သတင်းစာ လွတ်လပ်ခွင့်ကို အဟန့်အတားဖြစ်စေသည့် ဥပဒေများစွာရှိနေသည့်အပေါ် ပြန်လည်သုံးသပ်နေကြောင်းနှင့် ပယ်ဖျက်သင့်သည်ကို ပယ်ဖျက်၊ပြင်ဆင်သင့်သည်ကို ပြင်ဆင်၊ အသစ်ရေးဆွဲသင့်သည်ကို အသစ်ရေးဆွဲနေကြောင်း သိရ

သတင်းစာလွတ်လပ်ခွင့်ကို အဟန့်အတားဖြစ်စေသည့် ဥပဒေများစွာ ရှိနေသည့်အပေါ် ပြန်လည်သုံးသပ်နေကြောင်းနှင့် ပယ်ဖျက်သင့်သည်ကို ပယ်ဖျက်၊ ပြင်ဆင်သင့်သည်ကို ပြင်ဆင်၊ အသစ်ရေးဆွဲသင့်သည်ကို အသစ်ရေးဆွဲနေကြောင်းနှင့် သတင်းမီဒီယာ သမားများအနေဖြင့် တည်ဆဲဥပဒေများကို လိုက်နာရန်နှင့် ကျင့်ဝတ်များကို လိုက်နာရန် လိုကြောင်း ပြန်ကြားရေးဒုဝန်ကြီး ဦးအောင်လှထွန်းက ပြောကြားသည်။

မေ ၂၅ ရက်က ပြန်ကြားရေးဝန်ကြီးဌာနတွင်ပြုလုပ်သည့် ပြန်ကြားရေးဝန်ကြီးဌာန၏ ဒုတိယတစ်နှစ်တာ ဆောင်ရွက်ချက်များ နှင့် ပတ်သက်၍ ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါရှင်းလင်းပွဲတွင် News Watch ဂျာနယ် သတင်းထောက်တစ်ဦးက “သတင်းထောက်တွေ အဖမ်းခံနေရပါတယ်။ တရားစွဲဆိုခံနေရပါတယ်။ Eleven Media ဆိုရင်လည်း လေးနှစ်လောက်ရှိပါပြီ။ အဲဒီအပေါ်မှာ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ဖြေလျှော့မှု သော်လည်းကောင်း၊ ဘယ်လိုများ ပြေလည်အောင် အမြန်ဆုံး ပူးပေါင်းဆောင်ရွက်ပေးနိုင်မလဲ သိချင်ပါတယ်” ဟု မေးမြန်းခဲ့သည်။

ထိုသို့ မေးမြန်းမှုကို ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်လှထွန်းက “သတင်းသမားတွေ ဖမ်းဆီးခံရတယ်။ တရားတပေါင် ရင်ဆိုင်နေရတယ်ဆိုတာ တော်တော် စိတ်မကောင်းဖြစ်ပါတယ်။ ကျွန်တော်ပြောချင်တာက ဥပဒေပါကိစ္စရပ်တစ်ခုဟာ တရားရုံးကို ရောက်သွားပြီဆိုရင် ဝေဖန်လို့၊ သုံးသပ်လို့ မရပါဘူး။ ကျွန်တော်တို့ လုံးဝ စိတ်မကောင်း ဖြစ်မိပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ကျွန်တော်ကိုယ်တိုင်လည်း သတင်းသမားဘ၀က လာတော့ ကျွန်တော့်အတွေ့အကြုံနဲ့ ပြောချင်ပါတယ်။ သတင်းသမားတွေ ဖမ်းဆီးခံရတာများ လာတော့ စိတ်မကောင်းစရာပါပဲ။ ပုံရိပ် ထိခိုက်စေပါတယ်။ သတင်းသမားတွေကို မှာချင်တာက ကျင့်ဝတ်ဆိုတာရှိပါတယ်။ ကျင့်ဝတ်ကို အတိအကျလိုက်နာစေလိုတယ်။ နောက်တစ်ခုက တည်ဆဲဥပဒေတွေကို သိရှိနားလည် ဖို့လိုပါတယ်။ တည်ဆဲဥပဒေ အားလုံးဟာ ကောင်းတယ်လို့ ပြောလို့မရပါဘူး။ အဲဒါကြောင့် ကျွန်တော်တို့ သုံးသပ်နေတာပေါ့။ မီဒီယာတွေကို သုံးသပ်နေတယ်။ သတင်းသမားတွေအတွက် သတင်းစာလွတ်လပ်ခွင့်ကို အဟန့်အတားဖြစ်စေတဲ့ ဥပဒေတွေ အများကြီးရှိပါတယ်။ ဥပဒေအားလုံးကို သုံးသပ်နေပါတယ်။ ပယ်ဖျက်သင့်တာကို ပယ်ဖျက်တယ်။ ပြင်ဆင်သင့်တာကို ပြင်ဆင်ပါတယ်။အသစ်ရေးဆွဲသင့်တာကို အသစ်ရေးဆွဲပါတယ်။ ဥပမာ သာသနာရေးဝန်ကြီးဌာနက တင်ပြတဲ့ Hate Speech Law အသစ်ရေးဆွဲနေပါတယ်။ သတင်းရယူပိုင်ခွင့် ဥပဒေလည်း လုပ်နေပါပြီ။ အင်မတန်နာမည်ဆိုးတဲ့ ၆၆ (ဃ) ပေါ့။ အဲဒါကိုလည်း လောလောဆယ် အခြေအနေအရ ဖျက်သိမ်းလို့မရဘူး။ ဘာလို့ လဲဆိုတော့ Cyber Law မရှိဘူး။ တယ်လီဖုန်းသုံးစွဲမှုနှုန်းက သိပ်များလာပါပြီ။ သန်း ၃၀ လောက်ရှိနေပြီ။ အဲဒါနဲ့ပတ်သက်လို့ စနစ်တကျ ကျင့်ဝတ်ကို လေ့ကျင့်သင်ကြားခြင်းလည်း မရှိပါဘူး။ အဲဒီအတွက် Cyber Crime ရဲ့ အန္တရာယ်က အလွန်ကြီးမားပါတယ်။အဲဒီအတွက် Telecom Act ကို ဖျက်သိမ်းလို့ မရသေးပါဘူး။ ဒါကို နူးညံ့သိမ်မွေ့အောင်လုပ်ထားပါတယ်။ အရင်ကဆိုရင် ၆၆ (ဃ) က အာမခံပေးလို့မရဘူး။ အခု ကျွန်တော်တို့ လက်ထက်မှာ အာမခံပေးလို့ရပါပြီ။ တိုက်ရိုက် ထိခိုက်နစ်နာတဲ့သူကပဲ တရားစွဲလို့ရတော့တယ်။ အရေးကြီးတာက တည်ဆဲဥပဒေတွေရဲ့ အန္တရာယ်ကိုလည်း သိရှိနားလည်ဖို့လိုပါ တယ်။ အဲဒါကလည်း သိပ်အရေးကြီးပါတယ်။ သိပ်ဆန္ဒမစောဖို့လည်း မေတ္တာရပ်ခံပါတယ်။အချို့ဥပဒေတွေဆိုရင် ကိုလိုနီခေတ်ကတည်းက ပြဋ္ဌာန်းခဲ့တာ။ သက်တမ်း ၁၀၀ ကျော်ပြီ။ အခုပြဿနာဖြစ်တဲ့ ဥပဒေမျိုးပေါ့။ နိုင်ငံတော် လျှို့ဝှက်ချက်ဥပဒေပေါ့။ အဲဒါလည်း ပြန်သုံးသပ်သင့်တဲ့အချိန် ပြန်သုံးသပ်ရမှာပါ။ အရေးကြီးတာက တည်ဆဲဥပဒေကို နားလည်ပါ။ သို့သော် ကိုယ့်ဟာကိုယ်လည်း ကျင့်ဝတ်နဲ့ညီညွတ်အောင် ပြုစုပျိုးထောင်ကြပါလို့ ပြောချင်ပါတယ်”  ဟု ပြောကြားသည်။

လက်ရှိတွင် သတင်းမီဒီယာအချို့ တရားစွဲဆိုခံရခြင်းများရှိနေကြောင်း သိရသည်။

ပုဂ္ဂလိက သတင်းစာလုပ်ငန်းနှင့် ပုဂ္ဂလိက ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ၀န်ဆောင်မှုလုပ်ငန်း နှစ်ခုအနက် တစ်ခုတွင် ရာခိုင်နှုန်း ၅၀ ထက် ပိုမိုပိုင်ဆိုင်ပါက အခြားတစ်ခုကို ရာခိုင်နှုန်း ၃၀ ထက် ပိုမိုပိုင်ဆိုင်ခွင့် မပြုရဆိုသည့် ပြဋ္ဌာန်းချက် ပါဝင်သော ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော် အတည်ပြု

မတ် ၂၉ ရက်ကပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးမစတင်မီ လွှတ်တော်ကိုယ်စားလှယ်များအား တွေ့ရစဉ်

ပုဂ္ဂလိက သတင်းစာလုပ်ငန်းနှင့် ပုဂ္ဂလိက ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ၀န်ဆောင်မှုလုပ်ငန်းနှစ်ခုအနက် တစ်ခုတွင် ရာခိုင်နှုန်း ၅၀ ထက် ပိုမိုပိုင်ဆိုင်ပါက အခြားတစ်ခုကို ရာခိုင်နှုန်း ၃၀ ထက် ပိုမိုပိုင်ဆိုင်ခွင့် မပြုရဆိုသည့် ပြဋ္ဌာန်းချက်ပါဝင်သော ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းအား မတ် ၂၉ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အတည်ပြုခဲ့ကြောင်း သိရသည်။

ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်မှုဇုန်တစ်ခုတွင် ပုဂ္ဂလိက သတင်းစာလုပ်ငန်းကိုဖြစ်စေ၊ ပုဂ္ဂလိကရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ၀န်ဆောင်မှုလုပ်ငန်းကိုဖြစ်စေ ပူးတွဲပိုင်ဆိုင်ခြင်းနှင့်စပ်လျဉ်းပြီး မူလဥပဒေ ပုဒ်မ ၅၁ တွင် ပြဋ္ဌာန်းထားသည့် လုပ်ငန်းတစ်ခုကို ရာခိုင်နှုန်းပြည့်ပိုင်ဆိုင်ထားပါက အခြားလုပ်ငန်းတစ်ခုကို ရာခိုင်နှုန်း ၃၀ ထက် ပို၍ ခွင့်မပြုဆိုသည့်အချက်ကို အသံထုတ်လွှင့်မှုဇုန်တစ်ခုတွင် ပုဂ္ဂလိက သတင်းစာလုပ်ငန်းကိုဖြစ်စေ၊ ပုဂ္ဂလိကရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ၀န်ဆောင်မှုလုပ်ငန်းကိုဖြစ်စေ ပူးတွဲပိုင်ဆိုင်ခြင်းနှင့် စပ်လျဉ်း၍ လုပ်ငန်းတစ်ခုတွင် လွှမ်းမိုးပိုင်ခွင့်ကို ရရှိထားပါက အခြားလုပ်ငန်းတစ်ခုကို ရာခိုင်နှုန်း ၃၀ ထက် ပို၍ ပိုင်ဆိုင်ခွင့်မပြုရဟု ပြင်ဆင်ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဥပဒေကြမ်း၏ ပုဒ်မ ၂၊ ပုဒ်မခွဲ (ည-၁) တွင် လွှမ်းမိုးပိုင်ခွင့်ဆိုသည်မှာ ပုဂ္ဂိုလ်တစ်ဦးဦးသည် အခြားအဖွဲ့အစည်းတစ်ခုတွင် မဲပေးခွင့်၊ အဖွဲ့ဝင်ပိုင်ဆိုင်ခွင့် သို့မဟုတ် အစုစပ် ပိုင်ဆိုင်ခွင့်ရဲ့ ရာခိုင်နှုန်း ၅၀ ထက်ပိုမိုသော ပမာဏကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပိုင်ဆိုင်ထားသည့် ပိုင်ဆိုင်မှုအခြေ အနေ သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးကို  အခြားအဖွဲ့အစည်းတစ်ခုမှ ဒါရိုက်တာအဖွဲ့ သို့မဟုတ် စီမံခန့်ခွဲမှုကော်မတီ၏ ရာခိုင်နှုန်း ၅၀ အထက်ကို ခန့်ထားနိုင်ခြင်း၊ အခြားအဖွဲ့အစည်းတစ်ခု၏ နေ့စဉ်လုပ်ငန်းများကိုကွပ်ကဲသော အမှုဆောင်အရာရှိများကို ခန့်ထားခြင်း၊ အဆင့်တိုးမြှင့်ပေးခြင်း၊ အဆင့်ချထားခြင်းနှင့် ထုတ်ပယ်ခြင်းများကို ဆောင်ရွက်နိုင်ခြင်း၊ အခြားအဖွဲ့အစည်းတစ်ခု၏ အရေးကြီးသော ရင်းနှီးမြှုပ်နှံမှု၊ အုပ်ချုပ်မှု သို့မဟုတ် စီမံခန့်ခွဲ မှုဆိုင်ရာ ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ခြင်း၊ အခြားအဖွဲ့အစည်းတစ်ခု၏ စီမံခန့်ခွဲမှု ဆုံးဖြတ်ချက်များကိုချမှတ်ရာတွင် အဓိကကျသော နေရာမှပါဝင်ခြင်း၊ အခြားအဖွဲ့အစည်းတစ်ခု၏ နေ့ စဉ်လုပ်ငန်းဆောင်ရွက်မှုများကို စီမံခန့်ခွဲနိုင်ခြင်းနှင့် အခြားအဖွဲ့အစည်းတစ်ခုက ဖြည့်ဆည်းပေးသော ၀န်ဆောင်မှု၏ သဘောသဘာဝ သို့မဟုတ် ၀န်ဆောင်မှုပုံစံ၊ စည်းကမ်းသတ်မှတ်ချက်များ၊ နှုန်းထားများကို ဆုံးဖြတ်ရာတွင် သိသိသာသာ လွှမ်းမိုးမှု ပြုနိုင်ခြင်း စသည့် အခြေအနေတစ်ရပ်ရပ်ကိုဖြစ်စေ၊ အားလုံးကိုဖြစ်စေ ဆောင်ရွက်နိုင်ခွင့် ရစေသည့် ပိုင်ဆိုင်မှုအခြေအနေကိုဆိုလိုကြောင်း အတည်ပြုပြဋ္ဌာန်းခဲ့သည်။

အခြားအဖွဲ့အစည်းဆိုသည်မှာ ပုဂ္ဂလိက သတင်းစာလုပ်ငန်းနှင့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း လုပ်ငန်းနှစ်ခုအနက် တစ်ခုခုကို ပိုင်ဆိုင်ထားရှိပြီး ကျန်လုပ်ငန်းတစ်ခုကို လုပ်ကိုင်ဆောင်ရွက်သည့် ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကိုဆိုသည်ဟူသော အချက်ကို ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့် ခြင်းဆိုင်ရာဥပဒေပုဒ်မ ၂ ၊ ပုဒ်မခွဲ (ဓ) အဖြစ် ဖြည့်စွက်ရမယ်ဆိုသည့် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၏ သဘောထားမှတ်ချက်ကိုလည်း လွှတ်တော်က အတည်ပြုခဲ့သည်။

မူလဥပဒေအရ ပုဂ္ဂလိကသတင်းစာလုပ်ငန်း သို့မဟုတ် ရုပ်မြင်သံကြားနှင့် အသံ ထုတ်လွှင့်ခြင်း ၀န်ဆောင်မှုလုပ်ငန်းနှစ်ခုအနက် တစ်ခုတွင် ရာခိုင်နှုန်း ၁၀၀ ပိုင်ဆိုင်ပါ က အခြားတစ်ခုတွင် ရာခိုင်နှုန်း ၃၀ ထက်ပို၍ ပိုင်ဆိုင်ခွင့်မပြုဆိုသည့် ပြဋ္ဌာန်းချက်အစား ဥပဒေကြမ်းတွင် အဆိုပါလုပ်ငန်းနှစ်ခုအနက် တစ်ခုတွင် ရာခိုင်နှုန်း ၅၀ ထက် ပိုမိုပိုင်ဆိုင်မှုအခြေအနေ (လွှမ်းမိုးပိုင်ခွင့်) ရှိပါက အခြားတစ်ခုတွင် ရာခိုင်နှုန်း ၃၀ ထက်ပို၍ ပိုင်ဆိုင်ခွင့်မပြုရဆိုသည့် အဆိုပြုပြဋ္ဌာန်းချက်သည် Cross Ownership များကို ထိန်းချုပ်ထားခြင်းဖြစ်ကြောင်း ပြန်ကြားရေးဒုတိယ၀န်ကြီး ဦးအောင်လှထွန်းက အဆိုပါဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်သို့ လာရောက်တင်သွင်းခဲ့သည့် မတ် ၁၆ ရက်က မီဒီယာများကို ပြောကြားသည်။

အဆိုပါ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းကို ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်လှထွန်းက မတ် ၁၆ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်ပြီး ဥပဒေကြမ်းနှင့် ပတ်သက်၍ ပြင်ဆင်ချက် တင်သွင်းဆွေးနွေးမည့် ကိုယ်စားလှယ်မရှိသည့်အတွက် ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ချက်များအတိုင်း အတည်ပြုခဲ့ခြင်းဖြစ်သည်။

နှစ်စဉ်လိုငွေပြနေသည့် ပြန်ကြားရေးဝန်ကြီးဌာနမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် သတင်းစာစောင်ရေ ၁၁၈၃ ဒသမ ၃၅ သိန်း ထုတ်ဝေခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ၁၂၄၂ ဒသမ ၉၁ သိန်း ထုတ်ဝေ

နှစ်စဉ်လိုငွေပြနေသည့် ပြန်ကြားရေးဝန်ကြီးဌာနမှ ပြည်တွင်းသတင်းစာထုတ်ဝေမှုအဖြစ် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် သတင်းစာစောင်ရေ ၁၁၈၃ ဒသမ ၃၅ သိန်း ထုတ်ဝေခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ၁၂၄၂ ဒသမ ၉၁ သိန်း ထုတ်ဝေခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ဝေသည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းနှစ်ပတ်လည်အစီရင်ခံစာအရ သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် မြန်မာဘာသာဖြင့် ကြေးမုံ၊ မြန်မာ့အလင်းနှင့် အင်္ဂလိပ်ဘာသာဖြင့် The Global New Light of Myanmar သတင်းစာများကို ထုတ်ဝေနေခြင်း ဖြစ်သည်။ ထိုသို့ ထုတ်ဝေရာတွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်၌ ကြေးမုံသတင်းစာစောင်ရေ ၆၂၃ ဒသမ ၉၃ သိန်းဖြစ်ပြီး မြန်မာ့အလင်းသတင်းစာ ထုတ်ဝေမှုမှာစောင်ရေ   သိန်း ၅၀၂ ဒသမ ၂၀ အထိရှိကာ  The Global News Light of Myanmar မှာ စောင်ရေ ၅၇ ဒသမ ၂၂ သိန်း ရှိနေသည်။

ထို့အတူ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်၌ ကြေးမုံသတင်းစာစောင်ရေ ၆၇၉ ဒသမ ၈၁ သိန်းဖြစ်ပြီး မြန်မာ့အလင်းသတင်းစာထုတ်ဝေမှုမှာစောင်ရေ  ၅၀၂ ဒသမ ၄၉ သိန်း အထိရှိကာ The Global New Light of Myanmar မှာ စောင်ရေ ၆၀  ဒသမ ၆၁ သိန်း ထုတ်ဝေခဲ့သည်။

နှစ်စဉ်လိုငွေပြနေသည့် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၃-၂၀၁၄ဘဏ္ဍာနှစ်တွင် လိုငွေ ကျပ်သန်းပေါင်း ၅၇၇၃၆ ကျော်အထိ ဖြစ်ပေါ်ခဲ့ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် လိုငွေ ကျပ်သန်းပေါင်း ၆၁၁၂၉ ကျော်အထိ ဖြစ်ပေါ်ခဲ့သည်။ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်တွင် လိုငွေပမာဏ ကျပ်သန်းပေါင်း ၃၄၃၉၅  ကျော်အထိ ဖြစ်ပေါ်ခဲ့ကြောင်း သိရ သည်။ လက်ရှိအစိုးရ အာဏာရယူထားသည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် လိုငွေ ကျပ်သန်းပေါင်း ၂၂၁၇၀ ကျော်အထိ ဖြစ်ပေါ်ခဲ့ကာ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ရငွေ ကျပ်သန်းပေါင်း ၃၅၇၅၃  ကျော်ရှိပြီး သုံးငွေမှာ ကျပ်သန်းပေါင်း ၆၀၀၅၄ ကျော် ဖြစ်၍ လိုငွေ ပမာဏ ကျပ်သန်းပေါင်း ၂၄၃၀၁  ကျော်အထိ ဖြစ်ပေါ်နေမည်ဖြစ်ကြောင်း ကနဦးစာရင်းများအရ သိရသည်။

ဒီမိုကရေစီစနစ်နှင့် ကိုက်ညီခြင်းမရှိသည့် နိုင်ငံပိုင်သတင်းစာများကို NLD အစိုးရလက်ထက်တွင် အမြန်ဆုံးကိုင်တွယ်သွားမည်ဖြစ်ကြောင်း ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအနိုင်ရအပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် RFA သတင်းဌာနသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့မှုမှာ လက်ရှိအချိန်တွင် နှစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။