တရုတ်-မြန်မာနယ်စပ်ရှိ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်တွင် မြန်မာလုပ်ငန်းရှင်များ ပါဝင်ရင်းနှီးမြှုပ်နှံရန် ပြည်ထောင်စုဝန်ကြီး တိုက်တွန်း

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးစခန်း တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)

တရုတ်-မြန်မာနယ်စပ်တွင် နယ်စပ်စီးပွားရေးဇုန် တစ်ခုကို မကြာမီ အကောင်အထည် ဖော်တော့မည်ဖြစ်ပြီး အဆိုပါ စီးပွားရေးဇုန်တွင် မြန်မာလုပ်ငန်းရှင်များ ပါဝင်ရင်းနှီးမြှုပ်နှံရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

“နိုင်ငံတော်အနေနဲ့ တခြားဇုန်တွေလည်း အကောင်အထည်ဖော်ဖို့ ရှိပါတယ်။ အထူးသဖြင့် တရုတ်-မြန်မာ နယ်ခြားဒေသ နှစ်ဖက်မှာ ကချင်ပြည်နယ်နယ်စပ်နဲ့ ရှမ်းပြည်နယ်နယ်စပ် ကျယ်ပြန့်တဲ့နေရာမှာ ယူနန်ပြည်နယ် နှစ်ဖက်နယ်စပ်မှာ နှစ်ဖက်မျက်နှာချင်းဆိုင် Trading and processing Zone တွေ တည်ထောင်ဖို့ မနှစ်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်သွားတုန်းက လက်မှတ်ထိုးထားတာ ရှိပါတယ်။ အဲဒါကို အကောင်အထည် ဖော်ဖို့အတွက် လုပ်ငန်းဆိုင်ရာ ဗဟိုကော်မတီလည်း ဖွဲ့စည်းထားပြီ ဖြစ်ပါတယ်။ ဒီကော်မတီအနေနဲ့ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေ ကချင်ပြည်နယ် အစိုးရနှင့် ရှမ်းပြည်နယ် အစိုးရတွေနဲ့ တိုင်ပင်ပြီး မကြာမီ အကောင်အထည်ဖော်ဖို့ ရှိပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

“အဲဒီနေရာမှာလည်း လုပ်ငန်းရှင်များက ပါဝင်ရင်းနှီးမြှုပ်နှံနိုင်သလို အကြံဥာဏ်တွေလည်း ပေးမယ်ဆိုရင် လုပ်ငန်းတွေ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်မှာ ဖြစ်ပါတယ်။ သီလ၀ါ အထူးစီးပွားရေးဇုန်သာမက  တခြားဇုန်တွေမှာလည်း ရင်းနှီးမြှုပ်နှံနိုင်မယ့် အခွင့်အလမ်းကောင်းတွေ ရှိတယ်ဆိုတာ သတင်းပေး လိုပါတယ်” ဟု ဒေါက်တာသန်းမြင့်က ဆိုသည်။

မြန်မာ-တရုတ်နယ်စပ်တွင် နယ်စပ်စီးပွားရေးဇုန်များ တည်ဆောက်ပြီးပါက ပြည်တွင်းမှ တရုတ်နိုင်ငံသို့ တင်ပို့မည့် လယ်ယာထွက်ကုန်များကို အဆိုပါ စီးပွားရေးဇုန်အတွင်း ပြန်လည်ပြုပြင်ထုပ်ပိုး တင်ပို့သွားနိုင်မည် ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြစ်ကြီးနား စီးပွားရေးဖွံ့ဖြိုးမှုဇုန်နှင့် ကန်ပိုက်တီးနယ်စပ် ဖွံ့ဖြိုးတိုးတက်ရေးဇုန်တို့ကို တည်ဆောက်သွားမည် ဖြစ်ကြောင်းနှင့် မြစ်ကြီးနားဒေသ စီးပွားရေး ဖွံ့ဖြိုးရေးဇုန်အတွင်း စက်မှုထုတ်ကုန်ကဏ္ဍကို လယ်ယာစိုက်ပျိုး မွေးမြူရေးအပိုင်း အဓိကထား၍ တန်ဖိုးမြှင့် အချောကိုင် လုပ်ငန်းများဖြစ်သော စက်မှုကုန်ထုတ်လုပ်ခြင်း၊ လယ်ယာထွက်ကုန် ထုတ်လုပ်ခြင်း၊ ခေတ်မီဆောက်လုပ်ရေး ပစ္စည်းများ အသေးစားစက်မှုကုန် ထုတ်လုပ်ခြင်း၊ ခရီးသွားကုန်စည် သယ်ယူပို့ဆောင်ခြင်းများ ပါဝင်ခြင်းကြောင့် ဒေသနှစ်ခု၏ ဈေးကွက်အရင်းအမြစ်များကို အကျိုးရှိစွာ ပေါင်းဆက်နိုင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

မြန်မ-တရုတ် နှစ်နိုင်ငံသည် တောတောင်ရေမြေချင်း ထိစပ်လျက်ရှိပြီး ကုန်စည်ကူးသန်းရောင်းဝယ်မှု အများဆုံး ပြုလုပ်လျက်ရှိကြောင်း၊ ကန်ပိုက်တီးနယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ခြင်းဖြင့် ကုန်သွယ်မှု ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှု တိုးမြင့်လာကာ ဒေသနေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ ကချင်ပြည်နယ်သည် သယံဇာတကြါယ်ဝပြီး မြေလွတ် မြေရိုင်းများ ပေါများမှုရှိခြင်းကြောင့် တစ်ဖက်နိုင်ငံမှ ငွေကြေးအရင်းအနှီးနှင့် နည်းပညာများကို ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ပါကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ဆက်လက် ပြောကြားသည်။

 

၂၀၁၈ ခုနှစ် သြဂုတ်လကုန်အထိ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၁၇၇၁၄ ဘီလျံကျော်ခွင့်ပြုထားပြီး လက်ရှိအစိုးရသက်တမ်း ၂၉ လအတွင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ဘီလျံ ၆၀၉၀ ၀န်းကျင်ရှိလာ

ရန်ကုန်မြို့ ဆူးလေဘုရားလမ်းရှိ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု တစ်ခုဖြစ်သော အဆောက်အအုံတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)

၂၀၁၈ ခုနှစ် သြဂုတ်လကုန်အထိ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ကျပ် ၁၇၇၁၄ ဘီလျံကျော် ခွင့်ပြုထားပြီး အိမ်ခြံမြေဖွံ့ဖြိုးရေး၊ ကုန်ထုတ်လုပ်မှု၊ ပို့ဆောင်ဆက်သွယ်ရေး၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်း ကဏ္ဍတို့တွင် အများဆုံး မြှုပ်နှံထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများ၏ လုပ်ငန်း ၁၄၃၅ ခုကို လုပ်ငန်းကဏ္ဍ ၁၁ ခုတွင် ရင်းနှီးမြှုပ်နှံ ခွင့်ပြုထားခြင်းဖြစ်ပြီး စုစုပေါင်း ပမာဏ ကျပ် ၁၇၇၁၄၉၄၅ ဒသမ ၂၇၅ သန်း (ကျပ် ၁၇၇၁၄ ဘီလျံကျော်) ရှိခြင်းဖြစ်သည်။

ကဏ္ဍအလိုက် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုများမှာ အိမ်ခြံမြေဖွံ့ဖြိုးရေး ကဏ္ဍတွင်  ကျပ် ၄၁၆၄ ဒသမ ၈၁၈ ဘီလျံ (လုပ်ငန်း ၇၆ ခု)၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ကျပ် ၃၀၇၆ ဒသမ ၄၀၃ ဘီလျံ (လုပ်ငန်း ၈၁၇ ခု)၊  ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍတွင် ကျပ် ၂၈၄၆ ဒသမ ၇၃၁ ဘီလျံ (လုပ်ငန်း ၄၉ ခု)၊  ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍတွင် ကျပ် ၁၈၂၈ ဒသမ ၁၃၁ ဘီလျံ (လုပ်ငန်း ၁၄၄ ခု)၊ ဆောက်လုပ်ရေးကဏ္ဍတွင် ကျပ် ၁၀၇၅ ဒသမ ၁၈၃ ဘီလျံ (လုပ်ငန်း ၆၈ ခု) တို့ ဖြစ်သည်။

ထို့ပြင် စက်မှုဖွံ့ဖြိုးရေးကဏ္ဍတွင် ကျပ် ၈၆၂ ဒသမ ၉၀၃ ဘီလျံ (လုပ်ငန်း ၁၁ ခု)၊ စွမ်း အင်ကဏ္ဍတွင် ကျပ် ၆၃၇ ဒသမ ၀၁၈ ဘီလျံ (လုပ်ငန်း ၁၆ ခု)၊ သတ္တုတူးဖော်ရေးကဏ္ဍတွင် ကျပ် ၁၇၃ ဒသမ ၂၇၅ ဘီလျံ (လုပ်ငန်း ၆၆ ခု)၊ မွေမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ကျပ် ၁၅၃ ဒသမ ၅၇၈ ဘီလျံ (လုပ်ငန်း ၈၃ ခု)၊ စိုက်ပျိုးရေးကဏ္ဍတွင် ကျပ် ၅၁ ဒသမ ၈၉၃ ဘီလျံ (လုပ်ငန်း ၁၁ ခု) နှင့် အခြားကဏ္ဍတွင် ကျပ် ၂၈၄၅ ဒသမ ၀၀၇ ဘီလျံ (လုပ်ငန်း ၉၄ ခု) ရင်းနှီးမြှုပ်နှံခွင့်ပြုထားသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ကုန် (၂၀၁၆ မတ်လကုန်) အထိ  မြန်မာနိုင်ငံသားရင်းနှီး မြှုပ်နှံမှုပမာဏ ကျပ် ၁၁၆၂၄ ဘီလျံကျော်ရှိပြီး လက်ရှိအစိုးရ တက်ရောက်ပြီး ၂၉ လတာ ကာလအတွင်း ကျပ်ဘီလျံ ၆၀၉၀ ၀န်းကျင် ရင်းနှီးမြှုပ်နှံ ခဲ့ခြင်းဖြစ်သည်။ ပြည်တွင်းလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုသည် အိမ်ခြံမြေ ဖွံ့ဖြိုးရေးကဏ္ဍတွင် အဓိက များပြားလာခဲ့ရာ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇန်န၀ါရီလမှစတင်၍ ယခင်ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု အများဆုံး ကဏ္ဍဖြစ်သော ကုန်ထုတ်လုပ်မှုကဏ္ဍကို ကျော်ဖြတ်ပြီး ထိပ်ဆုံးသို့ ရောက်ရှိလာခဲ့သည်။

နိုင်ငံသား ရင်းနှီးမြှုပ်နှံသူများသည် နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံရာတွင် ကင်းလွတ်ခွင့်၊ သက်သာခွင့်များ ရရှိရန်အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုမိန့်ရရှိရေးအတွက် သတ်မှတ်ထားသော အဆိုပြုလွှာပုံစံဖြည့်ခြင်း၊ ၎င်းအဆိုပြုလွှာကို နေပြည်တော်ရှိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တင်ပြခြင်းများ ဆောင်ရွက်ရကြောင်း သိရသည်။

ပြည့်စုံသော အဆိုပြုလွှာများကို အဆိုပြုလွှာစိစစ်ရေးအဖွဲ့ (Proposal Assessment Team) အစည်းအဝေးသို့ တင်ပြဆွေးနွေးခြင်း၊ အဆိုပြုလွှာ စိစစ်ရေးအဖွဲ့ အစည်းအဝေးမှ အတည်ပြုပါက အဆိုပြုချက်ကို လက်ခံကြောင်း၊ ငြင်းပယ်ကြောင်း အဆိုပြုလွှာ တင်သွင်းသူထံ အကြောင်းပြန်ကြားကြောင်း သိရသည်။

၂၀၁၈ ခုနှစ် စက်တင်ဘာလလယ်အထိ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၉၆၈ ဘီလျံကျော်အထိရှိသော်လည်း ယခင်နှစ်ကာလတူထက် ကျပ်ဘီလျံ ၅၀၀ ကျော် လျော့ကျလျက်ရှိ

ရန်ကုန်မြို့ရှိ အိမ်ရာအဆောက်အအုံများကို တွေ့ရစဉ် (ဓာတ်ပုံ-နီလာ)

၂၀၁၈ခုနှစ် စက်တင်ဘာလလယ်အထိ ကဏ္ဍအလိုက် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုမှာ ကျပ်၉၆၈ဘီလျံကျော်အထိ ရှိသော်လည်း ယခင်နှစ်ကာလတူထက် ကျပ်ဘီလျံ ၅၀၀ကျော် လျော့ကျလျက်ရှိကြောင်း  ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

“ဒီကြားကာလခြောက်လမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုက ဒေါ်လာ ၁ ဒသမ ၆ ဘီလျံ ကျော်ရတယ်။ မြန်မာနိုင်ငံသားကလည်း ၉၇၄ ဘီလျံကျော်ရတယ်” ဟု ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦး စီးဌာနမှတာ ၀န်ရှိသူတစ်ဦးက ပြောကြားသည်။

၂၀၁၈ခုနှစ် စက်တင်ဘာလလယ်အထိ ကဏ္ဍအလိုက် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၉၆၈၈၆၆ သန်းကျော် ၀င်ရောက်ထားပြီး ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ် စက်တင်ဘာလလယ်အထိတွင် ကျပ် ၁၄၇၂၉၁၈ သန်းကျော်အထိဝင်ရောက်ခဲ့သဖြင့် ယခုနှစ်လက်ရှိအချိန်တွင်မူ ယခင်နှစ်ကာလတူထက် ကျပ်ဘီလျံ ၅၀၀ ကျော် လျော့ကျနေခြင်း ဖြစ်သည်။

ယခုနှစ်အတွင်း ကဏ္ဍအလိုက် ၀င်ရောက်မြှုပ်နှံမှုတွင်  ဟိုတယ်နှင့်ခရီးသွား ကဏ္ဍတွင် ကျပ်၁၂၈၀၅၈ ဒသမ ၃၀၃ သန်း၊ စက်မှုကဏ္ဍတွင် ကျပ် ၁၈၀၄၆၁ ဒသမ ၈၉၀ သန်း၊ အိမ်ယာအဆောက်အအုံ တည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍတွင် ကျပ် ၁၈၁၈၈၈ ဒသမ ၅၃၁သန်း၊ မွေးမြူရေးနှင့်ရေလုပ်ငန်း ကဏ္ဍတွင် ကျပ် ၆၉၂၉၅ ဒသမ ၆၆၀၊ အခြား ၀န်ဆောင်မှုကဏ္ဍတွင် ကျပ်၃၆၅၀၇၂ဒသမ ၉၁၀သန်း၊ သတ္တုတူးဖော်ရေးကဏ္ဍတွင် ကျပ်၂၅၇၅၀သန်း၊ လယ်ယာကဏ္ဍတွင် ကျပ်သန်း၇၀၀၊ လျှပ်စစ်ဓာတ်အားကဏ္ဍ တွင် ကျပ် ၁၇၆၃၉ သန်းကျော်အထိ ၀င်ရောက်ထားသည်။

၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ် စက်တင်ဘာလလယ်အထိ ဟိုတယ်နှင့်ခရီးသွား ကဏ္ဍတွင် ကျပ် ၅၂၇၈၄ ဒသမ ၁၆၃ သန်း၊ စက်မှုကဏ္ဍတွင် ကျပ် ၁၉၅၇၁၇ ဒသမ ၄၅၅သန်း၊  ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍတွင်  ကျပ် ၃၈၈၉၆၆ ဒသမ ၁၅၀ သန်း၊ အိမ်ယာအဆောက်အအုံ တည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍတွင် ကျပ် ၁၅၆၈၈၃ ဒသမ ၃၇၀ သန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ကျပ် ၁၃၄၅၆ ဒသမ၅၁၆သန်း၊ ဆောက်လုပ်ရေးကဏ္ဍတွင် ၇၆၇၇၃ဒသမ၃၃၇သန်း၊ အခြားဝန်ဆောင်မှုကဏ္ဍတွင် ကျပ် ၃၀၇၅၅၅ ဒသမ ၈၈၅ သန်း၊ စက်မှုဇုန်တည်ဆောက်မှုကဏ္ဍ တွင် ကျပ်၂၂၂၅၄၅ ဒသမ ၄၅၀သန်း၊ လယ်ယာကဏ္ဍတွင်ကျပ်သန်း ၄၀၀၊ လျှပ်စစ်ဓာတ်အားကဏ္ဍတွင် ကျပ်၅၇၈၃၅ဒသမ ၉၇၄ သန်း         အထိ ၀င်ရောက်ထားသည်။

၂၀၁၈ခုနှစ် ဧပြီမှ စက်တင်ဘာလလယ်အထိ ပြည်နယ်နှင့်တိုင်းဒေသကြီးများသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁ဒသမ ၆၅ ဘီလျံကျော်နှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၉၇၄ဘီလျံကျော်အထိ ၀င်ရောက် မြှုပ်နှံထားကြောင်း မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။

ဧပြီမှ စက်တင်ဘာ၁၅ ရက်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုခွင့်ပြု၊ အတည်ပြုပေးခဲ့မှုမှာ  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၇၇ ခုရှိပြီး ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ  ၉၃၄  ဒသမ ၁၀၂ သန်း၊ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအ၀င်ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ ၁၄၇၉ ဒသမ ၆၉၈ သန်းဖြစ်ရာ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ ၁၆၅၀ဒသမ  ၇၉၈ သန်း ဖြစ်သည်။

ဧပြီမှ  စက်တင်ဘာ ၁၅ ရက်အထိ  မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၈၄ ခု ဒေါ်လာ ၁၈၆ ဒသမ ၆၅၅ သန်းအပါအ၀င် ကျပ် ၉၀၉၉၅၄ ဒသမ၇၇၄ သန်းကို  မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုမှခွင့်ပြု၊ အတည်ပြုပေးခဲ့ပြီး  ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအ၀င် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ ၂၁၃  ဒသမ  ၉၀၃  သန်းအပါအ၀င်၌ ကျပ်  ၉၇၄၉၅၈ ဒသမ ၆၃၄ သန်းကို  ခွင့်ပြုပြီးဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်     နှံမှုကော်မရှင်က သတင်းထုတ်ပြန်ထားသည်။

၁၉၈၈ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၇၆ ဘီလျံကျော် ခွင့်ပြုထားပြီး လက်ရှိလုပ်ငန်း လည်ပတ်နေသည့် ပမာဏ ဒေါ်လာဘီလျံ ၆၀ ကျော်ရှိသော်လည်း အမှန်ဝင်ရောက်မှုမှာ ဒေါ်လာ၂၆ ဘီလျံကျော်သာရှိကြောင်း သိရ

ရန်ကုန်မြို့တွင် ဆောင်ရွက်နေသည့် ကုန်ထုတ်လုပ်မှု လုပ်ငန်းခွင်ကို တွေ့ရစဉ် (ဓာတ်ပုံ-မင်းသီဟဇော်)

၁၉၈၈ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၇၆ ဘီလျံအထိ ခွင့်ပြုထားပြီး လက်ရှိလုပ်ငန်း လည်ပတ်နေသည့် ပမာဏ ဒေါ်လာဘီလျံ  ၆၀ ကျော်ရှိသော်လည်း အမှန်ဝင်ရောက်မှုမှာ ဒေါ်လာ ၂၆ ဘီလျံကျော် သာရှိကြောင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမှန်ဝင်ရောက်မှု (International Investment Position) အခြေအနေ စာရင်းအရ သိရသည်။

“မြန်မာနိုင်ငံရဲ့ FDI Actual စာရင်းတွေ အနေအထားကိုကြည့်ရင် Transaction အပိုင်းကိုကြည့်ရင် ၄ ဘီလျံတို့ ၃ ဒသမ ၅ ဘီလျံတို့ နှစ်အလိုက်မှာ Actual စာရင်းတွေ ပိုတက်လာတယ်။ စုစုပေါင်းဆိုရင် ၂၆ ဘီလျံရှိတယ်။ ဒါက Permit နဲ့တော့ ချိန်ထိုးလို့မရဘူး။ Exisiting နဲ့ဆိုရမယ်။ Exisiting က ၆၀ဘီလျံကျော်ရှိတယ်။ ဘာလို့လဲဆိုရင် ဥပမာ- စွမ်းအင်စီမံကိန်းတွေ ဆိုပါတော့။ သူက စမ်းသပ်ကာလမှာတင် ပျက်သွားတာတွေ ရှိတယ်လေ။ ဆိုတော့ ပါမစ်ပြန်အပ်တဲ့ အပိုင်းတွေရှိတယ်။ တချို့လည်း မအပ်သေးတာတွေရှိတယ်။ ဆိုတော့ Actual ၀င်တာက ၂၆ ဘီ လျံကျော်ရှိတယ်။ တစ်နှစ်ချင်း ၀င်တာကို ကြည့်ရင် ၂၀၁၅၊ ၂၀၁၆၊ ၂၀၁၇ က ၃ ဒသမ ၅ ဘီလျံနဲ့ အထက်တွေချည်း ပုံမှန်ဝင်နေတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၀င်ရောက်မှု အခြေအနေမှာ အရေးကြီးသည့်အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန အနေဖြင့် နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သည့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နှင့် EU-ASEAN Compass Program တို့နှင့်ပူးပေါင်းပြီး Pilot Survey ကို ၂၀၁၇ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့ပြီး FDI Annual Survey ကိုကောက်ယူနိုင်ခဲ့ကာ၂၀၁၈ ခုနှစ်အတွင်း နိုင်ငံတကာ စံနှုန်းများနှင့်အညီ ကိန်းဂဏာန်းများကို ထုတ်ပြန်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အမှန်ဝင်ရောက်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှု အခြေအနေကို လေ့လာကြည့်ပါက ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် ဒေါ်လာ ၁၀၃၇၄ ဒသမ ၈၈ သန်းရှိပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ရာခိုင်နှုန်း ၄၀ နီးပါးရှိသည်။ တယ်လီကွန်းကဏ္ဍတွင် ဒေါ်လာ ၄၄၃၀ ဒသမ၂၃ သန်းဖြင့် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၁၆ ဒသမ ၈၁ ရာခိုင်နှုန်း၊ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် ဒေါ်လာ ၂၈၁၂ ဒသမ ၀၇ သန်းဖြင့် စုစုပေါင်း၏ ၁၀ ဒသမ ၆၇ ရာခိုင်နှုန်းရှိသည်။

Power Generation ကဏ္ဍတွင် ဒေါ်လာ ၁၇၁၈ ဒသမ ၆၀ သန်းဖြင့် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၆ ဒသမ ၅၂ ရာခိုင်နှုန်း၊ ဘဏ်လုပ်ငန်း ကဏ္ဍတွင် ဒေါ်လာ ၁၃၇၈ သန်းဖြင့်  စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၅ ဒသမ ၂၃ ရာခိုင်နှုန်း၊ ဟိုတယ်ကဏ္ဍတွင် ဒေါ်လာ ၉၅၈ ဒသမ ၇၉ သန်းဖြင့် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၃ ဒသမ ၆၄ ရာခိုင်နှုန်း၊ Services excl. Banking ကဏ္ဍတွင် ဒေါ်လာ ၉၄၆ ဒသမ ၈၄ သန်းဖြင့် စုစုပေါင်းရင်း နှီးမြှုပ်နှံမှု၏ ၃ ဒသမ ၅၉ ရာခိုင်နှုန်း၊ အိမ်ခြံမြေကဏ္ဍတွင် ဒေါ်လာ ၅၃ ၈ဒသမ ၅၅ သန်းဖြင့် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂ ဒသမ ၀၄ ရာခိုင်နှုန်း၊ သားငါးကဏ္ဍတွင် ဒေါ်လာ ၂၃၅ ဒသမ ၃၂ သန်းဖြင့် စုစုပေါင်း၏ ၀ ဒသမ ၈၉ ရာခိုင်နှုန်းရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

Financial Services excl.banks တွင် ဒေါ်လာ ၁၉၃ ဒသမ ၉၃ သန်းဖြင့် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၀ ဒသမ ၇၄ ရာခိုင်နှုန်း၊ လေဆိပ်နှင့် လေဆိပ်ဝန်ဆောင်မှု လုပ်ငန်းကဏ္ဍတွင် ဒေါ်လာ ၅၀ ဒသမ ၈၃ သန်းဖြင့် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၀ ဒသမ ၁၉ ရာခိုင်နှုန်း၊ ဆောက်လုပ်ရေး ကဏ္ဍတွင် ဒေါ် လာ ၄၇ ဒသမ ၂၀ သန်းဖြင့် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၀ ဒသမ ၁၈ ရာခိုင်နှုန်း၊ စက်မှုဇုန် တည်ဆောက်ရေး ကဏ္ဍ၌ ဒေါ်လာ ၄၃ ဒသမ ၆၁ သန်းဖြင့် စုစုပေါင်း၏ ၀ ဒသမ ၁၇ ရာခိုင်နှုန်း၊ လယ်ယာကဏ္ဍတွင် ဒေါ်လာ ခြောက်သန်းကျော် ၀င်ရောက်ထားသည်။

 

ဒေါ်လာဈေးမြင့်နေသည့်အပြင် ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှု ကျဆင်းနေသည့်အတွက် လာမည့်ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၅ ဒသမ ၈ ဘီလျံသာ ၀င်ရောက်ရန် လျာထားပြီး ယခင်နှစ် လျာထားမှုထက် ဒေါ်လာသန်းနှစ်ရာကျော် လျော့ကျ

ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တစ်ခုကို တွေ့ရစဉ်

ဒေါ်လာဈေး မြင့်တက်နေသည့်အပြင် ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှု ကျဆင်းနေသည့်အတွက် လာမည့်ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှု ၀င်ရောက်ရန် လျာထားချက်ကို ဒေါ် လာ ၅ ဒသမ ၈ ဘီလျံ သတ်မှတ်ကာ ယခင်နှစ် ရင်းနှီးမြှုပ်နှံမှု ၀င်ရောက်ရန် လျာထားချက်ထက် လျော့ကျခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သိရသည်။

“လာမယ့်ဘတ်ဂျက်ကြီးမှာတော့ ၅ ဒသမ ၈ လောက်မှန်းတယ်။ ဒါက လာမယ့်ဘဏ္ဍာနှစ်ပေါ့။ ဒါကို အတည်ပြုဖို့ လုပ်နေတယ်။ Global Investment က ကျနေတယ်။ ကျွန်တော်တို့က ဒီအချိန်မှာ ဒေါ်လာကလည်း ရင်းနှီးမြှုပ်နှံသူတွေအတွက် အခက်အခဲလည်း ရှိတာက ဒီဘက်မိုးတွင်း ခြောက်လကတော့ နည်းမှာပဲ” ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်က မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၀င်ရောက်လျာထားချက်ကို အမေရိကန်ဒေါ်လာ ခြောက်ဘီလျံအထိ မျှော်မှန်းထားပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ၅ ဒသမ ၇၁၈ ဘီလျံအထိ ခွင့်ပြုပေးနိုင်ခဲ့သည်။

ထို့ပြင် သီလ၀ါ အထူးစီးပွားရေးဇုန်သို့ ၀င်ရောက်ခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် ယခင်ခွင့်ပြုထားသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအဟောင်းများက ထပ်မံတိုးချဲ့သည့် ရင်းနှီးမြှုပ်နှံမှုများကိုပါ ထည့်တွက်ပါက ယင်းနှစ်၏ ရင်းနှီးမြှုပ်နှံမှု လျာထားချက်ကို ကျော်လွန်ခဲ့ကြောင်း သိရသည်။

ဘဏ္ဍာနှစ်ကာလ သတ်မှတ်ချက် အပြောင်းအလဲများကြောင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ကို ၂၀၁၈ ခုနှစ် စက်တင်ဘာမှ ပြန်လည်စတင်မည်ဖြစ်သည်။

ထို့ကြောင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်  ပြန်မစမီ ၂၀၁၈ ခုနှစ် ဧပြီ မှ  စက်တင်ဘာအထိကို ဘဏ္ဍာနှစ် ကြားကာလ ခြောက်လအဖြစ် သတ်မှတ်ခဲ့ပြီး အဆိုပါ ဘဏ္ဍာနှစ် ကြားကာလ ခြောက်လအတွက် မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သုံးဘီလျံ ၀င်ရောက်ရန် လျာထားခဲ့သည်။

လက်ရှိ ဘဏ္ဍာနှစ် ကြားကာလ ကုန်ဆုံးရန် တစ်လအလိုအထိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ သီလ၀ါ အထူးစီးပွားရေးဇုန်အတွင်း ၀င်ရောက်ထားသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ယခင်ခွင့်ပြုပြီး လုပ်ငန်းများမှ ထပ်မံတိုးချဲ့ထားမှု စသည့်ကဏ္ဍ သုံးခုစလုံးမှ ၀င်ရောက်ထားသည့် ရင်းနှီးမြှုပ်နှံမှု ပမာဏသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၈ ဘီလျံအထိသာ ၀င်ရောက်ထားသည့်အတွက် ဘဏ္ဍာနှစ်ကြားကာလ လျာထားချက်၏ ထက်ဝက်ခန့်သာ ၀င်ရောက်ထားကြောင်း သိရသည်။

ဘဏ္ဍာနှစ်ကြားကာလ ခြောက်လအတွင်း  မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၀င်ရောက်ရန် မျှော်မှန်းထားသည့် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိဒေါ်လာ သုံးဘီလျံပြည့်မီရန် အခက်အခဲရှိနေပြီး ဒေါ်လာတစ်ဘီလျံခန့်အထိ လျော့ကျနိုင်ကြောင်း သြဂုတ် ၂၉ ရက်က ပြုလုပ်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

“သာမန်တွက်ရင် ဘဏ္ဍာနှစ်ကြီးပေါ့။ နှစ်လကို ခြောက်ဘီလျံ၊ ကြားကာလ ခြောက်လကို သုံးဘီလျံ တွက်ထားတာ။ ဒီနေရာမှာ ပြောစရာက အားလုံးသိတဲ့ အတိုင်းပဲ။ နိုင်ငံတကာ တချို့လွဲမှားနေတဲ့အမြင်တွေ ဒါကတစ်ချက်။ ဒီခြောက်လလုံးလုံးက မိုးတွင်းကာလ ဖြစ်သွားတော့။ ဒီဘက်ခြောက်လနဲ့ ဟိုဘက်ခြောက်လမှာက Construction လုပ်ရတာတို့၊ Investment ၀င်ရတာတို့ရှိတာပေါ့။ သုံးဘီလျံမှန်းထားတာက ကျွန်တော့်အမြင်ကတော့ စက်တင်ဘာမှာဆို ပြည့်မီဖို့တော့လိုမယ်။ သို့သော်ငြားလည်း အခု ၁ ဒသမ ၅ ဘီလျံလောက်ရထားတော့ စက်တင်ဘာတစ်လလုံး ကျန်သေးတယ်။ ထပ်တိုးတာနဲ့ ဘာနဲ့ဆိုရင်တော့ နှစ်ဘီလျံ ကျော်ကျော်လောက်တော့ သွားလိမ့်မယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောကြားသည်။

လက်ရှိတွင် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားမှု လျော့ကျသည့်အပြင် ဒေါ်လာဈေးနှုန်း မြင့်တက်နေပြီး ကျပ်ငွေတန်ဖိုး ကျဆင်းလာသည့်အတွက် လာမည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အတွက် ရင်းနှီးမြှုပ်နှံမှု လျာထားချက်ကို အမေရိကန်ဒေါ်လာ ၅ ဒသမ ၈ ဘီလျံ သတ်မှတ်ကာ ယခင်နှစ်များထက် ၀ ဒသမ ၂ ဘီလျံအထိ လျှော့ချခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း အာရှဒေသနိုင်ငံများမှ ရင်းနှီးမြှုပ်နှံသူများသည် မြန်မာနိုင်ငံအပေါ် လာရောက်ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှု မြင့်တက်နေဆဲဖြစ်ကြောင်း သိရသည်။

“အာရှဒေသမှာရှိတဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိတ်ဝင်စားမှုက လုံးဝကျသွားခြင်း မရှိပါဘူး” ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောကြားသည်။

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၈ ခုနှစ် ဇွန်လကုန်အထိ မြန်မာနိုင်ငံ၏ လုပ်ငန်းကဏ္ဍ ၁၂ ခုသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၇၆ ဒသမ ၄၁၅ ဘီလျံကျော် ၀င်ရောက်ကြောင်း သိရသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုများအနက် အာရှနိုင်ငံများဖြစ်သည့် တရုတ်က အများဆုံး ၀င်ရောက်ထားပြီး စင်ကာပူသည် ဒုတိယ အများဆုံး ၀င်ရောက်ထားခြင်းဖြစ်သည်။

 

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်းဥပဒေကြမ်းပါ ရင်းနှီးမြှုပ်နှံမှုများအနက် နိုင်ငံပိုင် အခန်းရင်းနှီးမြှုပ်နှံမှုတန်ဖိုးအပေါ် ကျပ် ၁၈၉ ဘီလျံကျော် စိစစ်လျှော့ချရန် လွှတ်တော်စိစစ်ရေးပူးပေါင်းအဖွဲ့များ၏ တင်ပြမှုကို ဥပဒေကြမ်းပူးပေါင်းကော်မတီက ထောက်ခံကြောင်းတင်ပြ

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းပါ ရင်းနှီးမြှုပ်နှံမှု အနက် နိုင်ငံပိုင်အခန်းရင်းနှီးမြှုပ်နှံမှု တန်ဖိုးအပေါ် ကျပ် ၁၈၉၅၉၁ ဒသမ ၃၈၀ သန်း (ကျပ် ၁၈၉ ဘီလျံကျော်) စိစစ်လျှော့ချရန် တင်ပြမှုအား ဥပဒေကြမ်းပူးပေါင်းကော်မတီက ထောက်ခံကြောင်း တင်ပြခဲ့သည်။

နေပြည်တော်၌ သြဂုတ် ၂၈ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် န၀မပုံမှန်အစည်းအဝေး ၁၄ ရက် မြောက်နေ့တွင် ၂၀၁၈-၂၀၁၉ ခုနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဥပဒေကြမ်းပူးပေါင်းကော်မတီက လွှတ်တော်သို့ တင်ပြရာတွင် အထက်ပါအတိုင် ထောက်ခံခဲ့ခြင်းဖြစ်သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းပါ ရင်းနှီးမြှုပ်နှံမှု အနက် နိုင်ငံပိုင်အခန်းရင်းနှီးမြှုပ်နှံမှုတန်ဖိုးအပေါ် စီမံကိန်းလုပ်ငန်းများနှင့် ရငွေသုံးငွေများ စိစစ်ရေးပူးပေါင်းအဖွဲ့ ၂၀ နှင့် ပြည်သူ့ ငွေစာရင်းပူးပေါင်းကော်မတီတို့မှ စိစစ်လျော့ချရန် အဆိုပြုသည့် ကျပ် ၁၈၉၅၉၁ ဒသမ ၃၈၀ သန်းကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးရန်နှင့် နိုင်ငံပိုင်အခန်းရင်းနှီးမြှုပ်နှံမှုတန်ဖိုးအနက် အထက်စာပိုဒ်ခွဲ (က)ပါ စိစစ်လျှော့ချပြီး ကျန်ရင်းနှီးမြှုပ်နှံမှုတန်ဖိုးအရ အမျိုးသားစီမံကိန်းဥပဒေကြမ်း၏ ပိုင် ဆိုင်မှုအခန်းအလိုက် ရင်းနှီးမြှုပ်နှံမှု လျာထားချက် နိုင်ငံပိုင်အခန်းတွင် ကျပ် ၈၂၈၆၇၂၉ ဒသမ ၅၁၆ သန်း၊ သမ၀ါယမပိုင်အခန်းတွင် ကျပ် ၄၆၆၁ ဒသမ ၃၀၀ သန်းနှင့် ပုဂ္ဂလိကပိုင်အခန်းတွင် ကျပ်၂၄၈၆၅၀၉၆ ဒသမ ၁၀၀ သန်း စုစုပေါင်း ကျပ် ၃၃၁၅၆၄၈၆ ဒသမ ၉၁၆ သန်းအား ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးရန် ဥပဒေကြမ်းပူးပေါင်းကော်မတီက ထောက်ခံတင်ပြထားသည်။

ဆက်လက်ပြီး ဥပဒေကြမ်း ပူးပေါင်းကော်မတီက ၂၀၁၈ – ၂၀၁၉ ဘဏ္ဍာနှစ် စုစု ပေါင်းရင်းနှီးမြှုပ်နှံမှုရည်မှန်းချက် ကျပ် ၃၃၃၄၆ ဒသမ ၀၇၈ ဘီလျံတွင် ပုဂ္ဂလိကပိုင်အခန်း၏ ရင်းနှီးမြှုပ်နှံမှုကျပ် ၂၄၈၆၅ ဒသမ ၀၉၆ ဘီ လျံပါဝင်ရာ ရည်မှန်းချက်အတိုင်း ရင်းနှီးမြှုပ်နှံလာစေရန် ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် မူဝါဒနှင့်လုပ်ငန်းအစီအစဉ်များကို တိကျစွာ ရေးဆွဲချမှတ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း သဘောထားမှတ်ချက်ပြုထားသည်။

ထို့ပြင် အမျိုးသားစီမံကိန်းဥပဒေကြမ်းပါ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုနှင့် ၀န်ဆောင်မှုတန်ဖိုး (GDP) တွက်ချက်ရာတွင် ပုံမှန်ဈေးနှုန်းအဖြစ် အသုံးပြုသည့် အခြေခံနှစ်ကို ၂၀၁၀-၂၀၁၁ ခုနှစ်အစား ၂၀၁၅-၂၀၁၆ ခုနှစ်သို့ ပြောင်းလဲသတ်မှတ်ခဲ့ခြင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၏ စုစုပေါင်း သီးနှံစိုက်ပျိုးမည့်ဧရိယာ ၄၉၈၈၂၉၁၅ ဧကသည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် စိုက်ပျိုးဧရိယာ ၅၀၇၀၁၃၉၉ ဧကထက် ၈၁၈၄၈၄ ဧက လျော့နည်းသော်လည်း လယ်ယာကဏ္ဍ၏ ထုတ်လုပ်မှုကို ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်ထက် ၂ ဒသမ ၄ ရာခိုင်နှုန်းတိုးတက်ရန် ရည်မှန်ချက်နှင့် ၎င်းရည်မှန်းချက် ပြည့်မီစေရန် ပံ့ပိုးဆောင်ရွက်မည့်အစီအစဉ်နှင့် အမေရိကန် ပြည်ထောင်စုနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ကြား ဖြစ်ပေါ်နေသည့် ကုန်သွယ်မှုအခြေ အနေများနှင့် အမေရိကန်ဒေါ်လာငွေတန်ဖိုး တိုးတက်မှုတို့အရ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုအပါအ၀င် မိမိတို့နိုင်ငံအပေါ် ရိုက်ခတ်လာနိုင်သည့် စီးပွားရေးအခြေအနေများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ လတ်တလောအရေးယူဆောင်ရွက်မှုနှင့် ထိခိုက်မှုအနည်းဆုံးဖြစ်စေရေးတို့အတွက် ကြိုတင်ပြင်ဆင်မှုအခြေအနေများကို ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် ပြည်ထောင်စုလွှတ်တော်မှတစ်ဆင့် ပြည်သူများသို့ ပွင့်လင်းမြင်သာစွာ ရှင်းလင်းတင်ပြသွားရန် ဥပဒေကြမ်းပူးပေါင်းကော်မတီက မှတ်ချက်ပြုထားကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးသာမက မန္တလေး၊ ရှမ်း၊ ဧရာဝတီ၊ ကရင်၊ မွန်၊ တနင်္သာရီ စသည့်ဒေသများ၌ပါ ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့နိုင်ရန် အမေရိကန်နှင့် တရုတ်အပါအ၀င် ကိုးနိုင်ငံမှ လုပ်ငန်းရှင်များ လာရောက်မြှုပ်နှံနိုင်ရေး ဆောင်ရွက်မည်

ရန်ကုန်တိုင်းဒေသကြီးသာမက မန္တလေး၊ ရှမ်း ၊ ဧရာဝတီ၊ ကရင် ၊မွန်၊ တနင်္သာရီစသည့် ဒေသများ၌ပါ ရင်းနှီးမြှုပ်နှံမှုများ  တိုးချဲ့နိုင်ရန် အမေရိကန်နှင့် တရုတ်အပါအ၀င် ကိုးနိုင်ငံမှ လုပ်ငန်းရှင် လာရောက်မြှုပ်နှံနိုင်ရေး ဆောင်ရွက်မည် သြဂုတ် ၃၁ ရက်က မြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ်တွင် ပြုလုပ်သည် “Invest Myanmar Summit 2019” အတွက် အကြိုသတင်းစာရှင်းလင်းပွဲမှ သိရသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာရန် ဆောင်ရွက်မည့် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှာ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးတို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြည်နယ်နှင့်တိုင်းဒေသကြီး ခုနစ်ခုတွင် အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ စင်ကာပူ၊ ထိုင်းနှင့် အိန္ဒိယတို့မှ ကုန်ထုတ်လုပ်မှု လုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ စွမ်းအင်ထုတ်လုပ်ခြင်း နှင့်ဖြန့်ဖြူးရေး၊ စားသောက်ကုန်နှင့် ရေထွက်ကုန်၊ ခရီးသွားလုပ်ငန်း၊ ပညာရေး၊ ကျန်းမာရေးနှင့် အိမ်ခြံမြေစသည့် ကဏ္ဍရှစ်ခုတွင် လာရောက်ရင်းနှီးမြှုပ်နှံလာအောင် ဖိတ်ခေါ်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ဧရာဝတီ၊ ရှမ်းမှာက ဧရာဝတီဆိုလို့ရှိရင်လည်း စိုက်ပျိုးရေးကောင်းတယ် ဆန်စပါး အရမ်းထွက်တယ်။ ရှမ်းဆိုလို့ရှိရင်လည်းသူမှာ မြေကအရမ်းကောင်းတော့ ကန်ထရိုက် လယ်ယာစိုက်ပျိုးရေးပဲဖြစ်ဖြစ် အစားအသောက် ထုတ်ကုန်လုပ်လို့ရပြီလို့ ယူဆတာပေါ့။ မွန်နဲ့ ကရင်မှာ ဟိုဘက်က ထိုင်းဘက်မှာ တိုးတက်မှုနှုန်းတွေကောင်းတယ်။ ထုတ်လုပ်မှုတွေကောင်းတယ်။ တချို့ စက်မှုဇုန်တွေ မြန်မာပြည်ဘက်ကို ပြောင်လာရင်တော့ အဲ့ဘက်ကို တိုးတက်စေချင်တာပေါ့။ တနင်္သာရီကတော့ ကျွန်တော်တို့ မီးလင်းစေချင်တာ” ဟု မြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဌ ဦးဝေဖြိုးက ပြောကြားသည်။

အနောက်နိုင်ငံများဖြစ်သည့်  ဗြိတိန်၊  သြစတြေးလျနှင့် အမေရိကန်နိုင်ငံများ အနေဖြင့် မြန်မာနိုင်ငံတွင် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် အဓိကလာရောက် ရင်းနှီးမြှုပ်လာအောင် အဓိကဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“အမေရိကန်တို့ ဗြိတိန်တို့ သြစတြေးလျတို့ကျတော့ သူတို့ဆီက ပညာရေးရင်းနှီးမြှုပ်နှံမှုပြီးရင် ကျန်းမာရေးရင်းနှီးမြှုပ်နှံမှုတွေ လိုချင်တယ်” ဟု ဦးဝေဖြိုးက ပြောကြားသည်။

ယင်းကဲ့သို့ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန်အတွက် “Invest Myanmar Summit 2019” ကို လာမည့် ၂၀၁၉ ဇန်န ၀ါရီ ၈ ရက်မှ ၉ ရက်အထိ နှစ်ရက်ကြာ ပြုလုပ်သွားမည်ဖြစ်သည်။

၂၀၁၈ခုနှစ် ဧပြီမှ ဇူလိုင်လကုန်အထိ မြန်မာနိုင်ငံအတွင်း ၀င်ရောက်မြှုပ်နှံထားသည့် နိုင်ငံအလိုက်စာရင်းအရ ဗြိတိန်က ဒေါ်လာငါးသန်းကျော်၊ အမေရိကန်နိုင်ငံက ဒေါ်လာ ၀ ဒသမ ၅၆သန်း၊ တရုတ်နိုင်ငံက ဒေါ်လာ၂၆သန်းကျော်၊ ဂျပန်နိုင်ငံက ဒေါ်လာ ၁ဒသမ ၅၁သန်း၊ ကိုရီးယားနိုင်ငံကဒေါ်လာ ငါးသန်းကျော်၊ စင်ကာပူက ဒေါ်လာ၂၅ ဒသမ ၁၅ သန်း၊ ထိုင်းနိုင်ငံက ဒေါ်လာ ၁၄ ဒသမ ၄၃ သန်း၊ အိန္ဒိယနိုင်ငံက ဒေါ်လာ ၀ ဒသမ ၉၉ သန်းအထိ မြှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး အစီအစဉ်အရ နှစ်စဉ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ယခင်က ဒေါ်လာခြောက်ဘီလျံ ၀င်ရောက်ရန် ခန့်မှန်းခဲ့သော်လည်း လက်ရှိတွင် ဒေါ်လာ ၅ ဒသမ ၈၅ ဘီလျံအထိသာ ခန့်မှန်းထား

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး အစီအစဉ်အရ မြန်မာနိုင်ငံအတွင်းသို့ နှစ်စဉ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ ယခင်က ဒေါ်လာခြောက်ဘီလျံအထိ ၀င်ရောက်ရန် ခန့်မှန်းထားသော်လည်း လက်ရှိတွင် ဒေါ်လာ ၅ ဒသမ ၈ ဘီလျံအထိ ၀င်ရောက်ရန် ခန့်မှန်းထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ၏လုပ်ငန်းတာဝန်များနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ၊ စိန်ခေါ်မှုများ ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည့် စီးပွားရေး စကားဝိုင်းတွင် ဆွေးနွေးခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

ယခင်က နိုင်ငံခြားနှင့် တိုက်ရိုက်ရင်းနှီးမြှုပ်နှံသည့် အစီအစဉ် (Foreign Direct Investment Promotion Plan – FDIPP) ရေးဆွဲခဲ့ကြောင်း၊ နောက်ပိုင်းတွင် ပြောင်းလဲလာသည့် ရင်းနှီးမြှုပ်နှံမှုမူဝါဒ၊ စီးပွားရေးမူဝါဒ၊ ပတ်ဝန်းကျင် အခြေအနေ၊ ကမ္ဘာ့အခြေ အနေများနှင့် လိုက်လျောညီထွေမှု ရှိစေရန်အတွက် လက်ရှိအချိန်တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး အစီအစဉ် (Myanmar Investment Promotion Plan – MIPP) ကို ပြန်ဆွဲထားကြောင်း သိရသည်။

“ဒီကိစ္စကို ပြန်ဆွဲတဲ့အခါမှာ စီးပွားရေးမူဝါဒလည်း ကိုက်ရမယ်။ အခုကျွန်တော်တို့ နောက်ဆုံးလုပ်တဲ့ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစီအစဉ် (Myanmar Substainable Development Plan – MSDP) နဲ့လည်း အံဝင်အောင်ဆိုပြီး ပြန်ဆွဲထားတယ်။ ကျွန်တော်တို့ မှန်းထားတာက ၂၀၁၆-၂၀၁၇  ကနေမှန်းပြီး  ဆွဲထားတာ။  ကာလတို ၂၀၂၀-၂၀၂၁ အထိ ငါးနှစ်မှာ အ ရင်က ခြောက်ဘီလျံအထိ မှန်းထားပေမဲ့ အခု ၅ ဒသမ ၈ ဘီလျံလောက်အထိ  မှန်း ထားတယ်။ အဲဒီကနေ နောက်ထပ်  ၂၀၂၅- ၂၀၂၆ ငါးနှစ်တာကာလမှာတော့ ၈ ဒသမ ၅ ဘီလျံ စလုပ်ပြီ။ အဲဒီကနေ နောက်ထပ် ငါးနှစ်မှာ ၁၂ ဘီလျံလောက် တိုးပြီးမှန်းထား တယ်။ အဲဒီကနေ ၂၀၃၅-၂၀၃၆ အထိကို ၁၇ ဘီလျံလောက်အထိ တိုးမှန်းထားတယ်။ နှစ်စဉ်အလိုက် တိုးတက်လာဖို့ပါ” ဟု ဦးသန်းအောင်ကျော်က ပြောကြားသည်။

လက်ရှိအချိန်အထိ မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁ ဒသမ ၁၃၇ ဘီလျံကျော်အထိ ၀င်ရောက်ထားသော်လည်း ယခင်နှစ်ကာလတူတွင် ၀င်ရောက်ခဲ့သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုထက် ဒေါ်လာ ၂ ဒသမ ၅ ဘီလျံကျော် လျော့နည်းနေကြောင်း MIC မှ သိရသည်။

တရုတ်က တောင်အာဖရိကတွင် ဒေါ်လာ ၁၄ ဘီလျံ ရင်းနှီးမြှုပ်နှံမည်

ဇူလိုင် ၂၄ ရက်က ပရီတိုးရီးယားရှိ ပြပွဲတစ်ခုသို့ ရောက်ရှိနေသော တရုတ်သမ္မတရှီကျင်ပင်း (၀ဲ)နှင့် တောင်အာဖရိကသမ္မတ ရာမာဖိုဆာ(ယာ) တို့ကို တွေ့ရစဉ် (Photo: AFP)

တောင်အာဖရိကသမ္မတ ဆိုင်ရီရာမာဖိုဆာသည် မြို့တော်ပရီတိုးရီးယားတွင် တရုတ်သမ္မတရှီကျင်ပင်းနှင့် တွေ့ဆုံပြီးနောက် တရုတ်သည် ၎င်းတို့နိုင်ငံတွင် ဒေါ်လာ ၁၄ ဘီလျံဖိုး ရင်းနှီးမြှုပ်နှံလိမ့်မည်ဟု ဇူလိုင် ၂၄ ရက်တွင် ကြေညာခဲ့သည်။ ရှီနှင့် ရာမာဖိုဆာတို့သည် တောင်အာဖရိကတွင် ကျင်းပမည့် BRICS ထိပ်သီးအစည်းအဝေးမတိုင်မီ တစ်ရက်အလိုတွင် တွေ့ခဲ့ကြခြင်းဖြစ်သည်။

သမ္မတဟောင်း ဂျက်ကော့ဇူးမားသည် ခြစားမှုအရှုပ်တော်ပုံများ၊ စီးပွားရေးတိုးတက်မှု နည်းပါးခြင်း၊ အလုပ်လက်မဲ့နှုန်း စံချိန်တင် မြင့်တက်မှုတို့ဖြင့် ကြီးစိုးနေသော ၎င်း၏ကိုးနှစ်တာ အာဏာသက်တမ်းကို အဆုံးသတ်ခဲ့ရပြီးနောက် ရာမာဖိုဆာသည် တောင်အာဖရိက၏ စီးပွားရေးကို ပြန်လည်ရှင်သန်စေကာ ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်မည်ဟု ကတိပေးပြီး ဖေဖော်ဝါရီလက သမ္မတဖြစ်လာသူ ဖြစ်သည်။

“ကျွန်တော်တို့ဟာ နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေမယ့် သဘောတူညီချက်တွေ၊ နားလည်မှုစာချွန်လွှာတွေမှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အဲဒီထဲမှာ ဒေါ်လာ ၁၄ ဘီလျံတန်ဖိုးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကတိက၀တ်များလည်း ပါဝင်ပါတယ်” ဟု ရာမာဖိုဆာကရှီ၏ နံဘေး၌ ရပ်နေစဉ် ပြောကြားခဲ့သည်။

“ကျွန်တော်တို့ နှစ်နိုင်ငံရဲ့ ကုန်သွယ်ရေးဟာ ဖြစ်လာနိုင်တဲ့ အတိုင်းအတာကို မရောက်သေးပါဘူး” ဟု ရာမာဖိုဆာက ပြောကြားခဲ့ပြီး တရုတ်၏ ယခုရင်းနှီးမြှုပ်နှံမှုများသည် အခြေခံအဆောက်အအုံ၊ စိုက်ပျိုးရေးနှင့် နည်းပညာတို့အပေါ်တွင် အခြေခံလိမ့်မည်ဟု ဆိုသည်။

သမ္မတရှီသည် ဇူလိုင် ၂၅ ရက်တွင် စတင်ကျင်းပမည့် BRICS ထိပ်သီးအစည်းအဝေးမတိုင်မီ တောင်အာဖရိကသို့ ရောက်ရှိခဲ့သည်။ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိကနိုင်ငံတို့ ပါဝင်သော BRICS ဆိုသည်မှာ ပေါ်ထွန်းစ စီးပွားရေးအင်အားကြီးနိုင်ငံများ ပေါင်းစည်းထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

“တရုတ်ဟာ တောင်အာဖရိကမှ သွင်းကုန်တွေ ပိုမိုတိုးချဲ့ဖို့ တက်တက်ကြွကြွ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ တောင်အာဖရိက အစိုးရကိုလည်း ပံ့ပိုးသွားမှာပါ” ဟု ရှီကျင်ပင်းက ဆိုသည်။

ဇူလိုင် ၂၄ ရက်က ရေးထိုးခဲ့သည့် သဘောတူညီချက်များထဲတွင် တောင်အာဖရိကနိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီ Eskom သို့ ဒေါ်လာ ၂ ဒသမ ၅ ဘီလျံ ချေးငွေထုတ်ပေးခြင်းလည်း ပါဝင်သည်။ ကြီးမားလှသော ကြွေးမြီဝန်ထုပ်ဝန်ပိုးကြီး ပိနေသော Eskom သည် ဇူးမား၏အစိုးရအဖွဲ့ ပါဝင်နေသော ခြစားမှုစွပ်စွဲချက်များနှင့်လည်း ပတ်သက်မှုရှိနေသည့် လုပ်ငန်း ဖြစ်သည်။

ရှီကျင်ပင်းသည် ဇူလိုင် ၂၁ ရက်က ဆီနီဂေါနိုင်ငံခရီးစဉ်တွင်လည်း အာဖရိကတိုက်နှင့် စီးပွားရေးဆက်ဆံမှု ပိုမိုခိုင်မာလာစေရန် လုပ်ဆောင်သွားမည် ကတိပြုခဲ့သည်။ သို့သော် ဝေဖန်သူများကမူ သတ္တုနှင့် ဆောက်လုပ်ရေးလုပ်ငန်းကြီးများ လုပ်ပိုင်ခွင့်ရရှိရန် မျှော်ကိုးပြီး တရုတ်က ထုတ်ချေးထားသော ချေးငွေများကြောင့် အာဖရိကသည် တရုတ်ကြွေးမြီနွံထဲတွင် နစ်နေပြီဟု ပြောနေကြသည်။

Ref: AFP

ဇွန်လကုန်အထိ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ၁၁ ခုတွင် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၁၇၅၂၃ ဘီလျံကျော်ရှိပြီး စိုက်ပျိုးရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုအနည်းဆုံးဖြစ်

၂၀၁၈ ခုနှစ် ဇွန်လကုန်အထိ ရင်းနှီး မြှုပ်နှံမှုကဏ္ဍ ၁၁ ခုတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ကျပ် ၁၇၅၂၃ ဘီလျံ ကျော်ရှိပြီး စိုက်ပျိုးရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု အနည်းဆုံးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ထုတ် ပြန်သည့် အချက်အလက်များအရ သိရသည်။

ရင်းနှီးမြှုပ်နှံမှုကဏ္ဍအလိုက် ခွင့်ပြုထားသည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အိမ်ခြံမြေဖွံ့ဖြိုးရေးကဏ္ဍတွင် ကျပ် ၄၁၆၂ ဘီလျံကျော်၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ကျပ် ၂၈၄၆ ဘီလျံကျော်၊ ကုန်ထုတ်လုပ်ငန်းကဏ္ဍတွင် ကျပ် ၃၀၁၆ ဘီလျံကျော်၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍတွင် ကျပ် ၁၈၁၁ ဘီလျံကျော်၊ ဆောက်လုပ်ရေးကဏ္ဍတွင်ကျပ် ၁၀၂၉ ဘီလျံ ကျော်၊ စက်မှုဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် ကျပ် ၈၆၂ ဘီလျံကျော်၊ စွမ်းအင်ကဏ္ဍတွင် ကျပ် ၆၃၇ ဘီလျံကျော်၊ သတ္တု ကဏ္ဍတွင် ကျပ် ၁၄၇ ဘီလျံကျော်၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ကျပ် ၁၅၀ ဘီလျံကျော်၊ စိုက်ပျိုးရေးကဏ္ဍတွင် ကျပ် ၅၁  ဘီလျံကျော်နှင့် အခြားဝန်ဆောင်မှုကဏ္ဍများတွင် ကျပ် ၂၈၀၇ ဘီလျံကျော် အသီးသီး မြှုပ်နှံထားခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ပမာဏများပြားသည့်ကဏ္ဍများတွင် အိမ်ခြံ မြေ၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊  ကုန်ထုတ်လုပ်ငန်း၊ အခြားဝန်ဆောင်မှု လုပ်ငန်းများ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍတို့ ပါဝင်ပြီး ရင်းနှီးမြှုပ်နှံမှုအနည်းဆုံးကဏ္ဍများမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သတ္တုတူးဖော်ရေး ကဏ္ဍတို့ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံသူများ၏ လုပ်ငန်း ၁၄၀၇ ခုကို လုပ်ငန်းကဏ္ဍ ၁၁ ခု တွင် ရင်းနှီးမြှုပ်နှံခွင့်ပြုထားခြင်းဖြစ်ပြီး စုစုပေါင်း ပမာဏ ကျပ် ၁၇၅၂၃၁၃၉ ဒသမ ၄၁၅ သန်း (ကျပ် ၁၇၅၂၃ ဘီလျံကျော်)ရှိ ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဇွန်လကုန်အထိ ခွင့်ပြုထားသည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုပမာဏတွင် ခွင့်ပြုပြီးလုပ်ငန်းများမှ ရင်းနှီး မြှုပ်နှံမှုတိုးမြှင့်ခြင်း၊ ခွင့်ပြုပြီးလုပ်ငန်းများမှ ရင်းနှီးမြှုပ်နှံမှုလျှော့ချခြင်းတို့လည်း ပါဝင်ကြောင်း သိရသည်။

နိုင်ငံသား ရင်းနှီးမြှုပ်နှံသူများသည် နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံရာတွင် ကင်းလွတ်ခွင့်၊ သက်သာခွင့်များရရှိရန်အတွက် မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုမိန့်ရှိရမည်ဖြစ်ကြောင်း သိရသည်။

ယခင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်မည်ဆိုပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့သာ တင်ပြလျှောက်ထားခဲ့ရသော်လည်း ယခုအခါတွင် အမေရိကန်ဒေါ်လာ ငါးသန်း သို့မဟုတ် ကျပ်သန်း ၆၀၀၀ အထိ မတည်ပြီး ရင်းနှီးမြှုပ်နှံမည့်လုပ်ငန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီများမှ အတည်ပြုမိန့် ထုတ်ပေးနိုင်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ပြည်နယ်/တိုင်းဒေသကြီးဝန်ကြီးချုပ်များ ဥက္ကဋ္ဌအဖြစ်ပါဝင်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ၂၀၁၇ ခုနှစ် ဇူလိုင်လအတွင်း ဖွဲ့စည်းပေးခဲ့ ပြီး ဖြစ်ကြောင်း သိရသည်။ ရင်းနှီးမြှုပ်နှံမှု ကော်မတီများကို ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုနှင့် နေပြည်တော်ကောင်စီတို့အတွက် ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။