လူမှုကွန်ရက်တွင် အပုပ်ချ စွပ်စွဲသည်ဟုဆိုကာ ရတနာပုံတက္ကသိုလ် ဆရာဆရာမများအစည်းအရုံး ဥက္ကဋ္ဌက တက္ကသိုလ်ဆရာဆရာမအသင်းများ ကိုယ်စားပြုကော်မတီနှင့် အခြေခံပညာရေးလုပ်သားသမဂ္ဂများ ဖြစ်မြောက်ရေးဗဟိုကော်မတီ ဦးဆောင်သူများအား အမှုဖွင့်

ဖေ့စ်ဘွတ် လူမှုကွန်ရက်တွင် ၎င်းအား အပုပ်ချစွပ်စွဲသည်ဟုဆိုကာ ရတနာပုံတက္ကသိုလ် ဆရာဆရာမများအစည်းအရုံး ဥက္ကဋ္ဌဖြစ်သူ ဦးသုတက တက္ကသိုလ်ဆရာဆရာမအသင်းများ ကိုယ်စားပြုကော်မတီနှင့် အခြေခံပညာရေးလုပ်သားသမဂ္ဂများ ဖြစ်မြောက်ရေး ဗဟိုကော်မတီ ဦးဆောင်သူများ ဖြစ်သည့် ဒေါက်တာ အာကာမိုးသူ၊ ဦးသန်းထိုက်အောင်၊ ဒေါက်တာ သန်းလွင်ဦးတို့အား အမရပူရရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားကြောင်း သိရသည်။

“ရတနာပုံတက္ကသိုလ် ကျောင်းဝင်းထဲမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂလို့ နာမည်ခံထားတဲ့ ကျောင်းသားတစ်စုက ဥပဒေနဲ့မညီဘဲ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။ အဲဒီလို ဆန္ဒပြတောင်းဆိုခြင်းဟာ ပညာသင်ကြားနေတဲ့ ကျောင်းသူကျောင်းသားတွေကို အနှောင့်အယှက် ဖြစ်ပေါ်စေသလို ဆန္ဒပြ တောင်းဆိုတဲ့ ကျောင်းသားတွေအတွက် နစ်နာဖွယ် အခြေအနေတွေလည်း ဖြစ်ပေါ်နိုင်တဲ့အတွက် ကျွန်တော်တို့ ရတနာပုံတက္ကသိုလ် ဆရာ၊ ဆရာမများအစည်းအရုံးက အလုပ်အမှုဆောင်တွေ အစည်းအဝေးထိုင်ပြီး အဲဒီဆန္ဒပြခြင်းကို ကန့်ကွက်ကြောင်း စာထုတ်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ထုတ်ပြန်ကြေညာချက်ကို တက္ကသိုလ်ဆရာဆရာမအသင်းများ ကိုယ်စားပြုကော်မတီနှင့် အခြေခံပညာရေးလုပ်သားသမဂ္ဂများ ဖြစ်မြောက်ရေးဗဟိုကော်မတီ ဆိုတဲ့ အဖွဲ့အစည်းနှစ်ရပ်က ပြန်လည်ထုတ်ပြန် ကြေငြာခဲ့ရာမှာ ဆရာ့ဝတ်ငါးဖြာထဲက ဘေးရန်ဆီးကာဆိုသည့် ဆရာတွေ လိုက်နာရမယ့် ၀တ္တရားကို မျက်ကွယ်ပြုပြီးဆိုသည့် စကားရပ် ပါဝင်ခဲ့သလို ဖေ့စ်ဘွတ်လူမှုကွန်ရက်မှာလည်း သူတို့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရှက်ဖွယ်၊ ဆရာလို့ မခေါ်ထိုက်ဘူး၊ အလွန်ရှက်ဖို့ကောင်းတယ်လို့ ပြန်လည်ရေးသား ဖြန့်ဝေမှုတွေ လုပ်ဆောင်ခဲ့တဲ့အတွက် အမရပူရရဲစခန်းမှာ ဥပဒေနဲ့အညီ အရေးယူပေးဖို့ အမှုဖွင့်တိုင်တန်းရတာ ဖြစ်ပါတယ်”ဟု ဆရာဦးသုတက ပြောကြားသည်။

“ဆရာတစ်ယောက်အနေနဲ့ တပည့်တွေထဲ လိမ္မာတဲ့တပည့်၊ ဆိုးတဲ့တပည့်၊ စာတော်တဲ့တပည့်၊ စာညံ့တဲ့တပည့် မျိုးစုံရှိပေမယ့် ဆရာတစ်ယောက်ရဲ့ကျင့်ဝတ်အရ မည်သည့်တပည့် အမျိုးအစားပဲဖြစ်ဖြစ် အားလုံးကို ကျောသားရင်သား ခွဲခြားလို့မရပါ။ အားလုံးကို တန်းတူရည်တူထားပြီး တစ်ပြေးတည်း ဆက်ဆံရပါတယ်။ ဆိုးတဲ့တပည့်၊ စာညံ့တဲ့ တပည့်ဆိုရင် ပိုတောင် ဂရုစိုက်ရပါသေးတယ်။ ဆရာတစ်ယောက်ရဲ့ ဆရာမဆန်တဲ့ အပြုအမူတွေ ဆုံးဖြတ်ချက်တွေကြောင့် သူတို့ရဲ့ ဘ၀အညွန့်အဖူးတွေ ချိုးခံရတဲ့ အခြေအနေမျိုးတွေကို လုံးဝ လက်မခံနိုင်ပါ။ ဒါဟာ ဆရာပီသတဲ့ ဆရာတစ်ယောက်ရဲ့ မယိမ်းမယိုင် စောင့်ထိန်းရမည့် ရပ်တည်ချက်လို့ ခံယူပါတယ်။ ဆရာတစ်ယောက်အနေနဲ့ တပည့်တွေအပေါ် ဆရာဝတ် ငါးဖြာထဲက ဘေးရန်ဆီးကာဆိုတဲ့ ၀တ်ကို စောင့်ထိန်းမိလို့ တရားစွဲခံရမယ် အရေးယူခံရမယ် ဆိုရင်လည်း ဆရာတစ်ယောက်အနေနဲ့ ဂုဏ်သိက္ခာရှိရှိ ရင်ဆိုင်သွားမှာပါ”ဟု အမှုဖွင့်ခံရသူထဲတွင် တစ်ဦးအပါအ၀င်ဖြစ်သည့် ရန်ကုန်တက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေးဌာနမှ ကထိကဒေါက်တာ သန်းလွင်ဦးက ၎င်း၏ ဖေ့စ်ဘွတ်အကောင့်တွင် ရေးသားထားကြောင်း သိရသည်။

 

ရတနာပုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂရုံးခန်း ပြန်လည်သိမ်းဆည်းခံရ

သမဂ္ဂရုံးခန်း သော့ခတ်ထားမှုကို တွေ့ရစဉ်

ရတနာပုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂရုံးခန်း ပြန်လည်သိမ်းဆည်းခံရကြောင်းနှင့်  သပိတ်စခန်းဖြိုခွင်းခံရစဉ်က ကျောင်းသားကျောင်းသူများ၏ ပစ္စည်းများ ယခုအချိန်ထိ ပြန်လည်ရရှိခြင်း မရှိသေးကြောင်း ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ သိရသည်။

ရတနာပုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဥက္ကဋ္ဌကို ကျော်သီဟရဲကျော်က “ခုမနက်ပဲ ကျွန်တော်တို့ကို ရဲဘော်ကျောင်းသားတွေက အကြောင်းကြားလာပါတယ်။ ကျွန်တော်တို့သမဂ္ဂရုံးခန်းကို ကျောင်းကပြန်သိမ်းလိုက်ပြီလို့ ကြားပါတယ်။ ကျွန်တော်တို့သမဂ္ဂက ခတ်ထားတဲ့သော့ကို ဖျက်ပြီးသူတို့က သော့အသစ်ခတ်သွားတယ်လို့ သိရတယ်။ သမဂ္ဂအဖွဲ့ဝင် ကျောင်းသားတွေကို ကျောင်းထုတ်တယ်။ နောက်ပြီး ခုလိုရုံးခန်းပြန်သိမ်းတာဟာ သမဂ္ဂရပ်တည်မှုကျောင်းထဲမှာ တည်ရှိနေတာကို လိုက်လံဖိနှိပ်နေတယ်လို့ ထင်ပါတယ်” ဟု ရုံးခန်းအသိမ်းခံရမှုဖြစ်စဉ်နှင့် ပတ်သက်၍ ပြောကြားသည်။

ကျောင်းသားများနေရပ်သို့ ပြန်လည်ပို့ဆောင်ခံရပြီးနောက် တိုက်ပွဲဝင်ကော်မတီဝင်များ ရတနာပုံတက္ကသိုလ်သို့ ပြန်ရောက်လာစဉ် သမဂ္ဂရုံးခန်းမှာ သော့ဖျက်ဆီးခံခဲ့ရပြီး ပစ္စည်းများ သိမ်းဆည်းခံခဲ့ရကြောင်း၊ ဇန်န၀ါရီ ၂၈ ရက်တွင်မူကျောင်း အာဏာပိုင်များက သော့အသစ် ပြန်ခတ်သွားခဲ့ကြောင်း၊ ထို့ပြင် သပိတ်စခန်းဖြိုခွင်းခံရစဉ်က ကျောင်းသားကျောင်းသူများကို၏ ပစ္စည်းများကို ကျောင်းတာဝန်ရှိသူများမှ ပြန်လည်အပ်နှံနိုင်ရန် ဖိတ်ခေါ်ခဲ့သော်လည်း ကျောင်းသားများဘက်မှ လက်ခံခဲ့ခြင်းမရှိကြောင်း သိရသည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ပညာရေးအသုံးစရိတ် တိုးမြှင့်ရေးတိုက်ပွဲကော်မတီမှ ဦးဆောင်ကာ တက္ကသိုလ်ပေါင်းစုံမှ ကျောင်းသူကျောင်းသားများပါဝင်သည့် ဆန္ဒပြတောင်းဆိုမှုကို ဇန်န၀ါရီ ၂၂ ရက် နံနက် ၉ နာရီမှ စတင်ပြုလုပ်ခဲ့ကာ ဇန်န၀ါရီ ၂၂ ရက်၊ ၂၃ ရက်၊ ၂၄ ရက်တို့တွင် ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့သော်လည်း ပြေလည်ခဲ့ခြင်းမရှိခဲ့သောကြောင့် ဇန်န၀ါရီ ၂၅ ရက်တွင် အစာငတ်ခံဆန္ဒပြမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ အသိပေးခဲ့ပြီးနောက် ဇန်န၀ါရီ ၂၅ ရက် နံနက် ၄ နာရီတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထို့နောက်ကျောင်းသားများကို မန္တလာသီရိအားကစားကွင်းသို့ ခေါ်ဆောင်လာခဲ့ပြီးနောက် နေအိမ်အသီးသီးသို့ လိုက်လံပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံပညာရေး အသုံးစရိတ်ကို ယခင်နှစ် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်အတွက် ဘီလျံ ၁၆၉၀ ရရှိခဲ့ပြီး ဘီလျံ ၁၀၀၀ ခန့်ကို ပညာရေးဝန်ထမ်းများအတွက် အသုံးပြုခဲ့ကြောင်း၊ နိုင်ငံတစ်ဝန်းရှိ အခြေခံကျောင်းများမှစတင်ကာ တက္ကသိုလ်အဆင့်ထိ ကျောင်းသားဦးရေ ၇၉ သန်းရှိပြီး ယင်းတို့အတွက် ၂၀၁၈ ခုနှစ်အတွက် ခြောက်လစာ ပညာရေးအသုံးစရိတ် ဘီလျံ  ၈၀၀ ကျော်ခန့်သာ အသုံးပြုခွင့်ရရှိခဲ့သည်။