သရုပ်ဆောင်ကျော်ကျော်ဗိုလ်နှင့် တွေ့ဆုံခြင်း

ကျရာဇာတ်ရုပ်တွင် ပီပြင်စွာပုံဖော်နိုင်သူတစ်ဦးအဖြစ် ပရိသတ်လက်ခံအားပေးမှု ရရှိထားသည့် သရုပ်ဆောင် ကျော်ကျော်ဗိုလ်မှာ ဟာသ၊ ဒရာမာ၊ အက်ရှင်ဇာတ်ဝင်ခန်းအစုံတွင် ပီပြင်စွာပုံဖော်နိုင်သူ ဖြစ်သည်။ လတ်တလောတွင် ရုပ်ရှင်ဇာတ်ကားများအတွင်းမှ ကြမ်းတမ်းသည့် စကားလုံးများ၊ မိန်းမစိတ်ဝင်သူ၊ မသန်စွမ်းသူများအား နှိမ်ချကာ ဟာသပြက်လုံးများအဖြစ် ရိုက်ကူးနေသည်များနှင့်ပတ်သက်၍ ပရိသတ်များက ဝေဖန်ကြပုံအဖြစ် ‘ကျွန်တော် ရှက်လို့’ အမည်ဖြင့် ဗီဒီယိုဖိုင်အား ရိုက်ကူးကာ အွန်လိုင်းတွင် လွှင့်တင်ထားခဲ့သည်။ ယင်းဗီဒီယိုဖိုင် ရိုက်ကူးဖြစ်ခဲ့သည့် အကြောင်းရင်း၊ အနုပညာဖန်တီးမှုများနှင့်ပတ်သက်၍ ခံစားနေရသည့် စိတ်ခံစားချက်၊ ဆက်လက်ဖန်တီးသွားမည့် အနုပညာနှင့်ပတ်သက်သည့် ခံယူချက်များအား သရုပ်ဆောင်ကျော်ကျော်ဗိုလ်နှင့် တွေ့ဆုံမေးမြန်း ဖြစ်ခဲ့ပါသည်။

 

■မေး  – အွန်လိုင်းမှာ ကျွန်တော်ရှက်လို့ဆိုတဲ့နာမည်နဲ့ ဗီဒီယိုဖိုင်လေးတစ်ခု တင်ခဲ့တာနဲ့ပတ်သက်လို့ အရင်ဆုံးပြောပြပေးပါဦး။

■ ဖြေ- ရုပ်ရှင်လောကဆိုတာထက် ကိုယ်ပိုင်အနုပညာလောကအတွက် ကျွန်တော်အဲဒီဗီဒီယိုဖိုင်လေးကို ရိုက်ကူးဖြစ်တာပါ။ အဓိကတော့ ကိုယ့်ကိုယ်ကိုယ် သတိပေးတယ်။ ကိုယ့်ကိုယ်ကိုယ် Attention ပြန်ယူတယ်။ အဲဒီခံစားမှုက ကျွန်တော့်ရင်ထဲမှာ ကိန်းအောင်းနေတာ တော်တော်ကြာပြီ။ အဲဒါလေးကို ပရိသတ်တွေအတွက် ကျွန်တော်က ရုပ်ရှင်သမားဆိုတော့ ရုပ်ရှင်ပုံစံလေးနဲ့ ရိုက်ကူးဖြစ်သွားတာပါ။ ကျွန်တော့်ကိုယ်ကျွန်တော် ပြောင်းချင်တာပေါ့နော်။ ဒီစိတ်နဲ့ ဗီဒီယိုဖိုင်လေးရိုက်ပြီး လွှင့်ပေးဖြစ်တာပါ။

■ မေး – ဒီလိုအတွေးမျိုးတွေကို ဘယ်အချိန်လောက်ကတည်းက စပြီးတွေးဖြစ်ခဲ့တာလဲ။

■ ဖြေ  – ဟိုတုန်းကတော့ သတိမထားမိဘူး။ တဖြည်းဖြည်းနဲ့ ရံဖန်ရံခါလေးဖြစ်လာတယ်။ ကိုယ်ဖန်တီးလိုက်တဲ့အနုပညာက ကိုယ်ကိုယ်တိုင်ကြိုက်ဖို့လိုတယ်။ ကိုယ်တိုင်မကြိုက်ဘဲနဲ့ သူများတွေကို ကြည့်ခိုင်းရမှာကို ကြံ့ရှက်လာလို့လေ။ အဲဒါကြောင့်လည်း အဓိကဖန်တီးဖြစ်တာပေါ့။ ကျန်တာတော့ ဘယ်သူ့အတွက်ရယ်လို့မှ မဟုတ်ဘူး။ ဟောလိဝုဒ်မှာလည်း ဆင်မြူရယ်ဂျက်ဆင်တို့ ရိုက်ထားတာမျိုးလည်း ရှိတာပဲလေ။ သူ့ကြောင့် ကလေးတွေဆဲတတ်သွားတာတို့၊ အဲဒီလိုမျိုး ရိုက်ထားတာတွေရှိတယ်။ ကိုကြံ့ကတော့ ကိုယ့်ကိုယ်ကိုယ် သတိပေးတဲ့ ဗီဒီယိုကလစ်ပေါ့။ အဲဒီလို သုံးသပ်လို့ရပါတယ်။

■ မေး – ဒါဆို ဒီဗီဒီယိုဖိုင်မှာပါသလိုပဲ ရုပ်ရှင်ဇာတ်ကားတွေနဲ့ပတ်သက်တဲ့ ဝေဖန်မှုတွေကို ကြားခဲ့ရတာမျိုးရှိတယ်ပေါ့။

■ ဖြေ  – ရှိတာပေါ့။ ဒါက ရုပ်ရှင်ရဲ့ Presentation အရ အားလုံးကို Detail မဟုတ်ဘဲ အချိန်တိုအတွင်းမှာ ပေးချင်တဲ့ Message ကို ရအောင်ပို့ပေးရတာ။ အရင် အဲဒီလိုပြောခံရတာမျိုးတွေ ရှိတယ်။ ကိုကျော်ကျော်ဗိုလ်ကားက အရမ်းကောင်းတယ်။ ဒါပေမဲ့ ရိုင်းတယ်နော်လို့ ပြောကြတာတွေလည်း ရှိတာပေါ့။ အဲဒီလို Feedback နဲ့ ပြန်ကြားရတာမျိုးတွေ ရှိခဲ့တယ်။

■ မေး – ကိုကြံ့ရဲ့မိသားစုတွေဆီက ရိုက်ကူးထားတဲ့ ဇာတ်ကားတွေနဲ့ပတ်သက်လို့ အကြံပေးတာမျိုး၊ ဝေဖန်တာမျိုး ကြားရတာရောရှိလား။

■ ဖြေ – အဲဒါကြောင့် ကျွန်တော်ပြောတာလေ။ ကျွန်တော်ရိုက်ထားတဲ့ကားကို ကျွန်တော်တစ်ခါတလေ ပြန်မကြည့်ချင်ဘူး။ တချို့ဇာတ်ကားတွေပေါ့။ ကျွန်တော် မကြိုက်လို့။ မကြိုက်ဘဲနဲ့ ဘာလို့ရိုက်လဲဆိုရင်တော့ ကျွန်တော်တို့က ဖြတ်သန်းခဲ့တဲ့ အနုပညာသက်တမ်းတစ်လျှောက်လုံးမှာက အရေအတွက်များမှသာ  ပရိသတ်က ကျွန်တော်တို့ကို မှတ်မိမယ်ဆိုတဲ့စိတ်က ရင်ထဲမှာ သွားစွဲနေတာကိုး။ ပရိသတ်တွေအတွက် အဆိပ်အတောက်ဖြစ်စေလားဆိုတော့ မိသားစုနဲ့ကြည့်ဖို့ မပြောနဲ့။ ကျွန်တော်ကိုယ်တိုင်တောင် ပြန်မကြည့်ချင်ဘူး။ တချို့ဆို ပြန်မကြည့်ဖြစ်ဘူး။ ကျွန်တော်လည်း ဖခင်တစ်ယောက်အနေနဲ့တော့ တချို့ကားတွေမှာ ကလေးသူငယ်တစ်ယောက်အနေနဲ့ကြည့်ဖို့ နားထောင်ဖို့မသင့်တဲ့ စကားလုံးလေးတွေ၊ အပြုအမူလေးတွေရှိတယ်။ အဓိကတော့ ဆင်ဆာမှာ Rating မရှိတာလည်း ပြဿနာတစ်ခုဖြစ်မယ်လို့ ထင်ပါတယ်။

■ မေး – ဒီလိုတွေးမိတဲ့ တခြားသောအနုပညာရှင်တွေရော ရှိနိုင်လား။

■ ဖြေ  – ရှိမှာပါ။ သိတယ် ပြောင်းလဲဖို့အခြေအနေမပေးဘူး။ သိတယ် ပြင်ဆင်ဖို့ အခွင့်မသာဘူး။ အဲဒီလိုလည်း ဖြစ်မှာပါ။

■ မေး- ဗီဒီယိုဖိုင်မှာပါသလိုပဲ ကာရိုက်တာတစ်ခုကို အသက်သွင်းဖို့က နိုင်ငံခြားမှာတော့ အချိန်အများကြီး ယူကြတယ်။ ဒီမှာတော့ ဇာတ်ညွှန်းဖတ်ပြီးတော့ပဲ ရက်ပိုင်းနဲ့ ပြင်ဆင်ကြတာဆိုတော့ အဲဒီအပေါ်မှာလည်း ပြောပေးပါဦး။

■ ဖြေ  – နိုင်ငံတကာမှာတော့ ဇာတ်ရုပ်တစ်ခုကို အသက်သွင်းဖို့ နှစ်နဲ့ချီပြီးပြင်ဆင်ကြတယ်။ ကာရိုက်တာပေါ်တည်ဆောက်တယ်။ ဒီပေါ်မှာ အလုပ်လုပ်ကြတယ်။ ဒီအတွက် အနုပညာကြေးကလည်း ဒေါ်လာသန်းနဲ့ချီပြီးရတော့ လုပ်နိုင်မှာပေါ့လို့ အကြောင်းပြလို့ရတယ်။ ကျွန်တော်တို့ဆီက Market ကလည်း ကြည့်တဲ့သူတစ်သန်း လောက်ဆီကရတဲ့ဝင်ငွေနဲ့ ထုတ်လုပ်သူတွေက ရပ်တည်ကြရတယ်။ ဟိုမှာကတော့ ကမ္ဘာပတ်ပြီးပြကြတာကိုး။ ဒီတော့  Market ကို ဘယ်လိုချဲ့မလဲဆိုတာ စဉ်းစားရတော့မှာပေါ့။ ထိုင်းဇာတ်ကားဆို ထိုင်းတစ်နိုင်ငံလုံးပြနေတာ မဟုတ်တော့ဘူး။ တခြားနိုင်ငံတွေမှာလည်းပြပြီး ၀င်ငွေရှာနေကြတာ။ အဲဒီတော့ မင်းပြင်လိုက် ငါမပြင်သေးဘူးလုပ်လို့ မရဘူး။ အားလုံးစုပြီးပြင်ရမှာ။ ဒီနေ့ ကျွန်တော်ဆင်းရဲသား ကာရိုက်တာမှာ သရုပ်ဆောင်နေပြီး နက်ဖြန် တခြားကားလက်ကျန်မို့လို့ ဆရာဝန် သွားပြေးလုပ်လိုက်ဦးမယ်ဆိုတာမျိုး ဖြစ်နေကြတာလေ။ အဲဒါက လွဲနေတာ။ အနုပညာကို ဒီလိုလေးလုပ်လိုက်လို့ရပါတယ်ဆိုတာမျိုး ဖြစ်နေတယ်လို့ ထင်တယ်လေ။ အနပညာတစ်ခုဖန်တီးတယ်ဆိုတာ မလွယ်ကူဘူး။ အဲဒီခံစားမှုတွေ ရှိလာလို့ ခုလို ဗီဒီယိုဖိုင်ဖြစ်လာတာပါ။

■ မေး – နောက်ပိုင်း ကိုကြံ့လက်ခံဖြစ်မယ့် ဇာတ်ကားတွေနဲ့ပတ်သက်လို့ရော ကိုယ့်ကိုယ်ကိုယ် ကျေနပ်စေမယ့်၊ ပရိသတ်တွေကို မျက်နှာမပူရမယ့်ဇာတ်ကားမျိုးတွေပဲ လက်ခံဖြစ်မလား။

■ ဖြေ  – အဓိကတော့ ရုပ်ရှင်တစ်ကားမှာ အနုပညာရာခိုင်နှုန်း များစေချင်တာပါပဲ။ ကိုကြံ့လက်ခံဖြစ်မယ့် ဇာတ်ကားတွေလည်း အဲဒီလိုပဲဖြစ်စေချင်တယ်။ ရုပ်ရှင်တစ်ကားဖန်တီးရာမှာ အနုပညာရာခိုင်နှုန်း ပိုများလာစေချင်တာပါ။ Balance ချိန်မယ် ဆိုရင် ကိုကြံ့တို့ ရိုက်ခဲ့တဲ့ဇာတ်ကားတွေက အနုပညာရာခိုင်နှုန်း နည်းတယ်လေ။ နောက်ပိုင်းမှာ အနုပညာရာခိုင်နှုန်းသာ များလာမယ်ဆိုရင် ကျေနပ်မိမှာပါ။

■ မေး –  ဒီဗီဒီယိုဖိုင်ကို ကြိုက်တဲ့သူ အားပေးတဲ့သူရှိသလို ဝေဖန်မှုလည်း ရှိမှာပဲလေ။ ဒီအပေါ်  ဘယ်လိုမြင်လဲ။

■ ဖြေ-  ဒီဗီဒီယိုဖိုင်က ကိုယ့်ကိုယ်ကိုယ်သတိပေးတာပါ။ ကိုယ့်ကိုယ်ကိုယ် ဒီလိုတွေးမိပြီဆိုတာကို ပရိသတ်တွေကို ပြောပြချင်တာလည်းပါတယ်။ ဘယ်သူ့ကိုမှလည်း မရည်ရွယ်ပါဘူး။ ကျွန်တော် ဒါကိုမကြိုက်လို့မလုပ်တော့ဘူးဆိုတာ ပရိသတ်တွေကို အသိပေးတာပါ။ အဲဒီအတွက် ကျန်တဲ့သူတွေက ကောင်းတာပဲပြောပြော၊  ဆိုးတာပဲပြောပြော ကိစ္စမရှိပါဘူး။

■ မေး- ပရိသတ်တွေကို ပြောချင်တဲ့စကားလက်ဆောင်များ ရှိမလား။

■ ဖြေ – နောက်ပိုင်းကိုတော့ ကိုယ်တိုင်လည်း ကြိုက်နိုင်မယ့်၊ အနုပညာဖန်တီးမှု ရာခိုင်နှုန်းများမယ့် အနုပညာအလုပ်တွေ ဆက်လုပ်သွားပါမယ်လို့ပဲ ပြောချင်ပါတယ်။

■ မေး – နှင်းဆီအငြိမ့်သစ်ရော ကဖို့ရှိမလား။

■ ဖြေ  – ကဖို့တော့ ရှိပါတယ်။ နှင်းဆီအဖွဲ့တွေ သေချာမစုံကြရသေးတော့ အသေးစိတ်တော့ မသိသေးပါဘူး။