ကွတ်ခိုင်နှင့် နမ့်ဖတ်ကာကြား မန်လွယ်ရွာတွင် ၂၂ ဘီးကုန်ကားနှင့် ခရီးသည်တင် ယာဉ်ငယ်တို့ တိုက်မိပြီး ယာဉ်ငယ်ပေါ်ပါ ငါးဦးသေဆုံး

ဓာတ်ပုံ – မြန်မာနိုင်ငံရဲတပ်ဖွဲ့

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းမကြီးပေါ်ရှိ ကွတ်ခိုင်နှင့် နမ့်ဖတ်ကာ ကြားရှိ မန်လွယ်ကျေးရွာ အကွေ့တွင် နိုဝင်ဘာလ ၆ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်က ၂၂ ဘီး ကုန်တင် တွဲကားနှင့် ခရီးသည်တင် ယာဉ်ငယ်တို့ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ယာဉ်ငယ်ပေါ် ငါးဦးသေဆုံးခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုမှာ လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် -၂၃၈/၆ နှင့် ၇ ကြားရှိ မန်လွယ် ကျေးရွာအကွေ့၊ ရှီးရင်ဟွမ်းကုန်စုံဆိုင်ရှေ့တွင် မူဆယ်ဘက်မှ လားရှိုးဘက်သို့ မောင်းနှင်လာသော သီပေါမြို့နယ်၊ နားမခေါ် ကျေးရွာနေသူ ယာဉ်မောင်း ကျော်ဦး (၂၁) နှစ် မောင်းနှင်လာသည့် 6K/ – – – – UD NISSAN DIESEL အမျိုးအစား ၂၂ ဘီးတွဲကား အနီရောင်သည် လားရှိုးဘက်မှ မူဆယ်ဘက်သို့ ယာဉ်မောင်း (စုံးစမ်းဆဲ) မောင်းနှင်လာသည့် MDY FF/ – – – – PROBOX  ခဲရောင်ယာဉ်အား ၀င်ရောက်တိုက်မိရာ – PROBOX ယာဉ်သည် လမ်းဘေးသို့ ချိတ်ဆွဲပါသွားပြီး လမ်းဘေးတွင် ရပ်တန့်ထားသော လမ်းကြိတ်စက်နှင့် ညှပ်မိကာ တိုက်မိခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် လားရှိုးဘက်မှ မူဆယ်ဘက်သို့ ယာဉ်မောင်း (စုံးစမ်းဆဲ) မောင်းနှင်လာသည့် MDY FF/ – – – – PROBOX ယာဉ်မောင်း (အမည်၊ နေရပ်၊ လိပ်စာ စုံစမ်းဆဲ) တွင် ယာလက်မောင်းကျိုး ဒဏ်ရာ၊ ဦးခေါင်းကျေမွ ဒဏ်ရာ၊ ၄င်းယာဉ်ပေါ်ပါ မချိုချိုထွေး (၅၁) နှစ် ရပ်ကွက်(၁၂)၊ လားရှိုးနေသူတွင် ယာပါးနှင့် မေးရိုး ပေါက်ပြဲပွင့်ထွက်ဒဏ်ရာ၊ ယာခြေသလုံးကျိုး ဒဏ်ရာ၊ မအိအိထွေး(၂၉)နှစ်၊ ရပ်ကွက်(၁၂)၊ လားရှိုးမြို့ နေသူတွင် ဦးခေါင်းပွင့်ထွက်ဒဏ်ရာ၊ သက်ဇော်ထိုက် (၃၃)နှစ်၊ ရပ်ကွက်(၁)၊ လားရှိုးမြို့နေသူတွင် ယာဘက် လက်မောင်းရိုးကျိုးဒဏ်ရာ၊ ခြေကျင်းဝတ်ကျိုးဒဏ်ရာ၊ ဦးခေါင်းကျေမွဒဏ်ရာ၊ ခိုင်ထက် (၂၁) နှစ် ညောင်ရေးကျေးရွာ၊ မြင်းမူမြို့နယ်နေသူတွင် ၀ဲလက်ကျိုးကျေဒဏ်ရာ၊ ဦးခေါင်းကျေမွဒဏ်ရာများ ရရှိကာ ယာဉ်ပေါ်ပါ အမျိုးသား (၃) ဦးနှင့် အမျိုးသမီး(၂) ဦး တို့သည် ယာဉ်တိုက်မှု ဖြစ်ပွားသည့် နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

“မူဆယ်ဘက်ကနေ ဆင်းလာတဲ့ ၂၂ ဘီး ကုန်တင်တွဲကားနဲ့ လားရှိုးဘက်ကနေလာတဲ့ ခရီးသည်တင် ယာဉ်ငယ်တို့ မန်လွယ်ကျေးရွာအကွေ့မှာ တိုက်မိတာပါ။ ယာဉ်တိုက်မှုကြောင့် ခရီးသည်တင် ယာဉ်ငယ်ပေါ်မှာ ပါလာတဲ့ (၅) ဦးလုံး ယာဉ်တိုက်မှု ဖြစ်ပွားတဲ့နေရာမှာတင် သေဆုံးခဲ့ပြီး ၂၂ ဘီးကုန်တင်ယာဉ်မောင်းကိုလည်း ဖမ်းမိထားပါတယ်” ဟု ကွတ်ခိုင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် ယာဉ်အားမဆင်မခြင် မောင်းနှင်ပြီး လူသေဆုံးအောင် ပြုလုပ်မောင်းနှင်သူ တွဲကား အနီရောင် ယာဉ်မောင်း ကျော်ဦးအား ယာဉ်(ပ) ၂၄/၂၀၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၇၉/၃၀၄-က ဖြင့် အမှုဖွင့် စစ်ဆေးအရေးယူထားကြောင်း သိရသည်။

 

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာရေး လူထုအသိပညာပေးလှုပ်ရှားမှု လားရှိုးမြို့တွင် တိုင်းရင်းသား ယဉ်ကျေးမှု အဖွဲ့များ ပူးပေါင်းပြုလုပ်

ဓာတ်ပုံ – ထွန်းနေလှိုင် (နောင်ပိန်)

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာရေး လူထုအသိပညာပေး လှုပ်ရှားမှုအဖြစ် အောက်တိုဘာလ ၁၃ ရက်နေ့  နံနက် ၁၀ နာရီအချိန်က လားရှိုးမြို့ရှိ တိုင်းရင်းသား ယဉ်ကျေးမှု အဖွဲ့များ ပူးပေါင်းကာ ဆိုင်ကယ်ဦးထုပ် ကိုယ်စီဆောင်း၍ လားရှိုးမြို့ပတ်ကာ ဆိုင်ကယ်စီးနင်း အသိပေးခဲ့ကြကြောင်း သိရသည်။

အသိပညာပေးလှုပ်ရှားမှုတွင် လားရှိုးတက္ကသိုလ်တွင် တက်ရောက် ပညာသင်ကြားနေကြသော တအာင်း လူငယ်များနှင့် လားရှိုးမြို့ပေါ်ရှိ ရှမ်းယဉ်ကျေးမှုအဖွဲ့၊ ကိုးကန့်ယဉ်ကျေးမှုအဖွဲ့၊ ၀’ ယဉ်ကျေးမှုအဖွဲ့၊ လားဟူယဉ်ကျေးမှုအဖွဲ့၊ ကချင်ယဉ်ကျေးမှုအဖွဲ့၊ တအာင်းပလောင် ယဉ်ကျေးမှုအဖွဲ့များမှ လူငယ်များနှင့် တာဝန်ရှိသူများလိုက်ပါ အသိပညာပေးခဲ့ကြကြောင်း သိရသည်။

“လားရှိုးမြို့အတွက် လူထုအသိပညာပေး လှုပ်ရှားမှုတွေလုပ်ဖို့ စိတ်ထဲရှိတာတော့ ကြာပြီပေါ့။ ဘယ်လိုလှုပ်ရှားမှုတွေ လုပ်သင့်သလဲဆိုတာ စဉ်းစားတာတော့ကြာပြီ။ လှုပ်ရှားမှုတစ်ခုလုပ်တယ် ဆိုတာက လူအင်အားလည်းလိုတယ်။ လူအင်အားလိုတဲ့ အခါမှာ မကြာခင်စတင်တော့မယ့် မန္တလေး အဝေးသင် တက္ကသိုလ်၊ လားရှိုးဌာနခွဲ ကျောင်းသား၊ ကျောင်းသူတွေ ရောက်လာတဲ့အချိန် သူတို့ရဲ့အင်အားကို ယူပြီးတော့မှ လားရှိုးမြို့မှာ ကျွန်တော်တို့ လုပ်ချင်တဲ့ လူထုအသိပညာပေးလေးကို လားရှိုးတက္ကသိုလ်မှာ လာရောက်ကြတဲ့ တအာင်လူငယ်ကျောင်းသူ ကျောင်းသားတွေကို စုပြီးတော့ လုပ်ဖြစ်တာပါ။ ကျွန်တော်တို့ လားရှိုးမြို့မှာ အမှိုက်ကောက် သန့်ရှင်းရေးရယ်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လှုပ်ရှားမှုတွေ လုပ်ကြမယ် ဆိုပြီးတော့ လုပ်ကြတာပါ။ ကျောင်းသား၊ ကျောင်းသူတွေကလည်း တက်တက်ကြွကြွနဲ့ ပါဝင်ခဲ့ကြတာပါ။” ဟု ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာရေး လူထုအသိပညာပေး လှုပ်ရှားမှုအား ဦးစီးဆောင်ရွက်ခဲ့သူ လားရှိုးတက္ကသိုလ်၊ ဒဿနိကဗေဒဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာမျိုးသန့်ထွန်းက ပြောသည်။

လားရှိုးမြို့ရှိ တအာင်းပရဟိတအဖွဲ့သည် အောက်တိုဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် လားရှိုးမြို့ ဆေးရုံးကြီးနှင့် လမ်းမတော်လမ်းနှင့် သိန္နီလမ်းတစ်လျှောက်တွင်  စုပေါင်းအမှိုက်ကောက်ခြင်းများလည်း ပြုလုပ်ခဲ့ပြီး နံနက်(၁၀)နာရီအချိန်တွင် အမှတ်(၂၀) ယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ ဆိုင်ကယ်ဦးထုပ်များ ကိုယ်စီဆောင်း၍ ယာဉ်အန္တရာယ်ကင်းရှင်းရေးလှုပ်ရှားမှုအား ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာရေး လူထုအသိပညာပေး လှုပ်ရှားမှုတွင် ဆိုင်ကယ်အစီးပေါင်း (၁၅၀) ခန့်နှင့် လူဦးရေပေါင်း (၃၀၀) ပူးပေါင်းပါဝင်ခဲ့ကြပြီး လားရှိုးမြို့၊ မြို့တော်ခန်းမမှ လမ်းမတော်လမ်း၊ မန္တလေးလမ်း၊ သုခလမ်း၊ သိန္နီလမ်း၊ လေယာဉ်ကွင်းလမ်း၊ ဘူတာလမ်းအတိုင်း လားရှိုးမြို့တစ်ပတ်ပတ်ကာ ဆိုင်ကယ်စီးနင်း၍ အသိပညာ ပေးခဲ့ကြကြောင်း သိရသည်။

ထွန်းနေလှိုင် (နောင်ပိန်)

 

 

 

လားရှိုးမြို့နယ်အတွင်း နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်စဉ် လက်နက်ခဲယမ်းများနှင့် သိန်းပေါင်း ခြောက်သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိကြောင်း တပ်မတော်ထုတ်ပြန်

ဖမ်းဆီးရမိသည့် သေနတ်များနှင့် မူးယစ်ဆေးဝါးများကို တွေ့ရစဉ်

လားရှိုးမြို့နယ်အတွင်း နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်စဉ် လက်နက်ခဲယမ်းများနှင့် သိန်းပေါင်း ခြောက်သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိကြောင်း အောက်တိုဘာ ၁၁ ရက်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့နယ်အတွင်း တပ်မတော် စစ်ကြောင်းက နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် အောက်တိုဘာ ၁ ရက် မွန်းလွဲပိုင်းတွင် လယ်ဖွေးကျေးရွာအနီး  TNLA အဖွဲ့က စတင်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး TNLA အဖွဲ့သည် မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေး သွားခဲ့ကြောင်း ဖော်ပြထားသည်။

ထို့နောက် TNLA အဖွဲ့ဝင်များ ဆုတ်ခွာထွက်ပြေးသွားသည့် လယ်ဖွေးကျေးရွာနှင့် ပန်ဖကျေးရွာအနီး ပတ်ဝန်းကျင်တစ်ဝိုက် တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်စဉ် အောက်တိုဘာ ၁ ရက်မှ အောက်တိုဘာ ၉ ရက်အထိ လက်နက်ငယ်မျိုးစုံ ခြောက်လက်၊ ကျည်မျိုးစုံ ၆၂၇၄ တောင့်၊ ကျည်အိမ်မျိုးစုံ ၁၀ ခု၊ လက်ပစ်ဗုံးတစ်လုံး၊ ယမ်း ၁၆၀ တုံး၊ မှန်ပြောင်းတစ်လက်၊ အိုင်ကွန်နှစ်လုံး၊ Equipment တစ်စုံ၊ ယမ်းမှုန့် ၄၀ ကျပ်သား၊ ယမ်းကြိုး ၁၁၁ ကိုက်၊ ဖိုက်ဘာပီပါအခွံ ကိုးလုံးနှင့် အက်စစ်ပါ တစ်လုံး၊ ဆာလဖျူရစ်အက်စစ် ငါးဂါလန်ဆံ့ပုံးတစ်ပုံး၊ အိုင်အိုဒင်းဆား၂၆ အိတ်၊ ဘိန်းမည်း ၁၃၂၂၂၅ ဂရမ်ခန့်၊ ဘိန်းဖြူ ၂၁၃၂ ဂရမ်ခန့်၊ ဘိန်းဖြူဘလောက်တုံး ၅၈၇ တုံးနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၉၃၀၀၀၀ ပြား၊ (စုစုပေါင်း မူးယစ်ဆေးဝါး ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်းပေါင်း ၆၃၀၀၀ ကျော်) တို့ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်းနှင့် အဆိုပါ နေရာတစ်ဝိုက်အား တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်မှုတွင် ပါရှိသည်။

“အောက်တိုဘာ ၁ ရက်ကနေ ၇ ရက်ထိ သူတို့ဖော်ပြသလို အဲဒီလားရှိုးမြို့နယ်တွင်းမှာရှိတဲ့ အဲဒီနေရာ ဒေသတွေမှာ တိုက်ပွဲမရှိပါဘူး။ ကျွန်တော်တို့ တိုက်ပွဲဖြစ်တာက နမ့်ခမ်းဘက်မှာဖြစ်တယ်။ မန်တုံဘက်မှာ ဖြစ်တယ်။ နမ့်ဆန်ဘက်မှာ ဖြစ်ပါတယ်။ သူတို့ပြောတဲ့နေရာမှာ တိုက်ပွဲမရှိပါဘူး။ ပြီးတော့ အဲဒီလို မူးယစ်ဆေးဝါး ရောင်းဝယ်မှုလည်း ကျွန်တော်တို့ မလုပ်ပါဘူး။ ကျွန်တော်တို့ အဖွဲ့အစည်း အနေနဲ့လည်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွေ လုပ်နေပါတယ်။ ကျွန်တော်တို့ မူးယစ်ဆေးဝါးတွေ လိုက်လံဖမ်းဆီးတာတွေ လုပ်နေပါတယ်။ ဒါကမြန်မာ့တပ်မတော်က ကျွန်တော်တို့ကို ရည်ရွယ်ချက်နဲ့ ထိုးနှက်နေတာပဲလို့ မြင်တယ်။ (TNLA အမည်ခံပြီး လုပ်နေတဲ့အဖွဲ့ ရှိ၊ မရှိ) မရှိနိုင်ပါဘူး။ သူတို့ပြောတဲ့ တိုက်ပွဲဖြစ်ပွားတဲ့နေရာက ခပ်များများက ပြည်သူ့စစ်တွေ ရှိပါတယ်” ဟု PSLF/TNLA အဖွဲ့ အထွေထွေအတွင်းရေး ဗိုလ်မှူးချုပ် တာ့ဖုန်းကျော်က ပြောကြားသည်။

သို့ရာတွင် တပ်မတော်မှ သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများနှင့်အတူ ဖော်ပြထားသည့် လက်နက်ငယ်များမှာမူ TNLA အဖွဲ့မှ ဆုံးရှုံးသွားသည့် လက်နက်များဖြစ်ကြောင်း ၎င်းက ပြောကြားသည်။