ရန်ကုန်မြို့တွင်း တစ်ကီလိုမီတာအတွက် ကုန်စည်သယ်ယူပို့ဆောင်ရေး စရိတ်သည် စိုက်ပျိုးထုတ်လုပ်ရာ မူရင်းဒေသမှ ရန်ကုန်မြို့သို့ ရောက်ရှိသည့် တစ်ကီလိုမီတာအတွက် ကျသင့်သော သယ်ယူပို့ဆောင်ရေး စရိတ်ထက် ခြောက်ဆမှ ရှစ်ဆအထိ များနေ

ရန်ကုန်မြို့ ကမ်းနားလမ်းတွင် ကုန်သေတ္တာယာဉ်များ သွားလာနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ရန်ကုန်မြို့အတွင်း တစ်ကီလိုမီတာအတွက် ကုန်စည်သယ်ယူပို့ဆောင်ရေး စရိတ်သည် စိုက်ပျိုးထုတ်လုပ်ရာ မူရင်းဒေသမှ ရန်ကုန်မြို့သို့ရောက်ရှိသည့် တစ်ကီလိုမီတာအတွက် ကျသင့်သော သယ်ယူပို့ဆောင်ရေး စရိတ်ထက် ခြောက်ဆမှ ရှစ်ဆအထိ များပြားနေကြောင်း ကမ္ဘာ့ဘဏ်အဖွဲ့၏ ကုန်သွယ်ရေးနှင့် ယှဉ်ပြိုင်နိုင်စွမ်းကဏ္ဍမှ  အထောက်အပံ့ပြုထားသော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ပြန်တမ်းဝင် အရာရှိများ ပြုစုထားသည့် မြန်မာနိုင်ငံ၏ အဓိကပြည်ပပို့ကုန်ဖြစ်သော ပဲတီစိမ်း၊ မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲတို့နှင့် စပ်လျဉ်း၍ အမျိုးသား ကုန်သွယ်ရေး လမ်းကြောင်းတစ်လျှောက် ထောက်ပံ့ပို့ဆောင်ရေး လုပ်ဆောင်မှုအား လေ့လာအကဲဖြတ်ခြင်း စာတမ်းတွင် သုံးသပ်ထားသည်။

ရန်ကုန်မြို့တွင်း ပျမ်းမျှကုန်သေတ္တာတင်ယာဉ် မောင်းနှင်မှုနှုန်းသည် သိသိသာသာ နှေးကွေးသည့်အပြင် ငါးဈေးအနီးနှင့် ပင်လယ်ဆိပ်ကမ်းအနီး နေရာများတွင် ယာဉ်သွားလမ်း ပိတ်ဆို့မှုများသဖြင့် ပြည်ပပို့ကုန် လုပ်ငန်းရှင်များသည် မောင်းနှင်ချိန်နှင့် ပတ်သက်၍ မရေရာ မသေချာမှုများ တွေ့ကြုံရသဖြင့် ထိခိုက်နစ်နာ လျက်ရှိသည်။

မုံရွာ၊ ရွှေဘို၊ ပဲခူးမြို့များနှင့် ရန်ကုန်မြို့အကြား သွားလာရာ အမျိုးသား ကုန်သွယ်ရေးလမ်း တစ်လျှောက်နှင့် ရန်ကုန်မြို့အနီး အနားရှိ စက်မှုဇုန်များမှ သင်္ဘောဆိပ်များသို့သွားရာ လမ်းတစ်လျှောက်တွင် ရပ်နားချိန် မပါဘဲ သယ်ယူပို့ဆောင်ရေး သက်သက်အတွက် ကြာသည့်အချိန်သည် ခရီးစဉ်အစမှ အဆုံးအထိ သွားလာလျှင် ကြာသည့်အချိန် စုစုပေါင်း ၇၄ ရာခိုင်နှုန်းမှ ၉၁ ရာခိုင်နှုန်းအထိ အသီးသီးရှိသည်။ ခရီးစဉ်အစမှ အဆုံးအထိ ကြာမြင့်ချိန် စုစုပေါင်း၏ ရှစ်ရာခိုင်နှုန်းမှ ၂၆ ရာခိုင်နှုန်းအထိသည် လမ်းတံတား ဖြတ်သန်းမှုအတွက် အသုံးပြုခ ပေးဆောင်ခြင်း၊ ဘီးခွန်ဆောင်ခြင်း၊ လက်မှတ်ဖြတ်ပိုင်း ပြသရန်တို့အတွက် လမ်းအသုံးပြုခ ကောက်ခံသော ဂိတ်စခန်းများ၌ စောင့်ဆိုင်းရသည့် အချိန်များဖြစ်သည်။

အဝေးပြေးလမ်းရှိ လမ်းအသုံးပြုခ ကောက်ခံသော ဂိတ်စခန်းအချို့တွင် ကုန်တင်ကားများသည် ပျမ်းမျှအားဖြင့် မိနစ် ၃၀ ခန့် ကြာသည်အထိ စောင့်ဆိုင်းရလေ့ရှိပြီး ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမ တစ်လျှောက်ရှိ ဖြတ်သန်းခ ကောက်ခံသည့် ဂိတ်စခန်းများ အားလုံးကို ဖယ်ရှားလိုက်မည် ဆိုပါက သယ်ယူပို့ဆောင်ရေးအတွက် ကြာမြင့်ချိန်သည် ငါးနာရီမှ ခြောက်နာရီခန့်အထိ လျော့နည်းသက်သာ သွားလိမ့်မည်ဟု ခန့်မှန်းထားသည်။

ထောက်ပံ့ပို့ဆောင်ရေးနှင့် ပတ်သက်၍ အလွန်အရေးပါသော အကြောင်းကိစ္စများကို ရန်ကုန်တိုင်းဒေသကြီးတွင်သာ တွေ့ရှိရပြီး ပထမအချက်မှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရက ပြည်ပပို့ကုန်နှင့် သွင်းကုန်များ သယ်ယူပို့ဆောင်သည့် ကုန်သေတ္တာယာဉ်များအား ရန်ကုန်မြို့၏ မြို့တွင်းလမ်းများတွင် ည ၈ နာရီ၊ ၉ နာရီမှ နံနက် ၆ နာရီအတွင်းသာ အသုံးပြုရန် ကန့်သတ်ထားခြင်း၏ အကျိုးသက်ရောက်မှုများ ဖြစ်သည်။ ယင်းကဲ့သို့ အချိန်ကန့်သတ်ချက်များ ရှိနေခြင်းသည် သယ်ယူပို့ဆောင်ရေးနှင့် ကုန်ပစ္စည်းရောင်း ၀ယ်ဖောက်ကားရေးတို့နှင့် သက်ဆိုင်သော ကုန်ကျစရိတ်များကို ပိုမိုမြင့်မားလာစေပြီး ၎င်းအချက်က စိုက်ပျိုးသူ တောင်သူများနှင့် ၀ယ်ယူစားသုံးသူများအား သွယ်ဝိုက်သောနည်းဖြင့် ဆိုးကျိုးသက်ရောက်မှု ရှိစေခြင်း ဖြစ်သည်။

ဒုတိယအချက်မှာ နိုင်ငံခြားပို့ကုန်များအား အကောက်ခွန် စစ်ဆေးမှု မပြုလုပ်မီ ပင်လယ်ကူး သင်္ဘောဆိပ်ကမ်းတွင် စောင့်ဆိုင်းနေရသော အချိန်သည် ၎င်းဆိပ်ကမ်းတွင်  အမျိုးမျိုးသော လုပ်ဆောင်မှုများ အားလုံး လုပ်ဆောင်ရန် ကြာမြင့်ချိန် စုစုပေါင်း၏ ၃၇ ရာခိုင်နှုန်း အထိရှိနေပြီး အကောက်ခွန်စစ်ဆေးခြင်း၊ အခြားထောက်ပံ့ ပို့ဆောင်မှုနှင့် ၀န်ဆောင်မှုများသည်လည်း အရေးပါလျက်ရှိကာ ကုန်သေတ္တာမချမီ စောင့်ဆိုင်းချိန်သည် ကြာမြင့်ချိန် စုစုပေါင်း၏ ၁၂ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

နောက်ဆုံးအချက်မှာ ရန်ကုန်မြို့တွင်း ထောက်ပံ့ပို့ဆောင်ရေး စနစ်သည် ယုံကြည်အားထားရမှု မရှိသည့်အတွက် ကုန်ကျစရိတ် တိုးမြင့်စေသည်သာမက တစ်ကီလိုမီတာတွင် ပျမ်းမျှကုန်သေတ္တာတင်ယာဉ် မောင်းနှင်နိုင်မှု အမြန်နှုန်းကိုလည်း လျော့ကျစေပြီး ကုန်သွယ်ရေး လုပ်ငန်းများအတွက် စက်မှုဇုန်များ၊ ကုန်သေတ္တာစခန်းများ၊ ဆိပ်ကမ်း၊ ထောက်ပံ့ပို့ဆောင်ရေးအတွက် လိုအပ်သည့် အခြေခံ အဆောက်အအုံ ပံ့ပိုးမှုများနှင့် စည်းမျဉ်းစည်းကမ်းများတွင် အခက်အခဲများ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း ယင်းစာတမ်းတွင် သုံးသပ်ထားသည်။

 

မြန်မာနိုင်ငံ၏ ပို့ကုန်ထုတ်လုပ်မှုတွင် ဒေသတွင်းနိုင်ငံများနှင့် မယှဉ်နိုင်ခြင်းသည် ကုန်စည်သယ်ယူပို့ဆောင်စရိတ် မြင့်တက်ခြင်းနှင့် ဆိပ်ကမ်းများ၌ အခက်အခဲရှိနေခြင်းက အဓိကစိန်ခေါ်မှုများဖြစ်

ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

မြန်မာနိုင်ငံတွင် ကုန်စည်သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်မြင့် တက်နေခြင်းနှင့် ဆိပ်ကမ်းများ၌ အခက်အခဲများရှိနေခြင်းက နိုင်ငံ၏ ပို့ကုန်ထုတ်လုပ်မှုတွင် ဒေသတွင်းနိုင်ငံများနှင့် မယှဉ်နိုင်ဖြစ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ပြည်ပသို့ ဆန်၊ ဆန်ကွဲနှင့် အခြားသောကုန်စည်များကို ပင်လယ်ရေကြောင်းမှတစ်ဆင့် တင်ပို့ရာတွင် ဆိပ်ကမ်းများ၌ အခက်အခဲများ ရှိနေဆဲဖြစ်ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံ၏ အဓိကတင်ပို့နေသည့် လယ်ယာထွက်ကုန်ပစ္စည်းများကို စိုက်ပျိုးထုတ်လုပ်တင်ပို့ရာတွင် ရာသီဥတု၊ သဘာဝဘေးအန္တရာယ်များ ကျရောက်ခြင်း၊ သွင်းအားစုကုန်ကျစရိတ် မြင့်မားခြင်း၊ သီးနှံမျိုးကောင်းမျိုးသန့်ရရှိရန် လိုအပ်ခြင်း၊ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်များ မြင့်မားခြင်း၊ အရည်အသွေးမြင့် ထုတ်ကုန်များ (Value Added ထုတ်လုပ်မှုနည်းပါးခြင်း၊ နိုင်ငံတကာဈေးကွက်နှင့် ၀ယ်လိုအားအပေါ် တည်မှီနေရခြင်း၊ ခေတ်မီ စိုက်ပျိုးရေးနည်းစနစ်များ၊ ရိတ်သိမ်းမှုစနစ်များ၊ ထုတ်လုပ်မှုစနစ်များ လိုအပ်နေခြင်း စသည့်အချက်များမှာ လက်ရှိ လယ်ယာထွက်ကုန် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချရာ၌ ရင်ဆိုင်နေရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများဖြစ်ကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကုန်တွင် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏမှာ ဒေါ်လာဘီလျံ ၃၀ ကျော်အထိ ရရှိမည်ဟု မျှော်မှန်းထားကြောင်းနှင့် သမိုင်းတစ်လျှောက် အမြင့်ဆုံး ကုန်သွယ်မှု ပြုလုပ်နိုင်ခဲ့သည့် ယခင်နှစ်ထက်ပင် ပိုမိုမြင့်မားမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောကြားသည်။

သို့သော် မြန်မာနိုင်ငံ၏ ဆိပ်ကမ်းကုန်ကျစရိတ်မှာ ဒေသတွင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့နှင့် နှိုင်းယှဉ်ပါက ထက်ဝက်ကျော် မြင့်မားနေသောကြောင့် နိုင်ငံတကာမှ ဆန်ပမာဏများစွာ ၀ယ်ယူသူများသည် ယင်းနိုင်ငံများမှ ဆန်ဝယ်ယူ၍မရမှသာ မြန်မာနိုင်ငံမှ ဆန်ကို ၀ယ်ယူခြင်းအပြင် ဆန်တစ်တန် အမေရိကန် ဒေါ်လာ ၃၀ ခန့်အထိ ဈေးနှုန်းလျော့၍ ရရှိမှသာ ၀ယ်ယူနေခြင်းဖြစ်ကြောင်း မတ် ၆ ရက်က ပြုလုပ်သည့် မြန်မာ့ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးရေး နှီးနှောဖလှယ်ဆွေးနွေးပွဲ ၂၀၁၈ အခမ်းအနားမှ သိရသည်။

တန်ချိန်နှစ်သောင်းဝင် သင်္ဘောကြီးများ ဆိပ်ကမ်းသို့ ဆိုက်ကပ်ရပ်နားရသည့် ကုန်ကျစရိတ်မှာ ပြည်ပသို့ ဆန်အဓိကတင်ပို့နေသည့် နိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံတွင် ဒေါ်လာ ၆၅၀၀၊ ဗီယက်နမ်နိုင်ငံတွင် ဒေါ်လာ ၆၀၀၀၊ အိန္ဒိယနိုင်ငံတွင် ဒေါ်လာ ၇၅၀၀ နှင့် ပါကစ္စတန်နိုင်ငံတွင် ဒေါ်လာ ၁၁၀၀၀ အသီးသီး ကုန်ကျကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တင်ပြသည့် စာတမ်းတွင် ဖော်ပြထားသည်။

သို့သော်လည်း မြန်မာနိုင်ငံ၏ နိုင်ငံတကာဆိပ်ကမ်းဖြစ်သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ တန်ချိန်နှစ်သောင်းဝင် သင်္ဘောများ ဆိုက်ကပ်ရပ်နားရသည့် ကုန်ကျစရိတ်သည် ဒေါ်လာ ၁၄၅၀၀ အထိ ကုန်ကျသည့်အတွက် ယင်းပမာဏသည် ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ထက် ထက်ဝက်ကျော် ပိုများနေသည့် ကုန်ကျစရိတ်ဖြစ်နေကြောင်း သိရသည်။

ထိုကြောင့် နိုင်ငံတကာမှ ဆန်ပမာဏများစွာ ၀ယ်ယူသူများသည် အခြားနိုင်ငံများက ၀ယ်၍မရမှသာ မြန်မာနိုင်ငံမှ ၀ယ်ယူရန် နောက်ဆုံးမှစဉ်းစားကြောင်း၊ အထူးသဖြင့် ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့တွင် ၀ယ်ယူရန် အဆင်မပြေမှသာ မြန်မာနိုင်ငံမှ ၀ယ်ယူရန် စဉ်းစားခြင်း (သို့မဟုတ်) ဈေးလျှော့ဝယ်ယူခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ နီလာ