ခရစ္စမတ်ရာသီနှင့် နှစ်သစ်ကူးရက်အတွင်း ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်ရှိ ထင်ရှားသော နော်ဘူဘောဆုတောင်းတောင်နှင့် ကရင်နှစ်သစ်ကူးတောင်များသို့ လည်ပတ်သူများပြား

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်ရှိ နော်ဘူဘောဆုတောင်းတောင်သို့ လာရောက်လည်ပတ်ကြသူများအား တွေ့ရစဉ်

ခရစ္စမတ်ရာသီနှင့် နှစ်သစ်ကူးရက်အတွင်း ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်ရှိ ထင်ရှားသော နော်ဘူဘောဆုတောင်းတောင်နှင့် ကရင်နှစ်သစ်ကူးတောင်များသို့ လာရောက်လည်ပတ်သူ များပြားလျက်ရှိကြောင်း သိရသည်။

အဆိုပါ သံတောင်ကြီးတောင်စခန်းမြို့ဟု နာမည်ကြီးထင်ရှားသည့် ခရစ်ယာန်ဘာသာဝင်တို့၏ သန့်ရှင်းမွန်မြတ်လှသော ဆုတောင်းတောင်တစ်ခုဖြစ်သည့် နော်ဘူဘောဆုတောင်းတောင်နှင့် ကရင်နှစ်သစ်ကူး တောင်တို့သို့ ဒီဇင်ဘာလအတွင်း ဆုတောင်းဝတ်ပြုသူ ဘာသာဝင်များအပြင် အခြားလာရောက် လည်ပတ်သူ များလျက်ရှိပြီး ခရစ္စမတ်ကာလမှ နှစ်သစ်ကူးရက်အထိ လည်ပတ်မှု ပိုများကြောင်း သိရသည်။

“လာလည်ကြတာကတော့ အခုနောက်ပိုင်း သတင်းတွေပြန့်ပြီး ပိုလာတယ်။ အခု ဒီဇင်ဘာမှာလည်း ပိုလာတယ်။ ဒီနေ့ကိုပဲ အများကြီးလာနေတယ်။ ဧည်သည်မှတ်တမ်း စာအုပ်ရှိပေမယ့် လက်မှတ်ထိုးသူလည်းရှိ၊ မထိုးသူကလည်းများတော့ သေချာအတိအကျတော့ မပြောနိုင်ပေမယ့် ဒီရက်တွေထဲမှာ တစ်ရက်ကို ထောင်ကျော်အထိ လာရောက်တယ်။ မနေ့ကတောင် နိုင်ငံခြားသားတွေ တော်တော်များများ လာကြတယ်။ နိုင်ဂျီးရီးယား၊ ဟော်လန်၊ ပြင်သစ်၊ အီတလီ တော်တော်များများ လာကြတယ်။ ကူညီထောက်ပံ့ပေးတဲ့ နိုင်ငံခြားသားတွေလည်း လာကြတာပဲ။ ဒီမှာရှိတဲ့ ကလေး ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့က တောင်ပေါ်ဒေသဖြစ်တဲ့အတွက် အများအားဖြင့် ကလေးတွေ ပညာဗဟုသုတ အဖြစ်နည်းတာပေါ့။ အသိအမြင် နည်းတာပေါ့။ အခု ဒီတောင်ရှိပြီးနောက်ပိုင်း ခွန်အားပေးတယ်၊ ထောက်ပံ့တယ်၊ ပညာရေးပိုင်း သင်ပေးတယ်။ ဒီလိုလုပ်တော့ ဒီမှာရှိတဲ့ လူငယ်တွေ တော်တော်များများကို မြေတောင်မြှောက်ပေးတဲ့ အခါကျတော့ ကလေးတွေ အသိအမြင် ကျယ်လာတယ်” ဟု တောင်တော်တာဝန်ခံ ကိုဖိုးချိုက ပြောကြားသည်။

သံတောင်ကြီး တောင်စခန်းမြို့တွင် အခြားလည်ပတ်စရာ နာမည်ကြီးတောင်များအပြင် ရေတံခွန်၊ လက်ဖက်စိုက်ခင်း၊ တပ်မတော် လက်ဖက်ခြောက်စက်ရုံ၊ ကိုလိုနီခေတ် အဆောက်အအုံများနှင့် ဒေသခံတိုင်းရင်းသားများ၏ နေထိုင်မှု ဓလေ့စရိုက်များမှာလည်း စိတ်ဝင်စားစရာကောင်းကြောင်း ခရီးသွားများက ဆိုသည်။

“ကျွန်မတို့ အခု နော်ဘူဘော်ဆိုတဲ့ တောင်မှာပေါ့နော်။ ၀တ်ပြုဆုတောင်းခန်းတွေရှိတယ်။ ကျွန်မတို့ယုံကြည်တာက ဆုတောင်းမယ်။ သီးသန့်ထားထားတဲ့ နေရာလည်းဖြစ်တယ်။ နော်ဘူဘော်ဆိုတဲ့ အမျိုးသမီးတစ်ယောက်။ သူ့ရဲ့ရာဇ၀င်နဲ့ ကျွန်မတို့ ကရင်တစ်မျိုးသားလုံးနဲ့ ပတ်သက်ပြီးတော့ပေါ့ ဆုတောင်းတောင်လေး သီးသီးသန့်သန့် လုပ်ထားတယ်။ ကျွန်မတို့က ဟိုးနယ်ဝေးက နေလာပြီး ဆုလာတောင်းကြမယ်။ ဆုတောင်းခန်းတွေထားတဲ့ နေရာဖြစ်တဲ့အတွက် ဆုလာတောင်းကြတယ်။ ခရစ်ယာန်အများစုကတော့ သိကြတယ်” ဟု မနော်အဲအဲဆော့က ပြောကြားသည်။

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်အတွင်း ရပ်တန့်ထားသည့် ယာဉ်တစ်စီးပေါ်မှ သေနတ်တစ်လက်နှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

သိမ်းဆည်းရမိသော ယာဉ်၊ လက်နက်၊ မူးယစ်ဆေးဝါးများအား တွေ့ရစဉ် (ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး)

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်အတွင်း ရပ်တန့်ထားသည့် ယာဉ်တစ်စီးပေါ်မှ ပစ္စတိုသေနတ် တစ်လက်နှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိကြောင်း စက်တင်ဘာ ၂၆ ရက်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

စက်တင်ဘာ ၂၄ ရက် မွန်းလွဲ ၂ နာရီခန့်က ကရင်ပြည်နယ် လိပ်သိုမြို့ရှိ လိပ်သိုယာဉ်စစ်ဆေးရေးဂိတ်တွင် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယာဉ်များကို စစ်ဆေးနေစဉ် ကလေထဘက်မှ တောင်ငူဘက်သို့ မောင်းနှင်လာသည့် CALDINA အမျိုးအစား ယာဉ်အမှတ် YGN 3F/—- အား စစ်ဆေးရန် ရပ်တန့်စေခိုင်းရာ အဆိုပါယာဉ်မှာ ရပ်တန့်ပေးခြင်း မရှိဘဲ မောင်းနှင်ထွက်ပြေးခဲ့ကြောင်း သိရသည်။

ထိုသို့မောင်းနှင်သွားသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက လိုက်လံဖမ်းဆီးခဲ့ရာ အဆိုပါယာဉ်အား သံတောင်ကြီးမြို့နယ် ဇလဲကျေးရွာ၏ အနောက်ဘက် မီတာ ၂၀၀ ခန့်အကွာ လမ်းဘေးတွင် ရပ်တန့်ထားသည် ကိုတွေ့ရှိခဲ့ပြီး ယာဉ်ပေါ်၌ ယာဉ်မောင်းအား တွေ့ရှိခြင်း မရှိကြောင်း သိရသည်။

ထို့နောက် ယာဉ်အတွင်းသို့ ရှာဖွေရာ ယာဉ်၏ရှေ့ခန်းမှ ပစ္စတိုသေနတ်တစ်လက်၊ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၂၀၀ တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှ သိမ်းဆည်းရမိခဲ့သည့် လက်နက်၊ မူးယစ်ဆေးဝါးနှင့် ယာဉ်တို့အား လိပ်သိုမြို့နယ်ရဲစခန်းသို့ လွှဲပြောင်းအပ်နှံထားကြောင်း သိရသည်။