အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီ လှည့်လည်ပွဲကို ၁၈ ရက်တိုင်တိုင် စည်ကားစွာ ကျင်းပမည်

ယမန်နှစ်က ပြုလုပ်သော အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီလှည့်လည် ပွဲတော်ကို တွေ့ရစဉ်

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီ လှည့်လည် ပွဲတော်ကြီးကို အောက်တိုဘာ ၁၀ ရက် နံနက် ၄ နာရီတွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကာ အောက်တိုဘာ ၂၇ ရက်အထိ ရက်ပေါင်း ၁၈ ရက်တိုင်တိုင် အင်းလေးဒေသရှိ ၂၁ ဌာနသို့ ကြွချီလှည့်လည် အပူဇော်ခံမည်ဖြစ်ကာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း အင်းလေးဖောင်တော်ဦး ဘုရားဂေါပက အဖွဲ့ထံမှ သိရသည်။

“ဒီနှစ်တော့ လုံခြုံရေးကို တော်တော်လေး လုပ်ထားပါတယ်။ ပြည်သူ့စစ်တွေ ရဲတွေနဲ့ စီမံထားပါတယ်။ ဒေသခံတွေနဲ့လည်း လုပ်ထားတယ်။ CCTV တွေနဲ့ လုပ်ထားတယ်။ ပြီးခဲ့တဲ့ နှစ်တွေက ညပိုင်းတွေဆိုရင် အ၀င်အထွက် တွေကိုလည်း တစ်ခါထဲ လုပ်ထားတယ်။ ၀ိုင်းအုံချတဲ့စနစ် မလုပ်ဘဲ ၀င်ပေါက် တစ်ပေါက်ထဲက ထားပြီး ၀င်ထွက်လုပ်တာ တော်တော်လေး အဆင်ပြေပါတယ်” ဟု ညောင်ရွှေ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက ပြောကြားသည်။

ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ ဖောင်တော်ဦး မြတ်စွာဘုရား ရုပ်ပွားတော်လေးဆူ ဒေသစာရီ လှည့်လည်အပူဇော်ခံ ပွဲတော်ကြီးကို အောက်တိုဘာ ၁၀ ရက် နံနက် ၄ နာရီမှစ၍ နမ့်ဟူးကျေးရွာ ဖောင်တော်ဦး ရတနာစံကျောင်းတော်မှ စတင်ထွက်ခွာမည်ဖြစ်ကာ အင်းလေးဒေသ ၂၁ ဌာနသို့ ဒေသစာရီ လှည့်လည် ပူဇော်ခံမည်ဖြစ်ကြောင်း ဘုရားဂေါပက အဖွဲ့ထံမှ သိရသည်။

ဖောင်တော်ဦး ရုပ်ရှင်တော်မြတ်ရုပ်ပွား တော်လေးဆူသည် ညောင်ရွှေမြို့ရှိ အဋ္ဌဒိသာ ဓမ္မ၀ိဟာရ ကျောင်းတော်ကြီး၌ အောက်တိုဘာ ၁၇ ရက်မှ ၁၉ ရက်အထိ သုံးရက်သုံးညတိုင်တိုင် သီတင်းသုံး၍ အပူဇော်ခံမည်ဖြစ်ကာ အောက်တိုဘာ ၂၇ ရက် နံနက် ၈ နာရီခွဲတွင် ညောင်ရွှေမြို့ ဖောင်တော်ဆိပ်ကမ်းသို့ ဒေသစာရီ ကြွချီတော် မူလာမည်ဖြစ်သည်။

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန် ဖောင်တော်ဦးဘုရား ဒေသစာရီ ကြွချီ အပူဇော်ခံပွဲတော်ကို သီတင်းကျွတ်လဆန်း ၁ ရက်မှ လပြည့်ကျော် ၃ ရက်၊ အောက်တိုဘာ ၁၀ ရက် မှ အောက်တိုဘာ ၂၇ ရက်အထိ ၁၈ ရက်တိုင်တိုင် အပူဇော်ခံ လှည့်လည်သွားမည် ဖြစ်ကြောင်း ဖောင်တော်ဦးဘုရား ဂေါပကထံမှ သိရသည်။

ဖောင်တော်ဦးဘုရား ရတနာစံကျောင်းတော်ကြီးမှ သီတင်းကျွတ်လဆန်း ၁ ရက် အောက်တိုဘာ ၁၀ ရက် နံနက် ၅ နာရီတွင် စတင်ထွက်ခွာမည်ဖြစ်ကာ သီတင်းကျွတ် လပြည့်ကျော် ၃ ရက် အောက်တိုဘာ ၂၇ရက် အထိ ကျေးရွာပေါင်း ၂၁ ဌာနတွင် စံမြန်း သီတင်းသုံးသွားမည်ဖြစ်ကာ ရက်ပေါင်း ၁၈ ရက် ကြာမြင့်မည်ဖြစ်ပြီး သီတင်းကျွတ်လ ပြည့်ကျော် ၃ ရက်တွင် မူလကျောင်းတော်သို့  ပြန်လည်ရောက်ရှိမည်ဖြစ်သည်။

ဖောင်တော်ဦးဘုရားကို ကျောင်းတော် ပေါ်တွင် တင်ယူပင့်ဆောင်ကြပြီး ရှေ့မှ ဘုရား ကြိုဆွဲလှေ ၁၅ စင်းခန့်ဆွဲစေပြီး အနောက်တွင် ဓမ္မစကြာရွတ်ဆိုသော အဖွဲ့လှေ ၁၅ စင်း ခန့် လိုက်ပါကာ ဒေသစာရီ ကြွချီခြင်းလည်းဖြစ်သည်။ ဘုရားလေးဆူကိုသာ ပင့်ဆောင်ပြီး ရဟန္တာတစ်ဆူကို ပင့်ဆောင်ခြင်း မရှိကြောင်း ဘုရားဂေါပကဥက္ကဋ္ဌ ဦးထွန်းအောင်က ပြောကြားသည်။

အင်းတိုင်းရင်းသားတို့၏ ရိုးရာဓလေ့ပွဲတော် တစ်ခုဖြစ်သော လှေလှော်ပြိုင်ပွဲကိုလည်း ကျောင်းတော်ဝင်မည့်နေ့ လပြည့်ကျော် ၃ ရက်တွင် ဗိုလ်လုပွဲကို ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ တက်လှေပြိုင်ပွဲတွင် လူ ၁၀၀ လှော်ခြင်း၊ ၄၆ ဦး လှော်ခြင်း၊ အမျိုးသမီး ၂၆ ဦး လှော်ခြင်း၊ တစ်ဦးချင်းအလိုက် တက်လှေ ပြိုင်ပွဲများကို ရိုးရာမပျက် ယခုနှစ်တွင်လည်း ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း၊ လူ ၁၀၀ ကျော် လှော်ခတ်ရသော တက်လှေ အဖွဲ့များမှာ ကျေးရွာ အုပ်စုအလိုက် ကေလာ၊ ရွာကြီးရှေ့၊ ရွာကြီးမြောက်၊ အိုးကုန်း၊ ရွှေပြည်သာ၊ ကြာတော၊ ဇရပ်ကြီး၊ ရေတန်းဟူ၍ ရှစ်ဖွဲ့ရှိပြီး တက်လှေ ၄၆ ဦး အဖွဲ့တွင် ကျေးရွာအုပ်စုအလိုက် ကေလာ၊ ဇရပ်ကြီး၊ ရေသာကုန်း၊ အိမ်ထောင့်ကြီးဟူ၍ လေးဖွဲ့၊ အမျိုးသမီး နှစ်ဖွဲ့၊ တစ်ဦးချင်း လေးဖွဲ့ရှိကြောင်း သိရသည်။

အင်းလေးဒေသ ဖောင်တော်ဦးဘုရား ဒေသစာရီ ကြွချီတော်မူသည့် ကျေးရွာတစ်လျှောက်တွင် ပွဲများစည်ကားနေပြီး ပြည်တွင်း ပြည်ပမှ ခရီးသွားဧည့်သည်များ လာရောက် ဖူးမြော်ကြသဖြင့် မော်တော်ယာဉ်များ၊ စက်လှေများဖြင့် နှစ်စဉ်နှစ်တိုင်း ပြည့်ကျပ်နေလေ့ရှိပြီး လူဦးရေ သိန်းပေါင်းများစွာ လာရောက်ကြသော ပွဲလည်းဖြစ်သည်။

ဖောင်တော်ဦးဘုရား ဒေသစာရီ ကြွချီ အပူဇော်ခံပွဲတော်တွင်း လိုက်နာကျင့်သုံးရမည့် စည်းကမ်းချက်နှင့် ညွှန်ကြားချက် ရှစ်ချက် ထုတ်ထားပြီး လုံခြုံရေးကို အထူးဂရုစိုက် စောင့်ရှောက်သွားကြရန်၊ ကန်တွင်းသို့ အမှိုက်နှင့် ပလတ်စတစ်များ မစွန့်ပစ်ရန်၊ ဌာနတိုင်းတွင် ဘုရားကြိုဆွဲလှေ၊ လှေသားများသည် မိမိတို့ တိုင်းရင်းသား ၀တ်စုံများကို အားလုံးတူညီဝတ်စုံအဖြစ် ၀တ်ဆင်ကြရန် စသဖြင့် ရှစ်ချက်ပါရှိကြောင်း သိရသည်။

ယခင် ၂၀၁၆ ခုနှစ်တွင် ဖောင်တော်ဦးဘုရား ညောင်ရွှေမြို့တွင် ကိန်းဝပ်စံပယ်တော် မူသောနေ့တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ပြည်ထောင်စုအဆင့် ၀န်ကြီးများ လာရောက်ဖူးမြော် ခဲ့ခြင်းဖြစ်သည်။

 

အင်းလေးကန် ဇုန်ဝင်ကြေး ကောက်ခံခွင့်လုပ်ငန်းကို အင်းလေးဒေသ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီက နေ့ချင်းသွင်းစနစ်ဖြင့် ဈေးနှုန်းမသတ်မှတ်ဘဲ လုပ်ကိုင်ခွင့်ရရှိ

အင်းလေးဒေသသို့ လာရောက်လေ့လာလည်ပတ်နေသော နိုင်ငံခြားသားခရီးသွားများအား တွေ့ရစဉ်

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန် ဇုန်ဝင်ကြေး ကောက်ခံခွင့်လုပ်ငန်းကို အင်းလေးဒေသ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ နေ့ချင်းသွင်းစနစ်ဖြင့် ဈေးနှုန်းမသတ်မှတ်ဘဲ လုပ်ကိုင်ခွင့်ရရှိခဲ့ကြောင်း သတင်းရရှိသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အင်းလေးကန် နိုင်ငံခြားသား ခရီးသွားဧည့်သည်များ ၀င်ကြေးကောက်ခံခွင့်လုပ်ငန်းကို ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ ဟိုတယ်လုပ်ငန်းရှင်များနှင့် အရပ်ဘက်အဖွဲ့အစည်းများ စုပေါင်းဖွဲ့စည်းထားသော အင်းလေးဒေသ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ ယခင်နှစ်စည်းမျဉ်းအတိုင်း နေ့ချင်းသွင်းစနစ်ဖြင့် မေ ၁ ရက်မှစတင်ကာ ကောက်ခံခွင့်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုနှစ်တွင် ထူးခြားချက်မှာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် အင်းလေးကန် ဟိုတယ်ဇုန်ဝင်ကြေးကို လေလံတင်ဒါမပေးတော့ဘဲ အင်းလေးဒေသ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို လုပ်ပိုင်ခွင့်ပြုခဲ့ခြင်းဖြစ်ကာ ဈေးနှုန်းကို သတ်မှတ်ထားခြင်းမရှိတော့ဘဲ အင်းလေးဇုန်အတွင်း ၀င်ရောက်လာသော နိုင်ငံခြားသားများထံမှ ၀င်ကြေးများကို ရနိုင်သလောက် ကောက်ယူပြီး ရှမ်းပြည်နယ်အစိုးရထံ နေ့ချင်းသွင်းစနစ်ဖြင့် ပေးသွင်းရခြင်းဖြစ်ကြောင်း ဦးခင်မောင်လတ်က ပြောကြားသည်။

“အရင်နှစ်က သိန်းပေါင်း ၃၀၀၃၃ နဲ့ တင်ဒါအောင်ထားတဲ့ မြတ်မင်းစိုးက ဘယ်လိုဖြစ်သွားလဲဆိုတော့ တစ်လကိုလစာ ကျပ်ခုနစ်သိန်းနှုန်းနဲ့ယူပြီးတော့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေးဝန်ကြီးကို ကောက်ပေးတဲ့ သဘောဖြစ်သွားတာပေါ့။ တင်ဒါ စည်းမျဉ်းစည်းကမ်းအရ ပေးထားတဲ့ငွေပမာဏကို ပြန်လည်ပြင်ဆင်ချိန်မှာ အဲဒီလိုလုပ်ချင်ရင် တင်ဒါမခေါ်နဲ့ပေါ့နော်။ အခုလိုပြန်ပြင်လိုက်တော့ ဘဏ္ဍာရေးဝန်ကြီးခေါင်းပေါ် သွားပုံနေတာပေါ့။ ဧည့်သည်သုံးသိန်းလောက် ၀င်လာခဲ့ရင်တော့ သိန်းပေါင်းငါးသောင်းလောက် ရနိုင်တာပေါ့။ ဘာမူဝါဒမှမရှိ၊ မခိုင်မာဘဲ ပြီးခဲ့တဲ့နှစ်ကလုပ်ခဲ့တာက တော်တော်လေး ပရမ်းပတာနိုင်သွားတယ်ပေါ့။ နေ့ချင်းသွင်းစနစ်ဆိုရင် ငါတို့လည်း ကောက်ချင်တာပေါ့ ဆိုတာလိုပေါ့။ တင်ဒါလည်းမရှိဘူး။ စည်းမျဉ်းစည်းကမ်းအရ စာချုပ်ချုပ်ဆိုတာလည်းမရှိဘူး။ အဖွဲ့တွေပူးပေါင်းပြီး ကောက်ခံခွင့်ပြုလိုက်သည်ပေါ့။ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားချက်ထုတ်လိုက်တဲ့ သဘောတစ်ခုပဲပေါ့။ စည်းမျဉ်းက အောက်ကနေ ရေးတင်ရတာပေါ့။ ကျွန်တော်တို့အဖွဲ့တွေက ကိုယ့်ဒေသကို ဧည့်သည်တစ်ဦးဝင်လာ တစ်ဦးကောက်ပေးရမှာပေါ့။ ရှမ်းပြည်နယ်အစိုးရသတ်မှတ်တဲ့ ငွေစာရင်းထဲကို သွင်းပေးရမှာပေါ့နော်။ ဒါက ပိုပြီးတိကျမှုရှိလာမယ်။ ရှင်းရှင်းပြောရရင် ကိုယ့်ဒေသ ရသင့်ရထိုက်တဲ့ငွေတွေ ခိုးဖို့မပြောနဲ့ တစ်ယောက်တလေ လွတ်သွားမှာ တောင်အတင်းအဓမ္မ လိုက်ဖမ်းရမယ့် သဘောပေါ့” ဟု Save The Inle Lake အဖွဲ့မှ ဦးညီညီထွန်းက ဆိုသည်။

အဆိုပါ နေ့ချင်းသွင်းစနစ် တင်ဒါစည်းမျဉ်းအသစ်ကို ယခင်နှစ် ၂၀၁၈ ခုနှစ်၌ ဦးမြတ်မင်းစိုး လုပ်ကိုင်ခွင့်ရရှိခဲ့သောနှစ်တွင် ရှမ်းပြည်နယ်အစိုးရသစ်မှ စတင်ပြောင်းလဲကျင့်သုံးခဲ့ခြင်းဖြစ်ပြီး ကောက်ခံရရှိငွေ၏ ၄၅ ရာခိုင်နှုန်း နှစ်စုကို ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် အင်းလေးကန် Truth Fund တို့ထံသို့ တစ်စုဆီပေးသွင်းရမည်ဖြစ်ပြီး ခြောက်ရာခိုင်နှုန်းကို ၀န်ထမ်းအသုံးစရိတ်၊ ကျန်နှစ်ရာခိုင်နှုန်းနှစ်စုကို အင်းလေးကန် ဟိုတယ်နှင့်ခရီးသွား ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အသီးသီးခွဲဝေထားခြင်းဖြစ်ကြောင်း သိရသည်။

အင်းလေးကန် နိုင်ငံခြားသားခရီးသွား ဧည့်သည်ဝင်ခွင့် ကောက်ခံရေးလုပ်ငန်း သက်တမ်းတစ်လျှောက် ၂၀၁၇-၂၀၁၈ ခုနှစ်တွင် အမြင့်ဆုံး လေလံကြေးကျပ် သိန်းပေါင်း ၃၀၀၃၃ ဖြင့် ဦးမြတ်မင်းစိုးက လုပ်ကိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်ပြီး တစ်နှစ်သက်တမ်းလုပ်ငန်း ပြီးဆုံးချိန်၌ သတ်မှတ်ထားသောလျာထား ငွေကြေးကျပ်သိန်းပေါင်း ၃၀၀၃၃ ပြည့်မီခြင်းမရှိဘဲ ကျန်သိန်းပေါင်း ၂၆၀၀၀ ခန့်သာရရှိခဲ့သဖြင့် အင်းလေးကန် Truth Fund နှင့် အစိုးရကိုပေးသွင်းရန် ကျန်ရှိသည့်ငွေကြေးများကို အခက်အခဲဖြစ်နေခြင်းဖြစ်သည်။ ယခင်နှစ်ကသတ်မှတ် လေလံကြေး ကြမ်းခင်းဈေးနှုန်းမှာ ကျပ်သိန်းပေါင်း နှစ်သောင်း နှစ်ထောင် နှစ်ရာ နှစ်ဆယ် နှစ်သိန်းတိတိဖြစ်ပြီး နိုင်ငံခြားသားတစ်ဦးလျှင် မြန်မာငွေကျပ် ၁၂၀၀၀ ပုံသေကောက်ခံရန် သတ်မှတ်ထားကြောင်း သိရသည်။

ယခင် ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ဦးအောင်ကျော်နိုင်က ကျပ်သိန်းပေါင်း ၁၅၂၀၀ ဖြင့် လေလံအောင်ခဲ့ပြီး ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ဦးထက်ထူးနိုင်က ကျပ်သိန်းပေါင်း ၂၂၂၂၂ ဖြင့် လေလံအောင်မြင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ဦးမြတ်မင်းစိုးက ကျပ်သိန်းပေါင်း ၃၀၀၃၃ ဖြင့် လေလံအောင်မြင်ခဲ့ခြင်းဖြစ်ကာ ယခုနှစ် ၂၀၁၈-၂၀၁၉ ခုနှစ်တွင် အင်းလေးဒေသ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ နေ့ချင်းသွင်းစနစ်ဖြင့် ဈေးနှုန်းမသတ်မှတ်ဘဲ လုပ်ကိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အင်းလေးကန်တွင် ယခုနှစ်နွေရာသီ ရေအနည်းငယ် ခန်းခြောက်မှု စတင်ကြုံတွေ့လာ

အင်းလေးဒေသ တစ်နေရာကို တွေ့ရစဉ်

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်၊ အင်းလေးကန်တွင် ယခုနှစ် နွေရာသီအစောပိုင်း ဧပြီလအကုန်ပိုင်းတွင် အနည်းငယ် ရေခန်းခြောက်မှုဖြင့် စတင်ကြုံတွေ့လာရကြောင်း ဒေသခံများထံမှ ဧပြီ ၃၀ ရက်တွင် သတင်းရရှိသည်။

အင်းလေးကန် ဖောင်တော်ဦးဘုရား ပတ်လည်နှင့် ရွာမတို့တွင် ယခုနှစ် ရေနည်းလျက်ရှိပြီး၊ သွားလာရေး ခက်ခဲနေကြောင်း၊ ဖောင်တော်ဦးဘုရားဈေး တောင်ဘက်ရှိ အင်းတိန်ချောင်းတွင် ရေသုံးပေခန့်သာ ကျန်တော့ပြီး၊ အဆိုပါရေသည် ဆက်လက်လျော့ကျသွားခြင်း မရှိဘဲ လက်ရိုက်ဆည်များကြောင့်သာ ထိုသို့ထိန်းထားနိုင်ခြင်း ဖြစ်ကြောင်း၊ အင်းလေးဟဲယာရွာမတွင် ရေခန်းခြောက်သဖြင့် အချို့နေရာများတွင် ကုန်းမြင့်များ သောင်ထွန်းလျက်ရှိကြောင်း စက်လှေဆရာများက ပြောကြားသည်။

ယခင်၂၀၁၆ ခုနှစ်နှောင်းတွင် အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင် ဦးစီးသော အဖွဲ့များသည် အင်းလေးကန်တစ်လျှောက် တောင်ပိုင်းအထိ လက်ရိုက်ဆည်ပေါင်း ၁၂ ခု တာတမံများ တည်ဆောက်ထားခဲ့သဖြင့် ၂၀၁၆ ခုနှစ်မှ စတင်ကာ ယခု ၂၀၁၈ ခုနှစ် အထိ ဆိုးရွားသော ရေခန်းခြောက်မှုမျိုး ကြုံတွေ့ရခြင်း မရှိသေးဘဲ ၂၀၁၅ ခုနှစ်တွင် ရေခန်းခြောက်ခဲ့ခြင်းကြောင့် အင်းလေးကန် ဖောင်တော်ဦးဘုရား ပတ်လည်နှင့် ရွာမ အနီးတစ်ဝိုက်တို့တွင် သွားလာမရအောင် ရေခန်းခြောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“နှစ်တိုင်းထက်စာရင် ဒီနှစ်တော့ ရေခံနိုင်သေးတယ်။ ရေမကျဘူး။ ခါတိုင်းနှစ်ဆိုရင် မြေအက်ကွဲပြီး သွားလမ်းလာလမ်း ခက်ခဲတယ်။ နှစ်နှစ်ရှိပြီ ရေခံနိုင်တာ။ စောစောပိုင်းကဆိုရင် ရေခြောက်တယ်။ ရွာလမ်းဆိုရင် လမ်းလျှောက်လို့ရနေပြီ။ ရေမြောင်းက သေးသေးလေးပဲကျန်တယ်။ အခုရေအပြည့် ရှိသေးတယ်။ ရေခံနိုင်တာပေါ့။ တပေါင်းတန်ခူးဆိုတော့ တန်ခူးရေကုန်၊ ကဆုန်ရေခန်းပေါ့။ ခြောက်သွေ့တဲ့ လတွေပေါ့။ အင်းဝန်ကြီးက လက်ရိုက်ဆည်တွေ နေရာအနှံ့ အင်းတောင်ပိုင်းအထိ ဆောင်ရွက်ထားလို့ ခံနိုင်သေးတာပေါ့။ ဟဲယာရွာမမှာ နည်းနည်းတော့ ခန်းတယ်” ဟု ဖောင်တော်ဦးဘုရား ဂေါပကဥက္ကဋ္ဌ ဦးထွန်းအောင်က ပြောကြားသည်။

အင်းလေးကန် ဖောင်တော်ဦးဘုရားသို့ ဘုရားဖူးပြည်သူများသည် သီတင်းကျွတ်လနှင့် တန်ခူးလတို့တွင် အများအပြား လာရောက် လည်ပတ်ကြကြောင်း၊ တန်ဆောင်မုန်းတွင် ဖောင်တော်ဦးဘုရား ဆွမ်းဆန်စိမ်း လောင်းလှူပွဲတော်အတွက် သံဃာတော်ပေါင်း ၃၀၀၀ ကျော် ဆွမ်းခံကြွသဖြင့် ဧည့်သည်အများအပြား စည်ကားလေ့ရှိကြောင်း၊ ယခုလိုရက်ပိုင်းတွင် ဧည့်သည်နည်းပါးကြောင်း ၎င်းက ပြောကြားသည်။

ထို့ပြင် အင်းလေးကန်တွင်းသို့ အဓိက ချောင်းကြီး လေးချောင်း စီးဝင်ကြပြီး၊ ချောင်းလက်တက် ၂၉ ချောင်းရှိကာ အချို့ချောင်းသွယ်များမှာ မိုးရွာသီမှာပင် စီးဆင်းပြီး နွေရာသီတွင် ခန်းခြောက်သွားကြောင်း၊ ယခုအခါ ချောင်းလက်တက်ငယ်များတွင်လည်း ရေနည်းပါးခြင်းတို့ကို ကြုံတွေ့နေရကြောင်း သိရသည်။

“ရွာမဘက် မောင်းဝင်တဲ့နေရာ ရွာကြားလမ်းတောင် မောင်းဝင်လို့ မရတော့ဘူးလေ။ မြေကြီးတွေ ပေါ်တာပေါ့။ တိမ်တိမ်လေးပဲ ကျန်တော့တယ်။ အင်းတိန်ချောင်းမှာ သုံးပေလောက်ပဲကျန်တယ်။ မိုးမရွာတော့ရင် ရေနည်းလာတာပေါ့။ နေပူရှိန်ပြင်းရင် ရေတအားကျတယ်။ တောင်ပိုင်းလမ်းတောင် ဒီလိုအခြေအနေရှိတယ်။ ဒီထက်လျော့နေပြီလေ။ နန်းပန်လှေဆိပ်တောင် တိမ်တိမ်လေးပဲ ကျန်တော့တယ်။ တစ်ပေလောက်ပဲ ကျန်တော့တယ်လေ” ဟု စက်လှေဆရာတစ်ဦးက ပြောကြားသည်။

ညောင်ရွှေမြို့နယ် အင်းလေးကန်တွင် နွေရာသီ ရေမခန်းခြောက်နိုင်တော့ကြောင်း အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်က ၂၀၁၇ ခုနှစ် ဧပြီလတွင် ပြောကြားထားခြင်း ဖြစ်သည်။

အင်းလေးကန်တွင် ၂၀၁၀၊ ၂၀၁၅ နှင့် ၂၀၁၆ ခုနှစ်တို့တွင် ဆိုးရွားစွာ ရေခန်းခြောက် ခဲ့ခြင်းကြောင့် အင်းလေးကန်တွင်း သွားလာမရသော ရွာပေါင်းများစွာရှိပြီး၊ ရေခန်းခြောက်ခြင်းကြောင့် ကုန်းခေါင်ခေါင် ဖြစ်ခဲ့ကာ ဖောင်တော်ဦးဘုရားနှင့် ဟဲယာရွာမကဲ့သို့သော ရွာလယ် လမ်းမကြီးများတွင် သွားရေးလာရေး ခက်ခဲမှုများ ကြုံတွေ့ခဲ့ရသဖြင့်၊ အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်က ၂၀၁၆ ခုနှစ်နှောင်းပိုင်းတွင် အင်းလေးကန်တွင်း လက်ရိုက်ဆည် ၁၂ ခု၊ ကိုယ်ထူကိုယ်ထ အင်းလေးကန်တွင်း ရေလမ်းဖောက်ခဲ့မှု ၁၀ ရွာခန့် (၁၀ မိုင်) ကျော် လမ်းဖောက်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။

အင်းလေးကန်သည် ၂၀၁၀ ခုနှစ်တွင် စတင်ရေခန်းခြောက်ခဲ့ပြီး မနှစ်က ၂၀၁၅ ခုနှစ်တွင် စံချိန်တင် ရေခန်းခြောက်ခြင်းကြောင့် ခရမ်းချဉ်သီး ကျွန်းမျောပင်များ ရွာတိုင်းတွင် ပျက်စီးခဲ့သည်။

အင်းလေးဒေသ ညောင်ရွှေမြို့နယ်တွင် ကျေးရွာပေါင်း ၄၄၅ ရွာ၊ ကျေးရွာအုပ်စု ၃၅ အုပ်စု၊ ရေပေါ်ကျေးရွာ ၂၂၀ ကျော်၊ လူဦးရေပေါင်း တစ်သိန်းရှစ်သောင်းခန့် နေထိုင်ကာ၊ အင်းလေးကန်တွင်းသို့ စီးဝင်သော အဓိက ချောင်းကြီး လေးချောင်းနှင့် ချောင်းလက်တက် ၂၉ ချောင်းရှိကြောင်း စာရင်းများအရ သိရသည်။

 

အင်းလေးဖောင်တော်ဦးစေတီကို ဒါယကာတစ်ဦးတည်း ထီးတော်သစ်တင်လှူမည့်ကိစ္စ ဒေသခံများ ၀ိုင်းဝန်းကန့်ကွက်သဖြင့် ဆိုင်းငံ့ထားရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြထား

အင်းလေးဖောင်တော်ဦးစေတီကို ဖူးတွေ့ရစဉ်

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့ နယ်၊ အင်းလေးဖောင်တော်ဦးစေတီ ထီးတော်သစ်တင်လှူနိုင်ရန် ဘုရားဒါယကာတစ်ဦးတည်းမှ မတည်လှူဒါန်းမည့် အခြေအနေကို လက်သင့်မခံကြောင်း အင်းလေးဒေသခံများ ၀ိုင်းဝန်းကန့်ကွက်ခဲ့ကြသဖြင့် ဆိုင်းငံ့ထားရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြထားကြောင်း သတင်းရရှိသည်။

အင်းလေးဖောင်တော်ဦးစေတီတော် ထီးတော်သစ်တင်လှူနိုင်ရန်အတွက် ဧပြီလဆန်းပိုင်းတွင် အင်းလျားဆရာတော်၊ ဖောင်တော်ဦးကျောင်းမှ ဆရာတော်တချို့၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ သာသနာရေးဦးစီးဌာနနှင့် ဖောင်တော်ဦးဘုရား ဂေါပကအဖွဲ့များ၊ သံဃာတော်၊ လူပုဂ္ဂိုလ်ဦးရေ ၂၅ ယောက်ပါသောအဖွဲ့ဖြင့် အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ကြပြီး၊ ထီးတော်သစ်ပြင်ဆင်ရန် လတ်တလောအားဖြင့် သဘောတူခဲ့ခြင်းဖြစ်ပြီး အဆိုပါဖြစ်စဉ်ကို အင်းသူအင်းသားများ လက်မခံခဲ့သဖြင့် ပြန်လည်စဉ်းစားရန် လွှတ်တော်ကိုယ်စားလှယ်များကတစ်ဆင့် ရှမ်းပြည်နယ်အစိုးရထံ တင်ပြနေခြင်းလည်းဖြစ်သည်။

“လှူတန်းတာကို ကန့်ကွက်တာ၊ အလှူရှင်ကို ကန့်ကွက်တာတော့ မကောင်းဘူးပေါ့။ ဒါကတကယ်ပျက်စီးနေလား လှူဒါန်းဖို့ လိုအပ်နေလားဆိုတာ ရှိသေးတယ်။ ဒါက နှစ်ပေါင်း ၆၀ မပျက်စီးသေးဘူး။ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေကို ထိန်းသိမ်းရမယ့်အစား၊ ရှေးဟောင်းတွေအစား ခေတ်ကာလနှင့် လျော်ညီစွာပြုပြင်ခြင်းဆိုပြီး ကြုံရာအလူမီနီယံတွေ စတီးပြားတွေ ဒါနဲ့ပတ်သက်တဲ့လူတွေက အလုပ်တစ်ခု ဖော်ဆောင်လိုက်တာပေါ့ဗျာ။ ဒါလေးတွေလည်းရှိတော့ တော်တော်များများကတော့ အသစ်ပြန်လည် ပြုလုပ်သင့်တယ်ပေါ့။ ရှေးမူမပျက်အောင် ပညာရှင်တွေနဲ့ စနစ်တကျလုပ်ပြီး နိုင်ငံတော်အဆင့် ခွင့်ပြုချက်နဲ့ ပြန်လည်ဆွေးနွေးတိုင်ပင်ပြီးမှ အသစ်ပြန်လည်တင်ဆောင်မယ်ဆိုတဲ့ သြ၀ါဒပေါ့နော်။ ကတိပေးထားတာပေါ့နော်။ ဒါကိုဆုံးဖြတ်ချက်တော့ မချသေးဘူးပေါ့နော်” ဟု ညောင်ရွှေမြို့ခံ ကိုခင်မောင်လတ်က ဆိုသည်။

“အင်းလေးဖောင်တော်ဦးဘုရား ထီးတော်တင်မယ့်ကိစ္စကို ပြည်သူတွေဝိုင်းအော်မှ သိရပါတယ်။ သိတော့ ကျွန်တော်တို့ သာသနာရေးဦးစီးတို့၊ သက်ဆိုင်ရာဆရာတော်တွေနဲ့ ဆွေးနွေးကြပါတယ်။ အဓိက,က လှူတာတန်းတာပဲ တကယ်ကုသိုလ်ရပါတယ်။ မတားပါဘူး လှူပါတန်းပါ။ ဒါပေမဲ့ ဖောင်တော်ဦးထီးတော်ကို အင်းသားတွေ တစ်ယောက်တစ်ကျပ်ထည့်ပြီးတော့လည်း လှူနိုင်ပါတယ်။ ကျွန်တော်တို့လည်း ကုသိုလ်ပါဝင်ချင်တာပေါ့။ တစ်ဦးတစ်ယောက်တည်း ထီးတင်တာမျိုးလည်း မကြိုက်ပါဘူး။ အဓိက သုံးချက်နဲ့ပဲပြောပါရစေ။ တစ်အချက် ဒါဟာ ကျွန်တော်တို့ရဲ့ သမိုင်းအမွေအနှစ်ပါ။ သမိုင်းအမွေအနှစ် ကျွန်တော်တို့စကား၊ ကျွန်တော်တို့ဝတ်စုံ၊ ရိုးရာအမွေအနှစ်တွေ ထိန်းသိမ်းရမှာ။ ကျွန်တော်တို့စကားကို သူတို့လာပြောမှာမဟုတ်ဘူး။ အဲဒီတော့ သမိုင်းအမွေအနှစ်ပျက်သွားရင် လူမျိုးပျောက်သွားမယ်။ နံပါတ်နှစ်အချက်ဟာ နိုင်ငံတော် ပြန်တမ်းဝင် Gazaded Pagoda ဆိုတဲ့ နိုင်ငံတော်ပြန်တမ်းဝင်ဘုရားဆိုတာ တစ်သီးပုဂ္ဂလတစ်ဦးကနေ လာပြင်လို့မရပါဘူး။ ဥပဒေဘောင်အတွင်းကနေ ရှမ်းပြည်နယ်အစိုးရကတစ်ဆင့် သွားရတာပါ။ နောက်ဆုံးတစ်ချက်ကတော့ ပြည်သူတွေ ကြိုက်ရင်တင်ပါ။ ပြည်သူတွေ မကြိုက်ရင်မတင်ပါနဲ့။ ပြည်သူတွေ မကြိုက်တဲ့ကိစ္စ သွားလုပ်ရင် ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ ကြားညပ်ပါတယ်။ ပြည်သူတွေကို ရှင်းပြရမယ့်တာဝန်လည်း ကျွန်တော်တို့မှာရှိပါတယ်။ အဓိကအနှစ်ချုပ်ရင်တော့ သမိုင်းအမွေဖြစ်တယ်။ နိုင်ငံတော်ပြန်တမ်းဝင် ဘုရားဖြစ်တယ်။ တစ်သီးပုဂ္ဂလ မလုပ်ကြပါနဲ့။ နောက်ဆုံးတစ်ချက်ဖြစ်တဲ့ ပြည်သူ့အစိုးရလက်ထက်မှာ ပြည်သူ့အသံကို နားထောင်ကြပါ။ ဒီသုံးချက်ပါ” ဟု ညောင်ရွှေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ဆိုသည်။

အဆိုပါကိစ္စရပ်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်ထံ တင်ပြထားပြီး၊ ၀န်ကြီးမှ ပြည်သူတွေ လက်သင့်မခံလျှင် အစိုးရအနေဖြင့်လည်း လက်ခံစရာအကြောင်းမရှိဘူးဟု ပြောကြားခဲ့ကာ၊ အဆိုပါကိစ္စကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ကက်ဘိနက်တွင် တင်ပြသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

လုပ်ပိုင်ခွင့် အပြည့်အ၀ပေးထားမည်ဆိုပါက အင်းလေးကန် ရေမခန်းအောင် လုပ်နိုင်ကြောင်း အင်းတိုင်းရင်းသားရေးရာဝန်ကြီး ပြောကြား

အင်းလေးကန်၏ အစိတ်အပိုင်းတစ်နေရာကို တွေ့ရစဉ်

လုပ်ပိုင်ခွင့်အပြည့်အ၀သာ ပေးထားမည်ဆိုပါက အင်းလေးကန်ကြီး ရေမခန်းအောင်လုပ်နိုင်ကြောင်း အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်က ပြောကြားသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်ကြီးသည် ၂၀၁၀ ပြည့်နှစ် မှစတင်ကာ အပူချိန်မြင့်မားခြင်းကြောင့် ရေခန်းခြောက်ခြင်း ပြဿနာများနှင့် ကြုံတွေ့ရပြီး နှစ်စဉ်ရေခန်းလျက်ရှိပြီး အစိုးရသစ် တက်လာသော ၂၀၁၆ ခုနှစ်မှစတင်ကာ အင်းဝန်ကြီး ဒေါက်တာထွန်းလှိုင် ဦးဆောင်သောအဖွဲ့မှ အင်းလေးကန်တွင် လက်ရိုက်ဆည်များကို အင်းတောင်ဘက်ပိုင်းအထိ လက်ရိုက်ဆည်များ တည်ဆောက်ထားခြင်းကြောင့် ရေမခန်းတော့သည်မှာ နှစ်နှစ်ရှိပြီဖြစ်ကြောင်း၊ ယခု နှစ်နွေရာသီတွင်လည်း ရေခန်းခြောက်တော့ မည်မဟုတ်ဘဲ တစ်သက်လုံး ရေခန်းတော့ မည်မဟုတ်တော့ကြောင်း အင်းဝန်ကြီး ဒေါက်တာထွန်းလှိုင်က ပြောကြားလိုက်ခြင်း ဖြစ်သည်။

“အခုလုပ်နေတယ်လေ။ အင်းလေးကန် ရေရှည်ထိန်းသိမ်းရေးအတွက်ကတော့  တိတိကျကျလုပ်နေတယ်။ ကျန်တဲ့အဖွဲ့တွေကတော့ ပိုက်ဆံတောင်းနေတာနဲ့ပဲ ပြီးနေတာပဲ၊ ကျန်တဲ့အဖွဲ့တွေက ပိုက်ဆံဘယ်လိုတောင်း ရမလဲဆိုတာကိုပဲ စဉ်းစားနေကြတာ။ ဒါပါပဲ။ ကျွန်တော်တို့မှာလည်း ညွှန်ကြားချက်တွေ ရှိတယ်လေ။ DSO တွေနဲ့ ထဲထဲဝင်ဝင်ကို လုပ်လို့မရဘူးလေ။ အရပ်ဘက်အဖွဲ့အစည်းနဲ့ ရောရောနှောနှော မလုပ်ရဘူးလေ။ ရင်းရင်းနှီးနှီးတော့ နေလို့ရတာပေါ့။ ရောနှောပြီး သွားလာလို့တော့ မရဘူးလေ။ အင်းလေးကန်မှာ အရင်တုန်းက နှစ်ပေ၊ သုံးပေဟာ အခု ၁၂ ပေလောက်ရှိတယ်။ ဘယ်တော့မှ မခန်းတော့ဘူး။ ကျုပ်တို့က မနှောင့်ယှက်ဘူး။ ကျုပ်တို့ကို လုပ်ပိုင်ခွင့် ပေးထားမယ်ဆိုရင် ဒီထက်တက် ချင်လို့ရသေးတယ်။ ကျုပ်တို့က လုပ်ပိုင်ခွင့် အပြည့်အ၀ ပေးထားမယ်ဆိုရင် ရေဘယ်နှပေ ကျန်ချင်သလဲ၊ အဲဒါသာပြောပါ” ဟု အင်းဝန်ကြီး ဒေါက်တာထွန်းလှိုင်က ပြောကြားသည်။

ဆက်လက်၍ အင်းလေးကန်နှင့် ပတ်သက်၍ ဥပဒေများပြဋ္ဌာန်းပြီး ဆောင်ရွက်ရန်လိုအပ်ကြောင်း ညောင်ရွှေမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ ပြောကြားခဲ့ခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာအစိုးရထံ တင်ပြရာတွင် ပြည်ထောင်စုအစိုးရနှင့်သာ သက်ဆိုင်သဖြင့် ပြည်ထောင်စုသို့တင်ပြရန်၊ အကြောင်းပြန်ခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၈ ရက်မှစတင်ကာ အင်းလေးကန် အုပ်ချုပ်ရေးရုံးခန်းတွင် ရုံးဝန်ထမ်းများကို စတင်ခန့်ထားကာလုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

အင်းလေးကန်သည် လောပိတရေအား လျှပ်စစ်စက်ရုံအတွက် အထောက်အကူပြု  ကန်ကြီးဖြစ်ပြီး၊ ရှေးယခင်က အလျား ၃၆ မိုင်၊ အနံ ရှစ်မိုင်ရှိခဲ့ပြီး ရေပြင်ဧရိယာ ၁၀၀ စတုရန်းမိုင်ရှိခဲ့ကြောင်း၊ ၁၉၉၆ ခုနှစ်တိုင်း တာချက်အရ မိုးရာသီတွင် ရေပြင်စတုရန်းမိုင် ၆၀၊ နွေရာသီတွင် ၄၀ စတုရန်းမိုင်သာရှိတော့ပြီး အနက်ဆုံးမှာ မိုးရာသီပေ ၂၀ နှင့် နွေရာ သီ ၁၂ ပေခန့်သာ ရှိတော့ကြောင်း သိရသည်။ ၂၀၀၇ စိစစ်ချက်အရ (က) မူလအင်းရေပြင်နယ်နိမိတ်မှာ ၆၆၉၆၇ ဧက ၁၀၄ ဒသမ ၆၃ စတုရန်းမိုင်၊ (ခ) လက်ရှိ အင်းရေပြင် နယ်နိမိတ်မှာ ၄၀၁၃၀ ဧက ၆၂ ဒသမ ၇၀ စတုရန်း မိုင်၊ (ဂ) လက်ရှိ အင်းရေပြင်ဧရိယာ ၁၅၆၆၉ ဧက၊ (ဃ) ကျွန်းရိုင်းဧရိယာ ၈၂၄၁ ဧက၊ (င) ကျွန်းမျှောဧရိယာ ၉၂၅၄ ဧက၊ (စ) လူနေ ထိုင်သည့်ဧရိယာ ၂၀၉၅ ဧက၊ (ဆ) စိုက်ပျိုး မြေ ၄၈၇၁ ဧကရှိကြောင်း သိရသည်။

အင်းလေးကန် ရေဝေရေလဲ ဒေသတွင်းသို့ စီးဝင်သော ချောင်းပေါင်း ၂၉ ချောင်းရှိပြီး၊ အဓိကကျသော နမ့်လတ်ချောင်း၊ နယ်ခြားချောင်း (ရေပယ်ချောင်း)၊ ကလောချောင်း (သန်းတောင်ချောင်း)၊ ဘီလူးချောင်းတို့မှာ ရာသီမရွေးစီးဝင်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ရေခန်းခြောက်ခြင်း မကြုံရသေးကြောင်း၊ ၂၀၁၆ ခုနှစ် အစိုးရသစ်လက်ထက်တွင် အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်မှ လက်ရိုက်ဆည်များ တည်ဆောက်ထားခြင်းကြောင့် လတ်တလော နောက်ပိုင်းနှစ်များတွင်ရေများစွာ ထိန်း ထားနိုင်ခြင်းဖြစ်သည်။

၁၈ ရက်တိုင် ဒေသစာရီ ကြွချီအပူဇော်ခံခဲ့သော အင်းလေးဖောင်တော်ဦးဘုရား ကျောင်းတော်ဝင်ပွဲသို့ လူဦးရေသောင်းနှင့်ချီ လာရောက်ဖူးမြော်

အောက်တိုဘာ ၈ ရက် နံနက်ပိုင်းက အင်းလေးဖောင်တော်ဦးဘုရား ကျောင်းတော်ဝင်ပွဲ ကျင်းပနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ – စည်သာ)

၁၈ ရက်တိုင် ဒေသစာရီ ကြွချီအပူဇော်ခံခဲ့သော ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ အင်းလေးဖောင်တော်ဦး ဘုရားကျောင်းတော်ဝင်ပွဲနေ့တွင် လူဦးရေ သောင်းနှင့်ချီကာ လာရောက်ဖူးမြော် ခဲ့ကြကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၈ ရက် သီတင်းကျွတ် လပြည့်ကျော် ၃ ရက်တွင် ဖောင်တော်ဦး ဘုရားရုပ်ပွားတော်များသည် ရေသာဘုရား စံကျောင်းတော်မှ နံနက် ၈ နာရီတွင် စတင် ထွက်ခွာလာပြီး ဖောင်တော်ဦး ရတနာစံ ကျောင်းတော်သို့ ရောက်ရှိစံမြန်းတော်မူ ကြောင်း၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီး များနှင့် ဆရာတော် သံဃာတော်များမှ ဖောင် တော်ဦးရုပ်ပွားတော်မြတ်များကို ကရ၀ိက် ဖောင်တော်ကြီးပေါ်မှ ကျောင်းတော်သို့ ပင့် ဆောင် ပူဇော်ခဲ့ကြောင်း သိရသည်။

အင်းလေး ဖောင်တော်ဦးဘုရား ဒေသစာရီ ကြွချီအပူဇော်ခံခြင်းကို စက်တင်ဘာ ၂၁ ရက်မှ စတင်ကာ ထွက်ခွာလာပြီး အောက်တိုဘာ ၈ ရက် သီတင်းကျွတ်လပြည့်ကျော် ၃ ရက်အထိ ၁၈ ရက်တိုင် အင်းလေးဒေသ ၂၁ ဌာနသို့ လှည့်လည် အပူဇော်ခံခြင်းဖြစ်သည်။

အင်းလေးဖောင်တော်ဦး ဘုရားကျောင်းတော်ဝင်ပွဲတွင် ပြည်တွင်း ပြည်ပ ခရီးသွား ဧည့်သည်များ သိန်းနှင့်ချီကာ လာရောက်ခဲ့ကြပြီး ဖောင်တော်ဦးဘုရား ပရိဝုဏ်နှင့် အင်းလေးကန်အတွင်း ဘုရားဖူး ဧည့်သည်များ၊ စက်လှေများ ပြည့်ညှပ်ခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၈ ရက် နံနက်ပိုင်းက အင်းလေးဖောင်တော်ဦးဘုရား ကျောင်းတော်ဝင်ပွဲ ကျင်းပနေမှုအား တွေ့ရစဉ် (ဓာတ်ပုံ – စည်သာ)

ဖောင်တော်ဦးဘုရား ဓမ္မာရုံတွင်လည်း ညအိပ်တည်းခိုနေသော ဘုရားဖူးခရီးသွား ဧည့်သည်များ ပြည့်ညပ်နေပြီး ရေသာ၊ ကေလာ၊ ရွာမစသော ဘုန်းတော်ကြီး ကျောင်းများတွင်လည်း ဘုရားဖူးညအိပ် ဧည့်သည်များဖြင့် ပြည့်နှက်နေကြောင်း သိရသည်။

အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီ လှည့်လည်ပူဇော်ခံခြင်း ရတနာစံ ကျောင်းတော်ဝင်ပွဲတွင် ယခင်နှစ်ကထက် ပိုမိုလူစည်ကားခဲ့ကြောင်း အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်က ပြောကြားသည်။

“မနှစ်ကထက်စာရင် လူတအားများလာတယ်လို့ ဈေးသည်တွေ ပြောပါတယ်။ အဓိကအားဖြင့်တော့ ပြည်တွင်း ခရီးသွားတွေပေါ့။ မနှစ်က နိုင်ငံခြားသားတွေ နှစ်သိန်းခွဲ လောက်ဝင်ပါတယ်။ ဒီနှစ်လူပိုမိုစည်ကားတာ တိုးမပေါက်တော့ဘူး။ လှေပြိုင်ပွဲတွေကိုလည်း ဒီနှစ်မှာ ဆုတွေချီးမြှင့်ပေးခဲ့ပါတယ်” ဟု အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်က ပြောကြားသည်။

အင်းလေးကန် ဖောင်တော်ဦးဘုရား ပရိဝုဏ်နှင့် အနီးအနားရှိ ရွာများတွင် ပြည်တွင်း ပြည်ပ ခရီးသွားများဖြင့် ပြည့်ကျပ်နေခဲ့ပြီး သွားလာ မရလောက်အောင် စည်ကားခဲ့ကြောင်း၊ လှေလမ်းကြောင်း တစ်လျှောက်တွင်လည်း စက်လှေများ ဘုရားဖူးခရီးသွားလှေများ၊ တက်လှေပြိုင်ပွဲလှေများဖြင့် ပြည့်ကျပ်စည်ကားခဲ့ကြောင်း သိရသည်၊ ထို့ပြင် ဖောင်တော်ဦးဘုရား ဓမ္မာရုံတွင်လည်း ခရီးသွားဧည့်သည်များ အပြည့်တည်းခိုလျက်ရှိပြီး အနီးအနားရှိ ရေသာ၊ ကေလာ၊ ရွာမစ သောရွာများရှိ ဘုန်းတော်ကြီး ကျောင်းများတွင်လည်း ဘုရားဖူးခရီးသွားများ အပြည့် တည်းခိုလျက်ရှိကြောင်း သိရသည်၊

ဖောင်တော်ဦးဘုရား ရုပ်ပွားတော်မြတ်များသည် စက်ဘာတင် ၂၁ ရက်မှ စတင်ထွက်ခွာကာ ဒေသစာရီ လှည့်လည်ခဲ့ပြီး ၂၁ ဌာန တွင် ရက်ပေါင်း ၁၈ ရက်ကြာထားရှိ အပူဇော်ခံကာ အောက်တိုဘာ ၈ ရက်တွင် မူလရတနာ စံကျောင်းတော်သို့ ပြန်လည်ဝင်ရောက်ကာ ကျောင်းတော်ကြီး ၀င်ပွဲကျင်းပခြင်း ဖြစ်ကြောင်း ဖောင်တော်ဦးဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။

 

အင်းလေးဒေသတွင် ခရမ်းချဉ်စိုက်ခင်းများ ပိုးဖျက်၍ အထွက်နှုန်း နည်းသဖြင့် တောင်သူများ အမြတ်ရရှိရန် ခက်ခဲနေပြီး ပွဲစားများအရှုံးပေါ်

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ ခရမ်းချဉ်စိုက်ခင်း တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ – စည်သာ)

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ယခုနှစ်စိုက်ပျိုးရာသီ၌ ခရမ်းချဉ်စိုက်ခင်းများ ပိုးထိုးဖျက်ဆီးခြင်းနှင့် ရာသီဥတုဒဏ်ကြောင့် သီးနှံအထွက်နှုန်း လျော့ကျလာသဖြင့် တောင်သူများ အမြတ်ရရှိရန် ခက်ခဲလာပြီး ပွဲစားများ အရှုံးပေါ်ခဲ့ကြောင်း ခရမ်းချဉ်စိုက် တောင်သူများထံမှ သိရသည်။

ယခုနှစ်တွင် ပထမဆုံး စတင်ခံစားလာရသော ခရမ်းချဉ်သီးပိုးထိုး ဖျက်ဆီးခဲ့ခြင်းကြောင့် ပိုးသတ်ဆေးများ ပိုမိုသုံးစွဲရသဖြင့် မလိုအပ်ဘဲ ဆေးဖိုးများပြားခြင်း၊ ရာသီဥတုဒဏ်ကြောင့် အပင်များ သက်တမ်းတိုလာခြင်းနှင့် အင်းလေးတွင် ဟိုတယ်၊ စားသောက်ဆိုင် လုပ်ငန်းများ ပေါများလာခြင်းကြောင့် ကျွမ်းကျင်စိုက်ပျိုး လုပ်သားများ ရှားပါးလာပြီး နေ့စားခ ဈေးကြီးပေး ငှားရမ်းလာရသဖြင့် လုပ်သားရှားပါးခြင်း ပြဿနာများ ကြုံတွေ့လာရခြင်း၊ ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာဖိုးများ ကုန်ကျစရိတ် မြင့်တက်နေခြင်းတို့ကြောင့် ခရမ်းချဉ်စိုက် တောင်သူများမှာ အမြတ်ရရှိရန် ခက်ခဲနေကြောင်း သိရသည်။

“ဒီနှစ်တော့ သိပ်အဆင်မပြေဘူး။ အထွက်နှုန်းလည်း လျော့သလို ရောဂါတွေလည်းများတယ်။ ဈေးနှုန်းအသင့်အတင့်နဲ့ အထွက်နှုန်းလည်း မကောင်းတော့ တောင်သူတွေလည်း အဆင်မပြေကြဘူး။ ရာသီဥတု အခြေအနေနဲ့လည်း ဆိုင်တယ်။ တစ်ယောက်နဲ့ တစ်ယောက်တော့ မတူဘူးပေါ့။ အရင်တုန်းကဆိုရင် ၁၂ ပတ်၊ ၁၃ ပတ်အထိ ခူးလို့ရတယ်။ ဒီနှစ်တော့ ရှစ်ပတ်၊ ကိုးပတ်လောက်နဲ့ အပင်က သေသွားတယ်။ တချို့ဆိုရင် လေးပတ်၊ ငါးပတ်နဲ့ ကုန်သွားတယ်။ သက်တမ်းတိုလာတာပေါ့။ ကျွန်တော်က အင်းအခေါ် ကျွန်းအလ နှစ်ထောင်လောက်စိုက်တယ်။ တချို့က ငါးရာ၊ တစ်ထောင် ၀န်းကျင်လောက် စိုက်တယ်။ အရင်ကနဲ့ မတူဘူးပေါ့။ အခုက ဈေးတွေလည်း ကောင်းနေတော့ တအားစိုက်ကြတယ်။ ကျွန်တော်တို့ တောင်းဆိုချင်တာကတော့ အစိုးရအနေနဲ့ တစ်ပိဿာကို ပုံမှန်ဈေးပေါ့။ သတ်မှတ်ဈေး တစ်ခုခု ရှိရင်တော့ ပိုအဆင်ပြေမယ် ထင်တယ်။ အခုက စိုက်ခင်းတွေမှာ ဓာတုဆေးဝါးတွေသုံးတယ်။ ဇီဝလည်း ၀င်တာရှိပေမယ့် မအောင်မြင်ဘူး။ ဘာလို့လဲဆိုတော့ တစ်ခင်းချင်းဝင်တော့ မညီဘူးလေ။ အင်းထဲမှာ ၀င်မယ်ဆိုရင်လည်း အကုန်လုံး တစ်ပြေးညီ လုပ်ကြမယ်ဆိုရင် အောင်မြင်မယ်လို့ ထင်ပါတယ်” ဟု ပေပင်အင်းရွာမှ ခရမ်းချဉ်စိုက်တောင်သူ ကိုဥာဏ်လင်းက ပြောကြားသည်။

အင်းလေးဒေသမှ ထွက်ရှိလာသော ခရမ်းချဉ်သီးများကို မြန်မာတစ်နိုင်ငံလုံးသို့ အဓိက ၀ယ်ယူဖြန့်ဖြူး ပေးနေသော ညောင်ရွှေမြို့ရှိ ခရမ်းချဉ်သီး ကုန်စည်ဒိုင်များမှာလည်း တက်ဈေးဖြင့် ၀ယ်ယူရပြီး လက်ထဲတွင် ဈေးကျသဖြင့် အရှုံးပေါ်ကြပြီး ၂၀၁၇ ခုနှစ်၏ နှစ်ဝက် ဇွန်လမှစ၍ စက်တင်ဘာလအထိ ခရမ်းချဉ်သီးများ ဈေးထိုးကျနေသဖြင့် ၀ယ်ဈေးနှင့် ရောင်းဈေးမမျှဘဲ အရှုံးပေါ်ကြောင်း၊ ဈေးပြန်တက်လာလိမ့်နိုးဖြင့် ကုန်သည်ပွဲစားများ ၀ယ်လှောင်ထားကြသဖြင့် လက်လွန်ကြပြီး ဈေးကြီးပေးဝယ်မိသည့် ပွဲစားများလည်း ရှိကြောင်း၊ ညောင်ရွှေမြို့နယ်တွင် ခရမ်းချဉ်သီးပွဲစား ကုန်သည် ၈၀ ကျော် လုပ်ကိုင်နေခြင်းဖြစ်ကြောင်း သိရသည်။

“ခရမ်းချဉ်သီးက မန္တလေးဘက်မှာ ပြန်ရောင်းတာ တစ်ထောင်ကျော်ပဲ ပြန်ရောင်းရတယ်။ ၀ယ်တော့လည်း ပုပ်တာတွေ၊ အနာအဆာထွက်တာတွေ၊ ပိုးထိုးတာတွေ ဖယ်ရတော့ မကိုက်ဘူးပေါ့။ အရင်းက တစ်ပိဿာ ကျပ် ၁၃၀၀ လောက်ကျနေပြီ။ မန္တလေးမှာရောင်းတာ တစ်ပိဿာကို တစ်ထောင်ပဲ ရောင်းရတယ်။ ခရမ်းချဉ်သီး ၀ယ်တဲ့အခါ လေးမျိုးလေးစား ခွဲခြားရတယ်။ အဲဒီထဲမှာ မကောင်းတာတွေရော၊ ပိုးထိုးတွေရော၊ ပျက်စီးတာတွေရောပါတယ်။ အကြီးအသေးတွေလည်း ခွဲရတယ်။ မကိုက်ဘူး” ဟု ခရမ်းချဉ်သီး ရောင်းဝယ်ရေး ကုန်စည်ဒိုင် ဥက္ကဋ္ဌဖြစ်သူ ဦးစိုးမြင့်သောင်းက ပြောကြားသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၃၂ စု၊ ကျေးရွာပေါင်း ၄၄၃ ရွာရှိပြီး အင်းလေးဒေသသည် ခရမ်းချဉ် အများဆုံး စိုက်ပျိုးကြပြီး ရေပေါ်ကျေးရွာများတွင် အများစုစိုက်ပျိုးကာ အင်းလေး ရေပေါ်ရွာပေါင်း ၄၀ ကျော်တွင် စိုက်ဧကပေါင်း သိန်းနှင့်ချီ စိုက်ပျိုးကြခြင်းဖြစ်ကြောင်း သိရသည်။