လမ်းများပျက်စီးမှုမှာ ကုန်တင်ယာဉ်များကြောင့်ဖြစ်သဖြင့် ဘီးခွန်များကို အင်ဂျင်ပါဝါဖြင့် ကောက်ခံမည့်အစား အိမ်စီးကားနှင့်ကုန်တင်ကားဟူ၍ နှစ်ပိုင်းခွဲပြီး ကောက်ခံသင့်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ပြောကြား

ရန်ကုန်မြို့အတွင်း သွားလာနေသည့် ကုန်တင်ယာဉ်များနှင့် ကိုယ်ပိုင်ယာဉ်အချို့အား တွေ့ရစဉ်

ဘီးခွန်များကို အင်ဂျင်ပါဝါဖြင့် ကောက်ခံမည့်အစား အိမ်စီးကားနှင့် ကုန်တင်ကားဟူ၍ နှစ်ပိုင်းခွဲပြီးကောက်ခံသင့်ကြောင်း ရွှေပြည်သာမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မင်း (ခ) ဦးဂေးမောင်က ပြောကြားသည်။

အဆိုပါကိစ္စအား မတ် ၂၉ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်တွင် ၂၀၁၈ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး၏ အခွန်အခဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး ဦးရန်အောင်မင်း (ခ) ဦးဂေးမောင်က ဆွေးနွေးရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ဘီးခွန်ကို အင်ဂျင်ပါဝါနဲ့ ခွဲခြားမယ့်အစားကို ဘီးခွန်မှာ ကိုယ်ပိုင်အိမ်စီးကားနဲ့ ကုန်တင်ယာဉ်ကိုခွဲခြားပြီးတော့ ကောက်ရင်မကောင်းလေဘူးလား၊ လမ်းတွေကို ကျိုးကြေပျက်စီးစေတာက ကုန်တင်ယာဉ်တွေကြောင့် ဖြစ်ပါတယ်။ အင်ဂျင်ပါဝါနဲ့ ခွဲခြားမယ်ဆိုရင် အိမ်စီးကားနဲ့ ကုန်တင်ယာဉ်တွေမှာ ဥပမာ အခုစီးတဲ့ကားတွေက အင်ဂျင်ပါဝါ ၂၀၀၀ နဲ့ ၃၀၀၀ ကြားမှာရှိနေပါတယ်။ သို့သော် ဟိုက်ဂျက်တို့ ဘာတို့ဆို 600 CC ပဲရှိတယ်။ သူဆောင်ရတဲ့အခွန်ကနည်းနေတယ်။ ဒီဟာကို ပြဋ္ဌာန်းတဲ့အခါ ဒီဟာကို ပြန်လည်သုံးသပ်စေချင်ပါတယ်။ လုပ်ငန်းသုံးကားတွေက နေ့တိုင်းနေ့တိုင်း စီးပွားရှာရတဲ့ကားဖြစ်တယ်။ ကိုယ်ပိုင်ကားတွေက တစ်နှစ်ပတ်လုံး ထွက်ချင်မှထွက်တာ၊ ကိုယ်ပိုင်ကားနဲ့ ကုန်တင်ကားကို ခွဲခြားစေချင်ပါတယ်” ဟု ဘီးခွန်နှုန်းထားအသစ်ကောက်ခံရာတွင် တစ်နှစ်လျှင် ကျပ် ၃၆၅၀၀ မှ ကျပ် ၁၀၉၅၀၀ အထိဖြစ်နေကြောင်း၊ ဘီးခွန်တိုးမြှင့်ကောက်ခံသည်ကို လက်ခံကြောင်း၊ ယခင်နှုန်းထားများသည် ခေတ်နှင့်ကိုက်ညီမှုမရှိကြောင်း၊ တိုးမြှင့်ကောက်ခံလိုက်သည့် အခွန်အခနှင့်လမ်း၊ တံတားများဆောက်နိုင်မည်ဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေလည်း တိုးတက်မည်ဖြစ်သည့်အတွက် မပြောလိုကြောင်း ဦးရန်အောင်မင်း (ခ)ဦးဂေးမောင်က ဆိုသည်။

ဘီးခွန်နှင့်ပတ်သက်ပြီး ၂၀၁၇ ဥပဒေတွင် ကားအမျိုးအစားနှင့် အလေးချိန်ကို အခြေပြုသတ်မှတ်ထားကြောင်း၊ ၂၀၁၈ ဥပဒေတွင် အင်ဂျင်ပါဝါကို အခြေပြုသတ်မှတ်ကြောင်း၊ ယင်းနှစ်ခုသည် နှိုင်းယှဉ်ဖို့ခက်ခဲကြောင်း၊ ဘီးခွန်သုံးစွဲမှု တိုးမြှင့်ကောက်ခံသည်ကို လက်ခံကြောင်း၊ သို့သော်ကောက်ခံသည့်စနစ် အင်ဂျင်ပါဝါဖြင့် ကောက်ခံခြင်းကို ပြန်လည်စိစစ်သင့်ကြောင်း၊ ထူးခြားချက်အနေဖြင့် ၂၀၁၇ ဥပဒေတွင် ညအိပ်ခွန်နှင့် ယာဉ်ရပ်နားခများပါရှိခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် မပါရှိကြောင်း ထို့ကြောင့် အခွန်အကောက်ဥပဒေကြမ်းနှင့် ပတ်သက်ပြီး ပြန်လည်စိစစ်သင့်ကြောင်း လသာမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ဦးဇော်ဝင်းနိုင်က ပြောကြားသည်။

ရန်ကုန်တိုင်းအတွင်း မော်တော်ယာဉ်ဘီးခွန်များအား တန်ချိန်ဖြင့် ကောက်ခံရာမှ အင်ဂျင်ပါဝါဖြင့် ကောက်ခံမည်ဖြစ်ပြီး တစ်နှစ်လျှင် အနည်းဆုံးကျပ် ၃၆၅၀၀ မှ အများဆုံး ကျပ် ၁၀၉၅၀၀ အထိကျသင့်မည်ဖြစ်ကြောင်း မတ် ၂၁ ရက်တွင်ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဆဋ္ဌမပုံမှန် အစည်းအဝေး (၁၅) ရက်မြောက်နေ့တွင် ၀န်ကြီး ဦးမြင့်သောင်းက ၂၀၁၈ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး၏ အခွန်အခဥပဒေကြမ်းအား လွှတ်တော်သို့ ရှင်းလင်းတင်ပြခြင်းနှင့် ဥပဒေကြမ်းတင်သွင်းရာတွင် ထည့်သွင်းပြောကြားသည်။ ပြောင်းလဲကောက်ခံမည့်နှုန်ထားများသည် အင်ဂျင်ပါဝါ 600 CC အောက် တစ်ရက်လျှင်ကျပ် ၁၀၀၊ တစ်နှစ်လျှင် ကျပ် ၃၆၅၀၀၊ 600 CC မှ 1300 CC အထိ တစ်ရက် ကျပ် ၁၅၀၊ တစ်နှစ်လျှင် ကျပ် ၅၄၇၅၀၊ 1301 CC မှ 2000 CC ထိ တစ်ရက်ကျပ် ၂၀၀၊ တစ်နှစ်လျှင်ကျပ် ၇၃၀၀၀၊ 2001 CC မှ 4300 CC ထိ တစ်ရက်ကျပ် ၂၅၀ မှတစ်နှစ်လျှင် ၉၁၂၅ ကျပ်နှင့် 4301 CC နှင့်အထိ တစ်ရက်ကျပ် ၃၀၀၊ တစ်နှစ်လျှင် ကျပ် ၁၀၉၅၀၀ အထိကျသင့်မည်ဖြစ်ကြောင်း သိရသည်။

၁၉၉၇ ခုနှစ်ကစပြီး ကောက်ခံခဲ့သည့် ယခင်ဘီးခွန်နှုန်းထားများသည် မော်တော်ဆိုင်ကယ် တစ်နှစ်လျှင် ၉၃၅ ကျပ်၊ ဆလွန်း၊ ဆီဒင်၊ ဂျစ်၊ စတေရှင်ဝက်ဂွန်၊ မိုက်ခရိုဘတ်စ်က ကျပ် ၂၃၀၀၊ လိုက်ဗန် 1500 kg အထိ ကျပ် ၁၃၈၀၊ လိုက်ဗန် 1500 kg အထက် ကျပ် ၁၄၉၅၊ ပစ်ကပ် 1000 kg အထိကျပ် ၁၃၈၀၊ ပစ်ကပ် 1000 kg အထက် ၁၄၉၅ ကျပ်၊ လိုက်ထရက် 2000 မှ 3000 kg အထိ ၁၄၉၅ ကျပ်၊ ထရပ်နှင့် ထရပ်တာတွေအားလုံး 3000 kg မှ 10000 kg အထိကျပ် ၁၉၂၀ မှ ကျပ် ၄၃၂၀ အထိ၊ ထရေလာများသည် တန်ချိန် ၂၀ အထက်ကျပ် ၁၅၆၀၊ ဘတ်စ်ကား 3000 မှ 4000 kg အထိကျပ် ၁၈၀၀၊ 4000 kg အထက်ကျပ် ၂၀၄၀ ဖြင့် ကောက်ခံခဲ့ခြင်းဖြစ်သည်။

မြိတ်ဒေသမှ ရေထွက်ပစ္စည်းများ တင်ပို့ရာတွင် နည်းလမ်းမှန်စွာ အခွန်ကောက်ခံနိုင်ခြင်း မရှိသောကြောင့် နိုင်ငံတော်အနေဖြင့် တစ်နှစ်လျှင် အခွန်ငွေကျပ်ဘီလျံ ၃၀ ခန့်ဆုံးရှုံးနေကြောင်း လွှတ်တော်ကိုယ်စားလှယ် ပြောကြား

တနင်္သာရီတိုင်းဒေသကြီး မြိတ်ဆိပ်ကမ်းတွင် ကုန်တင်ကုန်ချ ပြုလုပ်နေသည်ကို မတ် ၂၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဇော်မိုးဦး (မြိတ်))

မြိတ်ဒေသမှထွက်ရှိနေသည့် ရေထွက်ပစ္စည်းများ တင်ပို့ရာတွင် နည်းလမ်းမှန်စွာ အခွန်ကောက်ခံနိုင်ခြင်းမရှိသောကြောင့် နိုင်ငံတော်အနေဖြင့် တစ်နှစ်လျှင် အခွန်ငွေကျပ်ဘီလျံ ၃၀ ခန့်ဆုံးရှုံးနေကြောင်း တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၇ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်းက ပြောကြားသည်။

ရေထွက်ပစ္စည်းများကို တရားမ၀င်တင်ပို့နေခြင်း၊ အခွန်အခများ တိကျစွာမကောက်နိုင်ခြင်းတို့အပါအ၀င် နိုင်ငံတော်မှ အခွန်ဆုံးရှုံးနေခြင်းကို ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ အစီအစဉ်တွင်လည်း တင်ပြပြီးဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ မြိတ်ဒေသတစ်ခုတည်းကိုပဲ အရင်တွက်ကြည့်ရအောင်။ ရေထွက်ပစ္စည်း ရောင်းဝယ်မှုက တစ်ရက်ကိုကျပ်သိန်းပေါင်း ငါးသောင်းအထိရှိနိုင်တယ်။ ဖမ်းဆီးရမိခွန်တစ်ခုတည်းကိုပဲ တွက်ကြည့်မယ်။ နှစ်ရာခိုင်နှုန်းနဲ့စားလိုက်ရင် တစ်ရက်ကို သိန်း ၁၀၀၀ နိုင်ငံတော်ကရရှိမှာပါ။ အဲဒီတော့ တစ်လကို သုံးဘီလျံနှုန်းနဲ့ တွက်ချက်ကြည့်ရင် တစ်နှစ်ဆိုရင် ဘီလျံ ၃၀ အထိရှိသွားပြီ ဒါပေမဲ့ အစိုးရအနေနဲ့ ငါးလေလံဈေးဖွင့်လှစ်လိုက်ရင် ဒါတွေဆုံးရှုံးနေတာကို ကုစားနိုင်မယ်လို့ သိထားပေမယ့် အခုထိမလုပ်သေးဘူး။ အဲဒါဘာကြောင့်လဲ။ ဆိပ်ခံတံတားတွေကနေ ရနောင်းကိုဆင်းသွားတာရှိတယ်။ ကော့သောင်းဘက်ကနေ အခေါက်ခေါက်အခါခါဆင်းပြီး ရနောင်းကို သွားရောင်းကြပြီးမှ နိုင်ငံတော်ကို တစ်ခေါက်လောက်ပဲ အ၀င်ပြလိုက်တယ်။ ကျွန်တော်တို့ဆီမှာ အင်မတန်မှကို သယံဇာတပြုန်းတီးပြီး အခွန်အခတွေလည်း များစွာနစ်နာနေတယ်။ ကျွန်တော်ကတော့ တင်ပြခဲ့ပြီးပါပြီ။ ဒါကို ဘယ်လိုကိုင်တွယ် အရေးယူမလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်းက ပြောကြားသည်။

မြိတ်ဒေသတွင်ရှိသော ကမ်းဝေး၀ါလတ် ၈၇၁ စင်းတွင် အစင်း ၇၀၀ မှာ ကုမ္ပဏီအုပ်စုရှစ်စုမှ ပိုင်ဆိုင်ပြီး အဆိုပါအချက်မှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်နေကြောင်း ကျွန်းစုမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သူ ဦးဇော်ဟိန်းက ဆိုသည်။ ပြည်ထောင်စုလွတ်တော်တွင် တင်ပြထားချက်မှာ မြိတ်ခရိုင်ငါးဦးစီးဌာနက ၂၀၁၇-၂၀၁၈ ခုနှစ် ဧပြီမှ ဒီဇင်ဘာအထိ နိုင်ငံခြားသို့ တိုက်ရိုက်ကုန်သွယ်မှု၌ ၈၀ ဒသမ ၆ သန်း ကုန်သွယ်မှုရှိခဲ့ကြောင်း နိုင်ငံတော်မှ အခွန်အခရငွေမှာ၌ ၁ ဒသမ ၇ သန်းသာရရှိခဲ့ကြောင်း၊ အမှန်တကယ် မြိတ်ဒေသမှ ရေထွက်ပစ္စည်း နည်းမှန်လမ်းမှန်အသုံးပြု အခွန်ကောက်ပါက ကျပ် ၃၀ ဘီလျံခန့်ရရှိမည်ဖြစ်ပြီး ၂၇ ဘီလျံခန့် လျော့နည်းနေမှုရှိနေသည်ဟု တင်ပြခဲ့သည်။ လှေအစင်းရေများပြားနေသည်ကို ထိန်းသိမ်းထားသော်လည်း အမှန်တကယ်လုပ်ကိုင်လိုသည့် ဒေသခံများမှာ လုပ်ပိုင်ခွင့်မရရှိပဲ ငါးဖမ်းလှေအုပ်စုကြီးများကသာ ထိန်းချုပ်ထားသည်။

မြန်မာ့ပင်လယ်ပြင်အတွင်း ရေထွက်ပစ္စည်းများ ခိုးထုတ်ခံနေရသည့်အတွက် ဥပဒေချိုးဖောက်ခံနေရမှုမှာ ၁၂ ရာသီတွင် ၂၄ နာရီဖြစ်နေကြောင်း ဦးဇော်ဟိန်းက ပြောကြားသည်။

ပိုမိုကောင်းမွန်သော စည်ပင်သာယာရေး ၀န်ဆောင်မှုများ ရရှိမည်ဆိုပါက ပစ္စည်းအခွန်တိုးမြှင့် ကောက်ခံခြင်းကို လက်ခံမည်ဟု မြို့ပြနေပြည်သူ ရာခိုင်နှုန်း ၇၀ ခန့်က သဘောတူကြောင်း အာရှဖောင်ဒေးရှင်း၏ အစီရင်ခံစာတွင် ဖော်ပြ

သမားရိုးကျဆန်လွန်းသော ရန်ကုန်မြို့၏ အမှိုက်သိမ်းစနစ်ကို ၂၀၁၈ ခုနှစ် ဇန်န၀ါရီလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ရှိုင်းလင်းအောင်)

ပစ္စည်းအခွန်ပေးဆောင်ရခြင်းသည် ပမာဏ အလွန်နည်းသော်လည်း မြင်သာထင်သာပြီး အကြိမ်ရေများကာ ကျယ်ကျယ်ပြန့်ပြန့် ပေးဆောင်ရခြင်းကြောင့် ပိုမိုကောင်းမွန်သော စည်ပင်သာယာရေး ၀န်ဆောင်မှုများ ရရှိမည်ဆိုပါက ပစ္စည်းအခွန်တိုးမြှင့် ကောက်ခံခြင်းကို မြို့ပြနေလူထု ရာခိုင်နှုန်း ၇၀ ခန့်က လက်ခံသဘောတူကြောင်း ရန်ကုန်မြို့တွင် ပြုလုပ်သည့် The Asia Foundation ၏ မြန်မာနိုင်ငံ၏ အခွန်အကောက်များအပေါ် မြို့ပြနေပြည်သူများ၏ သဘောထားအမြင် အနှစ်ချုပ်အစီအရင်ခံစာ အကြိုသတင်း စာရှင်းလင်းပွဲမှ သိရသည်။

ပစ္စည်းခွန်သည် ပမာဏ အလွန်နည်းသောကြောင့် အစိုးရ၏ ဘဏ္ဍာခွန်ရရှိမှုအနေဖြင့် အလွန်နည်းပါးပြီး ခန့်မှန်းခြေအားဖြင့် ၂၀၁၃ ခုနှစ်တွင် ဂျီဒီပီ၏ ၀ ဒသမ ၀၃ ရာခိုင်နှုန်းသာ ရှိသည်။ သို့သော်လည်း မြင်သာထင်သာသည့် အခွန်အမျိုးအစားတစ်ခုဖြစ်ပြီး ကျယ်ကျယ်ပြန့်ပြန့် ပေးဆောင်ကြရခြင်း၊ အခွန်ပေးဆောင်ရသည့် အကြိမ်ရေများ၍ သိသာထင်ရှားသည့် အခွန်ဖြစ်နေကြောင်း ဖော်ပြထားသည်။

အထက်ပါ အစီရင်ခံစာ၏ စစ်တမ်းများအရ မြို့ပြနေပြည်သူ ၆၆ ရာခိုင်နှုန်းက လက်ရှိထက် ပိုမိုကောင်းမွန်သော စည်ပင်သာယာရေး ၀န်ဆောင်မှုများ ရရှိမည်ဆိုပါက ပစ္စည်းခွန်ကို တိုးမြှင့်ပေးဆောင်မည်ဟု ဖြေဆိုခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ စစ်တမ်းအရ အစိုးရအရာရှိများစွာကမူ ၀န်ဆောင်မှုများကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်မှသာ အခွန်အကောက်များကို ပြင်ဆင်ပြောင်းလဲနိုင်မည်ဟု ယုံကြည်နေကြသည်။ နိုင်ငံသားများသည် အခွန်အကောက်ပေးရခြင်းကို ဆန့်ကျင်စိတ် ပြင်းထန်ကြသည်ဟု ပြောလေ့ရှိကြသည်။

မူဝါဒချမှတ်သူတစ်ဦးကမူ “အခွန်တိုးကောက်ဖို့ ဟုတ်လား။ လမ်းတွေပေါ်မှာ ဆူပူတာတွေ ဖြစ်ကုန်လိမ့်မယ်” ဟုပင် သတိပေး ပြောကြားကြောင်း အထက်ပါအစီရင်ခံစာတွင် ထည့်သွင်းရေးသားထားသည်။

အဆိုပါ ပစ္စည်းအခွန်ကို စည်ပင်သာယာရေး အဖွဲ့အစည်းများနှင့် ရန်ကုန်မြို့တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ကောက်ခံနေခြင်းဖြစ်သည်။

ပြည်သူလူထု၏ သဘောထား အမြင်များအပေါ် စည်ပင်အခွန်အရာရှိများနှင့် မူဝါဒချမှတ်သူများ၏ အမြင်များကို သေချာနားလည်အောင် ဆန်းစစ်ရန် အရာရှိ ၃၆ ဦးနှင့် စစ်တမ်းငယ်တစ်ခုကို ကောက်ယူခဲ့သည်။ ယင်းစစ်တမ်းတွင် မြို့တော်ဝန်တစ်ဦး၊ ၀န်ကြီးလေးဦးနှင့် အရာရှိ ၂၁ ဦးတို့ပါဝင်ကြောင်း ဖော်ပြထားသည်။

“ဒီစစ်တမ်းတွေ့ရှိချက်ထဲက တွေ့ရှိချက် တော်တော်များများက ကျွန်မတို့ နဂိုမူလက ယူဆထားတဲ့ အချို့အရာတွေ အကုန်လုံးကိုလည်း ပယ်ဖျက်ပြီးတော့ အံ့အားသင့်စေတဲ့ အရာကိုတွေ့ရပါတယ်။ အဲဒီထဲမှာ အံ့အားအသင့်ဆုံးအရာကတော့ မြို့ပြနေပြည်သူတွေကပေါ့နော်။ အများထင်မြင် ယူဆထားသလို အခွန်အကောက်တွေကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြတာမျိုး ဆန့်ကျင်တဲ့ သဘောထားမျိုးမရှိဘူးဆိုတဲ့ ဒီတွေ့ရှိချက်က အံ့အားသင့်စေတဲ့ အရာဖြစ်ခဲ့တယ်” ဟု မဟေမာန်ထွန်းက ပြောကြားသည်။

အဆိုပါ စစ်တမ်းကောက်ယူမှုကို ဘားအံမြို့၊ တောင်ကြီးမြို့နှင့် ရန်ကုန်မြို့တွင် မြောက်ဒဂုံမြို့နယ်၊ သာကေတမြို့နယ်နှင့် ကျောက်တံတားမြို့နယ်များတွင် စစ်တမ်း ကောက်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။