ရန်ကုန်မြို့အတွင်း အငှားယာဉ် အသုံးပြုပြီး လုယက်မှုများ ကျူးလွန်နေသူ ခြောက်ဦးအား ဖမ်းဆီးရမိ

ရန်ကုန်မြို့တွင်း အငှားယာဉ်ကို အသုံးပြုပြီး လုယက်မှုများ ကျူးလွန်နေသည့် အမျိုးသားခြောက်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ဖေဖော်ဝါရီ ၂၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ အလုံမြို့နယ်နေ ကို…… သည် ဖေဖော်ဝါရီ ၁၇ ရက် နံနက် ၅ နာရီက ၎င်း၏ ညီဖြစ်သူနှင့်အတူ အလုံမြိုနယ်၊ အာရှတော်ဝင်ဆေးရုံအနီးမှ ထမင်းကြော်စားပြီး ပြန်လာစဉ် အငှားယာဉ်တစ်စီးမှာ ၎င်းတို့အနီးသို့ ရောက်ရှိလာပြီး အဆိုပါယာဉ်ပေါ်မှ အမျိုးသားနှစ်ဦး ဆင်းလာကာ ကို…. ၏ လက်ထဲတွင်ကိုင်ထားသည့် ဖုန်းအား လုယက်ယူဆောင်ကာ ယာဉ်အားမောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ထိုသို့ လုယက်ခံခဲ့ရသဖြင့် ကို….. မှ သက်ဆိုင်ရာ အလုံမြို့မရဲစခန်းသို့ သွားရောက်တိုင်တန်းခဲ့ပြီး ရဲစခန်းက (ပ) ၅၉/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်ခဲ့ပြီး ကျူးလွန်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ရာ လုယက်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ယာဉ်မှာ CC /—- Nissan AD Van အမျိုးအစားယာဉ် ဖြစ်ကြောင်းသိရပြီး အဆိုပါယာဉ်ကို ဖေဖော်ဝါရီ ၁၇ ရက် ည ၈ နာရီက ဗဟန်းမြို့နယ်၊ မြန်မာပလာဇာရှေ့တွင် တွေ့ရှိခဲ့ပြီး လုယက်မှု ကျူးလွန်ခဲ့သည့် ယာဉ်မောင်းဖြစ်သူ တောင်ဒဂုံမြို့နယ်နေ အောင်နိုင်မျိုး(၂၆)နှစ်နှင့် ဗဟန်းမြို့နယ်နေ ဝေယံ (၂၀) နှစ်ဆိုသူတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့နောက် ၎င်းတို့အား စစ်ဆေးရာ ပြစ်မှုကျူးလွန်ရာတွင် သင်္ဃန်းကျွန်းမြို့နယ်နေ ထက်ပိုင်လင်း (၁၆) နှစ်၊ ဇွဲပြည့် (၁၆) နှစ်၊ ထန်းတပင်မြို့နယ်နေ စွမ်းထက်ပိုင် (၁၈)နှစ်၊ တာမွေမြို့နယ်နေ ဂွတို (၂၁) နှစ်တို့ ပါဝင်ကြောင်း သိရပြီး ၎င်းတို့ကို သက်ဆိုင်ရာမြို့နယ်များ အသီးသီးတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးရာ ၎င်းတို့သည် ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အငှားယာဉ်ကို တစ်လလျှင် ကျပ်နှစ်သိန်းခွဲဖြင့် ငှားရမ်းခဲ့ကြောင်း နှင့် အဆိုပါအမှုကို ၎င်းတို့ ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့ပြင် ၎င်းတို့ ခြောက်ဦးသည် ငယ်ကောင်(စုံစမ်းဆဲ)၊ ထက်ဝေယံ (စုံစမ်း ဆဲ)ဆိုသူတို့နှင့်အတူ ဖေဖော်ဝါရီ ၁၃ ရက် ညပိုင်းကလည်း ဗဟန်းမြို့နယ်၊ ဗိုလ်ချိုရပ်ကွက်၊ ဖိုးစိန်လမ်းတွင် အမျိုးသားတစ်ဦးထံမှ ဖုန်းတစ်လုံးကိုလည်း လုယက်ခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပေါ်ပေါက်ချက်များအရ ၎င်းတို့အား သက်ဆိုင်ရာ ရဲစခန်းအသီးသီးတွင် အမှုများရေးဖွင့်ကာ အရေးယူရန် ဆောင်ရွက်လျက်ရှိပြီး လွတ်မြောက်နေသူနှစ်ဦးအား ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဒဂုံမြောက်မြို့နယ်တွင် စက်ဘီးစီးနေသည့် အမျိုးသမီးတစ်ဦး၏ လက်ကိုင်ဖုန်းအား ဆိုင်ကယ်စီးလာသည့် အမျိုးသားနှစ်ဦးက လုယက်မှုဖြစ်ပွား

ဒဂုံမြောက်မြို့နယ်တွင် စက်ဘီးစီးနင်းနေသည့် အမျိုးသမီးတစ်ဦး၏ လက်ကိုင်ဖုန်းအား အမျိုးသားနှစ်ဦးက ဆိုင်ကယ်စီးပြီး လုယက်မှု ဖြစ်ပွားခဲ့ကြောင်း ဇန်န၀ါရီ  ၂၆ ရက်တွင် စုံစမ်းသိရသည်။

ဒဂုံမြောက်မြို့နယ် ၄၇ ရပ်ကွက်နေ မ… (၂၆နှစ်) သည် အစ်မဖြစ်သူနှင့်အတူ ဇန်န၀ါရီ ၂၅ ရက် ည ၈ နာရီတွင် ယင်းမြို့နယ်၊ ၄၆ ရပ်ကွက်ရှိ Gym (အားကစားခန်းမ) မှ စက်ဘီးစီးပြီး ပြန်လာခဲ့ကြောင်း သိရသည်။

ယင်းသို့ ပြန်လာစဉ် အဆိုပါ Gym (အားကစားခန်းမ) အကျော် အရောက်တွင် ဆိုင်ကယ်တစ်စီးက အနောက်သို့ ရောက်လာကာ မ….(၂၆နှစ်) လွယ်ထားသည့် Iphone 7plus အမျိုးအစား လက်ကိုင်ဖုန်း ထည့်ထားသည့် အိတ်အား လုယူထွက်ပြေးခဲ့ကြောင်း သိရသည်။

“အစ်မနဲ့ Gym ကနေ ပြန်လာတာ။ တစ်ယောက်ကို စက်ဘီးတစ်စီးစီနဲ့။ Gym က ထွက်လာတော့ ဆိုင်ကယ်တစ်စီးနဲ့ အမျိုးသားနှစ်ဦးကို တွေ့တယ်။ Gym ကျော်ကျော်လည်း ရောက်ရော အဲဒီဆိုင်ကယ်က အနောက်က မောင်းလာတယ်။ အစက တိုက်မိမလိုဖြစ်လို့ ရှောင်ပေးထားတာ။ ဒါပေမဲ့ ဆိုင်ကယ်စီးလာတဲ့သူက ကျွန်မလွယ်ထားတဲ့ အိတ်လေးကို လုယူသွားတယ်။ အိတ်ထဲမှာက ဖုန်းတစ်လုံးပဲ ပါတာပါ” ဟု ဖုန်းအလုခံရသည့် မ …..(၂၆)နှစ်က ပြောကြားသည်။

လုယက်ခဲ့သည့် ဆိုင်ကယ်ပေါ်မှ အမျိုးသားတစ်ဦးမှာ လူငယ်ပိုင်းဖြစ်ပြီး အခင်းဖြစ်ပွားရာနေရာမှာ မီးမှောင်ပြီး လူအသွားအလာ နည်းကြောင်း သိရသည်။

“ဖြစ်တဲ့နေရာက မီးနည်းနည်းမှောင်တယ်။ ကျွန်မလည်း အလုခံရတော့ ဘေးပတ်ဝန်းကျင်ကို အကူအညီ တောင်းတယ်။ ပြီးတော့ စက်ဘီးနဲ့လည်း သူတို့နောက်ကလိုက်တာ မမီတော့ဘူး။ ရဲစခန်းတော့ မတိုင်ရသေးပါဘူး။ ဒါပေမဲ့ သက်ဆိုင်တဲ့ နယ်ထိန်းကိုတော့ ကျွန်မ မိဘတွေက အကြောင်း ကြားထားတယ်” ဟု ဖုန်းအလုခံရသည့် မ…..(၂၆နှစ်) က ပြောကြားသည်။

ဖြစ်စဉ်မှ ကျူးလွန်သူအား သက်ဆိုင်ရာ ရဲစခန်းမှ ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။ ရန်ကုန်မြို့တွင် တရားမ၀င် ဆိုင်ကယ်စီးနင်းမှု များပြားလာပြီး လုယက်မှုများတွင်လည်း ဆိုင်ကယ်များကို အသုံးပြုလျက်ရှိသည်။

 

မြစ်ကြီးနားမြို့ရှိ ကမ္ဘောဇဘဏ် မီနီဘဏ်အား လူလေးဦးက လက်နက်များဖြင့် ခြိမ်းခြောက်ကာ ငွေကျပ်သိန်း ၉၀၀ ကျော် လုယက်မှုဖြစ်ပွား

မြစ်ကြီးနားမြို့၊ မြို့မဈေး ပထမထပ်ရှိ ကမ္ဘောဇဘဏ် မီနီဘဏ်အား လူလေးဦးက လက်နက်များဖြင့် ခြိမ်းခြောက်ကာ ငွေကျပ်သိန်း ၉၀၀ ကျော် လုယက်မှု ဇန်န၀ါရီ ၂၃ ရက် မွန်းလွဲ ၃ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ကမ္ဘောဇဘဏ်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြစ်ကြီးနားမြို့၊ မြို့မဈေး ပထမထပ်ရှိ ကမ္ဘောဇဘဏ် မီနီဘဏ်သို့  ဘဏ်ပိတ်ချိန်တွင် လူလေးဦးက ရုတ်တရက် ရောက်ရှိလာပြီး အသင့်ယူဆောင်လာသော လက်နက်များဖြင့် ဘဏ်ဝန်ထမ်းများကို ခြိမ်းခြောက်ကာ ဘဏ်မှ ငွေကျပ်သိန်း (၉၂၀) ကျော်ကို လုယူထွက်ပြေးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ကမ္ဘောဇဘဏ် အနေဖြင့် မြစ်ကြီးနားမြို့၊ အမှတ်(၁)ရဲစခန်းသို့ တိုင်ကြားခဲ့ထားပြီး လုယက်သွားသူများကို ဖော်ထုတ်ဖမ်းဆီး နိုင်ရေးအတွက် ရဲတပ်ဖွဲ့မှ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ပါရီရှိ ကမ္ဘာကျော် Ritz ဟိုတယ်မှ ဒေါ်လာ ၄ ဒသမ ၇၅ သန်း တန်ဖိုးရှိ လက်ဝတ်ရတနာများ လုယူခံရ

ဇန်န၀ါရီ ၁၀ ရက်က ပါရီရှိ Ritz ဟိုတယ်အပြင်ဘက်၌ ရပ်ထားသည့် ရဲကားတစ်စီး (Photo: AFP)

လက်နက်ကိုင် ဓားပြများသည် ဇန်န၀ါရီ ၁၀ ရက်က ပါရီရှိ Ritz ဟိုတယ်ကို ၀င်ရောက်စီးနင်းခဲ့ပြီး ဒေါ်လာ ၄ ဒသမ ၇၅ သန်းတန်ဖိုး ရှိသော လက်ဝတ်ရတနာများကို လုယူသွားခဲ့သည်။ ပုဆိန်များ ကိုင်ထားသော ငါးဦးပါအဖွဲ့သည် ဟိုတယ်၏ မြေညီထပ် ပြတင်းပေါက်များကို ခွဲဝင်ကာ လက်ဝတ်ရတနာများကို ရယူသွားခဲ့ခြင်းဖြစ်သည်။

ထို့နောက် ထွက်ပြေးသွားသော အမျိုးသားများအနက် သုံးဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဟိုတယ်ပတ်ဝန်းကျင်ရှိ လမ်းအချို့ကို  လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ထားခဲ့ကြောင်း အေအက်ဖ်ပီဂျာနယ်လစ်တစ်ဦးက ပြောကြားခဲ့သည်။

Ritz ဟိုတယ်၏ လမ်းမသို့ မျက်နှာမူထားသော ပြတင်းပေါက်များတွင် နာမည်ကျော်တန်ဖိုးကြီး အမှတ်တံဆိပ်များက ၎င်းတို့၏ လက်ဝတ်ရတနာများကို ခင်းကျင်းပြသထားသည်။ Place Vendome ရင်ပြင်သည် တန်ဖိုးကြီး နာရီများနှင့် လက်ဝတ်ရတနာများကို ခင်းကျင်းပြသထားသည့် ဆိုင်များရှိသည့် နေရာဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင်လက်နက်ကိုင်ဓားပြများက Place Vendome ကို အကြိမ်ကြိမ်ဝင်ရောက်စီးနင်းခဲ့ပြီး လက်ဝတ် ရတနာများကို လုယုခဲ့ပြီးနောက် ယင်းဧရိယာတွင် လုံခြုံရေးကို မြှင့်တင်ထားခဲ့သည်။

ပါရီ၌ လက်ဝတ်ရတနာ လုယက်မှုတွင်  အထင်ရှားဆုံးမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာက အမေရိကန်ရုပ်သံစတား ကင်ကာဒစ်ရှန်အား လုယက်မှုဖြစ်ပြီး ရဲဝတ်စုံဝတ်ဆင်ထားသော အမျိုးသားငါးဦးက ကာဒစ်ရှန်အား သေနတ်ဖြင့် ထောက်ကာ ယူရိုကိုးသန်းခန့် တန်ဖိုးရှိသည့် လက်ဝတ်ရတနာများကို လုယူသွားခဲ့သည်။