မြ၀တီ-ကော့ကရိတ် အာရှလမ်းသစ် နတ်စင်ကွေ့ကုန်းဆင်းတွင် ယာဉ်နှစ်စီးတိုက်မိမှုဖြစ်ပွားပြီး ယာဉ်မောင်းတစ်ဦးသေဆုံး

ဒေါနတောင်ကျော် အာရှလမ်းသစ် နတ်စင်ကွေ့ကုန်းဆင်းတွင် ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုဖြစ်စဉ်မှ ယာဉ်နှစ်စီးအား တွေ့ရစဉ်

မြ၀တီ- ကော့ကရိတ် ဒေါနတောင်ကျော် အာရှလမ်းသစ် နတ်စင်ကွေ့ကုန်းဆင်းတွင်  လမ်းခင်းကျောက်တင်ဆောင်လာသည့်ကားက အရှိန်မထိန်းနိုင်ဘဲ အရှေ့က ကားကိုဝင်တိုက်ရာ အနောက်ကား၏ ယာဉ်မောင်းသေဆုံးခဲ့သည့် ဖြစ်ရပ်တစ်ခု စက်တင်ဘာ၂၅ ရက် နေ့လယ်က ဖြစ်ပွားခဲ့သည်။

မြ၀တီ-ကော့ကရိတ် အာရှလမ်းသစ် ရင်ကွဲတောင်ကုန်းဆင်း နတ်စင်ကွေ့ ကီလိုမီတာ ၁၅၄ နှင့် ၁၅၅ အကြားတွင် စက်တင်ဘာ ၂၅ ရက် မွန်းတည့် ၁၂  နာရီခန့်က ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ ကော့ကရိတ်ယာဉ်ထိန်းတပ်ဖွဲ့စု(၇၁)မှ ရဲအုပ် သန်းနိုင်ရွှေနှင့်ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့် သွားရောက်စစ်ဆေးခဲ့သည်။

ကော့ကရိတ်ရဲတပ်ဖွဲ့မှ စစ်ဆေးရာ စက်တင်ဘာ၂၅ ရက် မွန်းတည့် ၁၂ နာရီကမြ၀တီမြို့မှ ကော့ကရိတ်ဘက်သို့ ဘားအံမြို့ နယ် လှာကမြင်ကျေးရွာနေ ယာဉ်မောင်း ရဲနိုင်(၄၄) နှစ် မောင်းနှင်လာသောယာဉ် အမှတ် 4I / – – – – ဖော်လန်အမျိုးအစား အပြာရောင်ယာဉ်အား လားရာတူအနောက် ဘက်မှ လမ်းခင်းကျောက်များ တင်ဆောင်မောင်းနှင်လာသည့် ယာဉ်အမှတ် 7L/—- ဖော်လန်အပြာရောင်ယာဉ်က အရှိန်မထိန်းနိုင်ဘဲယာဉ်၏ နောက်ပိုင်းအား ၀င်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။ လမ်းခင်းကျောက်တင်ဆောင်လာသည့် အနောက်ယာဉ်မှ ယာဉ်မောင်းအမည် နေရပ်လိပ်စာ (စုံစမ်းဆဲ) မှာ အခင်းဖြစ်ရာနေရာတွင် ခန္ဓာကိုယ် ကျိုးကြေကာသေဆုံးသွားခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

သေဆုံးသူ (အမည်နေရပ်လိပ်စာစုံစမ်းဆဲ) အား ကော့ကရိတ်လူမှု ကယ်ဆယ်ရေးအဖွဲ့မှ ရဲဆေးစာနှင့်အတူမြ၀တီဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်နှစ်စီးပျက် စီးမှုတန်ဖိုးမှာ ကျပ်သိန်း ၅၀ ခန့်ရှိပြီး ယာဉ်အား ပေါ့ဆစွာမောင်းနှင်၍ မိမိကိုယ်ကိုယ် သေဆုံးစေသူ ယာဉ်မောင်းအမည်၊ နေရပ်လိပ်စာ (စုံစမ်းဆဲ)အား ကော့ကရိတ်မြို့မရဲစခန်းမှ ယာဉ်(ပ)၅၀ / ၂၀၁၈၊ ပုဒ်မ ၃၀၄ (က) ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Miss Universe Sagaing 2017 ယွန်းဆက်ပိုင် မန္တလေးမြို့ တွင် ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံး

Miss Universe Sagaing 2017 ယွန်းဆက်ပိုင်အား တွေ့ရစဉ် (ဓာတ်ပုံ – Yoon Hset Paing Facebook)

Miss Universe Sagaing 2017 ယွန်းဆက်ပိုင် မန္တလေးမြို့ တွင် ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးခဲ့ကြောင်း စက်တင်ဘာ ၂၃ တွင် အမှတ် ၃ နယ်မြေရဲစခန်းမှ သိရသည်။

စက်တင်ဘာ ၂၃ မနက် ၄ နာရီအချိန်ခန့်က မန္တလေးမြို့ လမ်း၃၀၊ ၅၈ လမ်းနှင့် ၅၉ လမ်းကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ တာဝန်ရှိသူများ သွားရောက်စစ်ဆေးရာ လမ်း ၃၀ အတိုင်း အရှေ့မှ အနောက်သို့ မယွန်းဆက်ပိုင် (၂၁) နှစ် ချင်းတွင်းကောလိပ်၊ ၆၂လမ်း၊ ၃၈ လမ်း ၃၉ လမ်းကြား မဟာအောင်မြေမြို့နယ်တွင် နေထိုင်သူ တစ်ဦးတည်း မောင်းနှင်လာသော YGN/…. SuzukiSwift အနက်ရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဝဲဘက်ခြမ်းရှိ သဲပုံအား ဝင်တိုက်မိကာ ယာဉ်ပျက်စီးခဲ့ကြောင်း၊ မယွန်းစက်ပိုင်သည် ယာဉ်ပေါ်မှ လမ်းပေါ်လွှင့်ကျကာ ယာနှဖူးပေါက်ပြဲ၊ နှာခေါင်းသွေးထွက်၊ ခြေဖဝါးစုတ်ပြဲဒဏ်ရာများ ရရှိခဲ့ကာ မန္တလေးဆေးရုံကြီးသို့ တင်ပို့ကုသစဉ် သေဆုံးသွားကြောင်း ရဲမှုခင်း မှတ်တမ်းအရ သိရသည်။

အခင်းဖြစ်နေရာ လမ်း ၃၀၊ ၅၈ လမ်း ၅၉ လမ်းကြား

သေဆုံးသူ မယွန်းဆက်ပိုင်သည် စစ်ကိုင်းမြို့တွင်၂၀၁၇ ခုနှစ်က ကျင်းပသော Miss Universe Sagaing 2017 ဆုအား ရရှိခဲ့သူဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သတ်၍ မန္တလေးအမှတ် ၃ ရဲစခန်းတွင် ယာဉ်(ပ)၂၁/၁၈ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄(က)ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

 

 

ထားဝယ်-မြိတ် လမ်းပိုင်းပေါ်ရှိ သဲချောင်းသား ကျေးရွာတွင် မီနီဘတ်စ်နှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိရာမှ နှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

ယာဉ်တိုက်မှု ဖြစ်ပွားပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ – ဇမ္ဗူမေတ္တာအရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့)

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်-မြိတ် လမ်းပိုင်းပေါ်ရှိ ထားဝယ်မြို့မှ မိုင် ၃၀ ကျော်ခန့်အကွာ သရက်ချောင်းမြို့နယ် သဲချောင်းသား ကျေးရွာတွင် စက်တင်ဘာ ၁၁ ရက် နံနက် ၁၁ နာရီခန့်က မီနီဘတ်စ်နှင့်    ဆိုင်ကယ်မျက်နှာချင်းဆိုင် တိုက်မိရာမှ လူငယ်နှစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှု ဖြစ်ပွားသည့်နေရာမှာ ထားဝယ်-မြိတ် အဝေးပြေး လမ်းမပေါ်ရှိ သရက်ချောင်းမြို့နယ် သဲချောင်းသား ကျေးရွာတွင်ဖြစ်ပြီး ထားဝယ်ဘက်မှလာသည့် မီနီဘတ်စ်ကားနှင့် မြိတ်ဘက်မှလာသော လူငယ်သုံးဦး စီးနင်းလာသည့် ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း၊ ယာဉ်တိုက်မှုကြောင့် လူငယ်သုံးဦး စီးလာသည့် ဆိုင်ကယ်ပေါ်မှ နှစ်ဦးမှာ အခင်းဖြစ်နေရာတွင် သေဆုံး၍ တစ်ဦးမှာ ဒဏ်ရာအပြင်းအထန် ရရှိကာ ရငဲတိုက်နယ် ဆေးရုံမှတစ်ဆင့် ထားဝယ်ပြည်သူ့ ဆေးရုံကြီးသို့ တင်ပို့ခဲ့ရကြောင်း သိရသည်။

“အခင်းဖြစ်တာကတော့ ၁၁ နာရီခွဲလောက်ဖြစ်ပြီး အုပ်ချုပ်ရေးမှူးဆီ သတင်းဝင်လာတော့ ကျွန်တော်တို့ကို အကြောင်း ကြားလိုက်တယ်။ ဆိုင်ကယ်နဲ့ကား တိုက်တယ်ဆိုတော့ ကျွန်တော်တို့ တက်လိုက်သွားတဲ့ အချိန်မှာ အခင်းဖြစ်နေရာမှာ နှစ်ယောက်က သေတယ်။ အသက် ၁၇ နှစ်နဲ့ ၁၈ နှစ်။ ဖြစ်တဲ့နေရာနဲ့ ကျွန်တော်တို့ရွာက ၁၀ မိုင် လောက်ဝေးတော့ ကျွန်တော်တို့တက် လိုက်သွားတဲ့အချိန်မှာ အခြားကားတစ်စီးကနေ မသေသေးတဲ့ တစ်ယောက်ကို သယ်လာပေးတော့ လမ်းမှာကျွန်တော်တို့နဲ့ လူနာလွှဲတယ်။ ပြီးတော့ ရငဲဆေးရုံကို သယ်လာပေးတယ်။ ပြီးတော့ ကျွန်တော်တို့နဲ့ မိတ်ဖက်အဖွဲ့ဖြစ်တဲ့ ကနက်သီရိရွာက ဖြူစင်မေတ္တာအဖွဲ့ကို အကြောင်းကြားပြီး သူတို့ကားတစ်စီးနဲ့ အလောင်းနှစ်လောင်းကို ရငဲဆေးရုံဆီ သယ်လာပေးတယ်။ မသေတဲ့ တစ်ယောက်ကို ရငဲဆေးရုံလာပို့တော့ သူ့မှာ ဦးခေါင်းဒဏ်ရာရတယ်၊ ခြေကျိုးတယ်၊ ဦးနှောက်မှာ လေးနေရာလောက်ကွဲတယ်။ ဆရာဝန်တွေက ဆေးတွေထည့်ပေး၊ ကျိုးနေတဲ့ ခြေထောက်ကို ကြပ်ထုပ်စည်းပြီးတော့ ကျွန်တော်တို့က ထားဝယ်ဆေးရုံကို ပို့ပေးလိုက်တယ်။ အဲဒီလူနာကတော့ ယူသွားတုန်းက သတိမေ့နေပေမယ့် အခုတော့ သတိရသွားပြီ။ သေသွားတဲ့ သူတွေကတော့ အတွင်းကြေ ဒဏ်ရာလို့ပဲ ပြောရမှာပေါ့။ ဦးခေါင်းခွံ ကွဲတာတွေရှိတယ်။ သုံးယောက်စလုံး အသက် ၁၇၊ ၁၈ အရွယ်တွေပါ။ သေတဲ့သူတွေကို ရငဲဆေးရုံ ရေခဲတိုက်ထဲ ထည့်ထားတယ်” ဟု ဇမ္ဗူမေတ္တာ အရေးပေါ်လူနာ ကူညီသယ်ဆောင်ရေး အဖွဲ့ (ရငဲရွာ) မှ ဥက္ကဋ္ဌဖြစ်သူ ဦးညီညီမင်းက ပြောကြားသည်။

ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည့် မီနီဘတ်စ်မှာ ရန်ကုန်ဘက်မှ ဘုရားဖူးလာရောက်သည့် ယာဉ်ဖြစ်ပြီး ယာဉ်တိုက်မှုကြောင့် ယာဉ်၏အရှေ့ဘက်ခြမ်း ပျက်စီးခဲ့ပြီး ယာဉ်ပေါ်ပါသူများ ထိခိုက်သူ မရှိခဲ့ကြောင်း၊ အခင်းဖြစ်သည့် နေရာတွင် ယင်းမီနီဘတ်စ်မှာ ယာဉ်ကြော၏ ဘယ်ဘက်အခြမ်းသို့ သုံးပုံတစ်ပုံခန့် ရောက်ရှိနေပြီး လူငယ်သုံးဦးမှာ လမ်း၏ညာဘက် အခြမ်းတွင် လဲကျနေသည်ကို တွေ့ခဲ့ရကြောင်း၊ ဆိုင်ကယ်ပေါ်တွင် လိုက်ပါလာသည့် လူငယ်သုံးဦးမှာ သဲချောင်းသားရွာတွင် နေထိုင်သူများ ဖြစ်သည်ဟု ဦးညီညီမင်းက ပြောကြားသည်။ ပြီးခဲ့သည့် သြဂုတ် ၂၂ ရက်ကလည်း အဆိုပါ ထားဝယ်-မြိတ် လမ်းပိုင်းပေါ်ရှိ  သရက်ချောင်းမြို့နယ် ကဇိတံတားဦး ကျေးရွာတွင် ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိမှု ဖြစ်ပွားပြီး အမျိုးသမီး တစ်ဦးနှင့် အမျိုးသားနှစ်ဦး သေဆုံးခဲ့ကြောင်း၊ ယင်း ထားဝယ်-မြိတ် လမ်းပိုင်းပေါ်ရှိ သရက်ချောင်းမြို့နယ် အပိုင်းတွင် ယခုနှစ်ပိုင်းအတွင်း ယာဉ်တိုက်မှုနှင့် ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပွားခဲ့ပြီး လူသေဆုံး ဒဏ်ရာရရှိမှုများ ရှိခဲ့ကြောင်း သိရသည်။

 

ပေါင်မြို့နယ် ကျုံကကျေးရွာ ရန်ကုန် – မော်လမြိုင် အဝေးပြေးလမ်းမပေါ်တွင် ယာဉ်နှစ်စီးတိုက်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိ

ရန်ကုန် – မော်လမြိုင် အဝေးပြေးလမ်းမပေါ်တွင် ယာဉ်နှစ်စီးတိုက်မှု ဖြစ်ပွားပြီးနောက် တွေ့ ရစဉ် (Photo : Paung Daily)

မွန်ပြည်နယ် ပေါင်မြို့နယ် ကျုံကကျေးရွာ ရန်ကုန်-မော်လမြိုင်အဝေးပြေး လမ်းမပေါ်တွင် သြဂုတ် ၁၀ ရက် ညနေငါးနာရီခန့်က ယာဉ်နှစ်စီးတိုက်မှု ဖြစ်ပွားရာမှ တစ်ဦးသေဆုံးပြီး ခြောက်ရက်သား ကလေးငယ်တစ်ဦး အပါအ၀င် ၁၂  ဦးတွင် စိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ပေါင်မြို့ နယ် ကျုံကကျေးရွာ ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမ မိုင်တိုင်အမှတ် (၁၇၇/၅) နှင့် (၁၇၇/၆) ကြားတွင် ပေါင်မြို့ဘက်မှ မော်လမြိုင်မြို့ဘက်သို့ YGN – 2I/—- နံပါတ်တပ် DOND FENG LIGHT  အမျိုးအစား အနီရောင် မော်တော်ယာဉ်မောင်းနှင်သူ ပဲခူးတိုင်းဒေသကြီး အင်းတကော်ကျေးရွာ၊  အမှတ် (၅) ရပ်ကွက်နေ ယာဉ်မောင်း နောင်နောင် (၂၅ နှစ်) သည် ယာဉ်အတွင်းရှိ သောက်ရေသန့်ဘူး ယာဉ်ကြမ်းပြင်ပေါ်သို့ ကျရောက်သွားသောကြောင့် ကောက်ယူခဲ့ရာ ၎င်းယာဉ်မှာ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိသွားပြီး တစ်ဖက်ယာဉ်ကြောရှိ မော်လမြိုင်ဘက်မှ ပေါင်မြို့ဘက်သို့ ပေါင်မြို့ နယ် ဇင်းကျိုက်မြို့ ခလောက်အင်း ရပ်ကွက်နေ နေမျိုးသူ (၃၄ နှစ်) မောင်းနှင်လာသော BGO – 1P/—- DAIHATSU HIJET အမျိုးအစား အဖြူရောင်ယာဉ်အား ၀င်တိုက်မိခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

အဆိုပါ ယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် YGN – 2I/—- နံပါတ်တပ် DOND FENG LIGHT  ယာဉ်မောင်း နောင်နောင်တွင် ၀ဲခြေညိုဖူးရောင်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ BGO – 1P/—- DAIHATSU HIJET ယာဉ်မောင်း နေမျိုးသူနှင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူများ ဖြစ်ကြသော ပေါင်မြို့နယ် ဇင်းကျိုက်မြို့၊ ခလောက်အင်း ရပ်ကွက်တွင် နေထိုင်သူများ ဖြစ်ကြသည့် မစုမွန်အောင်၊ မိမြတ်ဖြူစင်မွန် (၇ နှစ်)၊ မအိမွန်အောင် (၃၂ နှစ်)၊ မစန်းဝေ (၃၉နှစ်)၊ မနွယ်နွယ်စိုး (၃၀ နှစ်)၊ ဒေါ်ကြည်အေး (၅၃ နှစ်)၊ မစု နန္ဒာလင်း (၁၉ နှစ်)၊ မချောစုလင်း၊ မမိငယ် (၃၂ နှစ်)နှင့် ခြောက်ရက်သား အရွယ် ယောက်ျားလေးတစ်ဦးတို့တွင် စိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့ပြီး အ တွင်း လူနာများအဖြစ် မော်လမြိုင်ပြည်သူ့ ဆေးရုံကြီးသို့ တင်ပို့ဆေးကုသမှုပေးထား ကြောင်းနှင့် ဒေါ်ခင်အေး (၄၃ နှစ်) မှာ ဦး ခေါင်းညာဘက် ချိုစောင်းပေါက်ပြဲ ဒဏ်ရာဖြင့် အခင်းဖြစ်ပွားရာ နေရာ၌ သေဆုံးခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

“DOND FENG LIGHT  ယာဉ်မောင်းဖြစ်တဲ့ နောင်နောင်ကိုတော့ ဖမ်းဆီးရမိထားပါတယ်။ နောက်ပြီး သူ့ကိုလည်း ယာဉ်မဆင်မခြင် မောင်းနှင်မှု၊ လူသေဆုံးစေမှုတွေနဲ့လည်း အမှုဖွင့် အရေးယူ ထားပါတယ်” ဟု ပေါင်မြို့ နယ် မုတ္တမမြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်အား မဆင်မခြင်မောင်းနှင်ပြီး တစ်ဖက်ယာဉ်ကြောအား ၀င်ရောက်တိုက်မိ၍ လူအများ ဒဏ်ရာရရှိ၊ သေဆုံးအောင် ပြုလုပ်ခဲ့သူ နောင်နောင်အပေါ် မုတ္တမနယ်မြေ ရဲစခန်းမှ ယာဉ် (ပ) ၂၃/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ-၃၀၄-က/၃၃၈/၃၃၇ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

 

အမြန်လမ်းမကြီးပေါ်တွင် ယာဉ်တစ်စီး လမ်းလယ်ကျွန်းအား ကျော်လွန်၍ တစ်ဖက်ယာဉ်ကြောမှ အခြားယာဉ်အား ၀င်ရောက်တိုက်မိမှု ဖြစ်ပွားပြီး လူ ၈ ဦး ဒဏ်ရာရ

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ၁၀၈ မိုင်အနီးတွင် ဇူလိုင် ၂၅ ရက် နံနက်ပိုင်းက ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ မောင်းလာသော ယာဉ်တစ်စီးမှ အမြန်လမ်းမကြီး လမ်းလယ်ကျွန်းအား တိုက်မိပြီး တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ အခြားယာဉ်တစ်စီးအား ထပ်မံတိုက်ရာမှ ယာဉ်နှစ်စီးလုံးပေါ်တွင် လိုက်ပါသူ အမျိုးသား ၈ ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ကြောင်း ဖြူးအမြန်လမ်းကြီးရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၂၅ ရက် နံနက် ၉ နာရီ ၅၀ မိနစ်ခန့်က ဖြူးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ ယာဉ်မောင်း ကျော်ဇေယျ ၂၇ နှစ် (ဘ) ဦးစိုးမင်း၊ ပတ္တမြားလမ်းမ အင်းစိန်မြို့နေသူ မောင်းနှင်လာသော ယာဉ်အမှတ် 5J/—–MITSUBISHI ASX အဖြူရောင် မော်တော်ယာဉ်မှာ အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၀၈ မိုင် ၁ ဖာလုံအနီးသို့အရောက် အရှိန်မထိန်းနိုင်ပဲ လမ်းလယ်ကျွန်းကို ကျော်တက်ကာ တစ်ဖက်ယာဉ်ကြောဖြစ်သည့် မန္တလေး-ရန်ကုန် လမ်းဘက်အခြမ်းသို့ ရောက်ရှိပြီး တစ်ဖက်ယာဉ်ကြောအတိုင်း မောင်းနှင်လာသော ယာဉ်အမှတ် 1G/—– PRADO ခဲရောင်မော်တော်ယာဉ်အား ၀င်ရောက်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယာဉ်မတော်တဆမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး အမြန်လမ်းမကြီး ၁၁၅ မိုင်စခန်းမှူး ရဲအုပ်လှိုင်ဇော်ဦးက “တိုက်တာကတော့ သူတို့ ရန်ကုန်-မန္တလေး လမ်းကြောဘက်က မောင်းလာတဲ့ယာဉ်က လမ်းလယ်ကျွန်းကိုကျော်ပြီး အရှိန်လွန်ပြီး ဟိုဘက်က နေပြည်တော်-ရန်ကုန် ဘက်ခြမ်းပေါ့ အဲ့ဘက်ခြမ်းကကားကို သွားတိုက်တာဗ။ ကျန်တာတွေကတော့ ဆိုးဆိုးဝါးဝါး ဒဏ်ရာရတာ မရှိပါဘူးဗျ။ လူကတော့ ၈ ယောက်လောက်တော့ ဒဏ်ရာရတယ်။ ဒါပေမယ့် အဲ့ဒီဒဏ်ရာတွေက ဆိုးဆိုးဝါးဝါး ဒဏ်ရာရတာတွေ မပါဘူးဗျ။ ပွန်းမိခြစ်မိတာလေး တွေပါတယ်။ တစ်ယောက်ကတော့ ခြေထောက်ကျိုးသွားတာ တစ်ယောက်ပါပဲ။ ကျန်တာတော့ အဲ့လောက်များများစားစား ဒဏ်ရာရတာ မရှိပါဘူး။ ယာဉ်ထိခိုက်မှုကတော့ ကျွန်တော်တို့က အဲ့လောက်တော့ နားမလည်ဘူးခင်ဗ။ ယာဉ်ကတော့ တော်တော်လေးတော့ ပျက်စီးသွားတာပဲလေ။ ကျွန်တော်တု့က ဟိုဘက်လမ်းကျော်ပြီး မောင်းသွားတဲ့ကားကို ၃၃၇/၃၃၈နဲ့ အမှုဖွင့်ထားပါတယ်” ဟုပြောကြားသည်။

ယာဉ်မတော်တဆမှု ဖြစ်ပွားရာသို့ အမြန်လမ်းမကြီး ၁၁၅ မိုင်စခန်းမှူး ရဲအုပ်လှိုင်ဇော်ဦးနှင့်အဖွဲ့၊ အမြန်လမ်းမီးသတ်စခန်းမှ ဒုဦးစီးမှူးသိန်းထွန်းပါ အဖွဲ့တို့မှ ရောက်ရှိစစ်ဆေးခဲ့ရာ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိသည့် MITSUBISHI ASX ယာဉ်မှ ယာဉ်မောင်း ကျော်ဇေယျနှင့် ၄င်းယာဉ်ပေါ်လိုက်ပါသူ အမျိုးသား ၃ ဦးနှင့် တစ်ဖက်ယာဉ်ကြောရှိ PRADO ခဲရောင် မော်တော်ယာဉ်မှ ယာဉ်မောင်း မိုးသူ ၃၁ နှစ်(ဘ) ဦးဘလွင်၊ စက်မှုဇုန်ဝန်းအတွင်း၊ မြောက်ဥက္ကလာပနေသူနှင့် ၄င်းယာဉ်ပေါ်လိုက်ပါသူ အမျိုးသား ၃ ဦးအပါ အ၀င် ယာဉ်နှစ်စီးလုံးပေါ်မှ ယာဉ်မောင်းများပါ အမျိုးသား ၈ ဦးတို့တွင် ထိခိုက်ဒဏ်ရာ အသီးသီး ရရှိခဲ့ပြီး ဖြူးမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာများအဖြစ် ဆေးကုသမှုခံယူခဲ့ရကြောင်း သိရသည်။

ယာဉ်မတော်တဆမှုကြောင့် ယာဉ်နှစ်စီးလုံးမှာ ပျက်စီးဆုံးရှုံးမှု များပြားခဲ့ပြီး တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိပြီး ၀င်တိုက်သော MITSUBISHI ASX ယာဉ်မှာ ရှေ့ယာဘက်ခြမ်း၊ ရှေ့လေကာမှန်တို့ ကွဲကြေပျက်စီး၊ ယာဘက်ခြမ်း တံခါးနှင့် နောက်လေကာမှန်တို့ ပျက်စီးသွားခဲ့ပြီး အတိုက်ခံရသော PRADO ယာဉ်မှာ ယာဉ်၏၀ဲဘက်ခြမ်းတို့ ကြေမွပျက်စီးသွားခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

အဆိုပါ ယာဉ်မတော်တဆမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ယာဉ်တိုက်မှု ဖြစ်ပွားစေရန် ယာဉ်အား မဆင်မခြင် မောင်းနှင်သည့် MITSUBISHI ASX ယာဉ်မောင်း ကျော်ဇေယျအား ဥပဒေအရ အရေးယူပေးရန် ဒုရဲအုပ်ရွှေကိုမှ တရားလိုလုပ် တိုင်တန်းခဲ့သောကြောင့် ဖြူးအမြန်လမ်းကြီးရဲစခန်းမှ ယာဉ်(ပ)၁၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

 

 

လားရှိုးမှ ရန်ကုန်သို့ ထွက်ခွာမည့် ခရီးသည်တင်မှန်လုံယာဉ်နှင့် တွဲကားတစ်စီး တိုက်မိပြီး ၁၂ ဦးဒဏ်ရာရ

ဓာတ်ပုံ – လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသည့် ရွှေမန္တလာ ခရီးသည်တင် မှန်လုံယာဉ်နှင့် လားရှိုးမြို့ဘက်သို့ ဦးတည်မောင်းနှင်လာသည့် ၂၂ ဘီးတွဲကားယာဉ် တစ်စီးတို့ နောင်မွန်ကျေးရွာနှင့် နောက်ကွဲကျေးရွာအကြား မိုင်တိုင်အမှတ် ၁၅၈/၂ အနီးတွင် ဇွန်လ ၁ ရက်နေ့ ညနေ (၃) နာရီခွဲ အချိန်ခန့်က ခေါင်းချင်းဆိုင် တိုက်မိခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ရွှေမန္တလာ ခရီးသည်တင် ယာဉ်မောင်းဖြစ်သူ ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပြီး ယာဉ်ပေါ်ပါသူ ခရီးသည်များ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ရွှေမန္တလာ ခရီးသည်တင်ယာဉ်နဲ့ တွဲကားမျက်နှာချင်းဆိုင် တိုက်မိမှု ဖြစ်ပွားတာပါ။ ယာဉ်တိုက်မှုကြောင့် ခရီးသည်တင် ယာဉ်မောင်း ဒဏ်ရာရပါတယ်။ သူ့ဒဏ်ရာက နည်းနည်းပြင်းပုံ ရပါတယ်။ ကျွန်တော်တို့ ယာဉ်တိုက်မှု ဖြစ်ပွားတဲ့နေရာကနေ ဆေးရုံကိုပို့ရတဲ့လူနာ ၁၂ ဦးရှိပါတယ်။ လေးဦးကတော့ ဆေးရုံတက်ရပါတယ်။ သေဆုံးသူတော့ မရှိပါဘူး” ဟု လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့မှ စိုင်းဝသုန်ထွန်းက ပြောသည်။

ဓာတ်ပုံ – လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့

“နောင်မွန်နဲ့ နောင်ကွဲကျေးရွာကြားမှာ ရွှေမန္တလာ ခရီးသည်တင်ယာဉ်နဲ့ တွဲကားတိုက်မိတယ်ဆိုတာ ဟုတ်ပါတယ်။ ရွှေမန္တလာခရီးသည်တင်ယာဉ်က လားရှိုးကနေ ရန်ကုန်ကို ထွက်ခွာတဲ့ ခရီးသည်တင်ယာဉ် ဖြစ်ပါတယ်။ ယာဉ်မောင်းကတော့ တော်တော်ထိသွားတယ်လို့ ပြောပါတယ်။ ကျန်ထိခိုက်ဒဏ်ရာရတဲ့ စာရင်း အတိအကျကိုတော့ မသိသေးပါဘူး။ ဂိတ်ကတာဝန်ရှိတဲ့ သူတွေတော့ လိုက်သွားပါတယ်” ဟု လားရှိုးမြို့ ရွှေမန္တလာ ကားဂိတ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ရွှေမန္တလာ ခရီးသည်တင် မှန်လုံယာဉ် ရှေ့ပိုင်းနှင့် ၂၂ ဘီးတွဲကား ရှေ့ခေါင်းပိုင်း ကျေမွပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူများအား လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့နှင့် သီပေါမြို့ နယ်စည်းမခြား ပရဟိတအဖွဲ့တို့မှ လားရှိုးဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

 

လမ်းဘေးတွင်ရပ်ထားသော ဆီဘောက်ဆာယာဉ်အား ၁၈ ဘီးတွဲကားမှ ၀င်တိုက်ပြီး တစ်ဦးသေဆုံး နှစ်ဦး ဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်တွင် ဇွန် ၂၃ ရက် နံနက် ပိုင်းက ရန်ကုန်-မန္တလေး လမ်းမဟောင်းဘေးတွင် ရပ်ထားသော ဆီဘောက်ဆာယာဉ်အား၊ သကြားများ တင်ဆောင်လာသည့် ၁၈ ဘီး တွဲကားတစ်စီးက အရှိန်မထိန်းနိုင်ပဲ နောက်မှဝင်တိုက်မိရာမှ တွဲကားပေါ်လိုက်ပါသူ ယာဉ်မောင်းတစ်ဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်ပွားပြီး အခင်းဖြစ်နေရာသို့ သွားရောက်ကူညီခဲ့သည့် တောင်ငူ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအဖွဲ့(DR) ဥက္ကဋ္ဌ ကိုမျိုးကျော်သူက “မနက်က သူတို့ ၃ နာရီခွဲလောက်မှာ စဖြစ်တယ် ပြောတယ်၊ ၃ နာရီခွဲလောက်မှာ စဖြစ်တယ်၊ ယာဉ်မောင်းက အဲ့ဒီမှာ ညှပ်ပြီးတော့ တစ်ခါထဲ ပွဲချင်းပြီးသေတယ်၊ ဘေးမှာထိုင်လာတဲ့ ယာဉ်အကူကောင်လေး တစ်ယောက်ကကျတော့ ဘယ်ဘက်ခြမ်းကနေ မှန်ခွဲပြီးတော့ ထွက်လို့ရတယ်၊ အခုညှပ်နေတဲ့ စပယ်ယာကကျတော့ နောက်မှာအိပ်ပြီး လိုက်လာတာ၊ ကားခေါင်းက စောင့်လိုက်တဲ့ အချိန်မှာ ဒရိုင်ဘာရဲ့ခုံနဲ့ အပေါ်ကအမိုးနဲ့ နောက်ကကျောနဲ့လာပြီး ညှပ်နေတာ၊ သူ့ကိုတော့ ၉ နာရီကျော် လောက်မှာပဲ နောက်ကနေ တွဲ ၂ စီးနဲ့ ဆွဲထုတ်လိုက်ရတယ်၊ ဆွဲထုတ်တော့ မီးသတ်တပ်ဖွဲ့လည်း ရောက်တယ်၊ တောင်ငူခရိုင် မီးသတ်လည်းရောက်တယ်၊ အဲ့ဒီက အဖွဲ့တွေနဲ့ပေါင်းပြီးတော့ ကယ်လိုက်နိုင်တယ်၊ အားလုံး ၃ ယောက်မှာ ၂ ယောက်ရှင်တယ်၊ ယာဉ်မောင်းက ပွဲချင်းပြီးသေသွားတယ်၊ ဒဏ်ရာရတဲ့လူတွေက ရေတာရှည်ဆေးရုံမှာပဲ၊ သူတို့အခြေအနေတွေက ကောင်းပါတယ်” ဟုပြောကြားသည်။

ဖြစ်စဉ်မှာ ဇွန် ၂၃ ရက် နံနက် ၃ နာရီ ခွဲခန့်က ရေတာရှည်မြို့နယ်၊ မြို့မအားကစားကွင်းရှေ့၊ ရန်ကုန်-မန္တလေး လမ်းမဟောင်း မိုင်တိုင်အမှတ် ၁၉၁ မိုင် ၀ ဖာလုံနှင့် ၁ ဖာလုံအကြားတွင် ယာဉ်မောင်း ကိုသိန်းစိုးဝင်း ၃၅ နှစ်(ဘ)ဦးငွေသောင်း၊ တောင်သာမြို့နယ်နေသူ မောင်းနှင်သော ယာဉ်အမှတ် 6N/——- IZUSU အပြာရောင် ၁၂ ဘီး၊ ဆီသည်ယာဉ် (အောက်တိန်းဆီ ၄၀၄၈၀ လီတာ) ပါသည့် ဆီဘောက်ဆာယာဉ်အား လမ်းမအတိုင်း လမ်းဘေးတွင် တောင်မှမြောက်သို့ ဦးတည်ရပ်ထားစဉ် ယာဉ်ကြောတူအတိုင်း ယာဉ်မောင်း အုန်းကျော်မြင့် ၃၁ နှစ် (ဘ)ဦးနေ၀င်း၊ မိတ္ထီလာမြို့နေသူ မောင်းနှင်ပြီး ၄င်းနှင့်အတူ ရှေ့ခေါင်းခန်း ကိုကိုလင်း ၂၅ နှစ် (ဘ)ဦးသန်းဌေး၊ ခေါင်းခန်း၏ နောက်ခန်းထဲတွင် ကိုကိုချစ် ၂၀ နှစ်(ဘ) ဦးသန်းတင့်တို့ လိုက်ပါလာသော ယာဉ်အမှတ် 4L/—–၁၈ ဘီးတွဲကား (သကြားကုန်တင်ယာဉ်) က အရှိန်မထိန်းနိုင်ပဲ ဆီဘောက်ဆာယာဉ်အား နောက်မှဝင်တိုက် မိခဲ့ခြင်းဖြစ်သည်။

ယာဉ်တိုက်မှုဖြစ်ကြောင့် နောက်မှဝင်တိုက်သော ၁၈ ဘီးတွဲကား၏ ယာဉ်မောင်း အုန်းကျော်မြင့်မှာ ခါးရိုးကျိုး၊ ၀ဲခြေသလုံးရိုးကျိုးဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း၊ ယာဉ်၏ နောက်ခန်းအတွင်း၌ အိပ်ပြီးလိုက်လာခဲ့သော ကိုကိုချစ်မှာ ကားအတွင်း ညှပ်မိနေခဲ့ရာ တောင်ငူမြို့ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအဖွဲ့(DR)၊ တောင်ငူခရိုင်မီးသတ်အဖွဲ့၊ ရေတာရှည်မြို့နယ် မီးသတ်အဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များမှ သွားရောက်ကူညီ ဆောင်ရွက်ပေးခဲ့ကြပြီး နံနက် ၉ နာရီအချိန်ခန့်၌ ကယ်ထုတ်ပေးနိုင်ခဲ့ကြောင်း၊ နောက်မှတိုက်သော ၁၈ ဘီးတွဲကား၏ ရှေ့ခေါင်းခြမ်းတစ်ခုလုံးမှာ ပျက်စီးကြေမွသွားခဲ့ပြီး သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာ ရရှိသူများအား ရေတာရှည်မြို့နယ် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ဆီဘောက်ဆာယာဉ်အား တိုက်ခံရပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရသည့် အခြေအနေနှင့် ပတ်သက်ပြီး ရေတာရှည်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူး ဦးမင်းနိုင်က “နံနက် ၃ နာရီခွဲ အချိန်ပေါ့နော် ဆီဘောက်ဆာယာဉ်နဲ့ သကြားတင်ဆောင်ထားတဲ့ ယာဉ်ပေါ့၊ သူကနောက်က ၀င်တိုက်ပြီးတော့ ဆီတွေလည်း ဖိတ်တယ်ဆိုလို့ လှမ်းပြီးသတင်းပို့လို့ ကျွန်တော်တို့ သွားပါတယ်ခင်ဗျ၊ ကျွန်တော်တို့ ရေတာရှည်မီးသတ်က မီးငြိမ်းသတ်ယာဉ်တစ်စီးနဲ့ ရေဘောက်ဆာတစ်စီး ပေါ့သွားပါတယ်။ ကျွန်တော်တို့ သွားတဲ့အချိန်မှာတော့ နောက်ကကားကတော့ ဆီယိုဖိတ်တာတော့ ရှိတာပေါ့နော်၊ ရှေ့ကဆီဘောက်ဆာ ကတော့ ဘာမှမဖိတ်ပါဘူးခင်ဗျ၊ ကျွန်တော်ကတော့ ဖြစ်လာရင် ငြိမ်းဖို့ဆိုပြီးတော့ အသင့်နေပေးရတာပေါ့၊ သူတို့မှာ ပိတ်မိနေတဲ့ တစ်ယောက်ရှိတယ်၊ ကျွန်တော်တို့ ကယ်တာကတော့ ကားထဲမှာ ညှပ်နေတဲ့လူကို ကယ်တာ၊ ညှပ်နေတဲ့လူကတော့ ခြေထောက်ပွန်းပဲ့ဒဏ်ရာပေါ့ အဲ့လိုတော့ရတယ် ဆေးရုံကိုပို့ပြီးပါပြီ၊ ယာဉ်မောင်းကတော့ စဖြစ်ဖြစ်ပြီးကတည်းက ပွဲချင်းပြီး သေသွားတယ်ခင်ဗျ” ဟု ပြောကြားသည်။

အဆိုပါ ယာဉ်မတော်တဆမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး မိမိကိုယ်ကို သေဆုံးစေပြီး ယာဉ်ပေါ်ပါလာသူများ ထိခိုက်ဒဏ်ရာ ရရှိအောင် ယာဉ်အားမဆင်မခြင် မောင်းနှင်သည့် ယာဉ်မောင်း အုန်းကျော်မြင့်အား အရေးယူပေးရန် ဒုရဲအုပ်ဇော်မြင့်မှ တရားလိုလုပ် တိုင်တန်းခဲ့သောကြောင့် ရေတာရှည် မြို့မရဲစခန်းမှ ယာဉ်(ပ)၁၈/၂၀၁၈၊ ပြစ်မှု ပုဒ်မ ၃၀၄-က/၃၃၈ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

 

 

ခြောက်ဘီးယာဉ်နှင့် ခရီးသည်တင် လိုက်ထရပ်ယာဉ်တစ်စီး မျက်နှာချင်းဆိုင် တိုက်မိရာ လူ ၇ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရ

ဓာတ်ပုံ – သုခကာရီ rescue

စစ်ကိုင်းမြို့နယ်၊ မုံရွာ-မန္တလေး ကားလမ်း၊ ကုန်းရွာမြစ်ရေတင် စီမံကိန်းအနီး ခြောက်ဘီးယာဉ်နှင့် ခရီးသည်တင် လိုက်ထရပ်ယာဉ် မျက်နှာချင်းဆိုင်တိုက်မိရာ လူ ၇ ဦးသေဆုံးပြီး ၉ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဇွန် ၅ တွင် စစ်ကိုင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

“စစ်ကိုင်းဆေးရုံမှာ ကျားတစ်ဦး၊ မလေးဦး ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့ပြီး မန္တလေးဆေးရုံကြီးကို လွှဲလိုက်တဲ့ လူနာထဲက ကျားတစ်ဦး မတစ်ဦး ထပ်သေဆုံးခဲ့ပါတယ်” ဟု စစ်ကိုင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျ ရဲအရာရှိက ပြောကြားသည်။

ဇွန်လ ၅ ရန်၊ နံနက် ၁၁ နာရီခွဲအချိန်က စစ်ကိုင်းမြို့နယ် မုံရွာ-မန္တလေးကားလမ်း၊ ကုန်းရွာကျေးရွာ မိုင်တိုင် အမှတ် (၂၃/၁) နှင့် (၂၃/၂) ကြား စစ်ကိုင်းမှ အုန်းတောဘက်သို့ ယာဉ်မောင်း လေးမင်း (၄၀) နှစ် ရွှေတောင်ကွက်သစ်၊ ချောင်းဦးမြို့ မောင်းနှင်လာသော MDY 8H/…. Light Truck ဖြူပြာရောင် ခရီးသည်တင်ယာဉ်နှင့် မုံရွာမှ စစ်ကိုင်းဘက်သို့ မောင်းနှင်လာသော အမည်မသိ (စုံးစမ်းဆဲ) မောင်းနှင်လာသော BGO 6P/…. Canter ခြောက်ဘီး ဖြူနီကြားယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိရာ ခရီးသည်တင် လိုက်ထရပ် ယာဉ်ပေါ်ပါ ခရီးသည် ၁၆ ဦးအနက် ကျား ၂ ဦး မ ၅ ဦး စုစုပေါင်း ၇ ဦး သေဆုံးခဲ့ကာ လိုက်ထရပ်ယာဉ်မောင်း လေးမင်း အပါအဝင် ခရီးသည် ၉ ဦးသည် စစ်ကိုင်းဆေးရုံကြီးနှင့် မန္တလေးဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုတွင် ခြောက်ဘီးယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင် သွားသဖြင့် ဖမ်းဆီးရမိရေးနှင့် အမှုဖွင့် အရေးယူ ဆောင်ရွက်နိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း စစ်ကိုင်းမြို့နယ် ရဲတပ်ဖွဲ့မှ သိရသည်။

 

YBS 21 ယာဉ်တစ်စီးက ကွန်တိန်နာယာဉ်ကို တိုက်မိပြီး ရှစ်လအရွယ် ကလေးတစ်ဦးအပါအ၀င် ကိုးဦးဒဏ်ရာရ

အင်းစိန်မြို့နယ်တွင် YBS 21 ယာဉ်တစ်စီးက ကွန်တိန်နာယာဉ်အား ၀င်တိုက်မိမှုဖြစ်ပွားခဲ့ပြီး ရှစ်လအရွယ် ကလေးတစ်ဦးအပါအ၀င် ကိုးဦး ဒဏ်ရာရရှိခဲ့ကြောင်း မေ ၂၀ ရက်တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။

မေ ၁၉ ရက် ည ၁၀ နာရီခွဲခန့်တွင် အင်းစိန်မြို့နယ်၊ မင်းကြီးလမ်းအတိုင်း မောင်းနှင်လာသည့် YBS 21 ယာဉ်တစ်စီးသည် မညကမှတ်တိုင် အလွန်အရောက်တွင် အရှိန်လွန်ကာ တစ်ဖက်ယာဉ်ကြောသို့ရောက်ရှိပြီး တစ်ဖက်ယာဉ်ကြောမှ မောင်းနှင်လာသည့် ကွန်တိန်နာယာဉ်တစ်စီးကို ၀င်တိုက်မိခဲ့ကြောင်း သိရသည်။

ယင်းသို့ဝင်တိုက်မိမှုကြောင့် ယာဉ်နှစ်စီးပျက်စီးခဲ့ပြီး YBS 21 ယာဉ်မောင်းနှင့် ယင်းယာဉ်ပေါ်ပါသူ ခုနစ်ဦး၊ ကွန်တိန်နာယာဉ်ပေါ်ပါ ရှစ်လအရွယ်ကလေးတစ်ဦးနှင့် အမျိုးသမီးတစ်ဦး စုစုပေါင်းကိုးဦးမှာ ဒဏ်ရာအသီးသီးရရှိခဲ့ပြီး အင်းစိန်ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှ YBS 21 ယာဉ်မောင်းအား အင်းစိန်မြို့မရဲစခန်းက ယာဉ်(ပ)၃၇/ ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇/၂၇၉ ဖြင့်အမှုဖွင့်ကာ အရေးယူဆောင်ရွက်နေကြောင်း သိရသည်။

ပုဏ္ဏားကျွန်းနှင့် ကျောက်တော်မြို့အကြား အဝေးပြေးလမ်းတွင် ယာဉ်တိုက်မှုများ နေ့စဉ်ဖြစ်ပေါ်နေ

ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့များရှိ ပုဏ္ဏားကျွန်းနှင့် ကျောက်တော်မြို့အကြား အဝေးပြေးလမ်းပေါ်တွင် နေ့စဉ်ယာဉ်တိုက်မှုများ ဖြစ်ပေါ်နေသဖြင့် ယာဉ်ကို ဆင်ခြင်မောင်းနှင်ရန် လိုအပ်ကြောင်း ဒေသခံများက ပြောကြားသည်။

အဆိုပါလမ်းသည် ရန်ကုန်-စစ်တွေ အဝေးပြေးလမ်းတွင် ပါဝင်သောအပိုင်းဖြစ်ပြီး ကွန်ကရစ်လမ်းအဖြစ် ယခင်နှစ်ကတည်းက ပြန်လည်ဖောက်လုပ်ထားသော လမ်းလည်းဖြစ်သည်။ ယာဉ်ကြီးယာဉ်ငယ်များစွာ နေ့စဉ်သွားလာလျက်ရှိရာတွင် အထူးသဖြင့် ဆိုင်ကယ်ချင်းတိုက်မိခြင်း၊ ဆိုင်ကယ်နှင့် ယာဉ်တိုက်မိခြင်း၊ ယာဉ်ငယ်အချင်းချင်း တိုက်မိခြင်းများ ဖြစ်ပေါ်လေ့ရှိပြီး အများစုမှာ ဆိုင်ကယ်ဖြင့်တိုက်မိခြင်းဖြစ်ကြောင်း သိရသည်။

“ပြောရရင်တော့ ဒီလမ်းမှာ နေ့စဉ်လိုဖြစ်နေတယ်။ အဓိက,ကတော့ ယာဉ်ကို မဆင်မခြင်မောင်းကြတာကြောင့်ပါ။ ကွန်ကရစ်လမ်းလည်းဖြစ်တယ်။ အရင်ကထက် လမ်းကောင်းသွားတယ်ဆိုတော့ မောင်းလို့ကောင်းတယ်ဆိုပြီး မောင်းကြတယ်။ ဒါပေမဲ့ အရှိန်မထိန်းနိုင်တော့ တိုက်ကြတာပေါ့။ ကိုယ့်ဟာကိုယ် မှောက်ကြတာလည်း မနည်းဘူး။ ဒါကြောင့် ဆင်ဆင်ခြင်ခြင်မောင်းနှင်ဖို့ လိုတယ်လို့ အကြံပြုလိုပါတယ်” ဟု ပုဏ္ဏားကျွန်းမှ ဦးကျော်သန်းက ပြောကြားသည်။

ထို့ပြင်မြို့ပေါ်နေရာ၌သာ ယာဉ်ထိန်းရဲများရှိနေပြီး ပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုနည်းပါးခြင်းနှင့် ယာဉ်မောင်းသူများ စည်းကမ်းလိုက်နာမှုမရှိခြင်းတို့မှာလည်း ယာဉ်မတော်တဆဖြစ်ပေါ်မှုကို မြင့်မားစေကြောင်း သိရှိရပြီး ရခိုင်ပြည်နယ်အတွင်း သံတွဲခရိုင်တွင် ယာဉ်တိုက်မှုအများဆုံး ဖြစ်ပေါ်လျက်ရှိကြောင်းလည်း ပြည်နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။

“ယာဉ်ထိန်းရဲဆိုတာကလည်း လမ်းတစ်လျှောက်မှာ မထားနိုင်ဘူးလေ။ မြို့ပေါ်မှာ လောက်သာရှိတယ်ဆိုတော့ မြို့နဲ့ဝေးလာလေ စည်းကမ်းမဲ့လေဖြစ်တတ်ပါတယ်။ ကားတွေကလည်း စည်းကမ်းမလိုက်နာဘူး။ မောင်းချင်သလို မောင်းကြတယ်။ နောက်ဆုံးတော့ ယာဉ်တိုက်မှုဖြစ်လို့ ထိခိုက်နစ်နာသူတွေဟာ စည်းကမ်းမလိုက်နာသူတွေက များတယ်။ ဒီကြားထဲ စည်းကမ်းနဲ့နေသူတွေကလည်း ကြားညှပ်ပြီး နစ်နာမှုတွေရှိတယ်။ ကိုယ်မမှားဘဲ သူများမှားလို့ ဒုက္ခရောက်ရသူတွေလည်း ရှိတယ်လို့ပြောရမယ်။ အကောင်းဆုံးကတော့ ကိုယ့်အသိနဲ့ကိုယ် မောင်းနှင်ကြဖို့လိုတယ်” ဟု ကျောက်တော်မြို့မှ ကိုဇော်ဝင်းက ပြောကြားသည်။

အဆိုပါလမ်းပိုင်းတွင် မေ ၅ ရက်ကလည်း ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်မောင်းသူမှာ အသက်အန္တရာယ်စိုးရိမ်ရသည့် အနေအထားတွင် ရှိခဲ့ကြောင်း သိရသည်။