နှစ်နှစ်ငါးလကျော်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူကို ပြင်ဦးလွင်ခရိုင်တရားရုံးတွင် ငါးကြိမ်မြောက်ရုံးထုတ်ခဲ့ပြီး တရားလိုပြသက်သေငါးဦးအား ဆက်လက်စစ်ဆေး

မိန်းကလေးငယ်အား အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သူကို မတ် ၂၀ ရက်က ပြင်ဦးလွင်ခရိုင် တရားရုံးတွင် ရုံးထုတ်စဉ်

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် အသက်နှစ်နှစ်ငါးလကျော်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူ ဖြိုးထက်အောင်ကို မတ် ၂၀ ရက် နံနက်ပိုင်းက ပြင်ဦးလွင်ခရိုင် တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆၊ ၃၀၂ တို့ဖြင့် တရားစွဲဆိုထားမှုအပေါ် တရားလိုပြသက်သေငါးဦးကို ဆက်လက်စစ်ဆေးခဲ့ကာ အမှုကို မတ် ၂၁ ရက် (ယနေ့) တွင် တရားလိုပြသက်သေများအား ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

အသက်နှစ်နှစ်နှင့် ငါးလကျော်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သည့် အမှုနှင့်ပတ်သက်၍ ပြင်ဦးလွင်ခရိုင်တရားရုံးက စတင်တရားစွဲဆိုခဲ့သည့် မတ် ၁၂ ရက်မှစတင်ကာ အမှုရုံးချိန်းကို ရက်သတ္တပတ်တစ်ပတ်အတွင်း၌ပင် ရုံးချိန်းသုံးချိန်း ချိန်းဆိုခဲ့ခြင်းဖြစ်သည်။ မတ် ၁၆ ရက်က အမှုနှင့်ပတ်သက်၍ တရားလိုအပါအ၀င် တရားလိုပြသက်သေငါးဦးတို့ကို စတင်စစ်ဆေးခဲ့ပြီး အမှုကို မတ် ၁၉ ရက်မှ ၂၂ ရက်အထိ ရုံးချိန်းများကို ဆက်တိုက်ချိန်းဆိုထားခြင်းဖြစ်ကြောင်း သိရသည်။

အသက်နှစ်နှစ်နှင့် ငါးလကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူ ဖြိုးထက်အောင်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၇ ရက်က မတ္တရာမြို့နယ်တရားရုံးတွင် ရုံးထုတ်ရမန်ယူခဲ့ပြီးနောက် မတ် ၁၂ ရက်တွင် ပြင်ဦးလွင်ခရိုင် တရားရုံးသို့ ပြောင်းရွှေ့ကာ ရာကြီးမှုအမှတ် ၃၉/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မမုဒိမ်းမှု ၃၇၆၊ လူသတ်မှု ၃၀၂ တို့ဖြင့် စတင်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ ယင်းကဲ့သို့ တရားစွဲဆိုခဲ့ပြီးနောက် အမှုအား ရက်ပိုင်းအတွင်းပင် ပြင်ဦးလွင်ခရိုင်တရားရုံးက ပြန်လည်ချိန်းဆိုခဲ့ပြီး မတ် ၁၅ ရက် ရုံးချိန်းတွင် အမှုနှင့်ပတ်သက်၍ ရှေ့နေပါဝါတင်ပြခဲ့ကာ အမှုကို မတ် ၁၆ ရက်တွင် စတင်စစ်ဆေးမှု ပြုလုပ်ခဲ့သည်။

“ဒီနေ့ (မတ် ၂၀ ရက်) ရုံးချိန်းမှာက တရားလိုပြသက်သေငါးဦးကို ထပ်စစ်ဆေးပါတယ်။ မနက်ဖြန်လည်း ထပ်ပြီးစစ်ဆေးသွားမယ်လို့ သိရတယ်။ အမှုရုံးချိန်းတွေက မတ် ၁၉ ရက်ကနေ မတ် ၂၂ ရက်အထိ ဆက်တိုက်ချိန်းဆိုထားတာ။ ရုံးချိန်းတိုင်းမှာ ကျွန်တော်တို့ကတော့ အမှုစစ်ဆေးတာကို အမြဲလာရောက်စောင့်ကြည့်နေပါတယ်” ဟု အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရသည့် မိန်းကလေးငယ်၏ မိသားစုဝင်တစ်ဦးက ပြောကြားသည်။

မတ် ၂၀ ရက်က ပြင်ဦးလွင်ခရိုင် တရားရုံးတွင် ချိန်းဆိုခဲ့သည့် အမှုရုံးချိန်းတွင် တရားလိုပြသက်သေငါးဦးကို မိန်းကလေးငယ်အား အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့မှုနှင့်ပတ်သက်၍ နှစ်ဖက်ရှေ့နေများက စစ်ဆေးခဲ့ကြကြောင်း အမှုအား သွားရောက်နားထောင်ခဲ့ကြသူများထံမှ သိရသည်။ အဆိုပါ အမှုရုံးချိန်းသို့ ကလေးငယ်၏မိသားစုဝင်များ၊ အမှုကို စိတ်ပါဝင်စားသူများ လာရောက်စောင့်ကြည့် နားထောင်ခဲ့ကြသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၃ ရက်က မတ္တရာမြို့နယ် ဥဒိန်ကျေးရွာအုပ်စု မြွေကူးတိုးဆိပ်ကျေးရွာနေ အသက်နှစ်နှစ်ကျော်အရွယ် မိန်းကလေးငယ်အား ၀န်စုကျေးရွာနေ ဖြိုးထက်အောင် (၂၅ နှစ်)က ကလေးငယ်အားပွေ့ချီ၍ ကျေးရွာအနီးရှိ ငှက်ပျောတောထဲတွင် အဓမ္မပြုကျင့်၍ သတ်ဖြတ်မှုဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့ ကလေးငယ်ကို အဓမ္မပြုကျင့်ရာတွင် ကလေးငယ်၏ပါးစပ်အတွင်းသို့ ငှက်ပျောသီးများအပြည့်ထည့်၍ ကလေးငယ်မအော်ဟစ်နိုင်ရန်အတွက် ပြုလုပ်ခဲ့ပြီး ကလေးငယ်ကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ အခင်းဖြစ်စဉ်မှတ်တမ်းများအရ သိရသည်။

ထိုသို့ ကလေးငယ်ကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူ ဖြိုးထက်အောင်ကို ရေနံ့သာ နယ်မြေရဲစခန်းက (ပ)၂၆/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆/၃၀၂ ဖြင့် အမှုဖွင့်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

သက်ငယ်မုဒိမ်းအား ထိရောက်သော ပြစ်ဒဏ်ပေးရေး တောင်ငူမြို့တွင် အဖွဲ့အစည်းပေါင်းစုံ စုပေါင်းဆန္ဒထုတ်ဖော်

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် မတ် ၁၇ ရက် ညနေပိုင်းက အဖွဲ့အစည်းပေါင်းစုံ စုပေါင်း၍ သက်ငယ်မုဒိမ်းအား ထိရောက်သော ပြစ်ဒဏ်သတ်မှတ်ပေးရေး ကြွေးကြော်သံများဖြင့် တောင်ငူမြို့တွင်းလမ်းများ၌ လမ်းလျှောက်ဆန္ဒ ထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်ပွဲတွင် ပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပညာရေး အဖွဲ့အစည်းများနှင့် ရှေ့နေများ၊ ဥပဒေပညာရှင်များနှင့် အမျိုးသမီးငယ်အချို့ ပူးပေါင်းပါဝင်ဆန္ဒ ထုတ်ဖော်၍ အင်အား ၁၀၀ ၀န်းကျင် ပါဝင်ခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများထံ တရားဝင် အသိပေး ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ စုပေါင်းဆန္ဒ ထုတ်ဖော်ခြင်းနှင့် ပတ်သက်ပြီး ဆန္ဒထုတ် ဖော်ခွင့်ရရန် လျှောက်ထားသူ ကိုမြတ်အောင်လင်းက “တချို့ကတော့ ဒါမူးယစ်ဆေးတွေကြောင့်ပေါ့နော်။ တချို့အမှုတွေကျတော့ ပညာမတတ်လို့ဖြစ်တာ။ တချို့အမှုတွေကျတော့ ဆွေမျိုးအချင်းချင်းတွေ ဖြစ်ကြတယ်။ ပြောမယ်ဆိုရင်တော့ မဖြစ်သင့်တဲ့ကိစ္စတွေပဲ။ ဒါဟာ ကျွန်တော့်ရဲ့အမြင်နဲ့ ပြောတာပါ၊ တိုင်းပြည်အနေနဲ့ ပြောရင်တော့ တိုင်းပြည်စီးပွားရေးကျနေတဲ့ အချိန်မှာ ဒါမျိုးအမှုတွေ အဖြစ်များတယ်ပေါ့နော်။ ကျွန်တော့်အနေနဲ့တော့ သက်ငယ်မုဒိမ်းမှုတွေကို အမြင့်ဆုံးပေါ့နော်။ သေဒဏ်အနေနဲ့ စံပြအနေနဲ့ သေဒဏ်ချမှတ်ပေးလို့ရှိရင် နောက်ဆို ဒီသက်ငယ်မုဒိမ်းမှုတွေ လျော့နည်းသွားစေချင်လို့ ဒီပွဲကိုလုပ်တာပါ” ဟု ပြောကြားသည်။

ဆန္ဒထုတ်ဖော်ပွဲအား ညနေ ၃ နာရီခွဲ၌ တောင်ငူမြို့ သမိုင်းဝင် ရွှေဆံတော်ဘုရားအရှေ့မုခ်မှ စတင်၍ နံပါတ် ၆ လမ်း၊ နံပါတ် ၁ လမ်း၊ ဗိုလ်မှူးဖိုးကွန်းလမ်း၊ ကုန်သည်ကြီးလမ်း၊ ကန်လမ်းတို့တွင် ဗီနိုင်းဆိုင်းဘုတ်များ ကိုင်ဆောင်၍ ကြွေးကြော်သံများ အော်ဟစ်ကာ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်ပွဲ ပူးပေါင်းပါဝင်ခဲ့သူ တရားလွှတ်တော်ရှေ့နေ ဒေါ်ဥမ္မာစောကလည်း “ဒီနေ့တစ်နိုင်ငံလုံးမှာ ဖြစ်နေတဲ့ သက်ငယ်မုဒိမ်းကိစ္စတွေဟာ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း အဲဒီမှာဖြစ်နေတဲ့ သက်ငယ်မုဒိမ်းကိစ္စတွေဟာ ဆက်စပ်တဲ့မိဘတွေ၊ အုပ်ထိန်းသူတွေ ပတ်ဝန်းကျင်ကရှိတဲ့ လူတွေအနေနဲ့က ဒီအသိပညာတွေ အတတ်ပညာတွေ ပြစ်မှုပြစ်ဒဏ်ပိုင်းတွေကို မသိလို့ သိရကောင်းမှန်းလည်း မကြိုးစားဘူး။ မသိလည်းမသိဘူး။ မိမိရဲ့ ပတ်ဝန်းကျင်ကိုလည်း လိုက်နာရမယ်။ စောင့်ထိန်းရမယ်ဆိုတဲ့ အဲဒီလိုမျိုး ဟောပြောပွဲတွေ ဆန္ဒပြုပွဲတွေ မရှိခဲ့လို့သာလျှင် ဒီလိုကိစ္စတွေဟာ မကြာခဏ ဖြစ်ပွားနေတယ်လို့ အန်တီမြင်ပါတယ်။ အဲဒီတော့ သက်ငယ်မုဒိမ်းဆိုတာ ကလေးသူငယ်တွေနဲ့ ပတ်သက်ပြီးတော့ ဖြစ်ပေါ်လာတဲ့ကိစ္စတွေလေ။ အဲဒီတော့ အမှုမှန် တရားခံအမှန်ဖြစ်တယ် ဆိုရင်တော့ သေဒဏ်ပေးသင့်တယ်လို့ပဲ အန်တီက အဆိုပြုချင်ပါတယ်” ဟု ပြောကြားသည်။

တောင်ငူမြို့အတွင်း၌ လမ်းလျှောက်ဆန္ဒ ထုတ်ဖော်ခဲ့ပြီးနောက် တောင်ငူမြို့ မင်းကြီးညိုရုပ်တုရှေ့သို့ ရောက်ရှိကာ ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူများက သက်ငယ်မုဒိမ်းနှင့် ပတ်သက်ပြီး ထိရောက်သော ပြစ်ဒဏ်ပေးရေး၊ ယခုဆန္ဒထုတ်ဖော်ပွဲမှာ သက်ငယ်ကလေးများ၊ ကလေးမိဘများ သိရှိစေရန် အသိပေး ဆန္ဒထုတ်ဖော်ခြင်းမဟုတ်ဘဲ၊ သက်ငယ်မုဒိမ်းနှင့် ပတ်သက်၍ ထိရောက်သော ပြစ်ဒဏ်များနှင့် ဥပဒေတစ်ရပ် ပြဋ္ဌာန်းပေးပေးရန် အစိုးရကိုလည်းကောင်း၊ လွှတ်တော်ရေးရာကိုလည်းကောင်း တင်ပြတောင်းဆိုသော ဆန္ဒထုတ်ဖော်ပွဲဖြစ်ကြောင်း၊ ဆန္ဒထုတ်ဖော်ပွဲပြီးပါကလည်း လက်မှတ်ရေး၍ သက်ငယ်မုဒိမ်း စာတမ်းပြုစုကာ ယင်းစာတမ်းအား သူရဦးရွှေမန်း၏ ဥပဒေအထူးအကြံပေး ကော်မတီထံသို့ တင်ပြမည်ဖြစ်ကြောင်း ဟောပြောခဲ့ကြသည်။

သက်ငယ်မုဒိမ်းမှု ကြီးလေးသောပြစ်ဒဏ် ချမှတ်ပေးရေး မန္တလေးမြို့တွင် ပညာပေးသရုပ်ဖော်ကမ်ပိန်း ပြုလုပ်

 
မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ ၂၂လမ်း ၈၈x၈၉ လမ်းကြားတွင် သက်ငယ်မုဒိမ်းမှု ကြီးလေးသော ပြစ်ဒဏ်ချမှတ်ပေးရေးအတွက် ဂရတ်ဖတီရေးဆွဲခြင်းနှင့် ပညာပေးသရုပ်ဖော်ကမ်ပိန်း ပြုလုပ်ခဲ့သည်။
 
အဆိုပါကမ်ပိန်းကို ဂရတ်ဖတီရေးဆွဲသူ MC Prince မှ ဦးဆောင်ကာ ပုလဲဘင်ခရာအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး သက်ငယ်မုဒိန်းမှုများ လျှော့နည်းပပျောက်ရေးနှင့် ကြီးလေးသောပြစ်ဒဏ်များ ချမှတ်နိုင်ရေးအတွက် ရည်ရွယ်ကာ ဆောင်ရွက်ခြင်း ဖြစ်သည်။
 
“ကျွန်တော်က အောင်မြေသာစံမြို့နယ်ပိုင်းအနေနဲ့ ပုလဲဘင်ခရာအဖွဲ့နဲ့ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့တာပါ။ နောက်ထပ်လည်း လှုပ်ရှားမှုတွေ ဆက်လုပ်သွားဖို့ ရှိပါတယ်။ သားသမီးချင်း ကိုယ်ချင်းစာတဲ့စိတ်နဲ့ အခုလိုလုပ်တာပါ။ မိဘတွေဘက်ကလည်း သားသမီးအပေါ် ဂရုစိုက်မှု အားနည်းနေတာတွေ ၊ ဆေးဝါးသုံးစွဲမှုတွေ၊ သားသမီးချင်း ကိုယ်ချင်းစာစိတ်၊ နှမချင်းမစာနာစိတ်၊ ကိုယ်ချင်းစာစိတ်တွေ မရှိတာကြောင့် အခုလိုလုပ်ကြတယ်လို့ မြင်တယ်။ ကျူးလွန်သူတွေကိုလည်း ကြီးလေးတဲ့ ပြစ်ဒဏ်၊ နောက်ဆုံး သေဒဏ်အထိ ချမှတ်ပေးစေချင်တယ်။ အဲဒီအတိုင်းအတာထိ ရောက်အောင်၊ အားလုံးလည်း ပညာပေးဖြစ်အောင် အခုလိုလုပ်ဖြစ်ခဲ့တာပါ” ဟု MC Prince က ပြောကြားသည်။
 
အဆိုပါ ကမ်ပိန်းကို ၈၇ လမ်း ၂၂ လမ်းထောင့်မှ စတင်ကာ သက်ငယ်မုဒိန်းမှုပပျောက်ရေး၊ ကြီးလေးသောပြစ်ဒဏ်ချမှတ်ရေး၊ သေဒဏ်ပေးရေး ဗီနိုင်းများကို ကလေးငယ်များက ကိုင်ဆောင်ကာ အောင်မြေသာစံမြို့နယ်၊ ၂၂လမ်း ၈၈x၈၉ လမ်းကြားအထိ လမ်းလျှောက်ခဲ့ကြသည်။ ထို့နောက် ၂၂ လမ်းကြားရှိ အုတ်နရံတွင် Help us Stop Child Sexual Violence ၊ သက်ငယ်မုဒိမ်းမှု ကြီးလေးသောပြစ်ဒဏ် ချမှတ်ပေး စာသားနှင့်အတူ ကလေးငယ်တစ်ဦး ငိုနေပုံကို ဂရတ်ဖတီဖြင့် ရေးဆွဲခဲ့ပြီး ညောင်ပင်ဈေး၊ ၁၂လမ်းx၈၆ လမ်းထောင့်နှင့် ဆရာစံဈေးတို့တွင် လှည့်လည်ကာ လက်ကမ်းစာဆောင်များ ဝေငှခြင်း ၊ သရုပ်ဖော်ပညာပေးမှုများပြုလုပ်ခြင်း အစရှိသည်တို့ ပြုလုပ်ခဲ့ကြသည်။
 
မြန်မာနိုင်ငံတစ်ဝှမ်းရှိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုတွင် ၂၀၁၆ ခုနှစ်အတွင်းက သက်ငယ်မုဒိန်းမှု ၆၇၁ မှု၊ ၂၀၁၇ ခုနှစ်အတွင်း မုဒိမ်းမှု စုစုပေါင်း ၁၄၀၅ မှု ဖြစ်ပွားခဲ့ပြီး သက်ငယ်မုဒိမ်းမှု ၈၉၇ မှု ပါဝင်ခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်တွင် ၂၂၆ မှု တိုးလာကြောင်း ပြည်ထဲရေးဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။

နှစ်နှစ်ငါးလကျော်အရွယ် မိန်းကလေးအား အဓမ္မပြုကျင့်သတ်ဖြတ်သူကို ပြင်ဦးလွင်ခရိုင်တရားရုံးတွင် ပုဒ်မနှစ်ခုဖြင့်တရားစွဲဆိုထားမှု ယနေ့ စတင်စစ်ဆေးမည်

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် နှစ်နှစ်ငါးလကျော်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သူ ဖြိုးထက်အောင်ကို မတ် ၁၅ ရက် (ယနေ့) တွင် ပြင်ဦးလွင်ခရိုင်တရားရုံးတွင် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၇၆၊ ၃၀၂ တို့ဖြင့် တရားစွဲဆိုထားမှုကို စတင်စစ်ဆေးသွားမည်ဖြစ်ကြောင်း ပြင်ဦးလွင်ခရိုင်တရားရုံးမှ စုံစမ်းသိရသည်။

ဖြိုးထက်အောင်ကို ဖေဖော်ဝါရီ ၂၇ ရက်က မတ္တရာမြို့နယ်တရားရုံးတွင် ရုံးထုတ်ရမန်ယူခဲ့ပြီးနောက် မတ် ၁၂ ရက်တွင် ပြင်ဦးလွင်ခရိုင်တရားရုံးသို့ ပြောင်းရွှေ့ကာစတင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ ယင်းကဲ့သို့ တရားစွဲဆိုခဲ့ပြီးနောက် အမှုအား ရက်ပိုင်းအတွင်းပင် ပြင်ဦးလွင်ခရိုင်တရားရုံးက ပြန်လည်ချိန်းဆိုခဲ့ပြီး ယနေ့မတ် ၁၅ ရက်တွင် အမှုအား စတင်စစ်ဆေးနိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြင်ဦးလွင်ခရိုင်တရားရုံးမှ စုံစမ်းသိရသည်။

“တရားခံကိုစွဲဆိုထားတဲ့ ပုဒ်မတွေက ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၇၆၊ ၃၀၂ တို့နဲ့ တရားစွဲဆိုထားပါတယ်။ သူ့ကိုစွဲဆိုထားတဲ့ပုဒ်မတွေက သေဒဏ်ထိုက်စေတဲ့ ဥပဒေပုဒ်မတွေနဲ့ စွဲဆိုထားတာပါ။ တရားခံဘက်က ရှေ့နေမငှားရမ်းနိုင်တဲ့အတွက် တရားရုံးကနေပဲ နိုင်ငံတော်စရိတ်နဲ့ ရှေ့နေငှားရမ်းပေးနိုင်ဖို့ အတွက် ရှေ့နေချုပ်ရုံးကို တင်ပြထားပါတယ်။ အမှုအတွက် တရားလိုပြသက်သေ တင်ပြထားတာက စုစုပေါင်း ၂၄ ဦးပါ။ မတ် ၁၅ ရက်ရုံးချိန်းမှာ ရှေ့နေပါဝါတင်ပြပြီးရင် အမှုကို စတင်စစ်ဆေးသွားမှာဖြစ်ပါတယ်။ အမှုကိုလည်း ဥပဒေနဲ့အညီ မှန်မှန်နဲ့အမြန်ဆုံး စီရင်ဆောင်ရွက်သွားမှာပါ” ဟု ပြင်ဦးလွင်ခရိုင်တရားရုံးမှ ဒုတိယခရိုင်တရားသူကြီး (၁) ဒေါ်ဌေးဌေးမော်က မတ် ၁၂ ရက်ရုံးချိန်းက ပြောကြားသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၃ ရက်က မတ္တရာမြို့နယ် ဥဒိန်ကျေးရွာအုပ်စု မြွေကူးတိုးဆိပ်ကျေးရွာနေ နှစ်နှစ်ကျော်အရွယ် မိန်းကလေးငယ်အား ၀န်စုကျေးရွာနေ ဖြိုးထက်အောင် (၂၅ နှစ်) က ကလေးငယ်အားပွေ့ချီ၍ ကျေးရွာအနီးရှိ ငှက်ပျောတောထဲတွင် အဓမ္မပြုကျင့်၍ သတ်ဖြတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

လိင်အကြမ်းဖက်မှုပပျောက်ရေး၊ ကြီးလေးပြစ်ဒဏ် ချမှတ်ပေးရေးအတွက် ဆန္ဒပြုခြင်းနှင့် မျှဝေဆွေးနွေးပွဲပြုလုပ်မည့် အကြောင်းအရာများကို သတင်းစာရှင်းလင်း

လိင်အကြမ်းဖက်မှုပပျောက်ရေး၊ ကြီးလေးပြစ်ဒဏ် ချမှတ်ပေးရေးအတွက် ဆန္ဒပြုခြင်းနှင့် မျှဝေဆွေးနွေးပွဲအတွက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်

လိင်အကြမ်းဖက်မှုပပျောက်ရေး၊ ကြီးလေးပြစ်ဒဏ် ချမှတ်ပေးရေးအတွက် ဆန္ဒပြုခြင်းနှင့် မျှဝေဆွေးနွေးပွဲကို ကျင်းပမည့် အကြောင်းအရာများနှင့်ပတ်သက်၍ မတ် ၁၃ ရက် မွန်းလွဲပိုင်းက ဆရာစံပလာဇာရှိ CBC Ballroom တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

လိင်အကြမ်းဖက်မှုပပျောက်ရေး၊ ကြီးလေးပြစ်ဒဏ် ချမှတ်ပေးရေးအတွက် ဆန္ဒပြုခြင်းနှင့် မျှဝေဆွေးနွေးပွဲကို လာမည့် မတ် ၁၈ ရက်တွင် ရန်ကုန်မြို့၊ ကန်တော်ကြီး မျှော်စင်ကျွန်းတွင် ညနေ ၄ နာရီမှ ၇ နာရီအထိ ကျင်းပမည်ဖြစ်ပြီး အဆိုပါပွဲကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ပါဝင်မည့်အကြောင်းအရာများကို လိင်အကြမ်းဖက်မှုပပျောက်ရေး၊ ကြီးလေးပြစ်ဒဏ် ချမှတ်ပေးရေးအဖွဲ့ဝင်များဖြစ်သည့် သရုပ်ဆောင်စမိုင်းလ်နှင့် ထားထက်ထက်အပါအ၀င် အဖွဲ့ဝင်များက သတင်းစာရှင်းလင်းခဲ့ကြသည်။

“အဓိကဖြစ်နေတာက သက်ငယ်မုဒိမ်းတွေက မနှစ်ကထက် ဒီနှစ်မှာ ပိုများလာတယ်။ အဲဒါဘာဖြစ်လို့လဲဆိုရင် ပြစ်ဒဏ်ကို သေသေချာချာမထားတဲ့အခါ Law ကို သေသေချာချာ မချထားတဲ့အခါကျတော့ လူတွေကမကြောက်ဘဲနဲ့ ရှေ့ကိုပိုပြီးတော့တိုးလာတယ်။ သူတို့တွေကို ကြောက်သွားအောင် နောင်ကြဉ်သွားအောင်လုပ်နိုင်မယ့် ပြစ်ဒဏ်တစ်ခုချမှတ်မယ်ဆိုရင် ဒီဟာတွေက လျော့သွားမှာပါ။ အစ်မအနေနဲ့ မိခင်တစ်ယောက်အနေနဲ့ သူတစ်ခါတည်း သေသွားမှာကိုမကြိုက်ဘူး။ သူတစ်သက်လုံးသေရအောင် ထောင်ဆိုရင် အနှစ် ၂၀ ချမယ့်အစား အနှစ် ၄၀၊ ၈၀ အဲဒီလောက်ချပြီးတော့ သူဒုက္ခရောက်ပြီးတော့ ဖြစ်နေမယ်။ သူလုပ်လိုက်တဲ့ ကာမဆန္ဒတစ်ခုက ဒီကလေးကိုမှမဟုတ်ဘဲနဲ့ ကိုယ့်ဘာသာလည်း လုပ်နေရတာပဲလေ။ သူလုပ်လိုက်လို့ ဒီကလေးက တစ်သက်လုံးခံစားနေရမယ့်အတူတူ သူ့ကိုလည်း တန်ပြန်သက်ရောက် ခံစားစေချင်ပါတယ်” ဟု သရုပ်ဆောင်စမိုင်းလ်က ပြောကြားသည်။

အဆိုပါပွဲလုပ်ရခြင်းရည်ရွယ်ချက်မှာ မည်သည့်လိင်အကြမ်းဖက်မျိုးမှုမဆို ဆန့်ကျင်ရှုတ်ချကြောင်းနှင့် သက်ငယ်မုဒိမ်းအပါအ၀င် လိင်အကြမ်းဖက်မှုများကို ကြီးလေးပြစ်ဒဏ် ချမှတ်ပေးရန် အစိုးရကို တိုက်တွန်းဆန္ဒပြုခြင်းဖြစ်ကြောင်း သိရသည်။

မတ် ၁၈ ရက်တွင်ကျင်းပမည့် လိင်အကြမ်းဖက်မှုပပျောက်ရေး ကြီးလေးပြစ်ဒဏ် ချမှတ်ပေးပွဲတွင် လိင်အကြမ်းဖက်မှုအတွက် ပြစ်ဒဏ်တိုးမြှင့်ရန် ဦးဆောင်ကြိုးပမ်းနေသော လွှတ်တော်ကိုယ်စားလှယ်များ၊ မိမိကလေးငယ် အစော်ကားခံရသည့်အပြင် အသတ်ခံခဲ့ရသော မိသားစုဝင်များ၏ စကားသံများ၊ လိင်အကြမ်းဖက်မှု ခံစားရခဲ့ရသူ၏ စကားသံများ၊ လိင်အကြမ်းဖက်မှုခံရသူများကို ကူညီပေးနေသူများ၏ စကားသံများ၊ တရားဥပဒေအရ ကျွမ်းကျင်သူများ စသည်တို့နှင့်အတူ ကလေးငယ်တိုင်း သိထားသင့်သည့် ကဗျာများရွတ်ဆိုကာ လိင်အကြမ်းဖက်မှုများ ရပ်တန့်လျော့ကျရေးအတွက် ဖယောင်းတိုင်ထွန်း ဆုတောင်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဆုတောင်းပွဲသို့ သက်ဆိုင်ရာ ကိုယ်စားလှယ်များ၊ ၀န်ကြီးများ၊ အနုပညာရှင်များ၊ ပရဟိတအဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး တက်ရောက်လာသူများအနေဖြင့် အဖြူရောင်အင်္ကျီများဝတ်ဆင်၍ လိင်အကြမ်းဖက်မှုနှင့် သက်ငယ်မုဒိမ်းမှု လျော့နည်းရေးအတွက် ဆန္ဒပြုကြမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် သက်ငယ်မုဒိမ်းမှုနှင့် ပတ်သက်ပြီး အမြင့်ဆုံးပြစ်ဒဏ် ချမှတ်နိုင်ရန် အများပြည်သူများက လက်မှတ်ရေးထိုး တောင်းဆိုမှုများ ပြုလုပ်လျက်ရှိသည်။

မိုးကောင်းမြို့နယ်အတွင်း ၁၀ နှစ်အရွယ် မိန်းကလေးအား သားမယားပြုကျင့် သတ်ဖြတ်မှုကျူးလွန်သူ နှစ်ဦးအနက် အချုပ်ကျခံ အကျဉ်းသားတစ်ဦး ကချင်ပြည်နယ် မိုးညှင်းအကျဉ်းထောင်တွင် ဆွဲကြိုးချသေဆုံး

ကချင်ပြည်နယ် မိုးညှင်းအကျဉ်းထောင်တွင် အချုပ်ကျခံ အကျဉ်းသားတစ်ဦး မတ် ၆ ရက် နံနက် ၅ နာရီခန့်တွင် ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သေဆုံးသူကို မိုးညှင်းအကျဉ်းထောင်ဆေးရုံ တိုက်ခန်းအမှတ် (၃) တွင် သီးခြားချုပ်နှောင်ထားရှိစဉ် အမြင့်ခုနစ်ပေခန့်ရှိသော သံပန်းတံခါးတွင် ကချင်ပုဆိုးအနားစအား ကြိုးကျစ်ချည်နှောင်ကာ စွပ်ကျယ်အင်္ကျီအား ကွင်းအဖြစ်အသုံးပြု၍ ကြိုးဆွဲချသေဆုံးနေကြောင်း သိရသည်။

သေဆုံးသူမှာ အသက် ၅၈ နှစ်အရွယ်ရှိ ဦးခင်မောင်ရီဖြစ်ကြောင်းသိရပြီး ကျန်ရှိနေသည့် တရားခံတစ်ဦးမှာ အချုပ်ကျခံနေရကြောင်း သိရသည်။

မိုးကောင်းမြို့၌ ၁၀ နှစ်အရွယ် စတုတ္ထတန်း ကျောင်းသူတစ်ဦးအား အဓမ္မပြုကျင့်သတ်ဖြတ်သူ တရားခံနှစ်ဦးအား ဖေဖော်ဝါရီ ၂၈ ရက်က ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။ ယင်းတရားခံနှစ်ဦးသည် အသတ်ခံရသူ နေထိုင်သည့်တောဘက်တွင် ထော်လာဂျီဖြင့် ထင်းတိုက်သည့်သူများဖြစ်ပြီး မိုးကောင်းမြို့နယ် လေးမိုင်ကျေးရွာနေ ဦးခင်မောင်ဌေး (ခ) မောင်ဌေး (၃၇ နှစ်)၊ အောင်မင်္ဂလာကျေးရွာနေ ဦးမောင်ရီ (ခ) ဦးငင်းဆိုင် (၅၈ နှစ်) တို့ဖြစ်ကြောင်း မိုးကောင်းမြို့မရဲစခန်းမှ ရဲအုပ်သိန်းမြင့်က ဆိုသည်။

ရဲမှတ်တမ်းများအရ ဖေဖော်ဝါရီ ၂၅ ရက်က မိုးကောင်းမြို့နယ် ရေရှင်ကျေးရွာအုပ်စု ပရဟိတကွင်း အမှတ် (၇၃) ကွင်းရှိ ဦးအိုက်ကွမ်းသည် ဟင်းသီးဟင်းရွက်စိုက်ခင်းမှ ထင်းတောစပ်ရှိ တောင်ယာတဲသို့ ပြန်လာစဉ် သမီးဖြစ်သူ မ….(၁၀ နှစ်) အား မတွေ့သဖြင့် ထင်းတောအတွင်း လိုက်လံရှာဖွေရာ တဲ၏အနောက်မြောက်ဘက် နှစ်ဖာလုံခန့်အကွာတွင် သမီးဖြစ်သူ မ….မှာ ဒဏ်ရာများဖြင့် လဲကျသေဆုံးနေသည်ကို တွေ့ရကြောင်း၊ မ….၏ အလောင်းဘေးတွင် ၀တ်ဆင်ခဲ့သည့် အစိမ်းရောင်ဘောင်းဘီရှည်အား ချွတ်လျက်တွေ့ရှိသဖြင့် အဓမ္မကျင့်၍ သတ်ဖြတ်သွားသူအား အရေးယူပေးပါရန် တိုင်ကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါတရားခံနှစ်ဦးအား အခင်းဖြစ်ပွားပြီး သုံးရက်အကြာတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး (ပ) ၄၈/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၇၆ ဖြင့် အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။

ပန်းလှိုင်ဘူတာတွင် လေးနှစ်အရွယ်မိန်းကလေးအား မုဒိမ်းမှုကျူးလွန်ခဲ့သည့် တရားခံကို ဘုရားလမ်းဘူတာ၌ ကာမအားတိုးဆေးများနှင့်အတူ ဖမ်းဆီးရမိ

သက်ငယ်မုဒိမ်းမှု ကျူးလွန်ခဲ့သူအား တွေ့ရစဉ် (Photo – Yangon Police Facebook)

ဖေဖော်ဝါရီ ၃ ရက်က စမ်းချောင်းမြို့နယ် ပန်းလှိုင်ဘူတာတွင် အိပ်ပျော်နေသည့် လေးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား မုဒိမ်းမှုကျူးလွန်ခဲ့သူတရားခံကို ပန်းဘဲတန်းမြို့နယ် ဘုရားလမ်းဘူတာ၌ ကာမအားတိုးဆေးများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က မတ် ၄ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

အဆိုပါ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက “ဟုတ်ပါတယ်။ ဖမ်းမိတာက မနေ့ကတည်းကပါ။ စစ်တာတွေရှိသေးလို့လေ။ Yangon Police မှာလည်း ကျွန်တော်တို့ တင်ထားပါတယ်” ဟု အတည်ပြုပြောကြားသည်။

ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သက်ငယ်မုဒိမ်းမှု ကျူးလွန်သူအား မတ် ၂ ရက် ညနေပိုင်းက ဘုရားလမ်းဘူတာ၌ ဖမ်းဆီးရမိခဲ့ပြီး ကျူးလွန်သူထံမှ Caverta အမျိုးအစား ကာမအားတိုးဆေးလေးလုံးပါ တစ်ကတ်၊  Dr× ၁၀၀ အမျိုးအစား အပြာရောင် ကာမအားတိုးဆေးသုံးလုံး၊ MAXMAN စာတန်းပါ သံဘူးအတွင်းထည့်ထားသည့်  ကာမစပ်ယှက်ရာတွင် အချိန်ကြာမြင့်စေရန် လိမ်းဆေးအဖြစ် အသုံးပြုသော ပန်းရောင်နှင့် အ၀ါရောင် လိမ်းဆေးသုံးတောင့်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ပန်းလှိုင်ဘူတာ ခုံးတံတားအောက်စင်္ကြံတွင် နေထိုင်၍ ကျပန်းအလုပ်လုပ်ကိုင်သည့် ကျူးလွန်ခံရသူ ကလေးငယ်၏ ဖခင်ဖြစ်သူ ဦး…သည် ဖေဖော်ဝါရီ ၃ ရက် နံနက် ၂ နာရီခန့်တွင် ဇနီးဖြစ်သူနှင့်အပြင်သို့ သွားရောက်ခဲ့ပြီး တစ်နာရီခန့်အကြာတွင် ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

ထိုအချိန်တွင် လေးနှစ်အရွယ်သမီးဖြစ်သူ ပျောက်ဆုံးနေကြောင်း သိရသဖြင့် လိုက်လံရှာဖွေခဲ့ကြောင်း၊ လိုက်လံရှာဖွေရာတွင်  ကြည့်မြင်တိုင်ဘူတာဘက်မှ ပန်းလှိုင်ဘူ တာဘက်သို့ ဒဏ်ရာများနှင့် သွေးများပေကျံလျက် လမ်းလျှောက်လာသည့် ကလေးငယ်အား ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပတ်ဝန်းကျင်တွင် နေထိုင်သူများက ယင်းနေ့ နံနက် ၆ နာရီခန့်တွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

ကလေးငယ်အား ရှာဖွေတွေ့ရှိပြီးနောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ထားကြောင်း သိရသဖြင့် သွားရောက်ကြည့်ရှုရာ ကလေးငယ်မှာ ဦးခေါင်းတွင် ဒဏ်ရာရရှိထားကာ မိန်းမကိုယ်တွင် သွေးထွက်ဒဏ်ရာများတွေ့ရှိရပြီး အမျိုးသားတစ်ဦး၏ သားမယား ပြုကျင့်ခြင်းခံထားရကြောင်း သိရသဖြင့် စမ်းချောင်းမြို့မရဲစခန်းသို့ တိုင်ကြားရာ (ပ)၄၆/ ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ /  ၃၂၅ ဖြင့် အမှုဖွင့်အရေးယူ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့၏ စစ်ဆေးထုတ်ဖော်ချက်အရ ကျူးလွန်သူ ကိုကိုနိုင် (ခ) ကိုနိုင်(ခ) နိုင်ကြီးသည် သားမယားပြုကျင့်ခံရသည့် မိန်းကလေး၏ ဖခင်ဖြစ်သူနှင့် ခင်မင်ရင်းနှီးသူဖြစ်ကြောင်း၊ အခင်းဖြစ်ပွားခဲ့သည့် ဖေဖော်ဝါရီ ၂ရက် ည ၈ နာရီခွဲခန့်တွင် ပန်းလှိုင်ဘူတာသို့ ရောက်ရှိခဲ့ပြီး ဘူတာခုံးတံတားတွင် ကာမအားတိုးဆေးနှင့် အရက်တို့ကို သောက်ခဲ့ကြောင်း၊ ယင်းနောက် ကြည့်မြင်တိုင်ဘူတာသို့ လမ်းလျှောက်သွားခဲ့ပြီး ဖေဖော်ဝါရီ ၃ ရက် နံနက် ၁ နာရီကျော်ခန့်တွင် ပန်းလှိုင်ဘူတာသို့ ပြန်လည်လာရောက်ခဲ့ကာ ပန်းလှိုင်ခုံးတံတားအောက်အရောက်တွင် မိဘဖြစ်သူများမရှိဘဲ ကလေးငယ်သုံးဦး အိပ်ပျော်နေသည်ကို တွေ့ရှိခဲ့ကြောင်း၊ ထိုသို့တွေ့ရှိရသဖြင့် အစွန်ဆုံးတွင် အိပ်ပျော်နေသည့် လေးနှစ်အရွယ် မိန်းကလေးငယ်ကို ပွေ့ချီ၍ ခေါ်ဆောင်လာရာတွင် ကလေးငယ်က အော်ဟစ်သဖြင့် ပါးစပ်အား လက်ဖြင့်ပိတ်ကာ ရထားသံလမ်းအတိုင်း ကြည့်မြင်တိုင်ဘူတာဘက်သို့ ခေါ်ဆောင်လာခဲ့ပြီး ခတ္တာခုံးကျော်တံတားအနီးအရောက်တွင် အုတ်တံတိုင်းဘေးသို့ ခေါ်ဆောင်ကာ သားမယားပြုကျင့်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။

ကျူးလွန်သူမှာ ယခင်ပြစ်မှုဟောင်းများအဖြစ် ကြည့်မြင်တိုင်ဘူတာတွင် အရက်မူးဆဲဆိုခြင်းကြောင့် ရန်ကုန်ရဲအက်ဥပဒေ ပုဒ်မ ၄၁ ဖြင့် ထောင်ဒဏ်ခုနစ်ရက်၊ ၂၀၀၁ ခုနှစ်တွင် လှည်းကူးမြို့မရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ ၃၂၄ နှင့် လက်နက်များ အက်ဥပဒေ ပုဒ်မ ၁၉ (င) တို့ဖြင့် ထောင်ဒဏ်တစ်နှစ် ကျခံခဲ့ဖူးကြောင်း သိရသည်။

သက်ငယ်မုဒိမ်းမှု လျော့နည်းပပျောက်စေရန်အတွက် ပရဟိတအဖွဲ့အစည်းများ မုံရွာမြို့တွင် ကမ်ပိန်းပြုလုပ် တောင်းဆို

သက်ငယ်မုဒိမ်းမှု လျော့နည်းပပျောက်စေရန်အတွက် ပရဟိတအဖွဲ့အစည်းများက မုံရွာမြို့တွင် ကမ်ပိန်းပြုလုပ် တောင်းဆိုနေသည်ကို တွေ့ရစဉ်

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့တွင်မတ် ၄ ရက် နံနက်ပိုင်းက သက်ငယ်မုဒိမ်းမှု လျော့နည်းပပျောက်စေရန်အတွက် ပရဟိတအဖွဲ့အစည်းများက ကမ်ပိန်းပြုလုပ်တောင်းဆိုခဲ့ကြောင်း သိရသည်။

သက်ငယ်မုဒိမ်းမှု လျော့နည်းပပျောက်စေရန်အတွက် ပရဟိတအဖွဲ့အစည်းများက ကမ်ပိန်းပြုလုပ်ကာ တောင်းဆိုမှုကို မုံရွာမြို့ လူစည်ကားရာနေရာတွင် ကမ်ပိန်းပြုလုပ်တောင်းဆိုခဲ့ကြောင်း သက်ငယ်မုဒိမ်းမှုနှင့် ပက်သက်၍ ဝေငှလိုက်သည့် စာရွက်ထဲပါ အချက်အလက်များကို မိဘများက ၎င်းတို့၏ သားသမီးများအား ဆုံးမပေးစေလိုကြောင်း Online ပရဟိတ Family အဖွဲ့တွင် ပါဝင်သူ မဂျာလေးက ပြောကြားသည်။

“သက်ငယ်မုဒိမ်းမှုတွေကို ပပျောက်မသွားရင်တောင် လျော့နည်းလာမယ်လို့တော့ ထင်ပါတယ်။ ကျွန်မကတော့ သေဒဏ်ပေးရ လောက်အောင်အထိ တောင်းဆိုဖို့ထက်အမှန် အတိုင်းပြောရရင်သူတို့လုပ်တဲ့ ပြစ်ဒဏ်နဲ့လည်း လိုက်အောင်ထိုက်သင့်တဲ့ကြီးလေးတဲ့ အပြစ်ကိုပေးစေချင်တာပါ။ သေဒဏ်အထိ မဟုတ်ရင်တောင် ကြီးလေးတဲ့အပြစ်ကို ပေးစေချင်တယ်။ အဲဒီလိုမျိုးပေးခြင်းအားဖြင့် ဒီသက်ငယ်မုဒိမ်းမှုတွေ ပပျောက်မသွားရင်တောင် တဖြည်းဖြည်းနဲ့ လျော့နည်းလာမယ်လို့ ထင်ပါတယ်။ ဒီနေ့ ကမ်ပိန်းပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ သက်ငယ်မုဒိမ်းမှုတွေ လျော့နည်းပပျောက်ဖို့ပဲ ဖြစ်ပါတယ်” ဟု  Online ပရဟိတ Family အဖွဲ့တွင်  ပါဝင်သူ မဂျာလေးက ဆိုသည်။

သက်ငယ်မုဒိမ်းမှုများသည် ကျေးလက်တောရွာများတွင်သာ အဖြစ်များပြီး ဆိုရှယ်နက်ဝပ်များ ကျယ်ပြန့်လာသည့်အတွက် ညစ်ညမ်းဇာတ်ကားများ ကြည့်လာခြင်းမှတစ်ဆင့် သက်ငယ်မုဒိမ်းမှုဖြစ်လာကြပြီး ယင်းအပြင် လုပ်ခလာစာ နည်းပါးခြင်း၊ ဆင်းရဲမွဲတေမှုရှိခြင်း၊ ပညာရေးနိမ့်ပါးနေသည့် အချိန်အခါမျိုးမှာ ၎င်းတို့၏ စိတ်ဖြေဖျောက်စရာမရှိသောကြောင့် အားနွဲ့သည့် ကလေးငယ်သူများအပေါ် အာရုံစိုက်ကာသက်ငယ်မုဒိမ်းမှု ဖြစ်ပွားလာနေကြောင်း သက်ငယ်မုဒိမ်းလျော့ကျစေရေးအတွက် ပါဝင်လှုပ်ရှားနေသူ ကိုအောင်ဇင်လတ်က ပြောကြားသည်။

“နွေရာသီလည်းကျောင်းပိတ်လာပြီ။ မိဘတွေအနေနဲ့ ကလေးတွေကို ဂရုစိုက်စေချင်တယ်။ မိဘတွေက ကလေးတွေကိုသေချာ ဂရုစိုက်နေမယ်ဆိုရင် ပြုကျင့်တဲ့သူကလည်း အခါအခွင့်သင့်မှာ မဟုတ်ဘူး။ မြန်မာနိုင်ငံမှာ အခုခေတ်နဲ့ညီညွတ်တဲ့ ပြည့်တန်ဆာဥပဒေတစ်ရပ်လည်း ရေးဆွဲသင့်တယ်လို့ထင်တယ်။ ဒီတော့လုပ်ခလစာနည်းတဲ့ကိစ္စ။ KTV သွားမယ်။ မာဆတ်သွားမယ် စသဖြင့်အများကြီးရှိပါတယ်။ သူတို့မှာက ငွေကြေးအရမ်းမြင့်မားတယ်ဗျာ့။ ဆိုတော့ သူတို့ရတဲ့ ၀င်ငွေတစ်ခုလောက်နဲ့ အစောကပြောတဲ့ KTV တို့ မာဆတ်တွေကို မသွားနိုင်ကြတော့ဘူး။ ဒီလို အခြေအနေမျိုးမှာ အဓမ္မပြုကျင့်ချင်ကြတဲ့သူတွေက အာရုံစိုက်လာတယ်လို့ထင်တယ်” ဟု ကိုအောင်ဇင်လတ်က ပြောကြားသည်။

မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ်များတွင် အသက် ၁၆ နှစ်အောက် ကလေးသူငယ်များ မုဒိမ်းကျင့်ခံရမှုဖြစ်စဉ်များမှာ တစ်နှစ် ထက်တစ်နှစ်တိုးလာနေပြီး၂၀၁၆ ခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သက်ငယ်မုဒိမ်းမှုပေါင်း ၆၇၁ အမှုဖြစ်ပွားကာ၂၀၁၇ ခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သက်ငယ်မုဒိမ်းမှုပေါင်း ၈၉၇ အမှုဖြစ်ပွားခဲ့ကြောင်း ထို့ပြင် ၂၀၁၆ ခုနှစ်ထက် ၂၀၁၇ ခုနှစ်မှာ သက်ငယ်မုဒိမ်း မှုပေါင်း ၂၂၆ အထိ များပြားလာခဲ့ကြောင်း သိရသည်။

လူသတ်မုဒိမ်းနှင့် သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများကို သေဒဏ်ပေးနိုင်မည့်ဥပဒေ ပြဋ္ဌာန်းပေးရေး လက်မှတ်ကောက်ခံမှု သာကေတမြို့နယ်တွင် ပြုလုပ်

သာကေတမြို့နယ်တွင် သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများအား သေဒဏ်ပေးရေး လက်မှတ်ကောက်ခံနေစဉ်

လူသတ်မုဒိမ်းမှုနှင့် သက်ငယ်မုဒိမ်းမှုဖြစ်စဉ်များတွင် ကျူးလွန်သူများကို သေဒဏ်ပေးနိုင်မည့် ဥပဒေပြဋ္ဌာန်းပေးရေးအတွက် ပြည်သူများထံမှ လက်မှတ်ကောက်ခံမှုကို သာကေတမြို့နယ်တွင် ဖေဖော်ဝါရီ ၂၇ ရက် နံနက်ပိုင်းက စတင်ကောက်ခံလျက်ရှိကြောင်း သိရသည်။

လက်မှတ်ကောက်ခံမှုကို သာကေတမြို့နယ် အမှတ် (၁) ဈေးရှေ့တွင် ပြုလုပ်နေခြင်းဖြစ်ပြီး လက်မှတ်ကောက်ခံရာတွင် လူသတ်မုဒိမ်းနှင့် သက်ငယ်မုဒိမ်း သေဒဏ်ပေးရေးဥပဒေ ပြဋ္ဌာန်းပေးဆိုသည့် စာတန်းပါဗီနိုင်းကို ထောင်ထားပြီး ဈေးသွားဈေးပြန် ပြည်သူများ၊ လမ်းသွားလမ်းလာပြည်သူများက လက်မှတ်ကောက်ခံနေရာသို့ လာရောက်လက်မှတ်ထိုးခဲ့ကြသည်။

“သက်ငယ်မုဒိမ်းက အခုတလော အရမ်းများလာတယ်။ အရမ်းများလာတယ်ဆိုတာက မိဘက မစောင့်ရှောက်လားဆိုတော့ မိဘကတော့ မစောင့်ရှောက်တာတော့ မဟုတ်ဘူးပေါ့။ တကယ် အချိန်ပြည့်စောင့်ရှောက်နိုင်လောက်အောင် အချိန်တွေမပေးနိုင်ကြတော့ဘူး။ စီးပွားရေးတွေ ကျပ်တည်းလာကြတယ်။ စီးပွားရေးလုပ်နေတဲ့အချိန် များလာတယ်။ အဲဒီအပြင် ကိုယ်ချင်းစာစောင့်ရှောက်တဲ့ ယောက်ျားသားတွေကလည်း နည်းပါးလာတယ်။ လူမှုကွန်ရက်တွေမှာလည်း ဒီ Sex ကိစ္စတွေနဲ့ပတ်သက်လို့ ကြည့်ရှုစရာတွေ အလွယ်တကူ ကြည့်ရှုနိုင်တဲ့အတွက်ကြောင့် ဒီစိတ်တွေပိုများလာတယ်လို့ ထင်ပါတယ်။ ကလေးတွေအနေနဲ့ကလည်း အရမ်းသနားဖို့ကောင်းပါတယ်” ဟု လက်မှတ်ကောက်ခံမှုတွင်ပါဝင်သည့် ဒေါ်ဆွေဇင်ဦးက ပြောကြားသည်။

လူသတ်မုဒိမ်းနှင့် သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများကို သေဒဏ်ပေးရေးဥပဒေ ပြဋ္ဌာန်းပေးရေးအတွက် ထောက်ခံလက်မှတ်များကို ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် ကောက်ခံလျက်ရှိပြီး လက်မှတ်သုံးသိန်းရရှိပါက လွှတ်တော်သို့ ပြည်သူများ၏ ဆန္ဒအမှန်ဖြစ်ကြောင်း တင်ပြမည်ဖြစ်ကာ ဥပဒေကို အမြန်ဆုံးပြဋ္ဌာန်းနိုင်ရန် မျှော်လင့်ထားကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူများ၏ဆန္ဒကို ၀ိုင်းဝန်းတောင်းဆိုပေးရန် လိုအပ်ကြောင်း ဒေါ်ဆွေဇင်ဦးက ဆက်လက်ပြောကြားသည်။

“အန်တီတို့ကတော့ မလိုလားအပ်တဲ့ဟာတွေဖြစ်နေတော့ အရမ်းစိတ်ပျက်ပါတယ်။ ကြားရတာလည်း စိတ်တွေလည်းမကောင်းဘူး။ အခုလို လက်မှတ်ကောက်ခံတာက အများကြီးကောင်းတယ်။ အဲဒါကြောင့် အန်တီလက်မှတ်လာထိုးတာပါ။ သက်ငယ်မုဒိမ်းကျူးလွန်သူတွေကို အသေသတ်ပစ်ဖို့ ကောင်းပါတယ်။ ဒါမှလည်း နောင်လူတွေမလုပ်နိုင်မှာလေ။ မှတ်လောက်သားလောက်အောင် ပြည်သူလူထုရှေ့လုပ်လို့ရှိရင် ပိုတောင်ကောင်းသေးတယ်။ အဲဒီလိုမျိုးမလုပ်ဘူးဆိုရင် နောက်လုပ်လို့ရရင် လုပ်နေဦးမှာပဲ။ ထောင်ကျလည်း ခဏပဲ။ ပြန်ထွက်လာရင် သူတို့ဒါတွေကိုလုပ်မှာပဲ” ဟု လက်မှတ်လာထိုးသည့် သာကေတမြို့နယ်နေ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

လူသတ်မုဒိမ်းမှုနှင့် သက်ငယ်မုဒိမ်းမှုကို သေဒဏ်ပေးရေး ဥပဒေပြဋ္ဌာန်းပေးရန် လက်မှတ်ကောက်ခံမှုများ လုပ်ဆောင်လျက်ရှိရာ လက်ရှိတွင် လက်မှတ်ငါးသောင်းကျော်ရရှိပြီဖြစ်ကြောင်း သိရသည်။ ထို့ပြင် သာကေတမြို့နယ်အတွင်း လက်မှတ်ကောက်ခံမှုကို ဖေဖော်ဝါရီ ၂၈ ရက်တွင်လည်း သာကေတမြို့နယ် ၇ ဈေးအနီး ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ ဖေဖော်ဝါရီ ၁၅ ရက်တွင် ထုတ်ပြန်ထားသည့် သတင်းထုတ်ပြန်ချက်အရ အသက် ၁၆ နှစ်အောက် သက်ငယ်မုဒိမ်းမှု ၂၀၁၆ ခုနှစ်တွင် ၆၇၁ မှုအထိဖြစ်ပွားခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ၈၉၇ မှုဖြစ်ပွားခဲ့ကာ ၂၂၆ မှု တိုးလာခဲ့ကြောင်း သိရသည်။ ထို့ပြင်အသက် ၁၆ နှစ်အထက် မုဒိမ်းမှုဖြစ်စဉ်တွင်လည်း ၂၀၁၆ ခုနှစ်တွင် ၄၂၉ မှုဖြစ်ပွားခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ၅၀၈ မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလကုန်မှစ၍ သက်ငယ်မုဒိမ်းမှု အပါအ၀င် ပြစ်မှုကြီးများကို ထိရောက်ဟန့်တားသည့် လုပ်ငန်းစဉ်ဖြစ်ရန် အလေးထား ဆောင်ရွက်နေကြောင်း ပြည်ထဲရေးဒုတိယ၀န်ကြီး ပြောကြား

ဖေဖော်ဝါရီလကုန်မှစ၍ သက်ငယ်မုဒိမ်းမှု အပါအ၀င် ပြစ်မှုကြီးများကို ထိရောက်ဟန့်တားသည့် လုပ်ငန်းစဉ်ဖြစ်ရန် အလေးထား ဆောင်ရွက်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြားသည်။

ဖေဖော်ဝါရီ ၂၁ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးအပြီးတွင် ဒုတိယ၀န်ကြီးအား သက်ငယ်မုဒိမ်းမှုများနှင့် ပတ်သက်ပြီး ဆောင်ရွက်နေသည့် အခြေအနေကို သတင်းထောက်များက မေးမြန်းခဲ့ခြင်းဖြစ်သည်။

ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက “ကျွန်တော်တို့ ၀န်ကြီးဌာနအားလုံးရော၊ လူမှုအဖွဲ့အစည်း အားလုံးပူးပေါင်းပြီးတော့ အဓိကပြည်သူတွေကို သက်ငယ်မုဒိန်းမှု မဖြစ်အောင် ဘယ်လိုပြုမူ နေထိုင်သင့်တယ်ဆိုတာကို အသိပညာပေးရေးလမ်းစဉ်ကို တိုးမြှင့်လုပ်ဆောင်နေပါတယ်။ နောက်တစ်ချက်က တရားဥပဒေစိုးမိုးရေးကို အဓိကလုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ သက်ငယ်မုဒိမ်းဖြစ်နိုင်ခြေရှိတဲ့နေရာတွေကို ဦးစားပေးပြီးတော့ ကျွန်တော်တို့ မှုခင်းကာကွယ်ရေး မဟာဗျူဟာရှိပါတယ်။ ဒါလေးနဲ့အညီ ကျွန်တော်တို့ လေ့လာသုံးသပ်ပြီးတော့ နယ်မြေအလိုက် တိုးမြှင့်ဆောင်ရွက်ဖို့လိုတဲ့ နေရာတွေကို တိုးမြှင့်ဆောင်ရွက်နေပါတယ်။ တစ်ဖက်က ပြစ်ဒဏ်ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး တောင်းဆိုနေတာ ရှိပါတယ်။ ဒါကို ကျွန်တော်တို့ ဥပဒေပြင်ဆင်ရေးကတော့ ဥပဒေရေးဆွဲတဲ့ လုပ်ငန်းစဉ်အတိုင်း တစ်ဖက်ကတော့ သွားနေတာပေါ့။ ကျွန်တော်တို့ ဖေဖော်ဝါရီလကုန်ကစပြီးတော့ သက်ငယ်မုဒိမ်းမှု အပါအ၀င် ပြစ်မှုကြီးတွေအတွက်ကို ကျွန်တော်တို့ မှုခင်းကာကွယ်ရေး မဟာဗျူဟာကို နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ပြည်တွင်းအဖွဲ့အစည်းတွေနဲ့ လေ့လာသုံးသပ်ပြီးတော့ ဒါကို ထိရောက်ဟန့်တားတဲ့ လုပ်ငန်းစဉ်ဖြစ်ပေါ်ဖို့ အလေးထား ဆောင်ရွက်နေပါတယ်။ ဒီကိစ္စတွေဖြစ်ပေါ်တဲ့ အပေါ်မှာလည်း ကျွန်တော်တို့ ကြားသိနေရတာ စိတ်ထဲမှာ မကောင်းပါဘူး။ ဒါကြောင့် ဒီလုပ်ငန်းစဉ်ကို အလေးအနက်ထားပြီး နေ့စဉ်ဆောင်ရွက်ထားပါတယ်” ဟု သတင်းထောက်များအား ပြောကြားသည်။

ဆက်လက်၍ “တရားရုံးတွေက တရားရုံးလုပ်ထုံးလုပ်နည်းနဲ့သွားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ တရားဥပဒေစိုးမိုးရေး ရှုထောင့်ကနေပြီး ချဉ်းကပ်ပေးပါတယ်။ ခုနကပြောတဲ့ ဆန္ဒဖော်ထုတ်မှုတွေက ကျွန်တော်တို့ပြဋ္ဌာန်းပြီးသား ဥပဒေတွေထဲမှာ တိတိလင်းလင်း ပြဋ္ဌာန်းပြီးသား ဖြစ်ပါတယ်။ ဥပဒေနဲ့အညီ ဆောင်ရွက်ခွင့်ကတော့ အားလုံးမှာ Right ရှိပါတယ်။ ဥပဒေအရ ခွင့်ပြုထားတဲ့ Right တွေ အားလုံးပေါ်မှာ တားမြစ်စရာ အစီအစဉ် မရှိပါဘူး။ သို့သော်လည်း ဥပဒေနဲ့မကိုက်ညီတဲ့ကိစ္စတွေ၊ အများပြည်သူ အနှောင့်အယှက်ဖြစ်တာတွေ၊ မူလလုပ်ငန်းတာဝန်တွေ အပေါ်မှာ အဟန့်အတား ဖြစ်စေတယ် ဆိုတာကိုတော့ ကျွန်တော်တို့က ဥပဒေနဲ့အညီ ထိန်းသိမ်း ဆောင်ရွက်သွားမှဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်အောင်စိုးက ဆိုသည်။

သက်ငယ်မုဒိမ်းနှင့် လူသတ်မုဒိမ်းများကို သေဒဏ်ပေးရန် လူထုလက်မှတ်ကောက်ခံသည့် လှုပ်ရှားမှုပြုလုပ်မှုများရှိနေပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အသက် ၁၆ နှစ်အောက် ကလေးသူငယ်များ မုဒိမ်းပြုကျင့်ခံရသည့် အမှုများသည် ၂၀၁၆ ခုနှစ်တွင် ၆၇၁ မှု၊ ၂၀၁၇ ခုနှစ်မှာ ၈၉၇ မှုဖြစ်သည့်အတွက် ပြီးခဲ့သည့် နှစ်ကထက် ၂၂၆ မှု တိုးလာကြောင်း သိရသည်။