သာကေတမြို့နယ်၌ အိမ်အကူကို သားမယားပြုကျင့်ရန် ကြံစည်ပြီး အဆိပ်တိုက်၍ ပြတင်းပေါက်မှ တွန်းချသည်ဟု ဆိုသည့်အမှုမှ တရားလို သက်သေများအား ရဲတပ်ဖွဲ့က စစ်ဆေးရန် ဆောင်ရွက်နေ

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်တွင် အိမ်အကူ မိန်းကလေးကို သားမယားပြုကျင့်ရန် ကြံစည်ပြီး အဆိပ်တိုက်၍ နေအိမ်ပြတင်းပေါက်မှ တွန်းချသည်ဟု ဆိုသည့်အမှုမှ တရားလို သက်သေများအား စစ်ဆေးရန် ဆောင်ရွက်နေကြောင်း ဇွန် ၂၈ ရက်တွင် သာကေတမြို့နယ် ရဲတပ်ဖွဲ့မှ သိရသည်။

“တိုင်တန်းခံရသူက အသက် ၇၀ ကျော်အရွယ် ဖြစ်ပါတယ်။ တိုင်တန်းခံရသူဘက်ကိုတော့ အသေးစိတ် မစစ်ဆေးရသေးပါဘူး။ အိမ်အကူ ကောင်မလေးရဲ့ အမေက တရားလိုပြုလုပ် တိုင်တန်းချက်အရ ပုဒ်မ လေးခုနဲ့ အမှုဖွင့်ထားပါတယ်။ လက်ရှိမှာ အမှုကို စုံစမ်းစစ်ဆေးနေတဲ့ အခြေအနေပဲ ရှိပါသေးတယ်။ ပြီးတော့ တရားလိုဘက်က သက်သေ သုံးလေးယောက်လောက်ကို ခေါ်ယူစစ်ဆေးဖို့ ဆောင်ရွက်နေပါတယ်”ဟု သာကေတမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

တရားလို အိမ်အကူ မိန်းကလေး၏ မိခင်ဖြစ်သူ တိုင်တန်းချက်မှာ ၂၀၁၈ ခုနှစ် ဇွန် ၂၀ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် (၇/အနောက်) ရပ်ကွက် အောင်သပြေအရှေ့ (၂) လမ်းရှိ တိုက်ခန်း တစ်ခန်းတွင် အိမ်အကူအဖြစ် လုပ်ကိုင်နေသည့် ၎င်း၏ သမီးဖြစ်သူ မ….. (၁၇ နှစ်) မှာ နေအိမ်တိုက်ခန်း လေးလွှာမှ ပြုတ်ကျသဖြင့် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသဖြင့် ၎င်းနေထိုင်ရာ မွန်ပြည်နယ်မှ လာရောက်ကြည့်ရှု မေးမြန်းခဲ့ပြီး မေးမြန်းချက်အရ ရဲစခန်းတွင် တိုင်တန်းခဲ့ကြောင်း သိရသည်။

တိုင်တန်းချက်အရ ဇွန် ၂၀ ရက် မွန်းတည့် ၁၂ နာရီခန့်က မ…..(၁၇ နှစ်) မှာ အိမ်ရှင်ဖြစ်သူ၏ ဖခင် ဦး….. နှင့် နေအိမ်တွင် ရှိနေစဉ် ဦး…. က နင်းနှိပ်ပေးရန် ခေါ်သဖြင့် မ…..(၁၇ နှစ်) က ကျန်းမာရေး မကောင်း၍ မနင်းနှိပ်နိုင်ကြောင်း ပြောဆိုခဲ့ရာ ဦး… က မ…. အား နေအိမ် နောက်ဖေးမီးဖိုခန်းအတွင်းသို့ ဆွဲခေါ်သွားခဲ့ပြီး သားမယားအဖြစ် ပြုကျင့်ရန် ကြံစည်ခဲ့ကြောင်း၊ မ…. က ရုန်းကန်စဉ် ဦး…က “နေမကောင်းလျှင် ဆေးတော့ မတိုက်ဘူး။ နင့်ကို အဆိပ်ပဲ တိုက်မယ်”ဟု ပြော၍ အ၀တ်လျှော်စက်ဘေးရှိ အ၀ါရောင် ဆေးရည်ဘူးအား ပါးစပ်အတွင်းသို့ လောင်းချခဲ့ကြောင်း သိရသည်။

မ…. မှ ရုန်းကန်ထွက်ပြေးခဲ့ရာ နေအိမ် ပြတင်းပေါက် တစ်ပေါက်နားအရောက်၌ ဦး…. က လိုက်လာပြီး ဆောင့်ဆွဲကာ ပြတင်းပေါက်သို့ မတင်၍ တွန်းချခဲ့သဖြင့် တိုက်ခန်း လေးလွှာမှ ပြုတ်ကျခဲ့ခြင်း ဖြစ်ကြောင်း တရားလို၏ ရဲစခန်းတွင် လာရောက် တိုင်တန်းချက်အရ သိရသည်။

တိုင်တန်းချက်ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကလည်း ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ဇွန် ၂၇ ညပိုင်းက ဖော်ပြခဲ့ပြီး ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တိုင်တန်းခံရသူ၏ တိုက်ခန်းသို့ The Daily Eleven က သွားရောက် မေးမြန်းရာ တိုင်တန်းခံရသူ၏ မိသားစုဝင် တစ်ဦးက “အမှုနဲ့ပတ်သက်ပြီး ရဲစခန်းက စစ်ဆေးနေပါတယ်။ အချိန်တန်ရင် ရဲစခန်းက ထုတ်ပြန်တဲ့ဟာ ဒါမှမဟုတ် တရားဥပဒေအတိုင်းကတော့ ဖြစ်မှာပါ။ ညီမတို့က ဒီဟာနဲ့ ပတ်သက်လို့ အခုချိန်မှာ အများကြီး မပြောချင်သေးဘူး။ အမှန်အတိုင်းပြောရရင် ဒီဟာနဲ့ပတ်သက်လို့ စိတ်အနှောင့်အယှက် ဖြစ်ပါတယ်။ ဒီဟာနဲ့ ပတ်သက်လို့လည်း ညီမတို့ သိထားတာတွေ ရှိတယ်။ အချိန်တန်ရင်တော့ အမှန်တရားက ပေါ်လာမှာပါ”ဟု ဇွန် ၂၈ ရက် မွန်းလွဲပိုင်းတွင် ပြောကြားသည်။

အဆိုပါလမ်းမှ ဆယ်အိမ်မှူးဖြစ်သူ ဦးဝင်းဖေကလည်း “ပတ်ဝန်းကျင်က လူတွေ ပြောတာက ကောင်မလေး ပြုတ်ကျတဲ့အချိန်မှာ အိမ်ရှင်ရဲ့အဖေက အိမ်မှာရှိမနေဘူး။ ဈေးသွားဝယ်နေတယ်လို့ ပြောကြတယ်။ သူတို့ ဒီနားမှာနေတာ တစ်နှစ်ကျော်လောက် ရှိပြီ။ နေတဲ့ကာလမှာလည်း ဆူဆူပူပူ ကြားရတာ မရှိသေးပါဘူး။ အိမ်အကူ မိန်းကလေးကလည်း အဲဒီအိမ်ကို ရောက်တာ သိပ်တော့ မကြာသေးဘူး။ တစ်လကျော်လောက်ပဲ ရှိပါသေးတယ်”ဟု ပြောကြားသည်။

အဆိုပါဖြစ်စဉ်ကို သာကေတနယ်မြေ ရဲစခန်းက (ပ) ၄၆၀/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မများဖြစ်သည့် လူသတ်မှုကျူးလွန်ရန် အားထုတ်ခြင်း ပုဒ်မ ၃၀၇၊ ပြစ်မှုကျူးလွန်ရန် ကြံရွယ်၍ အဆိပ် စသည်တို့ဖြင့် နာကျင်စေမှု ပုဒ်မ ၃၂၈ နှင့် သားမယားပြုကျင့်ရန် ကြံစည်မှု ပုဒ်မ ၃၇၆/၅၁၁ တို့ဖြင့် ဦး…. အမှုဖွင့်ကာ စစ်ဆေးနေကြောင်း သိရသည်။

သာကေတမြို့နယ် ၄/မြောက်ရပ်ကွက်ရှိ တိုက်ခန်းသုံးလွှာတွင် အဘွားအိုတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိ

သာကေတမြို့နယ် ၄/မြောက်ရပ်ကွက်ရှိ တိုက်ခန်းသုံးလွှာတွင် အဘွားအိုတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးမှု ဇန်န၀ါရီ ၁၀ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇန်န၀ါရီ ၁၀ ရက်တွင် သာကေတမြို့နယ် ၄/မြောက်ရပ်ကွက် အောင်ဇေယျလမ်းရှိ ခြောက်ထပ်တိုက်တစ်တိုက်တွင် ဆောက်လုပ်ရေး အလုပ်သမားအဖြစ် လုပ်ကိုင်နေသည့် ကို….သည် ယင်းနေ့ မွန်းလွဲ ၁၂ နာရီကျော်တွင် အဆိုပါတိုက်၏ သုံးလွှာတွင် နေထိုင်သည့် အသက် ၈၀ အရွယ် ၎င်း၏ အမေဖြစ်သူအား ထမင်းစားရန် ခေါ်ခဲ့ကြောင်း သိရသည်။

ယင်းသို့ ခေါ်သည့်အချိန်တွင် ၎င်း၏ အမေဖြစ်သူမှာ ပြန်လည်ဖြေကြားခြင်းမရှိသည့်အတွက် တိုက်ခန်းပေါ်သို့ တက်ကြည့်ရာ နေအိမ်တိုက်ခန်းအတွင်း၌ ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း ပတ်ဝန်းကျင် နေထိုင်သူများထံမှ စုံစမ်းသိရသည်။

“ကျွန်တော်တို့ သိရတာက နေ့လယ် ၁၂ နာရီခွဲလောက်မှာ အဲဒီတိုက်မှာ အဘွားကြီးတစ်ယောက် သွေးအိုင်ထဲလဲနေတယ်ဆိုတော့ သွားကြည့်တော့ ဒဏ်ရာတွေနဲ့ တွေ့ရတော့ သက်ဆိုင်ရာရဲစခန်းကို ဖုန်းဆက် အကြောင်းကြားခဲ့ပါတယ်။ ရဲကလာပြီးတော့ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်” ဟု အခင်းဖြစ်ပွားခဲ့သည့် ၄/မြောက်ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အခင်းဖြစ်ပွားခဲ့သည့်တိုက်မှာ လူနေထိုင်ခွင့် မရှိသေးကြောင်း၊ နေထိုင်ကြသူများမှာ အဆိုပါတိုက်၌ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်ကြသူများဖြစ်ကြောင်း ပတ်ဝန်းကျင်တွင် နေထိုင်သူများထံမှ သိရသည်။

“အဲဒီတိုက်မှာက သေဆုံးတဲ့အဘွားရယ်၊ သူ့သားငါးယောက်ရယ်၊ တူလေးယောက်ရယ် နေတယ်လို့ သိရတယ်။ တိုက်မှာ နေကြတာပေါ့။ တစ်နှစ်ကျော်လောက်တော့ရှိပြီ သူတို့နေကြတာက။ နေတာကလည်း အလုပ်သမားတွေ အနေနဲ့ သဘောပေါ့။ အဲဒီတိုက်က အလုပ်သမားတွေပါ။ အခင်းဖြစ်တဲ့ မနက်မှာ သေဆုံးတဲ့အဘွားက ဈေးတွေ ဘာတွေဝယ်တယ်လို့ သိရတယ်။ ပြီးတော့ အခင်းဖြစ်တဲ့နေ့ မနက်ကတည်းက သူ့သား တစ်ယောက်နဲ့ နောက်သံပန်းလုပ်တဲ့ ကောင်လေးနှစ်ယောက်က အောက်ထပ်မှာ အလုပ်လုပ်နေကြတာ။ နေ့လယ်ကျတော့ သူ့အမေကို တက်ခေါ်တော့မှ အခုလို သေနေတာကို တွေ့ရတာလို့ သိရတယ်” ဟု ၄/မြောက်ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သေဆုံးသူ အဘွားအို၏ လည်ပင်းအနီး၌ ဒဏ်ရာများ တွေ့ရှိခဲ့ကြောင်း၊ ထို့ပြင် အဘွားအို၏ ရွှေထည်ပစ္စည်းအချို့မှာ ပျောက်ဆုံးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အခင်းဖြစ်ပွားသည့်နေရာသို့ စီအိုင်ဒီရဲတပ်ဖွဲ့မှ လာရောက်စစ်ဆေးခဲ့ပြီး အလောင်းအား ညနေ ၄ နာရီခွဲကျော်တွင် သယ်ဆောင်သွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်အား သာကေတမြို့မ ရဲစခန်းမှ အမှုဖွင့်ဆောင်ရွက်နိုင်ရန် စီစဉ်နေကြောင်း သိရသည်။