သထုံမြို့ရှိ စားသောက်ဆိုင် တစ်ဆိုင်၌ သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့

မွန်ပြည်နယ် သထုံမြို့ သိမ်ကုန်းရပ်ကွက် ၀ါးတောရပ်ရှိ စားသောက်ဆိုင် တစ်ဆိုင်၌ သြဂုတ် ၃၀ ရက်ည ၉ နာရီ ၁၅ မိနစ်ခန့်က သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သထုံမြို့ သိမ်ကုန်းရပ်ကွက် ၀ါးတောလမ်းရှိ ဟာမိုနီ စားသောက်ဆိုင်၌ သထုံမြို့ တာယာစက်ရုံဝင်းအနီး (၃) အိမ်စုရွာနေ အောင်မျိုးသူ (၂၉ နှစ်)(ဘ) ဦးမျိုးမြင့်နှင့် ကျော်ကောင်း၊ ကောက်ကြီး၊ ကိုဖြိုး၊ အောင်ဇေယျာဝင်းတို့ ငါးဦးမှာ စားသောက်ဆိုင်အတွင်း စားသောက်ပြီးပြန်ရန် ဆိုင်မှထွက်လာစဉ် သထုံမြို့၊ သိမ်ကုန်းရပ်ကွက်၊ မင်းလမ်း၊ အမှတ်-၇၇၉ နေ KNU ဗဟိုတပ်ဖွဲ့မှ ဗိုလ်မှူးအဆင့်ရှိသူ တရုတ် (ခ) အောင်သူရိန် (၃၂ နှစ်) (ဘ) ဦးမင်းဦး ရောက်ရှိလာပြီး “မင်းတို့ဝိုင်းမှာ ဆူညံလွန်းတယ်” ဟုပြောသဖြင့် အောင်မျိုးသူက “အစ်ကိုနဲ့ ဘာဆိုင်လို့လဲ” ဟုပြန်ပြောခဲ့ရာ တရုတ် (ခ) အောင်သူရိန်မှ “မင်းလူမိုက်လား” ဟု ပြောပြီးနောက် ၎င်းတွင်အသင့်ပါလာသည့် သေနတ် (အမျိုးအစားမသိ-အတို) ဖြင့် မိုးပေါ်သို့ တစ်ချက် ထောင်ပစ်ပြီးနောက် အောင်မျိုးသူအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ လည်ပင်းအလယ် ကျည်ဖောက်ဝင် ဒဏ်ရာတစ်ချက် ထိမှန်ခဲ့ပြီး တရုတ် (ခ) အောင်သူရိန်က ၎င်းစီးနင်းလာ သည့် 1D/—- နံပါတ်တပ် Toyota Mark II အဖြူရောင်ယာဉ် (လိုင်စင်စိစစ်ဆဲ) ဖြင့် ထွက်ပြေးသွားခဲ့ကြောင်း၊ အောင်မျိုးသူမှာ သထုံခရိုင် ပြည်သူ့ဆေးရုံကြီးတွင် (အတွင်းလူနာ-စိုးရိမ်ရ) ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း သထုံမြို့မရဲစခန်းမှ ရဲမှတ်တမ်းအရ သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် သထုံမြို့ မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးမောင်မောင် ဦးဆောင်သော တပ်ဖွဲ့ဝင်များမှ ရှာဖွေ၊ စစ်ဆေးဆောင်ရွက်ရာ၌ သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့သော နေရာ၌ တရုတ် (ခ) အောင်သူရိန် ပစ်ခတ်ခဲ့သည့် ကျည်ခွံ PAC-380 AUTO ကျည်ခွံ နှစ်ခုနှင့် ၎င်းမောင်းနှင် ထွက်ပြေးခဲ့သည့် 1D/—- နံပါတ်တပ် Toyota Mark II အဖြူရောင်ယာဉ်ကို ၎င်းနေအိမ်မှ တွေ့ ရှိ သိမ်းဆည်းရမိခဲ့ပြီး တရုတ် (ခ) အောင်သူရိန်မှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

“သေနတ်ပစ်ခတ်မှု ကျူးလွန်ခဲ့သူကို ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်နေပါတယ်။ သေနတ်ပစ်ခံထိတဲ့ သူကတော့ အခြေအနေ ကောင်းသွားပါပြီ။ မစိုးရိမ်ရတော့ပါဘူး။ ပြစ်မှုကျူးလွန်သူကိုတော့ ရာဇသတ်ကြီး ပုဒ်မ- ၃၀၇ အရ  အမှုဖွင့် အရေးယူ ထားပါတယ်” ဟု သထုံမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးမောင်မောင်က ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အောင်မျိုးသူအား သေစေရန် သေနတ်ဖြင့် ပစ်ခတ်ခဲ့သူအပေါ် သထုံမြို့မ ရဲစခန်းမှ (ပ) ၇၄၃/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ-၃၀၇ အရ အမှုဖွင့် အရေးယူထားသည်။

 

မွန်ပြည်နယ် သထုံမြို့တွင် နှစ်ပေါင်းများစွာ ပြုလုပ်ခဲ့သည့် အောက်တောင်ပြုန်းပွဲကို ၁၀ ရက်ကြာ ကျင်းပလျက်ရှိ

မွန်ပြည်နယ် သထုံမြို့၊ သိမ်ကုန်းရပ်ကွက်ရှိ ရွှေစာရံစေတီတော်ကြီး၏ တောင်ဘက်ရှိ အောင်သပြေနတ်နန်းတွင် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော်ကတည်းက နှစ်စဉ် ပြုလုပ်ခဲ့သော အောက်တောင်ပြုန်းပွဲကို သြဂုတ် ၁၉ ရက်မှစတင်၍ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

အောက် တောင်ပြုန်းပွဲတော်ကို (၀ါခေါင်လဆန်း ၈ ရက်) သြဂုတ် ၁၉ ရက်မှ စတင်၍ ၁၀ ရက်တိုင်တိုင် ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ဦးရီးတော် ဗျတ်ဝိနှင့် ဖခမည်းတော် ဗျတ္တကို ပင့်ဖိတ်ပြီး တောင်ပြုန်းမင်းနှစ်ပါး ဖြစ်သည့် ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းလေး၏ ချိုးရေတော် သုံးပွဲကို (၀ါခေါင်လဆန်း ၁၁ ရက်) သြဂုတ် ၂၂ ရက် ညနေပိုင်းတွင် ကျင်းပကြောင်း အောက်တောင်ပြုန်းအောင်သပြေနတ်နန်းမှ နန်းထိန်းဒေါ်အိသဲစိုးက ပြောကြားသည်။

“ဒီ အောက်တောင်ပြုန်းပွဲရဲ့ ထူးခြားချက်က တောင်ပြုန်းမင်းနှစ်ပါး လူ့ဘ၀အချိန်က ဘယ်လိုနေထိုင်ခဲ့ကြသလဲဆိုတာကို သရုပ်ဖော် ကပြတာတွေရှိတယ်။ နောက် တောင်ပြုန်းမင်း နှစ်ပါးကို ယုန်ကင်ဆက်သရာတဲ့နေရာမှာ သာသနာ့နယ်မြေဖြစ်တဲ့အတွက်ကြောင့် ယုန်ကင်အစစ် မဆက်သဘဲနဲ့ ရွှေငှက်ပျောသီးကို ယုန်သဏ္ဍာန်ပြုလုပ်ပြီး ဆက်သရပါတယ်”  ဟု ဒေါ်အိသဲစိုးက ပြောကြားသည်။

ပွဲတော်ရက်အတွင်း နတ်ညီလာခံသဘင်ပွဲ ကျင်းပခြင်း၊ (၃၇) မင်းနတ်ကြီးများကို ကြိုဆိုပင့်ဖိတ်ခြင်း၊ ပုပ္ပားမယ်တော် မယ်ဝဏ္ဏကို ပင့်ဖိတ်ခြင်း၊ ဗျတ်ဝိ-ဗျတ္တကို ပင့်ဖိတ်ပြီး တောင်ပြုန်းမင်းနှစ်ပါးချိုးရေတော်သုံးခြင်း၊ ပခန်း ဦးမင်းကျော်တက်ပွဲ ပြုလုပ်ခြင်း၊ တောင်ပြုန်းမင်းနှစ်ပါးကို ယုန်ကင်ဆက်သပွဲပြုလုပ်ခြင်း၊ ရွှေဖျဉ်းလေး ထိန်ပင်ခုတ်ပွဲပြုလုပ်ခြင်း၊ ရွှေဖျဉ်းကြီး ထိန်ပင်ခုတ်ပွဲပြုလုပ်ခြင်း၊ တောင်ပြုန်းမင်းနှစ်ပါး လောင်းလှေလှော်ပွဲနှင့် ယုန်ကင်ခုတ်ပွဲ ပြုလုပ်ခြင်း၊ တောင်ပြုန်းမင်းနှစ်ပါးနှင့် တောင်တော်သခင်မ မရွှေဥတို့ ရက်ကန်း ရက်ပွဲ ပြုလုပ်ခြင်းနှင့် တောင်ပြုန်းမင်းနှစ်ပါးကို နန်းတွင်းစာတော်စာ ဆက်သပွဲ

ပြုလုပ်ပေးပြီး နတ်နန်းပွဲသိမ်းကြောင်း၊ အောက်တောင်ပြုန်းပွဲတော်၏ နောက်ဆုံးအဖြစ် ၀ါခေါင်လဆုတ် (၃) ရက်၊ (သြဂုတ် ၂၈) ရက်ကို သတ်မှတ်ထားကြောင်း ဒေါ်အိသဲစိုး၏ ပြောကြားချက်များအရ သိရသည်။

သထုံအောက်တောင်ပြုန်းပွဲတော်သည် အထက်တောင်ပြုန်းပွဲတော်ထက် ပွဲတော်ရက် ပိုများကြောင်းနှင့် အောက်တောင်ပြုန်းပွဲတော်သို့ မွန်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် တနင်္သာရီတိုင်းဒေသကြီးမှ ယုံကြည်ကြသူများက လာရောက်ကြကြောင်း သိရသည်။

သထုံမြို့တွင် ရေလွှမ်းကာလ ကြာရှည်ခြင်းကြောင့် ရေဘေးသင့်ပြည်သူ ၁၅၀၀၀ ခန့်အား အသင့်စား အစားအစာနှင့် သောက်ရေသန့်များ ထောက်ပံ့ရန် အခက်အခဲဖြစ်နေ

သထုံမြို့ ရေကြီးမှု ရေလွှမ်းကာလ ကြာရှည်ခြင်းကြောင့် ရေဘေးသင့်ပြည်သူ ၁၅၀၀၀ ခန့်အား  အသင့်စား အစားအစာနှင့် သောက်ရေသန့်များ ထောက်ပံ့ရန် အခက်အခဲ ဖြစ်နေကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနက  သတင်းထုတ်ပြန်သည်။

မွန်ပြည်နယ် သထုံမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် လူဦးရေ ၁၅၀၀၀ ခန့်သည် ရေဘေးသင့်နေပြီး ရေဘေးသင့် ပြည်သူများအတွက် အသင့်စားအစားအစာနှင့် သောက်ရေသန့်များ ရရှိရန် လိုအပ်နေကြောင်း သထုံမြို့နယ် မဲဆန္ဒနယ်မြေ အမှတ်(၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့၏ ပြောကြားချက်အရ သိရသည်။

ဇူလိုင် ၂၀ ရက်နောက်ပိုင်းမှ စတင်ကာ အဆက်မပြတ် မိုးရွာသွန်းမှုကြောင့် ဇူလိုင်  ၂၅ ရက်မှ လက်ရှိအချိန်အထိ ရေကြီးမှုဖြစ်ပွားနေရာ သထုံမြို့နယ် အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများက အစားအစာနှင့် ရေသန့်များ လိုက်လံကူညီ နေသော်လည်း ရေလွှမ်းကာလ ကြာရှည်လာသည့်အတွက် အခက်အခဲဖြစ်နေကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

“နေ့စဉ် ထမင်းထုပ် ၃၀၀၀ နဲ့ ၅၀၀၀ ကြား၊ ရေသန့်ကို တစ်ရက် ၁၀ သိန်းဖိုးလောက် ပေးနေရတယ်။  ရွာ ၃၀ စာကို တစ်နေ့ကို ကျွန်မတို့ ဒီကွပ်ကဲရေးရုံးကနေထွက်တာ ငွေကြေးတန်ဖိုးအရဆို သိန်း ၅၀ နဲ့ ၆၀ ကြားမှာရှိတယ်။ ပိုက်ဆံရှိလို့ ထောက်ပံ့နိုင်တယ်ထား။ ရေသန့်က မလုံလောက်တော့ဘူး။ ကျွန်မတို့  သထုံမှာ ရေသန့်စက်ရုံ သုံးရုံရှိတယ်။ အလျင်မီအောင် မပေးနိုင်ဘူး ဖြစ်နေတယ်” ဟု ဒေါ်ခိုင်ခိုင်လဲ့က ပြောကြားကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရေဘေးသင့် ဒေသများတွင် ကိုယ်တိုင်ရေသန့်ပြုလုပ် သောက်သုံးနိုင်ရန်အတွက် ရေသန့်ဆေးပြား ဆေးထုပ်များ၊ တာပေါ်လင်စများ အရေးပေါ် လိုအပ်နေကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်သည်။

“အကုန်ရေမြုပ်နေတော့ ထမင်းချက်စားဖို့တောင် နေရာမရှိ ဖြစ်နေတယ်။ လမ်းတွေကလည်း ရေဖုံးနေတော့ သွားလာလို့လည်း မရဘူး။ ရေလမ်းကနေ လှေနဲ့ပဲ သွားလို့ရတယ်” ဟု ဒလပန်းကျေးရွာမှ ရေဘေးဒဏ်ခံနေရသူ တစ်ဦးက ဆိုသည်။

ရေကြီးရေလျှံမှုများကြောင့် ရေတွင်းရေကန်ပေါင်း ၁၈၀၀ နီးပါး၊ အိမ်သာအလုံးရေ ၂၅၀၀ နီးပါး ရေမြုပ်ပျက်စီးသွားရာ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများ ရှိလာနိုင်ပြီး ရေကျပြီးနောက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ စနစ်တကျလုပ်ရန် လိုအပ်သည်ဟု ဒေါ်ခိုင်ခိုင်လဲ့က ပြောကြားကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

သထုံမြို့နယ်တွင် ကျေးရွာအုပ်စု ၄၆ အုပ်စု၊ ကျေးရွာပေါင်း ၁၇၅ ရွာ၊ လူဦးရေပေါင်း  ၂၃၅၃၇၉ ဦးရှိပြီး မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် ကျေးရွာအုပ်စု ၁၈ အုပ်စုရှိ ကျေး ရွာပေါင်း ၃၀ တို့မှ အိမ်ထောင်စု ၃၀၀ ကျော်၊ လူဦးရေ ၁၅၀၀၀ ခန့် ရေဘေးသင့်မှု ဖြစ်ပွားနေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ အလားတူ ကရင်ပြည်နယ်တွင်လည်း ရေကြီး ရေလျှံမှုကြောင့် စိုက်ပျိုးပြီး မိုးစပါး ဧက ၅၀၀၀ ကျော် လုံးဝ ပျက်စီးသွားကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ကရင်ပြည်နယ် အတွင်းရှိ ခရိုင်လေးခရိုင်တွင် ယခုနှစ်မိုးရာသီ ကာလအတွင်း မိုးစပါး ၄၃၅၇၂၈ ဧက စိုက်ပျိုးရန် လျာထားရာ ဇူလိုင်လ တတိယပတ်ခန့်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ တောင်ကျရေများ စီးဆင်းခြင်းနှင့် မြစ်ရေချောင်းရေများ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ခြင်းတို့ကြောင့် စိုက်ပျိုးပြီးမိုးစပါး ၅၄၄၁၄ ဧက ရေလွှမ်းမှုဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ ရေလွှမ်းစပါး ဧကများအနက်မှ ယနေ့အထိ ၁၂၃၉၃ ဧကသာ ပြန်ပေါ်ပြီး ၅၅၆၈ ဧကမှာ လုံးဝပျက်စီးသွားကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ “ပြန်ပေါ်ဖို့ကျန်တဲ့ ဧကလေးသောင်းကျော်ကနေ ဘယ်လောက် ပျက်စီးဦးမလဲဆိုတာ ကျွန်တော်တို့ မသိသေးပါဘူး။ အရေးပေါ်ပြန်ပြီး ဆောင်ရွက်နိုင်အောင် ရေလွှမ်းတဲ့ အထဲက ဧကတစ်သောင်းလောက် ပျက်စီးထိခိုက်မှု ရှိမယ်လို့ ကြိုပြီးတော့ ခန့်မှန်းထားပါတယ်။ ပြန်ပေါ်တဲ့အချိန်နဲ့ ပြန်ပြီးတော့စိုက်ဖို့ အခြားသီးနှံ မစိုက်ဘဲနဲ့ စပါးကိုပဲ ပြန်ပြီးတော့စိုက်ဖို့ ကျွန်တော်တို့ စီစဉ်ထားပါတယ်။ သက်တမ်းတိုတဲ့ စပါးမျိုးကို သုံးပြီးတော့ ပြန်စိုက်မယ်ဆိုရင် တောင်သူအနေနဲ့ အဆင်ပြေနိုင်ပါတယ်။ လက်ရှိတောင်သူ စိုက်နေတဲ့မျိုးက လေးလစပါး ရက်ပေါင်း ၁၃၅ ရက်လောက် ရှိပါတယ်။ ထိခိုက်ပျက်စီးတဲ့ နေရာတွေက လယ်တွေကို ပျိုးထောင်ပြီး ပြန်စိုက်မယ်ဆိုရင် မမီနိုင်တော့ပါဘူး။ ကြဲခင်းအနေနဲ့ပဲ ပြန်ပြီးတော့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ မျိုးကလည်း ရက် ၉၀ သုံးလမျိုးပဲ အဆင်ပြေမှာဖြစ်ပါတယ်။ ကြဲတဲ့အခါမှာ တစ်ဧကကို တစ်တင်းခွဲကုန်ပြီး ခန့်မှန်းထားတဲ့ ဧကတစ်သောင်းအတွက် မျိုးစပါး တင်းတစ်သောင်း ငါးထောင်လောက် လိုအပ်မှာ ဖြစ်ပါတယ်” ဟု ကရင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦးက ပြောကြားကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် ရေလွှမ်းပြီးနောက် ပြန်ပေါ်လာသော စပါးစိုက်ခင်းများအတွက် အထွက်နှုန်း မထိခိုက်စေရန်၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ကွင်းဆင်း၍ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန်၊ ကျရောက်တတ်သည့် ပိုးမွှားများအတွက် ဆေးဖျန်းစက်၊ ဆေးဖျန်းပုံးများ သိုလှောင်ထားရှိပြီး ပျက်စီးသွားသော စိုက်ခင်းများအတွက် အစားထိုး ပြန်လည်စိုက်ပျိုး နိုင်ရေးအတွက် လိုအပ်သည်များ ကြိုတင်စုဆောင်း ထားရှိရန်နှင့် အဆင့်သင့် ပြင်ဆင်ထားရှိရန် နှိုးဆော်ထားကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဒုံသမိချောင်းရေလျှံမှုကြောင့် သထုံမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၁၈) အုပ်စုအတွင်းမှ ကျေးရွာပေါင်း (၃၀) ကျော် ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်နေပြီး လူဦးရေ ၁၅၀၀၀ ကျော် ရေဘေးသင့်နေဟုဆို

ဒုံသမိချောင်းရေလျှံမှုကြောင့် ရေနစ်မြုပ်နေသည့် အိမ်အချို့အား တွေ့ရစဉ်

 

မိုးသည်းထန်စွာရွာသွန်းမှု၊ တောင်ကျရေ ကျဆင်းမှုတို့ကြောင့် ဒုံသမိချောင်းရေလျှံမှုဖြစ်ပေါ်ကာ မွန်ပြည်နယ် သထုံမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၁၈) အုပ်စုအတွင်းမှ ကျေးရွာပေါင်း (၃၀) ကျော်ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်နေပြီးလူဦးရေ  ၁၅၀၀၀ ကျော် ရေဘေးသင့်နေကြောင်း သထုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေအမှတ်(၁)မှ ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ပြောကြားသည်။

“သထုံမြို့ နယ်မှာ နောက်ဆုံးအခြေအနေက ရေလွှမ်းတဲ့ကျေးရွာအုပ်စုက (၁၈) အုပ်စုရှိတယ်။ ရွာပေါင်း (၃၀) ကျော် ရေလွှမ်းခံနေရပါတယ်။ ရေဘေးသင့်ပြည်သူတွေထဲမှာ တချို့က ကယ်ဆယ်ရေးစခန်းတွေ ကိုရောက်လာမှ ထည့်တွက်ကြတယ်။ ဒါပေမဲ့ ဒီနေရာမှာဖြစ်နေတဲ့ဖြစ်စဉ်က ရွာတွေကို ရေတွေဝင်နေတယ်။ ရွာထဲမှာကိုက ရေက လေးပေလောက်ရှိနေတယ်။ အဲဒီရွာတွေက လူတွေကလည်း ဘယ်လိုထွက်ရမှန်းမသိကြဘူးဖြစ်နေတယ်။ အဲဒီလိုရွာတွေအားလုံး ပေါင်း (၂၆) ရွာကျော် ရှိနေပါတယ်။ အိမ်ထောင်စု (၃၀၀) ကျော်ရှိပြီးတော့ လူဦးရေ (၁၅၀၀၀) ကျော်ရှိနေပါတယ်” ဟုပြောကြားသည်။

“ကျေးရွာတွေမှာ ဆန်၊ ဆီ ရှိပေမဲ့ ချက်စားလို့မရတဲ့ အနေအထားမျိုးဖြစ်နေတယ်။ ရေတွေကပြည့်နေတာကို။ ကျွန်မတို့ က ထမင်းထုပ်တွေ နေ့စဉ်ပို့ပေးနေရပါတယ်။ ထမင်းထုပ်က မလောက်ဘူးလို့ ပြောရမယ်။ နောက်ရေသန့် ပြဿနာရှိပါတယ်။လက်ရှိမှာ ဒီအထက်ဈေးမသွယ်ရွာကနေ ထမင်းထုပ်တွေကိုလှေတွေနဲ့ထည့်ပေးနေပါတယ်။ ထမင်းထုပ်တွေနဲ့အတူ သောက်ရေသန့်တွေကိုပါ တစ်ပါတည်းထည့်ပေးရပါတယ်။ ဒီထဲမှာ ထူးခြားတာက ကရင်ပြည်နယ်ဘက်ကရွာ နှစ်ရွာဖြစ်တဲ့ ငါးနက်ပြာကျေးရွာနဲ့ထုံးဘိုကွေ့ ကျေးရွာကို ကျွန်မတို့ သထုံကနေ ထောက်ပံ့ ပေးနေရပါတယ်။ အဲဒီရွာတွေက ဒုံသမိချောင်းရဲ့တစ်ဖက်ကမ်း၊  ကြက်တူရွေးတောင်ကျေးရွာ ရဲ့ မျက်နှာချင်းဆိုင်မှာရှိနေတယ်။ အဲဒီရွာတွေက ကရင်ပြည်နယ်ထဲမှာရှိပေမဲ့ သထုံဘက်နဲ့နီးတော့ ဒီဘက်မှာပဲလာပြီးအကူ အညီလာတောင်းတဲ့အတွက် အဲဒီ နှစ်ရွာကိုပါ  ကူညီထောက်ပံ့မှုတွေ လုပ်ဆောင်ပေးနေပါတယ်”  ဟုဒေါ်ခိုင်ခိုင်လဲ့က ဆက်လက် ပြောကြားသည်။

“ကျွန်တော်တို့ရွာမှာက အိမ်ခြေ  ၂၀၀ ကျော်ရေလွှမ်းနေတယ်။ ရေတွင်းတွေလည်း မြုပ်နေတော့ သောက်သုံးရေ အခက်အခဲဖြစ်နေပါတယ်။ နောက်ပြီး နွမ်းပါးတဲ့ မိသားစုတွေ ချက်ပြုတ်စားသောက်ဖို့က နေအိမ်တွေရေ တွေမြုပ်နေတော့  အခက်အခဲတွေတွေ့နေရပါတယ်။ ရေကျသွားပြီထားဦး အိမ်ကရေမြုပ်ခဲ့တော့ ချက်ဖို့ပြုတ်ဖို့က အခက်အခဲတွေတွေ့ရဦးမှာပါ” ဟု ဒလပန်းကျေးရွာမှ ဦးဘပုက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “အခုလောလောဆယ် လိုအပ်တာကရေသန့်တွေလိုနေပါတယ်။ အဲဒါအဓိကပါ။ နောက် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဆေးဝါးတွေလိုအပ်မယ်။ အခု လက်ရှိကျန်းမာရေးအဖွဲ့တွေ ရွာတွေကိုလိုက်ဝင်ပေးနေတာတော့ရှိတယ်။ တပ်ကလည်း ကျန်းမာရေးစောင့်ရှောက်မှု လိုက်ပေးနေတယ်”  ဟုပြောကြားသည်။

“ရွာမှာက ဒုတိယ၀ါဆိုလပြည့်မတိုင်ခင်ကတည်းကရေမြုပ်နေတာ။ ရေကပြန်မကျဘူး။ ထပ်ထပ်တိုးနေတယ်။ အခု သံလွင်မြစ်ရေတိုးမှာ ကျွန်တော်တို့ကြောက်နေရတယ်။ ကျွန်တော်တို့ရွာတွေက သံလွင်ရေကို ကြည့်နေရတော့ သံလွင်ရေကျရင် ကျွန်တော် တို့မှာကျမယ်။ သံလွင်ရေတိုးရင် ကျွန်တော်တို့မှာ ထပ်တိုးမယ်။ ကျွန်တော်တို့ရွာတွေက စပါးစိုက်ကြတော့ အခုစပါးခင်းတွေရေမြုပ်နေတာ ဟိုး ဒုတိယ၀ါဆိုလပြည့် မတိုင်ခင်ကတည်းက မျိုးစပါးတွေမြုပ်နေတာ အခုချိန်အထိပါပဲ” ဟု ဦးဘပုက ဆက်လက်ပြောကြားသည်။

မိုးသည်းထန်စွာရွာသွန်းမှုနှင့် တောင်ကျရေ ကျဆင်းမှုများကြောင့်  မွန်ပြည်နယ်အတွင်း ဘီးလင်းမြို့နယ်၊ သထုံမြို့နယ်၊ ပေါင် မြို့နယ်နှင့် ကျိုက်မရောမြို့နယ်များအတွင်း ရေကြီးရေလျှံမှုများဖြစ်ပေါ်နေပြီး ရေဘေး ရှောင်နှင့် ရေဘေးသင့်ပြည်သူသောင်းနှင့် ချီပြီးရှိနေဆဲဖြစ်ကြောင်း သိရသည်။

သထုံမြို့တွင် လေပြင်းတိုက်၍ သစ်ပင်သစ်ကိုင်းများ လဲပြိုကျပြီး လျှပ်စစ်မီးကြိုး ပြတ်ကျသဖြင့် ၁၃ နှစ်အရွယ် သတ္တမတန်း ကျောင်းသူတစ်ဦး ဓာတ်လိုက်သေဆုံး

လေပြင်းတိုက်၍ သစ်ပင်သစ်ကိုင်းများ လဲပြိုကျပြီး လျှပ်စစ်မီးကြိုး ပြတ်ကျခဲ့သည့် သထုံမြို့ နန်းခဲရပ်ကွက် ကွက်သစ်(၁)လမ်းရှိ အခင်းဖြစ်နေရာ

မွန်ပြည်နယ် သထုံမြို့ နန်းခဲရပ်ကွက် ကွက်သစ် (၁) လမ်းတွင် ဇူလိုင် ၂၀ ရက် ည ၈ နာရီခန့်က လေပြင်းတိုက်ခတ်ပြီး သစ်ပင်၊ သစ်ကိုင်းများ လဲပြိုကျ၍ လျှပ်စစ်မီးကြိုး ပြတ်ကျသဖြင့် ၁၃ နှစ်အရွယ် သတ္တမတန်း ကျောင်းသူတစ်ဦး ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“မနေ့ (ဇူလိုင် ၂၀ ရက်) ညက လေဆင်နှာမောင်း တိုက်တဲ့အချိန်၊ ကလေးတွေက ကျူရှင်က ပြန်တဲ့အချိန်မှာ သစ်ကိုင်းတစ်ကိုင်းက ကျိုးကျပြီးတော့ လျှပ်စစ်မီးကြိုးပေါ် ပြုတ်ကျတဲ့အချိန်မှာ လေကလည်း တိုက်နေတော့ ကလေးကို သွားပတ်မိသလို ဖြစ်သွားတာ။  ဖြစ်စဉ်ကတော့ အဲဒီလောက်ပါပဲ။ ဓာတ်လိုက်ပြီး သေဆုံးသွားတဲ့ကလေးက မဇွန်ဖူးဝေပါ။ အသက်က ၁၂ နှစ်ပါ။ ခုနစ်တန်းကျောင်းသူ ဖြစ်ပါတယ်။ အ.ထ.က (၃) ကျောင်းမှာ ကျောင်းတက်နေသူပါ” ဟု နန်းခဲရပ်ကွက် (၁) လမ်းနှင့် (၂) လမ်း ရာအိမ်မှူး ဦးစောလွင်က ပြောကြားသည်။

“ကျွန်တော်တို့ အပိုင်းမှာက ဓာတ်တိုင်တွေ ဟောင်းနေတာ။ မီးကြိုးတွေ ဆွေးနေတာတွေ ရှိနေပါတယ်။ တခြားလမ်းမှာ ဆိုရင်လည်း ဓာတ်တိုင် ခြောက်တိုင်လောက် လိုအပ်နေတာတွေ ရှိနေပါတယ်။ တချို့နေရာတွေမှာ သစ်သားတိုင်တွေနဲ့ ထူထားတာတွေလည်း ရှိနေပါတယ်။ ဓာတ်တိုင်အသစ်တွေ လဲပေးမယ်။ မီးကြိုးအသစ်တွေ ဆွဲပေးမယ် ဆိုရင်တော့ အဆင်ပြေလောက်ပါတယ်” ဟု ဦးစောလွင်က ဆက်လက်ပြောကြားသည်။

“သူတို့သူငယ်ချင်းသုံးယောက် ကျူရှင်က ပြန်လာတယ်။ အဲဒီအချိန်မှာ လေကတိုက်နေတယ်။ သစ်ကိုင်းတစ်ကိုင်းက ဓာတ်မီးကြိုးပေါ် ကန့်လန့်ကျတော့ ရှော့ခ်ဖြစ်ပြီး မီးကပွင့်နေတယ်။ ပြီးမှ မီးလောင်ပြီး ပြတ်ကျတဲ့ သဘောပါ။ အဲဒီမှာ ကလေးသုံးယောက်မှာ တစ်ယောက်က သူ့အိမ်ရှေ့ ရောက်နေပြီဆိုတော့ အိမ်ထဲကို ၀င်ပြေးတယ်။ တစ်ယောက်က လမ်းမအတိုင်း ပြေးလာတယ်။ မဇွန်ဖူးဝေက ဘေးကို ပြေးရှောင်တာ၊ သူရှောင်တဲ့ဘက်ကိုမှ မီးကြိုးက ပြတ်ကျတာ ဖြစ်ပါတယ်။ မီးကြိုးက ကြေးကြိုးဆိုတော့ ပြတ်ကျတဲ့အခါမှာ အတန်းလိုက်မကျဘဲ ကွေးပြီးကျတော့ ကလေးကို ပတ်မိသလို ဖြစ်သွားတယ်။ အဲဒီအချိန်မှာ ကလေးက ကြောက်လန့်ပြီး ဘယ်ဘက်လက်နဲ့ ဆုပ်ကိုင်ထားတော့ ကျွန်တော် သွားခွာတဲ့ အထိကို ဆုပ်ကိုင်လျက်သား ဖြစ်နေတယ်” ဟု ဓာတ်လိုက်သေဆုံးသူ မဇွန်ဖူးဝေ၏ အဘိုးလေး တော်စပ်သူ ဦးလှဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “ဓာတ်ကလိုက်နေတော့ ချက်ချင်းလည်း ၀င်လို့မရဘူး။ ကျန်တဲ့လူတွေလည်း ဘယ်သူမှ မ၀င်ရအောင် တားထားပြီးတော့မှ လျှပ်စစ်ဌာနလိုင်းမင်းက ထရန်စဖော်မာ မိန်းသွားချပြီးမှ ကိုင်လို့ရပြီ ဆိုတော့မှ ကျွန်တော်ကိုယ်တိုင်ပဲ ကလေးကို ပွေ့ပြီးတော့ သုံးဘီးဆိုင်ကယ်နဲ့ ဆေးရုံကို တင်ခဲ့ပါတယ်။ အားလုံးကြာချိန်က ၁၇ မိနစ်လောက်ပဲရှိမယ်။ ကလေးကတော့ ပျော့နေပြီ။ ဆေးရုံရောက်သွားတော့ ကလေးကို အတတ်နိုင်ဆုံး လုပ်ဆောင်ပေးပါတယ်” ဟု ပြောကြားသည်။

“အဆောက်အအုံတွေ ပျက်သွားတယ် ဆိုတာက ပြန်လည်ပြုပြင်လို့ ရပါတယ်။ လူတစ်ယောက်ရဲ့အသက် ဆိုတာက ပြန်လည် အစားထိုးလို့မှ မရတာ။ နောက်တစ်ခုက ဒီရပ်ကွက်တွေထဲမှာ ရှိနေတဲ့ မီးကြိုးတွေက ကာဗာမရှိဘူး။ မီးကြိုးပြတ်ကျတော့ ကလေးပေါ်ကိုကျပြီး ပတ်မိသလို ဖြစ်သွားတယ်လို့ သိရပါတယ်။ ဒါက ကံတရားကြောင့်လို့ ပြောလို့ရပေမဲ့ ဘာပဲဖြစ်ဖြစ် အစိုးရမှာ တာဝန်ရှိပါတယ်။ ပြည်သူတစ်ယောက် ဒီလိုမျိုး သေဆုံးသွားတယ် ဆိုကတည်းက တာဝန်အရှိဆုံးက အစိုးရပါပဲ။ ကိုယ်စားတစ်ယောက် အနေနဲ့ စိတ်မကောင်း ဖြစ်မိပါတယ်။ မနက်က ကလေးမလေးရဲ့ အိမ်ကိုသွားပြီး အားပေးနှစ်သိမ့်တာတွေ လုပ်ပေးခဲ့ပါတယ်” ဟု သထုံမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် (၂) မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ပြောကြားသည်။

“ဒီဖြစ်စဉ်က နောက်နောင်ဒါမျိုး မဖြစ်ရလေအောင် အစိုးရကို သတိပေးလိုက်တာနဲ့ အတူတူပါပဲ။ ဒါမျိုးဖြစ်စဉ်တွေ ရှိနေတယ်။ ဒီလိုမျိုး ဟောင်းနွမ်းနေတဲ့ မီးတိုင်တွေ၊ ဒီလိုမျိုး ဆွေးမြည့်နေတဲ့ မီးကြိုးတွေ ရှိနေတယ်။ အသက်အန္တရာယ် ဖြစ်ပေါ်လာနိုင်တဲ့ အနေအထားမျိုးတွေ ရှိနေတယ် ဆိုတာကို အစိုးရကို သတိပေးလိုက်တာနဲ့ တူပါတယ်။ အစိုးရ အနေနဲ့လည်း ဒါတွေကို အထူးဂရုပြု အလေးထားဖို့ ပိုပြီးလိုအပ်ပါတယ်” ဟု ဒေါ်ခိုင်ခိုင်လဲ့က ဆက်လက်ပြောကြားသည်။

မဇွန်ဖူးဝေ သေဆုံးသွားမှုနှင့် ပတ်သက်၍ သထုံမြို့မရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် (၁၁/၂၀၁၈) ရေးဖွင့်ကာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇူလိုင် ၂၀ ရက် ညပိုင်းက လေပြင်း တိုက်ခိုက်မှုများကြောင့် သထုံမြို့ နန်းခဲရပ်ကွက်အတွင်း လူနေအိမ် လေးလုံး၊ မြေနီကုန်းကျေးရွာတွင် နေအိမ်သုံးလုံး အမိုးလန်ပျက်စီးခြင်း၊ လိပ်အင်းရပ်ကွက်၊ နွားထောင်လမ်းရှိ စိန်ကုန်းကျောင်း အ.မ.က ကျောင်းတွင် အခန်း ငါးခန်းပါ စာသင်ဆောင် တစ်ဆောင်၌ အခန်း လေးခန်းမှာ သွပ်၊ ဒိုင်း၊ မြားများ ပျက်စီးခဲ့ကြောင်း သိရသည်။

သထုံမြို့နယ် အလံတစ်ရာကျေးရွာမှ ခွန်တန် (ခ) ဇာတ်လိုက်ပါခုနစ်ဦးကို အုပ်ထိန်းမှုအောက်ရှိ အသက်မပြည့်သေးသည့် မိန်းကလေးအား ခိုးယူပေါင်းသင်းမှု၊ အားပေးကူညီမှုများဖြင့် အမှုဖွင့်ထားဟုဆို

လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော ခွန်တန် (ခ) ဇာတ်လိုက်ဆိုသူ၏ ဓာတ်ပုံများ

မွန်ပြည်နယ် သထုံမြို့နယ် ဇရစ်ချောင် ကျေးရွာအုပ်စု အလံတစ်ရာကျေးရွာမှ ခွန်တန် (ခ) ဇာတ်လိုက်ပါ ခုနစ်ဦးအား အုပ်ထိန်းမှုအောက်တွင်ရှိသော အသက်မပြည့်သေးသည့် မိန်းကလေးအား ခိုးယူပေါင်းသင်းမှုနှင့် အားပေးကူညီမှုများဖြင့် အောက်တိုဘာ၂၄ ရက်က သထုံမြို့ မရဲစခန်းတွင် နစ်နာသူအမျိုးသမီးတစ်ဦး၏ ဖခင်ဖြစ်သူက လာရောက်အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

“ခွန်တန် (ခ) ဇာတ်လိုက်နဲ့ ပတ်သက်ပြီး အောက်တိုဘာ ၂၄ ရက်ကနစ်နာသူ အမျိုးသမီးတစ်ဦးရဲ့ ဖခင်က လာရောက်အမှုဖွင့် လှစ်ထားပါတယ်။ ၃၆၃/ ၃၆၆/ ၁၁၄ အရ အမှုလက်ခံထားပါတယ်။ အဓိပ္ပာယ်ကတော့ အလိုမတူဘဲ အသက်မပြည့်သေးတဲ့ မိန်းကလေးကို ခိုးယူပေါင်းသင်းတာနဲ့ အားပေးကူညီတဲ့ အဓိပ္ပာယ်ပါပဲ။ ခွန်တန်ပါအားလုံး ခုနစ်ဦးကို အမှုဖွင့်ထားပါတယ်”ဟု သထုံမြို့ မရဲစခန်းမှူး ဒုရဲမှူးမောင်မောင်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

အမှုဖြစ်စဉ်မှာ ၂၀၁၅ ခုနှစ် အောက်တိုဘာလအတွင်းက သထုံမြို့နယ် ဇရစ်ချောင်ကျေးရွာအုပ်စု အလံတစ်ရာကျေးရွာ၊ ဗုဒ္ဓသစ္စာရပ်ကွက်နေ ဦးဝင်းညွန့် (၅၁) နှစ် (ဘ) ဦးထွန်းမြိုင်သည် နေအိမ်၌ မိသားစုနှင့်အတူရှိနေစဉ် တစ်ရွာတည်းနေလှထွန်း (နိဗ္ဗာန်ဆော်)၊ အောင်မြတ်စိုး (လူပျိုခေါင်း)၊ ၀င်းဗိုလ် (ခွန်တန် (ခ) ဇာတ်လိုက်၏ ညာလက်ရုံး) တို့ ရောက်ရှိလာပြီး လှထွန်းက “ခင်ဗျားထီ ပေါက်ပြီ။ ခွန်တန် (ခ) ဇာတ်လိုက်က ခင်ဗျား သမီး မ . . . . ကို လက်ချည် (လက်ထပ်) မယ်” ဟု ပြောဆိုရာသမီးမှာ ကျောင်းသူ အသက် (၁၅) နှစ်ပဲ ရှိသေးသည့်အတွက် လက်မခံနိုင်ကြောင်း ဦးဝင်းညွန့်က ပြန်လည်ပြောဆိုရာ ၎င်းတို့မှာ အိမ်ပေါ်မှ ဆင်းသွားကြပြီး နောက်နေ့နံနက်တွင် သမီး မ . . . . မှာပအိုဝ်းဗုဒ္ဓဘာသာ စာသင်ကျောင်းသို့ တက်ရန်နှင့် သူငယ်ချင်းအိမ်တွင် အိပ်ရင်း စာကျက်မည်ဟုပြောကာ ထွက်သွားခဲ့ရာ နောက်သုံးရက်အကြာတွင် သားဖြစ်သူကျော် ဇေယျက အစ်မဖြစ်သူ မ . . . . မှာ ကျောင်းမတက်ကြောင်း ပြောပြ၍ စုံစမ်းခဲ့ရာ ခွန်တန် (ခ) ဇာတ်လိုက်၏ ယခင်ဘ၀မှ ဖခင်တော်စပ်သူဟု ရွာမှယုံကြည်လက်ခံထားသူ သန်းလေး၏ အိမ်တွင် မ . . . .  အား ခွန်တန် (ခ) ဇာတ်လိုက်က ခေါ်ယူထားကြောင်း သိရှိရသဖြင့် နိဗ္ဗာန်ဆော် လှထွန်း၏ နေအိမ်သို့ သွားရောက်ကာ သမီးနှင့် ခွန်တန် (ခ) ဇာတ်လိုက်အား သဘောမတူကြောင်း၊ သမီးဖြစ်သူမှာ ငယ်သေးသည့်အတွက် အိမ်ပြန်ပို့ပေးပါရန် ပြောဆိုရာ လှထွန်းက နောက်နေ့တွင် ပို့ပေးပါမည်ဟုပြော၍ နေအိမ်သို့ ပြန်လာခဲ့သော်လည်း ပြန်လည်ပို့အပ်ခြင်းမရှိ၍ ဇရစ်ချောင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ထံ သွားရောက်အကြောင်းကြားခဲ့ပြီး ဦးဝင်းညွန့်က အဖြစ်အပျက်အား သွားရောက်ရှင်းပြခဲ့ရာ အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်က ယခင်နှစ်ကလည်း ၎င်းထိုင်းနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်နေစဉ် သမီးကြီးဖြစ်သူ မ . . . .  အား ခွန်တန် (ခ) ဇာတ်လိုက်မှ လက်ချည်ခဲ့ပြီးပြီ ယခုလည်း အငယ်မကို လက်ချည်ပြန်ပြီဟု ပြောပြမှသာ သိရှိရကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးသန့်ဇင်က ဦးဝင်းညွန့်ရှေ့တွင် လှထွန်းအားခေါ်ယူကာ မိဘသဘော မတူ၊   အရွယ်မရောက်သေးသည့် မိန်းကလေးအား အဓမ္မဘာ့ကြောင့် ဆောင်ရွက်သလဲဟု မေမြန်းရာ လှထွန်းက ခွန်တန် (ခ) ဇာတ်လိုက်၏ ယခင်ဘ၀မှ ဖခင်တော်စပ်သည့် သန်းလေးမှခိုင်းလို့ လုပ်ရကြောင်း ပြောသဖြင့် အုပ်ချုပ်ရေးမှူးက သန်းလေးထံ ချက်ချင်းဖုန်းဆက်၍ ခေါ်သဖြင့် ရောက်ရှိလာခဲ့ရာ ဦးသန့်ဇင်က ဖခင်သဘောမတူကြောင်း၊ ချက်ချင်းပြန်ပို့ပေးရန် ပြေဆိုရာမှ ယင်းနေ့ ည ၉ နာရီ ၁၅ မိနစ်တွင် သန်းလေး၊ ခွန်တန် (ခ) ဇာတ်လိုက်၏ ယာဉ်မောင်း မောင်ခင်၊ လှထွန်း၊ ၀င်းဗိုလ်၊ အောင်မြတ်စိုး၊ ဆင်ကြီးဆိုသူတို့က နေအိမ်သို့ လာရောက်ပို့အပ်ချိန်တွင် သန်းလေးက ဦးဝင်းညွန့်အား ဘုရားဝင်းအတွင်း နေထိုင်ပြီး ဘုရားစိတ်ဓာတ်  မရှိဘူးဟု ပြောဆိုသည့်အပြင် သမီးဖြစ်သူ မ . . . . နှင့် ဇနီးဖြစ်သူ ဒေါ်အေးဝင်းတို့က သဘောတူပါက ခင်ဗျားအနေနဲ့ သဘောတူရမယ်။ မနက်ဖြန် ၈နာရီ အကြောင်းပြန်ကြား ရန်ပြောဆိုလာသဖြင့် ဦးဝင်းညွန့်က မနက် မဟုတ်ဘူး။ အခုပဲ အကြောင်းပြန်မယ်။ လုံးဝ (လုံးဝ) သဘောမတူဘူး။ လက်မခံနိုင်ကြောင်း ပြတ်ပြတ်သားသားပြောဆိုကာ ခင်ဗျားတို့ ပြန်တော့ဟု မောင်းထုတ်ခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

နောက်နေ့နံနက် ၇ နာရီခန့်တွင် သမီးဖြစ်သူ မ . . . . မှာ ဗုဒ္ဓဘာသာစာပေ သင်ကြားရန် ကျောင်းသို့ ထွက်သွားခဲ့ရာမှ နောက်နေ့အထိ ပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့် စုံစမ်းခဲ့ရာခွန်တန် (ခ) ဇာတ်လိုက်က     မ . . . . အား ၎င်း၏ ယာဉ်မောင်းမောင်ခင် မောင်းနှင်သည့် ယာဉ်ဖြင့် တောင်ကြီးမြို့သို့ ခေါ်သွားကြောင်း၊ ရက် ၂၀ ခန့်အကြာတွင် ခွန်တန် (ခ) ဇာတ်လိုက်နှင့်သမီးဖြစ်သူ   မ . . .  . တို့ ရွာသို့  ပြန်လည်ရောက်ရှိလာကာ လှထွန်းနှင့် ရွာသား ၁၀ ဦးခန့်က နေအိမ်သို့ ရောက်ရှိလာပြီး လက်ချည်ပွဲပြုလုပ်ရန် ပြောဆိုလာသဖြင့် ဦးဝင်းညွန့်က ခွင့်မပြုလိုသော်လည်း မတတ်သာ၍ လက်ထပ်ပွဲခွင့်ပြုပေးခဲ့ရပြီး လက်ထပ်ပြီးနောက် တစ်လခန့်အကြာတွင် သမီးဖြစ်သူ မ . . . . အား နေအိမ်တွင် မရှိခိုက် ပြန်ပို့ပေးခဲ့သဖြင့် အရွယ်မရောက်သေးသူ မ . . . . အား ခိုးယူသွားသူ ခွန်တန် (ခ) ဇာတ်လိုက်နှင့် လှထွန်း၊ သန်းလေး၊ ၀င်းဗိုလ်၊ အောင်မြတ်စိုး၊ ဆင်ကြီးနှင့် မောင်ခင်တို့အား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူပေးပါရန် ဦးဝင်းညွန့်က တိုင်ကြားခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်ပြီး ခွန်တန် (ခ) ဇာတ်လိုက်ပါ ခုနစ်ဦးအပေါ် သထုံမြို့မရဲစခန်းက (ပ) ၈၈၉/ ၂၀၁၇၊ ရာဇ သတ်ကြီးပုဒ်မ ၃၆၃/ ၃၆၆/ ၁၁၄ အရအမှု ဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ပန်းဦးလွှတ်အရေး ဘယ်လိုဖြေရှင်းကြမလဲ

လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော ခွန်တန် (ခ) ဇာတ်လိုက်ဆိုသူ၏ ဓာတ်ပုံများ

အောက်တိုဘာလလယ်ပိုင်းတွင် မွန်ပြည်နယ် သထုံမြို့နယ်မြောက်ပိုင်း ဇရစ်ချောင် ကျေးရွာအုပ်စုရှိ အလံတစ်ရာ နယ်မြေတွင် လူအများ စိတ်ဝင်စားသည့် သတင်းတစ်ပုဒ် ထွက်ပေါ်ခဲ့သည်။ အဆိုပါသတင်းမှာ အလံတစ်ရာ ဆရာတော်ကြီး ၀င်စားသူဟု ဆိုသူက အသက်မပြည့်သေးသည့် မိန်းကလေးငယ်များကို ပေါင်းသင်း နေထိုင်သည်ဆိုသည့် သတင်းဖြစ်သည်။

အလံတစ်ရာ ဆရာတော်ကြီး ၀င်စားသူဟု ဒေသခံ ပအိုဝ်းတိုင်းရင်းသားများကို လိမ်လည်ထားသူမှာ အသက် ၂၅ နှစ်ရှိ ခွန်တန် (ခ) ဇာတ်လိုက် ဆိုသူဖြစ်ပြီး ကျူးလွန်ခံရသည့် အမျိုးသမီးငယ်များမှာ ရှစ်ဦးအထက်ရှိကြောင်း အဆိုပါဖြစ်စဉ်အား စုံစမ်းဖော်ထုတ်ခဲ့သူ တစ်ဦးက ပြောကြားသည်။

ခွန်တန် (ခ) ဇာတ်လိုက်ဆိုတာ ဘယ်သူလဲ

ခွန်တန် (ခ) ဇာတ်လိုက်ဆိုသူမှာ အသက် ၂၅ နှစ်အရွယ်ရှိသူဖြစ်ပြီး ငယ်ရွယ်စဉ်က ကိုရင်ဝတ်ခဲ့သူ တစ်ဦးဖြစ်ပြီး အသက် ၂၀ ကျော်အရွယ်တွင် လူထွက်ခဲ့သူ ဖြစ်သည်။

ငယ်ရွယ်စဉ်က အလံတစ်ရာဆရာတော်ကြီး ၀င်စားသူဟု နာမည်ကြီးခဲ့သူဖြစ်ပြီး အဆိုပါ ဆရာတော်ကြီး၏ ဒါယိကာ၊ ဒါယိကာမများကို မှတ်မိသူတစ်ဦးဖြစ်သည် ဟုဆိုကာ အလှူခံခဲ့သူ တစ်ဦးဖြစ်ကြောင်း အမည်မဖော်လိုသူ သထုံဒေသခံ တစ်ဦးက ဆိုသည်။

အသက်အရွယ် ကြီးမြင့်လာချိန်တွင် ဒေသခံ တိုင်းရင်းသားများက ကိုးကွယ်လာပြီး ခွန်တန်မှာ လက်နက် ကိုင်ဆောင်ထားကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“သူ့အဖွဲ့တင် မဟုတ်ဘူး။ သူကိုယ်တိုင် လက်နက်ကိုင်တယ်” ဟု အဆိုပါ အမည်မဖော်လိုသူ ဒေသခံက ပြောကြားသည်။

ထို့ပြင် တိုင်းရင်းသား ဒေသခံများ၏ ယုံကြည်မှုကို အခွင့်ကောင်းယူကာ လွန်ခဲ့သည့် ငါးနှစ်ခန့်ကတည်းက ဒေသခံ ပအိုဝ်းတိုင်းရင်းသားများ၏ မိန်းကလေးငယ်များကို သိဒ္ဓိတင်ပေးမည်ဟုဆိုပြီး အတူအိပ်စက်ခဲ့ကြောင်း၊  ဘာသာရေးအကြောင်းပြ လုပ်ဆောင်ခြင်းကြောင့် မိဘများမှာလည်း ပြောဆိုတားဆီးခြင်း မရှိကြောင်း သထုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မာမာခိုင်က ပြောကြားသည်။

“သူက အလံတစ်ရာ ဆရာတော်ဘုရားကြီး ၀င်စားတယ်ဆိုပြီး ရောက်လာတယ်။ အဲဒီမှာလည်း သူက တချို့ကိစ္စတွေ ပြောနိုင်တာရှိတယ်။ ဒါပေမဲ့ ကျွန်မအမြင်ကတော့ ပအိုဝ်းတိုင်းရင်းသားတွေက ရိုးသားကြတယ်။ သူတို့ရင်ထဲမှာ အလံတစ်ရာ ဆရာတော်ဘုရားကြီးကို ကြည်ညိုတဲ့အစွဲဟာ တော်တော်ကြီးကို ရှိတယ်။ သူပြောသမျှကို အလံတစ်ရာ ဆရာတော်ဘုရားကြီး ပြောတယ်လို့ပဲ မှတ်ယူနေကြတယ်။ အဓိကဇာစ်မြစ်က အဲဒါပဲ။ တကယ်လို့သာ ဆရာတော်ဘုရားကြီး ၀င်စားတယ်ဆိုရင် ဆရာတော်ဘုရားကြီးဟာ သူတော်ကောင်း ဖြစ်တဲ့အတွက် ဒီလိုမျိုး ကာမေသုမိစ္ဆာစာရကံ ကျူးလွန်မှာ မဟုတ်ဘူး။ မသိတော့ဘူးပေါ့။ အမှားအမှန်ကို ခွဲခြားနိုင်ခြင်း မရှိတော့ဘူး ဖြစ်သွားတာ” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မာမာခိုင်က ပြောကြားသည်။

ထိုသို့အခြေအနေများကြောင့် မွန်ပြည်နယ်အစိုးရအဖွဲ့က နှစ်ကြိမ်တိုင် သတိပေးထားကြောင်း၊ ဘာသာရေး အကြောင်းပြပြီး ယခုလို ပန်းဦးလွှတ်ခြင်းကိစ္စများ ပေါ်ပေါက်လာသဖြင့် သတိပေးထားခြင်း ဖြစ်ကြောင်း လက်ရှိမွန်ပြည်နယ် ၀န်ကြီးချုပ် ဒေါက်တာအေးဇံက မီဒီယာများကို ပြောကြားထားသည်။

ထိုသို့ဖြစ်စဉ်များကို ဖော်ထုတ်သူများမှာ ခြိမ်းခြောက်ခံရသည့် ဖြစ်စဉ်များရှိနေပြီး ယင်းဖြစ်စဉ်များမှာ ၂၀၁၂ ခုနှစ်မှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အဆိုပါဖြစ်စဉ်အား ဖော်ထုတ်ခဲ့သူ တစ်ဦးက ပြောကြားသည်။

“ဒီကိစ္စတွေက ၂၀၁၂ ခုနှစ်လောက်ကတည်းက ဖြစ်နေတာ။ အာဏာပိုင်တွေဘက်က အဲဒီကတည်းက ဖြစ်နေတာကို သေသေချာချာ အရေးယူပေးမယ်ဆိုရင် ဒီဖြစ်စဉ်က အခုလောက်အထိ ကြီးမလာဘူး” ဟု ၎င်းက ပြောကြားသည်။

ပန်းဦးလွှတ်ခြင်းဖြစ်စဉ်အား ဒေသခံ ပအိုဝ်းတိုင်းရင်းသားများတွင် အများဆုံး ကျူးလွန်ခံရခြင်းဖြစ်ပြီး သထုံမြို့နယ် ဇရစ်ချောင်ကျေးရွာ အုပ်စုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ အမျိုးသမီးငယ်များမှာ ရှစ်ဦးအထက်ရှိကြောင်း ဖြစ်စဉ်ကို ဖော်ထုတ်ခဲ့သူ တစ်ဦးက ပြောကြားသည်။

ခွန်တန်ကို ဘယ်လိုအရေးယူမလဲ

မွန်ပြည်နယ် သထုံမြို့နယ် ဇရစ်ချောင်ကျေးရွာအုပ်စုတွင် ဖြစ်ပွားခဲ့သည့် ယင်းအခြေအနေများကို ပြည်ထောင်စုအဆင့်မှ ပြည်နယ်အစိုးရနှင့် ပူးပေါင်းကာ ကိုင်တွယ်အရေးယူ ဆောင်ရွက်သွားရန်ရှိကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရအောင်ကိုက အောက်တိုဘာ ၁၉ ရက်တွင် ပြည်သူ့လွှတ်တော်သို့ လာရောက်စဉ် မီဒီယာများအား ပြောကြားသည်။

ထိုသို့ပြောကြားခြင်းမှာ မီဒီယာများက မေးမြန်းသည့် အချိန်အထိ ယင်းဖြစ်စဉ်အား ပြည်ထောင်စုဝန်ကြီးက သိရှိခြင်းမရှိဘဲ အနားတွင်ရှိသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မာမာခိုင်အား မေးမြန်းပြီးမှသာ ဖြေကြားနိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ယခုအချိန်မှသာ သိရှိရခြင်းဖြစ်ပြီး တိုင်ကြားစာများလည်း ရောက်ရှိခြင်း မရှိသေးကြောင်း၊ သို့ရာတွင် မွန်ပြည်နယ်အစိုးရနှင့် ပူးပေါင်း၍ အရေးယူသွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။

“ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုဝန်ကြီးဌာန ပူးပေါင်းပြီးတော့ ညှိနှိုင်းအကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ သေချာပေါက် အရေးယူဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

အလံတစ်ရာ ဆရာတော်ဘုရားကြီးအား ပအိုဝ်းတိုင်းရင်းသားများက ဘုရားတစ်ဆူကဲ့သို့ပင် ယုံကြည် ကိုးကွယ်ခဲ့ကြပြီး မိမိနှင့်လည်း ၁၉၈၉ ခုနှစ် ၁၉၉၀ ပြည့်နှစ်ဝန်းကျင်က ဆရာတော်နှင့်အတူ သာသနာ ပြုခဲ့ဖူးကြောင်း၊ ဆရာတော်ဘုရားကြီး ပျံလွန်တော်မူပြီးနောက် သထုံမြို့နယ် အလံတစ်ရာဒေသတွင် အလံတစ်ရာဆရာတော် ၀င်စားသည် ဟုဆိုသည့် ကိုရင်တစ်ပါး ရောက်လာခဲ့သည်ဟု သတင်းကြားရကြောင်း၊ အဆိုပါကိုရင်သည် ဆရာတော် သီတင်းသုံးခဲ့သည့် နေရာ၊ အသုံးအဆောင် ပစ္စည်းများမှအစ အကုန်လုံး အမှန်အတိုင်း ပြန်လည်ပြောပြနိုင်သည်ဟု ဆိုသည့်အတွက်ကြောင့် ရွာသူရွာသား အများစုသည် ဆရာတော် ၀င်စားသည်ဟု အကြွင်းမဲ့ ယုံကြည်ကြကြောင်း သူရဦးအောင်ကိုက ဆိုခဲ့ပြီး ယခုကဲ့သို့ ကျူးလွန်မှုများမှာ ဘာသာရေး ယုံကြည်မှုအပေါ် အမြတ်ထုတ်ပြီး လူမှုရေးချိုးဖောက်မှုတစ်ခု ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက သုံးသပ်ပြောကြားသည်။

“အဲဒီယုံကြည်မှု၊ ရိုးသားမှုကို လူမှုရေးအရ ချိုးဖောက်အမြတ်ထုတ်တာ ဖြစ်တယ်လို့ ဒါခန့်မှန်းလို့ ရပါတယ်။ သုံးသပ်လို့ရပါတယ်။ ဒါကို အမြန်ဆုံး အမှုဖွင့်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်” သူရဦးအောင်ကိုက ပြောကြားသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကလည်း ခွန်တန်အား ဖမ်းဆီးနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး သတင်းပေါက်ကြားမှုကြောင့် လက်ရှိတွင် ရှမ်းပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်း၊ ရှမ်းပြည်နယ် အစိုးရနှင့် ပူးပေါင်း၍ ဖမ်းဆီးသွားမည်ဖြစ်ကြောင်း ဧရာဝတီသတင်းဌာနသို့ ပြောကြားသည်။

သို့သော်ခွန်တန်မှာ သြဂုတ်လကတည်းက ထွက်ပြေးခဲ့ခြင်းဖြစ်ပြီး အစိုးရ၏ ကိုင်တွယ်မှုမှာ အားနည်းကြောင်း အဆိုပါဖြစ်စဉ်အား စုံစမ်းဖော်ထုတ်ခဲ့သူ တစ်ဦးက ဝေဖန်ပြောကြားသည်။

“သူထွက်ပြေးသွားတာက ရှစ်လပိုင်းကတည်းက ထွက်ပြေးသွားတာ။ ပြောချင်တာကတော့ သာသနာ့နယ်မြေလို့ ကြွေးကြော်ထား တဲ့ အလံတစ်ရာဒေသကို သန့်ရှင်းစင်ကြယ်အောင် လုပ်ဆောင်ပေးစေ လိုပါတယ်” ဟု အဆိုပါ စုံစမ်းဖော်ထုတ်သူက ဆိုသည်။

ထိုသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ပြီး ဖော်ထုတ်ဖမ်းဆီးမည်ဟု မွန်ပြည်နယ် ၀န်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားခြင်းနှင့် ပတ်သက်၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ အတွင်းရေးမှူး ဦးစိုးစိုးဇော်အား အောက်တိုဘာ ၂၂ ရက် နံနက်က ဖုန်းဖြင့်ဆက်သွယ် မေးမြန်းရာ ယင်းကိစ္စအား နယ်လုံဝန်ကြီးမှသာ သိနိုင်မည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် သိရှိခြင်း မရှိသေးကြောင်း ပြန်လည်ဖြေကြားသည်။

ထိုသို့ဖြစ်စဉ်များကို ဖော်ထုတ်ခဲ့သည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့နှင့် ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်စံဝင့်ခိုင်တို့မှာ ခြိမ်းခြောက်ခံရသည့် ဖြစ်စဉ်များရှိကြောင်း သိရသည်။

“၀န်ကြီးနဲ့ကျွန်မ လုပ်ရတာ အခက်အခဲပေါင်းများစွာ ရင်ဆိုင်ရပါတယ်။ အခုချိန်အထိ ၀န်ကြီးကို တစ်ချိန်လုံး သတ်မယ်လို့ ခြိမ်းခြောက်တဲ့ Message တွေလာပါတယ်။ ကျွန်မဆီကိုလည်း Message ပေါင်းများစွာ ပို့ပါတယ်။ တစ်ချိန်လုံး သတ်မယ်ဆိုပြီး ခြိမ်းခြောက်ပါတယ်။ အဲဒီဖြစ်စဉ် ကျွန်မတို့နှစ်ယောက် အခုလက်ရှိ ကြုံနေရတာပါ” ဟု အောက်တိုဘာ ၁၇ ရက်က မော်လမြိုင်မြို့ ငွေမိုးဟိုတယ်တွင် ပြုလုပ်သော ကျား/မရေးရာ အခြေပြု အကြမ်းဖက်မှု သတင်းအချက်အလက်ဆိုင်ရာ ပူးပေါင်းညှိနှိုင်းမှု အစည်းအဝေးတွင် ဒေါ်ခိုင်ခိုင်လဲ့က ပြောကြားသည်။

ယင်းဖြစ်စဉ်တွင် အသက်အရွယ် ငယ်ရွယ်သူများ ပါဝင်ခြင်းကြောင့် ကလေးသူငယ် မုဒိမ်းမှုဖြင့် အရေးယူ ဆောင်ရွက်နိုင်ပြီး ဘာသာသာသနာ အကြောင်းပြ လုပ်ဆောင်ခြင်းကြောင့် သာသနာကို ညစ်နွမ်းစေသဖြင့် အရေးယူ ဆောင်ရွက်ရမည်ဖြစ်ကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူ Equility Myanmar မှ ဦးအောင်မျိုးမင်းက ပြောကြားသည်။

“အခု ကျွန်တော်တို့ ပြောနေကြတဲ့ အသက်ငယ်တဲ့သူတွေကို ကျူးလွန်တဲ့ သက်ငယ်မုဒိမ်းပေါ့။ ဒီအောက်မှာ အများကြီး အကျုံးဝင်တယ်။ နောက်တစ်ခုက ဘာသာ၊ သာသနာကို အကြောင်းပြတဲ့ အတွက်ကြောင့် ဘာသာ၊ သာသနာကို ညစ်နွမ်းစေမှုနဲ့ ထပ်အရေးယူရမယ်” ဟု ဦးအောင်မျိုးမင်းက ပြောကြားသည်။

လက်ရှိတွင် ကျူးလွန်ခံရသည့် ကလေးငယ်များ၏ အုပ်ထိန်းသူများကိုယ်တိုင် ကြောက်ရွံ့မှုများ ရှိနေသဖြင့် ၎င်းတို့အား အားပေးထောက်ခံမှု၊ ၀န်းရံမှုများ ပြုလုပ်ကာ အမှုဖွင့်အရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း အဆိုပါ ဖြစ်စဉ်အား ဖော်ထုတ်ခဲ့သူ တစ်ဦးက ပြောကြားသည်။

“မိဘတွေကိုယ်တိုင်က အကြောက်လွန်တာတွေ ရှိနေတယ်။ သူတို့ကို လူရှေ့သူရှေ့မှာ ထုတ်ဖော် ပြောကြားနိုင်အောင် မနည်းဆွဲထုတ်နေရတယ်။ အားပေးမှု၊ ၀န်းရံမှုတွေ လုပ်နေရတာပေါ့” ဟု ၎င်းက ပြောကြားသည်။

လူ့အခွင့်အရေးရှုထောင့်က ဘယ်လိုမြင်လဲ

မွန်ပြည်နယ်ဖြစ်စဉ်မှာ ရိုးရာဓလေ့ ထုံးတမ်းအစဉ်အလာများအရ ယုံကြည်မှုနှင့် သက်ဆိုင်ခြင်း ဖြစ်သော်လည်း နိုင်ငံတကာ လူ့အခွင့်အရေးအရ လူတစ်ဦး၊ လူတစ်စု၏ ဂုဏ်သိက္ခာကို ထိခိုက်နစ်နာစေသည့် ကျင့်စဉ်တစ်ခု ဖြစ်ပါက တားဆီးပိုင်ခွင့်ရှိကြောင်း ဦးအောင်မျိုးမင်းက ပြောကြားသည်။

“လူတစ်ဦး၊ လူတစ်စုကို ထိခိုက်နစ်နာ စေတယ်ဆိုရင် တားဆီးရမယ်၊ ထိန်းသိမ်းရမယ် ဆိုတာကို အဓိပ္ပာယ် ဖွင့်ဆိုထားတယ်။ ခုနက လိုကိစ္စဆိုရင် ဘာသာရေး ကျင့်စဉ်တစ်ခုလို ဖြစ်တယ်။ ဒါပေမဲ့ အမျိုးသမီးငယ်တွေ၊ ဒါမှမဟုတ်ရင် လူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ထိခိုက်မယ်ဆိုရင် တားဆီးသင့်ရင် တားဆီးရမှာပဲ” ဟု ဦးအောင်မျိုးမင်းက ဆိုသည်။

အိန္ဒိယနိုင်ငံတွင် အသက်ငယ်စဉ်တွင် လက်ထပ်ပေးသည့် အစဉ်အလာတစ်ခု ရှိခဲ့ကြောင်း၊ ဘာသာရေးကျင့်စဉ် တစ်ခုအဖြစ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သော်လည်း လက်ရှိတွင် ဥပဒေများထုတ်ပြန်ကာ တားဆီးလျက်ရှိကြောင်း၊ လက်ရှိမွန်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်မှာ လူ့အခွင့်အရေး ရှုထောင့်အရ ကြည့်ရှုမည် ဆိုပါက လက်ခံနိုင်ဖွယ်မရှိကြောင်း ဦးအောင်မျိုးမင်းက ပြောကြားသည်။

“အရင်က လင်ယောက်ျား သေပြီဆိုရင် မိန်းမက မီးပုံထဲ ခုန်ချခဲ့ရတာတွေရှိတယ်။ ဘာသာရေး အယူကြောင့်လို့ပဲဆိုဆို အခုဆို ဥပဒေတွေနဲ့ တားဆီးနေပြီ။ အခု မွန်ပြည်နယ်ကိစ္စဆိုရင် လက်ခံနိုင်ဖွယ်ရာ မရှိဘူး။ ဖြစ်စဉ်ထဲမှာ ကျူးလွန်ခံရတဲ့သူတွေက ကလေးငယ်တွေများတယ်။ သူတို့ကို ကာကွယ်ပေးရမယ့်အစား သူတို့က ကျူးလွန်ခံတယ်ဆိုတော့ ဆိုဖွယ်ရာ မရှိတော့ဘူး” ဟု ၎င်းက ဆိုသည်။

ယင်းကဲ့သို့ ကလေးငယ်များ ကျူးလွန်ခံရသည့် ဖြစ်စဉ်များမှာ ကျေးလက်ဒေသများတွင် အများစု ဖြစ်ပွားလျက်ရှိပြီး တစ်ခုခုဖြစ်ပြီ ဆိုပါက နတ်၊ စုန်း စသည်တို့ကို အယုံလွယ်ကြောင်း၊ ထိုမှတစ်ဆင့် အကြောက်လွန်၍ ယုံကြည်မှု လွန်ကဲခဲ့ခြင်းဖြစ်ကြောင်း၊ ဆင်ခြင်တုံတရားဖြင့်သာ ထိန်းသိမ်းနိုင်မည် ဖြစ်ကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။

“လူတွေက ဆန္ဒကို သိက္ခာနဲ့ ထိန်းရမယ်။ အခုလိုခေတ်ကြီးထဲမှာ ဘယ်ဟာတွေကတော့ မှန်ကန်တယ်။ ဘယ်ဟာတွေကတော့ မဖြစ်သင့်တဲ့ဟာတွေဆိုတာ မှန်ကန်သော နည်းလမ်းနဲ့ သွန်သင်ဆုံးမမှု လိုအပ်တယ်။ ဒါမျိုးတွေဖြစ်လာရင် တိကျမှန်ကန်သော တရားဥပဒေအတိုင်း မျက်နှာမလိုက်ဘဲ အရေးယူ ဆောင်ရွက်မှုတွေ အများကြီး လိုအပ်ပါတယ်” ဟု ဦးအောင်မျိုးမင်းက ပြောကြားသည်။

လက်ရှိဖြစ်စဉ်များမှာ နှစ်ကာလကြာမြင့်စွာ ဖြစ်ပွားခဲ့ခြင်းကြောင့် မည်မျှအထိ နစ်နာဆုံးရှုံးမှုများ ရှိနေသည်ကို မည်သူမျှ အတိအကျ မသိနိုင်ကြောင်း၊ အစိုးရအနေဖြင့် တိကျမှန်ကန်စွာ လုပ်ဆောင်ပေးရန် တိုက်တွန်းလိုကြောင်း ဦးအောင်မျိုးမင်းက ဆိုသည်။

“ဘယ်သူတွေ ဘယ်လောက်နစ်နာခဲ့လဲ ဆိုတာက ဘယ်သူမှ အတိအကျ မသိနိုင်ဘူး။ ဒါဖြစ်နေတာက သတင်းတွေအရဆို ကြာနေပြီလေ။ အစိုးရအနေနဲ့ တရားဥပဒေအထက်မှာ ဘယ်သူမှမရှိဘူး ဆိုတာကို ဒီလိုဖြစ်စဉ်မှာ ပြသနိုင်ရမယ်။ ဘယ်လိုပုံစံတွေပဲ ရှိနေပါစေ ဘယ်လိုနောက်ခံတွေပဲ ရှိနေပါစေ။ နစ်နာမှုတွေကို အမြန်ဆုံး ဖော်ထုတ်ပေးရမယ်” ဟု ၎င်းကဆက်လက် ပြောကြားသည်။

သမိုင်းပညာရှင် အချို့၏ ရေးသားချက်များအရ ပုဂံခေတ်တွင် အရည်းကြီးများက မိန်းကလေးငယ်များအား ပန်းဦးလွှတ်သည်ဆိုသည့် ဖြစ်စဉ်များရှိခဲ့ပြီး လက်ရှိ နည်းပညာ ခေတ်တွင်လည်း အလားတူဖြစ်စဉ်မှာ မွန်ပြည်နယ်၌ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ထို့အတူ လူ့အခွင့်အရေးနှင့် ပတ်သက်၍ ပညာပေးလှုပ်ရှားမှုများ မြန်မာနိုင်ငံတွင် အရှိန်အဟုန်ဖြင့် လုပ်ဆောင်နေချိန်တွင် လူ့အခွင့်အရေး ဆိုးဆိုးရွားရွား ချိုးဖောက်ခံရမှု များလည်း ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဖြစ်စဉ်များမှာ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မည် ဟူသော ကြွေးကြော်မှုဖြင့် အနိုင်ရရှိခဲ့သည့် လက်ရှိအစိုးရအတွက် စိန်ခေါ်မှုတစ်ရပ်ပင်ဖြစ်သည်။ သို့သော် ခွန်တန် (ခ) ဇာတ်လိုက်ဆိုသူမှာ လွတ်မြောက်နေဆဲပင်…။