ဗန်းမော်ခရိုင် မိုးမောက်မြို့တွင် တရုတ်နိုင်ငံ ဘက်ထွက်မည့် သစ်မှောင်ခိုကားတစ်စီး ဖမ်းဆီး

ဗန်းမော်ခရိုင် မိုးမောက်မြို့တွင် တရုတ်နိုင်ငံဘက်ထွက်မည့် သစ်မှောင်ခိုကားတစ်စီးကို စက်တင်ဘာ ၁၄ ရက် ညနေပိုင်းက ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

ရဲမှတ်တမ်းအရ ဖြစ်စဉ်မှာ ဗန်းမော်ခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်မှူး ဦးထွန်းထွန်းဦးပါ ငါးဦး၊ ဗန်းမော်မြို့နယ် သစ်တောဌာနမှ တောအုပ်ညီညီလွင်ပါ နှစ်ဦး၊ မိုးမောက်မြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်သစ်တော ဦးစီးမှူး ဦးပြည့်ဖြိုးကျော်ပါ  လေးဦး၊ မိုးမောက်မြို့မရဲစခန်းမှ ဒုရဲအုပ် ကျော်မျိုးသိန်းပါ လေးဦးပါဝင်သော အဖွဲ့သည် သတင်းအရ ဗန်းမော်-မိုးမောက် သွားကားလမ်း မြောက်ဘက်၊ ကြေးနန်းရပ်ကွက်၊ ဂရိတ်ဝေါကျောက်ခွဲစက်သွား လမ်းကြားတွင် ယာဉ်အမှတ်မပါ၊ တုံဖုန်းယာဉ် အစိမ်းရောင်တစ်စီး ရပ်တန့်ထားသည်ကို သက်သေများနှင့်အတူ ရှာဖွေရာ ကျွန်းခွဲသားဆိုက်စုံ ၂၇၂ ချောင်း (၄ ဒသမ ၈၁၅၂ တန်) ကာလတန်ဖိုး ၁၅ သိန်းကျော်ကို  မီးသွေးအိတ်များအောက်မှ သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။

တရားခံများမှာ ထွက်ပြေးသဖြင့် ဆက်လက်စုံစမ်းရှာဖွေရာ တရားမ၀င်သစ်များ သယ်ဆောင်လာသူမှာ ဗန်းမော်မြို့ ကောင်ဂျာယံကျေးရွာနေ ဦးကြာဇံ၏ သားဖြစ်သူ ဇော်မင်းနိုင် (ခ) ရခိုင်လေး ဆိုသူဖြစ်ကြောင်း စုံစမ်းဖော်ထုတ်နိုင်ခဲ့သည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မိုးမောက်နယ်မြေ ရဲစခန်းတွင် (ပ) ၉၆/၂၀၁၈၊ ပပက ၆ (၁) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

မိုးမောက်မြို့မှ ဒေသခံတစ်ဦးက “မိတာက မိုးမောက်သစ်တောရုံး နောက်ကြောနားမှာ မိတာ။ ဒေသအခေါ်တော့ ကြံခင်းခေါ်တာပေါ့။ မိတော့ ဌာနတစ်ခုက၀န်ထမ်း ကားပေါ်ပါတယ်။ သုံးယောက်ပေါ့။ ဒီနေ့ သတင်းကြားတာက ပြန်လွှတ်လိုက်ပြီတဲ့။ တရားခံထွက်ပြေးဆိုပြီး လုပ်ထားတယ် ကြားတယ်။ မံစီအဖွဲ့တွေကို ငွေမပေးလို့ ဖမ်းတာတဲ့။ ကျွန်တော်တို့ တစ်ရွာလုံး သိတယ်လေ။ ကားပေါ်လူပါတာ။ ပိုင်ရှင်လည်း အရာရှိပဲ” ဟု ပြောကြားသည်။

ကချင်ပြည်နယ် သစ်တောဦးစီးဌာနညွှန်မှူး ဦးခင်မောင်ဦးက “မနေ့ညနေက မိုးမောက်မှာ သစ်ကားဖမ်းမိတာ ရှိပါတယ်။ တရားခံကိုတော့ မမိလိုက်ဘူး။ ကျွန်တော်တို့က တက်လာတဲ့ သတင်းအချက်အလက်ပဲ သိရတယ်။ နောက်ကြောင်းတွေတော့ ကျွန်တော်တို့ မသိပါဘူး” ဟု ပြောကြားသည်။

သစ်မှောင်ခိုများသည် ကချင်ပြည်နယ် ဗန်းမော်-မိုးမောက်-လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးလမ်းကို အသုံးပြု၍ လည်းကောင်း၊ စင်းခန်း၊ ရွှေကူဘက်မှတစ်ဆင့် ကောင်းတုံ-မြလယ်တွင် ကားငယ်များ တင်ဆောင်ကာ မန်စီတောင်ဘက် ဘုရားကုန်း အောက်လမ်းကို လည်းကောင်း၊ ရှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့နယ်မှ စီအူ-စည်ခမ်းကြီး-မန်သာ-ဟန်ထက် မံစီဘုရားကုန်း အောက်လမ်းကို လည်းကောင်း အသုံးပြုနေကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် ၂၀၁၈ ခုနှစ် ဧပြီလမှ ဇူလိုင်လကုန်အထိ လေးလအတွင်း မြို့နယ် ကိုးမြို့နယ်အတွင်း ကျွန်း၊ သစ်မာ၊ အခြားသစ်များကို တန်ချိန် ၁၀၉၆ တန်ကျော် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်သုံးခုတွင် ငါးလအတွင်း တရားမ၀င်သစ်ဖမ်းဆီးရမိမှု ၁၃၆ မှုရှိပြီး သစ် ၄၄၅ တန်ကျော် ဖမ်းဆီးထား

တနင်္သာရီတိုင်းဒေသကြီးအတွင်း တရားမ၀င်သစ်များ ဖမ်းဆီးရမိစဉ် (ဓာတ်ပုံ-တိုင်းဒေသကြီးသစ်တောဦးစီးဌာန)

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်သုံးခုတွင် ယခုနှစ် ၂၀၁၈-၂၀၁၉ ဘဏ္ဍာ နှစ် ငါးလအတွင်း တရားမ၀င်သစ် ဖမ်းဆီးရမိမှု ၁၃၆ မှုရှိခဲ့ပြီးသစ်တန်ချိန် ၄၄၅ တန် ကျော် ဖမ်းဆီးထားကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှ သြဂုတ် ၃၁ ရက်အထိ တရားမ၀င် သစ် ဖမ်းဆီးရမိမှုအဖြစ် ထားဝယ်ခရိုင်၌ ၁၆ မှုမှ သစ် ၆၃ ဒသမ ၉၄၈၈ ကုဗတန်၊ မြိတ်ခရိုင်၌ ၈၆ မှုမှ သစ်၂၆၉ ဒသမ ၇၆၆၃ ကုဗတန်နှင့် ကော့သောင်းခရိုင်၌ ၃၄ မှုမှသစ် ၁၁၁ ဒသမ ၂၈၈၃ ကုဗတန် ဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်း အမှု ၁၃၆ မှု မှ တရားမ၀င် သစ် ၄၄၅ ဒသမ ၀၀၃၄ ကုဗတန် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဖမ်းမိတာကတော့ ဒေသထွက်သစ်တွေများတယ်။ အခြားအသားတွေပေါ့။ မီးသွေးထုတ်တဲ့ ပျူးခြေတောက်တို့ လမု၊ လမဲ့ နဲ့ ကနစိုပင်တို့လိုပေါ့။ ဒီဘက်မှာ ကျွန်းသိပ် မရှိတော့ ပိတောက်အများဆုံးမိတယ်။ သစ်ခွဲတဲ့သူတွေ ပိုများလာလို့လား၊ လိုအပ်ချက် များလာလို့ ဈေးကွက်ပိုကောင်းလို့လာတော့ မသိဘူး။ ဖမ်းလေပိုများလေ ဖြစ်လာတယ်။နှမြောတာက သစ်ဆိုတာ ခွဲသားအဆင့် ရောက်မှသွားဖမ်းရင် လှဲပြီးမှဖမ်းတာ ဘာလုပ်မလဲ။ ဒီအပင်က မြေမြှုပ်ပြီးပြန်စိုက်လို့ မှမရတော့တာ။ အစကတည်းက ဖမ်းစရာမလိုအောင် သစ်ပင်မလှဲခင် ထိန်းထားနိုင်ရင် ပိုကောင်းတာပေါ့။ ဒါပေမဲ့ သစ်တောဝန်ထမ်းက တစ်ယောက်တည်း တောထဲ သွားဖမ်းလို့လည်းမရဘူး။ အခုရှိတဲ့ ၀န်ထမ်းအင်အား စာရင်းနဲ့ဆိုရင် နယ်ဝန်ထမ်းတစ်ယောက်က ဧက ၆၀၀၀ နှုန်းလောက်ဖြစ်နေတယ်။ ဒီလိုအခက်ခဲတွေရှိတာပေါ့” ဟု တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းညွန့်လှိုင်က ပြောကြားသည်။

တရားမ၀င် သစ်ဖမ်းဆီးမှုစာရင်းအရ လက်ရှိအခြေအနေအရ မြိတ်ခရိုင်၌ ဖမ်းဆီးရမိမှုအများဆုံးဖြစ်ပြီး ထိုသို့ များပြားရခြင်းမှာ သစ်ခိုးထုတ်သည့်သူများ၍ဖြစ်ကာ စီးပွားရေးအင်အား တောင့်တင်းသည့် လုပ်ငန်းရှင် များပြားသောကြောင့်ဖြစ်ကြောင်း၊အချို့ဒေသများတွင် လုပ်ငန်းရှင်နည်းပါးပြီး ရော်ဘာစိုက်သည့် တောင်သူများပြားသော နေရာတွင် တရားဝင်သစ်ခိုးထုတ်မှုနည်းပါး ကြောင်း၊ တည်ဆောက်ရေး လုပ်ငန်းများပြားသည့် ဒေသများအပြင် တရားမ၀င်သစ်ဈေးကွက်ရှိသည့် လမ်းကြောင်းအပေါ်တွင်လည်း မူတည်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

တရားမ၀င်သစ်ဖမ်းဆီးရမိမှုများမှာ ကုန်းပေါ်တွင် များပြားသော်လည်း ရေလမ်းမှတစ်ဆင့် သယ်ယူမှုများရှိသောကြောင့် သစ်တောဝန်ထမ်းများအနေဖြင့် ရေဆိပ်များနှင့် တရားမ၀င်သစ်များ သယ်ယူတတ်သည့်နေရာများကို လိုက်လံစုံစမ်း၍ဖမ်းဆီးမှုများရှိပြီး ပင်လယ်အတွင်းရောက်ရှိသွားသည့် သစ်ခိုးလှေများကိုလည်း တပ်မတော်ရေမှ စစ်သဘောင်္များမှ စစ်ဆေးဖမ်းဆီးရမိမှုများရှိကြောင်း၊ တရားမ၀င်သစ်ဖမ်းဆီးရာတွင် ဒေသခံများမှတစ်ဆင့် ဖုန်းဖြင့်သတင်းပေး၍ ဖမ်းဆီးရမိမှုများရှိပြီး သတင်းပေးသူကို လျှို့ဝှက်ပေးထားကြောင်း ဦးထွန်းညွန့်လှိုင်က ပြောကြားသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း တရားမ၀င်သစ်များ ဖမ်းဆီးရမိမှုအဖြစ်  ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ထားဝယ် ခရိုင်၌ ၅၀ မှုမှ သစ် ၁၆၇၂ ဒသမ ၀၆၈၂ ကုဗတန်၊ မြိတ်ခရိုင်၌ ၁၆၃ မှုမှ သစ် ၅၇၆ ဒသမ ၉၄၇၆ ကုဗတန်နှင့် ကော့သောင်း ခရိုင်၌ ၅၄ မှုမှ သစ် ၁၂၂ ဒသမ ၄၉၉၄ ကုဗတန် ဖမ်းဆီးရမိခဲ့ပြီးစုစုပေါင်း ၂၆၇ မှု မှ တရားမ၀င်သစ် ၈၆၆ ဒသမ ၅၁၅၂ ကုဗ တန်၊၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ထား ၀ယ်ခရိုင်၌ ၅၇ မှုမှ သစ် ၂၀၀ ဒသမ ၃၃၄၉ ကုဗတန်၊ မြိတ်ခရိုင်၌ ၂၂၈ မှုမှ သစ် ၁၂၃၁ ဒသမ ၈၃၂၅ ကုဗတန်နှင့် ကော့သောင်း ခရိုင်၌ ၁၁၉ မှုမှသစ် ၄၃၈ ဒသမ ၉၉၁၈ ကုဗတန် ဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်း ၄၀၄ မှု မှ တရားမ၀င်သစ် ၁၈၇၁ ဒသမ ၁၅၉၂ ကုဗတန်နှင့်၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ထားဝယ်ခရိုင်၌ ၅၉ မှုမှ သစ် ၁၉၃ ဒသမ ၁၀၉၉ ကုဗတန်၊ မြိတ်ခရိုင်၌ ၂၆၂ မှုမှ သစ် ၁၂၈၂ ဒသမ ၇၂၂ ကုဗတန်နှင့် ကော့ သောင်းခရိုင်၌ ၇၉ မှုမှသစ် ၆၀၆ ဒသမ ၆၂၇၉ ကုဗတန် ဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်း အမှု ၄၀၀ မှ တရားမ၀င်သစ် ၂၀၈၂ ဒသမ ၄၅၉၈ ကုဗတန် ဖမ်းဆီးရမိခဲ့ကာ နှစ်စဉ် တရားမ၀င် သစ်ဖမ်းဆီးရမိမှု မြင့်တက်နေ ခြင်းဖြစ်သည်။