သတင်းထောက်နှစ်ဦး လွတ်မြောက်ရေးအတွက် ဘင်္ဂါလီဒုက္ခသည်များက ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြောင်း ရိုက်တာသတင်းဌာန ဖော်ပြ

သတင်းထောက်နှစ်ဦး ပြန်လွှတ်ပေးရန် ကောစ့်ဘဇာမြို့ရှိ Teng Khali ဒုက္ခသည်စခန်းမှ ဘင်္ဂါလီများ စက်တင်ဘာ ၅ ရက်နေ့က တောင်းဆိုနေစဉ် (Photo: Reuters)

ထောင်ဒဏ် ခုနစ်နှစ်ချမှတ်ခံရသော ရိုက်တာသတင်းထောက်နှစ်ဦး လွတ်မြောက်ရေးအတွက် ဘင်္ဂါလီဒုက္ခသည်များက ဘင်္ဂလားဒေ့်ရှ်နိုင်ငံ ကောစ့်ဘဇာမြို့တွင်ရှိသော Teng Khali ဒုက္ခသည်စခန်းတွင် ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြကြောင်း ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရ သိရှိရသည်။

လူအယောက် (၅ဝ) ခန့်ရှိသော ဘင်္ဂါလီဒုက္ခသည်အုပ်စုက ဘင်္ဂါလီအဖွဲ့အစည်းနှင့် ပတ်သက်သော သတင်းအား ဖော်ပြခဲ့ခြင်းကြောင့် ဖမ်းဆီးထောင်ချခံခဲ့ရသော ရိုက်တာသတင်းဌာနမှ ဝလုံးနှင့် ကျော်စိုးဦးတို့၏ မျက်နှာပါရှိသော ဆိုင်းဘုတ်များနှင့် “ဝလုံးနှင့် ကျော်စိုးဦးကို လွှတ်ပေး” ဟု ရေးသားထားသော ဆိုင်းဘုတ်များ ကိုင်ဆောင်ထားခဲ့ကြပြီး “လွှတ်ပေး” ဟု ရွတ်ဆိုခဲ့ကြကာ တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း ရိုက်တာသတင်းတစ်ရပ်အရ သိရှိရသည်။

ဆန္ဒပြခဲ့သော ဒုက္ခသည်များထဲတွင် အင်ဒင်ကျေးရွာတွင် သေဆုံးခဲ့သော ဘင်္ဂါလီများ၏ ဆွေမျိုးများပါရှိကြောင်းနှင့် အဆိုပါ ဘင်္ဂါလီများက ဖမ်းဆီးခံရသော ရိုက်တာသတင်းထောက်များ၏ မိသားစုအား သနားမိသည်ဟု ပြောဆိုကြောင်း ယင်းသတင်းဖော်ပြချက်တွင် ပါရှိခဲ့ကြောင်းလည်း သိရှိရသည်။

စက်တင်ဘာ ၃ ရက်က ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦးအား အမိန့်ချခဲ့သည့် တရားခွင်သို့ အမေရိကန်သံရုံးမှ သံအမတ်နှင့် တာဝန်ရှိသူများ၊ အီးယူမှ တာဝန်ရှိသူများ တက်ရောက် နားထောင်ခဲ့ကြကြောင်း သိရသည်။

သတင်းထောက်နှစ်ဦးအား အမိန့်ချမှတ်ပြီး မကြာမီတွင် ၎င်းတို့အား ပြန်လွှတ်ပေးရန် အမေရိကန်၊ ဗြိတိန်၊ အီးယူ စသည့် နိုင်ငံများမှ ထုတ်ပြန်ချက်များဖြင့် တောင်းဆိုခဲ့ကြသည်။

ရိုက်တာ သတင်းဌာနမှ မြန်မာ သတင်းထောက်နှစ်ဦးအမှု နှစ်ဖက်သက်သေများ စစ်ဆေးမှုပြီးစီးသဖြင့် လာမည့်ရုံးချိန်းတွင် နှစ်ဖက်လျှောက်လဲချက် ပေးမည်

ရိုက်တာ သတင်းဌာနမှ မြန်မာ သတင်းထောက်နှစ်ဦးအား သြဂုတ် ၆ ရက်က ရုံးထုတ်လာစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ရိုက်တာ သတင်းဌာနမှ မြန်မာ သတင်းထောက်နှစ်ဦးဖြစ်သော ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ အမှုတွင် နှစ်ဖက်သက်သေ စစ်ဆေးမှု သြဂုတ် ၆ ရက်က ရုံးထုတ်ခဲ့သော ၃၅ ကြိမ်မြောက် ရုံးချိန်းတွင် ပြီးစီးခဲ့သဖြင့် လာမည့် ရုံးချိန်းတွင် နှစ်ဖက်ရှေ့နေများ လျှောက်လဲချက် ပေးမည်ဖြစ်ကြောင်း သိရသည်။

လျှောက်လဲချက်အား ကြားနာမည့် ရုံချိန်းကို သြဂုတ် ၂၀ ရက်သို့ ချိန်းဆိုခဲ့ပြီး နောက်ရုံးချိန်းတွင် အပြီးသတ် အမိန့်ချမည်ဖြစ်ကြောင်း သိရသည်။

သတင်းထောက်နှစ်ဦး၏ ရှေ့နေ တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က “ လာမည့်အပတ်က လျှောက်လဲချက် ပေးမှာပါ။ အပြီးသတ် လျှောက်လဲချက်လို့ ခေါ်တယ်။ အမှုမှာ တရားလိုနဲ့ တရားလိုပြ သက်သေတွေ ထွက်ဆိုချက်၊ နောက်တစ်ခါ စွပ်စွဲခံရတဲ့ သူတွေနဲ့ သူတို့ရဲ့ပြတဲ့ သက်သေတွေရဲ့ ထွက်ဆိုချက်တွေကို ခြုံငုံပြီးတော့ ဒီဟာသည် ပြစ်မှု မမြောက်ကြောင်း၊ အပြစ်မပေးသင့်ကြောင်း ကျွန်တော်တို့ဘက်က လျှောက်လဲချက် ပေးမှာပါ။ ဒီဟာပြီးရင်တော့ အမိန့်ချမှာပါ” ဟု ရုံးချိန်းအပြီးတွင် မီဒီယာများအား ပြောကြားသည်။

ယနေ့ ရုံးချိန်းတွင် Yangon Journalism School (YJS) မှ ဆရာ ဦးရဲနိုင်မိုးနှင့် ကိုဝလုံး၏ သူငယ်ချင်း ကိုသန့်ဇင်စိုးတို့ နှစ်ယောက်ကို စစ်ဆေးခဲ့ကြောင်း သိရသည်။

Yangon Journalism School (YJS) မှ ဆရာ ဦးရဲနိုင်မိုးက “အဓိကအားဖြင့် ကိုဝလုံးတို့ ကိုကျော်စိုးဦးတို့ကို ပုဂ္ဂိုလ်ရေးအရ ကျွန်တော့် သင်တန်းတွေမှာ ပါဝင်ခဲ့လို့ သိခဲ့တဲ့ အကြောင်းပေါ့။ နောက်ပြီးတော့ သူတို့ရဲ့ အလုပ်လုပ်ကိုင်ပုံတွေ သူတို့ အကျင့်စာရိတ္တတွေ၊ ကျင့်ဝတ်တွေကို ကျွန်တော့် အမြင်သုံးသပ်ချက်နဲ့ ပြောပါတယ်။ အဓိကထားပြီး ထွက်ဆိုတာက ကျွန်တော်တို့ သတင်းစာ ဆရာတွေက လူ့အဖွဲ့အစည်းမှာ ဘယ်လိုတာဝန်တွေနဲ့ ရပ်တည်သလဲပေါ့။ အဲဒီဟာနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးတယ်။ မီးမောင်းထိုးပြပြီး ဆွေးနွေးခဲ့တာကတော့ ကျွန်တော်တို့တွေဟာ လူ့အဖွဲ့အစည်းထဲမှာ အရာအားလုံး အဆင်ပြေ ကောင်းမွန်နေတာကိုပြောဖို့က ကျွန်တော်တို့တာဝန် မဟုတ်ဘူး။ တကယ် စစ်မှန်တဲ့ သတင်းစာဆရာဆိုတာ လူ့အဖွဲ့အစည်းမှာ မှားယွင်းနေတာတွေ၊ ပြဿနာတွေကို ဖော်ထုတ်ပြဖို့က ကျွန်တော်တို့ရဲ့ တာဝန်လို့ ထွက်ဆိုခဲ့ပါတယ်” ဟု မီဒီယာများအား ပြောကြားသည်။

မူလက စွပ်စွဲခံရသူများဘက်မှ သက်သေ ကိုဝလုံးနှင့် ကိုကျော်စိုးဦး အပါအ၀င် ယာဉ်မောင်း၊ ဆရာ ဦးရဲနိုင်မိုး၊ ကိုသန့်ဇင်စိုး၊ တယ်လီနော နည်းပညာဆိုင်ရာ တာဝန်ခံ ခြောက်ဦး တင်ထားခဲ့သော်လည်း တယ်လီနော နည်းပညာဆိုင်ရာ တာဝန်ခံကို ယနေ့ရုံချိန်းတွင် ပယ်ဖျက်လိုက်ကြောင်း သိရသည်။ ထို့ကြောင့် စွပ်စွဲခံရသူများဘက်မှ သက်သေ စစ်ဆေးရန် မရှိတော့ကြောင်း သိရသည်။

တယ်လီနော နည်းပညာဆိုင်ရာ တာဝန်ခံအရာရှိမှာ ပြည်ပမှဖြစ်ပြီး သြဂုတ် ၇ ရက်တွင် ပြည်တွင်းသို့ လာနိုင်ကြောင်း၊ နိုင်ငံခြား သက်သေအတွက် စကားပြန် လိုအပ်၍ စွပ်စွဲခံရသူဘက်က တင်ပြသော်လည်း အဆိုပါ စကားပြန်ကို ရုံးတော်မှ လက်မခံခဲ့ကြောင်း၊ ရုံးတော်၏ ပြောကြားမှုအရ နိုင်ငံခြားဘာသာ တက္ကသိုလ်မှ စကားပြန် ခေါ်ယူခြင်းသည်လည်း တယ်လီနောအရာရှိ လာမည်ရက်နှင့် မကိုက်ညီသောကြောင့် ပယ်ဖျက်လိုက်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က ပြောကြားသည်။

ယင်းသို့ ပယ်ဖျက်လိုက်သော်လည်း အမှုအပေါ် ထိခိုက်နိုင်မှု မရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဆက်လက်၍ တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က တရားလိုနှင့် တရားလိုပြ သက်သေများ၏ ထွက်ဆိုချက်အရ ကိုဝလုံးနှင့် ကျော်စိုးဦးတို့ လက်ထဲတွင် တွေ့သည်ဆိုသော စာရွက်စာတမ်းများမှာ မည်သူပေးသည်ဆိုခြင်း မပေါ်ပေါက်ကြောင်း၊ မည်သည့် အစိုးရ မည်သည့်ဌာနက ပျောက်သွားသည်ဆိုခြင်း မပေါ်ပေါက်ကြောင်း၊ မည်သည့် သက်သေမှလည်း မပြောနိုင်ကြောင်း၊ သို့သော် ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင် တစ်ယောက်သာ နောက်ကွယ်မှ အဖြစ်အပျက်၊ မည်သူက ခိုင်းသည်ဆိုခြင်းကို ထွက်ဆိုခဲ့ကြောင်း၊ စာရွက်စာတမ်းများ ပျောက်ဆုံးသည်ဟု ဆိုကာ မည်သည့်ဌာနကိုမှ အရေးယူထားခြင်း မရှိကြောင်း ပြောကြားသည်။

“စာရွက်စာတမ်းတွေနဲ့ ပတ်သက်ပြီးတော့ ပျောက်ပါတယ် ဆိုပြီးတော့ ဘယ်ဌာနကမှ ဘယ်သူ့ကိုမှ အရေးယူထားတာ မရှိဘူး။ အမှန်တကယ် လက်ထဲမှာ ရတယ်ဆိုရင် ပေးသူရှိလို့။ အဲဒီတော့ ဒီလျှို့ဝှက် စာရွက်စာတမ်းတွေ ပေးသူကို အရေးယူထားတာ မရှိဘူး။ ပေးသူတောင် အရေးယူခံရခြင်း မရှိဘူးဆိုရင် ခံရတဲ့သူတွေက ပိုပြီးတော့ အပြစ်မရှိဘူး”ဟု တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင် ကဆိုသည်။

ရိုက်တာ သတင်းဌာနမှ မြန်မာသတင်းထောက် ကိုသက်ဦးမောင် (ခေါ်) ၀လုံးနှင့် ကိုကျော်စိုးဦး(ခေါ်) ကိုမိုးအောင်တို့နှစ်ဦးကို အစိုးရ လျှို့ဝှက်စာရွက်စာတမ်းများနှင့်အတူ တွေ့ရှိသည်ဟုဆိုကာ မင်္ဂလာဒုံမြို့နယ်တွင် ဖမ်းဆီးခဲ့ပြီး ၁၉၂၃ခုနှစ် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ – ၃(၁)(ဂ) ဖြင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ယုနိုင်က တရားလိုပြုလုပ်၍ မြောက်ပိုင်းခရိုင် တရားရုံးတွင် တရားစွဲဆိုထားခြင်း ဖြစ်သည်။

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦး ဖမ်းဆီးခံထားရခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ရပ်တည်ချက်သုံးချက်ကို ရှင်းလင်းထုတ်ပြန်

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ တာဝန်ရှိသူများ သတင်းစာရှင်းလင်းစဉ်

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦးကို ဖမ်းဆီးထားခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ ၎င်းတို့၏ ရပ်တည်ချက်သုံးချက်အား ရန်ကုန်မြို့ရှိ Orchid ဟိုတယ်၌ ဒီဇင်ဘာ ၂၀ ရက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ယခုဖမ်းဆီးခံနေရသော သတင်းထောက်နှစ်ဦး ကိစ္စကို သတင်းမီဒီယာဥပဒေအရ ဖြေရှင်းခွင့်ရလျှင် ဖြေရှင်းပေးလိုကြောင်း၊ သတင်းထောက်နှစ်ဦးအား တရားရုံးတင် စစ်ဆေးမည်ဆိုပါက လိုအပ်လျှင် Expret Witness ကျွမ်းကျင်သူ အသိသက်သေအနေဖြင့် သတင်းမီဒီယာကောင်စီမှ ဆောင်ရွက်လိုကြောင်း၊ သတင်းထောက်နှစ်ဦးအတွက် တရားမျှတသော ဆုံးဖြတ်ချက်များဖြစ်ရန် ဥပဒေရေးရာ အထောက်အကူလိုအပ်ပါက သတင်းမီဒီယာ ကောင်စီအား လုပ်ဆောင်ခွင့်ပေးစေလိုကြောင်း စသည့်အချက်သုံးချက်ကို မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ၎င်းတို့၏ ရပ်တည်ချက်အဖြစ် ထုတ်ပြန်ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထောက်ကြန့်နယ်မြေရဲစခန်းတွင် အမှုဖွင့်ဖမ်းဆီးထားကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

ထို့ပြင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအနေဖြင့်  သတင်းမီဒီယာကျင့်ဝတ်ဆိုင်ရာ တိကျမှု၊ ဘက်မလိုက်မှုနှင့် မျှတမှုများ၊ ပေါက်ကြားလာသော အကြောင်းအရာများ၊ ကန့်သတ် သတင်းအချက်အလက်များနှင့် သတင်းရင်းမြစ်ကာကွယ်ခြင်းတို့နှင့် စပ်လျဉ်း၍ ရပ်တည်လုပ်ဆောင်မည် ဖြစ်ကြောင်းနှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းကြား နိုင်ငံတော်၏ ပုံရိပ်ကျဆင်းနေပြီး အချုပ်အခြာအာဏာ ခြိမ်းခြောက်ခံနေရချိန်တွင် အထက်ပါနည်းလမ်းများသည် အသင့်တော်ဆုံးဖြစ်သည်ဟု မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအနေဖြင့် အလေးအနက် ယူဆယုံကြည်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ဒေသနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ၊ တပ်ဖွဲ့နှင့် သက်ဆိုင်သည့် အရေးကြီး လုံခြုံရေးစာရွက်စာတမ်း အထောက်အထားများကို ပြည်ပသတင်းဌာနများသို့ ပေးပို့ရန် ရည်ရွယ်ချက်ဖြင့် တရားမ ၀င်သတင်းရယူခဲ့သည့် ရန်ကုန်အခြေစိုက် ရိုက်တာသတင်းဌာနမှ သတင်းထောက် ကိုဝလုံး (ခ) သက်ဦးမောင်နှင့် ကိုကျော်စိုးဦး(ခ) မိုးအောင်တို့အား ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ (၃) ဖြင့်အမှုဖွင့်အရေးယူထားပြီး တစ်ပတ်ကျော်ကြာသည့် အချိန်အထိ ဖမ်းဆီးခံရသူများနှင့် ဆက်သွယ်မရသေးကြောင်း ၎င်းတို့၏ မိသားစုဝင်များထံမှ သိရသည်။

အဆိုပါ ရိုက်တာသတင်းထောက်နှစ်ဦး ဖမ်းဆီးခံရမှုမှာ ထောင်ဖမ်းခံရခြင်း ဖြစ်နိုင်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားထားသည်။

ရိုက်တာသတင်းထောက် နှစ်ဦး၏အမှုကို နိုင်ငံတော်သမ္မတရုံး၏ ခွင့်ပြုချက်ဖြင့် အရေးယူဆောင်ရွက်ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် တရားရုံးသို့ အမှုစွဲဆိုတင်ပို့ထားကြောင်း သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးကပြောသည် 7 Day Daily တွင် ဖော်ပြထားသည်။

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦးအား မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မဖြင့် ထောက်ကြန့်နယ်မြေရဲစခန်းတွင် အမှုဖွင့်ဖမ်းဆီးထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၃ ရက်က သတင်းထုတ်ပြန်ခဲ့သည်။

၁၉၂၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် အဆိုပါဥပဒေအရ အမြင့်ဆုံးအဖြစ် ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်သည်။

ဖမ်းဆီးခံထားရသည့် ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦးအား အမြန်ဆုံးပြန်လွှတ်ပေးရန် သတင်းမီဒီယာ အဖွဲ့အစည်း ၁၂ ခုက တောင်းဆိုကြောင်း ဒီဇင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် ဖမ်းဆီးခံသတင်းထောက် နှစ်ဦးနှင့် ပတ်သက်ပြီး အမည်းရောင်လှုပ်ရှားမှုကို ပြုလုပ်လျက်ရှိပြီး သတင်းမီဒီယာသမားအများစု လုပ်ဆောင်လျက်ရှိသည်။

ဖမ်းဆီးခံ ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦး မိသားစုနှင့်တွေ့ခွင့်မရသေးခြင်းနှင့် နိုင်ငံသားအခွင့်အရေးဆိုင်ရာ ကိစ္စရပ်များအတွက် စုံစမ်းထုတ်ပြန်ပေးရန် လူ့အခွင့်အရေးကော်မရှင်ထံ MJN စာပို့

ဖမ်းဆီးခံ ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦး မိသားစုနှင့်တွေ့ခွင့်မရသေးခြင်းနှင့် နိုင်ငံသားအခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ ချိုးဖောက်ခံနေရခြင်းအတွက် စုံစမ်းထုတ်ပြန်ပေးရန် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ထံ မြန်မာဂျာနယ်လစ်ကွန်ရက် (MJN) က  ဒီဇင်ဘာ ၂၀ ရက်တွင် စာပေးပို့ခဲ့ကြောင်း သိရသည်။

အဆိုပါ ပေးပို့သောစာတွင် ဒီဇင်ဘာ ၁၂ ရက်ညတွင် ဖမ်းဆီးခံရပြီးနောက် သီတင်းပတ်ကြာမြင့်သည်အထိ မည်သည့်နေရာတွင် ထားရှိသည်၊ ၎င်းတို့နှစ်ဦးကို မည်သို့ပုံစစ်ဆေးနေသည်နှင့် ကျန်းမာရေး အခြေအနေကိုလည်းကောင်း၊ မိသားစုဝင်များထံ အသိပေးခြင်း၊ တွေ့ဆုံခွင့်ပေးခြင်း၊ ရှေ့နေရှေ့ရပ်များနှင့် တွေ့ဆုံခွင့်ပေးခြင်းတို့ မရှိကြောင်း မိသားစုဝင်များထံမှ ကြားသိရကြောင်း ဖော်ပြထားသည်။

မြန်မာဂျာနယ်လစ်ကွန်ရက်မှ အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော်က “တစ်ပတ်ကြာတဲ့အထိ မိသားစုက သူတို့ကိုဘယ်မှာ ချုပ်ထားတယ်မသိဘူး။ ကျန်းမာရေး အခြေအနေရော စိုးရိမ်ပူပန်နေတယ်။ ရိုက်နှက်ပြီးတော့ စစ်ဆေးခံနေရသလား၊ နှိပ်စက်ညှဉ်းပန်းခံရမှုရှိသလား စသဖြင့် သူတို့မိသားစုဝင်တွေ စိုးရိမ်တယ်။ သတင်းသမားတွေအနေနဲ့လည်း စိုးရိမ်တယ်။ ဒါကြောင့် ဒီဟာက လူ့အခွင့်အရေးကော်မရှင်အနေနဲ့ လူ့အခွင့်အရေးကိစ္စ ဖြစ်တယ်။ ဖမ်းဆီးထိန်းသိမ်းတာကို ကျွန်တော်တို့က ၀င်စွက်ဖက်တာမဟုတ်ပေမယ့် ဖမ်းဆီးထိန်းသိမ်းခံရပေမယ့် ဒီရက်နဲ့ ဒီရက်အတိုင်းအတာမှာ သူ့မိသားစုနဲ့တွေ့ခွင့် ရှိရမယ်ပေါ့။ ဒါဟာအခြေခံလူ့အခွင့်အရေးနဲ့ နိုင်ငံသားအခွင့်အရေးပါ”  ဟု ပြောကြားသည်။

သတင်းထောက်နှစ်ဦးအား အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေကို ချိုးဖောက်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးထိန်းသိမ်းထားရာ၌ ၎င်းတို့၏ မိသားစုဝင်များကို လုံးဝတွေ့ခွင့်မပေးခြင်းသည် ဖမ်းဆီးထိန်းသိမ်းခံ နေရသူနှစ်ဦး၏ အခြေခံလူ့အခွင့်အရေး တနည်းအားဖြင့် နိုင်ငံသားအခွင့်အရေးကို ဆိုးရွားစွာ ချိုးဖောက်ခံနေရသည်ဟု နားလည်မိကြောင်း၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် ယခုကိစ္စရပ်ကို စုံစမ်းမေးမြန်း ထုတ်ပြန်ပေးပါရန် မြန်မာဂျာနယ်လစ်ကွန်ရက်က မိသားစုဝင်များ ကိုယ်စားလေးစားစွာဖြင့် ပန်ကြားအပ်ကြောင်း ပေးပို့သောစာတွင် ရေးသားထားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မောင်တော၊ ဘူးသီးတောင်ဒေသ၌ လုံခြုံရေးတာဝန်များ ထမ်းဆောင်ခဲ့ပြီး ရန်ကုန်မြို့တွင် ပြန်လည်အနားပေး စုဖွဲ့လျက်ရှိသည့် လုံခြုံရေးရဲ တပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များအား ချဉ်းကပ်စည်းရုံးဆက်သွယ်ပြီး ရခိုင်ဒေသနှင့်ပတ်သက်သည့် သတင်းအချက်အလက်များ၊ တပ်ဖွဲ့နှင့် သက်ဆိုင်သည့် အရေးကြီးလုံခြုံရေး စာရွက်စာတမ်း အထောက်အထားများကို ပြည်ပသတင်းဌာနများသို့ ပေးပို့ရန် ရည်ရွယ်ချက်ဖြင့် တရားမ၀င်သတင်းရယူခဲ့သည့် ရန်ကုန်အခြေစိုက် ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက် ကိုဝလုံး (ခ) သက်ဦးမောင်မောင်နှင့် ကိုကျော်စိုးဦး (ခ) မိုးအောင်တို့အား သက်သေအထောက်အထား စာရွက်စာတမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ထောက်ကြန့်နယ်မြေရဲစခန်းက ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ(၃) ဖြင့် အမှုဖွင့်ထားကြောင်း  ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။