တောင်ပြုန်းပွဲတော်သို့ ရထားဖြင့် လာရောက်သူများရှိရာ ချိုးရေတော်သုံးနေ့ တစ်ရက်တည်းတွင် တောင်ပြုန်းဘူတာမှ လက်မှတ် ၇၀၀၀ ကျော် ရောင်းချခဲ့ရ

တောင်ပြုန်းပွဲတော် ကျင်းပနေစဉ် ကာလအတွင်း မြန်မာ့မီးရထားမှ မန္တလေး-မတ္တရာ ရထားလမ်းပိုင်းတွင် ရထားခရီးစဉ်များကို တိုးချဲ့ပြေးဆွဲပေးမှုအား တွေ့ရစဉ်

မန္တလေး မတ္တရာမြို့နယ်ရှိ တောင်ပြုန်း ကြီးကျေးရွာ တောင်ပြုန်းပွဲတော်ကျင်းပနေ စဉ် ကာလအတွင်း မြန်မာ့မီးရထားမှ မန္တလေး -မတ္တရာရထားလမ်းပိုင်းတွင် ရထားခရီးစဉ် များကို တိုးချဲ့ပြေးဆွဲပေးလျက်ရှိရာ ပွဲတော် အတွင်း အစည်ကားဆုံး ရက်ဖြစ်သည့် ချိုးရေတော်သုံးပွဲ ကျင်းပသည့်နေ့တွင် ရထားခရီးစဉ်ဖြင့် လာရောက်သူ များပြားခဲ့ရာ တစ်ရက်တည်းတွင် တောင်ပြုန်းဘူတာမှ လက်မှတ် ၇၀၀၀ ကျော် ရောင်းချခဲ့ရကြောင်း သိရသည်။

တောင်ပြုန်းပွဲတော်ကာလ အထူးရထား ပြေးဆွဲမှုအဖြစ် ပွဲတော်စတင်ကျင်းပသည့် သြဂုတ် ၁၉ ရက်မှစ၍ မန္တလေး- မတ္တရာ အစုန်၊ အဆန်ရထားများကို ခေါက်ရေတိုး၍ ပြေးဆွဲပေးနေပြီး တောင်ပြုန်းဘူတာနှင့် သူရဲ ဈေးဘူတာများတွင် ပွဲတော်အတွင်း လက်မှတ် ရုံများ သီးသန့်ဆောင်ရွက်ရောင်းချလျက်ရှိရာတွင် တောင်ပြုန်းဘူတာမှ ပွဲတော်စရက် ဖြစ်သည့် သြဂုတ် ၁၉ ရက်တွင် လက်မှတ် ၄၀၀၀ ကျော်၊ သြဂုတ် ၂၀ ရက်တွင် လက်မှတ် ၂၀၀၀ ကျော်၊ သြဂုတ် ၂၁ ရက်တွင် လက်မှတ် ၂၃၀၀ ကျော်ရောင်းချခဲ့ရပြီး သြဂုတ် ၂၂ ရက် တွင် အများဆုံးအဖြစ် လက်မှတ် ၇၆၀၀ ကျော် ရောင်းချခဲ့ရကြောင်း တောင်ပြုန်းဘူတာမှ သိရသည်။

“ပွဲတော်အထူးရထားအနေနဲ့က နှစ် တိုင်းပြေးဆွဲတယ်။ ပွဲတော်ကာလဆိုရင် ရထား စီးနင်းမှုများတဲ့အတွက် ခရီးသည်တွေ အဆင် ပြေအောင် စီစဉ်ပေးတာဖြစ်တယ်။ အစုန်၊ အဆန်ရထားခေါက်ရေတိုးပြေးသလို လူစီး တွဲဆိုင်းလည်း ပုံမှန်ထက်ပိုချိတ်ပြီးပြေးရတယ်။ ဒီနှစ်စီးနင်းမှုလည်း များပါတယ်။ ချိုးရေတော် သုံးတဲ့ရက်မှာ တောင်ပြုန်းဘူတာက ရောင်းရ တဲ့လက်မှတ်က မန္တလေးနဲ့ မတ္တရာပေါင်းရင် တစ်ရက်တည်း ၇၀၀၀ ကျော်ရောင်းခဲ့ရတယ်။ ဒါကြောင့် အခုလို စီးနင်းမှုများတဲ့အချိန်မှာ ခရီးသည်တွေအဆင်ပြေပြီး အန္တရာယ်မဖြစ်အောင် ရထားဝန်ထမ်းတွေအနေနဲ့ ကြပ်မတ် ဆောင်ရွက်ပေးရတယ်။ လက်မှတ်ရုံဆိုရင် လည်း သီးသန့်ထားပြီး ဆောင်ရွက်ပေးတယ်” ဟု တောင်ပြုန်းဘူတာမှ မီးရထားလက်မှတ် အရောင်းတာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

တောင်ပြုန်းပွဲ ကျင်းပချိန်ကာလအတွင်း မန္တလေးသူရဲဈေးဘူတာ အခြေပြု၍ မန္တလေး-မတ္တရာ လမ်းပိုင်းတွင် ရထားနှစ်စင်းဖြင့် တစ်ရက်လျှင် မန္တလေးမှ တောင်ပြုန်းခရီးစဉ်ကို အစုန်ရထား ခြောက်ခေါက်၊ အဆန်ရထား ခုနစ်ခေါက် ပြေးဆွဲမှုကို ပွဲတော်စတင်သည့် ရက်ဖြစ်သည့် သြဂုတ် ၁၉ ရက်မှစ၍ သြဂုတ် ၂၆ ရက်အထိ ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

မန္တလေး-မတ္တရာ လမ်းပိုင်းတွင် ပုံမှန် ရက်များ၌ ရထားစီးခရီးသည်ဦးရေ တစ်ရက်လျှင် ၂၀၀ ကျော်ခန့်သာရှိပြီး တောင်ပြုန်းပွဲတော် ကာလအတွင်း ရထားစီး၍ သွားလာသူ များပြားခြင်းကြောင့် အထူးရထားအဖြစ် စီစဉ်ပြေးဆွဲပေးခြင်း ဖြစ်ကြောင်း ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ပွဲတော်ကာလ ရထားစီးနင်းမှု စာရင်းများအရ တစ်ရက်လျှင် ရထားစီး ခရီးသည် ၂၀၀၀ ၀န်းကျင်ရှိပြီး စည်ကားသည့် ရက်များတွင် စီးနင်းသည့် ခရီးသည် ၄၀၀၀ ခန့်ရှိကြောင်း သိရသည်။

 

မန္တလေး အိုးဘိုအကျဉ်းထောင် အတွင်းမှ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်သူများအား ပြစ်ဒဏ်လျှော့ပေးခဲ့ရာ သုံးဦးလွတ်မြောက်

၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် မန္တလေး အိုးဘိုအကျဉ်းထောင်မှ အောင်မြင်ခဲ့သူများအား ပြစ်ဒဏ်လျှော့ပေးခဲ့သည့် အခမ်းအနား ပြုလုပ်စဉ်

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မန္တလေး အိုးဘိုအကျဉ်းထောင်မှ အောင်မြင်ခဲ့သူများကို ပြစ်ဒဏ်လျှော့ပေးခဲ့ရာ သြဂုတ် ၁၈ ရက်တွင် သုံးဦးလွတ်မြောက်ခဲ့ကြောင်း သတင်းရရှိသည်။

“ဂုဏ်ထူးတစ်ဘာသာနဲ့ ရိုးရိုးအောင်မြင်သူတွေကို ပြစ်ဒဏ်ရဲ့ လေးပုံတစ်ပုံ လျှော့ပေးပါတယ်။ ဂုဏ်ထူးနှစ်ဘာသာနဲ့ အထက်ကိုတော့ ပြစ်ဒဏ်ရဲ့ထက်ဝက် လျှော့ချပေးပါတယ်။ တစ်နှစ်အောက် ပြစ်ဒဏ်ကျန်ရှိနေသူတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးပါတယ်။ ကျောင်းသား ကျောင်းသူတွေကို ပြင်ပလောကမှာ တက္ကသိုလ်ပညာတွေ ဆက်လက်သင်ကြားစေဖို့ရယ်၊ လူမှုရေးအရ ငဲ့ညှာမှုရယ်၊ နိုင်ငံတော်ရဲ့ စေတနာကို နားလည်ပြီး နိုင်ငံအတွက် အကျိုးပြုမယ့် သားကောင်း သမီးရတနာတွေဖြစ်ဖို့ ရည်ရွယ်ပြီး နိုင်ငံတော်သမ္မတကြီးက လွှတ်ပေးတာပါ” ဟု အိုးဘိုအကျဉ်းထောင်မှ ထောင်ပိုင်ကြီး ဦးထွန်းထွန်းက ပြောကြားသည်။

ယနေ့လွတ်မြောက်ခဲ့သူများမှာ နှစ်ဘာသာဂုဏ်ထူးရှင် မောင်ထွန်းကိုကို၊ တစ်ဘာသာ ဂုဏ်ထူးရှင် မောင်ဇင်မင်းထွန်းနှင့် မလုပန်တို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါ သုံးဦးသည် ကျခံရမည့်ပြစ်ဒဏ် တစ်နှစ်အောက်သာ ကျန်ရှိတော့သဖြင့် လွတ်မြောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ကျန်ရှိနေသေးသည့် သူများမှာလည်း ရိုးရိုးအောင်မြင်သူနှင့် တစ်ဘာသာ ဂုဏ်ထူးရှင်များသည် ပြစ်ဒဏ်၏ လေးပုံတစ်ပုံ လျှော့ခြင်း၊ နှစ်ဘာသာနှင့်အထက် ဂုဏ်ထူးရှင်များသည် ပြစ်ဒဏ်၏ ထက်ဝက်လျှော့ပေးသည့် ခံစားခွင့်များ ရရှိမည်ဖြစ်သည်။

ယခုနှစ်၂၀၁၇ တက္ကသိုလ်ဝင်စာမေးပွဲတွင် မန္တလေး အိုးဘိုအကျဉ်းထောင်မှ ၀င်ရောက်ဖြေဆိုသူ ၅၅ ဦးအနက် ၂၇ ဦး အောင်မြင်ခဲ့ရာ သုံးဘာသာဂုဏ်ထူးရှင် လေးဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် လေးဦး၊ တစ်ဘာသာ  ဂုဏ်ထူးရှင် ၁၃ ဦးနှင့် ရိုးရိုးအောင်မြင်သူ ခြောက်ဦးရှိခဲ့သဖြင့် အောင်ချက်ရာခိုင်နှုန်းမှာ ၄၉ ဒသမ ၁၀ ရာခိုင်နှုန်း ရှိခဲ့သည်ဟု သိရသည်။

ယခင်နှစ် ၂၀၁၆ က၀င်ရောက် ဖြေဆိုသူမှာ ၁၁ ဦးသာရှိခဲ့ပြီး ယခုနှစ် ဆယ်တန်းစာမေးပွဲဝင် ရောက်ဖြေဆိုသူမှာ ၅၅ ဦးထိရှိခဲ့သောကြောင့် ငါးဆခန့် များပြားခဲ့သည်ဟု သိရသည်။

ယခင်နှစ်များက အိုးဘိုထောင်မှ ဆယ်တန်းစာမေးပွဲ ဖြေဆိုလိုသူများ အနေဖြင့် ရန်ကုန်အင်းစိန် စာစစ်ဌာနသို့  သွားရောက်ဖြေဆိုရသဖြင့် ထောင်ဝင်စာ အခက်အခဲ ရှိသောကြောင့် ဖြေဆိုမှု နည်းပါးခဲ့ကြောင်း၊ ထို့ကြောင့် ၂၀၁၆-၂၀၁၇ စာသင်နှစ်မှစတင်ပြီး မန္တလေး အိုးဘိုအကျဉ်းဦးစီးဌာနတွင်သာ စာစစ်ဌာနပြုလုပ်၍ ဖြေဆိုစေခဲ့ကြောင်း၊ အကျဉ်းသားများထဲမှ ကျောင်းဆရာဟောင်းများက ပညာသင်ကြားပေးခဲ့ခြင်း ဖြစ်သည်။

ယခုနှစ်၂၀၁၇-၂၀၁၈ တွင် ၀င်ရောက်ဖြေဆိုသူမှာ ၅၅ ဦးထိရှိခဲ့သောကြောင့် အကျဉ်းသားဆရာများ အပါအ၀င် ပညာဒါန ပြုလုပ်လိုသူ ပြင်ပဆရာများက ပါဝင်ရောက် သင်ကြားပေးခဲ့ခြင်း ဖြစ်သည်။

၂၀၁၆-၂၀၁၇ ခုနှစ် ပညာသင်နှစ်တွင် မန္တလေးအိုးဘိုအကျဉ်းထောင် စာစစ်ဌာနမှနေ၍ ၀င်ရောက်ဖြေဆိုခဲ့သူ ၁၁ ဦးအနက် ခုနစ်ဦးအောင်မြင်ကာ သုံးဘာသာဂုဏ်ထူးရှင်တစ်ဦး၊ တစ်ဘာသာ ဂုဏ်ထူးရှင်လေးဦးနှင့် ရိုးရိုးအောင်မြင်သူနှစ်ဦး ပေါ်ထွက်ခဲ့ကြောင်းနှင့် မြန်မာနိုင်ငံ အကျဉ်းဦးစီးဌာန အနေဖြင့် အိုးဘိုအကျဉ်းထောင်သည် သုံးဘာသာ ဂုဏ်ထူးရှင် ပထမဆုံး ပေါ်ထွက်ခဲ့ခြင်းလည်းဖြစ်သည်။

အဆိုပါ သုံးဘာသာ ဂုဏ်ထူးထွက်ရှိခဲ့သည့် ရွှန်းလဲ့ဝေကျော် (၁၉နှစ်) မှာ မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ် ၁၀ နှစ် ကျခံနေရသူဖြစ်ပြီး သူမအပါအ၀င် တက္ကသိုလ်ဝင် တန်းစာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် အကျဉ်းကျခံနေရသူ ငါးဦးကို သမ္မတလွတ်ငြိမ်းချမ်းသာဖြင့် ၂၀၁၇ နှစ် သြဂုတ် ၇ ရက်က လွှတ်ပေးခဲ့ကြောင်း သိရသည်။

 

မန္တလေးမြို့ အမရပူရ ရွှေကူကျောင်းကြီး ကျောင်းတိုက်အတွင်းရှိ ရှေးဟောင်း အုတ်လှေကားကို အင်္ဂတေများဖြင့် ပြုပြင်မှုအား ပြန်လည်ခွာချလျက်ရှိ

ရှေးဟောင်း အုတ်လှေကားကို အင်္ဂတေများဖြင့် ပြုပြင်မှုအား ပြန်လည်ခွာချထားစဉ်

မန္တလေးမြို့ အမရပူရမြို့နယ် ရွှေကူကျောင်းကြီးကျောင်းတိုက် အတွင်းရှိ နှစ်ပေါင်း ၂၀၀ ကျော် သက်တမ်းရှိပြီ ဖြစ်သော အုတ်ကျောင်းကြီး အတက်လှေကားအား အင်္ဂတေများဖြင့် ပြုပြင်ထားမှုကို ယခုအခါ ပြန်လည်ခွာချ လျက်ရှိကြောင်း သိရသည်။

နှစ်ပေါင်း ၂၀၀ ကျော်သက်တမ်းရှိပြီ ဖြစ်သည့် အဆိုပါ ရှေးဟောင်းအုတ်ကျောင်းကြီးအား နိုင်ငံခြားသားများ ၀င်ရောက်လေ့လာမှု များပြားလာသောကြောင့် လာရောက်လေ့လာသူများ အတက်အဆင်း အဆင်ပြေစေရန် အင်္ဂတေအချောကိုင်ကာ ပြုပြင်ထားခြင်း ဖြစ်သော်လည်း ဝေဖန်ကန့်ကွက်မှုများ ရှိနေသည့်အတွက် ယခုအခါ အဆိုပါ အင်္ဂတေများအား ပြန်လည်ခွာချထားပြီးဖြစ်ကြောင်း ရွှေဂူကြီးကျောင်းတိုက်မှ ဦးပဉ္ဇင်းတစ်ပါးက မိန့်ကြားသည်။

“ဦးဇင်းတို့ ဆရာတော်ကြီးက စေတနာနဲ့ လုပ်ပေးတာပါ။ ဒီကျောင်းတိုက်ကြီး ရေရှည်တည်မြဲအောင် ဦးဇင်းတို့တွေ၊ ကိုရင်တွေက အမြဲလုပ်အားပေး သန့်ရှင်းရေး လုပ်နေတာပါပဲ။ နိုင်ငံခြားသားတွေက အတက်အဆင်း လုပ်တဲ့အခါ လှေကားက အုတ်တွေက ဆွေးမြည့်နေတော့ အဆင်မပြေကြတာနဲ့ အင်္ဂတေ ကိုင်လိုက်တာပါ။ အခုတော့ ပြန်ခွာချထားလိုက်ပြီ” ဟု အဆိုပါ ရွှေဂူကြီးကျောင်းတိုက်မှ ဦးပဉ္ဇင်းက မိန့်ကြားသည်။

အမရပူရမြို့နယ်ရှိ ရွှေကူကြီးအုတ်ကျောင်းတွင် ဘုန်းတော်ကြီးမှ နိုင်ငံခြားသားများ လာရောက်ကြည့်ရှုရန် ရှေးဟောင်းလှေကားမှ အပေါ်သို့တက်ရာတွင် အဆင်မပြေသဖြင့် ခိုင်ခံ့စေရန် လှေကားအပေါ်ဘက် အင်္ဂတေဖြင့် ကိုယ်တော်လေးများက စေတနာဖြင့် ပြုလုပ်ခဲ့သည်မှာ ရက်ပိုင်းသာရှိသေးကြောင်း၊ ရှေးဟောင်းသုတေသန အနေဖြင့် ရှေးဟောင်း အဆောက်အအုံများကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် ရှေးဟောင်းလက်ရာအတိုင်း ထိန်းသိမ်းနေပါသဖြင့် ရှေးဟောင်းလှေကားကို နဂိုမူလလက်ရာအတိုင်းသာ ထားရှိရမှာ ဖြစ်ပါကြောင်း ရှင်းလင်းပြောဆို ဆွေးနွေးလျှောက်ထားမှု အပေါ်မှ အင်္ဂတေများကို ပြန်လည်ခွာထုတ်နေပြီဖြစ်ပြီး ရှေးဟောင်းလက်ရာများကို မပျက်စီး မပျောက်ဆုံးစေရေးအတွက် အဘက်ဘက်မှ ကူညီသတင်းပေးပို့သူများကို အထူးကျေးဇူးတင်ရှိပါကြောင်း မန္တလေးမြို့ ရှေးဟောင်းဌာနမှ ဒေါ်မေမြင့်မိုက ၎င်း၏ဖေ့ဘွတ်အကောင့်တွင် ရေးသား ဖော်ပြထားသည်။

 

မန္တလေးမြို့တွင် သေနတ်ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံးသည့် ဖြစ်စဉ်မှာ ဘဏ်မှထွက်လာသော ဇနီးမောင်နှံထံမှ ငွေလုရန် ကြိုးစားရင်း သေနတ်ဖြင့် ပစ်ခတ်သေဆုံးမှု ဖြစ်ကြောင်း ရဲတပ်ဖွဲ့ပြောကြား

သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသူအား သြဂုတ် ၁၃ ရက်က အောင်ပင်လယ်ရဲစခန်းတွင် စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ဖမ်းဆီးခေါ်ဆောင်လာစဉ်

ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက်တွင် အမျိုးသားနှစ်ဦးက လင်မယားနှစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အမျိုးသမီး တစ်ဦးသေဆုံးမှု သြဂုတ် ၁၃ ရက် နံနက် ၁၁ နာရီကျော်က ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်မှာ ဘဏ်ကထွက်လာသောကြောင့် ငွေလုယူရန် ကြိုးစားရင်း သေနတ်ပစ်ခတ်မှု ဖြစ်ပွားခြင်း ဖြစ်သည်ဟု လတ်တလော စစ်ဆေးချက်များအရ သိရကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။

“လတ်တလော စစ်ဆေးချက်အရတော့ လင်မယား နှစ်ယောက်က ဘဏ်ထဲက ထွက်လာတော့ ပိုက်ဆံပါလာမယ်ထင်ပြီး လုယူဖို့ လုပ်ရင်းကနေ သေနတ်ပစ်ခတ်မှု ဖြစ်ပွားတယ်လို့ သိရတယ်။ ဘဏ်ကအထွက် ခပ်လှမ်းလှမ်းကနေ ပါလာတာပါ။ သေနတ် ဘယ်ကရတယ် ဆိုတာတွေ၊ လူငှားသတ်ခိုင်းတယ် ဆိုတာတွေကတော့ စစ်ဆေးနေတုန်းမို့ ဘာမှပြောလို့ မရသေးပါဘူး။ ကနဦး စစ်ဆေးချက်အရ သေနတ်ပစ်တဲ့သူက တစ်ယောက်တည်းပါ” ဟု မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မျိုးအောင်က အမှုနှင့် ပတ်သက်ပြီး ပြောကြားသည်။

ချမ်းမြသာစည်မြို့နယ်၊ ၅၅ လမ်း၊ နှင်းဆီလမ်းနှင့် ရွာလယ်လမ်းမကြီးကြား၊ ထွန်တုံးရပ်ကွက်တွင် ဆိုင်ကယ်စီးလာသည့် လင်မယားနှစ်ဦးကို အခြားဆိုင်ကယ်တစ်စီးမှ ဆိုင်ကယ်ချင်း ၀င်တိုက်ခဲ့ကြောင်း၊ ဆိုင်ကယ်များ လဲကျသွားသည့်နောက်မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ခြေကျင်ထွက်ပြေး လာခဲ့ကြောင်း၊ ထို့နောက် အနီးနားရှိ ဆိုင်တစ်ဆိုင်ထဲမှ ထွက်လာသည့် ဆိုင်ကယ်ကို လုယူခဲ့ရာ မရရှိခဲ့ဘဲ ၅၅ လမ်းပေါ်ရှိ ဆိုင်ကယ်၊ ကားများကို သေနတ်ပြ တားဆီးခဲ့ကြောင်း၊ ခွေးဘီလူးကား တစ်စီးကို တားမြစ်ရာတွင် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး သေနတ်ပစ်ခဲ့သော်လည်း ကျည်ထွက်ခဲ့ခြင်း မရှိဘဲ အနီးဝန်းကျင်မှ ၀ိုင်းဝန်းဖမ်းဆီး ခဲ့ခြင်းကြောင့် သေနတ်ပစ်ခတ်သူကို ၅၅ လမ်းနှင့် မနော်ဟရီလမ်းပေါ်တွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါ ရပ်ကွက်မှ မျက်မြင်တွေ့ရှိခဲ့သူများထံမှ သတင်းရရှိသည်။

သေနတ်ပစ်ခံခဲ့ရသည့် ဇနီးမောင်နှံဖြစ်သည့် လီလျှီစွမ်းခေါ် ကိုဇော်လင်းနှင့် ဟောလောက်ဖိန်တို့သည် ချမ်းမြသာစည်မြို့နယ် ခတ္တာလမ်းနှင့် ဂန္ဓာလမ်းကြား၊ ၅၅ လမ်း နှင့် ၅၆ လမ်းကြား A23 တွင် ခေါင်ရည်ဆိုင်ဖွင့်ထားပြီး တားမိုးညဲ ကွတ်ခိုင်ဇာတိ ဖြစ်ကြောင်း သိရသည်။

လတ်တလော စစ်ဆေးချက်များအရ ဖမ်းမိထားသည့် ကျူးလွန်သူတစ်ဦးမှာ မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် အုန်းချောကျေးရွာမှ ပန်းရံလုပ်ကိုင်သူ တစ်ဦးဖြစ်ပြီး ရှမ်းဓနု လူမျိုးဖြစ်ကြောင်း ထွန်တုံးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကံလှိုင်က ပြောကြားသည်။

သေနတ်ဖြင့် ပစ်ခံရသူ နှစ်ဦးအနက် အမျိုးသမီးမှာ ဆေးရုံတွင် သေဆုံးခဲ့ကြောင်း သိရပြီး အမျိုးသားမှာမူ ကုသမှုခံယူနေရဆဲ ဖြစ်ကြောင်း၊ ဖမ်းမိတရားခံကို အောင်ပင်လယ်  ရဲစခန်းတွင် စစ်ဆေးမှုများ ပြုလုပ်ပြီး အခြားနေရာသို့ ပြောင်းရွှေ့ထားကြောင်း သိရသည်။

မန္တလေးမြို့တွင် ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့သည့် ပြည်ကြီးတံခွန်မြို့နယ် ကျန်စစ်သားလမ်းပေါ် ဆိုင်ကယ်ဖြင့် သွားနေသူတစ်ဦး သေနတ်ထိမှန် သေဆုံးမှုမှာလည်း ပေါ်ပေါက်ခြင်း မရှိသေးပေ။

 

မန္တလေးတွင် နေ့ခင်းကြောင်တောင် သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး သေဆုံး

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်​မြို့နယ်​ ထွန်​တုံးရပ်​ကွက်​တွင်​ ​အမျိုးသားနှစ်​ဦးမှ ​လူနှစ်ဦးအားေ​သနတ်​ဖြင့်​ ပစ်​ခတ်​ခဲ့မှု​ကြောင့်​ အမျိုးသမီးတစ်​ဦး​ သေဆုံးမှု သြဂုတ်​လ ၁၃ ရက်​ နံနက်​ ၁၁ နာရီ​ကျော်​က ဖြစ်​ပွားခဲ့​ကြောင်း သတင်းရရှိသည်​။

ချမ်းမြသာစည်​မြို့နယ်​၊ ၅၅လမ်း၊ နှင်းဆီလမ်းနှင့်​ ရွာလယ်​လမ်းမကြီးကြား၊ ထွန်​တုံးရပ်​ကွက်​တွင်​ ဆိုင်​ကယ်​တစ်​စီးထဲစီးလာသည့်​ အမျိုးသား တစ်​ဦးနှင့် အမျိုးသမီး တစ်​ဦးကို ဆိုင်​ကယ်​စီးလာသည့်​ အမျိုးသားနှစ်​ဦးမှ ​သေနတ်​ဖြင့်​ ပစ်​ခတ်ခဲ့ပြီး​နောက်​ ​တစ်​ဦးမှာ ​ခြေလျင်​ထွက်​​ပြေး လာခဲ့​ကြောင်း၊ ထို့​နောက်​ အနီးနားရှိ ဆိုင်ထဲမှ ထွက်​လာသည့်​ ဆိုင်​ကယ်​ကို လုယူခဲ့​ရာ မရရှိခဲ့ဘဲ ၅၅ လမ်း​ပေါ်ရှိ ဆိုင်​ကယ်​၊ ကားများကို ​သေနတ်​ပြ တားဆီးခဲ့​ရာ ရုန်းရင်းဆန်​ခတ်​ ဖြစ်​ပွားခဲ့ပြီး ​သေနတ်​ပစ်​ခဲ့​သော်​လည်း ကျည်​ထွက်​ခဲ့ခြင်း မရှိဘဲ ​အနီးဝန်းကျင်မှ ၀ိုင်းဝန်းဖမ်းဆီးခဲ့ခြင်း​ကြောင့်​ တစ်​ဦးကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်​သည်​ဟု အဆိုပါရပ်​ကွက်​မှ မျက်​မြင်​​တွေ့ခဲ့သူကို​ကျော်​စိုးမင်းက ဆိုသည်​။

သေနတ်​ဖြင့်​ ပစ်​ခံရသူ နှစ်​ဦးအနက်​ အမျိုးသမီးမှာမူ​​ ဆေးရုံတွင်​ သေဆုံးခဲ့​ကြောင်း သိရပြီး အမျိုးသားမှာမူ ကုသမှုခံယူ​နေရဆဲ ဖြစ်​​ကြောင်း၊ ဖမ်းမိတရားခံကို ​​အောင်ပင်လယ်ရဲစခန်းတွင် ​​​​​စုံစမ်းစစ်​​ဆေးမှုများ ပြုလုပ်​​နေကြောင်း ရဲတပ်​ဖွဲ့ထံမှ သိရသည်​။

မန္တလေးတက္ကသိုလ်တွင် လူငယ်ဘက်စုံ ဖွံ့ ဖြိုးရေးပွဲတော် ကျင်းပပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် လူငယ်များ၏ စာပေစကားဝိုင်း ဘွဲ့နှင်းသဘင်ခန်းမ၌ ပြုလုပ်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဧည့်သည်တော်များ၊ ကျောင်းသားကျောင်းသူများ၊ လူငယ်ဆိုင်ရာ အဖွဲ့အစည်းများမှ လူငယ်များ မန္တလေးတက္ကသိုလ် ပင်မဆောင်ရှေ့တွင် အမှတ်တရဓာတ်ပုံ ရိုက်ကူးစဉ် (ဓာတ်ပုံ-ဌေးလှအောင်)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ်များ၏ စာပေစကားဝိုင်း မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမအတွင်း ပြုလုပ်စဉ်

သုံးရက်ကြာ ပြုလုပ်မည့် လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်ကို မန္တလေးတက္ကသိုလ် အတွင်း၌ သြဂုတ် ၁၁ ရက် နံနက် ၈ နာရီတွင် စတင်ဖွင့်လှစ်ပြီးနောက် ဖွင့်ပွဲအပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ်များ၏ စာပေစကားဝိုင်းကို မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမအတွင်း ဆက်လက်ပြုလုပ်ခဲ့သည်။

မန္တလေးတက္ကသိုလ်တွင် ပြုလုပ်လျက်ရှိသည့် လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်နှင့် တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမအတွင်း ပြုလုပ်သည့် စာပေစကားဝိုင်းသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ ၀န်ကြီးများ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ တက္ကသိုလ်၊ ကောလိပ်အသီးသီးမှ ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမ များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမတွင် ပြုလုပ်သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ်များ၏ စာပေစကားဝိုင်းတွင် တက္ကသိုလ်၊ ကောလိပ်အသီးသီးတို့မှ ကျောင်းသူ ကျောင်းသား ၂၀ က တက်ရောက် ဆွေးနွေးခဲ့ကြသည်။ အဆိုပါ စာပေစကားဝိုင်း မစတင်မီ အချိန်တွင် တက္ကသိုလ်၊ ကောလိပ်အသီးသီးမှ ထူးချွန်ဆုရ ကျောင်းသူ ကျောင်းသားများကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ၀န်ကြီးချုပ်တို့က ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြသည်။

အဆိုပါ စာပေစကားဝိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကား ပြောကြားကာ စာပေနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ပညာရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို ထည့်သွင်းပြောကြားခဲ့သည်။ ၎င်းနောက် စာပေစကားဝိုင်းသို့ ပါဝင်ဆွေးနွေးကြမည့် ကျောင်းသူ ကျောင်းသားများက ယင်းတို့ဖတ်ရှုလေ့လာထားသည့် စာပေအကြောင်းအရာများကို ဆွေးနွေးခဲ့ရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြန်လည်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

အဆိုပါ စကားဝိုင်းတွင် ကျောင်းသူတစ်ဦးက ကျောင်းသား အများစုမှာ ဂိမ်းဆိုင်များတွင် အချိန်ကုန်ကာ ကျောင်းပညာရေး ထိခိုက်မှုများ ရှိနေသဖြင့် ဂိမ်းဆိုင်များကို အခွန်အခများစွာ ကောက်ခံ၍ ထိန်းချုပ်သင့် ကြောင်းနှင့် ဂိမ်းဆိုင်များကို မည်သို့ထိန်းချုပ်နိုင်မည်လဲဟု မေးမြန်းရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က “ဂိမ်းကစားတာဟာ စိတ်ရောဂါ တစ်မျိုးပဲဆိုပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ သတ်မှတ်ကြတယ်။ အထူးသဖြင့် လူငယ်တွေမှာ ဂိမ်းစွဲသွားလို့ရှိရင် တခြားဘာမှ လုပ်လို့မရတော့ဘူး။ စာမကျက်လို့ ဂိမ်းဆိုင်ထဲရောက်တာ မဟုတ်ဘူး။ ဂိမ်းစွဲသွားလို့ရှိရင် အရက်စွဲသလို လောင်းကစားစွဲသလို မူးယစ်ဆေးဝါး စွဲသလိုပဲ။ ဖွံ့ဖြိုးတဲ့ နိုင်ငံတွေ ချမ်းသာတဲ့ နိုင်ငံတွေမှာဆို ဒါကိုစိတ်ပိုင်းဆိုင်ရာ ဆရာဝန်တွေနဲ့ ကုယူတယ်။ ကျွန်မတို့ နိုင်ငံမှာတော့ ဒီလိုလုပ်ဖို့ ခက်ပါတယ်။ နောက်ပြီး ဂိမ်းဆိုင်တွေနဲ့ ပတ်သက်လို့ ဘယ်လိုကိုင်တွယ်မလဲဆိုတာ အဘက်ဘက်က စဉ်းစားရတယ်။ တစ်ဖက်ကလည်း ဒါဟာစီးပွားရေး တစ်မျိုးပဲ။ ပြီးတော့ ခေတ်ရဲ့ ရေစီးကြောင်းတစ်မျိုး ဖြစ်တာကြောင့် ခေတ်ရဲ့ရေစီးကြောင်းကို ဆန့်ကျင်ပြီး သွားလို့မဖြစ်ဘူး။ နောက်တစ်ပိုင်းကတော့ စီးပွားရေး သမားတွေ ရဲ့ စီးပွားရေး အခွင့်အလမ်းတွေကိုလည်း မဆင်မခြင်နဲ့ ပိတ်ပင်လို့ မဖြစ်ဘူး။ အစိုးရတစ်ခုကနေပြီးတော့ စည်းမျဉ်းစည်းကမ်းဥပဒေ ထုတ်တယ်ဆိုတာ အဘက်ဘက်က ကြည့်ရတယ်။ တစ်ခုတည်းပဲ ကြည့်လို့မရဘူး” ဟု ပြန်လည်ဖြေကြားသည်။

ထို့ပြင် နိုင်ငံ၏ ရသစာပေ၊ သုတစာပေ အစရှိသည့် စာပေလောက ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပြည်သူနှင့် စာပေ ရင်းနှီးကျွမ်းဝင်ကာ ပြည်သူလူထုက ကုန်ကျစရိတ် သက်သာစွာဖြင့် စာပေကို ဖတ်ရှုလေ့လာရန် အတွက်မှာ အစိုးတစ်ခုတည်း လုပ်ပေး၍ မရနိုင်ဘဲ ပုဂ္ဂလိကပိုင်းမှပါ ပါဝင်ကူညီရန် လိုအပ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားခဲ့သည်။

လူငယ်များ ဘက်စုံဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်လိုစိတ်နှင့် ကိုယ့်အားကိုယ်ကိုးကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်း

ဓာတ်ပုံ – ဌေးလှအောင်

မန္တလေးတက္ကသိုလ်ဝင်းအတွင်း သြဂုတ် ၁၁ ရက်မှ ၁၃ ရက်အထိ သုံးရက်တိုင် ပြုလုပ်မည့် လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို သြဂုတ် ၁၁ ရက် နံနက် ၈ နာရီက ပြုလုပ်ခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ်များ စာပေစကားဝိုင်းကို စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာ၊ အတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုးများ မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်သည့် လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “လူငယ်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး ပွဲတော်ရဲ့ရည်ရွယ်ချက်ကတော့ ကျွန်မတို့ အနာဂတ်အတွက် ပိုပြီးတော့ ခိုင်မာအောင်လို့ပဲ ဖြစ်ပါတယ်။ လူငယ်တွေကို ပြုစုပျိုးထောင်တယ်ဆိုတာ အနာဂတ်ကို ဦးတည်လုပ်ရတာပါ။ လူငယ်တွေက အတွေးအခေါ်ဘက်ကို အားသန်မှ လူကြီးဖြစ်လာတဲ့အခါ အတွေ့အကြုံနဲ့ပေါင်းပြီး တန်ဖိုးရှိတဲ့လူတွေ ဖြစ်နိုင်မှာပါ။ ဒါပေမဲ့ ကျွန်မပြောချင်တာက လူကြီးနဲ့ လူငယ် ပူးပေါင်းဆောင်ရွက်မှ အောင်မြင်နိုင်မှာပါ။ လူကြီးတွေချည်းပဲ တော်တယ်လို့ ပြောလို့မရဘူး။ လူငယ်တွေချည်းပဲ ကောင်းတယ်လို့ ပြောလို့မရဘူး။ ကောင်းတဲ့လူကြီးလည်း ရှိတယ်။ ဆိုးတဲ့လူကြီးလည်း ရှိတယ်။ ကောင်းတဲ့ လူငယ်လည်း ရှိတယ်။ ဆိုးတဲ့လူငယ်လည်း ရှိတယ်။ အမျိုးမျိုးပေါ့။ ဒါပေမဲ့ လူငယ်တွေကို ပြုပြင်ပေးဖို့ ပိုပြီးတော့တိုးတက်အောင် ပြုလုပ်ပေးဖို့ လူကြီးတွေရဲ့ တာဝန်ဖြစ်တယ်။ ဒါဟာ တာဝန်ဖြစ်ရုံတင်မကဘဲ အခွင့်အရေး တစ်ခုလည်းဖြစ်တယ်” ဟု ပြောကြားခဲ့သည်။

“ကျွန်မတို့မှာ ဘာကြောင့် စုပေါင်းပြီး ညီညီညွတ်ညွတ်နဲ့ လုပ်ကိုင်နိုင်တဲ့ အခြေအနေတွေဟာ အားနည်းနေသလဲ။ ဒါတွေကို ကျွန်မတို့က ကြည့်ရမှာ။ ငါဘာလို့ ခေါင်းဆောင် မဖြစ်ရပါလိမ့်ဆိုတာ စဉ်းစားနေရမှာ မဟုတ်ဘူး။ ဒါကြောင့် လူငယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်ချင်လို့ရှိရင် ပူးပေါင်းဆောင်ရွက်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းရဲ့ ရလဒ်တစ်ခုက မိတ်ဆွေကောင်းတွေရခြင်းပဲ။ ပူးပေါင်းဆောင်ရွက်ပြီး အတူလုပ်ခဲ့တဲ့ မိတ်ဆွေများဟာ မိသားစု အရင်းအချာထက်တောင် ပိုပြီးတော့ နီးစပ်တယ်။ ပိုပြီးတော့ အားကိုးရတယ်။ ပိုပြီးတော့ တန်ဖိုးရှိတယ်။ ကိုယ့်အပေါ်မှာလည်း ပိုပြီးတော့ နားလည်မှုပေးတယ်။ ဒါကြောင့် လူငယ်များ မိတ်ဆွေကောင်း ရနိုင်ဖို့အတွက် အဲဒီလို အရည်အချင်းတွေ ပြုစုပျိုးထောင်ပါလို့ ကျွန်မက တိုက်တွန်းချင်ပါတယ်။ ဒါပေမဲ့ ကိုယ်က မိတ်ဆွေကောင်းရဖို့ ကိုယ်ကိုယ်တိုင်က မိတ်ဆွေကောင်း တစ်ဦးရဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံမှဖြစ်မယ်။ တစ်ဖက်သတ်နဲ့တော့ မရနိုင်ဘူး။ ကိုယ်ကချည်းယူမယ်။ ကျန်တဲ့သူတွေက ပေးဆိုတာတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် လူငယ်များ ဘက်စုံဖွံ့ဖြိုးဖို့ ကိုယ့်ဘာသာကိုယ် လုပ်ယူပါ။ ကိုယ့်အားကိုယ်ကိုးပါ။ ပြီးတော့ ပူးပေါင်းဆောင်ရွက်တဲ့စိတ်ရှိပါ။ နောက်ပြီး လူငယ်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးလုပ်တဲ့ အခါမှာ ဘက်စုံဆိုတဲ့ စကားကို အလေးထားပြီး စဉ်းစားစေချင်ပါတယ်။ ဘက်စုံအောင် ဘာတွေလိုအပ်မလဲ။ ရုပ်ပိုင်းဆိုင်ရာ၊ ဦးနှောက်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာပြီးတော့ လူမူရေးအရ ခင်မင်မှု မိတ်ဆွေပိုင်းဆိုင်ရာ ကိစ္စရပ်တွေ အားလုံးနဲ့ ပြည့်စုံမယ် ဆိုလို့ရှိရင် ကျွန်မတို့ရဲ့ လူငယ်များဟာ နိုင်ငံရဲ့ အကျိုးတင်မကဘဲ ကမ္ဘာတစ်ခုလုံးပေါ် နေထိုင်တဲ့ လူသားများ အကျိုးကို ထမ်းဆောင်နိုင်တဲ့ ပြီးပြည့်စုံတဲ့ လူသားကောင်းတွေ ဖြစ်လာမှာပါ။ အဲလိုဖြစ်လာမယ် ဆိုလို့ရှိရင် ကျွန်မတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာမယ် ဆိုတာကိုတော့ ထူးထူးထွေထွေ ပြောနေစရာ မလိုတော့ပါဘူး” ဟု လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောကြားခဲ့သည်။

အဆိုပါပွဲတော်တွင် ပညာရေးကဏ္ဍ၌ မိဘများ လွဲမှားစွာ ပြိုင်ဆိုင်မှုများ ရှိနေခြင်းနှင့် ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က “ကလေးတွေက စကတည်းက ပြိုင်ဆိုင်တဲ့ စိတ်ဓာတ်တွေနဲ့ သူ့လွယ်အိတ်ကလှတယ်။ သူ့ကော်မာဘူးက သာတယ်နဲ့ ဒီလိုအရေးမကြီးတဲ့ ဟာတွေအတွက် ပြိုင်ဆိုင်တာတွေ ပေါ်လာတယ်။ အဲဒါတွေကိုတော့ မိဘတွေက ဆင်ခြင်သင့်ပါတယ်။ မိဘတွေက ဒါတွေကို အားမပေးသင့်ပါဘူး။ ကလေးတွေကိုလည်း ဒီဟာတွေက အပေါ်ယံပဲ အနှစ်သာရ မရှိဘူး။ ဒါတွေက အဓိကကျတာ မဟုတ်ဘဲ သာမညတွေပဲ ဆိုတာကို သဘောပေါက်အောင်လို့လည်း လုပ်ပေးရမယ်” ဟု ပြောကြားသည်။

ထို့ပြင် ကလေးငယ်များအား ကမ္ဘာကြီးနှင့် ယှဉ်နိုင်ရန် ပညာသင်ကြားပေးရမည်ဖြစ်ပြီး ယင်းပညာရေးစနစ်မှာ နိုင်ငံသူ နိုင်ငံသားကို ကမ္ဘာ့အလယ်တွင် ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်စေရန် ဦးတည်နိုင်သော ပညာရေးစနစ် ဖြစ်ရမည်ဖြစ်ပြီး မိမိတို့ပြည်သူများမှာ ယင်းသို့ မှန်ကန်ကောင်းမွန်သော ပညာရေးစနစ် အခွင့်အရေးသာ ရရှိပါက လွန်စွာထူးချွန်နိုင်မည်ဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားခဲ့သည်။

ယင်းသို့ သုံးရက်ကြာ ကျင်းပနေသည့် လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်နှင့် ပတ်သက်၍ တိုင်းဒေသကြီး အတွင်းရှိ လူငယ်အဖွဲ့အစည်း ၁၂ ခုက ကန့်ကွက်သည့် သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် လူငယ်ရေးရာကိစ္စရပ်များ ဆွေးနွေးပြောဆိုရန် လူငယ်များရွေးချယ်ရာတွင် အလွှာအသီးသီး၊ ကဏ္ဍအသီးသီးမှ လူငယ်များကို ထည့်သွင်းခြင်း မရှိခြင်း၊ ပွဲတော်တွင် ၀န်ကြီးဌာနများ၏ ပြခန်းများ၊ အရောင်းဆိုင် အများအပြား တွေ့ရှိရသော်လည်း လူငယ်အဖွဲ့အစည်းများ၏ လှုပ်ရှားမှုပုံရိပ်များကို မတွေ့ရှိရသည်မှာ လွန်စွာဝမ်းနည်းမိပြီး တာဝန်ရှိသူများ၏ စီစဉ်ဆောင်ရွက်မှုများကို မေးခွန်းထုတ်စရာ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ထို့ပြင် လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်တွင် အလွှာအသီးသီးမှ လူငယ်အဖွဲ့အစည်းများကို အသိအမှတ်မပြု လျစ်လျူရှုခြင်း၊ ပွဲစီစဉ်ရာတွင် ပွင့်လင်းမြင်သာမှုမရှိခြင်း စသည့်အချက်များကြောင့် ပွဲတာဝန်ရှိသူများကို လူငယ်အဖွဲ့အစည်းများက ကန့်ကွက်ရှုတ်ချပါသည်ဟု ဖော်ပြထားသည်။

 

ရတနာပုံခေတ်လက်ရာ ရွှေနန်းတော်ကျောင်း၏ ဘေးဝရန်တာများ ပြုပြင်ထိန်းသိမ်းလျက်ရှိပြီး ပြုပြင်ထိန်းသိမ်းမှု ရာခိုင်နှုန်း ၅၀ ကျော် ပြီးစီး

ပြုပြင်ထိန်းသိမ်းလျက်ရှိသော ရတနာပုံခေတ်လက်ရာ ရွှေနန်းတော်ကျောင်းကို တွေ့ရစဉ်

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ ရတနာပုံခေတ်နှောင်းပိုင်း လက်ရာတစ်ခုဖြစ်သည့် ရွှေနန်းတော်ကျောင်း မူလလက်ရာမပျက် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ဒုတိယပိုင်း စီမံကိန်း ပြန်လည်စတင်ရာတွင် ရှေးဟောင်းသုတေသန ဦးစီးဌာနနှင့် WMF (ကမ္ဘာ့အဆောက်အအုံများ ရန်ပုံငွေအဖွဲ့) တို့အကြား ညှိနှိုင်းမှု အားနည်းခြင်းနှင့် သဘောထား ကွဲလွဲခြင်းတို့ကြောင့် လုပ်ငန်းပိုင်းဆိုင်ရာ ကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် လက်ရှိတွင် ညှိနှိုင်းဆွေးနွေးမှု အဆင်ပြေခဲ့ပြီး ကျောင်းဆောင်၏ တောင်ဘက်ခြမ်းရှိ ၀ရန်တာများကို ပြုပြင်ထိန်းသိမ်းလျက်ရှိကာ ကျောင်းဆောင် တစ်ခုလုံး၏ ပြုပြင် ထိန်းသိမ်းမှု ရာခိုင်နှုန်းမှာ ၅၀ ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်ကြောင်း WMF မှ Program Director Mr.Jeffery Allen က ပြောကြားသည်။

“ပြုပြင်ထိန်းသိမ်းမှု အပိုင်းတွေ အားလုံးဟာ နိုင်ငံတကာအဆင့်မီ ထိန်းသိမ်းတာဖြစ်သလို ကုန်းဘောင်ခေတ်က မူလလက်ရာအတိုင်း ပြုပြင်ထိန်းသိမ်းနေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ လုပ်ငန်းတွေကတော့ လက်ရှိမှာ ကျောင်းဆောင်ရဲ့ တောင်ဘက်အခြမ်းကို ပြုပြင်ထိန်းသိမ်းနေပါတယ်။ ကျောင်းဆောင်ရဲ့ ဘေးဝရန်တာတွေ အားလုံးကို မူလလက်ရာမပျက် ပြုပြင်ထိန်းသိမ်းသွားမှာပါ။ ၀ရန်တာတွေကို ပြုပြင်ထိန်းသိမ်းပြီးသွားရင် ကျောင်းဆောင် ခေါင်မိုးတွေကို ပြုပြင်ထိန်းသိမ်းနိုင်ဖို့ လုပ်ဆောင်သွားမှာပါ။ ပြုပြင်ထိန်းသိမ်းမှုတွေကတော့ ကုန်းဘောင်ခေတ်က မူလလက်ရာအတိုင်း ပြုပြင် ထိန်းသိမ်းသွားမှာပါ” ဟု World Monuments Fund ၏ Program Director Mr.Jeffery Allen က ပြောကြားသည်။

ရွှေနန်းတော်ကျောင်း၏ တောင်ဘက်ဝရန်တာ ပြုပြင်ထိန်းသိမ်းခြင်း၊ အောက်ခြေရှိ နယားရုပ်များကို မူလလက်ရာမပျက် ပြုပြင်ထိန်းသိမ်းခြင်းများ လုပ်ဆောင်လျက်ရှိကာ ကျောင်းဆောင်၏ ဘေးဝရန်တာများ ပြုပြင်ရာတွင် ဆွေးမြေ့နေသည့် တိုင်လုံးနေရာများကို အစားထိုး လဲလှယ်သွားမည်ဖြစ်ကာ ပြန်လည် အသုံးပြုနိုင်သည့် တိုင်လုံးများကို တွဲစပ်၍ ထည့်သွင်းပြုပြင်မည် ဖြစ်ကြောင်း Mr. Jeffery Allen က ပြောကြားသည်။ ထို့ပြင် အဆိုပါ တိုင်လုံးနေရာများကို အစားထိုး လဲလှယ်ရာတွင် အရည်အသွေး ပြည့်မီသည့် ကျွန်းသစ်များဖြင့် အစားထိုးပြုပြင် လဲလှယ်မည်ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့ရှိ ရွှေနန်းတော်ကျောင်းအား နိုင်ငံတကာအဆင့်မီ ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်ရန်အတွက် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ အမေရိကန်အစိုးရက ၂၀၁၃ ခုနှစ်တွင် ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့သည်။ ယင်းနောက် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီမှ စတင်၍ အမေရိကန်နိုင်ငံအခြေစိုက် World Monuments Fund (ကမ္ဘာ့အဆောက်အအုံများ ရန်ပုံငွေအဖွဲ့) က ရွှေနန်းတော်ကျောင်း၏ ပျက်စီးနေမှု အစိတ်အပိုင်းများအား 3D Laser Scanner ပုံရိပ်ဖမ်းစက်များဖြင့် အသေးစိတ် မှတ်တမ်းများရယူခြင်း၊ သစ်သား ဆွေးမြေ့မှုများ လေ့လာခြင်း၊ ကျောင်းအတွင်း ရေစီးရေလာစနစ်များ လေ့လာခြင်းနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များရယူခြင်း အစရှိသည့် နည်းလမ်းမျိုးစုံဖြင့် လေ့လာမှတ်တမ်း ရယူမှုများနှင့် ကျောင်းဆောင် အနောက်ဘက်ရှိ ပျက်စီးမှုများ ဖြစ်ပေါ်နေသည့် အောက်ခြေကြမ်းခင်းများနှင့် ဘေးဝရန်တာများကို အစားထိုးလဲလှယ်ခြင်း လုပ်ငန်းများကို သုံးနှစ်ကျော် အချိန်ယူ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

လွန်ခဲ့သော အနှစ် ၂၀ ကျော်က ၀ယ်ယူနေထိုင်ခဲ့သော မန္တလေးမြို့ ၆၈ လမ်းရှိ ရဲသိပ္ပံကျောင်း တိုက်ခန်းများကို ဘူဒိုဇာဖြင့်ထိုး၍ ဖျက်သိမ်းမည်ဟု ရဲတပ်ဖွဲ့က နေထိုင်သူများအား ခေါ်ယူအသိပေးခဲ့ပြီး ယနေ့ နံနက်တွင် အင်အားသုံး ဖယ်ရှားမည်ဟု သိရ

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၆၈ လမ်း၊၂၈x၂၉ လမ်းကြားရှိ ရဲအရာအရှိ အတတ်သင်ကျောင်း တိုက်ခန်းများတွင် နေထိုင်သူများကို နှစ်ရက်အတွင်း ပြောင်းရွှေ့ကြရန် ရဲတပ်ဖွဲ့က ခေါ်ယူအသိပေးမှု ပြုလုပ်ခဲ့ပြီး ဖယ်ရှားခြင်း မရှိပါက အင်အားသုံး ဆောင်ရွက်မည်ဟု (ယခင်) သင်တန်းကျောင်း ကျောင်းအုပ်ကြီး ရဲမှူးကြီးမင်းအောင်က ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖယ်ရှားထွက်ခွာပေးရန် အသိပေးထားသည့် လူနေတိုက်ခန်းများမှာ ၁၉၉၆ ခုနှစ်က ရဲအတတ်သင် သိပ္ပံကျောင်း သက်သာကော်မတီက ဆောက်လုပ်ရေးကုမ္ပဏီအား လုပ်ပိုင်ခွင့်ချထားပေးပြီး ဆောက်လုပ်ရောင်းချခဲ့သည့် လူနေနှစ်ထပ် တိုက်ခန်းများဖြစ်ပြီး လူနေဆိုင်ခန်း ၃၀ ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ လိုအပ်လို့ ဒီမြေကိုပြန်ယူမယ်။ ဖျက်မယ်။ အချိန်ကတော့ သိပ်မရပါဘူး။ သောကြာ၊ စနေ နှစ်ရက်ပဲ အချိန်ပေးနိုင်ပါတယ်။ တနင်္ဂနွေနေ့မှာ ဆိုင်ခန်းရှင်များကို အင်အားသုံး ဖယ်ရှားသွားမှာ ဖြစ်ပါတယ်။ အဲဒီတော့ ပြောချင်တာကတော့ မိမိတို့ပစ္စည်းတွေကို အပြီးပြောင်းရွှေ့ထားကြပါ ဆိုတာကို ကြိုတင်ပြီး သတိပေးခြင်း ဖြစ်ပါတယ်” ဟု ယခင် သင်တန်းကျောင်း ကျောင်းအုပ်ကြီး ရဲမှူးကြီး မင်းအောင်က သြဂုတ် ၃ ရက်တွင် ဆိုင်ခန်းရှင်များအား ခေါ်ယူတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

“ခြိမ်းခြောက်တာ မဟုတ်ပါဘူး။ ဖမ်းဆီးတာတွေ အရေးယူတာတွေ ပါလာလိမ့်မယ်။ ကျွန်တော်တို့ကို ခုခံတာပဲဖြစ်ဖြစ်၊ မဖယ်တာပဲဖြစ်ဖြစ် ဥပဒေအတိုင်း ဆောင်ရွက်သွားမယ့်အကြောင်း ပြောချင်ပါတယ်။ မဖယ်ရင် ဆွဲထုတ်မှာ ဖြစ်ပါတယ်။ ဘူဒိုဇာနဲ့ထိုးပြီး ဖျက်သိမ်းသွားမယ်” ဟု ဆက်လက်ပြောကြားသည်။

အဆိုပါ လူနေတိုက်ခန်းများကို ဖယ်ရှားပေးရန် ၂၀၁၇ ခုနှစ် မေလအတွင်းက စတင်အသိပေးခဲ့ခြင်း ဖြစ်သော်လည်း နေထိုင်သူများက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ ဆက်လက်နေထိုင်ခွင့်ရရှိရန် အသနားခံစာ တင်ပြခဲ့ပြီး စိစစ်ဆောင်ရွက်သွားမည်ဟု ပြန်ကြားထားချိန်တွင် ယခုကဲ့သို့ အချိန်နှစ်ရက်အတွင်း ဖယ်ရှားထွက်ခွာရမည် ဟူသောကြောင့် အခက်အခဲ ဖြစ်ပေါ်လျက်ရှိကြောင်း နေထိုင်သူများက သြဂုတ် ၄ ရက်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ထို့ပြင် အဆိုပါ လူနေတိုက်ခန်းများမှာ ရဲသိပံ္ပကျောင်းဂရန်မြေ ဧရိယာအတွင်း မပါဝင်သောကြောင့် ၁၉၉၅ ခုနှစ်အစိုးရအိမ် ဥပစာ(နှင်ထုတ်ခြင်း)ဥပဒေဖြင့် ဆောင်ရွက်ရန် မသင့်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ချမ်းအေးသာစံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ရွှေက “ဒါဟာ ပြည်သူတင်မြှောက်ထားတဲ့ အစိုးရကို နည်းမျိုးစုံနဲ့ အကျပ်အတည်းဖြစ်အောင် လုပ်နေတယ်လို့ပဲ ယူဆတယ်။ သမ္မတဆီ အသနားခံစာ တင်ပြထားတယ်။ လိုအပ်သလို စိစစ်ဆောင်ရွက်ပေးမယ် ဆိုပေမယ့် အောက်ခြေမှာက ဥပဒေ သက်ရောက်မှု မရှိသလို ဖြစ်နေတယ်” ဟု ပြောကြားခဲ့သည်။

“ဒီအတိုင်း ထွက်ပေးရမယ်ဆို မျှတမှု မရှိပါဘူး။ ကျွန်တော်တို့က ၀ယ်ယူနေထိုင်ခဲ့တာ။ ကျူးကျော်ထားတာ မဟုတ်ဘူး။ အစား မြေနေရာဖြစ်ဖြစ်၊ ကာလပေါက်ဈေးဖြစ်ဖြစ် စီစဉ်ပေးစေချင်တယ်။ အခုဝါတွင်းကာလ ဖြစ်တော့ ပြောင်းရွှေ့ဖို့ အခက်အခဲရှိတယ်။ နောက်ပြီး ပြောင်းဖို့မရှိတဲ့သူတွေ ဘယ်လိုလုပ်မလဲ” ဟု အဆိုပါ တိုက်ခန်းတွင် နှစ် ၂၀ ကျော် နေထိုင်လျက်ရှိသည့် မုန့်လုပ်ငန်းရှင် ဦးမျိုးအောင်က ပြောကြားသည်။

“ကျွန်တော်က ၂၀၁၆ ခုနှစ်က သိန်း ၄၃၀ နဲ့ ၀ယ်ယူခဲ့တာပါ။ ဒါက ကျွန်တော် စာသင်လို့ရတဲ့ ချွေးနှဲစာနဲ့ စုဆောင်းဝယ်ခဲ့ရတာပါ။ အခု ဒီအတိုင်းကြီး ဖယ်ရှားပေးရမယ်၊ ဆင်းသွားရမယ်ဆို ဘယ်သွားနေရမှာလဲ။ နေစရာလည်း မရှိပါဘူး။ ဒါကြောင့် မဖယ်နိုင်ဘူး” ဟု ဦးနိုင်မင်းက ဆိုသည်။

မန္တလေးမြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ ယာဉ်များကို အောက်တိုဘာလမှစ၍ ဘီးခွန်နှုန်းထားများ ပြောင်းလဲကောက်ခံမည်

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ်အတွင်း သွားလာသည့် ယာဉ်များအား ဘီးခွန်နှုန်းထားများကို လာမည့်အောက်တိုဘာလတွင် အင်ဂျင်ပါဝါအလိုက် ပြောင်းလဲကောက်ခံသွားမည် ဖြစ်ကြောင်း စည်ပင်သာယာရေး ကော်မတီ၏ ထုတ်ပြန်ချက်များအရ သိရသည်။

ပြောင်းလဲကောက်ခံရာတွင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ လမ်းညွှန်ချက်အရ တိုင်းဒေသကြီးအတွင်း မှတ်ပုံတင်ယာဉ်များကို ယာဉ်အမျိုးအစားအလိုက် ကောက်ခံနေရာမှ အင်ဂျင်ပါဝါစီစီအလိုက် ပြောင်းလဲကောက်ခံမည်ဖြစ်ကာ လုပ်ငန်းသုံးယာဉ်ဖြစ်ပါ အခွန်နှုန်းထား တစ်မျိုးဖြင့် ကောက်ခံမည် ဖြစ်ကြောင်း သိရသည်။

“အခုက ဘီးခွန်က မဆောင်မနေရဖြစ်သွားပြီ။ လက်ရှိက ဆိုင်ကယ်ဆို နှစ်နှစ်သက်တမ်းအတွက် ၁၉၀၀ လောက်ကျတယ်။ လုပ်ငန်းသုံး အိမ်သုံးမခွဲဘဲ ကားအမျိုးအစားနဲ့ က.ည.န ယာဉ်သက်တမ်းပေါ် မူတည်ပြီးတော့ ပေးရတာဖြစ်တယ်။ အခု ပြောင်းလဲကောက်ဖို့ ကြေညာထားတာကျတော့ အရင်ထက် ပိုများသွားတယ်။ လုပ်ငန်းသုံး ဆိုရင်လည်း ပိုဆောင်ရမှာ ဖြစ်တာကြောင့် အချို့ယာဉ်ပိုင်ရှင်တွေဆိုရင် ပေးဆောင်ရမယ့် အခွန်တွက်ကြည့်တဲ့အခါမှာ သိန်းချီကျမှာမို့ ညည်းတဲ့သူတွေရှိတယ်” ဟု က.ည.န တွင် ကိုယ်စား ယာဉ်လိုင်စင် သက်တမ်းတိုး ဆောင်ရွက်ပေးသူ တစ်ဦးက ပြောသည်။

အင်ဂျင်ပါဝါစီစီအလိုက် ပြောင်းလဲသတ်မှတ်လိုက်သည့် ဘီးခွန်နှုန်းထားများမှာ လက်ရှိ ကောက်ခံနေသည့် ဘီးခွန်နှုန်းထားများထက် ထက်ဝက်ခန့် မြင့်တက်သွားခြင်းဖြစ်ပြီး မော်တော်ဆိုင်ကယ် တစ်မျိုးသားလျှင် လုပ်ငန်းသုံး၊ အိမ်သုံးခွဲခြားခြင်း မရှိဘဲ ကျန်ယာဉ်များကို အင်ဂျင်ပါဝါစီစီအလိုက် လုပ်ငန်းသုံးဖြစ်ပါက တစ်နှစ်လျှင် အခွန်ခ အိမ်သုံးထက်နှုန်းထား နှစ်ဆပေးဆောင် ရမည်ဖြစ်ကာ အနည်းဆုံး ကျပ်သုံးသောင်းကျော်မှ အများဆုံးကျပ် တစ်သိန်းကျော်အထိ ကျသင့်မည် ဖြစ်ကြောင်း သိရကာ စီးပွားရေးသုံး ယာဉ်များအနေဖြင့် ဘီးခွန်နှုန်းထား အသစ်အတိုင်း ပေးဆောင်ပြီးပါက မြို့ဝင်ဂိတ်များတွင် လမ်းအသုံးပြုခ ကောက်ခံတော့မည် မဟုတ်ကြောင်း သိရသည်။

အင်ဂျင်ပါဝါစီစီအလိုက် ပြောင်းလဲသတ်မှတ်ထားသည့် တစ်နှစ်စာအတွက် ဘီးခွန်နှုန်းထားများမှာ မော်တော်ဆိုင်ကယ်မှာ ၁၈၂၅ ကျပ်၊ ၆၆၀ စီစီအောက် အိမ်သုံး ယာဉ်မှာ ၁၈၂၅၀ ကျပ်၊ စီးပွားရေးသုံးမှာ ကျပ်  ၃၆၅၀၀၊ ၆၆၀ စီစီမှ ၁၃၀၀ စီစီထိ အိမ်သုံးယာဉ် ၂၇၃၇၅ ကျပ်၊ စီးပွားရေးသုံး ၅၄၇၅၀ ကျပ်၊ ၁၃၀၁ စီစီမှ ၂၀၀၀ စီစီအထိ အိမ်သုံးယာဉ် ၃၆၅၀၀ ကျပ်၊ စီးပွားရေးသုံး ၇၃၀၀၀ ကျပ်၊ ၂၀၀၁ စီစီမှ ၄၃၀၀ စီစီအထိ အိမ်သုံး ၄၅၆၂၅ ကျပ်၊ စီးပွားရေးသုံး ၉၁၂၅၀ ကျပ်နှင့် ၄၃၀၀ စီစီအထက် ယာဉ်များမှာ အိမ်သုံး ၅၄၇၅၀ ကျပ်၊ စီးပွားရေးသုံး ကျပ်၁၀၉၅၀၀ သတ်မှတ်ထားကြောင်း သိရသည်။