မတ္တရာမြို့နယ် အုပ်ချုပ်ရေးမှူး နုတ်ထွက်ပေးရန် တောင်းဆို ဆန္ဒပြမှုကြောင့် ငြိမ်းစုစီ ဥပဒေပုဒ်မ ၂၀ ဖြင့် တရားစွဲဆို ခံထားရသည့် တောင်သူသုံးဦးအား ထောင်ဒဏ် တစ်လ ချမှတ်

ငြိမ်းစုစီ ဥပဒေပုဒ်မ ၂၀ ဖြင့် တရားစွဲဆို ခံထားရသည့် တောင်သူသုံးဦးအား ထောင်ဒဏ်ချမှတ်အပြီး တွေ့ရစဉ် (ဓာတ်ပုံ- တောင်သူလယ်သမားသမဂ္ဂအဖွဲ့ချုပ်ရုံး)

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်အတွင်းရှိ မတ္တရာမြို့နယ် အုပ်ချုပ်ရေးမှူးအား အလိုမရှိသဖြင့် နုတ်ထွက်ပေးရန် ဒေသခံ တောင်သူများက ၂၀၁၇ ခုနှစ် ဇူလိုင်လအတွင်းက မတ္တရာမြို့ပေါ်တွင် ဆန္ဒထုတ်ဖော်မှုကြောင့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၂၀ ဖြင့် တရားစွဲဆို ခံထားရသည့် ဒေသခံတောင်သူ သုံးဦးကို မတ္တရာမြို့နယ် တရားရုံးက ဇွန် ၁၃ ရက်တွင် ထောင်ဒဏ် တစ်လ ချမှတ်ခဲ့ကြောင်း သိရသည်။

မတ္တရာမြို့နယ် အုပ်ချုပ်ရေးမှူး ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုဆန္ဒပြမှုနှင့် ပတ်သက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူးက တရားလိုပြုလုပ်ပြီး ငြိမ်းစုစီ ဥပဒေပုဒ်မ ၂၀ ဖြင့် ဦးဆောင်သူများ ဖြစ်သည့် ဒေသခံတောင်သူနှစ်ဦးနှင့် မြေယာအရေး တက်ကြွလှုပ်ရှားသူ တစ်ဦးကို မတ္တရာမြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ ထိုသို့ တရားစွဲဆိုထားမှုနှင့် ပတ်သက်၍ ဇွန် ၁၃ ရက် ရုံးချိန်းတွင် မတ္တရာမြို့နယ် တရားရုံးက တောင်သူ ကိုရဲရင့်အောင်၊ ကိုသန်းလွင်နှင့် မြေယာအရေး လှုပ်ရှားသူ ကိုမောင်စိုးတို့ကို ထောင်ဒဏ် တစ်လ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

“ဆန္ဒပြခဲ့တာနဲ့ ပတ်သက်ပြီး ငြိမ်းစုစီဥပဒေပုဒ်မ ၂၀ နဲ့ အမှုဖွင့် တရားစွဲဆို ခံခဲ့ရတာပါ။ ငြိမ်းစုစီ ဥပဒေပုဒ်မ ၂၀ ဟာ ငွေဒဏ် ကျပ်တစ်သောင်းနဲ့ ထောင်ဒဏ် တစ်လ ချမှတ်နိုင်သလို ဒဏ်နှစ်ရပ်လုံးလည်း ချမှတ်နိုင်ပါတယ်။ ကျွန်တော်ကတော့ တရားမျှတမှု လုံးဝ မရှိဘူးလို့ ပြောချင်တယ်။ ဘာကြောင့်ဆို ငြိမ်းချမ်းစွာနဲ့ အခွင့်အရေးကို တရားမျှတစွာ တောင်းဆိုခဲ့ကြတာ ဖြစ်တယ်။ တရားစီရင်ရေးကို အုပ်ချုပ်ရေးဘက်က ၀င်ရောက်စွက်ဖက်တဲ့ ပုံစံတွေ ရှိနိုင်တယ်။ မျှတမှုမရှိဘူးလို့ ပြောချင်တယ်”ဟု ဒေသခံ တောင်သူများဘက်မှ အခမဲ့ အမှုလိုက်ပါ ဆောင်ရွက်ပေးခဲ့သည့် အထက်တန်းရှေ့နေ ဦးဆန်းထွန်းအောင်က ပြောကြားသည်။

ဖြစ်စဉ်မှာ ၂၀၁၇ ခုနှစ် ဇူလိုင်လအတွင်းက သိမ်းဆည်း မြေယာပြဿနာများနှင့် ပတ်သက်၍ မန္တလေးမြို့ပေါ်သို့ လာရောက် ဆန္ဒထုတ်ဖော်လျက်ရှိသည့် တောင်သူများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့အကြား တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ရာတွင် မတ္တရာမြို့နယ်အတွင်းမှ ယာမြေ သိမ်းဆည်းခံ တောင်သူများဘက်မှ ဦးဆောင် တောင်းဆိုလျက်ရှိသည့် တောင်သူခေါင်းဆောင်များကို တောင်သူအစစ်အမှန် မဟုတ်ဘဲ အမှုပွဲစား၊ မြေပွဲစားဟု မတ္တရာမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောဆိုမှုအပေါ် ဒေသခံတောင်သူများက ကျေနပ်မှု မရှိသဖြင့် နုတ်ထွက်ပေးရန် မတ္တရာမြို့ပေါ်တွင် တောင်းဆို ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ထိုသို့ ဆန္ဒထုတ်ဖော်မှုနှင့် ပတ်သက်၍ ဥပဒေပါ ပြဋ္ဌာန်းချက်များကို ချိုးဖောက်သည်ဟု ဆိုကာ မြို့နယ်ရဲတပ်ဖွဲ့မှူးက တရားလိုပြုလုပ်ပြီး ဦးဆောင်သူ တောင်သူသုံးဦးကို ငြိမ်းစုစီဥပဒေပုဒ်မ ၂၀ ဖြင့် မတ္တရာမြို့နယ် တရားရုံးတွင် အမှုဖွင့် တရားစွဲဆိုခဲ့ကြောင်း သိရသည်။

မြင်းခြံမြို့နယ် ထနောင်းတိုင်ကျေးရွာ ရပ်/ ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းနှင့်ပတ်သက်၍ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးအား ဒေသခံ ၂၀၀ ခန့် ဆန္ဒထုတ်ဖော်

ရပ်/ ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းနှင့်ပတ်သက်၍ ဆန္ဒထုတ်ဖော်နေသည့် ထနောင်းတိုင်ကျေးရွာမှ ဒေသခံအချို့အား တွေ့ရစဉ်

မြင်းခြံမြို့နယ် ထနောင်းတိုင်ကျေးရွာမှ ဒေသခံအင်အား ၂၀၀ ခန့်က ရပ်/ ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းနှင့် ပတ်သက်၍ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးအား ဖေဖော်ဝါရီ ၂၅ ရက်က မြင်းခြံမြို့၌ ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြင်းခြံမြို့နယ် ထနောင်းတိုင်ကျေးရွာမှ ဒေသခံများက ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဇန်န၀ါရီ ၂၇ ရက်က ထနောင်းတိုင်ကျေးရွာတွင် ပြုလုပ်သည့် ရပ်/ ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲမှ ရလဒ်အား အသိအမှတ်မပြုခြင်းနှင့် ကြီးကြပ်ရေးအဖွဲ့ဝင်တစ်ဦးကို ထုတ်ပယ်ခြင်းကြောင့် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း သိရသည်။

“အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲပြုလုပ်ပြီးတဲ့အချိန်မှာ ကြီးကြပ်ရေးအဖွဲ့ဝင်က တစ်ဦးကို လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်လောက်ကရှိခဲ့တဲ့ ခြေချုပ်ကို အကြောင်းပြပြီးတော့ သူ့ကိုထုတ်ပယ်ပြီး အစကနေ ပြန်စခိုင်းတယ်။ ကြီးကြပ် ရေးအဖွဲ့ဝင် ဦးခင်မောင်စီကို ထုတ်ပယ်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေမှာ လွတ်တော်ကိုယ်စားလှယ်တွေရဲ့ နာမည်တွေကပါနေတယ်။ ဒါကြောင့် နာမည်တပ်ပြီး ပြရတာ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် ဇန်န၀ါရီ ၂၇ ရက်မှာလုပ်တဲ့ ရပ်/ ကျေး အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲမှာ ကျွန်တော်က မဲ ၃၉၁ မဲပါတယ်။ လက်ရှိ အုပ်ချုပ်ရေးမှူး ဦးနေစိုးက ၂၇ မဲပဲရပါတယ်။ ပြည်သူတွေက ဒီရလဒ်ကိုပဲ အတည်ပြုပေးစေချင်တာပါ။ အဲဒီအတွက်ကြောင့် ဆန္ဒထုတ်ဖော်ကြတာပါ”ဟု မြင်းခြံမြို့နယ် ထနောင်းတိုင်ရွာမှ ကိုနေမင်းကျော်က ပြောကြားသည်။

ဆန္ဒထုတ်ဖော်သူများသည် နံနက် ၉ နာရီခန့်တွင် မြင်းခြံမြို့ နာရီစင်အနီး စုဝေးပြီး “ပြည်သူရွေးချယ်ထားသော ထနောင်းတိုင်ကျေးရွာအုပ်ချုပ်ရေးမှူးအား အတည်ပြုပေး ရေး ၊ ရပ်/ ကျေး ဥပဒေနှင့်မညီဘဲ ဆုံးဖြတ်ထားသော ခရိုင်အုပ်ချုပ်ရေးမှူး အလိုမရှိ၊ ရပ်/ ကျေး ဥပဒေနှင့်မညီဘဲ ဆုံးဖြတ်ထားသော မြို့နယ်အုပ်ချုပ်ရေးမှူး အလိုမရှိ၊ ရပ်/ ကျေးဥပဒေနှင့်မညီဘဲ ဆုံးဖြတ်ထားသော လွှတ်တော်ကိုယ်စားလှယ် ဦးချမ်းမြေ့ အလို မရှိနှင့် ရပ်/ ကျေး ဥပဒေနှင့်မညီဘဲ ဆုံးဖြတ်ထားသော လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးလတ် အလိုမရှိ” စသည့် စာသားများပါရှိသည့် ဗီနိုင်းပိုစတာများ ကိုင်ဆောင်၍ ကြွေးကြော်သံများဖြင့် မြို့တွင်းသို့ လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်ခံရသည့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးချမ်းမြေ့က မိမိတွင် အုပ်ချုပ်ရေးမှူးရွေးချယ်ခြင်းနှင့် ပတ်သက်၍ ဆုံးဖြတ်ခွင့်မရှိကြောင်း၊ ထနောင်းတိုင် ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်ခြင်း ကိစ္စတွင် ယှဉ်ပြိုင်သူနှစ်ဦးမှ တိုင်ကြားမှုများရှိကြောင်း၊ အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းနှင့် ပတ်သက်၍ ဆုံးဖြတ်နိုင်သည့် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် နှစ်ဖက်တိုင်ကြားသူများအား တွေ့ဆုံညှိနှိုင်းပေးမှုများသာ ဆောင်ရွက်ပေးခဲ့ကြောင်း ဖြေကြားသည်။

ဆန္ဒထုတ်ဖော်ခံရသည့် မြင်းခြံမြို့မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးလတ်အား ဆက်သွယ်မေးမြန်းရာ “လွှတ်တော်ကိုယ်စားလှယ် ဦးချမ်းမြေ့ ဖြေကြားသည့်အတိုင်းသာဖြစ်ကြောင်း” ပြန်လည်ဖြေကြားသည်။