ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ယန်ဟီးလီနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြန်မာအစိုးရဘက်မှ ရုပ်သိမ်း

စက်တင်ဘာ ၈ ရက်က ဆိုးလ်ရှိ Sun Kyun Kwang တက္ကသိုလ်၌ အေအက်ဖ်ပီကို တွေ့ဆုံခဲ့သော ယန်းဟီလီ (Photo : AFP)

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခအား စုံစမ်းနေသည့် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ဟန်ယီးလီ၏ ယခင်အစီရင်ခံစာသည် ဘက်လိုက်မှုရှိပြီး တရားမျှတမှု မရှိသောကြောင့် ဟုဆိုကာ မြန်မာနိုင်ငံသို့ ၀င်ရောက်ကြည့်ရှုစစ်ဆေးမှု အားလုံးကို တားမြစ်ကြောင်း မြန်မာနိုင်ငံက ဒီဇင်ဘာ ၂၀ ရက်တွင် အကြောင်းကြားခဲ့သည်ဟု ကုလသမဂ္ဂက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

“မြန်မာအစိုးရရဲ့ ဒီဆုံးဖြတ်ကြောင့် ကျွန်မ ဇဝေဇ၀ါဖြစ်ပြီး စိတ်ပျက်ခဲ့ရပါတယ်” ဟု ယန်ဟီးလီက ပြောကြားခဲ့သည်။ ယန်ဟီးလီသည် မြန်မာနိုင်ငံသို့ ဇန်န၀ါရီ၌ လာရောက်ရန် စီစဉ်ထားသည်။ သို့သော်လည်း ယခုအခါ မြန်မာက သူမနှင့် ပူးပေါင်းဆောင်ရွက်မည် မဟုတ်တော့ဟု ပြောလာခဲ့ကြောင်း ယန်ဟီးလီက ပြောကြားခဲ့သည်။

“ကျွန်မရဲ့ တာဝန်ကို ပူးပေါင်းဆောင်ရွက်မှု မလုပ်ဘူးဆိုတဲ့ ဒီကြေညာချက်က ရခိုင်မှာ ဆိုးဆိုးရွားရွား တစ်စုံတစ်ရာ ဖြစ်ပျက်နေရမယ်လို့ ညွှန်းဆိုတာလို့ ရှုမြင်ရမှာပါပဲ” ဟု ကြေညာချက်တွင် ယန်ဟီးလီက ပြောခဲ့သည်။

ယန်ဟီးလီသည် သူ၏လုပ်ငန်းများကို ဆောင်ရွက်စဉ်တွင် မျက်နှာလိုက်မှုရှိခဲ့ပြီး မျှတမှု မရှိခဲ့ကြောင်း၊ သူမအပေါ်တွင် ယုံကြည်မှု မရှိကြောင်း ထိုအတွက်ကြောင့် နယူးယောက်ရှိ မြန်မာကိုယ်စားလှယ်မှတစ်ဆင့် ဂျီနီဗာရှိ OHCHR နှင့် နယူးယောက်ရှိ UNSG တို့ကို အကြောင်းကြားခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မက်ဆေ့ခ်ျမှတစ်ဆင့် ပြန်လည်ဖြေကြားခဲ့သည်။

မြန်မာအစိုးရသည် မြန်မာနိုင်ငံတစ်ဝန်းတွင် အထူးသဖြင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို အကြိမ်ကြိမ် ငြင်းဆိုထားကြောင်း ယန်ဟီးလီက ပြောကြားခဲ့သည်။ သို့သော်လည်း မြန်မာအစိုးရ၏ ပူးပေါင်းဆောင်ရွက်မှု မရှိခြင်းက တခြားစဉ်းစားစရာများကို ဖြစ်စေကြောင်း သူက ပြောကြားခဲ့သည်။

ဂျီနီဗာရှိ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးထင်လင်းက ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီတွင် လွန်ခဲ့သော နှစ်ပတ်က မြန်မာနိုင်ငံသည် ကုလသမဂ္ဂနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ပြောကြားထားသောကြောင့် မြန်မာအစိုးရသည် စိတ်ပြောင်းလဲသွားမည်ဟု ယန်ဟီးလီက မျှော်လင့်နေသည်။

“ပြီးခဲ့တဲ့ ဇူလိုင်က မြန်မာနိုင်ငံကို သွားရောက်ပြီးနောက်ပိုင်း ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ကို အခြေခံပြီး ကျွန်မနဲ့ ပူးပေါင်းဆောင်ရွက်မှု ဆက်လက်မလုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း အကြောင်းကြား ခံခဲ့ရပါတယ်” ဟု ယန်ဟီးလီက ပြောကြားခဲ့သည်။ ယန်ဟီးလီသည် ၂၀၁၄ ခုနှစ် ဇွန်မှစ၍ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် စတင်တာဝန် ထမ်းဆောင်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ခြောက်ကြိမ်လာရောက်ခဲ့ပြီး ဖြစ်သည်။ ယန်ဟီးလီသည် နှစ်စဉ် မြန်မာနိုင်ငံသို့ နှစ်ကြိမ်လာရောက်ရမည်ဖြစ်ကြောင်း ကုလသမဂ္ဂ၏ ကြေညာချက်က ဆိုသည်။

သြဂုတ်လက မွတ်စလင် အကြမ်းဖက်သမားများသည် မြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ပြီးနောက် မြန်မာ့တပ်မတော်က နှိမ်နင်းရေး ဆောင်ရွက်ခဲ့ရာ ဘင်္ဂါလီမွတ်စလင် ၆၅၀၀၀၀ ကျော်သည် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ကြသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ ဇိရာအက်အယ်ဟူစိန်က ရခိုင်ပဋိပက္ခသည် ‘လူမျိုးစုလိုက် သုတ်သင်မှု နမူနာသင်ခန်းစာ’ ဟု ခေါ်ဆိုခဲ့ပြီး မြန်မာနိုင်ငံတွင် လူမျိုးတုံး သတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း တရားရုံးတစ်ခုက တစ်ချိန်ချိန်တွင် ဆုံးဖြတ်ခဲ့လျှင် အံ့သြမည် မဟုတ်ဟု မကြာသေးခင်က ပြောကြားခဲ့သည်။

Ref : Reuters

မြန်မာနိုင်ငံအရေးနှင့် ပတ်သက်သည့် အထူးကိုယ်စားလှယ် ယန်ဟီးလီကို ထုတ်ပယ်ရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီဥက္ကဋ္ဌအား တောင်းဆို

 

စက်တင်ဘာ ၈ ရက်က ဆိုးလ်မြို့တက္ကသိုလ်ရှိ သူ၏ရုံးခန်းအတွင်း AFP သတင်းဌာနနှင့်တွေ့ဆုံနေသော ယန်ဟီးလီ (Photo: AFP)

စက်တင်ဘာ ၈ ရက်တွင် လူ့အခွင့်အရေးဆိုင်ရာ အာရှဌာန (ACHR) က မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂအထူးကိုယ်စားလှယ် ပါမောက္ခ ယန်ဟီးလီကို ထုတ်ပယ်ရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHRC) ဥက္ကဋ္ဌ ယော်ကွင်းအလက် ဇန္ဒားမာဇာမက်မာတယ်လီအား မမျှော်လင့်ဘဲ တောင်းဆိုခဲ့ကြောင်း သိရသည်။

“မြန်မာနိုင်ငံမှာ ကြီးမားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတာကို ဖော်ပြရမှာဖြစ်သလို အထူးကိုယ်စားလှယ်ရဲ့ ဘက်လိုက်မှုတွေကိုလည်း လျှော့ပေါ့ပေးနေစရာ မလိုပါဘူး” ဟု ACHR ၏ ညွှန်ကြားရေးမှူး ပါရီတော့ချက်ကမာက UNHRC ဥက္ကဋ္ဌထံသို့ ပေးပို့သော စာတစ်စောင်၌ ဖော်ပြထားသည်။

UNHRC ဥက္ကဋ္ဌအနေဖြင့် မြန်မာနိုင်ငံ နှင့် ပတ်သက်၍ အချက်အလက်ရှာဖွေရေး မစ်ရှင်ဥက္ကဋ္ဌ အင်ဒီရာဂျေဆင်းကို ထုတ်ပယ်ခဲ့စဉ်က ကျင့်သုံးခဲ့သည့် စံနှုန်းများအတိုင်း ကိုက်ညီမှုရှိစေရန်လည်း ၎င်းက တောင်းဆို ထားသည်။ ဂျေဆင်းသည် အယ်ဂျားဇီးယား နှင့် အင်တာဗျူးတစ်ခုတွင် လူမျိုးတုံးသတ် ဖြတ်မှု ဖြစ်နိုင်ခြေနှင့်ပတ်သက်သော ပြောကြားမှုကြောင့် ထုတ်ပယ်ခံရခြင်းဖြစ်သည်။

ACHR က ယန်ဟီးလီသည် ၂၀၁၇ ခုနှစ် သြဂုတ် ၃ ရက်က မြိုတိုင်းရင်းသား ခြောက်ဦး အသတ်ခံခဲ့ရခြင်း၊ သြဂုတ် ၂၆ ရက်က ဒိုင်းနက်တိုင်းရင်းသားငါးဦး ကြောင်ဒိုးရွာအနီး၌ အသတ်ခံခဲ့ရခြင်းနှင့် နောက်ထပ် မြိုတိုင်းရင်းသားခုနစ်ဦး သြဂုတ် ၂၈ ရက်တွင် မောင်တောမြို့နယ် ခုံတိုင်ရွာတွင် အသတ်ခံခဲ့ရခြင်းတို့အတွက် ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာဟု ဖော်ပြ) အစွန်းရောက်အကြမ်းဖက်အဖွဲ့၏အမည်ကို ဖော်ပြရန် ပျက်ကွက်ခဲ့သည်ဟု ရေးသားထားသည်။

ARSA ဟုခေါ်သော ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့သည် ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်တွင် လုံခြုံ ရေးတပ်များနှင့် အရပ်သားများကို တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်ကိုးဦး သေဆုံးခဲ့သည့် အကြောင်းနှင့် ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်တွင် ရဲစခန်း ၃၀ ကို တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၁၀ ဦး၊ တပ်မတော်သားတစ်ဦးနှင့် လူဝင်မှု ကြီးကြပ်ရေးအရာရှိတစ်ဦး သေဆုံးခဲ့သည့် အကြောင်းတို့ရှိခဲ့သော်လည်း ယန်ဟီးလီသည် ယင်းအကြမ်းဖက်အဖွဲ့၏ အမည်ကိုပင် ဖော်ပြရန် ပျက်ကွက်ခဲ့သည်ဟု ဆိုသည်။

ACHR က ယန်ဟီးလီသည် ရှမ်းနှင့် အခြားတိုင်းရင်းသားများနှင့် ပတ်သက်သော တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့များ၏ အမည်ကိုသုံးစွဲရန် တွန့်ဆုတ်ခြင်း မရှိ သော်လည်း မြန်မာနိုင်ငံရှိ ဘင်္ဂါလီမွတ်စလင်များနှင့် ပတ်သက်သော လက်နက်ကိုင်အဖွဲ့ ဖြစ်သည့် ARSA ၏ အမည်ကိုမူ မည်သည့်အခါကမျှ သုံးစွဲခြင်းမပြုလောက်အောင် ဘက်လိုက်ခဲ့ကြောင်း ACHR က စွပ်စွဲထားသည်။

ACHR က ယန်ဟီးလီ၏ ARSA နှင့် ပတ်သက်၍ ပြစ်တင်ဖော်ပြရန် ပျက်ကွက်ခဲ့မှုနှင့် အခြား အတိုက်အခံ လက်နက်ကိုင်အဖွဲ့ များကို ရွေးချယ်ဖော်ပြခဲ့ပုံများကို စာရင်းဇယားများဖြင့် ဖော်ပြခဲ့သည်။