ချစ်သူချင်းခိုးယူ ပေါင်းသင်းခဲ့သော်လည်း အသက်မပြည့်သေးသောကြောင့် အုပ်ထိန်းသူက အမှုဖွင့်ရာ သက်ငယ်မုဒိမ်းမှုဖြင့် အရေးယူခံရမှု ဘားအံမြို့နယ်တွင် ဖြစ်ပွား

ကရင်ပြည်နယ် ဘားအံမြို့နယ် အိန္ဒုနယ်မြေရဲစခန်းအပိုင်တွင် အလယ်တန်း အဆင့်ကျောင်းသူတစ်ဦးအား ၎င်း၏ချစ်သူက နှစ်ဦးသဘောတူ ခိုးယူ​ပေါင်းသင်းခဲ့သော်လည်း အုပ်​ထိန်းသူက အမှုဖွင့်​တိုင်တန်းသည့် ​သက်​ငယ်မုဒိမ်းမှုဖြစ်​စဉ်​တစ်​ခု ဖြစ်ပွားခဲ့ကြောင်း အိန္ဒုနယ်​​မြေရဲစခန်းမှ သတင်းရရှိသည်​။

ဘားအံမြို့နယ် သာယာကုန်းကျေးရွာအုပ်စု ​—-ကျေးရွာနေ ဦး—-+ ဒေါ်—- တို့၏ သမီးဖြစ်သူ မ—- အသက် (၁၂) နှစ်သည် စက်တင်ဘာ ၈ ရက် ည ၇ နာရီခန့်က ရုတ်​တရက် ​​ပျောက်​ဆုံး​နေသဖြင့် အုပ်​ထိန်းသူများက လိုက်လံစုံစမ်းခဲ့ရာ စက်တင်ဘာ ၉ ရက် ည​နေ ၃နာရီခန့်တွင် ​ကော့စိန်​ဘန်း​ကျေးရွာအုပ်​စု တံတားဦးရွာ​နေ ​မောင်​မိုက်​ခဲ (ခ) မိုက်​ရိုင်း၏ ​နေအိမ်​တွင် ​​တွေ့ရှိရကြောင်း သိရသည်။

မိန်းကလေး၏ မိဘအုပ်​ထိန်းသူများက ​မေးမြန်းရာ လွန်​ခဲ့​သောတစ်​နှစ်​ခန့်​ကတည်းက ချစ်​သူရည်းစားဖြစ်​​နေ​သော ​မောင်​လာကု (ခ) ထက်​လင်း​အောင်​နှင့်​ ခိုးရာလိုက်​​ပြေးခြင်းဖြစ်​​ကြောင်း သိရပြီး သားမယားအဖြစ်​ သုံးကြိမ်​ဆက်​ဆံခဲ့​ကြောင်း ​မေးမြန်း သိရှိရသည်​ဟုဆိုသည်။

ဖြစ်စဉ်နှင့်ပတ်သက်​ပြီး အုပ်​ထိန်းသူ​ ဒေါ်—– က အရွယ်​မ​ရောက်​​သေးသည့် သမီးဖြစ်​သူ မ —– အသက် ၁၂ နှစ် နှစ်လ – မွေးသက္ကရာဇ် ၂၁-၇-၂၀၀၆ ခုနှစ် – ဆဋ္ဌမတန်းကျောင်းသူအား ခိုးယူခေါ်ဆောင်သွားကာ သားမယားအဖြစ် ​ပေါင်းသင်း​နေထိုင်​ခဲ့သူ မောင်လာကု (ခ) ထက်​လင်း​အောင်​ (၂၀ နှစ်​)၊ ဘားအံမြို့နယ်​သာယာကုန်း ကုလားစု​နေသူကို အ​ရေးယူ​ပေးရန်​ တရားလိုပြုလုပ် ​တိုင်​တန်းခဲ့ခြင်းဖြစ်​​ကြောင်း သိရသည်​။

“သက်​ငယ်​မုဒိမ်းမှုကို အရင်က ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၅ ရဲ့ ပဉ္စမပိုဒ်မှာ ဖွင့်​ဆိုထားတာက အသက် ၁၄ နှစ်အောက် ကလေးငယ်ကို အလိုတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ မုဒိမ်းမှုမြောက်တယ်လို့ ဖွင့်​ဆိုခဲ့​ပေမယ့်​ ၂၀၁၆ ခုနှစ် ဇန်န၀ါရီ ၇ ရက်က ပြည်ထောင်စု ဥပဒေအမှတ် (၆) ပြင်ဆင်လိုက်တဲ့အခါ ၁၆ နှစ်အောက် မိန်းကလေးများကို အလိုတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ မုဒိမ်းမှုမြောက်တယ်လို့ ပြင်ဆင်​ထားတဲ့အတွက် ​အသက် ၁၆ နှစ်အောက် မိန်းကလေး​တွေဟာ သူတို့ရဲ့ရည်းစားကောင်လေး​တွေနဲ့ လိုက်ပြေးတယ်။ ဒါကို အုပ်​ထိန်းသူမိဘတွေက အမှုဖွင့်တဲ့အခါမှာ ၃၆၃၊ ၃၇၆ နဲ့ ရေးဖွင့်ရတာ ဖြစ်​တယ်​” ဟု အိန္ဒုနယ်​​မြေ ရဲစခန်းမှူး ရဲအုပ်​မင်း​အောင်ထွန်းက ပြောကြားသည်​။

သို့ဖြစ်၍ မောင်လာကု(ခ) ထက်လင်းအောင် ( ၂၀) နှစ်အား အိန္ဒုနယ်မြေရဲစခန်း က(ပ)၁၂၂/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၆၊ ၃၆၃ဖြင့်​ အမှုဖွင့် စစ်ဆေးလျက်​ရှိ​ကြောင်း သိရသည်​။

ကရင်​ပြည်​နယ်​အတွင်း သက်​ငယ်​မုဒိမ်းမှု ဖြစ်​ပွားသည့်​အ​ရေအတွက်​ နှိုင်းယှဉ်​ရာတွင်​ ၂၀၁၆ခုနှစ်​က ၁၁ မှု၊ ၂၀၁၇ ခုနှစ်​တွင်​ ၁၇ မှု၊ ၂၀၁၈ခုနှစ်​ သြဂုတ်​လ​နောက်​ဆုံးပတ်​အထိ ၁၇ မှုဖြစ်​ပွားခဲ့​ကြောင်း သိရပြီး တစ်နှစ်ထက်တစ်နှစ် ပိုမိုများလာဖွယ်ရှိကြောင်း ကရင်​ပြည်​နယ်​ရဲတပ်​ဖွဲ့၏ မှုခင်းမှတ်​တမ်းများအရ သိရသည်​။

အသက်မပြည့်သေးသည့် မိန်းကလေးအား မုန့်ဝယ်ကျွေးမည်ဟု ပြောကာ ဘောလုံးကွင်းအတွင်း ခေါ်ဆောင်၍ အဓမ္မပြုကျင့်မှုဖြင့် ၁၇ နှစ်အရွယ် အမျိုးသားကို ထောင်ဒဏ် ၁၀ နှစ်ချမှတ်

အသက်မပြည့်သေးသည့် မိန်းကလေးအား မုန့်ဝယ်ကျွေးမည်ဟု ပြောကာ ဘောလုံးကွင်းအတွင်း ခေါ်ဆောင်၍ အဓမ္မပြုကျင့်မှုဖြင့် ၁၇ နှစ်အရွယ် အောင်နေမျိုး ဆိုသူကို ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးက ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် သြဂုတ် ၂၈ ရက် တွင် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။ အောင်နေမျိုးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၆၃ အရ ထောင်ဒဏ် နှစ်နှစ် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ အရ ထောင်ဒဏ် ရှစ်နှစ်နှင့် ယင်းပြစ်ဒဏ် နှစ်ရပ်ကို သီးခြားစီ ကျခံစေရန် ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံး ဒုတိယခရိုင် တရားသူကြီး (၄) က တရားခွင်တွင် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အမှုဖြစ်စဉ်မှာ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁ ရက် ည ၉ နာရီတွင် မြောက်ဥက္ကလာပမြို့နယ်၌ မ… (အသက် ၁၂ နှစ် ၁၁ လ)သည် လမ်းထိပ်တွင် ရေခဲချောင်းဝယ်ရန်ဟု ဆိုကာ အိမ်မှ ထွက်သွားကြောင်း၊ ထို့နောက် ည ၁၀ နာရီအထိ အိမ်ပြန်လာခြင်း မရှိသေးသောကြောင့် မိသားစုဝင်များက လိုက်လံ စုံစမ်းရှာဖွေရာ လမ်းထိပ်တွင် ဆောက်လုပ်နေသည့် ကန်ထရိုက်တိုက်မှ အောင်နေမျိုး ခေါ်ဆောင်သွားသည်ဟု စုံစမ်းသိရကြောင်း၊ ယင်းနောက် ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂ ရက် နံနက် ၃ နာရီတွင် စက်ဘီးဖြင့် လမ်းထဲဝင်လာသည့် အောင်နေမျိုး ကိုတွေ့ရပြီး မ…… (အသက် ၁၂ နှစ် ၁၁ လ) မှာ နောက်မှ လမ်းလျှောက်၍ နေအိမ်သို့ ပြန်လာသည်ကို တွေ့ရှိရကြောင်း၊ ထိုသို့ တွေ့ရှိရသဖြင့် မိသားစုဝင်များက မ…… (အသက် ၁၂ နှစ် ၁၁ လ) အား မေးမြန်းရာ ၎င်းသည် လမ်းထိပ်သို့ ရေခဲချောင်းဝယ်ရန် ထွက်လာစဉ် အောင်နေမျိုးသည် နောက်မှ စက်ဘီးဖြင့် လိုက်လာပြီး မုန့်ဝယ်ကျွေးမည်ဟု ပြော၍ ဘောလုံးကွင်းအတွင်းသို့ ခေါ်ဆောင်ကာ တစ်ကြိမ် အဓမ္မ ပြုကျင့်ခဲ့သည်ဟု ပြောပြသိရသဖြင့် မိဘအုပ်ထိန်းမှုအောက်မှ မလွတ်ကင်းသော အသက်မပြည့်သည့် သမီးဖြစ်သူကို အဓမ္မပြုကျင့်ခဲ့သူ အောင်နေမျိုးအား အရေးယူပေးရန် တိုင်တန်းခဲ့သည့် အမှုဖြစ်ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။

သက်ငယ်မုဒိမ်း ကျူးလွန်သူများကို သေဒဏ်ပေးရေး အထူးဥပဒေတစ်ရပ် ပြဋ္ဌာန်းပေးရန် တိုက်တွန်းကြောင်းအဆို လွှတ်တော်၌ ရှုံးနိမ့်ခဲ့သော်လည်း သက်ငယ်မုဒိမ်းမှု ပေါများနေသည့်အတွက် ကျူးလွန်သူများအား သေဒဏ်ပေးရေး လှုပ်ရှားမှုများ ဆက်လက် ပြုလုပ်မည်ဟုဆို

သက်ငယ်မုဒိမ်း ကျူးလွန်သူများကို သေဒဏ်ပေးရေး အထူးဥပဒေတစ်ရပ် ပြဋ္ဌာန်းပေးရန် တိုက်တွန်းကြောင်းအဆို ပြည်သူ့လွှတ်တော်တွင် ရှုံးနိမ့်ပြီး မှတ်တမ်းအဖြစ်သာ ထားရှိခဲ့သော်လည်း သက်ငယ်မုဒိမ်းမှု များပေါများနေသည့်အတွက် ကျူးလွန်သူများအား သေဒဏ်ပေးရေး လှုပ်ရှားမှုများကို ဆက်လက် လုပ်ဆောင်မည်ဖြစ်ကြောင်း 4 Woman’s Voice အဖွဲ့မှ သိရသည်။

ပြီးခဲ့သည့် ဇွန် ၁၈ ရက်တွင် နေပြည်တော်၌ ပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး ၁၆ ရက်မြောက်တွင် ရသေ့တောင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက တစ်နေ့တခြား များပြားလာပြီး ထိန်လန့်ဖွယ်ရာအဆင့် ရောက်ရှိနေသော သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများအား ထိရောက်စွာ ဟန့်တားနိုင်ရန် အထူးဥပဒေတစ်ရပ် အမြန်ရေးဆွဲကာ ထိုဥပဒေတွင် ပြစ်မှု ပြစ်ဒဏ်အပိုင်းကို သေဒဏ် ချမှတ်သည်အထိ တိတိကျကျ ရေးဆွဲပြဋ္ဌာန်းပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ပြီး အဆုံးအဖြတ် ရယူရာတွင် ရှုံးနိမ့်ကာ မှတ်တမ်းအဖြစ်သာ ထားရှိခဲ့ခြင်း ဖြစ်သည်။

“ကျွန်မတို့ ဒီကိစ္စကို FDA ကလေးမလေး စဖြစ်ကတည်းက ဒီဟာကို စလှုပ်ရှားခဲ့တယ်ပေါ့။ လှုပ်ရှားခဲ့တဲ့ နေရာမှာ ကျွန်မတို့ရဲ့သွားပုံသွားနည်းကတော့ လူထုရဲ့ လက်မှတ်ကို ကောက်ခံပြီးတော့မှ လူထုအနေနဲ့ သွားချင်တာပေါ့နော်။ ဘယ်လွှတ်တော် ကိုယ်စားလှယ်မှ မပါဘဲနဲ့။ ဒါပေမဲ့ အဲဒီကိစ္စကို လက်မခံနိုင်ကြတဲ့ လူထုတစ်ရပ်ကလည်း လှုပ်ရှားတယ်ပေါ့။ လှုပ်ရှားကြတဲ့နေရာမှာ ကျွန်မတို့က သက်ငယ်မုဒိမ်း သေဒဏ်ပေးရေးဘက်ကို သွားတယ်။ သူတို့က သက်ငယ်မုဒိမ်း ကြီးလေးသော ပြစ်ဒဏ်ပေးရေးကို သွားတယ်။ အဲဒီတော့ ကျွန်မတို့က စပြီးလှုပ်ရှားစနဲ့ လှုပ်ရှားနေစဉ်အတွင်းမှာ ၀ိဝါဒတွေ ကွဲပြားသွားကြတယ်။ ဒါပေမဲ့ ကျွန်မတို့ရဲ့လှုပ်ရှားမှု ဘာမှမဖြစ်ခင်မှာပဲ လွှတ်တော်ထဲမှာ ဒီကိစ္စဖြစ်သွားတယ်ပေါ့။ ဖြစ်တဲ့အချိန်မှာ ကျွန်မတို့က လူထုလက်မှတ်နဲ့
တောင်းဆိုမယ့်ကိစ္စက ခဏစောင့်လိုက်တာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ လွှတ်တော်ထဲမှာ ဒီလိုမျိုးတွေ ဆွေးနွေးနေပြီဆိုရင်လည်း ကျွန်မတို့လိုချင်တဲ့ အဖြေရခဲ့ရင်လည်း ဘာမှဆက်လုပ်စရာ မလိုဘူး။ ကျေနပ်လောက်တဲ့ အဖြေမဟုတ်ဘူး ဆိုရင်လည်း ဘာဆက်လုပ်မယ်ဆိုတဲ့ Plan တော့ ထားလိုက်တယ်ပေါ့နော်။ ဒီဟာကတော့ ကျွန်မတို့ ကျေနပ်တဲ့ အကြောင်းတရားတော့ မဟုတ်ဘူးပေါ့။ ကျွန်မတို့နိုင်ငံမှာ သက်ငယ်မုဒိမ်းတွေက အရမ်းကို များပြားနေတဲ့အချိန်မှာ ဒီလိုမျိုး သိမ်းဆည်းထားလိုက်ရုံပဲ ဆိုတာက ကျူးလွန်သူကို ကာကွယ်ချင်တာလား။ ကျူးလွန်ခံရတဲ့ ကလေးတွေကို ဥပေက္ခာပြုချင်တာလား။ အဲဒီတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်မတို့က ထဲထဲဝင်ဝင် ပြန်လုပ်မယ်။ ထဲထဲဝင်ဝင် ပြန်လုပ်ပြီးတော့ ဆက်ပြီးတော့ လှုပ်ရှားမယ်ပေါ့နော်”ဟု 4 Woman’s Voice အဖွဲ့မှ မလီလီနိုင်ကျော်က ပြောကြားသည်။

ကလေးသူငယ်နှင့် မသန်စွမ်းသူ အမျိုးသမီးကို မုဒိမ်းမှု ကျူးလွန်ပါက ထောင်ဒဏ် အနည်းဆုံးနှစ် ၂၀ မှ သေဆုံးသည်အထိ အကျဉ်းထောင်အတွင်း ပြစ်ဒဏ် ကျခံရမည့်ပုဒ်မ ပါဝင်သော ဥပဒေမှုကြမ်းများ ရေးဆွဲနေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးအောင်က ဇွန် ၁၈ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။

“လူတွေ မသိကြသေးတဲ့ သက်ငယ်မုဒိမ်းတွေ အများကြီးပါပဲ။ ကျွန်မက မြေပြင်ပေါ်မှာ ဆင်းပြီးတော့ ကိုယ်ဝန်ဆောင်သည်တွေကို စောင့်ရှောက်တဲ့ လုပ်ငန်းက လုပ်နေတော့။ မြေပြင်ကို ဆင်းတဲ့အချိန်မှာ အခြေခံလူတန်းစားတွေမှာ တော်တော်လေးကိုပဲ ဒီလိုပြဿနာတွေဟာ လူမသိသူမသိ ဖြစ်နေတဲ့ဟာတွေက အများကြီးဖြစ်နေတယ်။ အဲဒါကြောင့်မို့လို့ ကျွန်မတို့က ဒါကို သေသေချာချာ တောင်းဆိုနေတာပါ။ တရားရုံး မရောက်လိုက်တဲ့ဟာတွေ အများကြီးပါ” ဟု မလီလီနိုင်ကျော်က ဆိုသည်။

လက်ရှိတွင် မုဒိမ်းကျင့် လူသတ်မှုနှင့် သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများအား သေဒဏ် ပေးရန် 4 Woman’s Voice အဖွဲ့ လက်မှတ်ကောက်ခံမှုတွင် လက်မှတ် ရှစ်သောင်းကျော် ရရှိထားကြောင်း သိရပြီး လက်မှတ် သုံးသိန်းပြည့်သည်အထိ ကောက်ခံမည် ဖြစ်ကြောင်း၊ လက်မှတ် သုံးသိန်းဆိုပါ က ပြည်သူ့ ဆန္ဒကို အလေးထားပေးမည်ဟု မျှော်လင့်ကြောင်း မလီလီနိုင်ကျော်က ဆက်လက် ပြောကြားသည်။

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများကို သေဒဏ်ချမှတ်နိုင်ရေး အထူးဥပဒေတစ်ရပ် အမြန်ရေးဆွဲပြဋ္ဌာန်းပေးရန် တိုက်တွန်းကြောင်းအဆိုအား ပြည်သူ့လွှတ်တော်တွင် အတည်မပြုဘဲ မှတ်တမ်းတင်

ပြည်သူ့လွှတ်တော်အစည်းအဝေးအပြီး ပြန်လည်ထွက်ခွာလာသည့် လွှတ်တော်ကိုယ်စားလှယ်များအား တွေ့ရစဉ် (ဓာတ်ပုံ-စည်သူ)

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများကို ထိရောက်စွာဟန့်တားနိုင်ရန် အထူးဥပဒေတစ်ရပ် အမြန်ရေးဆွဲပြီး ပြစ်မှုပြစ်ဒဏ်တွင် သေဒဏ်ချမှတ်နိုင်သည်အထိ တိတိကျကျ ရေးဆွဲပြဋ္ဌာန်းပေးရန်အဆိုအား ပြည်သူ့လွှတ်တော်တွင် မှတ်တမ်းအဖြစ်သာ ထားရှိခဲ့သည်။

နေပြည်တော်၌ ဇွန် ၁၈ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့တွင် ရသေ့တောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ၏ တစ်နေ့တခြား များပြားလာပြီး ထိတ်လန့်ဖွယ်ရာ အဆင့်သို့ ရောက်ရှိနေသော သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများအား ထိရောက်စွာ ဟန့်တားနိုင်ရန် အထူးဥပဒေတစ်ရပ် အမြန်ရေးဆွဲကာ ထိုဥပဒေထဲတွင် ပြစ်မှုပြစ်ဒဏ်အပိုင်းကို သေဒဏ်ချမှတ်သည်အထိ တိတိကျကျ ရေးဆွဲပြဋ္ဌာန်းပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ပြီး အဆုံးအဖြတ်ရယူရာတွင် အတည်ပြုရန် ရှုံးနိမ့်ခဲ့ ကာ မှတ်တမ်းအဖြစ်သာ ထားရှိခဲ့ခြင်းဖြစ်သည်။

“သက်ငယ်မုဒိမ်းကို သေဒဏ်ပေးဖို့ တောင်းဆိုနေတာ မျက်မြင်ကိုယ်တွေ့ပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ အသံတွေကို ဂရုစိုက်ဖို့ လိုပါတယ်။ အလေးထားဖို့ လိုပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဥပဒေပြုလွှတ်တော် ဖြစ်နေတယ်။ အဲဒီတော့ ကိုယ်တတ်နိုင်တဲ့ဘက်က ဒီဥပဒေကို မပြုလိုက်နိုင်ရင် လွှတ်တော်ကိုယ်စားလှယ်နဲ့ ထိုက်တန်ဖို့ ရှိ မရှိဆိုတာကို ပြည်သူတွေ ဆုံးဖြတ်စေချင်ပါတယ်။ ဒီမိုကရေစီစနစ်ဆိုတာ ဘယ်လောက်ပဲ အင်အားများတဲ့သူက နိုင်ပါစေ။ ဒါပေမဲ့ လူနည်းစုကိုတော့ အလေးထားသင့်တယ်။ လူနည်းစုရဲ့ တောင်းဆိုမှုကို လူများစုက အလေးထားသင့်တယ်လို့ ခဏခဏပြောခဲ့တယ်။ ဒီအဆိုကို အတည်မပြုလည်း ထောက်ခံပေးတဲ့သူတွေကို ကျေးဇူးတင်ပါတယ်” ဟု အဆိုရှင်က ပြောကြားသည်။

အဆိုကို ဗိုလ်တထောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စိုး (ခ) ဒေါ်မေစိုး၊ ပန်းတောင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းသစ်၊ ကော့မှူးမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းဆွေနှင့် ဒေးဒရဲ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ခင်ညိုတို့က ဆွေးနွေးခဲ့ပြီးနောက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာနနှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးတို့မှ အဆိုကို လွှတ်တော်တွင် မှတ်တမ်းဖြစ်သာထားရှိရန် ဆွေးနွေးခဲ့ကာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ ပြဋ္ဌာန်းလာမည့် ဥပဒေနှင့်အညီသာ စီရင်ဆုံးဖြတ်သွားမည်ဖြစ်ကြောင်းနှင့် ပြည်ထဲရေး ၀န်ကြီးဌာနမှ ပြန်လည်ရှင်းလင်းရာတွင် အဆိုနှင့်ပတ်သက်၍ သဘောထားမှတ်ချက်ပေးခဲ့ခြင်း မရှိကြောင်း သိရသည်။

အဆိုရှင်ဒေါ်ခင်စောဝေက အဆိုကို အတည်ပြုသင့်ကြောင်း ပြောကြားခဲ့သောကြောင့် စက်ခလုပ်နှိပ် ဆန္ဒမဲပေးသောနည်းဖြင့် လွှတ်တော်အဆုံးအဖြတ်ရယူရာတွင် ဆန္ဒမဲပေးခွင့်ရှိသူပေါင်း ၃၈၅ ဦးရှိသည့် အနက် အဆိုကိုအတည်ပြုရန် ထောက်ခံဆန္ဒမဲပေါင်း ၁၄၁ မဲ၊ ကန့်ကွက်ဆန္ဒမဲပေါင်း ၂၂၇ မဲနှင့် ကြားနေဆန္ဒမဲပေါင်း လေးမဲရှိခဲ့သောကြောင့် အတည်ပြုရန် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။

“သေဒဏ်ပေးခြင်းနည်းလမ်းကို သုံးခြင်းဖြင့် ရာဇ၀တ်ကျူးလွန်သူများကို ရပ်တန့်စေနိုင်တာ မဟုတ်သလို သေဒဏ်ဟာ ရာဇ၀တ်လျော့နည်းကျဆင်းရေးရဲ့ အဓိကအဖြေလည်းမဟုတ်ဘဲ သေဒဏ်ပေးခြင်းကြောင့် ရာဇ၀တ်မှုများ ရပ်တန့်သွားတယ်ဆိုတာကို ဘယ်နိုင်ငံမှာမှ မတွေ့ရဘဲ အခုဆိုရင် မြန်မာနိုင်ငံမှာ အမျိုးသမီးများ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေရေးဆွဲပြီး မကြာမီ လွှတ်တော်ကို ရောက်ရှိလာမှာဖြစ်ပြီး ကလေးသူငယ်ဖြစ်စေ၊ မသန်စွမ်းသူဖြစ်စေ မုဒိမ်းမှု ကျူးလွန်သူကို ထောင်ဒဏ် နှစ် ၂၀ မှ တစ် သက်တစ်ကျွန်း လွတ်ငြိမ်းချမ်းသာခွင့်မရှိ ချမှတ်ဖို့လည်း ဥပဒေမှာ ပါရှိနေပါတယ်။ အမျိုးသမီးငယ်များနှင့် ကလေးသူငယ်များ အကြမ်းဖက်မှု ကိုင်တွယ်ဖြေရှင်းရန် လိုလားကြသော စိန်ခေါ်မှုများစွာရှိပြီး အမျိုးသမီးများကို အကြမ်းဖက်မှုမှကာကွယ်ရန် သက်ဆိုင်ရာ ကဏ္ဍအသီးသီးရှိ ဌာနပေါင်းစုံမှ ပူးပေါင်းကူညီဆောင်ရွက်ကြရန်လည်း လိုအပ်တယ်” ဟု ဗိုလ်တထောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စိုး (ခ) ဒေါ်မေစိုးက ပြောကြားသည်။

ရသေ့တောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ၏ တစ်နေ့တခြား များပြားလာပြီး ထိတ်လန့်ဖွယ်ရာ အဆင့်သို့ရောက်ရှိနေသော သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများအား ထိရောက်စွာ ဟန့်တားနိုင်ရန် အထူးဥပဒေတစ်ရပ် အမြန်ရေးဆွဲကာ ထိုဥပဒေထဲတွင် ပြစ်မှုပြစ်ဒဏ်အပိုင်းကို သေဒဏ်ချမှတ်သည်အထိ တိတိကျကျ ရေးဆွဲပြဋ္ဌာန်းပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို ဇွန် ၁ ရက်ကပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် တင်သွင်းခဲ့ခြင်း ဖြစ်သည်။

သက်ငယ်မုဒိမ်းမှုများနှင့်ပတ်သက်၍ ရဲစခန်း၌အမှုဖွင့်ရာတွင် မလွယ်ကူကြောင်းနှင့် ရဲဝန်ထမ်းများကိုယ်တိုင် ငွေကြေးဖြင့် ညှိနှိုင်းမှုများပြုလုပ်နေသည်ကို တွေ့ရကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြောကြား

သက်ငယ်မုဒိမ်းမှု သေဒဏ်ပေးရေးအတွက် ဥပဒေပြဋ္ဌာန်းပေးရန် တောင်းဆိုလှုပ်ရှားမှုတစ်ခု ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်းက သာကေတမြို့နယ်တွင် ပြုလုပ်နေသည်ကို တွေ့ရစဉ်

သက်ငယ်မုဒိမ်းအမှုများနှင့်ပတ်သက်၍ ရဲစခန်း၌ အမှုဖွင့်ရာတွင် မလွယ်ကူကြောင်းနှင့် ရဲဝန်ထမ်းများကိုယ်တိုင် ငွေကြေးဖြင့် ညှိနှိုင်းမှုများပြုလုပ်နေသည်ကို တွေ့ရကြောင်း မရမ်းကုန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမေ၀င်းမြင့်က ပြောကြားသည်။

နေပြည်တော်၌ မေ ၂၅ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး သတ္တမနေ့တွင် ဒေါက်တာမေ၀င်းမြင့် မေးမြန်းသည့် သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများအား ထိရောက်ပြင်းထန်စွာ အမြန်ဆုံး အပြစ်ပေးနိုင်ရေးနှင့် သက်ငယ်မုဒိမ်းမှုလျော့ကျရေး မည်သို့သော အစီအစဉ်များဖြင့် အရေးယူဆောင်ရွက်နေသည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်းနှင့်ပတ်သက်၍ လွှတ်တော်အပြီးတွင် မီဒီယာများအား အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“တချို့ဆိုရင် ရဲစခန်းမှာ အမှုဖွင့်ရတာလေ လွယ်လွယ်ကူကူ မဟုတ်ဘူး။ ဒါတွေရှိသေးတယ်။ တချို့ကျတော့ ရဲတွေကိုယ်တိုင်က ညှိကြပါ ညှိကြပါဆိုပြီး လုပ်တယ်။ တရားခံကို ညှိခိုင်းတာပေါ့။ တရားခံက ငွေသုံးပြီးတော့။  ဒါတွေကလည်း မဖြစ်သင့်ဘူး။ တချို့ရဲစခန်းတွေမှာ မိန်းကလေးတွေကို လူသူအရှေ့မှာ စစ်မေးတာတွေက မသင့်တော်ဘူး။ စစ်မေးတဲ့ စကားလုံးတွေက ညစ်ညမ်းတယ်။ ပြင်းထန်တယ်။ မိန်းကလေးတွေက အများရှေ့မှာ ဖြေနေရတဲ့အခါကျတော့ ရဲစခန်းကို မသွားချင်ကြတော့ဘူး။ ဒါတွေက ရဲကျင့်ဝတ်နဲ့ မညီတာတွေက အများကြီးပြင်ဖို့လိုပါတယ်” ဟု ဒေါက်တာမေ၀င်းမြင့်က ပြောကြားသည်။

ထို့ပြင် သက်ငယ်မုဒိမ်းမှုများဖြစ်သည့်အခါ အာဏာရှိသော ပုဂ္ဂိုလ်များက ကျူးလွန်ခံမိသားစုများကို ငွေကြေးဖြင့်ဖြားယောင်းပြီး တရားမစွဲဆိုနိုင်ရန် ဆောင်ရွက်ပေးသူများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် သင့်သကဲ့သို့ ပြုကျင့်ခံရသော မိသားစုအသိုင်းအ၀ိုင်းမှ အားငယ်စိတ်ပျက်လာစေရန်၊ အမှုကို မတိုင်ကြားရန်၊ အမှုကိုပေါ့လျော့စေရန် တရားစွဲအဖွဲ့များက ဆောင်ရွက်နေမှုများကိုလည်း တင်းတင်းကြပ်ကြပ် လမ်းညွှန်မှုများ လုပ်ဆောင်ရန်လိုအပ်ကြောင်း အုတ်တွင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချိုက ပြောကြားသည်။

မေ ၂၅ ရက်ကပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မရမ်းကုန်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမေ၀င်းမြင့်နှင့် အုတ်တွင်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဒေါ်ချိုချိုတို့က သက်ငယ်မုဒိမ်းမှုနှင့် ပတ်သက်၍ မေးခွန်းများ မေးမြန်းခဲ့ကြခြင်းဖြစ်ပြီး မေးခွန်းများကို ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးတို့က တပေါင်းတည်း ပြန်လည်ဖြေကြားခဲ့ကြခြင်း ဖြစ်သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်အနေဖြင့် သက်ငယ်မုဒိမ်းဖြစ်ပွားမှုအပေါ် သုံးသပ်ပြီး အမှုများ လျော့နည်းကျဆင်းရေးအတွက် စီမံချက်များ ရေးဆွဲဆောင်ရွက်ခြင်း၊ အသိပညာပေး ဟောပြောမှုများဆောင်ရွက်ခြင်း၊ ညစ်ညမ်းဗီဒီယိုခွေများအား ဖျက်ဆီးခြင်း၊ ဖြစ်ပွားလာသော အမှုများကို ထိရောက်သော အပြစ်ဒဏ်ရရှိရေးအတွက် သက်သေခံ အထောက်အထားခိုင်လုံစွာဖြင့် ဥပဒေနှင့်အညီ တရားစွဲတင်ပို့ခြင်း၊ တရားရုံးမှ ချမှတ်သည့် ပြစ်ဒဏ်နှင့် စပ်လျဉ်းပြီး ပြစ်မှုပြစ်ဒဏ်မျှတမှု မရှိသော အမှုများကိုစိစစ်ပြီး အယူခံ ပြင်ဆင်မှုများတက်ရောက်ရန်တို့ကို အလေးထားဆောင်ရွက်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်ရဲတပ်ဖွဲ့များကို ညွှန်ကြားဆောင်ရွက်ထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြန်လည်ဖြေကြားရာတွင် ပြောကြားခဲ့သည်။

ထို့ပြင် သက်ငယ်မုဒိမ်းမှု လျော့နည်းကျဆင်းရေး ကြိုတင်ကာကွယ်သည့် အနေဖြင့် ကာမရာဂ စိတ်ကြွစေသည့် ညစ်ညမ်းကားများ ပြသရောင်းချသည့် ဗီဒီယိုရုံ၊ ဗီဒီယို အခွေအငှားဆိုင်များကိုလည်း ဥပဒေနှင့်အညီ ၀င်ရောက်ဖမ်းဆီးခြင်း၊ လိုင်စင်မဲ့အရက်ချက် လုပ်ရောင်းချသူများ၊ မူးယစ်ဆေးဝါးရောင်း ၀ယ်သုံးစွဲသူများကိုလည်း ဖော်ထုတ်အရေးယူခြင်း၊ မိန်းကလေးငယ်များကို ကာယိနြေ္ဒပျက်ပြားအောင် နှောင့်ယှက်သူများကို အရေးယူခြင်း၊ ကာမရာဂစိတ်နှိုးကြွစေသော ဆေးဝါးများ ရောင်းချသူများကိုလည်း ဥပဒေနှင့်အညီ ဖော်ထုတ်ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိကြောင်း ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံတွင် မုဒိန်းမှု ဖြစ်ပွားမှုအနေဖြင့် ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ အထိ ၂၇၃၄ မှုဖြစ်ပွားခဲ့ရာ သက်ငယ်မုဒိမ်းမှု ၁၇၁၉မှု ဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့ စစ်ဆေးတွေ့ရှိချက်များအရ သက်ငယ်မုဒိန်းမှု ဖြစ်ပွားမှုရာခိုင်နှုန်းသည် ၂၀၁၆ ခုနှစ်တွင် ၆၁ ရာခိုင်နှုန်း၊ ၂၀၁၇ ခုနှစ်တွင် ၆၄ ရာခိုင်နှုန်းနှင့် ၂၀၁၈ ခုနှစ် ဇန်န၀ါရီလမှ ဖေဖော်ဝါရီလအ ထိ ၆၆ ရာခိုင်နှုန်းဖြစ်ပွားခဲ့ပြီး နှစ်အလိုက် ဖြစ်ပွားမှု ရာခိုင်နှုန်း မြင့်မားလာကြောင်း တွေ့ရှိရသည်ဟု ပြည်ထဲရေးဒုတိယ၀န်ကြီးက ပြောကြားသည်။

 

ခြောက်နှစ်အရွယ် မိန်းကလေးငယ်ကို သားမယားပြုကျင့်သည်ဟုဆိုသည့် အမျိုးသားအား သာကေတနယ်မြေရဲစခန်းက ပုဒ်မသုံးခုဖြင့် အမှုဖွင့်ဖမ်းဆီး

သာကေတမြို့နယ်အတွင်း၌ ခြောက်နှစ်အရွယ် မိန်းကလေးငယ်ကို သားမယားပြုကျင့်ခဲ့သည်ဟုဆိုသည့် အမျိုးသားအား သက်ဆိုင်ရာ သာကေတနယ်မြေရဲစခန်းက ပုဒ်မသုံးခုဖြင့် အမှုဖွင့်ကာ ဖမ်းဆီးထားကြောင်း မေ ၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ သာကေတမြို့နယ်၊ ၁၀/ မြောက်ရပ်ကွက်တွင် နေထိုင်သည့် ဒေါ်…..(၅၃ နှစ်) သည် မေ ၅ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က နေအိမ်တွင်ရှိနေစဉ် ၎င်းနေအိမ်၌ ထင်းခုတ်သည့် အလုပ်ကိုလုပ်ကိုင်သော လှမျိုးထွန်း (ခ) သက်မျိုးထွန်း (၂၈ နှစ်) ဆိုသူက ဒေါ်……(၅၃ နှစ်)၏ မြေးများဖြစ်သော ပထမတန်းတက်ရောက်နေသည့် မ……(၆ နှစ်) နှင့် မောင်……(၁၃ နှစ်) တို့အား အအေးတိုက်မည်ဟုပြောဆိုကာ နေအိမ်မှခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ထိုသို့ခေါ်ဆောင်သွားခဲ့ပြီးနောက် လမ်းထိပ်အရောက်တွင် မောင်….(၁၃ နှစ်)အား လှမျိုးထွန်းက ပိုက်ဆံမလောက်သည့် အကြောင်းကိုပြောဆိုပြီး နေအိမ်သို့ပြန်၍ ပိုက်ဆံယူခိုင်းခဲ့ကြောင်း၊ ယင်းနောက် မောင် ……(၁၃ နှစ်)မှာ အိမ်သို့ပြန်၍ ပိုက်ဆံယူပြီး လမ်းထိပ်သို့ပြန်သွားခဲ့ရာ လှမျိုးထွန်းနှင့် မ…..(၆ နှစ်)တို့မှာ အဆိုပါနေရာတွင် မတွေ့ရှိတော့ဘဲ ပျောက်ဆုံးနေသည်ကို တွေ့ရှိခဲ့ရသဖြင့် မောင်…..(၁၃ နှစ်) မှာ အိမ်သို့ပြန်ပြီး အဘွားဖြစ်သူအား ပြန်လည်ပြောပြခဲ့ကြောင်း အမှုဖွင့်တိုင်တန်းချက်အရ သိရသည်။

“အဲဒီမှာမတွေ့လို့ လိုက်ရှာတော့ အဲဒီနေ့ ညနေ ၄ နာရီလောက်မှာ သာကေတမြို့နယ်၊ ဘုရားလေးကွေ့ထိပ်မှာ ကလေးကို ပြန်တွေ့တယ်လို့ သိရတယ်။ အမျိုးသမီးနှစ်ယောက်က ခေါ်လာပြီး ကလေးကို အိမ်ကိုပြန်လိုက်ပို့တယ်လို့ သိရတယ်။ အဲဒီအမျိုးသမီးနှစ်ယောက်က သူတို့အိမ်မှာရှိနေတုန်း အနီးအနားက EPC ၀င်းကျူတောမှာ ကလေးတစ်ယောက် အော်သံကြားလို့ သွားကြည့်ရင်းနဲ့ ဒီကလေးကိုတွေ့တာ။ တွေ့တော့ အိမ်ကိုပြန်ပို့ကြရင်း သူ့အိမ်က လိုက်ရှာနေတဲ့ လူတွေနဲ့ လမ်းမှာတွေ့တာ။ ကလေးကတော့ ခုဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ထို့နောက် ဒေါ်…..(၅၃ နှစ်)မှ မြေးဖြစ်သူ မ…..(၆ နှစ်) အား မေးမြန်းရာ လှမျိုးထွန်းဆိုသူက အအေးတိုက်မည်ပြောပြီး ခေါ်ဆောင်သွားကာ EPC ၀င်း ကျူတောများအတွင်းသို့ အရောက်၌ လှမျိုးထွန်းက မ……(၆ နှစ်) ကို သားမယားအဖြစ် တစ်ကြိမ်ပြုကျင့်ခဲ့ကြောင်းနှင့် သားမယားအဖြစ် ပြုကျင့်ခဲ့သဖြင့် မ…..(၆ နှစ်)မှာ မိန်းမကိုယ် သွေးထွက်ဒဏ်ရာနှင့် ပါး၊ မျက်ခမ်းနှင့် နှုတ်ခမ်းတို့တွင် ဖူးရောင်၊ နာကျင်ဒဏ်ရာများရရှိခဲ့ကြောင်း အမှုဖွင့်တိုင်တန်းချက်အရ သိရသည်။

အဆိုပါဖြစ်စဉ်ကို ဒေါ်…. (၅၃ နှစ်) မှ သက်ဆိုင်ရာရဲစခန်းဖြစ်သည့် သာကေတ နယ်မြေရဲစခန်းသို့ သွားရောက်တိုင်တန်းခဲ့ပြီး ရဲစခန်းက (ပ)၃၀၉/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၆၃/၃၂၃ ဖြင့် အမှုဖွင့်ခဲ့ပြီး ကျူးလွန်သူ ဒဂုံဆိပ်ကမ်းမြို့နယ်နေ လှမျိုးထွန်းကို ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။

၁၃ နှစ်အရွယ်အတူနေ ခယ်မအား ခဲအိုဖြစ်သူက သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်မှု မြ၀တီမြို့တွင် ဖြစ်ပွား

၁၃ နှစ်အရွယ်အတူနေ ခယ်မကို ခဲအိုဖြစ်သူက သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်မှု မြ၀တီမြို့၊ အမှတ် ၃ ရပ်ကွက်၊ ညဈေးတန်းလမ်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြ၀တီမြို့ အမှတ် ၃ ရပ်ကွက် ညဈေးတန်း ကန်ပေါင်တန်းလျား အခန်း (၅) တွင် နေထိုင်သူ မ — သည် နေအိမ်နောက်ဘက် မီးဖိုချောင်၌ သူမ၏ခင်ပွန်း မင်းထွန်းနှင့်ညီမဖြစ်သူ မ…. (၁၃ နှစ်) တို့သည် ကာမစပ်ယှက်နေသည်ကို မေ ၂ ရက်က တွေ့ရှိသိရဖြင့် ညီမဖြစ်သူအား မေးမြန်းပြီးနောက် မြ၀တီမြို့မရဲစခန်းသို့ သွားရောက်တိုင်တန်းခဲ့ကြောင်း သိရသည်။

ညီမဖြစ်သူကို အစ်မဖြစ်သူက မေးမြန်းရာလွန်ခဲ့သော ငါးလခန့်မှစ၍ ယခုအကြိမ်ထိ သားမယားပြုကျင့်မှု ခြောက်ကြိမ်ရှိခဲ့ပြီဖြစ်ကြောင်းနှင့် ပြန်ပြောလျှင် သတ်ပစ်မည်ဟု ခြိမ်းခြောက်ထားကြောင်း သိရသည်။

ယင်းနောက် အစ်မဖြစ်သူသည် အနီးပတ်ဝန်းကျင် ညဈေးတန်းဆေးဆိုင်မှ အမျိုးသမီးကိုယ်ဝန် ရှိ၊ မရှိ ဆီးစစ်တံဝယ်ယူ၍ ညီမဖြစ်သူ၏ ဆီးကိုစစ်တိုင်းရာ ကိုယ်ဝန်ရှိသည့် အမှတ်အသားပြနေသည်ကို သိရှိရသည်ဟု ဆိုသည်။

သို့ဖြစ်၍ အသိသက်သေများခေါ်ကာ မြ၀တီမြို့မရဲစခန်းသို့ ခင်ပွန်းဖြစ်သူ မင်းထွန်းအား ဇနီးဖြစ်သူက အမှုဖွင့်တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အတူနေခယ်မကို ကိုယ်ဝန်ရသည်အထိ အကြိမ်ကြိမ် သားမယားပြုကျင့်ခဲ့သူ မင်းထွန်း (၂၆ နှစ်) (ဘ) ဦးဝင်း၊ အမှတ် ၃ ရပ်ကွက်၊ ညဈေးတန်းနေသူအား မြ၀တီမြို့မရဲစခန်းမှ (ပ) ၃၅၀၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်လှစ် ဖမ်းဆီးအရေးယူ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ပုသိမ်ကြီးမြို့နယ်တွင် အရွယ်မရောက်သေးသည့် မိန်းကလေးအား ရိုက်နှက် နှိပ်စက်ပြီး အလိုမတူဘဲ အကြိမ်ကြိမ် အဓမ္မပြုကျင့်ခံရမှုနှင့် ပတ်သက်၍ ကာယကံရှင်မိသားစု သတင်းစာရှင်းလင်း

အရွယ်မရောက်သေးသူ မိန်းကလေးအား ရိုက်နှက်နှိပ်စက်ပြီး အလိုမတူဘဲ အကြိမ်ကြိမ် အဓမ္မပြုကျင့်ခံရမှုနှင့် ပတ်သက်၍ မတ် ၂၁ ရက်တွင် ကာယကံရှင်များက သတင်းစာရှင်းလင်းစဉ်

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်တွင် အရွယ်မရောက်သေးသည့် မိန်းကလေးအား ရိုက်နှက်နှိပ်စက်ပြီး အလိုမတူဘဲ အကြိမ်ကြိမ် အဓမ္မပြုကျင့်ခံရမှုနှင့် ပတ်သက်၍ အဓမ္မပြုကျင့်ခံရသည့် မိန်းကလေး အပါအ၀င် ၎င်း၏ မိသားစုဝင်များက မတ် ၂၁ ရက်တွင် မန္တလေးမြို့ မေတ္တာကမ်ပိန်းစင်တာ၌ သတင်းစာရှင်းလင်းခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစာရှင်းလင်းမှုကို အဓမ္မပြုကျင့်ခြင်း ခံရသည့် အသက် ၁၇ နှစ်အရွယ် မိန်းကလေးနှင့် မိခင်ဖြစ်သူက ရှင်းလင်းခဲ့ကြပြီး ကျူးလွန်သူနှင့် ပါဝင်ပတ်သက်သူများကို ပြင်းထန်စွာ အရေးယူအပြစ်ပေးရန်အတွက် တောင်းဆိုခဲ့ကြကြောင်း သိရသည်။

ဖြစ်စဉ်မှာ မတ္တရာမြို့နယ် လမိုင်းအုပ်စု လက်ဝဲကြီးကျေးရွာတွင် နေထိုင်သည့် ဒေါ်… ၏ သမီးဖြစ်သူ မ… (၁၇ နှစ်ကျော်) သည် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်က ပုသိမ်ကြီးမြို့နယ် အောင်မင်္ဂလာ (၁) ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် တစ်လလျှင် ကျပ် ၈၀၀၀၀ ဖြင့် ကလေးထိန်း၊ အ၀တ်လျှော်ခြင်းအလုပ်များ လုပ်ကိုင်ရန်အတွက် ရောက်ရှိခဲ့ကြောင်း၊ ယင်းသို့ ရောက်ရှိပြီးနောက် မ…အား ဖေဖော်ဝါရီ ၂၈ ရက်ညတွင် မ… အလုပ် လုပ်ကိုင်နေသည့် နေအိမ်ရှိ မ… အိပ်နေသော အခန်းကို အိမ်ရှင်ဖြစ်သူ၏ သားဖြစ်သူ ဖိုးဝ (ခ) ရဲမင်းထွန်းသည် အိပ်ခန်းတံခါးပေါက်မှ ကျော်ဝင် ရောက်ရှိလာကြောင်း၊ ယင်းသို့ ၀င်ရောက်လာပြီးနောက် မ…အား ဓားမြှောင်ဖြင့် ခြိမ်းခြောက်ကာ အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း၊ မတ် ၃ ရက်တွင် မ… အား ဖိုးဝ (ခ) ရဲမင်းထွန်းက အလုပ်ကိစ္စ အရေးကြီးသဖြင့် ပြန်လိုက်ခဲ့ရန် ခေါ်ဆောင်ခဲ့ကြောင်း၊ ယင်းသို့ ခေါ်ဆောင်ပြီးနောက် မန္တလေးမြို့ရှိ ဟိုတယ်မန္တလေးတွင် အလိုမတူဘဲ သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်ခဲ့ကြောင်း၊ ယင်းသို့ အဓမ္မပြုကျင့်ခဲ့စဉ် ဖုန်းကင်မရာဖြင့် ရိုက်ကူးထားသည့် ဗီဒီယိုကို မ…အား ပြန်လည်ပြသပြီး ခြိမ်းခြောက်ခဲ့ကြောင်း၊ မတ် ၄ ရက်တွင် မ… ကို အလုပ် လုပ်ကိုင်သည့် နေအိမ်သို့ ပြန်လည်ခေါ်ဆောင်ကာ နောက်ဖေးတိုက်ခန်းအတွင်း သုံးရက်တိတိ သော့ဖြင့်ပိတ်ထားကာ သားမယားအဖြစ် အကြိမ်ကြိမ် ပြုကျင့်ခဲ့ကြောင်း၊ သားမယားအဖြစ် မပြုကျင့်မီ မ…အား ပန်းရောင်ဆေးပြားများ တိုက်ကျွေးခဲ့ကြောင်း၊ အဓမ္မပြုကျင့်စဉ်တွင် မ…အား အကြိမ်ကြိမ် ရိုက်နှက်နှိပ်စက်မှုများလည်း ပြုလုပ်ခဲ့ကြောင်း၊ ယင်းကဲ့သို့ အလိုမတူဘဲ အဓမ္မပြုကျင့်မှုနှင့် ပတ်သက်၍ မိဘအုပ်ထိန်းမှုအောက်ရှိ မ… (၁၇ နှစ်ကျော်) ကို အဓမ္မပြုကျင့်သူနှင့် ပူးပေါင်း ပါဝင်သူများကို အရေးယူပေးရန်အတွက် မ…၏ မိခင်ဖြစ်သူက ပုသိမ်ကြီးမြို့နယ် ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့သည့် တိုင်ကြားစာတွင် ဖော်ပြထားမှုအရ သိရသည်။

“သမီးကို စပြီးတော့ အဓမ္မပြုကျင့်တာက သူ့ရဲ့မိဘတွေရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့ ညမှာ သမီးအခန်းထဲကို ၀င်လာပြီး ဓားနဲ့ထောက်ပြီးတော့ အော်ရင် သတ်ပစ်မယ်လို့ ပြောပြီး ပြုကျင့်ပါတယ်။ သမီးအရမ်းကြောက်လို့ ဘယ်သူ့ကိုမှ ပြန်မပြောရဲခဲ့ဘူး။ နောက်ရက်မှာ ခွင့်ယူပြီးတော့ ရွာကို ခဏပြန်တယ်။ အိမ်ရောက်တော့လည်း ကြောက်လို့ ပြန်မပြောရဲခဲ့ဘူး။ သမီးကို ပြန်လာခေါ်ပြီးတော့ မန္တလေးမြို့က ဟိုတယ်မန္တလေးမှာ ကြိုးတုပ်ပြီးတော့ အကြိမ်ကြိမ် အဓမ္မပြုကျင့်တယ်။ နောက်ရက်မှာတော့ တိုက်ခန်း ကျဉ်းကျဉ်းထဲမှာ သမီးကို ပိတ်ထားပြီး ဆက်ပြီးတော့ ပြုကျင့်ပါတယ်။ နောက်ရက်မှာတော့ သမီး ထွက်ပြေးခဲ့ရပါတယ်။ အခုလည်း အရမ်းကြောက်နေတယ်။ အခုလို သမီးကို စော်ကားခဲ့တဲ့သူတွေကို ပြင်းပြင်းထန်ထန် အရေးယူပေးစေချင်ပါတယ်”ဟု အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခံခဲ့ရသူ မ… (၁၇ နှစ် ကျော်) က ဆိုသည်။

“ကျွန်မကတော့ ကျွန်မသမီးလေးကို အလိုမတူဘဲ အခုလို ရိုက်နှက်နှိပ်စက်ပြီးတော့ အဓမ္မပြုကျင့်ခဲ့သူနဲ့ ပါဝင်ပတ်သက်ခဲ့သူတွေကို ပြင်းပြင်းထန်ထန် အရေးယူပေးစေချင်ပါတယ်။ အခု ကျွန်မ ပုသိမ်ကြီးရဲစခန်းမှာ အမှုဖွင့်ထားတယ်။ အမှုဖွင့်ထားပေမယ့်လည်း အခုချိန်အထိ ကျူးလွန်ခဲ့သူတွေကို မဖမ်းဆီးသေးဘူးလို့ ကြားရပါတယ်။ ဒါကြောင့် သူတို့ကို အမြန်ဆုံး ဖမ်းဆီးပြီးတော့ ပြင်းထန်တဲ့ပြစ်ဒဏ်တွေ ချမှတ်ပေးစေချင်ပါတယ်” ဟု အဓမ္မပြုကျင့်ခြင်းခံရသည့် မိန်းကလေး၏ မိခင်ဖြစ်သူက ပြောကြားသည်။

ထိုသို့ အရွယ်မရောက်သေးသူ မိန်းကလေးကို အလိုမတူဘဲ ရိုက်နှက်နှိပ်စက်ပြီး အကြိမ်အကြိမ် အဓမ္မပြုကျင့်သူနှင့် ပါဝင်ပတ်သက်သူများအား ပုသိမ်ကြီးမြို့မရဲစခန်းက (ပ) ၇၄/၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆၊ ၃၄၃၊ ၃၂၃၊ ၅၀၆၊ ၁၁၄ တို့ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း စုံစမ်းသိရသည်။

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများအား ထိရောက်သည့်ပြစ်ဒဏ် ချမှတ်ပေးရေး ကလေးမြို့နှင့် ပြင်ဦးလွင်မြို့တွင် ဆန္ဒပြ

အမျိုးသမီးများဘ၀ လုံခြုံမှုရှိစေရန်နှင့် ဥပဒေအရ အပြည့်အ၀ အကာအကွယ်ပေးနိုင်ရေး ကလေးမြို့တွင် ဆန္ဒထုတ်ဖော်စဉ် (ဓာတ်ပုံ- အောင်သူထွန်း)

ဒေသတွင်းဖြစ်ပွားနေသော သက်ငယ်မုဒိမ်းမှု၊ အမျိုးသမီးများအကြမ်းဖက်မှုတို့ လျော့ပါးစေရန်နှင့် အမျိုးသမီးများဘ၀ လုံခြုံမှုရှိစေရန်၊ အကြမ်းဖက်မှုကို ဥပဒေအရ အပြည့်အ၀ အကာအကွယ်ပေးနိုင်ရန်အတွက် ကလေးမြို့နှင့် ပြင်ဦးလွင်မြို့တွင် ဆန္ဒထုတ်ဖော်ပွဲကို မတ် ၂၀ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ကျွန်မတို့ နိုင်ငံတကာအမျိုးသမီးများနေ့ကို တစ်နိုင်ငံလုံးမှာ ဒေသအသီးသီးမှာ အမျိုးသမီးတွေ ဂုဏ်ပြုတဲ့အခမ်းအနားတွေ ကျင်းပနေကြပါတယ်။ ဒေသမှာလက်ရှိဖြစ်နေတာ ပြီးခဲ့တဲ့နှစ်မှာ ကျောင်းသူလေးတစ်ဦး အသတ်ခံရတယ်။ ဒါပေမဲ့ ကျူးလွန်တဲ့သူကို လက်ရဖမ်းဆီးရရှိမှုမရှိသေးဘူး။ ကလေးဝနယ်ဘက်မှာဆိုရင်လည်း အဖေက နှစ်နှစ်အရွယ်သမီးလေးကို မုဒိမ်းကျင့်တာရယ်၊ ကျောင်းထိုင်ဘုန်းတော်ကြီးကိုယ်တိုင်က ကျေးရွာမှာရှိတဲ့ ကျောင်းသူလေးကို မုဒိမ်းမှုကျူးလွန်တာကလည်း ဖမ်းဆီးရရှိမှုမရှိဘူး။ ဒီဟာတွေက ဒေသမှာဖြစ်ပျက်နေတာ။ အိမ်တွင်းအကြမ်းဖက်မှုဆိုတာကလည်း နေ့စဉ်လာပြီး ပြောပြနေကြပါတယ်” ဟု တရားမျှတမှုအတွက် အမျိုးသမီးများအဖွဲ့မှ မအားခူက ပြောကြားသည်။

အဆိုပါဆန္ဒထုတ်ဖော်ပွဲသို့ အမျိုးသားများလည်းပါဝင်ခဲ့ပြီး ပါဝင်ခဲ့သူတစ်ဦးဖြစ်သူ ကလေးမြို့ ငြိမ်းချမ်းရေးကွန်ရက်မှ ကိုမျိုးဇော်က “အမျိုးသမီးတွေရဲ့ အခွင့်အရေးဆုံးရှုံးမှုနဲ့ သက်ငယ်မုဒိမ်းတွေက အမျိုးသားတွေကြောင့်ဖြစ်တာပေါ့။ ဒီလိုလှုပ်ရှားမှုတွေကို အမျိုးသားတွေ ပိုမိုပါဝင်စေချင်သလို အသိတရားတွေကိုလည်း ယောက်ျားတွေ ပိုသိစေချင်လို့ပါ။ ဒီလိုဖြစ်တာက မူးယစ်ဆေးဝါးပြဿနာတော့ ပထမဆုံးပါ။ ဒုတိယက ဖေ့စ်ဘွတ်အွန်လိုင်းတွေပေါ်က မကောင်းတဲ့ဘက်ကို အာရုံများပြီးတော့ လက်တည့်စမ်းချင်တာတွေလို့ မြင်ပါတယ်။ မိခင်တွေအနေနဲ့ ကိုယ်သားသမီးကို ပစ်မထားသင့်တော့ဘူးလို့ ထင်ပါတယ်။ အရင်ကတုန်းကဆိုရင် သားအဖဖြစ်တာ စွဲချက်က နှစ်ခုတည်းတင်တော့ ၁၄ နှစ်ပဲကျတာ။ ကြီးလေးတဲ့ပြစ်ဒဏ်တွေ ပေးစေချင်တယ်” ဟုပြောကြားသည်။

လက်ရှိတွင် အမျိုးသမီးများ အကြမ်းဖက်ခံရမှု၊ မုဒိမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုတို့အပေါ် TCLC ကျောင်းမှ ဒေါ်စောကလျာက “ဒီပွဲတွေမှာ အမျိုးသမီးတွေနဲ့ပတ်သက်ပြီး အကြမ်းဖက်မှုခံနေရတာရယ်၊ မကြာခဏကြားနေရတဲ့ အမျိုးသမီးတွေ ကျူးလွန်ခံရတဲ့ Rape Case တွေကို နည်းနည်းစိတ်ထဲမှာခံပြင်းတဲ့အတွက် လာခဲ့တာပါ။ လက်ရှိ တရားဥပဒေစိုးမိုးရေးကိုတော့ စိတ်တိုင်းမကျပါဘူး။ အဝေးကြီးမပြောလိုပါဘူး။ ကျွန်မတို့မြို့နယ်က အမျိုးသမီးနဲ့ပတ်သက်ပြီး အကြမ်းဖက်ခံရတဲ့အမှုတွေက အခုချိန်အထိ ပေါ်ပေါက်ခြင်းမရှိတော့ အားမလို အားမရ ဖြစ်မိပါတယ်။ အမျိုးသမီးတွေ အကြမ်းဖက်မခံရရေးအတွက် ဒီလိုမျိုးပွဲမျိုးကို ပါဝင်ပူးပေါင်းတာပါ” ဟုပြောကြားသည်။

ထို့အတူ သက်ငယ်မုဒိမ်းမှုကျူးလွန်သူများကို တရားစီရင်ရေးဌာနများက ထိရောက်သည့် ပြစ်ဒဏ်ချမှတ်ပေးရေးနှင့် သက်ငယ်မုဒိမ်းမှုများ လျော့နည်းပပျောက်ရေးအတွက် မတ် ၂၀ ရက် နံနက်ပိုင်းက ပြင်ဦးလွင်မြို့တွင် ဒေသခံများက တောင်းဆိုဆန္ဒပြခဲ့သည်။

ဆန္ဒထုတ်ဖော်မှုကို ပြင်ဦးလွင်မြို့တော် ခန်းမရှေ့မှစတင်ခဲ့ပြီး ပြင်ဦးလွင်-လားရှိုး လမ်းမတစ်လျှောက် လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြပြီး သက်ငယ်မုဒိမ်းမှုကျူးလွန်သူများအား တရားရေးဌာနက ထိရောက်သောပြစ်ဒဏ် ချမှတ်ပေးရေး တို့အရေး၊ သက်ငယ်မုဒိမ်းမှု ပပျောက်ရေး ဟောပြောဆောင်ရွက်ရာတွင် ဌာနဆိုင်ရာနှင့် ပူးပေါင်းဆောင်ရွက်ခွင့်ပေးရေး တို့အရေး၊ သက်ငယ်မုဒိမ်းမှု လျော့နည်းပပျောက်ရေး လူတိုင်းပါဝင်ကူညီပေး အစရှိသည့် ကြွေးကြော်သံများ၊ ဗီနိုင်းဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

“အခုတစ်လောမှာ သက်ငယ်မုဒိမ်းမှုတွေက နေရာအနှံ့အပြားမှာကို ဖြစ်ပွားနေတယ်။ ကျွန်မတို့ ပြင်ဦးလွင်ခရိုင် အတွင်းမှာဆိုရင်လည်း သက်ငယ်မုဒိမ်းမှုတွေ ဖြစ်ပွားနေတဲ့အထဲမှာ ပါပါတယ်။ မတ္တရာမြို့နယ်ထဲက နှစ်နှစ်ကျော်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့် သတ်ဖြတ်လိုက်တဲ့သူကိုလည်း ပြင်းထန်ထိရောက်တဲ့ပြစ်ဒဏ်တွေ ချမှတ်ပေးစေချင်ပါတယ်။ သက်ငယ်မုဒိမ်းမှုတွေ လျော့နည်းပပျောက်ဖို့အတွက် ဒီနေ့ အခုလိုဆန္ဒထုတ်ဖော်ရတာပါ။ နောက်တစ်ခုက အစိုးရအနေနဲ့ သက်ငယ်မုဒိမ်းမှုတွေ လူသတ်မုဒိမ်းမှုတွေပပျောက်ဖို့အတွက် ကျူးလွန်သူတွေကို ထိရောက်ပြင်းထန်တဲ့ပြစ်ဒဏ်တွေ ချမှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု ဦးဆောင်ဆန္ဒထုတ်ဖော်သူတစ်ဦးဖြစ်သူ အမျိုးသမီးအကြမ်းဖက်မှု ပပျောက်ရေးလှုပ်ရှားမှုအဖွဲ့ ပြင်ဦးလွင်မှ ဒေါ်မြအေးငြိမ်းက ပြောကြားသည်။

မိတ္ထီလာမြို့ ရတနာမာရ်အောင်ရပ်ကွက်တွင် ခေတ္တလာရောက်နေထိုင်သော ဥာဏ်ရည်မမီ ကလေးငယ်တစ်ဦး သားမယားပြုကျင့်ခံရသဖြင့် အမှုဖွင့်

မိတ္ထီလာမြို့ ရတနာမာရ်အောင်ရပ်ကွက်နေ အဒေါ်ဖြစ်သူထံ ခေတ္တလာရောက်နေထိုင်သော ဥာဏ်ရည်မမီကလေးငယ် သားမယားပြုကျင့်ခံရသဖြင့် အမှုဖွင့်တိုင်ကြားမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မတ် ၁၉ ရက် မွန်းလွဲပိုင်းက မိတ္ထီလာမြို့ ရတနာမာရ်အောင်ရပ်ကွက် နယ်မြေ (၅) နေ ဒေါ်….သည် ရပ်ကွက်အတွင်းရှိ ယိုထုတ်သည့်လုပ်ငန်းတွင် လုပ်ကိုင်နေစဉ် အိမ်နီးချင်းဖြစ်သူ မ….ရောက်ရှိလာပြီး ခေါ်ဆောင်သွားသဖြင့် လိုက်ပါသွားခဲ့ရာ အိမ်နီးချင်းနေအိမ်တွင် လွန်ခဲ့သောငါးလခန့်ကမှစ၍ လာရောက်နေထိုင်သော အတူနေတူမ မ….(၁၂ နှစ်၊ မွေးရာပါဥာဏ်ရည်မမီ) အားတွေ့ရှိသဖြင့် မ….အား အကျိုးအကြောင်းမေးမြန်းရာ ရပ်ကွက်အတွင်းရှိ အကင်ဆိုင်တွင် တစ်ဦးတည်းထိုင်နေစဉ် အမည်၊ နေရပ်လိပ်စာမသိ အမျိုးသားတစ်ဦးရောက်ရှိလာပြီး နေရာမမှတ်မိသော နေအိမ်တစ်လုံးအတွင်း ခေါ်ဆောင်ကာ သားမယားပြုကျင့်သဖြင့် နာကျင်နေကြောင်း ပြောကြားသဖြင့် တူမဖြစ်သူအား သားမယားအဖြစ်ပြုကျင့်ခဲ့သူ အမည်မသိအမျိုးသားအား အရေးယူပေးပါရန် မြို့မရဲစခန်းတွင် အဒေါ်ဖြစ်သူက တရားလိုပြုလုပ်တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း ကနဦးစစ်ဆေးချက်အရ သိရသည်။

“ကျူးလွန်ခံရတဲ့ ကလေးက ဥာဏ်ရည်မမီဘူးဗျာ။ ဒေသခံလည်းမဟုတ်ဘူး။ ရန်ကုန်ကနေ အဒေါ်ဆီလာနေတာ ခြောက်လလောက်ရှိပြီ။ ရပ်ကွက်ထဲလျှောက်သွားနေတာ မသင့်တော်ဘူးဆိုပြီး ဒီလကုန် ရန်ကုန်ပြန်ပို့မလို့ စီစဉ်နေတုန်းဖြစ်သွားတာ။ ဖြစ်စဉ်ကိုမေးတော့ အိမ်တစ်အိမ်ထဲ အရက်မူးနေတယ်ဆိုတာပဲ ပြောနေတယ်။ ကျွန်တော်တို့လည်း မုန့်ဝယ်ကျွေး၊ မုန့်ဖိုးပေး အမျိုးမျိုးချော့မေးတာပဲ။ ဒါပေမဲ့ သေသေချာချာမပြောနိုင်ဘူး ဖြစ်နေတယ်။ ဖြစ်စဉ်ကတော့ မှန်ကန်တယ်။ ကျူးလွန်တဲ့လူနဲ့နေရာကို ကွက်ကွက်ကွင်းကွင်း မပြောနိုင်တော့ ခက်နေတယ်။ အခုလက်ရှိ ကလေးရဲ့ကျန်းမာရေးအခြေအနေကတော့ မနေ့ည ၁၀ နာရီအထိ ခရိုင်ဆေးရုံကြီးမှာ စစ်ဆေးမှုတွေ လုပ်နေတယ်။ အသက်အန္တရာယ်တော့ စိုးရိမ်စရာမရှိပါဘူး” ဟု မိတ္ထီလာမြို့ ရတနာမာရ်အောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်ကြီးက ပြောကြားသည်။