ရန်ကုန်မြို့တွင်း ရေကစားသူများနှင့် ရေပက်ခံ မော်တော်ယာဉ်များပေါ်မှ မဟာသင်္ကြန် အကြတ်နေ့ တစ်ရက်ထဲတွင် တုတ်ဓားလက်နက် အခု ၄၀ ကျော် သိမ်းဆည်းရမိ

Photo: Yangon Police

မဟာသင်္ကြန် အကြတ်နေ့ (ဧပြီ ၁၆ ရက်) တစ်ရက်ထဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေကစားမဏ္ဍပ်များတွင် ရေကစားသူများနှင့် ရေပက်ခံမော်တော်ယာဉ်များပေါ်၌ သိုဝှက် သယ်ဆောင်လာသည့် တုတ်၊ ဓား လက်နက်များ အခု ၄၀ ကျော် သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

မဟာသင်္ကြန် အကြတ်နေ့ (ဧပြီ ၁၆ ရက်) တွင် ရန်ကုန်တိုင်းအတွင်း ရေကစားမဏ္ဍပ်များတွင် ရေကစားသူများနှင့် ရေပက်ခံမော်တော်ယာဉ်များပေါ်၌ သိုဝှက် သယ်ဆောင်လာသည့် တုတ်၊ ဓား လက်နက်များ၊ အရက်၊ ဘီယာပုလင်းများကို အန္တရာယ်ဖြစ်စေအောင် လက်နက်သဖွယ် အသုံးပြုလာနိုင်သဖြင့် ရဲတပ်ဖွဲ့ဝင်များက သိမ်းဆည်းကာ မျက်နှာဖုံးစွပ် ၀တ်ဆင်လာသူများကို မှုခင်းကြိုတင် ကာကွယ်သည့်အနေဖြင့် သိမ်းဆည်းခဲ့ပြီး အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းသို့ ဆောင်ရွက်လျက်ရှိရာ မဟာသင်္ကြန် အကြတ်နေ့တွင် အရှေ့ပိုင်းခရိုင်အတွင်းရှိ မဏ္ဍပ်များ၌ ရေကစားသူများထံမှ အရက်ပုလင်းမျိုးစုံ ၁၆၀ ပုလင်း၊ မျက်နှာဖုံးစွပ် ၅၆ ခု၊ စပရေးဘူး ၃၉ ဘူးနှင့် တုတ်ဓားလက်နက် ကိုးချောင်းတို့အား လည်းကောင်း၊ အနောက်ပိုင်အတွင်းရှိ မဏ္ဍပ်များ၌ ရေကစားသူများထံမှ မျက်နှာဖုံးစွပ် ၁၂၆ ခု၊ စပရေးဘူး ၅၇၇ဘူး၊ အရက်ပုလင်းမျိုးစုံ ၅၆၅ ပုလင်း၊ တုတ်ဓားလက်နက် ၁၅ ချောင်းတို့အား လည်းကောင်း၊ တောင်ပိုင်းခရိုင်အတွင်းရှိ မဏ္ဍပ်များ၌ ရေကစားသူများထံမှ အရက်ပုလင်းမျိုးစုံ ၆၅ ပုလင်း၊ မျက်နှာဖုံးစွပ် ၇၆ ခု၊ စပရေးဘူး နှစ်ဘူးနှင့် တုတ်ဓား လက်နက် ၂၁ ချောင်းတို့အား လည်းကောင်း၊ မြောက်ပိုင်းခရိုင်အတွင်းရှိ မဏ္ဍပ်များ၌ ရေကစားသူများထံမှ မျက်နှာဖုံးစွပ် ၁၆၅ ခု၊ စပရေးဘူး လေးဘူး၊ တုတ်ဓားလက်နက် ၁၈ ခုနှင့် ၀က်အူလှည့် ၅၀ ချောင်းတို့အား လည်းကောင်း အသီးသီး သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် မဟာသင်္ကြန်ပွဲတော် ကာလအတွင်း အန္တရာယ်ဖြစ်စေအောင် လက်နက်သဖွယ် အသုံးပြုလာနိုင်သည့်အရာများအား ဆက်လက်ရှာဖွေ သိမ်းဆည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

တောင်ငူမြို့တွင် အသံချဲ့စက်အား ကျယ်လောင်စွာ ဖွင့်သည်ကို မဖွင့်ရန် လာပြောသူအား အမျိုးသား သုံးဦးပေါင်း၍ ဓားဖြင့်ထိုးသတ်မှု ဖြစ်ပွား

အခင်းဖြစ်ပွားခဲ့သည့် နေအိမ်အား တွေ့ရစဉ်

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ကောင်းမှုတော်ရွာသစ်တွင် အသံချဲ့စက် ကျယ်လောင်စွာ ဖွင့်ထားသည်ကို မဖွင့်ရန် လာရောက်ပြောခဲ့သူအား မကျေနပ်သဖြင့် အမျိုးသား သုံးဦးပေါင်း၍ ဓားဖြင့်ထိုးခဲ့ရာမှ လူသေဆုံးမှု ဧပြီ ၁၄ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း တောင်ငူမြို့ အမှတ် – ၂ နယ်မြေရဲစခန်းမှ သိရသည်။

“တစ်အိမ်နဲ့ တစ်အိမ် ပေ ၇၀ လောက်ပဲ ကွာတယ်၊ အဲ့ဒါ ဆောင်းဘောက်ဖွင့်တာကို အသံတိုးပေးဖို့ သွားပြောတဲ့ကိစ္စမှာ မကျေနပ်လို့ ဖြစ်ကြတာပေါ့၊ တရားခံတွေကိုတော့ မမိသေးဘူး၊ သူတို့ရဲ့ဇာတိနဲ့ နာမည်လေးတွေတော့ သိထားပါပြီ၊ အခုထိတော့ မမိသေးဘူး” ဟု တောင်ငူမြို့ အမှတ် ၂ နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဖြစ်စဉ်မှာ ဧပြီ ၁၄ ရက် မွန်းလွဲ ၂ နာရီခန့်က မဖြူဖြူအေး (၃၄) နှစ် ကောင်းမှုတော်ရွာသစ် ၊ ကင်းဆိပ်ကျေးရွာအုပ်စု၊ တောင်ငူမြို့နယ် နေသူမှာ နေအိမ်တွင် ရှိနေပြီး ၄င်း၏ ခင်ပွန်းဖြစ်သူ ၀င်းထိုက် ၃၅ နှစ် (ဘ) ဦးလှရွှေမှာ နေအိမ် ခေါင်းရင်းရှိ သစ်သားခုံတန်းလျားတွင် ထိုင်နေခဲ့ကြောင်း သိရသည်။

ထိုသို့ ထိုင်နေစဉ် နေအိမ်ခြံရှေ့သို့ တစ်ရွာထဲ အတူနေသူ အောင်ကျော်ထွေး (ဘ) အမည်၊ အသက် စုံစမ်းဆဲနှင့် အမည်မသိ လူ နှစ်ဦးတို့မှ ၀င်းထိုက်၏ နေအိမ်ခြံရှေ့သို့ ရောက်ရှိလာခဲ့ပြီးနောက် အောင်ကျော်ထွေးမှ ၀င်းထိုက်အား နေအိမ်ခြံရှေ့သို့ ထွက်လာရန် လက်ယပ်ခေါ်ခဲ့ရာ ၀င်းထိုက်မှ “ဘာတုန်း” ဟုဆိုကာ ထိုင်နေသည့်နေရာမှ ထလာစဉ် အောင်ကျော်ထွေးနှင့် အမည်မသိလူ နှစ်ဦးတို့မှ ခြံထဲသို့ ၀င်ရောက်လာပြီး အမည်မသိ လူ နှစ်ဦးမှ ၀င်းထိုက်အား ချုပ်ထားကာ အောင်ကျော်ထွေးမှ ၀င်းထိုက်အား အရိုးအသွား ၈ လက်မခန့် ရှိသည့် ဓားဦးချွန် ဓားမြှောင်နှင့် ထိုးခဲ့ခြင်း ဖြစ်သည်။

ဓားမြှောင်နှင့် ထိုးခံရပြီးနောက် ၀င်းထိုက်၏ နှာခေါင်း ၀ဲဘက်ခြမ်း ပြတ်ရှဒဏ်ရာ၊ ယာဘက် နံရိုးကြားတွင် ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ၀မ်းဗိုက် ၀ဲဘက်တွင် ထိုးသွင်းဒဏ်ရာ နှစ်ချက် (စိုးရိမ်ရ) တို့ ရရှိသွားခဲ့ပြီး တောင်ငူမြို့ ပြည်သူ့ဆးရုံကြီးတွင် ဆေးကုသမှု ခံယူနေစဉ် ညနေ ၄ နာရီ ၁၀ မိနစ်၌ အခင်းဖြစ်စဉ် ရရှိခဲ့သော ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း၊ အခင်းဖြစ်စဉ်အား စစ်ဆေးချက်အရ ဓားဖြင့်ထိုးခဲ့သူ အောင်ကျော်ထွေးမှာ ယမန်နေ့ ညက အသံချဲ့စက်အား အသံကျယ်လောင်စွာ ဖွင့်ထားသည်ကို ၀င်းထိုက်မှ မဖွင့်ရန်ပြောခဲ့သည့် ကိစ္စအား မကျေနပ်သဖြင့် ပြသာနာဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း အမှတ် – ၂ ရဲစခန်း၏ ရဲမှတ်တမ်းများအရ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး သေဆုံးသူ ၀င်းထိုက်၏ ဇနီးဖြစ်သူ မဖြူဖြူအေးမှ တရားလိုလုပ်၍ အမှုဖွင့် တိုင်တန်းခဲ့သောကြောင့် အောင်ကျော်ထွေးနှင့် အပေါင်းအပါ အမျိုးသား နှစ်ဦးတို့အား အမှတ် – ၂ နယ်မြေရဲစခန်းမှ (ပ) ၃၁၅-၂၀၁၈၊ ပြစ်မှုပုဒ်မ ၃၀၂/၁၁၄ တို့အရ
အမှုဖွင့်ကာ စခန်းမှူး ရဲအုပ်သန်းဇော်မှ အမှုစစ်ဆေး ဆောင်ရွက်လျှက်ရှိပြီး ထွက်ပြေး တိမ်းရှောင်လျှက်ရှိသည့် အောင်ကျော်ထွေးနှင့် ပူးပေါင်း နှစ်ဦးတို့အား ဖမ်းဆီးရမိရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

မုံရွာမြို့ ချင်းတွင်းသင်္ကြန် အကြတ်နေ့သည် ပြီးခဲ့သည့် အကြိုနေ့ အကျနေ့များထက် ပိုမိုစည်ကား

ဓာတ်ပုံ – ကောင်းခန့်လင်း(မုံရွာ)

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့ ချင်းတွင်းမြစ် သဲသောင်ပြင်တွင် ခုနှစ်ရက်ကြာ ကျင်းပပြုလုပ်နေသည့် ချင်းတွင်းသင်္ကြန် အကြတ်နေ့သည် ပြီးခဲ့သည့် အကြိုနေ့ အကျနေ့များထက် ပိုမိုစည်ကား သိရသည်။

ယင်းသင်္ကြန်အကြတ်နေ့တွင် မုံရွာမြို့တွင်သာမကဘဲ အနယ်နယ်အရပ်ရပ်က လာရောက် ရေကစားသူများလည်း အဆိုပါ ချင်းတွင်းသင်္ကြန်သို့ လာရောက် လည်ပတ်ကြကြောင်း၊ ပွဲတော်ကျင်းပရာ နေရာတွင် တိုးဝှေ့၍ မရလောက်အောင် စည်ကားသိုက်မြိုက်နေကြောင်း သိရသည်။

မုံရွာမြို့ ချင်းတွင်းသင်္ကြန်အား နာမည်ကျော် အဆိုတော်များဖြစ်သည့် နီနီခင်ဇော်၊ မာရီကိုး၊ ထွန်းထွန်း၊ နိုင်းဝမ်း ၊ ဝီလျှံ ၊ ဒီဖြိုး၊ ရိုးရဲ၊ မဲလုံး၊ ကေဇင်၊ ဇာတ်မင်းသားများဖြစ်သည့် ဖိုးချစ်၊ စန္ဒကူး စသည့် အဆိုတော်များက ၄င်းတို့အား သတ်မှတ်ပေးထားသည့် မဏ္ဍပ်စဉ်တွင် အလှည့်ကျ သီဆိုကပြခဲ့ကြကြောင်း သိရသည်။

ချင်းတွင်းသင်္ကြန်အတွင်း ထည့်သွင်းပြထားသည့် ဇုန်ကြီး ငါးခုရှိကြောင်း၊ ယင်းဇုန်ကြီး ငါးခုသည် ပြခန်းဇုန်၊ ကလေးငယ်များ အားကစားကွင်းဇုန်၊ ရေကစားမဏ္ဍပ်များဇုန်၊ သဲပန်းပု အနုပညာပြခန်း၊ နားနေ စားသောက် အပန်းဖြေဇုန်တို့ ဖြစ်ကြောင်း၊ ကလေးငယ်များ ပြခန်းဇုန်သည် အခကြေးငွေဖြင့် ဝင်ရောက် ရေကစားကြရပြီး နားနေ စားသောက် အပန်းဖြေဇုန်တွင် ယာယီ တည်ဆောက်ထားသည့် ထန်းရွက်တဲများသည် လွန်ခဲ့သည့် နှစ်ရက်ခန့်က မိုးသက်လေပြင်း တိုက်ခတ်ခဲ့မှုကြောင့် ပျက်ဆီးမှုအချို့ရှိခဲ့ကြောင်းလည်း သိရသည်။

ထို့အပြင် ချင်းတွင်းသင်္ကြန်သို့ လာရောက် ရေကစားကြသူများအတွက် အခမဲ့စားသုံးနိုင်ရန် ရည်ရွယ်ကာ စတုဒီတာမဏ္ဍပ်များ တည်ဆောက်ထားရှိပြီး တစ်နေကုန် ဧည့်ခံကျွေးမွေးလျှက်ရှိကြောင်း၊ ရေကစားလာသူများ မနာမကျန်းဖြစ်ပေါ်ခဲ့ပါက ကျန်းမာရေးကူညီမှု အသင်းများကလည်း အချိန်နှင့်တပြေးညီ ဆေးရုံသို့ ပို့ဆောင်ပေးနေကြောင်း သိရသည်။

ခုနှစ်ရက်ကြာ ကျင်းပပြုလုပ်နေသည့် ချင်းတွင်းသင်္ကြန်သို့ ညပိုင်းတွင် ဒေါင်းတွန်သံ၊ ဒေါင်းမျိုးဆက်၊ ကာဒိုင်း စသည့် သံချပ်အဖွဲ့များက လာရောက်ယှဉ်ပြိုင်ကြပြီး မုံရွာမြို့တွင်းရှိ ရေကစားမဏ္ဍပ်များတွင်လည်း ယာဉ်ကြောပိတ်ဆို့သည့်အထိ ရေကစားကြသူများဖြင့် အလွန်စည်ကားနေကြောင်း သိရသည်။

မုံရွာမြို့ ချင်းတွင်းမြစ် သဲတောင်ပြင်တွင် ကျင်းပပြုလုပ်နေသည့် ချင်းတွင်းသင်္ကြန်အား ဧပြီလ ၁၁ ရက်မှ ဧပြီလ ၁၇ ရက်အထိ ခုနှစ်ရက်ကြာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

သင်္ကြန်ကာလအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနတွင် ၀န်ထမ်းအင်အားနှင့် ဆေးဝါးပစ္စည်းများ နှစ်ဆနီးပါး တာဝန်ချထားမည်

သင်္ကြန်ကာလအတွင်း ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အရေးပေါ်ဌာန၌ ပုံမှန်ရက်ထက် တက်ရောက်ကုသသည့် လူနာ အရေအတွက် များသဖြင့် ၀န်ထမ်းအင်အား၊ အလုပ်သမား အင်အားနှင့် ဆေးဝါးပစ္စည်းများ နှစ်ဆနီးပါး တိုးမြှင့် စီစဉ်ထားကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာခင်သိင်္ဂီမြင့်က ပြောကြားသည်။

နှစ်စဉ်နှစ်တိုင်း အရေးပေါ် ဆေးကုသမှုဌာနအနေဖြင့် အတာသင်္ကြန်ကာလတွင် ဆရာဝန်၊ သူနာပြုနှင့် အခြားဝန်ထမ်းများကို နှစ်ဆနီးပါး တိုးမြှင့်ချထားရန် စီစဉ်ထားကြောင်း သိရသည်။

“တစ်ရက်ကို ၀န်ထမ်း ၁၀၀ ကနေ ၁၅၀ ကြား တာဝန်ချသွားမှာ ဖြစ်တယ်”ဟု ၎င်းက ပြောကြားသည်။

နှစ်သစ်ကူး အတာသင်္ကြန်သည် မြန်မာလူမျိုးတိုင်း ပျော်ရွှင်စွာ တစ်နှစ်တစ်ခါ ဆင်နွှဲရသည့်ပွဲ ဖြစ်ကြောင်း၊ ထို့ကြောင့် အပျော်လွန်သူ၊ အရက်သေစာ သောက်စားကြသူများလည်း ရှိသည့်အတွက် ယခုကဲ့သို့ စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။ အရေးပေါ်ဌာနနှင့် ဆက်စပ်ဌာနများ ဖြစ်သည့် အရိုးရောဂါဌာန၊ ခွဲစိတ်စောင့်ကြည့် ကုသဌာန၊ ဓာတ်မှန်နှင့် ဓာတ်ခွဲဌာနများတွင်လည်း ၀န်ထမ်းအင်အား လုံလောက်စွာ ချထားနိုင်ရန် စာရင်းကောက်ယူနေပြီး ယင်းဌာနများ အပါအ၀င် ၀န်ထမ်းအင်အား ၁၅၀ ၀န်းကျင် တာဝန်ချထားမည် ဖြစ်ကြောင်း သိရသည်။

အရေးပေါ်ဌာနအပြင် ဆေးပစ္စည်း ဌာနများတွင်လည်း လိုအပ်မည့် ဆေးပစ္စည်း စာရင်းများ ကောက်ယူနေပြီး စုဆောင်းမှုများ လုပ်ဆောင်နေကြောင်း ၎င်းက ပြောကြားသည်။

ထို့ပြင် အပူဒဏ်ကြောင့် ရောက်ရှိလာမည့် လူနာများအတွက်လည်း ဆေးဝါးအပြည့်အစုံ စီစဉ်ထားပြီး အရေးပေါ် ကုသရန်အတွက် သီးသန့်အခန်းများ ထားရှိကာ လိုအပ်သော Facility များထားရှိရန် ပြင်ဆင်ထားကြောင်း သိရသည်။

၂၀၁၆ ခုနှစ် သင်္ကြန်ကာလအတွင်း တစ်ရက်လျှင် ပျမ်းမျှလူနာ ၁၅၀ ခန့် ကုသခဲ့ရကြောင်း၊ တက်ရောက်ကုသသည့် လူနာများမှာ ယာဉ်တိုက်မှု၊ အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှု နှင့်အခြားအကြောင်းအရာများကြောင့် တက်ရောက် ကုသခဲ့ကြောင်း သိရသည်။

ထို့ပြင် ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရမှုမှာ အများဆုံးဖြစ်ပြီး တစ်ရက်လျှင် လူနာ ၄၀ မှ ၄၅ ယောက်အထိ တက်ရောက် ကုသခဲ့ရကြောင်း သိရသည်။ ယခင်နှစ် သင်္ကြန်ကာလအတွင်း ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနသို့ ရောက်ရှိလာသည့်လူနာ ၈၉၁ ဦးရှိပြီး ယင်းအရေအတွက်မှာ ၂၀၁၆ ခုနှစ် လူနာအရေအတွက်ထက် နှစ်ရာနီးပါး လျော့နည်းကြောင်း သိရသည်။

ထို့ပြင် ယာဉ်တိုက်မှုကြောင့် ရောက်ရှိလာသည့်လူနာဦးရေမှာ ၃၄၀ ၀န်းကျင်ရှိပြီး ခိုက်ရန်ဖြစ်ပွားမှုကြောင့် ရောက်ရှိလာသည့် လူနာဦးရေ ၁၃၀ ၀န်းကျင်ရှိကာ အသေအပျောက်နှုန်းမှာ ဆယ်ဂဏန်း ၀န်းကျင်သာရှိကြောင်း သိရသည်။

အရေးပေါ်ဌာနသို့ ပုံမှန်တက်ရောက် ကုသသည့် လူနာဦးရေမှာ ပြင်ပလူနာ အပါအ၀င် ပျှမ်းမျှလူနာ ၄၀၀ မှ ၅၀၀ ကြားရှိပြီး ယင်းတက်ရောက် ကုသသည့် လူနာများထဲမှ လူနာ ၂၅၀ ၀န်းကျင်သည် ဆေးရုံတက်ရောက် ကုသနေရသည့် လူနာများဖြစ်ကြောင်း သိရသည်။

သင်္ကြန်ပွဲတော်ကို မြန်မာ့ဓလေ့ထုံးတမ်း အစဉ်အလာနှင့်အညီ ရိုးရာမပျက်ထိန်းသိမ်းရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန နှိုးဆော်ချက်ထုတ်ပြန်

သင်္ကြန်ပွဲတော်ကို မြန်မာ့ဓလေ့ထုံးတမ်း အစဉ်အလာနှင့်အညီ ရိုးရာမပျက်ထိန်းသိမ်းရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်တွင် မြန်မာ့ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာနှင့်အညီ ရိုးရာမပျက်ဆက်လက် ထိန်းသိမ်းရန်၊ ပြည်သူများသည် မိမိတို့ပင်ပန်းနွမ်းနယ်သမျှကို အတာရေပက် ဖျန်းလန်းဆန်းစေခြင်းဖြင့် နှစ်သစ်တွင် နိုင်ငံတော်၏ တာဝန်များကို စွမ်းအားပြည့်ဆောင်ရွက်နိုင်ကြစေရန်၊ မြန်မာမှု၊ မြန်မာ့ဟန်၊ ယဉ်ကျေးမှု အနှစ်သာရများ၊ အမျိုးသားရေး စရိုက်လက္ခဏာများကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ရန် ဖော်ပြထားသည်။

ထို့ပြင် မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့ စရိုက်နှင့်ဖီလာဆန့်ကျင်ပြီး မြန်မာလူမျိုးများ၏အမြင်တွင် မတင့်တယ်သည့်နေထိုင်မှုများကို ရှောင်ကြဉ်ရန်၊ ဘာသာတရား၏ အဆုံးအမနှင့် မလျော်ညီသည့် ရုန့်ရင်းကြမ်းတမ်းစွာ ပြောဆိုမှုများ ရှောင်ကြဉ်ရန်၊ သူတစ်ပါးအား ဒဏ်ရာအနာတရဖြစ်စေပြီး အန္တရာယ်ဖြစ်စေမည့် ကြမ်းတမ်းသည့် ရေကစားမှု၊ ထိပါးနှောင့်ယှက်မှုများ ရှောင်ကြဉ်ရန်၊ သူတစ်ပါးသို့မဟုတ် အဖွဲ့အစည်းတို့၏ ဂုဏ်သိက္ခာပျက်ပြားထိခိုက်စေရန် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ပြောဆိုခြင်း၊ သံချပ်ထိုးခြင်း၊ သီဆိုခြင်းလှုပ်ရှားဆောင်ရွက်ခြင်းစသည့် အပြုအမူများရှောင်ကြဉ်ရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် အများပြည်သူတို့၏ အမြင်အာရုံတွင် အနှောင့်အယှက်ဖြစ်စေတတ်သည့် မြန်မာ့ယဉ်ကျေးမှုလွန် ၀တ်စားဆင်ယင်ခြင်းအား ရှောင်ကြဉ်ရန်၊ သင်္ကြန်ကို ချစ်ခင်၍ ပျော်ရွှင်ကြလိုသူများဖြစ်သည်နှင့်အညီ အခြားနိုင်ငံသားများက မြန်မာ့ယဉ်ကျေးမှု အစဉ်အလာ သင်္ကြန်ကို လေးစားတန်ဖိုးထားမှုလျော့ပါးစေသော စရိုက်လက္ခဏာများ အပြောအဆို၊ အ၀တ်အစား၊ အစားအစာ၊ အကအခုန်များကို အလွန်အမင်းလိုက်စားပြုမူခြင်း၊ အရက်သေစာကို သိက္ခာကျလောက်အောင် သောက်စားမူးယစ်ခြင်းများ ဆင်ခြင်ကြရန်ဝန်ကြီးဌာန၏ နှိုးဆော်ချက်တွင် ဖော်ပြထားသည်။