အမြန်လမ်းမကြီးပေါ်တွင် သြဂုတ်လအတွင်း ယာဉ်မတော်တဆမှု ၃၈ ကြိမ်ဖြစ်ပွားပြီး ခြောက်ဦး သေဆုံးကာ ၄၄ ဦး ဒဏ်ရာရ
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် သြဂုတ်လအတွင်းက ယာဉ်မတော်တဆမှုပေါင်း ၃၈ ကြိမ် ဖြစ်ပွားခဲ့ရာ ယာဉ်မတော်တဆမှုများကြောင့် သေဆုံးသူခြောက်ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၄၄ ဦး ရှိခဲ့ကြောင်း နေပြည်တော် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
သြဂုတ်လအတွင်း ဖြစ်ပွားသည့် ယာဉ်မတော်တဆမှု ၃၈ ကြိမ်တွင် သေဆုံးသူ ကျား လေးဦး၊ မ နှစ်ဦး စုစုပေါင်းသေဆုံးသူ ခြောက်ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ကျား၂၈ ဦး၊ မ ၁၆ ဦး စုစုပေါင်း ၄၄ ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ၂၀၁၈ ခုနှစ် ဇန်န၀ါရီလမှ သြဂုတ်လကုန်အထိ ရှစ်လတာ ကာလအတွင်း ယာဉ်မတော်ဆမှုပေါင်း ၂၉၇ ကြိမ်ဖြစ်ပွား၍ သေဆုံးသူ ၆၀၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၇၁ ဦးရှိခဲ့ရာ တစ်လပျမ်းမျှ ယာဉ်မတော်တဆမှုပေါင်း ၃၇ ကြိမ်၊ တစ်လပျမ်းမျှ သေဆုံးသူ ခုနစ်ဦးနှင့် တစ်လပျမ်းမျှ ထိခိုက်ဒဏ်ရာရရှိသူ ၇၁ ဦးရှိခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
မှတ်တမ်းများအရ ၂၀၁၈ ခုနှစ် ဇန်န၀ါရီ ယာဉ်တော်တဆမှုပေါင်း ၄၁ ကြိမ်တွင် သေဆုံးသူ ကိုးဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၈၃ ဦး၊ ဖေ ဖော်ဝါရီတွင် ယာဉ်မတော်တဆ မှုပေါင်း ၃၆ ကြိမ်၊ သေဆုံးသူ ၁၁ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၇၆ ဦး၊ မတ်တွင် ယာဉ်မတော်တဆမှုပေါင်း ၃၃ ကြိမ်၊ သေဆုံးသူ လေးဦးနှင့် ထိခိုက်ဒဏ်ရာ ၆၂ ဦး၊ ဧပြီတွင် ယာဉ်မတော်တဆမှုပေါင်း ၄၄ ကြိမ်၊ သေဆုံးသူ ၁၂ ဦးနှင့် ထိခိုက်ဒဏ်ရာ ရရှိ သူ ၁၃၇ ဦး၊ မေတွင် ယာဉ်မတော် တဆမှုပေါင်း ၃၇ ကြိမ်တွင် သေဆုံး သူ ရှစ်ဦးနှင့်ထိခိုက်ဒဏ်ရာရရှိသူ ၇၇ ဦး၊ ဇွန်တွင် ယာဉ်မတော်တဆ မှုပေါင်း ၄၀ ကြိမ်တွင် သေဆုံးသူ ခြောက်ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၅၅ ဦး၊ ဇူလိုင်တွင် ယာဉ်မတော် တဆမှုပေါင်း ၂၈ ကြိမ် ဖြစ်ပွားခဲ့ရာ သေဆုံးသူ လေးဦး၊ ထိခိုက်ဒဏ်ရာ ရရှိသူ ၃၇ ဦးနှင့် သြဂုတ်တွင် ယာဉ် မတော်တဆမှုပေါင်း ၃၈ ကြိမ် ဖြစ် ပွားခဲ့ရာ သေဆုံးသူ ခြောက်ဦး ရှိခဲ့ ကြောင်း မှတ်တမ်းအချက်အလက် များအရ သိရသည်။
အမြန်လမ်းတွင် ယာဉ်မတော်တဆ ဖြစ်ပွားမှုများ လျော့နည်းစေရန် အမြန်လမ်း တာဝန်ရှိသူများ ပူးပေါင်း၍ သတ်မှတ်အရှိန်နှုန်းထက် ပိုမောင်းသောယာဉ်များ၊ ခါးပတ်မပတ်ယာဉ်များအား စစ်ဆေးဖမ်းဆီးလျက်ရှိပြီး ယာဉ်များကို တရားရုံးများတွင် ဒဏ်ရိုက် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း၊ အမြန်လမ်းမကြီးပေါ်၌ ယာဉ်မတော်တဆမှုများ ဖြစ်ပွားရာတွင် အရှိန်လွန်မောင်း နှင်ခြင်း၊ မော်တော်ယာဉ် ဘီးပေါက်ခြင်းနှင့် ယာဉ်မောင်း အိပ်ငိုက်ခြင်းများကြောင့် ယာဉ်မတော်တဆမှုများ အဖြစ်များလေ့ရှိကြောင်း သိရသည်။
ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းပေါ်ရှိ ပေါင်မြို့နယ် နတ်ကြီးချောင်ကျေးရွာ တံတားအောက်သို့ မော်တော်ယာဉ်တစ်စီး အရှိန်လွန်ထိုးကျမှု ဖြစ်ပွားခဲ့
နတ်ကြီးချောင်ကျေးရွာ တံတားအောက်သို့ အရှိန်လွန်ထိုးကျခဲ့သည့် မော်တော်ယာဉ်ကို တွေ့ရစဉ်
ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းပေါ်ရှိ ပေါင်မြို့ နယ် နတ်ကြီးချောင်ကျေးရွာ တံတားအောက်သို့ မော်တော်ယာဉ်တစ်စီး အရှိန်လွန် ထိုးကျတိမ်းမှောက်မှု စက်တင်ဘာ ၃ ရက် နံနက် ၈ နာရီက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မော်လမြိုင်မြို့ဘက်မှ သထုံမြို့ဘက်သို့ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၊ ဘုရားကိုင်ရပ်ကွက်နေ မောင်နေဖြိုးလှိုင် (၂၃) နှစ် (ဘ) ဦးထွေးလှိုင် မောင်းနှင်ပြီး ယာဉ်နောက်တွင် မြိတ်မြို့၊ ဘုရားကိုင်ရပ်ကွက်နေ ဦးသန်းစိုး (၄၉) နှစ် (ဘ) ဦးသန်းကြွယ်နှင့် မောင်အောင်အောင်ဦး (၁၃) နှစ် (ဘ) ဦးသန်းစိုးတို့ လိုက်ပါစီးနင်းလာသည့် HINO DUTRO အမျိုးအစားအဖြူရောင် ယာဉ်အမှတ်  6N/—-  သည် ပေါင်မြို့နယ် နတ်ကြီးချောင်ကျေးရွာ ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမ မိုင်တိုင်အမှတ် (၁၇၈/၆) ရှိတံတားအမှတ် (၁၇၉/၄) အနီးအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏၀ဲဘက်ခြမ်းရှိ တံတားအမှတ် (၁၇၉/၄) အောက်သို့ ထိုးကျတိမ်းမှောက် သွားခဲ့ကြောင်း၊ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း မောင်နေဖြိုးလှိုင်တွင် ၀ဲလက်ကောက်ဝတ် အရိုးကျိုး၊ ၀ဲခြေသလုံး ပေါက်ပြဲဒဏ်ရာနှင့် ၀ဲခြေဖမိုး ပေါက်ပြဲဒဏ်ရာများ၊ ဦးသန်းစိုးတွင် ယာလက်ကောက်ဝတ် အရိုးကျိုး၊ နောက်ကျောအောင့် ဒဏ်ရာနှင့် မောင်အောင်အောင်ဦးတွင် ပွန်းခြစ်ဒဏ်ရာအချို့ ရရှိခဲ့ကြောင်း ရဲမှတ်တမ်များအရ သိရသည်။
“ကျွန်တော်တို့ဆီကို ကျုံကကျေးရွာ အုပ်ချုပ်ရေးမှူးကနေပြီး ကားတစ်စီး တံတားပေါ်ကနေ ကျသွားတယ် ဆိုတဲ့အကြောင်း သတင်းပို့တော့ ကျွန်တော်နဲ့ တပ်ဖွဲ့ဝင်တွေ အခင်းဖြစ်ပွားတဲ့နေရာကို ထွက်ခွာခဲ့ကြပါတယ်။ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေရော မော်လမြိုင်ဘက်က လူမှုကူညီကယ်ဆယ်ရေး အဖွဲ့တွေပါ အခင်းဖြစ်ပွားရာ ရောက်ကြပါတယ်။ ကျွန်တော်တို့ ရောက်တဲ့အချိန်မှာ ဒရိုင်ဘာက စတီယာတိုင် တစ်အုံလုံးနဲ့ ရင်ဘတ်နဲ့ ညပ်နေတယ်။ ခြေထောက်တွေကလည်း ညပ်နေပါတယ်။ အဲဒါကို ကျွန်တော်တို့က အရေးပေါ် ကယ်ဆယ်ရေး ပစ္စည်းတွေနဲ့ ခက်ခက်ခဲခဲကို ထုတ်ယူခဲ့ရပါတယ်။ ဒရိုင်ဘာရော ယာဉ်ပေါ်ပါလာသူ နှစ်ဦးပါ ဒဏ်ရာပြင်းပြင်းထန်ထန် မရရှိခဲ့ကြပါဘူး” ဟု ပေါင်မြို့နယ် မီးသတ်တပ်ဖွဲ့ ဦးစီးမှူး ဦးစိုးကျော်သူက ပြောကြားသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း မောင်နေဖြိုးလှိုင်အပေါ် မုတ္တမနယ်မြေရဲစခန်းမှ ယာဉ် (ပ) ၂၇/၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၃၈/၃၃၇ အရ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
မြန်မာရွှေ့ပြောင်း အလုပ်သမားများ စီးနင်းလာသည့် ယာဉ်တစ်စီး မဲဆောက် – ဘန်ကောက်လမ်း ကီလိုမီတာ ၆၆-၆၇ ကြား တောင်အဆင်းလမ်းတွင် အရှိန်လွန် တိမ်းမှောက်ပြီး တစ်ဦးသေဆုံးကာ ၁၁ ဦးဒဏ်ရာရ
တိမ်းမှောက်မှု ဖြစ်ပွားခဲ့သော မြန်မာရွှေ့ပြောင်း အလုပ်သမားများ စီးနင်းလာသည့်ယာဉ်အား တွေ့ရစဉ်
ထိုင်းနိုင်ငံသို့ MoU လုပ်သားအဖြစ် သွားရောက်လုပ်ကိုင်မည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ စီးနင်းလာသည့်ယာဉ်သည် မဲဆောက်-ဘန်ကောက်လမ်း ကီလိုမီတာ ၆၆ -၆၇ ကြား တောင်အဆင်းလမ်း နေရာတွင် စက်တင်ဘာ ၁ ရက် နံနက် ၀၀း၃၀ အချိန် တိမ်းမှောက်ခဲ့ပြီး ၁၁ ဦး ဒဏ်ရာရရှိကာ တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် တာ့ခ်မြိုနယ် မဲဆောက်-ဘန်ကောက်လမ်းအတိုင်း မောင်းနှင်လာသည့် ထိုင်း ၁၂ ဘီးယာဉ်အမှတ် ၃၀-၀၄၂၇ တွင် New Three Diamond Co.,Ltd မှ MoU စနစ်ဖြင့် စေလွှတ်သူ အလုပ်သမား ကျား ၁၀ ဦး၊မ ၃၈ ဦး၊ ပြင်ပခရီးသည် ၁၂ ဦး၊ စုစုပေါင်း ၆၀ တို့ လိုက်ပါလာပြီး ကီလိုမီတာ ၆၆-၆၇ ကြား အရောက်တွင် အရှိန်လွန် တိမ်းမှောက်ခဲ့ကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် အဆိုပါ ကုမ္ပဏီက စေလွှတ်သူ မြန်မာလုပ်သား မောင်ကျော်ဇောဟိန်း (ဘ) ဦးစံမောင်၊ PP.No.MD.014456၊ မဲခေါင်ကျေးရွာ၊ အောင်လံမြို့နယ်၊ မကွေးတိုင်းဒေသကြီးနေသူမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး အလုပ်သမား မခင်အေး မွန်(ဘ)ဦးသန်းဌေး၊ မော်လမြိုင်နေသူသည် ၀ဲ၊ ယာ ခြေနှစ်ချောင်းကျိုး (စိုးရိမ်ရ) ဒဏ်ရာ၊ အခြားသုံးဦး (စိစစ်ဆဲဖြစ်သလို ပွန်းပဲ့ဒဏ်ရာရသူများ အပါအ၀င် မြန်မာလုပ်သား အများအပြား ဒဏ်ရာရရှိခဲ့သည်။
အခင်းဖြစ်နေရာသို့ သွားရောက်ခဲ့သူ ဖိဂျိုးက “ဒဏ်ရာရသူ ၁၂ ဦးမှာ တစ်ယောက် သေဆုံးခဲ့ပါတယ်။ လေးယောက်ကတော့ ပြင်းထန်တယ်၊ ကျန်တဲ့သူတွေကတော့ နည်းနည်းပါပါးပဲ ဒဏ်ရာရတယ်” ဟုဆိုသည်။
ဖြစ်စဉ်ကြောင့် တာ့ခရိုင်ရဲတပ်ဖွဲ့ မဲဆောက်မြို့နယ် ရဲတပ်ဖွဲ့၊ တာ့ခ်နှင့် မဲဆောက် ဆေးရုံကြီး၊ Rescue လူမှုကယ်ဆယ်ရေး တာဝန်ရှိသူများသည် စက်တင်ဘာ ၁ ရက် နံနက် ၁ နာရီက ရောက်ရှိလာပြီး သေဆုံး၊ ဒဏ်ရာရရှိသူများအား တာခ်ဆေးရုံသို့ လည်းကောင်း၊ ကျန်အလုပ်သမားအား တာ့ခ်ရဲစခန်းရိပ်သာသို့ လည်းကောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
၎င်းတို့ထံ တာ့ခရိုင်အုပ်ချုပ်ရေးမှူး ကျလိန်လစ်စခွန်စ၀်ပါ နယ်ဘက်၊ စစ်ဘက်တာဝန်ရှိသူများ၊ New Three Diamond Co.,Ltd မှ M.D ဦးအေးကိုပါ တာဝန်ရှိသူအချို့ သွားရောက်ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပြည်တွင်း၌ အလုပ်အကိုင်ရှားပါးခြင်း၊ လုပ်ခလစာ နည်းပါးခြင်းတို့ကြောင့် လုပ်အားခ ပိုမိုရရှိသည့် ထိုင်းနိုင်ငံသို့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားများ နေ့စဉ် ၅၀၀ ခန့် ထွက်ခွာလျက်ရှိပြီး မဲဆောက်-ဘန်ကောက် လမ်းတွင် ကားမီးလောင်ခြင်း၊ ယာဉ်တိမ်းမှောက်ခြင်းတို့ကြောင့် မြန်မာလုပ်သားများ သေဆုံး၊ ဒဏ်ရာရသူ အများအပြား ရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
ရွှေဘိုမြို့နယ် ပိတ္တောကျေးရွာအနီးတွင် မန္တလေးမှ ပင်လည်ဘူးသို့ ထွက်ခွာလာသည့် ခရီးသည်တင်မှန်လုံယာဉ် တိမ်းမှောက်မှုကြောင့် လူရှစ်ဦး ထိခိုက်ဒဏ်ရာရရှိ
ပိတ္တောကျေးရွာအနီးတွင် တိမ်းမှောက်ခဲ့သည့် ခရီးသည်တင်မှန်လုံယာဉ်ကို တွေ့ရစဉ် (ဓာတ်ပုံ- ရွှေဘိုခရိုင် လူမှုကယ်ဆယ်ရေးအဖွဲ့)
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့နယ် ပိတ္တောကျေးရွာအနီးတွင် သြဂုတ် ၃၀ ရက် နံနက် ၁၁ နာရီကျော်က ခရီးသည် မှန်လုံယာဉ် တိမ်းမှောက်မှုကြောင့် လူရှစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ကြောင်း ရွှေဘိုမြို့မရဲစခန်းမှ ရဲအုပ်တင်မောင်အေးက ပြောကြားသည်။
အဆိုပါ တိမ်းမှောက်ခဲ့သည့် ခရီးသည် မှန်လုံယာဉ်သည် မန္တလေးမှ ပင်လည်ဘူးမြို့သို့ ထွက်ခွာလာခဲ့သည့် ယာဉ်တစ်စီးဖြစ်ပြီး အဆိုပါယာဉ်ပေါ်တွင် ခရီးသည်တစ်ဆယ့်ရှစ်ဦး လိုက်ပါစီးနင်းခဲ့ကြောင်း ၎င်းက ပြောကြားသည်။
“ဒီနေ့ မနက် ၁၁ နာရီကျော်လောက်မှာ မှောက်တာလို့ သိရတယ်။ ခရီးသည်မှန်လုံယာဉ်ပေါ်မှာ လူတစ်ဆယ့်ရှစ်ဦး စီးနင်းလိုက်ပါလာတယ်။ အဲဒီထဲကမှ လူရှစ်ဦး ထိခိုက်ဒဏ်ရာရရှိတယ်။ လူငါးဦးကတော့ အပြင်မှာဆေးပြတယ်။ ဒါပေမဲ့ မစိုးရိမ်ရပါဘူး။ ကျန်တဲ့လူသုံးယောက်ကတော့ အတွင်းလူနာအဖြစ် ဆေးကုသနေတယ်။ သူတို့ကလည်း မစိုးရိမ်ရပါဘူး” ဟု ရွှေဘိုမြို့မ ရဲစခန်းမှ ရဲအုပ်တင်မောင်အေးက ဆက်လက် ပြောကြားသည်။
တိမ်းမှောက်ခဲ့သည့် မှန်လုံယာဉ်သည် တစ်ဖက်မှလာသည့်ယာဉ်အား ရှောင်တိမ်းပြီး ကားလမ်းမပေါ်အတက် ထပ်မံလာသည့် ဆိုင်ကယ်အား ထပ်ရှောင်တိမ်းစဉ်မှာ တိမ်းမှောက်သွားခဲ့ကြောင်း အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ရွှေဘိုမြို့မရဲစခန်းက ဆက်လက် အမှုဖွင့် အရေးယူသွားမည်ဖြစ်ကြောင်း ရွှေဘိုမြို့မရဲစခန်းမှ ရဲအုပ်တင်မောင်အေး၏ ပြောပြချက်အရ သိရသည်။
တောင်ဥက္ကလာပမြို့နယ် မြင်သာမီးပွိုင့်အနီးတွင် အသက် ၈၀ အရွယ် အဘွားအိုအား YBS အမှတ်-၂၉ ယာဉ်တစ်စီးက ၀င်တိုက်မိပြီး တစ်မှတ်တိုင်ခန့် ယာဉ်နှင့်ချိတ်ပါသွားကာ သေဆုံးမှုဖြစ်ပွား
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ မြင်သာမီးပွိုင့်အနီးတွင် အသက် ၈၀ အရွယ် အဖွားအိုတစ်ဦးအား YBS အမှတ်-၂၉ ယာဉ်လိုင်းမှ ယာဉ်တစ်စီးက ၀င်ရောက်တိုက်မိပြီး တစ်မှတ်တိုင်ခန့် ယာဉ်နှင့် ချိတ်ပါသွားကာ အဘွားအိုတစ်ဦး သေဆုံးမှု ယနေ့ (သြဂုတ် ၂၉ ရက်) နံနက် ၉ နာ ရီခန့် တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်၊ သံသုမာလမ်းအတိုင်း ဘေလီတံတားဘက်မှ စံပြေးဈေးဘက်သို့ မောင်းနှင်လာသည့် အမှတ် (၂၉) ယာဉ်လိုင်းမှ YBS ယာဉ်တစ်စီးသည် မြင်သာလမ်းဆုံ မီးပွိုင့်အရောက် လမ်းဖြတ်ကူးသူ မြောက်ဒဂုံမြို့နယ်နေ အသက် ၈၀ အရွယ် အဖွားအိုတစ်ဦးအား ၀င်ရောက် တိုက်မိခဲ့ကြောင်း သိရသည်။
“ ဘေးနားက လူတွေက အော်လိုက်တဲ့ အသံကြားလို့ သွားကြည့်တာမှာ လမ်းလယ်မှာ ပုံးတွေ ခြင်းတွေပဲ တွေ့ရတယ်။ အဲဒါနဲ့ မေးကြည့်တော့ အမျိုးသမီးတစ်ဦး YBS ယာဉ်နဲ့ ပွတ်တိုက်မိသွားတယ်လို့ ပြောတယ်။ ပွတ်တိုက်မိတဲ့လူက ဒီအနားဝန်းကျင်မှာ အ၀တ်လျှော်တဲ့အလုပ်ကို လုပ်တဲ့အမျိုးသမီးလို့ သိရတယ်” ဟု အခင်းဖြစ်ချိန်တွင် မြင်သာလမ်းဆုံ မီးပွိုင့်အနီး၌ ရှိနေသည့် အမျိုးသားတစ်ဦးက ပြောကြားသည်။
ထိုသို့ ပွတ်တိုက်မိပြီးနောက် ယာဉ်မောင်းဖြစ်သူမှာ ယာဉ်ကိုဆက်လက် မောင်းနှင်သွားခဲ့ကာ အတိုက်ခံခဲ့ရသည့် အဖွားအိုမှာ ယာဉ်အောက်တွင် တစ်မှတ်တိုင် အကွာခန့်ထိ ချိတ်ပါသွားခဲ့ပြီး ဥက္ကလာပစေတီအနီးရောက်မှ အဆိုပါယာဉ်မှာ ရပ်တန့်သွားခဲ့ကြောင်း အနီးပတ်ဝန်းကျင်နေ ပြည်သူများထံမှ သိရသည်။
အခင်းဖြစ်ပွားခဲ့သည့် လမ်းအား တွေ့ရစဉ်
“အတိုက်ခံရတဲ့ အဖွားအိုက ကားအောက်မှာ ချိတ်ပါသွားတာ။ အဲ့ဒါကို ယာဉ်မောင်းက မသိဘဲ ကားကို ဆက်မောင်းသွားတာ၊ အဲ့ဒီမှာ အနားက မောင်းလာတဲ့ တက္ကစီတစ်စီးက တွေ့ပြီး ယာဉ်မောင်းကို အော်ပြောတာ၊ ကားမှန်တွေကလည်း ပိတ်ထားတော့ ယာဉ်မောင်းက မကြားဘူး ထင်တယ်။ နောက်တော့မှ အဲ့ဒီတက္ကစီက ရှေ့ကျော်တက်ပြီး ပြောတော့မှ YBS ယာဉ်မောင်းက ကားကိုရပ်ပြီး ဆင်းကြည့်တာ၊ အဲ့ဒီမှ သိကြတာ၊ ကားပေါ်ပါတဲ့ လူတွေလည်း အဲ့ဒီကျမှ သိကြတာလို့ ပြောကြတယ်” ဟု အခင်းဖြစ်ချိန်တွင် ဥက္ကလာပစေတီအနီး၌ ရှိနေသည့် အမျိုးသားတစ်ဦးက ပြောကြားသည်။
ထိုသို့ အတိုက်ခံရသဖြင့် အဖွားအိုမှာ ဦးခေါင်းစုတ်ပြဲ၊ ခန္ဓာကိုယ်အနှံ ပွန်းစုတ်ဒဏ်ရာများ ရရှိခဲ့ကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှ YBS ယာဉ်မောင်းဖြစ်သူ ဒဂုံအရှေ့မြို့နယ်နေ ဦး …. (၄၇) နှစ်အား တောင်ဥက္ကလာပမြို့မရဲစခန်းမှ ယာဉ်(ပ)၂၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄- က ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ဂုတ်တွင်းလမ်းတွင် ဆီဘောက်ဆာယာဉ်တစ်စီး တိမ်းမှောက်မှုကြောင့် လမ်းပိတ်ဆို့မှုဖြစ်ပွား
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုး-မန္တလေး ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ ကျောက်မဲမြို့နှင့် နောင်ချိုမြို့ကြား ဂုတ်တွင်းလမ်းတွင် သြဂုတ်လ ၂၃ ရက်နေ့ နံနက် ၉ နာရီ ၅၀ မိနစ် အချိန်က တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ကုန်တင်ယာဉ်ကြီးများ ဖြတ်သန်းမရပဲ စောင့်ဆိုင်းနေရကြောင်း သိရသည်။
ဆီဘောက်စာ ၂၂ ဘီးကားသည် ဂုတ်တွင်းလမ်း နောင်ချိုဘက်ခြမ်း မိုင်တိုင်အမှတ် ၈၃/၄ အနီး ဒေသအခေါ် ကုလားမကွေ့(ခ) ဘောက်ဆာကွေ့တွင် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိမ်းမှောက်မှုကြောင့် ယာဉ်ငယ်များသာ ဖြတ်သန်းသွားနိုင်ကာ ၁၀ ဘီးယာဉ်နှင့်အထက် ကုန်တင်ကားများကို နောင်ချိုဘက် အခြမ်းနှင့် ကျောက်မဲဘက် အခြမ်းရှိ သတ်မှတ်နေရာများတွင် စောင့်ဆိုင်းနေရမည်ဖြစ်ကြောင်း သိရသည်။
တိမ်းမှောက်ယာဉ်ပေါ်မှ စက်သုံဆီများအား အခြားဆီဘောက်ဆာယာဉ်တစ်စီးပေါ်သို့ ပြောင်းရွေ့မည်ဖြစ်ပြီး တိမ်းမှောက်ယာဉ်အား ရွေ့ရန် အနည်းဆုံး (၃)နာရီခန့်ကြာမည်ဖြစ်ကြောင်းသိရသည်။
သြဂုတ်လ ၂၁ ရက်နေ့ ညနေ ၄ နာရီအချိန်တွင်လည်း အဆိုပါ ဂုတ်တွင်းလမ်း ကုလားမကွေ့၌ မူဆယ်သို့ တက်မည့် ဆီဘောက်ဆာ တွဲကားယာဉ် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး လမ်းပိတ်ဆို့မှုများ ဖြစ်ပွားကာ သြဂုတ်လ ၂၂ ရက်နေ့ ညနေပိုင်းတွင်မှ ဂုတ်တွင်းလမ်းပိုင်းတွင် ယာဉ်များ ပုံမှန်အတိုင်း ဖြတ်သန်းသွားလာနိုင်ခဲ့ပြီး ယာဉ်တိမ်းမှောက်မှုကြောင့် ခရီးသည်တင်ယာဉ်များ၊ ကုန်တင်ယာဉ်များ အများအပြား လမ်းပြန်ပွင့်ချိန်အား အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ရကြောင်း သိရသည်။
အမြန်လမ်းတွင် ယာဉ်တစ်စီး လမ်းလယ်ကျွန်းပေါ်သို့ ကျော်လွန်တိမ်းမှောက်ကာ မီးလောင်ကျွမ်းမှုဖြစ်ပွား
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၀ အနီးတွင် သြဂုတ် ၁၄ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်က နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်းအပါအ၀င် အမျိုးသားနှစ်ဦး လိုက်ပါမောင်းနှင်လာသော KLUGER ယာဉ် တစ်စီးမှာ အရှိန်မထိန်းနိုင်ပဲ လမ်းလယ်ကျွန်းပေါ်သို့ ကျော်လွန်ရောက်ရှိ တိမ်းမှောက်ကာ တစ်စီးလုံး မီးလောင်ဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်မတော်တဆမှု ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်လိုက်ပါသူ အမျိုးသားနှစ်ဦးတို့တွင် ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိသော်လည်း KLUGER မော်တော်ယာဉ်မှာ ယာဉ်တစ်စီးလုံးမီးလောင်ဆုံးရှုံးမှု ဖြစ်ပွားခဲ့ရာ ကာလတန်ကြေး ကျပ်သိန်း ၃၂၀ ခန့်ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။
ယာဉ်မတော်တဆမှု ဖြစ်ပွားရာသို့ အမှတ် ၃ လမ်းဆုံ အမြန်လမ်းမကြီး ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ အမြန်လမ်း မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ကူညီ ငြိမ်းသတ်ပေးခဲ့ရပြီး ယာဉ်မောင်းဖြစ်သူအား အမှုဖွင့် အရေးယူနိုင်ရန် စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
မူဆယ်မှ နေပြည်တော်သို့ ထွက်ခွာလာသည့် ခရီးသည်တင်မှန်လုံယာဉ် ဂုတ်တွင်းကွေ့တွင် တိမ်းမှောက်ပြီး ယာဉ်ပေါ်ပါ ၁၇ ဦးအနက် တစ်ဦးသေဆုံးကာ ၁၆ ဦး ဒဏ်ရာရ
ဓာတ်ပုံ – ကိုနေအောင် (နောင်ပိန်)
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့မှ နေပြည်တော်သို့ မောင်းနှင်ထွက်ခွာလာသည့် ကြယ်စင်သစ္စာ မှန်လုံယာဉ်သည် ကျောက်မဲမြို့နယ်၊ ဂုတ်တွင်းကွေ့တွင် ဇူလိုင်လ ၄ ရက်နေ့ ည ၁၁ နာရီဝန်းကျင်ခန့်က တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်တွင် လိုက်ပါလာသူ ၁၇ ဦးအနက် ၁၆ ဦးဒဏ်ရာရရှိကာ တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသူမှာ ရေတာရှည်မြို့နေ အမျိုးသားတစ်ဦးဖြစ်ပြီး အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၅ ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကာ အမျိုးသမီး တစ်ဦးအား ဒဏ်ရာပြင်းထန်သဖြင့် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့ရပြီး ကျန်ဒဏ်ရာ ရရှိသူများအား နောင်ချိုပြည်သူ့ဆေးရုံကြီးတွင် ပို့ဆောင်ကုသလျက် ရှိကြောင်း သိရသည်။
“မနေ့ညက မူဆယ်ကလာတဲ့ ခရီးသည်တင် မှန်လုံယာဉ် ဂုတ်တွင်းလမ်းမှာ မှောက်ပါတယ်။ ယာဉ်တိမ်းမှောက်မှုကြောင့် ရေတာရှည်မြို့က ခရီးသည်တစ်ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရပါတယ်။ ပြင်းထန်ဒဏ်ရာကတော့ တစ်ယောက်ရပါတယ်။ ကျန်တဲ့ခရီးသည်တင်တွေကတော့ ဒဏ်ရာအနည်းငယ်စီ ရကြပါတယ်။ မှောက်တာကတော့ ဂုတ်တွင်းလမ်း ကျောက်မဲဘက်အခြမ်း ခြောက်ထပ်ကွေ့ကနေ တိမ်းမှောက်ပြီး လေးထပ်ကွေ့မှာ ရပ်သွားပါတယ်” ဟု ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်တွင် သေဆုံးဒဏ်ရာ ရရှိသူများအား သွားရောက် ကူညီကယ်ဆယ်ခဲ့သူ နောင်ချိုမြို့ စေတနာမွန် လူမှုကူညီရေးအသင်းမှ ဦးနေဦးသာက ပြောကြားသည်။
ဓာတ်ပုံ – ကိုနေအောင် (နောင်ပိန်)
“မနေ့က မူဆယ်ကနေ နေ့ခင်း ၁၂ နာရီမှာထွက်တဲ့ နေပြည်တော်ကို ထွက်ခွာတဲ့ ကားတိမ်းမှောက်တာပါ။ တစ်ဦးသေဆုံးတယ်လို့ သိရပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့ ခရီးသည်တွေကိုတော့ ကူညီဖို့ ဂိတ်ကတာဝန်ရှိသူတွေ နောင်ချိုမြို့ကို သွားနေပါတယ်” ဟု မူဆယ်မြို့ ကြယ်စင်သစ္စာ ကားဂိတ်မှ ကိုပြည်ကျော်က ပြောကြားသည်။
အဆိုပါ ခရီးသည်တင် မှန်လုံယာဉ် တိမ်းမှောက်မှုအား နောင်ချိုမြို့မှ စေတနာမွန် လူမှုကူညီရေးအသင်း၊ ဖြူစင်မေတ္တာ လူမှုကူညီရေးအသင်းနှင့် နောင်ပိန်ကျေးရွာမှ ကမ်းလင့်လက်များ လူမှုကူညီရေး အသင်းတို့က သေဆုံးသူနှင့် ဒဏ်ရာရ ခရီးသည်များအား မန္တလေးနှင့် နောင်ချိုမြို့များသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဂက်စ်အိုး ၃၇၀ ကျော် တင်ဆောင်လာသော ၂၂ ဘီး တွဲကားယာဉ်တစ်စီး ရေတာရှည် မြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်တွင် တိမ်းမှောက်မှု ဖြစ်ပွား
ပုံအညွှန်း – ဂက်စ်အိုးများတင်ဆောင်လာသော ၂၂ ဘီးယာဉ် တိမ်းမှောက်မှုဖြစ်ပွားနေသည်ကို ဇွန် ၂၉ ရက် နံနက်ပိုင်းက တွေ့ရစဉ်။
ဇွန်လ ၂၉ ရက် ယနေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် တောင်ဘက်အထွက် ရန်ကုန်-မန္တလေး လမ်းမဟောင်းပေါ်တွင် ဂက်စ်အိုး ၃၇၀ ကျော်ခန့် တင်ဆောင်လာသော ၂၂ ဘီး တွဲကားယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး၊ ဂက်စ်အိုးများ မီးလောင် ပေါက်ကွဲမှု မဖြစ်ပွားစေရန် သက်ဆိုင်ရာ နယ်မြေ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များမှ ၀ိုင်းဝန်း ကူညီဆောင်ရွက်ပေးခဲ့ရကြောင်း သိရသည်။
ဂက်စ်အိုးများ တင်ဆောင်လာသည့် ယာဉ်တိမ်းမှောက်ရာတွင် ကူညီဆောင်ရွက်ရသည့် အခြေအနေနှင့်ပတ်သက်ပြီး ရေတာရှည်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှ တပ်ခွဲမှူး အောင်သူက “ကျွန်တော်တို့ရေတာရှည်မြို့နယ် မီးသတ်ဦးစီးဌာနရော၊ မြို့သစ်နယ်မြေခံမီးသတ်ရောပေါ့နော်၊ ပူးပေါင်းဆောင်ရွက်ပီးတော့မှ ဂက်စ်အိုးတင်လာတဲ့ကားပေါ့ ဖြစ်တဲ့အတိုင်းအတာကို ရပ်မိရပ်ဖတွေရယ် ပေါင်းစပ်ပြီးတော့မှ ကားပေါ်က ဂက်စ်အိုးတွေကို အောက်ကိုချတယ်၊ ပွင့်နေတဲ့ ဂက်စ်အိုးတွေ အကုန်လုံးကိုလည်း Save ဖြစ်အောင်အပြင်ကိုပဲ ဆွဲထုတ်ထားလိုက်တယ်၊ အခု ဂက်စ်အိုးတွေဆွဲထုတ်ပြီးတဲ့နောက်ပိုင်းမှာ အဲ့ဒီမှောက်တဲ့ကားကို မူရင်း အနေအထားအတိုင်း ပြန်ဖြစ်အောင် ကရိန်းရဲ့အကူအညီနဲ့ဆောင်ရွက်နေတယ်၊ အခုလက်ရှိလည်း ကျွန်တော်တို့ အိမ်လည်း မပြန်ရသေးပါဘူး၊ အဲ့ဒီနေရာမှာပဲ ရှိပါသေးတယ်ခင်ဗျ၊ ကျွန်တော်တို့ မီးသတ်ဦးစီးဌာနကတော့ ဒီဂက်စ်အိုးတွေ မပေါက်ကွဲအောင်လို့၁၀ မိနစ်တစ်ကြိမ်ကို မီးသတ်ကားတွေနဲ့ ဒီဂက်စ်အိုးတွေကို ရေနဲ့ဖြန်းပေးနေတယ်ခင်ဗျ” ဟု ဇွန် ၂၉ ရက် နေ့လယ် ၂ နာရီခွဲခန့်ကပြောကြားသည်။
ဖြစ်စဉ်မှာ ဇွန် ၂၉ ရက် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က ရေတာရှည်မြို့နယ် ကြံသနွယ်ကျေးရွာအုပ်စု၊ တောင်နန်ချွန် ကျေးရွာအနီး၊ ရန်ကုန်-မန္တလေး လမ်းမဟောင်း မိုင်တိုင်အမှတ် ၁၈၈ မိုင် ၆ ဖာလုံနှင့် ၇ ဖာလုံအကြားတွင် လမ်းမတိုင်းတောင်မှ မြောက်သို့ ဂက်စ်ရည်များပါသော ဂက်စ်အိုး ၃၇၀ ကျော်ခန့် တင်ဆောင်လာပြီး၊ ယာဉ်မောင်းမိုးကျော်ဟိန်း မောင်းနှင်လာသော ယာဉ်အမှတ် 2P/— ၂၂ ဘီးတွဲကား အပြာရောင်ယာဉ်မှာ အရှိန်မထိန်းနိုင်ပဲ လမ်းမပေါ်သို့ လဲကျ တိမ်းမှောက်သွားခဲ့ခြင်း ဖြစ်သည်။
ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီးနောက် ယာဉ်ပေါ်ပါရှိသော ဂက်စ်အိုးများမှာ လမ်းမပေါ်သို့ ပြုတ်ကျမှုဖြစ်ပွား၍ အချို့ဂက်စ်အိုးများမှာ အနည်းငယ် ပွင့်ထွက်မှုဖြစ်ပွားခဲ့ရာ အခင်းဖြစ်နေရာသို့ ရေတာရှည်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှ တပ်ခွဲမှူး အောင်သူ ဦးစီးသောမီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦး၊ ကေတုမတီမြို့သစ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများမှ မီးလောင်ကျွမ်းမှုမဖြစ်ပွားစေရန် သွားရောက်ကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း၊ တိမ်းမှောက်နေသော ၂၂ ဘီးယာဉ်အား နေ့လယ်ပိုင်းခန့်တွင် ပြန်လည်ဆွဲတင်နိုင်ခဲ့ပြီး၊ ယာဉ်ပေါ်မှထွက်ကျသော ဂက်စ်အိုးများနှင့် ပွင့်နေသော ဂက်စ်အိုးများအား တာဝန်ရှိသူများက ရွှေ့ပြောင်းနေရာချပြီးနောက် မီးသတ်ယာဉ်သုံးစီးဖြင့် အသင့်စောင့်ဆိုင်း၍ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း၊ ဂက်စ်အိုးများ သယ်ဆောင်ရာတွင်ကူညီဆောင်ရွက်ပေးခဲ့သည့် ရေတာရှည်ြမို့နယ်မီးဘေးလုံခြုံရေး ဥက္ကဋ္ဌ ဖြစ်သူ တစ်ဦးမှာ လက်တွင် ထိခိုက်ဒဏ်ရာ ရရှိသွားသဖြင့်နေပြည်တော်ဆေးရုံသို့တင်ပို့ကုသပေးခဲ့ရကြောင်း သိရသည်။
အဆိုပါယာဉ်မတော်တဆမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ယာဉ်တိမ်းမှောက်မှုဖြစ်ပွားစေရန် ယာဉ်အား မဆင်မခြင်မောင်းနှင်သည့် ယာဉ်မောင်းမိုးကျော်ဟိန်းအား ရေတာရှည်မြို့မရဲစခန်းမှ ယာဉ်(ပ)၁၉/၂၀၁၈၊ရာဇသတ်ကြီးပုဒ်မ ၂၇၉ အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
ကျိုက်မရောမြို့နယ် ဘားအံ-မော်လမြိုင် အဝေးပြေးကားလမ်း ခရုံကျေးရွာလမ်းဆုံအနီးတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးကာ ခုနစ်ဦးဒဏ်ရာရ
ဘားအံ-မော်လမြိုင် အဝေးပြေးကားလမ်း ခရုံကျေးရွာလမ်းဆုံအနီးတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားစဉ် (ဓာတ်ပုံ-မော်လမြိုင်လူမှုကူညီမှုကယ်ဆယ်ရေးအဖွဲ့)
မွန်ပြည်နယ် ကျိုက်မရော မြို့နယ် ဘားအံ-မော်လမြိုင် အဝေးပြေးကား လမ်းခရုံကျေးရွာ လမ်းဆုံအနီးတွင် ဇွန် ၁၃ ရက် နံနက် ၅ နာရီခွဲခန့်က ယာဉ်တိမ်းမှောက်မှု ဖြစ်ပွား ရာမှ လူနှစ်ဦးသေဆုံးပြီး ခုနစ်ဦး ထိခိုက် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့တဲ့နေရာမှာ ပွဲချင်းပြီးသေဆုံးသွားတဲ့သူကိုရော ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့သူတွေကိုပါ မော်လမြိုင်က လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေရော၊ တရနာကျေးရွာနဲ့  ဇာသပြင် ကျေးရွာတွေက လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေရော ၀ိုင်းဝန်းပြီးတော့ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ကြပါတယ်။ အဲဒီနေရာက  ယာဉ်တိမ်းမှောက်မှုတွေ မကြာခဏဖြစ်နေတော့ ယာဉ်မောင်းတွေအနေနဲ့ အထူးဂရုပြုပြီး မောင်းနှင်စေချင်ပါတယ်” ဟု ယာဉ်တိမ်းမှောက်မှုအား ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့သည့် မော်လမြိုင်လူမှုကူညီကယ်ဆယ်ရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်အား မဆင်မခြေမောင်းနှင်မှုကြောင့် ယာဉ်တိမ်းမှောက်ပြီး ဒဏ်ရာရသေဆုံးအောင် ပြုလုပ်ခဲ့သူယာဉ်မောင်း ဦးအောင်စိုးအား ကျိုက်မရောမြို့မရဲစခန်းမှ ယာဉ် (ပ) ၂၉/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ-၃၀၄-က/ ၃၃၈/ ၃၃၇/ ၂၇၉ အရအမှုဖွင့် အရေးယူထားကြောင်း သိရသည်။