွန့်ပစ်ခဲ့သည့် အမျိုးသားကို ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးက သေဒဏ် ချမှတ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

၎င်းကို အနောက်ပိုင်းခရိုင် တရားရုံးတွင် ၂၀၁၇ ခုနှစ် ဇန်န၀ါရီလ အတွင်းတွင် ရဲတပ်ဖွဲ့ ကတရားစွဲဆိုခဲ့ကာ တရားရုံးက စစ်ဆေးခဲ့ပြီး ၎င်းသည် မိန်းကလေးငယ်ကို သားမယားပြုကျင့်ကာ သတ်ဖြတ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် ခဲ့သည့်အတွက် လူသတ်မှု၊ မုဒိန်းမှု ပုဒ်မများဖြင့် စွဲချက်တင်ကာ ၂၀၁၈ ခုနှစ် မေ ၁၁ ရက်တွင် သေဒဏ်ချမှတ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၄ ရက် ည ၇ နာရီခွဲခန့်တွင် ကမာရွတ်မြို့နယ် ၆ ရပ်ကွက် ဟံသာဝတီ ဘူတာနှင့် လှည်းတန်း ဘူတာကြား မိုင်တိုင်အမှတ် (၄/၁၂) ရထား သံလမ်းပေါ်တွင် မိန်းကလေးငယ်တစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို ရထားမောင်းသူက မြင်တွေ့ပြီး သက်ဆိုင်ရာသို့ အကြောင်းကြားပြီးနောက် ရဲတပ်ဖွဲ့မှ လာရောက်စစ်ဆေးရာ အဆိုပါနေရာတွင် အသက် ၁၀ နှစ်အရွယ်ရှိ မိန်းကလေးငယ်တစ်ဦး သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

အလောင်းအားစစ်ဆေးရာ မိန်းကလေးငယ်မှာ လည်ပင်းပြတ်ရှဒဏ်ရာ၊ ဦးခေါင်းပေါက်ပြဲဒဏ်ရာများ ရရှိကာ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရပြီး အခင်းဖြစ်ပွားရာ နေရာအနီးတွင် လွယ်အိတ်နှစ်လုံးနှင့် ခဲတံချွန်ခေါက်ဓား တစ်ချောင်းကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကို ကမာရွတ်မြို့မရဲစခန်း မှ (ပ) ၆၄၁/၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ – ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးရာ သေဆုံးသူ မိန်းကလေးငယ်မှာ လှိုင်သာယာမြို့နယ် မီးခွက်ဈေး အောက်ထိပ်နေ မ….(၁၀နှစ်) ဖြစ်ကြောင်းသိရပြီး ၎င်း၏မိခင်ဖြစ်သူနှင့်အတူ လှည်းတန်းခုံးတံတားအောက်တွင် ပန်းရောင်းသည့်အလုပ် လုပ်ကိုင်သည်ဟု စုံစမ်းသိရှိခဲ့ရကြောင်း သိရသည်။

မိခင်ဖြစ်သူဒေါ်…အား ခေါ်ယူမေးမြန်းရာ နိုဝင်ဘာ ၂၄ ရက်တွင် ၎င်းနှင့် သမီးဖြစ်သူ မ…(၁၀နှစ်) တို့ လှည်းတန်း ခုံးတံတားအောက်၌ ပန်းရောင်းနေစဉ် ဒေါ်…. ညီမ၏ ခင်ပွန်းဟောင်း တောင်းရမ်း စားသောက်သည့် အလုပ်ကို လုပ်ကိုင်သော ပြာကလောင် (ခ) ကျော်ကြီး ဆိုသူရောက်ရှိလာခဲ့ပြီး တစ်ဦးတည်း ပိုက်ဆံတောင်းရမ်း နေရသည်မှာ အဆင်မပြေသဖြင့် မ…. (၁၀နှစ်) အား ထည့်ပေးလိုက်ရန် ဒေါ်…. အား ပြောဆိုရာ ဒေါ်…..မှ ထည့်ပေးလိုက်ကြောင်း သိရသည်။

ယင်းသို့ သမီးဖြစ်သူကို ထည့်ပေးလိုက်ပြီးနောက် ည ၈ နာရီခန့်တွင် ပြာကလောင် တစ်ဦးတည်း ပြန်လည် ရောက်ရှိလာသဖြင့် သမီးအား မေးမြန်းရာ ပြန်လွှတ်လိုက်ပြီဟု ပြာကလောင်မှ ပြောဆိုခဲ့ပြီး ဒေါ်….က သမီးဖြစ်သူ ပြန်မရောက်သေးကြောင်း ပြောဆိုစဉ် ပြာကလောင်မှာ လိုက်ရှာမည် ဟုဆိုကာ အင်းလျားကန်ဘောင်သို့ ထွက်သွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှ သံသယရှိသည့် ပြာကလောင် (ခ) ကျော်ကြီးအား ကမာရွတ်မြို့မ ရဲစခန်းက  လိုက်လံဖမ်းဆီးခဲ့ပြီး ပြာကလောင်ကို နိုဝင်ဘာ ၂၅ ရက်တွင် ဒလမြို့နယ်၌ ဖမ်းဆီးရမိခဲ့ပြီး ရဲတပ်ဖွဲ့က စစ်ဆေးစဉ် ကျူးလွန်ခဲ့သည်ဟု ၀န်ခံခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ထို့ပြင် သေဆုံးသည့် မိန်းကလေးငယ်ကို စစ်ဆေးသော ဆေးစာအရ မုဒိမ်းမှုကိုပါ ကျူးလွန်ခံထားကြောင်း တွေ့ရှိရသဖြင့် ပြာကလောင်ကို လူသတ်မှုပုဒ်မဖြစ်သည့် ရာဇသတ်ကြီးပုဒ်မ ၃၀၂ အပြင် မုဒိမ်းမှုပုဒ်မ ဖြစ်သည့် ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် ရဲတပ်ဖွဲ့က တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

နှစ်နှစ်ငါးလကျော်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သူကို ပြင်ဦးလွင်ခရိုင် တရားရုံးတွင် ခုနစ်ကြိမ်မြောက် ရုံးထုတ်ကာ အမှုအားစွဲချက်တင်ခဲ့ပြီး ယနေ့အပြီးသတ် အမိန့်ချမှတ်မည်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်တွင် အသက်နှစ်နှစ် ငါးလကျော်အရွယ် မိန်းကလေးငယ်အား သတ်ဖြတ်အဓမ္မပြုကျင့်ခဲ့သူ ဖြိုးထက်အောင်ကို မတ် ၂၂ ရက် နံနက်ပိုင်းက ပြင်ဦးလွင်ခရိုင် တရားရုံးတွင် ရုံးထုတ်ခဲ့ကာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆၊ ၃၀၂ တို့ဖြင့် တရားစွဲဆိုထားမှုအပေါ် တရားလိုပြသက်သေများကို ဆက်လက်စစ်ဆေးခဲ့ပြီးနောက် အမှုကို စွဲချက်တင်ကြောင်း အမိန့်ချမှတ်ခဲ့ပြီး မတ် ၂၃ ရက်(ယနေ့)တွင် အပြီးသတ် အမိန့်ချမှတ်သွားမည်ဖြစ်ကြောင်း ပြင်ဦးလွင်ခရိုင် တရားရုံးမှ စုံစမ်းသိရသည်။

အသက်နှစ်နှစ်နှင့် ငါးလကျော်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သည့် အမှုနှင့်ပတ်သက်၍ ပြင်ဦးလွင်ခရိုင် တရားရုံးက စတင်တရားစွဲဆိုခဲ့သည့် မတ် ၁၂ ရက်မှ စတင်ကာ အမှုရုံးချိန်းကို ရက်သတ္တပတ်တစ်ပတ်အတွင်း၌ပင် ရုံးချိန်းသုံးချိန်း ချိန်းဆိုခဲ့ခြင်းဖြစ်သည်။ မတ် ၁၆ ရက် က အမှုနှင့်ပတ်သက်၍ တရားလိုအပါအ၀င် တရားလိုပြသက်သေငါးဦးတို့ကို စတင်စစ်ဆေးခဲ့ပြီး အမှုကို ယခုရက်သတ္တပတ် မတ် ၁၉ ရက်မှ ၂၂ ရက်အထိ ရုံးချိန်းများကို ဆက်တိုက်ချိန်းဆို၍ အမှုကိုစစ်ဆေးခဲ့ကာ မတ် ၂၂ ရက်တွင် အမှုကို စွဲချက်တင်ကြောင်း အမိန့်ချမှတ်ခဲ့သည်။ ယင်းသို့ စွဲချက်တင်ကြောင်း အမိန့်ချမှတ်ခဲ့ပြီး မတ် ၂၃ ရက် (ယနေ့) တွင် အပြီးသတ် အမိန့်ချမှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

အသက် နှစ်နှစ်နှင့်ငါးလကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူ ဖြိုးထက်အောင်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၇ ရက်က မတ္တရာမြို့နယ် တရားရုံးတွင် ရုံးထုတ်ရမန်ယူခဲ့ပြီးနောက် မတ် ၁၂ ရက်တွင် ပြင်ဦးလွင်ခရိုင် တရားရုံးသို့ ပြောင်းရွှေ့ကာ ရာကြီးမှုအမှတ် ၃၉/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ မုဒိမ်းမှု ၃၇၆၊ လူသတ်မှု ၃၀၂ တို့ဖြင့် စတင်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ ယင်းကဲ့သို့ တရားစွဲဆိုခဲ့ပြီးနောက် အမှုအား ရက်ပိုင်းအတွင်းပင် ပြင်ဦးလွင်ခရိုင် တရားရုံးက ပြန်လည်ချိန်းဆိုခဲ့ပြီး မတ် ၁၅ ရက် ရုံးချိန်းတွင် အမှုနှင့်ပတ်သက်၍ ရှေ့နေပါဝါတင်ပြခဲ့ကာ အမှုကို မတ် ၁၆ ရက်တွင် စတင်စစ်ဆေးမှု ပြုလုပ်ခဲ့သည်။

“သက်ငယ်မုဒိမ်းမှုက မနက်ဖြန် (မတ် ၂၃) မှာ အပြီးသတ် အမိန့်ချမှတ်သွားမှာပါ။ ဒီကနေ့ တရားလိုပြသက်သေတွေ အကုန်စစ်ဆေးပြီးတဲ့နောက်မှာ တရားခံက ၀န်ခံတဲ့အတွက် အမှုကို စွဲချက်တင်ကြောင်း အမိန့်ချမှတ်ခဲ့ပါတယ်” ဟု ပြင်ဦးလွင်ခရိုင် တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၃ ရက်က မတ္တရာမြို့နယ်၊ ဥဒိန်ကျေးရွာအုပ်စု၊ မြွေကူးတိုးဆိပ်ကျေးရွာနေ အသက်နှစ်နှစ်ကျော်အရွယ် မိန်းကလေးငယ်အား ၀န်စုကျေးရွာနေ အသက် ၂၅ နှစ်အရွယ် ဖြိုးထက်အောင်က ကလေးငယ်အားပွေ့ချီ၍ ကျေးရွာအနီးရှိ ငှက်ပျောတောထဲတွင် အဓမ္မပြုကျင့်၍ သတ်ဖြတ်မှုဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့ကလေးငယ်ကို အဓမ္မပြုကျင့်ရာတွင် ကလေးငယ်၏ ပါးစပ်အတွင်းသို့ ငှက်ပျောသီးများအပြည့်ထည့်၍ ကလေးငယ် မအော်ဟစ်နိုင်ရန်အတွက် ပြုလုပ်ခဲ့ပြီး ကလေးငယ်ကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ အခင်းဖြစ်စဉ် မှတ်တမ်းများအရ သိရသည်။

ထိုသို့ ကလေးငယ်ကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သူ ဖြိုးထက်အောင်ကို ရေနံ့သာ နယ်မြေရဲစခန်းက (ပ)၂၆/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆/၃၀၂ ဖြင့် အမှုဖွင့် ဖမ်းဆီးခဲ့ကြောင်း သိရသည်။