အခွန်လျှော့ချရန် တောင်းဆိုနေသော်လည်း အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ၀င်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်များမှာ သင့်တင့်သော နှုန်းထားများဖြစ်၍ နှုန်းထားတိုးမြှင့်မှု မပြုသင့်ဟု ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ အကြံပြု

အခွန်လျှော့ချရန် တောင်းဆိုမှုများ ရှိနေသော်လည်း လက်ရှိ ကောက်ခံနေသည့် ၀င်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်များမှာ အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်ပါက သင့်တင့်သော နှုန်းထားများဖြစ်ကြောင်းနှင့် နှုန်းထား တိုးမြှင့်မှု မပြုသင့်ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက အကြံပြုထားသည်။

မြန်မာနိုင်ငံတွင် လက်ရှိ ကောက်ခံနေသော ၀င်ငွေခွန် ၂၅ ရာခိုင်နှုန်းနှင့် ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်းမှာ အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်မှုအရ သင့်တင့်သော နှုန်းထားများဖြစ်သည်ဟု ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ “ပြည်ထောင်စုစာရင်းစစ်ချုပ်၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်” အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် အာဆီယံနိုင်ငံများတွင် မြန်မာနိုင်ငံ၏ အခွန်ရငွေနှင့် ဂျီဒီပီအချိုးမှာ ၄ ဒသမ ၉ ရာခိုင်နှုန်းသာ ရှိပြီး အာဆီယံနိုင်ငံများတွင် အနည်းဆုံး ဖြစ်နေကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက Heritage Foundation ၏ 2015 Macro Economic Data နှင့် Index of Economic Freedom အစီရင်ခံစာတို့ကို ကိုးကား၍ ဖော်ပြထားသည့် ၀ီကီပီဒီးယားရှိ ကမ္ဘာ့နိုင်ငံများ၏ အခွန်အကောက်ရငွေနှင့် ဂျီဒီပီ အချိုးဇယားကို ကိုးကား ဖော်ပြထားသည်။

မြန်မာနိုင်ငံအနေဖြင့် အခွန်ရရှိမှု အနည်းဆုံးနှင့် ဂျီဒီပီတွင် အခွန်ပါဝင်မှုအချိုး နည်းပါးနေသော်လည်း အခွန်ရရှိမှု နှစ်စဉ် မြင့်တက်နေပြီး လာမည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အခွန်လျာထားချက်တွင်လည်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ထက် ဘီလျံ ၁၀၀၀ ကျော် တိုးမြှင့်ရရှိရန် ခန့်မှန်းထားသည်။

နှစ်အလိုက် အခွန်ရရှိမှုများတွင် ၂၀၁၃- ၂၀၁၄ ဘဏ္ဍာနှစ်တွင် အခွန်အကောက်ရငွေ ကျပ် ၄၄၅၉ ဘီလျံရှိပြီး အခွန်နှင့် ဂျီဒီပီအချိုး မှာ ၇ ဒသမ ၆၉ ဖြစ်ကာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် အခွန်အကောက်ရငွေ ကျပ် ၆၅၁၈ ဘီလျံရှိပြီး အခွန်နှင့် ဂျီဒီပီအချိုးမှာ ၉ ဒသမ ၉၉ အထိ အမြင့်ဆုံး ဖြစ်ခဲ့သည်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အခွန်အကောက်ရငွေ ကျပ် ၆၃၁၄ ဘီလျံရှိပြီး အခွန်နှင့် ဂျီဒီပီအချိုးမှာ ၈ ဒသမ ၆၈ ဖြစ်ကာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် အခွန်အကောက်ရငွေ ကျပ် ၇၁၂၂ ဘီလျံရှိပြီး အခွန်နှင့် ဂျီဒီပီအချိုးမှာ ၈ ဒသမ ၉၃ သာ ရှိခဲ့သည်။

အခွန်နှင့် ဂျီဒီပီအချိုးမှာ နှစ်စဉ် ကျဆင်းနေသော်လည်း အခွန်ရရှိမှုတွင် များပြားနေခြင်းနှင့် ကျဆင်းနေသော မြန်မာ့စီးပွားရေး ပြန်လည် ဆွဲတင်နိုင်ရန် လုပ်သာကိုင်သာရှိသော အခွန်နှုန်းလျှော့ချမှု တစ်ရပ်ကို လုပ်ငန်းရှင်များက တောင်းဆိုနေသကဲ့သို့ ၀င်ငွေရလမ်း မပြနိုင်သည့်သူများ ပေးဆောင်ရသည့် စည်းကြပ်မှုမှ လွတ်ကင်းနေသော အခွန်ရာခိုင်နှုန်း ၃၀ ကောက်ခံမှု ကင်းလွတ်ခွင့်ပေးရန်၊ အခွန်နှုန်းကို ငါးရာခိုင်နှုန်းသို့ တစ်နှစ်၊ နှစ်နှစ် ကင်းလွတ်ခွင့် ပေးရန်နှင့် အလုပ်လျှော့ချမှုများ ရှိလာကြောင်း စေပိုင် ကုမ္ပဏီဥက္ကဋ္ဌ ဦးမောင်ဝိတ်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား သြဂုတ် ၂၇ ရက်က နေပြည်တော်တွင် ကျင်းပသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် တင်ပြခဲ့ပြီး MCEA ဥက္ကဋ္ဌ ဦးရှိန်ဝင်းကလည်း အခွန်နှုန်းထားများ လျှော့ချရန်နှင့် အခွန်ရရှိမှု လျော့ကျပါက ၎င်း၏ ပိုင်ဆိုင်မှုမှ စိုက်လျော်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ကို ကတိပေးခဲ့သည်။

“အခွန်နှုန်းထားတွေက သုံးရာခိုင်နှုန်း၊ ငါးရာခိုင်နှုန်း တောင်းဆိုနေတာမျိုး မဟုတ်ဘဲ လုပ်သာကိုင်သာရှိတဲ့ နှုန်းထားတစ်ခုကို လျှော့ချသင့်တယ်။ သုံးရာခိုင်နှုန်း ၊ ငါးရာခိုင်နှုန်းကတော့ နည်းလွန်းတယ်” ဟု စီးပွားရေးပညာရှင် ဒေါက်တာ အောင်ကိုကိုက ဆိုသည်။

ထိုသို့ လုပ်ငန်းရှင်များက အခွန်လျှော့ချ ခိုင်းနေသော်လည်း လက်ရှိတွင် အခွန်ရရှိမှု နည်းပါးနေသည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း က ပြောကြားသည်။

“အခွန်လျှော့ချ ခိုင်းနေပေမယ့် အခွန်ရရှိမှုတွေက လျော့နည်းနေပါတယ်။ ဒီနှစ်ခုကို ဘယ်လို အပေးအယူ (Compromise) လုပ်မလဲဆိုတာကို အဖြေရှာဖို့ လိုပါတယ်” ဟု ဦးစိုးဝင်းက ပြောကြားသည်။

 

တရုတ် ငှက်ပျောစိုက်ခင်း ကိစ္စကြောင့် ကချင်ပြည်နယ် မြေယာခွန် ဥပဒေကြမ်း အတည်ပြုရေး ရက်ရွှေ့ဆိုင်း

ကချင်ပြည်နယ် မြေယာခွန် ဥပဒေကြမ်း ကချင်ပြည်နယ် လွှတ်တော်တွင် အတည်ပြုရေး တရုတ်တစ်ရှူး ငှက်ပျောစိုက်ခင်း အခွန်ကိစ္စ အငြင်းပွားမှုကြောင့် ရက်ရွှေ့ဆိုင်းခဲ့သည်။

ယင်းဥပဒေကြမ်းကို ကချင်ပြည်နယ် အစိုးရအဖွဲ့က တင်သွင်းခဲ့ပြီး ဧပြီ ၄ ရက်တွင် ကျင်းပသည့် ကချင်ပြည်နယ် လွှတ်တော် အစည်းအဝေးတွင် အတည်ပြုရန် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ကချင်ပြည်နယ် မြေယာခွန် ဥပဒေကြမ်းတွင် ယခင်က ရရှိခဲ့သည့် အခွန်နှုန်းထားများ ဖြစ်သည့် ကျပ်၊ ပြား အဆင့်များကို အဆ ၂၀၀ မှ အဆ ၃၀၀ အထိ တိုးမြင့် ကောက်ခံခဲ့ခြင်းဖြစ်ပြီး တစ်ရှူးငှက်ပျော စိုက်ခင်းများကို တစ်ဧက ကျပ် ၁၀၀၀၀ မှ ကျပ် ၂၀၀၀၀ အထိ တိုးမြှင့် ကောက်ခံရန်အချက်နှင့် ပတ်သက်ပြီး လွှတ်တော်တွင် အချင်းများခဲ့ခြင်း ဖြစ်သည်။ လွှတ်တော် ကိုယ်စားလှယ်များက တစ်ရှူးငှက်ပျော စိုက်ပျိုးမှုမှာ တရားဝင် မဟုတ်ကြောင်း သိရှိထားသော်လည်း ကန်ပိုင်တည် နယ်စပ်ဂိတ်မှ ထွက်သွားသည့် တရုတ်ငှက်ပျောသယ် ယာဉ်များကို တစ်စီးလျှင် ကျပ် ၆၀၀၀၀ နှုန်းဖြင့် စည်ပင်သာယာဌာနက အန္တရာယ်ခွန်အဖြစ် ကောက်ခံနေခြင်း ဖြစ်ကြောင်း၊ အစိုးရဘက်မှ ကွင်းဆင်း လေ့လာမှုနှင့် စည်းကြပ်နိုင်မှု အားနည်းခြင်းများ တွေ့နေရကြောင်း၊ လက်ရှိ အနေအထားအရ ဆက်လက် တိုးချဲ့နေခြင်းနှင့် လာမည့် အန္တရာယ်ကို ကြိုတင် မခန့်မှန်းနိုင်ခြင်းကြောင့် အခွန်နှုန်းထား လျှော့ပေါ့ ကောက်ခံသည်မှာ မဖြစ်သင့်ကြောင်း၊ မည်သည့်နည်းဖြင့် တားဆီးမရပါက အခွန်စည်းကြပ်ခြင်းမှာ အထိရောက်ဆုံး ဖြစ်ကြောင်း၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ကလည်း မြေပြင် ကွင်းဆင်း စစ်ဆေးခြင်း၊ စိုက်ပျိုးမြေဧကများကို တိကျစွာ တိုင်းတာခြင်းများ လုပ်ကိုင်သင့်ကြောင်း၊ သတိလက်လွတ် ပစ်ထားပါက နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် တရားဥပဒေ စိုးမိုးမှုကိုပါ ထိခိုက်နေပါကြောင်း၊ လုပ်ငန်းရှင်ကြီးများ ယခင်အစိုးရ လက်ထက်က အာဏာရှိသူများ၊ အုပ်ချုပ်သူများနှင့် နီးစပ်သူများက မြေလွတ်မြေလပ်များ ဧကပေါင်းများစွာ ရယူပြီး ဥပဒေ နည်းလမ်းမကျဘဲ တရုတ် တစ်ရှူးငှက်ပျော စိုက်ပျိုးနေမှုများမှာလည်း အစိုးရအတွက် ကြီးမားသော နစ်နာမှုများ ရှိနေကြောင်း ထောက်ပြခဲ့ကြသည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့မှ စီးပွားရေး၊ စီမံကိန်းနှင့် ဘဏ္ဍာအခွန်ဝန်ကြီး ဦးဝေလင်းက “တစ်ရှူးငှက်ပျောကို ဥပဒေထဲကို အရင်ထည့်သွင်းပြီး အခြားသီးနှံတွေအတိုင်း သတ်မှတ်တဲ့အတိုင်း ကောက်စေချင်တာပဲ။ တစ်ရှူးငှက်ပျော စိုက်လိုတယ်ဆိုရင် ခွင့်ပြုချက် တောင်းပြီး စိုက်ပျိုးခွင့် ရှိပါတယ်။ ပြည်ထောင်စုက သတ်မှတ်ထားတာ ဥယျာဉ်မြေခြံမြေဆိုရင် ကျပ်ငွေ ၂၀၀၀ ကျပ်ကနေ ၃၀၀၀ ကျပ်အထိ ရှိပါတယ်။ ဒါက ပြည်ထောင်စုက သတ်မှတ်တာပါ။ ပြည်နယ်ဥပဒေတွေကိုလည်း ပြည်ထောင်စုက လွှမ်းမိုးနေပါတယ်။ ဒါကြောင့် ဥပဒေနဲ့အညီ လုပ်ပြီး ကျပ်ငွေ ၃၀၀၀ အထိသာ ကောက်ခံနိုင်တာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။ ထွန်းလင်းအောင်

ပြည်သူများ လွယ်လင့်တကူ အခွန်ဆောင်နိုင်ရန် Online Tax Payment စနစ်ကို ဗဟိုဘဏ်ဖြင့် ချိတ်ဆက်ဆောင်ရွက်နေ

ပြည်သူများ လွယ်လင့်တကူ အခွန်ထမ်းဆောင်နိုင်ရန် Online Tax Payment စနစ်ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဖြင့် ချိတ်ဆက်ဆောင်ရွက်နေကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

“ပြည်သူတွေ လွယ်လင့်တကူ အခွန်ထမ်းဆောင်နိုင်ဖို့အတွက် Online Tax Payment System တစ်ခုကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်နဲ့ ချိတ်ဆက်ဆောင်ရွက်နေပါတယ်။ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး၊ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးများတွင် ပြင်ပပုဂ္ဂလိကဘဏ်တွေနဲ့ချိတ်ဆက်ပြီး အခွန်ထမ်းဆောင်နိုင်ပြီဖြစ်ပါတယ်” ဟု ဦးမောင်မောင်ဝင်းက ဆိုသည်။

လက်ရှိအခွန်စနစ်ဖြစ်သည့် ၀င်ငွေခွန်ကို အထူးပြုကောက်ခံနေမှုအစား ပြည်သူများအားလုံးပါဝင်သည့် အခွန်စနစ်ဖြစ်စေရေးအတွက် သွယ်ဝိုက်ခွန်များဖြစ်သည့် ကုန်သွယ်လုပ်ငန်းခွန်နှင့် အထူးကုန်စည်ခွန်များကို အထူးပြုကောက်ခံရန် ဗဟာဗျုဟာ ချမှတ်ဆောင်ရွက်နေကြောင်း သိရသည်။

“တည်ဆဲအခွန်မူဝါဒတွေနဲ့ကိုက်ညီတဲ့ သွယ်ဝိုက်ခွန်တွေဖြစ်တဲ့ ကုန်သွယ်လုပ်ငန်းခွန်တွေနဲ့ အထူးကုန်စည်ခွန်တွေနဲ့ တိုက်ရိုက်ခွန်ဖြစ်တဲ့ ၀င်ငွေခွန်တွေကို အထူးအလေးထားပြီး ဖိဖိစီးစီးကောက်ခံသွားမှာ ဖြစ်ပါတယ်။ ပြည်တွင်းအခွန်များဦးစီးဌာနရဲ့ အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတစ်ရပ်အဖြစ် ပြည်သူများပါဝင်တဲ့အခွန်စနစ် (All Inclusive Tax System) ဖြစ်ဖို့အတွက် တိုက်ရိုက်ခွန်ကို အထူးအလေးထားကောက်ခံနေမှုအစား သွယ်ဝိုက်ခွန်ကို အထူးအလေးထား ကောက်ခံဖို့အတွက် အခွန်ဆိုင်ရာမဟာဗျုဟာကို အထူးအလေးထား ဆောင်ရွက်လျက်ရှိပါတယ်။ အဆိုပါ အခွန်ဆိုင်ရာ မဟာဗျုဟာအရ လက်ရှိကုန်သွယ်လုပ်ငန်းခွန် ကောက်ခံခြင်းအစား တန်ဖိုးဖြည့်ခွန် (Value Added Tax) ကို ပြောင်းလဲကျင့်သုံးရမှာဖြစ်ပါတယ်” ဟု ဦးမောင်မောင်ဝင်းက ပြောကြားသည်။

ထိုသို့ အခွန်စနစ်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုအတွက် လက်ရှိတွင် ၀င်ငွေခွန်ဥပဒေကို အသစ်ပြန်လည်ရေးဆွဲနေပြီး မူကြမ်းအဆင့်ရောက်နေပြီဖြစ်ကာ လက်ရှိဝင်ငွေခွန် ခေါင်းစဉ်ခုနစ်မျိုးအနက် လေးမျိုးလျှော့ချထားပြီး ပြင်ဆင်ကောက်ခံမည့် ၀င်ငွေခွန်ခေါင်းစဉ်သုံးမျိုးမှာ စီးပွားရေးလုပ်ငန်းမှရငွေ၊ အခြေပစ္စည်းမှ မြတ်စွန်းငွေနှင့် လစာရငွေတို့သာ ပါဝင်မည်ဖြစ်သည်။

လက်ရှိ ၀င်ငွေခွန်ဥပဒေကို ၁၉၇၄ ခုနှစ်တွင် စတင်ပြဋ္ဌာန်းခဲ့ပြီး ၁၉၉၉ ခုနှစ်၊ ၂၀၁၄ ခုနှစ်တို့တွင် ၀င်ငွေခွန်ဥပဒေ ပြင်ဆင်သည့်ဥပဒေများဖြင့် ပြင်ဆင်ဖြည့်စွက်ခဲ့ခြင်းဖြစ်သည်။ ယင်းဝင်ငွေခွန်ဥပဒေပါ ၀င်ငွေခွန်ခေါင်းစဉ်ခုနစ်မျိုးမှာ လစာ၊ အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း၊ ပစ္စည်း၊ အခြေပစ္စည်းမှမြတ်စွန်းငွေ၊ ၀င်ငွေရလမ်း မဖော်ပြနိုင်သည့်ဝင်ငွေ၊ အခြားရလမ်းမှဝင်ငွေတို့ဖြစ်ကြောင်း သိရသည်။

ဝင်ငွေခွန်၊ ကုန်သွယ်ခွန်နှင့် ပစ္စည်းခွန်တို့မှ ရရှိသည့် ဘဏ္ဍာငွေများအား မည်သည့်အစိုးရအဆင့်များက လက်ခံရရှိနေသည်ကို မြို့နေပြည်သူ ရာခိုင်နှုန်း ၆၀ က မသိရှိကြောင်းနှင့် လက်ရှိအခွန်စနစ်မှာ ရှုပ်ထွေးနေကြောင်း အာရှဖောင်ဒေးရှင်း၏ အစီရင်ခံစာတွင် ဖော်ပြ

ရန်ကုန်မြို့တွင် The Asia Foundation ၏ အစီရင်ခံအား အကြိုသတင်းစာရှင်းလင်းပွဲပြုလုပ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)

ဝင်ငွေခွန်၊ ကုန်သွယ်ခွန်နှင့် ပစ္စည်းခွန်စသည့် အခွန်စနစ်သုံးခုမှ ရရှိသည့် ဘဏ္ဍာငွေများကို မည်သည့် အစိုးရအဆင့်များက လက်ခံရရှိနေသည်ကို မြို့ပြနေပြည်သူ ရာခိုင်နှုန်း ၆၀ က မသိရှိကြောင်းနှင့် လက်ရှိ အခွန်စနစ်မှာ ရှုပ်ထွေးနေကြောင်း မတ် ၆ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်သည့် The Asia Foundation ၏ မြန်မာနိုင်ငံ၏ အခွန်အကောက်များအပေါ် မြို့ပြနေပြည်သူများ၏ သဘောထားအမြင် အနှစ်ချုပ်အစီရင်ခံစာ အကြိုသတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

“အခွန်စနစ်ကို ပြည်သူတွေ ရှင်းရှင်းလင်းနဲ့ နားလည်အောင် လုပ်ဆောင်ဖို့လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုလက်ရှိမှာ အခွန်စနစ်က ရှုပ်ထွေးနေပြီးတော့ ဒီလိုရှုပ်ထွေးနေတဲ့အခါ ပြည်သူတွေအနေနဲ့ ပွင့်လင်းမြင်သာမှုမရှိဘူးလို့ သူတို့မြင်နိုင်တယ်။ အဲဒီအခါကျရင် အခွန်စနစ်ကို မယုံကြည်တော့ဘူးပေါ့နော်။ အဲဒါမျိုးမဖြစ်အောင် အခွန်စနစ်ကို ရှင်းရှင်းလင်းလင်းနဲ့ သူတို့ သိနားလည်အောင်လို့ အစိုးရအနေနဲ့ ပြောဆိုအသိပေးဖို့ လိုအပ်ပါတယ်” ဟု The Asia Foundation မှ တာဝန်ရှိသူ မဟေမာန်ထွန်းက ပြောကြားသည်။

အာရှဖောင်ဒေးရှင်းက ထုတ်ပြန်ထားသော ယင်းအစီရင်ခံစာအတွက် စစ်တမ်းကောက်ယူခြင်းကို မြို့ပြတွင် နေထိုင်ကြသူများ၏ ဘ၀အတွေ့အကြုံများနှင့် ပြည်သူများ၏ သဘောထားကို လေ့လာထားသည့် မေးခွန်း ၁၁၈ ခုဖြင့် လူဦးရေ ၁၄၀၀ ကို ၀င်ငွေခွန်၊ ကုန်သွယ်ခွန်နှင့် ပစ္စည်းခွန်သုံးခုနှင့်ပတ်သက်ပြီး အဓိကမေးမြန်းခဲ့ကြောင်း၊ စစ်တမ်း တွေ့ရှိချက်များကို ထပ်မံအတည်ပြုရန် အဖွဲ့လိုက်ဆွေးနွေးမှုနှစ်ခုကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်တမ်းကောက်ယူမှုကို ဘားအံမြို့၊ တောင်ကြီးမြို့နှင့် ရန်ကုန်မြို့တွင် မြောက်ဒဂုံမြို့နယ်၊ သာကေတမြို့နယ်နှင့် ကျောက်တံတား မြို့နယ်တို့တွင် စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်တမ်းတွေ့ရှိချက်များအရ ရာခိုင်နှုန်း ၆၀ က ၀င်ငွေခွန်၊ ကုန်သွယ်ခွန်နှင့် ပစ္စည်းခွန်တို့မှရရှိသော ဘဏ္ဍာငွေအများစုအား မည်သည့်အစိုးရအဆင့်များက လက်ခံရရှိသည်ကို မသိရှိကြောင်း ဖြေဆိုကြကြောင်း ဖော်ပြထားသည်။

ထို့ပြင် ရာခိုင်နှုန်း ၉၀ နီးပါးသည် ၎င်းတို့ပေးဆောင်ရမည့် အခွန်များနှင့်ပတ်သက်၍ ပိုမိုရှင်းလင်းသော သတင်းအချက်အလက်များနှင့် အစိုးရက အခွန်များကို မည်သို့ သုံးစွဲနေသည်ဆိုသော သတင်းအချက်အလက်များကို ပိုမိုရယူလိုကြောင်း ဖော်ပြထားသည်။

အခွန်စနစ်ကို နားလည်မှု အားနည်းနေသော်လည်း စစ်တမ်းကောက်ယူချက်အရ ရာခိုင်နှုန်း ၉၀ ကျော်က သင့်လျော်သော အခွန်ပေးဆောင်ခြင်းသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်ကြောင်း သဘောတူ လက်ခံထားကြောင်း ဖော်ပြထားသည်။

ယင်းကဲ့သို့ ပြည်သူလူထုအများစုက အခွန်ထမ်းဆောင်လိုသော စိတ်စေတနာကောင်းများကို အခွန်အကောက်များ တိုးကောက်သင့်သည်ဟု မထင်မြင်စေလိုကြောင်း၊ အခွန်စနစ်ကို ပြည်သူများ ရှင်းရှင်းလင်းလင်း သိရှိနားလည်အောင် လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း အကြံပြုထားသည်။

“အစိုးရအနေနဲ့ ဒီထက်ပိုပြီးတော့ ပြည်သူတွေမှာရှိနေတဲ့ စိတ်ကောင်းစေတနာလေးတွေ၊ အခွန်အပေါ် ပြင်းပြင်းထန်ထန် ဆန့်ကျင်တာ မရှိဘူးဆိုတဲ့ စိတ်ကောင်းစေတနာ မပျောက်သွားခင်မှာ အစိုးရအနေနဲ့ ဒီထက်ပိုပြီးတော့ ကောင်းမွန်အောင်၊ အဲဒါကတော့ အခွန်စနစ်ကို ပြည်သူတွေ ရှင်းရှင်းလင်းလင်းနဲ့ နားလည်အောင် လုပ်ဆောင်ဖို့လိုပါတယ်” ဟု မဟေမာန်ထွန်းက ပြောကြားသည်။

ကမ္ဘာ့ဘဏ်၏ 2017 Public Expenditure Review အရ မြန်မာနိုင်ငံ အနေဖြင့် ၀င်ငွေခွန်မှ ရရှိမှုသည် ၂၀၁၆-၂၀၁၇ ခုနှစ် ဂျီဒီပီ၏ ၃ ဒသမ ၂ ရာခိုင်နှုန်းရှိသဖြင့် အရေးကြီးသော ဘဏ္ဍာငွေအရင်းအမြစ် တစ်ခုဖြစ်ကြောင်း သိရသည်။

တစ်နှစ်လျှင် ၀င်ငွေကျပ် နှစ်သန်း (အမေရိကန်ဒေါ်လာ ၁၅၀၀) အောက်ရရှိသူများသည် ၀င်ငွေခွန်ပေးဆောင်ရန် လိုအပ်သော်လည်း ယင်းပမာဏထက်ပိုသော ၀င်ငွေကို အခွန်စတင်ကောက်ခံလျက်ရှိသည်။ တဖြည်းဖြည်း တိုးမြှင့်ကောက်ခံရာ ကျပ်သန်း ၃၀ အထိ ရရှိသူများအား ၀င်ငွေခွန် ၂၅ ရာခိုင်နှုန်းအထိ ကောက်ခံလျက်ရှိသည်။

ကုန်သွယ်ခွန်ကိုမူ ပစ္စည်း သို့မဟုတ် ၀န်ဆောင်မှုများ ၀ယ်ယူရာတွင် ယေဘုယျအားဖြင့် ကျသင့်ငွေ၏ ငါးရာခိုင်နှုန်း ကောက်ခံလျက်ရှိသည်။

ကုန်သွယ်ခွန်သည် ဒုတိယ အရေးအကြီးဆုံးအခွန်ဖြစ်ပြီး ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ် ဂျီဒီပီ၏ ၂ ဒသမ ၆ ရာခိုင်နှုန်းအထိရှိသည်။