အမြန်လမ်းမကြီးပေါ်တွင် ၂၀၁၈ ခုနှစ် နှစ်ဝက်တာကာလအတွင်း ယာဉ်မတော်တဆမှုပေါင်း၂၃၂ ကြိမ်ဖြစ်ပွားပြီး လူ ၅၀ သေဆုံး

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ၂၀၁၈ ခုနှစ် ဇန်န၀ါရီမှ ဇွန်လကုန်အထိ နှစ်ဝက် ခြောက်လတာကာလအတွင်း ယာဉ်မတော်တဆမှု ၂၃၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ယာဉ်မတော်တဆမှုများကြောင့် လူ ၅၀ သေဆုံး၍ ၄၉၀ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နေပြည်တော် အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

မှတ်တမ်းများအရ ၂၀၁၈ ခုနှစ် ဇန်န၀ါရီတွင် ယာဉ်တော်တဆမှုပေါင်း ၄၁ ကြိမ်ဖြစ်ပွားခဲ့ရာ သေဆုံးသူ ကျား ငါးဦး၊ မ လေးဦး စုစုပေါင်းကိုးဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ကျား ၄၇ ဦး၊ မ ၃၆ ဦး စုစုပေါင်း ၈၃ ဦး၊ ဖေဖော်ဝါရီတွင် ယာဉ်မတော်တဆမှုပေါင်း ၃၆ ကြိမ်ဖြစ်ပွားခဲ့ရာ သေဆုံးသူ ကျား ခုနစ်ဦး၊ မ လေးဦး စုစုပေါင်း ၁၁ ဦးနှင့် ထိခိုက်ဒဏ်ရာ ရရှိသူ ကျား ၃၉ ဦး၊ မ ၃၇ ဦး စုစုပေါင်း ၇၆ ဦး၊ မတ်လတွင် ယာဉ်မတော်တဆမှုပေါင်း ၃၃ ကြိမ် ဖြစ်ပွားခဲ့ရာ သေဆုံးသူ ကျား သုံးဦး၊ မ တစ်ဦး စုစုပေါင်း လေးဦးနှင့် ထိခိုက်ဒဏ် ရာရရှိသူ ကျား ၃၅ ဦး၊ မ ၂၇ ဦး စုစုပေါင်း ၆၂  ဦး၊ ဧပြီတွင် ယာဉ် မတော်တဆမှုပေါင်း ၄၄ ကြိမ်ဖြစ်ပွားခဲ့ရာ၊ သေဆုံးသူ ကျား ရှစ်ဦး၊ မ လေးဦး စုစုပေါင်း ၁၂ ဦးနှင့် ထိခိုက်ဒဏ်ရာ ရရှိသူ ကျား ၆၈ ဦး၊ မ ၆၉ ဦး စုစုပေါင်း ၁၃၇ ဦး၊ မေလတွင် ယာဉ်မတော်တဆမှုပေါင်း ၃၇ ကြိမ်ဖြစ်ပွားခဲ့ရာ သေဆုံးသူ ကျား ခြောက်ဦး၊ မ နှစ်ဦး စုစုပေါင်း ရှစ်ဦးနှင့် ထိခိုက် ဒဏ်ရာ ရရှိသူ ကျား ၄၄ ဦး၊ မ ၃၃ ဦး စုစုပေါင်း ၇၇ ဦး၊ ဇွန်လတွင် ယာဉ်မတော် တဆမှုပေါင်း အကြိမ် ၄၀ ဖြစ်ပွားခဲ့ရာ သေဆုံးသူ ကျား ငါးဦး၊ မ တစ်ဦး စုစုပေါင်း  ခြောက်ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ကျား ၂၉ ဦး၊ မ၂၆ ဦး စုစုပေါင်း ၅၅ ဦးရှိခဲ့ပြီး ဇန်န၀ါရီမှ ဇွန်လကုန်အထိ ခြောက်လတာ ကာလအတွင်း ယာဉ်မတော်တဆမှုပေါင်း ၂၃၂ ကြိမ်ဖြစ်ပွား၍ သေဆုံးသူ ကျား ၃၄ ဦး၊ မ ၁၆ ဦး စုစုပေါင်း ၅၀ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ကျား ၂၆၂ ဦး၊ မ ၂၂၈ ဦး စုစုပေါင်း ၄၉၀ အထိ ရှိခဲ့ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှတ်တမ်းများအရ သိရသည်။

ယာဉ်မတော်တဆမှုနှုန်း မှတ်တမ်းများအရ ၂၀၁၈ ခုနှစ်အတွင်း၌ တစ်လလျှင် ပျမ်းမျှ ယာဉ်မတော်တဆမှုနှုန်း ၃၈ ကြိမ်ဖြစ်ပွား၍ တစ်လပျမ်းမျှသေဆုံးသူ ရှစ်ဦး၊ တစ် လပျမ်းမျှ ထိခိုက်ဒဏ်ရာရရှိသူ ၈၁ ဦးရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် နှစ်ချုပ်စာရင်းအရ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆမှုပေါင်း ၅၅၅ ကြိမ်ဖြစ်ပွား၍ သေဆုံးသူ ကျား ၈၆ ဦး၊ မ ၂၃ ဦး စုစုပေါင်း ၁၁၆ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ကျား ၄၈၂ ဦး၊ မ ၃၈၁ ဦး၊ စုစုပေါင်း ၈၆၃ ဦးရှိခဲ့ပြီး ၂၀၁၆ ခုနှစ် နှစ်ချုပ်စာရင်းအရ ယာဉ်မတော်တဆမှုပေါင်း ၇၄၄ ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ကျား ၁၀၅ ဦး၊ မ ၆၂ ဦး စုစုပေါင်း ၁၆၇ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ကျား ၇၈၄ ဦး၊ မ ၅၂၃ ဦး စုစုပေါင်း ၁၃၀၇ ဦးအထိ ရှိခဲ့ကြောင်း သိရသည်။

၂၀၁၆ ခုနှစ် နှင့် ၂၀၁၇ ခုနှစ်များတွင် ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှု၊ ထိခိုက် သေဆုံးမှု နှစ်ချုပ်စာရင်းများ နှိုင်းယှဉ်ချက်အရ ၂၀၁၇ ခုနှစ်တွင်းဖြစ်စဉ်များမှာ၊၂၀၁၆ ခုနှစ်အတွင်း ဖြစ်စဉ်များအောက် လျော့နည်းခဲ့ကြောင်း သိရသည်။

အမြန်လမ်းမကြီးပေါ်တွင် မေလအတွင်း ယာဉ်မတော်တဆမှု ၃၇ မှုဖြစ်ပွားခဲ့ပြီး ရှစ်ဦးသေဆုံးကာ ၇၇ ဦး ဒဏ်ရာ

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် မေလအတွင်း ယာဉ်မတော်တဆမှု ၃၇ မှု ဖြစ်ပွားခဲ့ပြီး လူ ရှစ်ဦးသေဆုံး၍ ၇၇ ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း နေပြည်တော် အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

မေလအတွင်း ယာဉ်မတော်တဆမှုပေါင်း ၃၇ မှုဖြစ်ပွားခဲ့ရာတွင် ယာဉ်မတော်တ ဆမှုများကြောင့် သေဆုံးသူ ကျားခြောက်ဦး၊  မ နှစ်ဦး၊ စုစုပေါင်း ရှစ်ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ကျား ၄၄ ဦး၊ မ ၃၃ ဦး၊ စုစုပေါင်း ၇၇ ဦး ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်း၌လည်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆမှုပေါင်း ၅၅၅ ကြိမ်ဖြစ်ပွား၍ သေဆုံးသူ စုစုပေါင်း ၁၁၆ ဦး၊ ထိခိုက်ဒဏ် ရာရရှိသူ ကျား ၄၈၂ ဦး၊ မ ၃၈၁ ဦး၊ စုစုပေါင်း ၈၆၃ ဦးရှိခဲ့ပြီး၊၂၀၁၆ ခုနှစ်အတွင်း၌လည်း ယာဉ်မတော်တဆမှု ပေါင်း ၇၄၄ ကြိမ်ဖြစ် ပွားခဲ့ပြီး သေဆုံးသူ ကျား ၁၀၅ ဦး၊ မ ၆၂ ဦး၊ စုစုပေါင်း ၁၆၇ ဦး သေဆုံး၍ ထိခိုက်ဒဏ်ရာ ရရှိသူ ကျား ၇၈၄ ဦး၊ မ ၅၂၃ ဦး၊ စုစုပေါင်း ၁၃၀၇ ဦးအထိ ရှိခဲ့ကြောင်း သိရသည်။

အမြန်လမ်းမကြီးပေါ်၌ ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့သော ထိခိုက်သေဆုံးစာရင်း နှစ်ချုပ်စာရင်းအရ ၂၀၁၇ ခုနှစ်တွင်း ဖြစ်စဉ်များမှာ၂၀၁၆ ခုနှစ်ဖြစ်စဉ်များအောက် လျော့နည်းကျဆင်းခဲ့ကြောင်း သိရသည်။

နှိုင်းယှဉ်ချက်အရ ၂၀၁၆ ခုနှစ်တွင် ဇန်န၀ါရီလမှ ဒီဇင်ဘာလအထိ  ၁၂ တာကာလအတွင်း၌ ယာဉ်မတော်တဆမှုပေါင်း ၇၄၄ ကြိမ်ဖြစ်ပွားခဲ့သော်လည်း၂၀၁၇ ခုနှစ်တွင် ၅၅၅ ကြိမ်သာဖြစ်ပွားခဲ့ရာ ယာဉ်မတော်တဆမှုပေါင်း ၁၈၉ ကြိမ် လျော့နည်း၍လည်းကောင်း၊ လူသေဆုံးစာရင်းမှာလည်း ၂၀၁၆ ခုနှစ်အတွင်း၌ ၁၇၀ အထိ သေဆုံးခဲ့သော်လည်း၂၀၁၇ ခုနှစ်အတွင်း၌ သေဆုံးသူ ၁၁၆ ဦးသာရှိခဲ့ရာ သေဆုံးသူ ၇၃ ဦး လျော့နည်း၍လည်းကောင်း၊ ထိခိုက်ဒဏ်ရာရစာရင်းမှာလည်း ၂၀၁၆ ခုနှစ်အတွင်း၌ ၁၃၀၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်းကောင်း၊ ၂၀၁၇ ခုနှစ်အတွင်း၌ ၈၆၃ ဦးသာရှိခဲ့ရာ ၄၄၁ ဦး အထိလျော့နည်းခဲ့ကြောင်း နေပြည်တော် အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး၏ မှတ်တမ်းများအရ သိရသည်။

အမြန်လမ်းမကြီးပေါ်၌ ထိုကဲ့သို့ ယာဉ်မတော်တဆမှုများကြောင့် လူသေဆုံးခြင်း ထိခိုက်ဒဏ်ရာရရှိခြင်း၊ ယာဉ်မီးလောင်ခြင်းများ လစဉ်ဖြစ်ပွားလျက်ရှိသောကြောင့် အမြန်လမ်းမကြီးရဲတပ်ဖွဲ့ဝင်များ၊ အမြန်လမ်း မီးသတ်တပ်ဖွဲ့ဝင်များ၊ အမြန်လမ်းပြုပြင်ထိန်း သိမ်းစောင့်ရှောက်ရေးတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့တို့က ယာဉ်စစ်ဆေးရေးဂိတ်များထားရှိပြီး သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သော မော်တော်ယာဉ်များအား  ဖမ်းဆီးအရေးယူလျက်ရှိကြောင်း၊ သတ်မှတ်မိုင်နှုန်းအထက် ပိုမောင်းကြောင်း စစ်ဆေးတွေ့ရှိပါက ယာဉ်လိုင်စင်နှင့် ၀ှီးတက်များ သိမ်းဆည်းခြင်း၊ တရားရုံးတွင် ဒဏ်ငွေ ကျပ် ၅၀၀၀၀ သို့မဟုတ်၊ ထောင်ဒဏ်တစ်လ သို့မဟုတ်၊ ဒဏ်နှစ်ရပ်လုံးတို့ဖြင့် အပြစ်ပေး အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ပုပ္ပားသို့သွားမည့် ဘုရားဖူးယာဉ်တစ်စီး တံတားအောက်ထိုးကျမှု ဖြစ်ပွားပြီး ခရီးသည် ၃၀ ဦး ဒဏ်ရာရ

ဓာတ်ပုံ – မိတ္တီလာမြို့နယ် ကြက်ခြေနီ

ပုပ္ပားသို့ ဘုရားဖူးသွားရန် မိတ္တီလာ-ကျောက်ပန်းတောင်း ကားလမ်းမအတိုင်း မောင်းနှင်လာသည့် ဘုရားဖူးယာဉ်တစ်စီး မိုင်တိုင် ၁၇ အနီးတွင် တံတားအောက် ထိုးကျမှု ဖြစ်ပွားပြီး ယာဉ်ပေါ်လိုက်ပါလာသူ အမျိုးသား ၈ ဦး၊ အမျိုးသမီး ၂၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဧပြီလ ၂၃ ရက်နေ့ မနက်ပိုင်းက မိတ္တီလာမြို့နယ် အလည်ရွာ ရဲကင်းစခန်းမှ ရဲအုပ်လှမြင့်ဦးနှင့်အဖွဲ့သည် မိတ္တီလာ-ကျောက်ပန်းတောင်း ကားလမ်းမတွင် ယာဉ်မတော်တဆ ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်နေ နေ၀င်းဟန် အသက် (၃၅) နှစ် မောင်းနှင်လာသော 3K/—- နံပါတ်ပါ HYUNDAI အမျိုးအစား ဖြူပြာရောင်ခြောက်ဘီး မှန်လုံယာဉ်သည် ပုပ္ပားသို့  ဘုရားဖူးသွားရန်  မိတ္တီလာ-ကျောက်ပန်းတောင်း ကားလမ်းအတိုင်း မောင်းနှင်နေစဉ် မိတ္တီလာ-ကျောက်ပန်းတောင်း ကားလမ်းမ မိုင်တိုင်(၁၇)၊ ညောင်ပင်သာ ကျေးရွာအနီးရှိ ညောင်ပင်သာ တံတားအရောက်တွင် ကားလက်ယာဘက် တိုင်းလော့ပြုတ်ကာ တံတားအောက်သို့ ထိုးကျသွားခဲ့သဖြင့် ဘုရားဖူးကားပေါ် လိုက်ပါလာသူ ခရီးသည် (၄၉) ဦးအနက် ခရီးသည် (၃၀) ဦးမှာ ဒဏ်ရာများရရှိခဲ့သဖြင့် မိတ္တီလာခရိုင် ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ရကြောင်း ကနဦး စစ်ဆေးချက်အရ သိရှိရသည်။

“ဒဏ်ရာရတဲ့လူ အများစုက အသက်အန္တရယ် စိုးရိမ်လောက်အောင်တော့ မရှိပါဘူး၊ ယာဉ်မောင်းကတော့ ပေါင်ထိပ်ပြုတ်သွားတယ်၊ ဒဏ်ရာရတဲ့ အထဲမှာ အသက်အငယ်ဆုံးက (၈)နှစ် ကလေးပါမယ်၊ အသက် အကြီးဆုံးက (၇၅)နှစ် ဖြစ်ပါတယ်၊ အားလုံးကို မိတ္တီလာခရိုင် ပြည်သူ့ဆေးရုံကြီးကို ပို့ပေးထားပါတယ်” ဟု အဆိုပါ ယာဉ်မတော်တဆမှုအား သွားရောက်ကူညီပေးခဲ့သူ တစ်ဦးမှ ပြောပြသည်။

အဆိုပါ ယာဉ်မတော်တဆမှုအား မိတ္တီလာမြို့ အလည်ရွာ ရဲကင်းစခန်းမှ ယာဉ်(ပ)၆/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈ ဖွင့်လှစ်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

အမြန်လမ်းမကြီးပေါ်၌ တစ်နေ့တည်း ယာဉ်မတော်တဆမှု သုံးကြိမ်ဖြစ်ပွား၍ သုံးဦးသေဆုံးကာ လေးဦးဒဏ်ရာရ

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ဧပြီ ၁၇ ရက်၊ မြန်မာနှစ်ဆန်းတစ်ရက် နံနက်ပိုင်းက ယာဉ်မတော်တဆမှု သုံးကြိမ်ဖြစ်ပွား၍ လူသုံးဦး သေဆုံးကာ လေးဦး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ကြောင်း သက်ဆိုင်ရာနယ်မြေ ရဲစခန်း၏ ရဲမှတ်တမ်းများအရ သိရသည်။

ဖြစ်စဉ်များမှာ နံနက် ၁ နာရီခွဲခန့်တွင် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၃၄၈ မိုင်အနီးတွင် ဆိုင်ကယ်တိမ်းမှောက်မှု တစ်ကြိမ်၊ နံနက် ၅ နာရီခွဲခန့်၌ မိုင်တိုင်အမှတ် ၁၂၅ မိုင်အနီးတွင် ပါဂျဲရိုးယာဉ်တိမ်းမှောက်မှုတစ်ကြိမ်၊ နံနက် ၈ နာရီခွဲခန့်၌ မိုင်တိုင်အမှတ် ၂၁၇ မိုင်အနီးတွင် SURF ယာဉ်တိမ်းမှောက်မှုတစ်ကြိမ် စုစုပေါင်းသုံးကြိမ် ယာဉ်မတော်တဆမှုများ ဖြစ်ပွားခဲ့ရာ သုံးဦးသေဆုံး၍ လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။

မိုင်တိုင်အမှတ် ၃၄၈ မိုင်အနီးတွင် ဆိုင်ကယ်တိမ်းမှောက်ခဲ့သူ အသက် ၃၅ နှစ်ခန့် (အမည်၊ နေရပ်လိပ်စာစုံစမ်းဆဲ)မှာ ဦးခေါင်းနောက်စိပေါက်ပြဲ၊ ယာလက်ဖျံပေါက်ပြဲ၊ ယာခြေခုံပေါက်ပြဲဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း၊ မိုင်တိုင်အမှတ် ၂၁၇ မိုင်အနီး ပါဂျဲရိုးယာဉ်မှ ယာဉ်မောင်းအိပ်ငိုက်ပြီး တိမ်းမှောက်ရာတွင် ယာဉ်မောင်းမှာ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိသော်လည်း အတူလိုက်ပါသူ အမျိုးသမီးနှစ်ဦးတို့မှာ ထိခိုက်ဒဏ်ရာများ အနည်းငယ် ရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် နံနက် ၈ နာရီခွဲအချိန်၌ မိုင်တိုင်အမှတ် ၂၁၇ မိုင်အနီး၌ မန္တလေးဘက်မှ နေပြည်တော်ဘက်သို့ ယာဉ်မောင်း ရဲရင့်အောင် (၂၀ နှစ်)၊ (ဘ)ဦးမောင်မောင် မြောက်ဒဂုံမြို့နယ်နေသူ မောင်းနှင်လာသော ယာဉ်အမှတ် 9D/—- SURF အပြာရောင် မော်တော်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းမယာဘက် မြေသားလမ်းပေါ်သို့ရောက်ရှိ တိမ်းမှောက်သွားခဲ့ပြီး ယာဉ်မောင်းပါ အမျိုးသား သုံးဦး၊ အမျိုးသမီးနှစ်ဦး စုစုပေါင်း ၅ ဦးအနက် ယာဉ်မောင်းဖြစ်သူ ရဲရင့်အောင်နှင့်အတူ ဒေါ်အေးအေးလွင် (၄၀ နှစ်)(ဘ) ဦးတင်မြင့်၊ မန္တလေးလမ်း မြောက်ဒဂုံမြို့နယ်နေသူတို့မှာ ထိခိုက်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးသွားပြီး အတူလိုက်ပါသူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့မှာလည်း ထိခိုက်ဒဏ်ရာများ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။

အထက်ပါ ယာဉ်မတော်တဆမှု ဖြစ်စဉ်များနှင့်ပတ်သက်၍ ဆိုင်ကယ်အား မဆင်မခြင်မောင်းနှင်ကာ လူသေဆုံးမှု ဖြစ်ပွားခဲ့သည့် ဆိုင်ကယ်မောင်းသူအမျိုးသားအား စကားအင်း အမြန်လမ်းမကြီး ရဲစခန်းမှ(ပ) ၈၀/၂၀၁၈၊ အမြန်လမ်းမကြီးများ ဥပဒေ ပုဒ်မ ၁၈ ဖြင့် လည်းကောင်း၊ မိုင်တိုင်အမှတ် ၁၂၅ မိုင်အနီးတွင် တိမ်းမှောက်သည့် ပါဂျဲရိုးယာဉ်မောင်း မနှင်းဖြူလွင် (၂၉ နှစ်)တောင် ဒဂုံမြို့နယ်နေသူအား ဗောဓိကုန်းအမြန် လမ်းမကြီးရဲစခန်းမှ ယာဉ်(ပ)၁၆/၂၀၁၈၊ ပြစ်မှုပုဒ်မ ၃၃၇ အရလည်းကောင်း၊ မိုင်တိုင်အမှတ် ၂၁၇ မိုင်အနီးတွင် တိမ်းမှောက်ခဲ့သည့် SURF ယာဉ်မောင်းရဲရင့်အောင်အား ပန်းတင်အမြန်လမ်းမကြီး ရဲစခန်းမှ ယာဉ်(ပ) ၂/၂၀၁၈၊ ပြစ်မှုပုဒ်မပြစ်မှုပုဒ်မ ၃၀၄-က/ ၃၃၇/၃၃၈ အရလည်းကောင်း အသီးသီး အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

သင်္ကြန်အကြတ်နေ့အထိ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနသို့ ရောက်ရှိသည့် လူနာဦးရေ ၅၀၀ ကျော်ရှိပြီး လူနာ ၂၀၀ နီးပါးမှာ ယာဉ်မတော်တဆမှုကြောင့်ဖြစ်

ယခုနှစ် သင်္ကြန်အကြတ်နေ့တွင် ပြည်လမ်းမပေါ်ရှိ ရေကစားမဏ္ဍပ်များ၌ ရေကစားနေသူများအား တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

ယခုနှစ်သင်္ကြန်ကာလ၊ အကြတ်နေ့အထိ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ် ကုသဌာနသို့ ရေကစားမှုအပြင်အခြား ထိခိုက်ဒဏ်ရာကြောင့် ရောက်ရှိခဲ့သည့် လူနာဦးရေ ၅၁၃ ဦး၊ သေဆုံးလူနာ တစ်ဦးရှိခဲ့ပြီး ယင်းတို့အနက် လူနာ၂၀၀နီးပါးမှာ ယာဉ်မတော်တဆမှုကြောင့်ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာခင်သိင်္ဂီမြင့်၏ ပြောကြားချက်အရ သိရသည်။

သင်္ကြန်ကာလအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိခဲ့သည့်လူနာများ အနက် ယာဉ်ထိခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများ၊ ခိုက်ရန်ဖြစ်ပွားမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအပြင် အခြားထိခိုက်မှုကြောင့် ဆေးရုံရောက်ခဲ့သူများလည်း ပါဝင်ကြောင်းနှင့် ၂၀၁၈ ခုနှစ် သင်္ကြန်အကြိုနေ့တွင်အတွင်း/အပြင်လူနာ ၁၅၉ ဦး၊ သင်္ကြန်အကျနေ့တွင် ၁၇၇ ဦး၊ သင်္ကြန်အကြတ်နေ့တွင် ၁၇၇ ဦး စုစုပေါင်း ၅၁၃ ဦး ရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်ကုသဌာနသို့ ရောက်ရှိခဲ့သည့် လူနာများအနက် ယာဉ်မတော်တဆမှုကြောင့် ရောက်ရှိလာသည့်လူနာမှာ သင်္ကြန်အကြိုနေ့တွင် ၅၁ ဦး၊ သင်္ကြန်အကျနေ့တွင် ၇၇ ဦး၊ သင်္ကြန်အကြတ်နေ့တွင် ၆၆ ဦး၊ စုစုပေါင်း ၁၉၄ ဦး ဆေးကုသမှု ခံယူခဲ့ကြောင်း သိရသည်။

သင်္ကြန်ရက်များအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ကုသဌာနကိုမူ ၂၄ နာရီဖွင့်လှစ်ခဲ့ပြီး ပုံမှန်ရက်ထက် တက်ရောက်ကုသသည့် လူနာအရေအတွက် များပြားသဖြင့် ၀န်ထမ်းအင်အား၊ အလုပ်သမားအင်အားနှင့် ဆေးဝါးပစ္စည်းများကို နှစ်ဆနီးပါး တိုးမြှင့်ခဲ့ကြောင်းနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ အထူးကုပြင်ပလူနာဌာနနှင့် အခြားပြင်ပလူနာဌာနများအား ဧပြီ ၁၃ ရက်မှ ၁၇ ရက် အထိ ပိတ်ခဲ့ပြီး ဧပြီ ၁၈ ရက်၊ နှစ်ဆန်းနှစ်ရက်နေ့တွင် ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်မည် ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ သိရသည်။

၂၀၁၇ ခုနှစ် သင်္ကြန်ကာလအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ လူနာဦးရေ ၇၅၂ ဦး၊ သေဆုံးလူနာ ၁၀ ဦး ရှိခဲ့ကြောင်း၊ ၂၀၁၇ခုနှစ်သင်္ကြန်အကြိုနေ့တွင် အတွင်း/အပြင်လူနာကျား ၁၃၇၊ မ ၄၇၊ စုစုပေါင်း ၁၈၄ ဦး၊ သင်္ကြန်အကျနေ့တွင် ကျား ၁၂၉၊ မ ၅၂၊ စုစုပေါင်း ၁၈၁ ဦး၊ သင်္ကြန်အကြတ်နေ့တွင် ကျား ၁၆၄၊ မ ၆၀၊ စုစုပေါင်း ၂၂၄ ဦး၊ သင်္ကြန်အတက်နေ့တွင် ကျား ၁၁၇ ဦး၊ မ ၄၆ ဦး၊ စုစုပေါင်း ၁၆၃ ဦး ရှိခဲ့ကြောင်းနှင့် သေဆုံးရောက်ရှိလူနာမှာ သင်္ကြန်အကြိုနေ့တွင် ကျားတစ်ဦး၊ သင်္ကြန်အကျနေ့တွင် ကျားသုံးဦး၊ မတစ်ဦး၊ သင်္ကြန်အကြတ်နေ့တွင် ကျားတစ်ဦး၊ မနှစ်ဦး၊ သင်္ကြန်အတက်နေ့တွင် ကျား နှစ်ဦး၊ စုစုပေါင်းသေဆုံးလူနာ ၁၀ ဦး ထိရှိခဲ့ကြောင်း သိရသည်။

မုံရွာသင်္ကြန်တွင် သုံးရက်တာ ကာလအတွင်း ဆိုင်ကယ်၊ ကား မတော်တဆ ဖြစ်ပွားမှုများကြောင့် လူ ၁၀၀ နီးပါး ဒဏ်ရရှိခဲ့ပြီး လူလေးဦး သေဆုံးမှု ဖြစ်ပွား

မုံရွာပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာသော လူနာတစ်ဦးအား တွေ့ရစဉ်

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာသင်္ကြန် သင်္ကြန်အကြို၊ အကျ၊ အကြတ် သုံးရက်တာ ကာလအတွင်း ဆိုင်ကယ်၊ ကား ယာဉ်မတော်တဆ ဖြစ်ပွားမှုများကြောင့် လူ ၁၀၀ နီးပါး ဒဏ်ရရှိခဲ့ပြီး လူလေးဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း မုံရွာပြည်သူ့ဆေးရုံ ပြင်ပလူနာနှင့် အရေးပေါ်ဌာနရှိ မူခင်းဆေးစာဌာန၏ စာရင်းများအရ သိရသည်။

ဆိုင်ကယ် မတော်တဆမှု ဖြစ်ပွားနှုန်းက ပိုမိုမြင့်တက်ခဲ့ပြီး မော်တော်ယာဉ် မတော်တဆ ဖြစ်ပွားမှုနှုန်းမှာ နည်းပါးခဲ့ကြောင်း၊ ထို့အပြင် မုံရွာချင်းတွင်း သဲတောင်ပြင်တွင် ထည့်သွင်းထားသည့် Beach Zoone တွင် ရေကစားရာမှ တစ်ဆင့် ရေနစ်သေဆုံးမှုအချို့ ရှိခဲ့ကြောင်း သိရသည်။

“ဆေးရုံမှာ လူတွေ များလာတဲ့ အနေအထားကတော့ မူးယစ်သောက်စားတဲ့ လူနာတွေ တွေ့နေရပါတယ်။ မနှစ်ကထက်စာရင် ဒီနှစ်သင်္ကြန် ပိုစည်ကားတယ်။ ပြီးတော့ မနှစ်က သင်္ကြန်ထက် ဒီနှစ်သင်္ကြန်က ဆေးရုံရောက်ကြတဲ့ လူနာတွေ ပိုများတယ်။ ရိုက်ပွဲဖြစ်ပြီး ဆေးရုံကို ရောက်လာတဲ့လူနာက နည်းတယ်။ အက်စီးဒင့်ဖြစ်တဲ့ လူနာတွေ များတယ်။ အက်စီးဒင့်ဖြစ်တဲ့ လူနာတွေထဲမှာ ဆယ်ကျော်သက် လူငယ်တွေ များတယ်”ဟု ကရုဏာမြင့်မိုရ် နာရေးကူညီမှုအသင်းဥက္ကဌ ဦးမြင့်သန်းက ပြောကြားသည်။

မုံရွာမြို့အတွင်းရှိ ရေကစားမဏ္ဍပ်များရှိ နေရာတိုင်းတွင် ရေလာကစားသူ များပြားခဲ့ပြီး သင်္ကြန်အကြို၊ သင်္ကြန်အကျနေ့ထက်၊ သင်္ကြန်အကြက်နေ့တွင် အလွန်စည်ကားခဲ့ကြောင်း ကားလမ်းမပေါ်များတွင် ကားများ၊ ဆိုင်ကယ်များ သွား၍ မရအောင် ပြည့်ညပ်နေခဲ့ကြကြောင်း သိရသည်။

မုံရွာသင်္ကြန် အကြိုနေ့တွင် ပြည်သူ့ဆေးရုံသို့ လာရောက် ဆေးကုသမှု ခံရသူ ၄၃ ဦး၊သင်္ကြန်အကျနေ့တွင် ပြည်သူ့ဆေးရုံသို့ လာရောက် ဆေးကုမှုခံရသူ ၆၂ ဦး၊ သင်္ကြန်အကြတ်နေ့ နံနက် ၁၁ နာရီအထိ ပြည်သူ့ဆေးရုံသို့ လာရောက် ဆေးကုသမှုခံရသူ ၆ ဦး စုစုပေါင်း ၁၁၁ ဦးနှင့် သေဆုံးသူ လေးဦးအထိ ရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းတွင် ယာဉ်မတော်တဆမှုများကြောင့် သုံးလအတွင်း သေဆုံးသူ ၁၄၀ ကျော်ရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၉၀၀ နီးပါးရှိ

ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှု တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- မျိုးထက်ပိုင်)

ရန်ကုန်တိုင်းတွင် ယာဉ်မတော်တဆမှုများကြောင့် သုံးလအတွင်း သေဆုံးသူ ၁၄၀ ကျော်ရှိပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ၉၀၀နီးပါး ရှိကြောင်း ဧပြီ ၆ ရက်က ယာဉ်ထိန်းရဲတပ်ဖွဲ့ စုံစမ်းသိရသည်။

ဇန်န၀ါရီလတွင် ယာဉ်မတော်တဆမှု ၂၂၇ မှုဖြစ်ပွားခဲ့ပြီး ၅၀ သေဆုံးကာ ၃၀၀ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ ဖေဖော်ဝါရီလတွင် ယာဉ်မတော်တဆမှု ၂၁၃ မှုဖြစ်ပွား ခဲ့ပြီး ၄၄ ဦးသေဆုံးကာ ၂၇၄ ဦး ထိခိုက် ဒဏ်ရာများ ရရှိခဲ့သည်။ ပြီးခဲ့သည့် မတ်လတွင် ယာဉ်မတော်တဆမှု ၂၇၅ မှုဖြစ်ပွားခဲ့ပြီး ၄၉ ဦး သေဆုံးကာ ၃၂၂ ဦးထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ်သုံးလအတွင်း ယာဉ်မတော်တဆမှု စုစုပေါင်း ၇၁၅ မှုဖြစ်ပွားခဲ့သည့်အနက် ၁၄၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ယာဉ်မတော်တဆမှုများကြောင့် သာမန်ဒဏ်ရာနှင့် အပြင်းအထန်ဒဏ်ရာ ရရှိသူမှာ သုံးလအတွင်း ၈၉၆ ဦးအထိရှိသည်။

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့ နယ် ကျီးကန်းသိုက်ကျေးရွာဘက်မှ ရန်ကုန် -ပဲခူးလမ်းဘက်သို့ ယာဉ်မောင်း မောင်နိုင် မောင်းနှင်လာသည့် 4F/—– ဟီးနိုးထရပ် အငှားယာဉ်သည် ရန်ကုန်-ပဲခူး လမ်းဆုံအနီး အရောက် ယာဘက်လဂွင်းပြင်ချောင်း အတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသော အသက်(၂၂)အရွယ်ရှိ အုတ်တင်အုတ်ချလုပ်သား အမျိုးသမီး တစ်ဦးနှင့် အသက် ၁၇ နှစ်အရွယ် အမျိုးသား တစ်ဦးတို့မှာ ပြင်ပဒဏ်ရာများ မရှိဘဲ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ကြို့ပင်ကောက် မြို့နယ်တွင် နေထိုင်သော အုတ်တင် အုတ်ချလုပ်သား အမျိုးသား တစ်ဦးမှာ ဦးခေါင်းထိပ် ပေါက်ပြဲဒဏ်ရာများ ရရှိ၍ လှည်းကူးဆေးရုံတွင် ပြင်ပလူနာအဖြစ် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့သောယာဉ်အား မောင်းနှင်ခဲ့သည့် ယာဉ်မောင်း မောင်နိုင်သည် အခင်းဖြစ်ပွားရာ နေရာတွင် ယာဉ်ကိုထား၍ ထွက်ပြေးတိမ်းရှောင်သွားကြောင်း  သိရသည်။

ယင်းဖြစ်စဉ်တွင် ယာဉ်အား မဆင်မခြင် မောင်းနှင်ရာမှ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားပြီး ထွက်ပြေး တိမ်းရှောင်နေသည့် ယာဉ်မောင်းဖြစ်သူကို လှည်းကူးမြို့မ ရဲစခန်းတွင် ယာဉ် (ပ) ၄၁/၂၀၁၈၊ ပြစ်မှုပုဒ်မ ၃၀၄-က၊ ၃၃၇၊ ၂၇၉၊ ၂၀၂ တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

အရှေ့တောင်အာရှ ၁၀ နိုင်ငံတွင် ယာဉ်မတော်တဆမှု အများဆုံး ဖြစ်ပွားသည့် နိုင်ငံမှာ ထိုင်းနိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံပြီးနောက် ဒုတိယ ယာဉ်မတော်တဆမှု အများဆုံး နိုင်ငံဖြစ်ကြောင်း သိရသည်။

မတော်တဆမှု ဖြစ်စဉ်များတွင် အများဆုံးဖြစ်ပွားသည့် ဖြစ်စဉ်များမှာ ယာဉ်မောင်း အိပ်ငိုက်ရာမှ ဖြစ်ပွားခြင်း၊ အရှိန်လွန်မောင်းနှင်ရာမှ ဖြစ်ပွားခြင်း စသည့်အခြေအနေများကြောင့် ဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန်ထားသည်။

 

မိတ္တီလာ-ကျောက်ပန်းတောင်း ကားလမ်းမ မိုင်တိုင်(၁၂)အနီး သရက်ပင်တံတားအ၀င်တွင် ယာဉ်မတော်တဆဖြစ်ရာမှ ယာဉ်ပေါ်ပါ အမျိုးသားနှစ်ဦး နေရာတွင် သေဆုံး

မိတ္တီလာ-ကျောက်ပန်းတောင်းကားလမ်းမ မိုင်တိုင်(၁၂)အနီးတွင် ယာဉ်မတော်တဆမှုအား ဧပြီလ(၁)ရက်နေ့ မနက်ပိုင်းကတွေ့ရစဉ်။

မိတ္တီလာ-ကျောက်ပန်းတောင်း ကားလမ်းမ သရက်ပင်တံတားအ၀င်တွင် (၁၀) ဘီးကားတစ်စီး တံတားလက်ရန်းတိုက်ကာ သရက်ပင်ချောင်းအတွင်း ပြုတ်ကျရာမှ ယာဉ်ပေါ်ပါ အမျိုးသားနှစ်ဦးနေရာတွင် သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဧပြီလ (၁) ရက်နေ့ မနက် (၄) နာရီဝန်းကျင်ခန့်က မိတ္တီလာမြို့ ရှမ်းမငယ် နယ်မြေရဲစခန်းမှူး ရဲအုပ်ခင်မောင်စိုးသည် မိတ္တီလာ-ကျောက်ပန်းတောင်းကားလမ်းမတွင် ယာဉ်မတော်တဆ ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ယာဉ်မောင်း ၀င်းစိုးမောင်းနှင်ပြီး ယာဉ်နောက်လိုက် ပြည့်စုံလိုက်ပါလာသော 5N/—-နံပါတ်ပါ စိမ်းဝါရောင်(၁၀)ဘီး ယာဉ်မှာ မိတ္တီလာ-ကျောက်ပန်းတောင်းကားလမ်းမ မိုင်တိုင် (၁၂) မိုင်ခြောက်ဖာလုံ၊ သရက်ပင်တံတားအနီး အရောက်တွင် အရှိန်မထိန်းနိုင်ပဲ တံတားလက်ဝဲဘက်တိုင်များအား တိုက်မိကာ သရက်ပင် ချောင်းအတွင်း ထိုးကျသွားခဲ့ရာ ယာဉ်မောင်းဝင်းစိုး၊ ပြည့်စုံ (အသက်၊ နေရပ်၊ စီစစ်ဆဲ) တို့မှာ ဒဏ်ရာများရရှိပြီး နှစ်ဦးစလုံး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း ကနဦး စစ်ဆေးချက်အရ သိရှိရသည်။

“မနက်တုန်းက ကားကျလို့ သတင်းရရခြင်း ကျွန်တော်တို့ ကြက်ခြေနီအဖွဲ့က လေးယောက် သွားရောက်ကူညီနေတာ၊ ကားက ဂဏန်းကားကြီး၊ မင်းပြားကနေ မောင်းလာတာ ဒီနားရောက်တော့ အမြင့်ကြီးကနေ ကားကျသွားတယ်၊ ဒရိုင်ဘာနဲ့ ယာဉ်နောက်လိုက် နှစ်ယောက်တည်း ပါလာတာ၊ တစ်ယောက်ကတော့ ဘော်ဒီထုတ်လို့ရပြီ၊ နောက်တစ်ယောက်ကတော့ ကားထဲမှာ ညပ်နေလို့၊ ညပ်နေတဲ့ လူကို ကရိန်းနဲ့ဆွဲပြီး ပြန်မထုတ်မှ ရမှာမို့လို့ ကရိန်းကားစောင့်နေရတယ်၊ အမျိုးသား နှစ်ယောက်လုံး နေရာတင် သေဆုံးသွားတယ်” ဟု မိတ္တီလာခရိုင်ကြက်ခြေနီ ဦးစီးမှူးဦးနေဦးက ဧပြီလ(၁)ရက်နေ့ မနက်(၁၀)နာရီဝန်းကျင်ခန့်က ပြောကြားသည်။

အဆိုပါ အမှုအား မိတ္တီလာမြို့နယ်ရှမ်း မငယ်နယ်မြေရဲစခန်းမှ ယာဉ်(ပ)အမှတ် ၆/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၄ (က) ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

နှစ်လအတွင်း ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုများကြောင့် ရန်ကုန်တိုင်းဒေသကြီး၌ လူတစ်ရာနီးပါးသေဆုံးခဲ့ပြီး ၅၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့

YBS (၉၁) ယာဉ်နှင့် Grand Starex အမျိုးအစား ကိုယ်ပိုင်ယာဉ်တို့ တိုက်မိမှု ဖြစ်ပွားစဉ် (ဓာတ်ပုံ- ပုလဲအရန်မီးသတ်တပ်ဖွဲ့)

ဇန်န၀ါရီနှင့် ဖေဖော်ဝါရီတို့တွင် ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုများကြောင့် ရန်ကုန်တိုင်းဒေသကြီး၌ လူတစ်ရာနီးပါးသေဆုံးခဲ့ပြီး ၅၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မတ် ၅ ရက်တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့က စုံစမ်း သိရှိရသည်။

ပြီးခဲ့သည့်ဇန်န၀ါရီတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်မတော်တဆမှု ၂၂၇ မှု ဖြစ်ပွားခဲ့သည့်အတွက် အမျိုးသား ၄၈ ဦးနှင့် အမျိုးသမီးနှစ်ဦး စုစုပေါင်း ၅၀ သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိမှုအနေဖြင့် အမျိုးသား ၂၁၅ ဦးနှင့် အမျိုးသမီး ၈၅ ဦး စုစုပေါင်း ဦးရေ ၃၀၀ ရှိခဲ့သည်။

ဖေဖော်ဝါရီတွင် ယာဉ်မတော်တဆမှု ၂၁၃ မှုဖြစ်ပွားခဲ့သည့်အတွက် အမျိုးသား ၃၅ ဦးသေဆုံးခဲ့ပြီး အမျိုးသမီး ကိုးဦး စုစုပေါင်း၄၄ ဦးသေဆုံးခဲ့သည်။ ထိခိုက်ဒဏ်ရာရရှိမှုအနေဖြင့် အမျိုးသား ၁၉၁ ဦး၊ အမျိုးသမီး ၈၃ ဦး စုစုပေါင်း ၂၇၄ ဦးရှိခဲ့သည်။

ဇန်န၀ါရီနှင့် ဖေဖော်ဝါရီ နှစ်လအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ ယာဉ်မတော်တဆမှု ၄၄၀ ဖြစ်ပွားခဲ့ပြီး ၉၄ ဦးသေဆုံးကာ ၅၇၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

နှစ်လအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ တစ်ရက်လျှင် ပျမ်းမျှ ယာဉ်မတော်တဆမှု ခုနစ်မှုနှုန်းဖြစ်ပွားနေပြီး တစ်ရက်လျှင် ပျမ်းမျှ လူတစ်ဦးခွဲနှုန်းဖြင့် သေဆုံးနေသည်။ ထို့ပြင် တစ်ရက်လျှင် ယာဉ်မတော်တဆမှုများကြောင့် လူကိုးဦးခွဲနှုန်းဖြင့် ထိခိုက်ဒဏ်ရာများ ရရှိနေကြောင်း သိရသည်။