ယခင် နိုင်ငံရေးနှင့်စပ်လျဉ်း၍ ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ (၁) ဖြင့် လွတ်ငြိမ်းသက်သာခွင့်ရခဲ့သူများ၏ ပြစ်မှုကြွေးကျန်များအား နိုင်ငံတော်သမ္မတက ပယ်ဖျက်ပေး

ယခင် နိုင်ငံရေးနှင့်စပ်လျဉ်း၍ ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ (၁) ဖြင့် လွတ်ငြိမ်းသက်သာခွင့်ရခဲ့သူများ၏ ပြစ်မှုကြွေးကျန်များအား နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ဧပြီ ၁၇ ရက်တွင် အမိန့်အမှတ် (၁၆ / ၂၀၁၈) ဖြင့် ပယ်ဖျက်ပေးခဲ့သည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်၏ အမိန့်အပြည့်အစုံမှာ နိုင်ငံရေးနှင့် စပ်လျဉ်းသည့် ပြစ်မှုဖြင့် ပြစ်ဒဏ်ကျခံခဲ့ရသူများကို ရာဇ၀တ် ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ လွတ်ငြိမ်းသက်သာခွင့် အမိန့်များထုတ်ပြန်၍ စည်းကမ်းချက်ဖြင့် လွတ်ငြိမ်းသက်သာ ခွင့်ပြုခဲ့ရာတွင် ယင်းတို့၏ လူမှုအခွင့်အရေးကို ငဲ့ညှာသောအားဖြင့် အဆိုပါ အမိန့်များပါ သတ်မှတ်ထားခဲ့သော စည်းကမ်းချက်များကို ဤအမိန့်ထုတ်ပြန်သည့်နေ့မှစ၍ ပယ်ဖျက်လိုက်ကြောင်း ဖြော်ပထားသည်။

နိုင်ငံရေးနယ်ပယ်တွင် ထင်ရှားသူများဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ ရှစ်လေးလုံးပြည်သူ့ပါတီဖြစ်မြောက်ရေး ဗဟိုဦးဆောင်ကော်မတီ တာဝန်ခံ ဦးကိုကိုကြီး၊ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်နှင့် အခြားနိုင်ငံရေး အကျဉ်းသား အများအပြားအား ယခင်သမ္မတဦးသိန်းစိန် လက်ထက်တွင် လွတ်ငြိမ်းချမ်းသာခွင့်ပြုရာတွင် ပုဒ်မ ၄၀၁ (၁) ဖြင့် ပြစ်မှုကြွေးကျန်များထားရှိကာ စေလွှတ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ အဆိုပါပြစ်မှု ကြွေးကျန်များအား နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အပြီးအပြတ် ပယ်ဖျက်ပေးခဲ့ခြင်းဖြစ်သည်။

“အဓိကပြောချင်တာ နှစ်ပေါင်းမြောက်များစွာ စစ်အာဏာရှင်ခေတ်အဆက်ဆက်နဲ့ စစ်တစ်ပိုင်းအစိုးရလက်ထက်အထိက ပွင့်ပွင့်လင်းလင်း ပြောရရင် ဒို့နောက်ဆုံး သမ္မတကြီး ဦးထင်ကျော်တက်တဲ့ NLD အစိုးရလက်ထက် အထိပေါ့။ အခု ဒီကြေညာမထွက်ခင်အထိ ၄၀၁ (၁) တွေနဲ့ လွှတ်ပေးတယ်။ အစိုးရသစ်တက်လာတဲ့ ၂၀၁၆ ဧပြီ ၈ ရက်နဲ့ ဧပြီ ၁၇ ရက်မှာ လွှတ်ပေးတုန်းကလည်း ၄၀၁ (၁) တွေ ပါတာကို။ အရပ်သားစစ်စစ် သမ္မတကြီး ဦးဆောင်တဲ့ အစိုးရအဖွဲ့က ဒီနေ့ကြေညာပြီလေ။ အဲဒီ ပုဒ်မက ရည်ရွယ်ချက်ရှိရှိ စနစ်ကျကျ ထောင်ချောက်လည်း ပြောလို့ရသလို အမှန်အကန်လည်း ပြောလို့ရတယ်။ အချိန်မရွေး ဒါက ပြန်ဖမ်းပြီး ထောင်ပြန်ချလို့ရတယ်။ အဲဒါတွေ အားလုံးကို ဒီနေ့က သမ္မတကြီးအနေနဲ့ ကြေညာချက်ထုတ်ပြီး ပယ်ဖျက်ပေးလိုက်တယ်။ နဂို ၄၀၁ (၁) နဲ့ လွှတ်ပေးထားတဲ့ စည်းကမ်း သတ်မှတ်ချက်တွေကို ပယ်ဖျက်ပေးလိုက်တာပဲ။ ထောင်ကြွေးကျန်တွေ မရှိတော့ဘူးဆိုပြီး တရားဝင် ကြေညာချက်လုပ်တာပဲ။ အဲဒီအတွက် သမ္မတကြီးကို Credit ပေးတယ်။ ဒါနဲ့ ပတ်သက်လို့ ကျွန်တော်က နိုင်ငံရေးအကျဉ်းသားဟောင်းတွေကိုယ်စား၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ကိုယ်စား အားရကျေနပ်တယ်လို့ ပြောချင်တယ်” ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်အဖွဲ့ဝင် ဦးထွန်းကြည်က ပြောကြားသည်။

ထောင်ကြွေးကျန်များ ပယ်ဖျက်ပေးခဲ့သည့်အပေါ် ကြိုဆိုသော်လည်း ယခင်ကတည်းက လုပ်ကိုင်စရာနိုင်ငံရေးကိစ္စများ ပေါ်ပေါက်လာပါက ဆက်လက်လုပ်ဆောင်ရန်အတွက် ထောင်ကြွေးကျန်များကို ထည့်သွင်း စဉ်းစားထားခြင်းမရှိကြောင်း ထောင်ကြွေးကျန် နှစ် ၆၀ ရှိသည့် ရှစ်လေးလုံးပြည်သူ့ပါတီဖြစ်မြောက်ရေး ဗဟိုလုပ်ငန်းကော်မတီ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဦးအံ့ဘွယ်ကျော်က ပြောကြားသည်။

“ကျွန်တော်ကတော့ အခုပယ်ဖျက်လိုက်တဲ့အပေါ် ကြိုဆိုပါတယ်။ ဒါပေမဲ့ ကျွန်တော်က အရင်ကတည်းကိုက ကျွန်တော်တို့ကို လွှတ်ကတည်းကိုက အဲဒီ ၄၀၁ (၁) က ရှင်းရှင်းပြောရရင် ဂရုကိုမစိုက်တာ။ ကျွန်တော်တို့က ၆၅ နှစ်ကျတာမှာ ထောင်တွင်းနေသားနဲ့ နှစ် ၆၀ ကြွေးကျန်ပေါ့ဗျာ။ နောက်တစ်ခါ ထပ်အဖမ်းခံရရင် ထောင်တစ်နှစ်နဲ့ ကျတောင်မှ ၆၁ နှစ် ပြန်ကျမယ့် အနေအထားမျိုးပါ။ အဲဒီတော့ သိပ်တော့ဂရုမစိုက်ဘူးဗျ။ အခုကတော့ တရားဝင် ဖျက်လိုက်တာကို။ တကယ်လိုအပ်လို့ လုပ်လာရပြီဆိုရင် ကျွန်တော်တို့ကတော့ နှစ် ၆၀ ကျန်တာတွေ ၄၀၁ (၁) တွေလည်း ဂရုစိုက်မှာ မဟုတ်ဘူး” ဟု ဦးအံ့ဘွယ်ကျော်က ပြောကြားသည်။

ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မ ခွဲ (၁) တွင် ပြစ်မှုတစ်စုံတစ်ရာအတွက် တစ်ဦးတစ်ယောက်အား ပြစ်ဒဏ်ချမှတ်ပြီးသည့်အခါ နိုင်ငံတော်သမ္မတသည် မည်သည့်အခါမဆို စည်းကမ်းချက်မထားဘဲဖြစ်စေ၊ ပြစ်ဒဏ်စီရင်ခြင်းခံရသူ သဘောတူသည့် စည်းကမ်းချက် တစ်ခုခုထား၍ဖြစ်စေ ၎င်းအပေါ်ချမှတ်သည့် ပြစ်ဒဏ်အတည်ပြုလုပ်ခြင်းကို ဆိုင်းငံ့ထားနိုင်သည် သို့မဟုတ် ၎င်းကို စီရင်သည့် ပြစ်ဒဏ်အားလုံး သို့မဟုတ် အစိတ်အပိုင်း တစ်စုံတစ်ရာကို လွတ်ငြိမ်းသက်သာခွင့်ပေးနိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

ဟင်္သာတအကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံနေရသူ ၂၃ ဦး လွတ်ငြိမ်းသက်သာခွင့်ဖြင့်

ဟင်္သာတအကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံနေရသူ ၂၃ ဦး လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ်မြောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အကျဉ်းသားများကို ဧပြီလ ၁၇ ရက်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့၊ မွန်းလွဲ ၃ နာရီခွဲခန့်အချိန်က လွှတ်ပေးခဲ့ခြင်းဖြစ်ပြီး အကျဉ်းသား (၂၁) ဦးနှင့် အကျဉ်းသူ (၂) ဦး ပါဝင်ခဲ့ကြောင်း သိရသည်။

လွတ်မြောက်ခဲ့သူများမှာ မူးယစ်ပုဒ်မဖြင့် ပြစ်ဒဏ်ကျခံနေရသူ (၁၂) ဦး၊ စစ်စည်းကမ်းဖောက်ဖျက်မှုဖြင့် ပြစ်ဒဏ်ကျခံနေရသူ (၈) ဦးနှင့် ရဲစည်းကမ်းဖောက်ဖျက်မှုဖြင့် ပြစ်ဒဏ်ကျခံနေရသူ (၃) ဦးတို့ဖြစ်ကြောင်း သိရသည်။

ဟင်္သာတအကျဉ်းထောင်မှ လွတ်မြောက်ခဲ့သူများမှာ အနိမ့်ဆုံးပြစ်ဒဏ် (၆) လမှ အမြင့်ဆုံးပြစ်ဒဏ် (၁၂) နှစ်အထိ ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသူများဖြစ်ကြောင်း သိရသည်။

လွတ်မြောက်ခဲ့သူများအနက် အမြင့်ဆုံးပြစ်ဒဏ် (၁၂) နှစ် ချမှတ်ခြင်းခံခဲ့ရသူမှာ ကချင်ပြည်နယ်မှဖြစ်ပြီး ဘိန်းဖြူသုံးစွဲမှုနှင့် ၎င်းကိုယ်ပေါ်မှ ဘိန်းဖြူ (၀.၀၇၁) ဂရမ်တွေ့ရှိမှုဖြင့် ဖမ်းဆီးခံခဲ့ရသူဖြစ်ကာ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၂ ရက် နိုင်ငံတော်သမ္မတရုံးအမိန့်အရ မူလပြစ်ဒဏ် (၁၂) နှစ်၏ လေးပုံတစ်ပုံဖြစ်သော လျှော့ရက်ပေါင်း (၁၀၈၀) ရက်အား လျှော့ပေါ့ခံစားခွင့် ရရှိထားသူဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့်အမိန့်ဖြင့် ထားဝယ်အကျဉ်းထောင်မှ ၆၄ ဦး လွှတ်မြောက်

တနသာင်္ရီတိုင်းဒေသကြီး ထားဝယ်မြို့ရှိ ထားဝယ်အကျဉ်းထောင်တွင် နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် အမိန့်ဖြင့် မြန်မာနှစ်ဆန်းတစ်ရက်(ဧပြီ ၁၇ ရက်) တွင် အကျဉ်းသား ၆၄ ဦး လွတ်မြောက်လာခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတရုံးမှ ယနေ့ ထုတ်ပြန်ခဲ့သည့် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် ထားဝယ်အကျဉ်းထောင်မှ လွှတ်ပေးခဲ့သည့် အကျဉ်းသားများထဲ၌ အမျိုးသား ၅၈ ဦးနှင့် အမျိုးသမီး ၆ ဦး စုစုပေါင်း ၆၄ ဦးအား မွန်းလွဲ ၁ နာရီခွဲတွင် လွှတ်ပေးလိုက်ကြောင်း ထားဝယ်အကျဉ်းထောင် တာဝန်ရှိသူထံမှ သိရသည်။

“နိုင်ငံတော်သမ္မတ လွှတ်ငြိမ်းခွင့်နဲ့ ထားဝယ် အကျဉ်းထောင်ကနေ အကျဉ်းသား ၅၈ ဦး အကျဉ်းသူ ၆ ဦး ပေါင်း ၆၄ ဦးကို နေ့လည် ၁ နာရီခွဲအချိန်မှာ ဌာနဆိုင်ရာ တာဝန်ရှိသူတွေက သြဝါဒပေးပြီး လွှတ်ပေးခဲ့တယ်၊ ထောက်ပံ့ကြေးအဖြစ် တစ်ဦးကို နိုင်ငံတော်ကျခံငွေ ၁၀၀၀ ကျပ်စီ ပေးခဲ့ပါတယ်” ဟု ထားဝယ်အကျဉ်းထောင် တာဝန်ရှိသူက ပြောကြားသည်။

လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် ထားဝယ်အကျဉ်းထောင်မှ လွှတ်ပေးခဲ့သည့် အကျဉ်းသားများထဲ၌ မည်သည့်ပြစ်ဒဏ်ဖြင့် ကျခံနေသူများ ပါဝင်ကြောင်းကိုမူ ပြောခွင့်မရှိကြောင်း ထားဝယ်အကျဉ်းထောင် တာဝန်ရှိသူက ပြောကြားခဲ့သည်။