ဖလော်ရီဒါသို့ အလွန်အန္တရာယ်များသည့် အဆင့်လေးဟာရီကိန်းမုန်တိုင်းကြီး ချဉ်းကပ်လာ

အောက်တိုဘာ ၉ ရက်တွင် မိုက်ကယ်ဟာရီကိန်း မ၀င်ရောက်မီ မက္ကဆီကိုပင်လယ်ကွေ့၌ ဓာတ်ပုံရိုက်နေသူများကို တွေ့ရစဉ် (Photo: AFP)

မိုက်ကယ်ဟာရီကိန်းသည် အောက်တိုဘာ ၁၀ ရက် အစောပိုင်းက ဖလော်ရီဒါပင်လယ်ကွေ့ကမ်းရိုးတန်းသို့ ချဉ်းကပ်လာစဉ် အလွန်အန္တရာယ်ရှိပြီး အင်အားအဆင့်လေးရှိသည့် မုန်တိုင်းတစ်ခုအဖြစ် အားကောင်းလာသည်။ မိုးလေ၀သ ခန့်မှန်းသူများကမူ ထိုဒေသ၌ မကြံစဖူး ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်လာနိုင်သည်ဟု သတိပေးနေကြသည်။

မုန်တိုင်း၏ လေတိုက်နှုန်းသည် တစ်နာရီ ၁၃၀ မိုင်အထိ ရောက်နေပြီဖြစ်ပြီး ယင်းထက် ပိုမိုအင်အားကြီးလာနိုင်ခြေ ရှိနေသေးကာ အောက်တိုဘာ ၁၀ ရက် နှောင်းပိုင်း၌ ကမ်းခြေသို့ ၀င်တိုက်နိုင်သည်ဟု အမျိုးသားဟာရီကိန်းစင်တာက ထုတ်ပြန်ခဲ့သည်။ မုန်တိုင်းကြောင့် ကမ်းရိုးတန်းတစ်လျှောက်၌ မိုးများသည်းသည်းထန်ထန် ရွာသွန်းနေပြီဖြစ်ပြီး အချို့သောနေရာများတွင် လှိုင်းများသည် ၁၃ ပေ (လေးမီတာ) အထိ မြင့်တက်လာနိုင်ကြောင်း သိရသည်။

ထိုစဉ် အမျိုးသားမိုးလေ၀သဌာနက ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် ညွှန်ကြားချက်များအား လိုက်နာကြရေးအတွက် ပြည်သူများကို မေတ္တာရပ်ခံနေသည်။

မိုက်ကယ် ဟာရီကိန်းသည် ဖလော်ရီဒါပြည်နယ် အနောက်မြောက်ပိုင်းရှိ ဖလော်ရီဒါ ပန်ဟန်ဒယ်ဒေသသို့ ၀င်ရောက် တိုက်ခတ်သည့် ဖျက်အားအပြင်းဆုံးမုန်တိုင်းကြီး ဖြစ်လာနိုင်ပြီး အမျိုးသားအစောင့်တပ်ဖွဲ့ ၂၅၀၀ ကို အသင့်အနေအထား ချထားကြောင်း အုပ်ချုပ်ရေးမှူး ရစ်ခ်စကော့က ပြောကြားခဲ့သည်။ သမ္မတဒေါ်နယ်ထရန့်ကလည်း ဖလော်ရီဒါအတွက် အရေးပေါ် ကြေညာချက်တစ်ခု ထုတ်ပြန်ထားပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်ရန် ဖက်ဒရယ်ရန်ပုံငွေများကို ခွင့်ပြုပေးခဲ့သည်။

 

Ref: AFP

ဖလော့ရင့်ဟာရီကိန်း အမေရိကန် အရှေ့တောင်ပိုင်းသို့ ၀င်ရောက်တိုက်ခတ်နိုင်

Photo: AFP

အလွန်လျင်မြန်စွာ အင်အားကောင်းလာနေသော ဖလော့ရင့်ဟာရီကိန်းသည် ယခုသီတင်းပတ်နှောင်းပိုင်းတွင် ကာရိုလိုင်းနားမှသည် အတ္တလန္တိတ်အလယ်ပိုင်းဒေသရှိ မည်သည့်ဒေသကိုမဆို တိုက်ရိုက်ဝင်ရောက် တိုက်ခတ်နိုင်ကြောင်း အမျိုးသား ဟာရီကိန်းစင်တာက ခန့်မှန်းထားသည်။

ဖလော့ရင့်သည် တစ်နာရီလျှင် လေတိုက်နှုန်း ၇၄ မိုင်ဖြင့် အပူပိုင်းမုန်တိုင်းအဖြစ်မှ စက်တင်ဘာ ၉ ရက် နံနက်တွင် ဟာရီကိန်းအဖြစ်သို့ ပြောင်းလဲခဲ့ပြီး စက်တင်ဘာ ၉ ရက် ညနေတွင် တစ်နာရီလျှင် မိုင် ၈၅ မိုင်နှုန်းအထိ အရှိန်ကောင်းလာခဲ့ကြောင်း အမျိုးသားဟာရီကိန်းစင်တာက ထုတ်ပြန်ခဲ့သည်။ ဖလော့ရင့်သည် စက်တင်ဘာ ၁၀ ရက်တွင် အလွန်အန္တရာယ်ကြီးသော အဓိက ဟာရီကိန်းတစ်ခုဖြစ်လာနိုင်ပြီး ရက်ပေါင်းများစွာ ဆက်လက် တည်ရှိနေနိုင်ကြောင်း မိုးလေ၀သ ခန့်မှန်းသူများက သတိပေးခဲ့သည်။

အရှေ့ပိုင်းစံတော်ချိန် နံနက် ၁၁ နာရီ၌ ဖလော့ရင့်သည် ဘာမြူဒါအရှေ့တောင်ဘက် ၆၈၅ မိုင် (ကီလိုမီတာ ၁၁၀၀) ခန့်အကွာ၌ ဗဟိုပြုနေပြီး အနောက်ဘက်သို့ တစ်နာရီလျှင် ခုနစ်မိုင်နှုန်းဖြင့် ရွေ့လျားနေကာ လေတိုက်နှုန်းသည် အမြင့်ဆုံးအဖြစ် တစ်နာရီလျှင် မိုင် ၉၀ အထိ ရှိခဲ့သည်။

ပူနွေးသော ရေပြင်မှစွမ်းအင်များကို စုပ်ယူပြီးနောက် ဖလော့ရင့်သည် စက်တင်ဘာ ၁၁ ရက် မတိုင်မီ တစ်နာရီလျှင် လေတိုက်နှုန်း မိုင် ၁၃၀ သို့မဟုတ် ယင်းထက်ပို၍ ပြင်းထန်သော အဆင့် (၄) ဟာရီကိန်းအဖြစ် ပြောင်းသွားနိုင်ကြောင်း မိုင်ယာမီအခြေစိုက် ဟာရီကိန်းစင်တာက ထုတ်ပြန်ခဲ့သည်။ ထိုမုန်တိုင်း ဖြတ်သန်းမည့်လမ်းကြောင်းကို အတိအကျသိရန် စောလွန်းနေသော်လည်း စက်တင်ဘာ ၁၃ ရက်မတိုင်မီ ကာရိုလိုင်းနားသို့ ၀င်ရောက်နိုင်ကြောင်း ခန့်မှန်းသူများက သတိပေးခဲ့သည်။

Ref: AFP