မန္တလေးခရိုင်တွင် ယခုနှစ်လေးလတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံး၊ ဒဏ်ရာရရှိမှု ယခင်နှစ်ကာလတူထက် ပိုများ

မန္တလေးခရိုင် ခုနစ်မြို့နယ်တွင် ယခုနှစ်လေးလတွင်း ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုကြောင့် သေဆုံး၊ ဒဏ်ရာရရှိသူဦးရေ ယခင်နှစ်ကာလတူထက် များလာကြောင်း အမှတ် (၁၄) ယာဉ်ထိန်းရဲဒုတိယတပ်ဖွဲ့ခွဲ (မန္တလေး) ၏ ယာဉ်တိုက်မှုကာလတူ နှိုင်းယှဉ်ချက် စာရင်းဇယားများအရ သိရသည်။

ဇန်န၀ါရီမှ ဧပြီလအထိ ဖြစ်ပွားမှုများကိုကြည့်လျှင် ၂၀၁၇ ခုနှစ်တွင် ယာဉ်တိုက်မှု ၁၀၉ မှု သေဆုံးသူ ၆၁ ဦး ဒဏ်ရာရသူ ၁၀၄ ဦးရှိခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ယာဉ်တိုက်မှု ၁၅၂ မှု သေဆုံးသူ ၇၀ ဦး ဒဏ်ရာရသူ ၁၅၆ ဦးအထိရှိလာကြောင်း သိရသည်။

ယခုနှစ်လေးလအတွင်း ယာဉ်တိုက်မှုများတွင် ဆိုင်ကယ်၊ ကားပါဝင်သော ယာဉ်တိုက်မှုထက် ဆိုင်ကယ်ပါဝင်သော ယာဉ်တိုက်မှုအများဆုံးဖြစ်နေပြီး ဖြစ်ပွားမှုအများဆုံးအချိန်သည် မွန်းတည့် ၁၂ နာရီမှ ညနေ ၆ နာရီအထိဖြစ်ပြီး ဒုတိယအများဆုံးအချိန်သည် နံနက် ၆ နာရီမှ မွန်းတည့် ၁၂ နာရီအထိဖြစ်ကြောင်းနှင့် မဆင်မခြင်မောင်းနှင်မှုကြောင့် ၁၁၆ မှု၊ အရှိန်ပြင်းမောင်းနှင်မှု ၂၁ မှု၊ ယာဉ်မောင်းမကျွမ်းကျင်မှု ၁၃ မှု၊ မူးယစ်မောင်းနှင်မှု နှစ်မှုရှိခဲ့ကြောင်း သိရသည်။

မန္တလေးမြို့အတွင်း ယာဉ်စည်းကမ်း လမ်းစည်းကမ်း ပိုမိုကောင်းမွန်စေရေးအတွက် မြို့တွင်း မြို့ပြင် လမ်းပိုင်းအလိုက် စစ်ဆေးခြင်း ပညာပေးခြင်းများ သတ်မှတ်ကာ စည်းကမ်းပျက်ယာဉ်များအား စစ်ဆေးအရေးယူခြင်းကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ တိုင်းဒေသကြီးပို့ဆောင်ရေး စီမံကိန်းဦးစီးဌာန၊ တိုင်းဒေသကြီးကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ မော်တော်ယာဉ်လိုင်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ၊ စည်ပင်သာယာရဲတပ်ဖွဲ့၊ ခရိုင်အုပ်ချုပ်ရေးဝန်ထမ်းများနှင့် ပူးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မန္တလေးမြို့၏ Down Town ဧရိယာအတွင်း စည်းကမ်းချိုးဖောက်မှုများအား လှည့်လည်စစ်ဆေးအရေးယူခြင်း ညပိုင်းတွင် ကျုံးပတ်လည်လမ်းများနှင့် အချက်အခြာကျသော လမ်းဆုံများမှ အိပ်ဇောစက်သံဆူညံသော ဆိုင်ကယ်နှင့် ပြိုင်ကားအသွင်သဏ္ဌာန် မော်တော်ယာဉ်များကို စစ်ဆေးအရေးယူခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မတ္တရာမြို့နယ်တွင် သံဃာတစ်ပါး ဦးဆောင်ပြီး ကလေးတစ်ဦးအား အုပ်စုဖွဲ့ တုတ်ဖြင့်ရိုက်သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး အဆိုပါသံဃာမှ ကလေးငါးဦးနှင့် လူကြီးနှစ်ဦးကို သရက်သီးခိုးမှုဖြင့် ပြန်လည်အမှုဖွင့်ထား

အုပ်စုဖွဲ့ကာ ကလေးတစ်ဦးအား တုတ်ဖြင့်ရိုက်သည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး မိသားစုဝင်များက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ်

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် သံဃာတစ်ပါးအပါအ၀င် အုပ်စုဖွဲ့ကာ  ကလေးတစ်ဦးအား တုတ်ဖြင့်ရိုက်သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး မိသားစုဝင်များက သတင်းစာ ရှင်းလင်းပွဲကို မေ ၇ ရက်က မန္တလေးမြို့ ကွန်မြူနတီစင်တာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားချက်အရ ရိုက်နှက်ခဲ့သည့် သံဃာမှ ကလေးငါးဦးနှင့် လူကြီးနှစ်ဦးကို သရက်သီးခိုးမှုဖြင့် ပြန်လည် အမှုဖွင့်ထားကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ် တောင်ကန်အုပ်စု ကင်းရွာလွင်ဦးကျောင်းတွင် ဧပြီ ၂၁ ရက်က ယင်းဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရပြီး အရိုက်ခံရသူကလေး၏ အုပ်ထိန်းသူများက ကျေနပ်မှု မရှိသောကြောင့် သံဃာကို အမှုဖွင့် တိုင်ကြားခဲ့ရာ ပုဒ်မ ၃၂၅/၃၂၃တို့ဖြင့် မတ္တရာမြို့မရဲစခန်းတွင် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။ ထိုသို့ အမှုဖွင့်ရာတွင် ယင်းသံဃာကို အာမခံပေးထားသဖြင့် ဖမ်းဆီးထားခြင်း မရှိကြောင်း မတ္တရာ မြို့မရဲစခန်းမှူး ဒုရဲမှူးခင်ဝင်းဇော်က ပြောကြားသည်။

မတ္တရာမြို့နယ် ကင်းရွာတွင် နေထိုင်သည့် ရှစ်တန်းကျောင်းသား မောင်ဝေဖြိုးနိုင်နှင့် ကျောင်းသား တစ်ဦးတို့ သရက်သီးခူးရာမှတစ်ဆင့်  အဆိုပါကိစ္စ ဖြစ်ပွားခဲ့ကြောင်း၊ ခွေးပါးစပ်မှ နတ်စကား ထွက်သည်ဟု မောင်ဝေဖြိုးနိုင်က ပြောဆိုခဲ့သည်ကို ဦးပဉ္စင်းအား ပြန်လည် တိုင်ကြားခဲ့ခြင်းကြောင့် တုတ်ဖြင့် ရိုက်ခံခဲ့ရကြောင်း၊ ရိုက်ခံရသည့် ဒဏ်ရာများမှာ ပြင်းထန်သောကြောင့် ဆေးရုံတက်ရောက် ကုသခဲ့ရကြောင်း သိရသည်။

“ကလေးက ခုချိန်ထိ ကောင်းမွန်ခြင်း မရှိသေးဘဲ စိတ်ဒဏ်ရာ ရရှိနေတဲ့အတွက် ကျောင်းတက်ဖို့ ကျူရှင်မတက်နိုင်သေးဘူး။ ခုလိုရိုက်နှက်တာတွေကို ကျူးလွန်တဲ့အပြင် သားနဲ့ သူငယ်ချင်း ငါးယောက် အပါအ၀င် အစ်မနဲ့ အန်တီကိုပါ သရက်သီးခိုးမှုနဲ့ တရားရုံး ဦးတိုက်လျှောက်ထားတာကြောင့် စခန်းက လာစစ်သွားပါတယ်။ ခုလိုမျိုး ကျွန်တော့်သားလေးကို ၀ိုင်းဝန်းရိုက်နှက်မှုနဲ့ ပတ်သက်ပြီး အမှန်တိုင်း အမြန်ဆုံးဖြစ်စေချင်လို့ ခုလိုရှင်းလင်းပွဲ လုပ်ရခြင်း ဖြစ်ပါတယ်” ဟု မောင်ဝေဖြိုးနိုင်၏ ဖခင်ဖြစ်သူ ကိုသူရနိုင်က ပြောကြားသည်။

ဘုန်းကြီးတစ်ပါး အပါအ၀င် ၁၆ ဦးခန့်မှ ကလေးတစ်ဦးကို ဆံပင်ဆွဲ၊ တုတ်ဖြင့်ရိုက်၊ မျက်နှာကို တုတ်ဖြင့်ရိုက်သည့် ဗွီဒီယိုဖိုင်နှစ်ခုသည် လူမှုကွန်ရက် Facebook စာမျက်နှာများတွင် ပျံ့နှံ့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ရိုက်နှက်ခံရမှုများကြောင့် မောင်ဝေဖြိုးနိုင်မှာ ဒဏ်ရာများစွာ ရရှိခဲ့ပြီး ဆေးရုံတွင် တစ်ပတ်ကျော် ကြာသည်အထိ ဆေးကုသမှုခံယူခဲ့ရပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ရှိနေသည်ဟု မိသားစုဝင်များက ဆိုသည်။

မန္တလေးတိုင်းဒေသကြီးတွင်၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ် တရားမ၀င်သစ် ဖမ်းဆီးရမူသည် ယမန်နှစ်ထက် လျော့နည်းလာသည့်အတွက် တန် ၆၀၀ ခန့်လျော့ပြီး ဖမ်းဆီးရရှိခဲ့

ဖမ်းဆီးရမိသည့် သစ်များအား သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ စစ်ဆေးနေစဉ်

မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာနှစ် ဧပြီမှ မတ်အကုန်အထိ တရားမ၀င် သစ်ဖမ်းဆီးရမူသည် ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ်ထက် တရားမ၀င်သစ် များကို စီမံချက်များ ချမှတ်ပြီး ထိထိရောက်ရောက် ဖမ်းဆီးနေသည့်အတွက် တရားမ၀င် ကျူးလွန်မှု လျော့နည်းလာသည့် အတွက်ကြောင့် တန် ၆၀၀ ခန့်လျော့ပြီး ဖမ်းဆီးရရှိခဲ့သည်ဟု မန္တလေးတိုင်းဒေသကြီး သစ်တော ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးမြင့်သိန်းက ပြောကြားသည်။

“အဖမ်းအဆီးများလာရင်လည်း လျော့လာတယ်။ တစ်ချက်ပေါ့။ နောက်တစ်ခုက အဓိက ကျွန်တော်တို့တိုင်းက ဖြတ်သွားဖြတ် လာလုပ်တာများတော့ တစ်ဖက်နိုင်ငံကိုပို့တဲ့ သစ်အများစုကပေါ့။ ကျန်တဲ့နီးစပ်ရာသစ်ထွက်တဲ့ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်း ပြည်နယ် မိုးမိတ်တို့ဘက်ကလည်း သစ်ကုန်ကြမ်း လျော့နည်း လာတာလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ကျွန်တော်ကိုယ်ပိုင် အတွေးအမြင် ယူဆချက်ပါနော်။ နောက်တစ်ခု သူတို့ဘက်မှာလည်း အဖမ်းအဆီးတွေကလည်း အများကြီး လုပ်ပါတယ်။ ဒီအကြောင်း အချက်တွေကြောင့် ဖမ်းဆီးမှုက လျော့နည်းလာတာလည်း ဖြစ်နိုင်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးရုံး၏ လက်အောက်ရှိ ခရိုင်၊ မြို့နယ် သစ်တောဦးစီးဌာနများ လစဉ်စီမံချက်ရေးဆွဲပြီး ဖမ်းဆီးမှုများ ရှိသလို၊ တိုင်းဒေသကြီး အစုအဖွဲ့များ ဖွဲ့စည်းပြီး ဖမ်းဆီးဆောင်ရွက်မှုများနှင့် ပြည်သူလူထု ပူးပေါင်းပါဝင်မှုများကြောင့် မန္တလေးတိုင်းဒေသကြီးတွင် ယခုနှစ်ဘဏ္ဍာနှစ် ခရိုင်အလိုက် တရားမ၀င်သစ် ဖမ်းဆီးရမှုမှာ မန္တလေးခရိုင် ၄၀၃ ဒသမ ၆၁၀၄ တန်၊ ပြင်ဦးလွင်ခရိုင် ၁၀၈၃ ဒသမ ၅၇၄၄ တန်၊ ကျောက်ဆည်ခရိုင် ၁၆၁ ဒသမ ၆၁၈၄ တန်၊ မိထ္ထီလာခရိုင် ၁၅၃ ဒသမ ၁၆၀၆ တန်၊ မြင်းခြံခရိုင် ၅၈ ဒသမ ၆၈၁၈ တန်၊ ရမည်းသင်းခရိုင် ၈၇ ဒသမ ၅၅၄၂ တန်၊ ညောင်ဦးခရိုင်၂၆ ဒသမ ၂၇၉၂ တန်တို့ ရမိခဲ့ကြောင်း သစ်တောဌာန၏ စာရင်းများအရ သိရသည်။

“အကျိုးသက်ရောက်မှု ကောင်းတယ်လို့ မြင်ပါတယ်။ အရင်တုန်းကတော့ ဒီလိုသတင်းပေးမှုတွေ ဖွင့်မထားတဲ့ အခါကျ သူတို့တိုင်ဖို့ သတင်းပေးဖို့ ဖုန်းနံပါတ်တွေ လိုက်ရှာရတာပေါ့။ အခုကျ တစ်နိုင်ငံလုံး ဖွင့်ပေးထားတယ်။ ကျွန်တော်တို့ မန္တလေးတိုင်းအနေနဲ့က တော်တော်များများ သတင်းပို့တဲ့သူတွေ ရှိပါတယ်။ မိလည်းမိပါတယ်။ သူတို့ပေးတဲ့ သတင်းတွေကလည်း မှန်လည်းမှန်ပါ တယ်။ တချို့အနည်းငယ်တော့ သတင်းမှား တာလည်းရှိတယ်။ ဒါပေမဲ့ အများစုက သူတို့ပေးတာ မှန်ပါတယ်။ သူတို့သတင်းပေးလို့ ပိုပြီးတော့မိတာပါ။ အရင်ထက် သတင်းပေးမှု ပိုရတယ်။ သတင်းလည်း ပိုရတယ်” ဟု မန္တလေးတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်သိန်းက ပြောကြားသည်။

မန္တလေးတိုင်း သစ်တောဦးစီးဌာန အနေဖြင့် တရားမ၀င်သစ် ဖမ်းဆီခြင်း လုပ်ငန်းများကို အဓိက အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ရပ် အနေဖြင့် ဆောင်ရွက်လျက်ရှိရာမှ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ် နှစ်စဧပြီလမှ မတ်လကုန်အထိ တရားမ၀င်သစ် ကျွန်း ၇၂၃ ဒသမ ၈၈၃၉ တန်၊ သစ်မာ ၁၂၀၁ ဒသမ ၁၇၅၄ တန်၊ အခြားသစ် ၁၁၁၁ ဒသမ ၀၄၁၄ တန်ဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်းတန် ၃၀၃၆ ဒသမ ၁၀၀၇ တန်ဖမ်းဆီးရမိခဲ့ပြီး ၂၀၁၇ -၂၀၁၈ ဘဏ္ဍရေးနှစ်တွင် တရားမ၀င်သစ် ကျွန်း ၅၀၁ ဒသမ ၉၅၇၇ သစ်မာ ၁၁၁၅ ဒသမ ၇၄၈၄ တန် အခြားသစ် ၈၃၅ ဒသမ ၃၅၀၄ တန် စုစုပေါင်းတန် ၂၄၅၃ ဒသမ ၀၅၆၅ တန် ဖမ်းဆီးမူပြီး ယမန်နှစ်ထက်တန် ၆၀၀ လျော့နည်းစွာ ဖမ်းဆီးရမိခဲ့သည်ဟု မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန ညွန်ကြားရေးမှူးရုံးက သိရသည်။

 

မန္တလေးတိုင်းဒေသကြီး အဝေးပြေးယာဉ်လုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ယာဉ်အသင်းများအား လုပ်အားယှဉ်ပြိုင်ဆု ကျပ်သိန်းပေါင်း ၅၀၀ ကျော် ပေးအပ်ခဲ့

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ယာဉ်အသင်းများအား လုပ်အားယှဉ်ပြိုင် ဆုပေးအပ်ပွဲ ပြုလုပ်စဉ်

မန္တလေးတိုင်းဒေသကြီး အဝေးပြေးယာဉ်လုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် အသင်းလက်အောက်ရှိ ယာဉ်အသင်း ၄၀၀ ကျော်ထဲမှ တစ်နှစ်တာ လုပ်အားယှဉ်ပြိုင်ဆု ယာဉ်လိုင်းများအား ရွေးချယ်သတ်မှတ်ကာ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဧပြီ ၄ ရက် နံနက်ပိုင်းက တိုင်းဒေသကြီး ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီရှိ ရွှေမန္တလေးခန်းမတွင် ပြုလုပ်ခဲ့သည်။

နှစ်စဉ် လုပ်အားယှဉ်ပြိုင်ဆုငွေအဖြစ် အသင်းဝင်ယာဉ်လိုင်းများမှ ပေးဆောင်သည့် စည်းကြပ်ခများအပေါ်မူတည်ကာ ဥပဒေအရ ရာခိုင်နှုန်းအလိုက် ပြန်လည်သတ်မှတ်ပေးအပ်ခြင်းဖြစ်ပြီး ယခုနှစ်တွင် ဆုရအသင်းပေါင်း ၃၃၈ သင်းအတွက် ဆုငွေကျပ် ၅၃၁၆၅၀၀၀ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ယာဉ်လောကသားတွေ နှစ်စဉ်တစ်နှစ်တာမှာ သူတို့ပေးသွင်းတဲ့ ငွေကြေးတွေကနေပြီး ဥပဒေပါအတိုင်း ၁၀ ရာခိုင်နှုန်းကို ပြန်ပေးတာဖြစ်တယ်။ အသင်းဝင်ယာဉ်လိုင်း ၅၀၆ သင်းရှိတဲ့အထဲမှာ အမှန်တကယ်ပြေးဆွဲတဲ့ ယာဉ်အသင်းက ၄၀၀ ကျော်ရှိတယ်။ အဲဒီအထဲကမှ ဒီနေ့ယာဉ်အသင်း ၃၃၈ သင်းကို ဆုငွေပြန်ပေးအပ်တာဖြစ်တယ်။ ဆုပေးတဲ့အခါမှာ ပေးသွင်းတဲ့စည်းကြပ်ခပေါ် မူတည်ပြီး ခွဲတာဖြစ်တယ်။ တစ်နှစ်အတွင်းမှာ စည်းကြပ်ခ တစ်သိန်းပေးသွင်းတဲ့လူကစပြီးပါတယ်။ တစ်သိန်းကနေ လေးသိန်းပေးသွင်းရင် ၁၀ ရာခိုင်နှုန်း၊ လေးသိန်းအထက်ပေးသွင်းရင် ၁၂ ဒသမ ၂၅ ရာခိုင်နှုန်းပေးတယ်။ ပထမဆု၊ ဒုတိယဆုနဲ့ တတိယဆုအသင်းတွေကတော့ ထပ်ဆောင်းဆုကြေးရော ပါဝင်ရရှိတာဖြစ်တယ်။ ပေးသွင်းမှုနှုန်းထားတွေနဲ့ဖြတ်ပြီး နှစ်တိုင်းပေးတာဖြစ်တယ်။ အရင်နှစ်က ကျပ်သိန်း ၄၀၀ ကျော်ပေးခဲ့တယ်” ဟု မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်းကြီးကြပ်ရေးလုပ်ငန်းကော်မတီ (အဝေးပြေး) ဥက္ကဋ္ဌ ဦးအောင်ကျော်လင်းက ပြောကြားသည်။

ဆုအဖြစ် မန္တလေးရှိ ယာဉ်ရပ်နားစခန်းများဖြစ်သည့် သီရိမန္တလာယာဉ်ရပ်နားစခန်း၊ မဟာအောင်မြေယာဉ်ရပ်နားစခန်း၊ ဒေါနဘွားယာဉ်ရပ်နားစခန်း၊ ချမ်းမြရွှေပြည် ယာဉ်ရပ်နားစခန်း၊ ပြည်ကြီးမျက်ရှင် ယာဉ်ရပ်နားစခန်းများမှ အဝေးပြေးယာဉ်အသင်းအလိုက် မိုင် ၅၀ အောက်၊ မိုင် ၁၀၀ အောက်၊ မိုင်၁၀၀ အထက် ယာဉ်အသင်းများခွဲ၍ ဆုအဖြစ် အမျိုးအစားတစ်ခုလျှင် ပထမ၊ ဒုတိယ၊ တတိယဆုများအဖြစ် ရွေးချယ်ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ကောက်ခံရရှိသည့် စည်းကြပ်ငွေများကို ခေါင်းစဉ်အလိုက် လူမှုရေး၊ ဘာသာရေးလုပ်ငန်းများတွင် ထောက်ပံ့လှူဒါန်းခြင်းများအပြင် ယာဉ်လုပ်ငန်းနှင့်ပတ်သက်သည့် လုပ်ငန်းများအတွက် ရရှိသည့်အခွန်ငွေများထဲမှ ဆုကြေးငွေအဖြစ် ယခုဆုများကို ပြန်လည်ချီးမြှင့်ပေးခြင်းဖြစ်ကြောင်း၊ ထို့အတူ ပညာရေးထောက်ပံ့မှုအဖြစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများနှင့် ကျောင်းသား၊ ကျောင်းသူများကို ထောက်ပံ့ကူညီခြင်းများလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သင်္ကြန်ကာလအတွင်း ခရီးသွားလာရာတွင် နစ်နာမှုမရှိစေရန် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာနက မန္တလေးမြို့ရှိ အဝေးပြေးကားကွင်းများတွင် အသိပညာပေးဆွေးနွေးမှုပြုလုပ်

စားသုံးသူရေးရာဦးစီးဌာနက မန္တလေးမြို့ရှိ အဝေးပြေးကားဝင်းတစ်ခုတွင် အသိပညာပေး ဆွေးနွေးနေစဉ်

သင်္ကြန်ကာလအတွင်း ခရီးသွားလာရာတွင် ပြည်သူများနစ်နာမှုမရှိစေရန် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာနမှ မန္တလေးမြို့ရှိ အဝေးပြေးယာဉ်ရပ်နားစခန်းများတွင် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ဧပြီ ၃ ရက် မွန်းလွဲပိုင်းက မန္တလေးပြည်ကြီး မျက်ရှင်ကားကြီးကွင်းတွင် အသိပညာပေး ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်္ကြန်ကာလအတွင်း ခရီးသွားပြည်သူများအနေဖြင့် ခရီးသွားလာရာတွင် ယာဉ်စီးခနှုန်းထားများ ပိုမိုတောင်းခံခြင်းမပြုရန်၊ မူလ၀ယ်ယူထားသောခုံနံပါတ်နှင့် ယာဉ်စီးနင်းရာတွင် လွဲမှားခြင်း၊ ခရီးသည်အားသတ်မှတ်နေရာသို့ ရောက်ရှိအောင် ပေးပို့မှုမရှိခြင်း၊ ခရီးစဉ်များအားအချိန်နှင့် တစ်ပြေးညီထွက်ခွာမှုမရှိခြင်း၊ လက်မှတ်ဝယ်ယူရာ၌ ကြော်ငြာထားသည့်ရက်များတွင် အမှန်တကယ် ၀ယ်ယူရရှိမှုမရှိခြင်းနှင့် စားသုံးသူပြည်သူများ နစ်နာမှုမရှိစေရန် ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ကြိုတင်ဆောင်ရွက်ထားရန် ကြိုတင်ဆောင်ရွက်ခြင်းများ လုပ်ဆောင်လျက်ရှိပြီး ပြည်သူများအနေဖြင့် အဆင်မပြေမှုများဖြစ်ပေါ်ပါက စားသုံးရေးရာအဖွဲ့များသို့ တိုင်ကြားနိုင်ရန် အသိပညာပေးဆွေးနွေးခြင်းဖြစ်ကြောင်း သိရသည်။

“ယာဉ်လိုင်းတွေမှာ စားသုံးသူကာကွယ်ပေးရေး ဟောပြောပွဲလာလုပ်တာပါ။ ရည်ရွယ်ချက်အနေနဲ့ နှစ်ချက်ရှိပါတယ်။ စားသုံးသူကာကွယ်ပေးရေးနဲ့ ပတ်သက်ပြီးမှ အသိပညာတွေသိရှိဖို့နဲ့ လက်ရှိသူတို့က ၀န်ဆောင်မှုပေးတဲ့ လုပ်ငန်းရှင်တွေဖြစ်တဲ့အတွက် လိုက်နာရမယ့်ကျင့်ဝတ်တွေ၊ စည်းကမ်းတွေကို စားသုံးသူကာကွယ်ပေးရေးဥပဒေနဲ့အညီ သိရှိပြီး လုပ်ကိုင်ဆောင်ရွက်ပေးနိုင်ဖို့နဲ့ နောက်တစ်ချက်က မကြာခင်မှာ သင်္ကြန်ကာလ ရုံးပိတ်ရက်ချိန်မှာ ခရီးသွားလာမယ့်သူတွေ များတယ်။ အဲလိုချိန်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အဆင်မပြေမှုတွေ၊ နစ်နာမှုတွေမဖြစ်အောင်လို့ ရည်ရွယ်ကျင်းပတာပါ” ဟု စားသုံးသူရေးရာဦးစီးဌာန မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးမြင့်ဇော်ဦးက ပြောကြားသည်။

ခရီးသွားပြည်သူများအနေဖြင့် သင်္ကြန်ကာလအတွင်း ခရီးသွားလာရာတွင် နစ်နာမှုများရှိပါက တိုင်းဒေသကြီးအတွင်းရှိ စားသုံးသူရေးရာရုံးများသို့ တိုင်ကြားနိုင်ပြီး တိုင်ကြားမှုများအား ဥပဒေနှင့်အညီ စစ်ဆေးအရေးယူခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အများပြည်သူသိရှိရန် အသိပညာပေးဆွေးနွေးပွဲများကိုလည်း တိုင်းဒေသကြီးအတွင်းရှိ ဂိတ်များတွင် ရက်ပိုင်းအတွင်း ခရိုင်၊ မြို့နယ်အဖွဲ့များဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကာ မန္တလေးမြို့ရှိ ခရီးသွားလာမှုများသော ပြည်ကြီးမျက်ရှင်ကားကွင်း၊ ချမ်းမြရွှေပြည်ကားကွင်းနှင့် မန္တလာသီရိကားကွင်းများတွင် အဓိကထားဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်းကြီးကြပ်မှုကော်မတီ (အဝေးပြေး) မှလည်း သင်္ကြန်ပွဲတော်ကာလတွင် မန္တလေးမြို့ရှိ အဝေးပြေးယာဉ်ရပ်နားစခန်းဂိတ်များမှ ရန်ကုန်၊ နေပြည်တော်၊ ပြည်၊ တောင်ကြီး၊ ပုဂံညောင်ဦး စသည့် ခရီးစဉ်များနှင့် တခြားခရီးစဉ်များအား ထွက်ခွာပြေးဆွဲမည့် အဝေးပြေးခရီးသည်တင် မော်တော်ယာဉ်အသင်းများအနေဖြင့် လက်မှတ်ခနှုန်းထားများအား ပုံမှန်ထက်ပိုမိုတောင်းခံခြင်းမပြုရန်နှင့် ဈေးပိုမိုရောင်းချပါက ဒဏ်ငွေ ကျပ် ၅၀၀၀၀ ပေးဆောင်ရန် ယာဉ်လိုင်းများသို့ အသိပေးအကြောင်းကြားစာ ထုတ်ထားကြောင်း သိရသည်။

ဇနီးဖြစ်သူထံ ဖုန်းခဏခဏမဆက်ရန် ပြောဆိုသည့်ခင်ပွန်း ဓားဖြင့်ခုတ်သတ်ခံရမှု သပိတ်ကျင်းမြို့နယ်တွင် ဖြစ်ပွား

သပိတ်ကျင်းမြို့နယ်တွင် ဇနီးဖြစ်သူထံ ဖုန်းခဏခဏမဆက်ရန် ပြောဆိုသည့် ခင်ပွန်း ဓားဖြင့်ခုတ်သတ်ခံရမှု ဖြစ်ခဲ့ကြောင်း မြို့မရဲစခန်း (သပိတ်ကျင်း) မှ စခန်းမှူးက ဧပြီ ၂ ရက်တွင် ပြောကြားသည်။

သပိတ်ကျင်းမြို့နယ် ခုနစ်မိုင်ကျေးရွာ ရှားချက်တောတွင် မတ် ၃၁ ရက် ညနေ ၆ နာရီခွဲက မမာလာထွန်း (၁၈ နှစ်)၊ မီးသွေး ဖုတ်သူသည် ခင်ပွန်းဖြစ်သူဦးမြင့်  (၅၂ နှစ်)၊ မီးသွေးဖုတ်သူနှင့် အတူနေအိမ်တဲတွင် ရှိနေစဉ် အိမ်နီးချင်းဖြစ်သူ ဦးကျော်ဆွေ (ခ) ဦးရေခဲ (၅၃ နှစ်) မီးသွေးဖုတ်သူက မမာလာထွန်းထံ မကြာခဏ ဖုန်းဆက်သည့် ကိစ္စအား ခင်ပွန်းဖြစ်သူက မကျေမနပ် ဖြစ်နေစဉ် မမာလာထွန်းထံ ဦးကျော်ဆွေ (ခ) ဦးရေခဲ၏ ဖုန်းဝင်လာခဲ့ရာ ခင်ပွန်းဖြစ်သူက ဦးကျော်ဆွေ (ခ) ဦးရေခဲအား ဖုန်းခဏခဏ မဆက်ရန် ဒေါသတကြီးဖြင့် ပြောဆိုခဲ့ကြောင်း သိရသည်။

ထို့နောက် ည ၁၁ နာရီခန့်တွင် ဦးကျော်ဆွေ (ခ) ဦးရေခဲသည် အရက်သေစာ သောက်စားမူးယစ်ကာ နှစ်ပေခန့်ရှိသည့် ဓားမကိုင်ဆောင် ရောက်ရှိလာခဲ့ပြီး ခင်ပွန်းဖြစ်သူနှင့် တစ်ယောက်တစ်ခွန်း စကားများနေစဉ် ဓားမဖြင့် ခုတ်လိုက်မှုကြောင့် ခင်ပွန်းဖြစ်သူ ဦးမြင့်မှာ လည်ပင်းနှင့် ရင်ဘတ်တို့တွင် ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

“မာလာထွန်းဆီ ကိုကျော်ဆွေ (ခ) ရေခဲက ခဏခဏ ဖုန်းဆက်တယ်။ ဖုန်းဆက်တာကို ခင်ပွန်းဖြစ်တဲ့ ဦးမြင့်ကနေ ဖုန်းမဆက်ဖို့ ပြောဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဦးကျော်ဆွေကို ဦးမြင့်က မကျေနပ်တဲ့အကြောင်း ပြောဆိုတဲ့အခါမှာ ဦးကျော်ဆွေက သောက်စားမူးယစ်ပြီး ဓားကိုင်ဆောင်လာပြီးတော့ တစ်ယောက်တစ်ခွန်း အပြန်အလှန် စကားများကြရာကနေ ဒေါသအလျောက် ဓားနဲ့ခုတ်လိုက်တာပါ” ဟု သပိတ်ကျင်းစခန်းမှူးက ရှင်းပြသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဧပြီ ၁ ရက်တွင် မမာလာထွန်းက တိုင်တန်းသောကြောင့် ဦးကျော်ဆွေ (ခ) ဦးရေခဲအား မြို့မရဲစခန်း (သပိတ်ကျင်း) မှ (ပ)၇၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်ကာ ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

ပတ်ဝန်းကျင်ရေးရာ လေ့လာဆန်းစစ်ချက်အရ တနင်္သာရီတိုင်းဒေသကြီးသည် ပတ်ဝန်းကျင်ပျက်စီးမှု အဆိုးရွားဆုံး ဖြစ်ပြီး မန္တလေးတိုင်းမှာ ပတ်ဝန်းကျင်ပျက်စီးမှု အနည်းဆုံး ဖြစ်ကြောင်း အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြ

တနင်္သာရီတိုင်းအတွင်းရှိ ဆီအုန်းစိုက်ခင်းအချို့ကို တွေ့ရစဉ်

၂၀၁၇ ခုနှစ်အတွက် ပြည်နယ်နှင့်တိုင်း ၁၃ ခု တွင် ပြုလုပ်သည့် ပတ်ဝန်းကျင်ရေးရာ လေ့လာဆန်းစစ်ချက်တွင် တနင်္သာရီတိုင်းဒေသကြီးသည် ပတ်ဝန်းကျင်ပျက်စီးမှု အဆိုးရွားဆုံးဖြစ်ပြီး မန္တလေးတိုင်းမှာ ပတ်ဝန်းကျင်ပျက်စီးမှု အနည်းဆုံးဖြစ်ကြောင်း မတ် ၃၀ ရက်တွင် ပြုလုပ်သည့် စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ပြုလုပ်သည့် ပြည်သူ့သဘောထားအမြင်များ အစီရင်ခံစာ သတင်းစာရှင်းလင်းပွဲမှ သိရသည်။

သစ်တောပြုန်းတီးမှုများနှင့် စားကျက်မြေ ဆုံးရှုံးခြင်းများ၊ ဇီဝမျိုးစုံကွဲများ ပျောက်ကွယ်ခြင်းများအနက် သစ်တောပြုန်းတီးမှုသည် မြို့နယ် ၁၃၀ အနက် ၃၅ မြို့နယ်တွင် ဆိုးရွားစွာ ဖြစ်ပွားလျက်ရှိကြောင်း ပတ်ဝန်းကျင် လေ့လာဆန်းစစ်ချက် အစီခံစာတွင် ဖော်ပြထားသည်။

အစီရင်ခံစာအရ ပတ်ဝန်းကျင်ပျက်စီးမှု အများဆုံး တိုင်းဒေသကြီးဖြစ်သည့် တနင်္သာရီတိုင်းဒေသကြီးတွင် ဆီအုန်းစီမံကိန်းကြောင့် မြေယာများ သိမ်းဆည်းခံနေရခြင်း၊ တရားမ၀င် သတ္တုတူးဖော်ခြင်း၊ စီးပွားဖြစ် စိုက်ခင်များကြောင့် သစ်တောပြုန်းတီးခြင်း၊ ကျွန်းများတွင် တရားဥပဒေစိုးမိုးမှု အားနည်းခြင်းများ ဖြစ်ပေါ်နေကြောင်း သိရသည်။

ထို့ပြင် တနသာင်္ရီတိုင်းဒေသကြီး ရေဖြူမြို့နယ်တွင် သစ်တောပြုန်းတီးမှုများနှင့် မြစ်ချောင်း တိမ်ကောလာမှုများ၊ မြေယာ သိမ်းဆည်းမှုများ၊ သရက်ချောင်းမြို့နယ်၌ လယ်ယာမြေများတွင် အိမ်ဆောက်နေခြင်းများ၊ ကော့သောင်းမြို့နယ်တွင် ဂေဟစနစ် ပျက်စီးခြင်းနှင့် အလုပ်အကိုင် ရှားပါးလာခြင်းများ နှင့် တနင်္သာရီမြို့နယ်တွင် မြေယာ အငြင်းပွားမှုများ ဖြစ်ပေါ်နေသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

တနင်္သာရီတိုင်းဒေသကြီးသည် ၂၀၁၄ ခုနှစ် အစီရင်ခံစာ စစ်တမ်းအရ ပတ်ဝန်းကျင် အခြေအနေအဆင့် (၁)၊ ၂၀၁၅ ခုနှစ် အစီရင်ခံစာ စစ်တမ်းအရ ပတ်ဝန်းကျင် အခြေအနေ အဆင့် (၂) ရရှိခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် အဆိုးရွားဆုံး အခြေအနေ အဆင့် (၁၃) သို့ ကျဆင်းသွားကြောင်း သိရပြီး အကောင်းဆုံး ပတ်ဝန်းကျင်အခြေအနေ အဆင့် (၁) နေရာတွင် မန္တလေးတိုင်းက ရပ်တည်နေကြောင်း သိရသည်။

သို့သော် ရန်ကုန်တိုင်းဒေသကြီးမှာ ယင်းစစ်တမ်း ကောက်ယူရာတွင် ပါဝင်ခြင်း မရှိကြောင်း၊ လုပ်ကိုင်ခွင့် အခြေအနေများကြောင့် ပါဝင်ခြင်း မရှိကြောင်း အဆိုပါအသင်းမှ သိရသည်။

“စစ်တမ်းမှာ ရန်ကုန်တိုင်း မပါတာက လုပ်ရတဲ့ အခက်အခဲကြောင့်ပါ။ ပွဲတွေ လုပ်ပြီး ကောက်တာက ကျွန်တော်တို့ကို ကူညီပေးတဲ့ အဖွဲ့အစည်းတစ်ခု ရှိမှရတာပါ။ စိမ်းလန်းအမိမြေက နည်းပညာပိုင်းဆိုင်ရာ၊ ကောက်ခံရတာတွေကို စုစည်းပြီတော့ အစီရင်ခံစာ ထုတ်ပေးတာတွေ လုပ်တယ်။ အဓိက က ရန်ကုန်မှာရှိတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ကျွန်တော်တို့ အချိန်အနေအထားနဲ့ လုပ်ခွင့်မရခဲ့ဘူး” ဟု စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအရာရှိ ဦးအေးချမ်းမောင်က ပြောကြားသည်။

ယင်းစစ်တမ်းကို ၂၀၁၇ စက်တင်ဘာလမှ စတင်ကာ လေးလတာ လေ့လာမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ချင်းပြည်နယ်၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ တနင်္သာရီတိုင်းတို့ရှိ မြို့နယ်ပေါင်း ၁၃၀ မှဒေသခံများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာမှ လူဦးရေ ၃၉၅ ဦးမှ စစ်တမ်းကောက်ယူချက်များ ဖြစ်သည်ဟု သိရသည်။

တပ်ကုန်းမြို့နယ် ကရင်အောင်းကျေးရွာ မီးလင်းရေးလုပ်ဆောင်ရာတွင် လူထုဗဟိုပြု မီးလင်းရေးဌာနက ချပေးသည့်ငွေကြေးများကို ကျေးရွာအ၀ယ်တော်များက အလွဲသုံးစားလုပ်သည်ဟုဆိုကာ ကျေးရွာဒေသခံများက မန္တလေးမြို့တွင် လာရောက်သတင်းစာရှင်းလင်း

ကျေးရွာဒေသခံများ မန္တလေးမြို့သို့ လာရောက်သတင်းစာရှင်းလင်းနေစဉ်

မန္တလေးတိုင်းဒေသကြီး တပ်ကုန်းမြို့နယ် ညောင်တုန်းအိုင်အုပ်စု ကရင်အောင်းကျေးရွာ မီးလင်းရေးလုပ်ဆောင်ရာတွင် လူထုဗဟိုပြုဌာနက ချပေးသည့်ငွေကြေးများကို ကျေးရွာအ၀ယ်တော်များက အလွဲသုံးစားလုပ်သည်ဆိုကာ ကျေးရွာဒေသခံများက မတ် ၃၁ ရက် နံနက် ၁၀ နာရီက မန္တလေးမြို့ မီဒီယာစင်တာတွင် လာရောက်သတင်းစာရှင်းလင်းခဲ့ကြောင်း သိရသည်။

တပ်ကုန်းမြို့နယ် ကရင်အောင်းကျေးရွာ လူထုဗဟိုပြုဌာန အ၀ယ်တော်များဖြစ်ကြသည့် ဦးမျိုးမြင့်၊ ဦးမြကိုတို့ ဦးဆောင်သောအဖွဲ့သည် ကျေးရွာမီးလင်းရေးအတွက် လိုအပ်သည့် မီးကြိုး၊ ကြွေသီးများဝယ်ယူရာတွင် အရည်အသွေးနိမ့်ကျသည့်ပစ္စည်းများကို ၀ယ်ယူခြင်း၊ အရေအတွက်လျှော့ဝယ်ခြင်းများ ပြုလုပ်နေသည့်အတွက် ယခုလို လာရောက်သတင်းစာရှင်းလင်းရခြင်းဖြစ်ကြောင်း ကျေးရွာဒေသခံများထံမှ သိရသည်။

“ကျွန်တော်တို့ရွာ မီးလင်းရေးအတွက် လူထုဗဟိုပြုစီမံကိန်းဌာနကနေ သိန်းသုံးရာချပေးပါတယ်။ ရွာမီးလင်းရေးအတွက် လိုအပ်တဲ့ပစ္စည်းတွေ ၀ယ်ယူရာမှာ တင်ဒါခေါ်ရမယ်ဆိုလို့ တင်ဒါခေါ်တော့ ဖြိုးကုမ္ပဏီက အောင်သွားပါတယ်။ နောက်ပစ္စည်းတွေဝယ်ယူတဲ့အခါ တင်ဒါခေါ်တုန်းက စာရင်းတွေနဲ့ ၀ယ်လာတဲ့ပစ္စည်းစာရင်းကို ပြန်တိုက်ကြည့်တဲ့အခါ ကွာဟနေမှုက ၆၄ သိန်းကျော်ပါတယ်။ ၄၀၀ ဗို့အား ဓာတ်အားလိုင်းကို Singale Pole Angle Iron စနစ်နဲ့ ရွာတွင်းလိုင်း တပ်ဆင်တဲ့အခါ ၉၅ မီးကြိုး ပေ ၁၃၀၀၀ ကျော် (၁၃၅၃၀) ၀ယ်ရမယ်လို့ တင်ဒါထဲမှာ ဖော်ပြထားပေမဲ့ တကယ်ဝယ်တဲ့အခါ ပေ ၅၀၀၀ ကျော် (၅၂၃၁) ပဲ ၀ယ်ထားပါတယ်။ ၇၀ မီးကြိုး ပေ ၉၀၀၀ ကျော် (၉၅၁၂) ၀ယ်ယူရမှာကိုလည်း ပေ ၇၀၀၀ ကျော် (၇၇၄၇) ပဲ ၀ယ်ယူထားပါတယ်။ နောက်တစ်ခုက အရည်အသွေးပိုင်းပါ။ ၉၅ ကြိုးတပ်ဆင်ရမယ့်နေရာမှာ ၇၀ ကြိုးပဲတပ်ဆင်ထားခြင်း၊ ၇၀ ကြိုးတပ်ဆင်ရမယ့်နေရာမှာ ၅၀ ကြိုးပဲ တပ်ဆင်ထားတဲ့အတွက် ရွာမှာ မီးဘေးအန္တရာယ် စိုးရိမ်ရမယ့်အလားအလာ ရှိပါတယ်။ ဒီလိုမျိုး တင်ဒါခေါ်ယူစဉ်က သတ်မှတ်ထားတဲ့စာရင်းနဲ့ ၀ယ်ယူတပ်ဆင်ပေးတဲ့စာရင်းက ကွဲလွဲမှုရှိနေတဲ့အတွက် တပ်ကုန်းပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အပါအ၀င် ဌာနဆိုင်ရာအသီးသီးကို လာရောက်စစ်ဆေးအရေးယူပေးဖို့ လူကိုယ်တိုင်ရော၊ စာနဲ့ပါ တရားဝင်တိုင်တန်း အကြောင်းကြားခဲ့ပေမဲ့ တိုင်ကြားချက်တွေကို မြို့နယ်၊ ခရိုင်က တာဝန်ရှိသူတွေက ဘာမှအရေးယူဖြေရှင်းပေးတာမရှိဘဲ မီးလင်းရေးပဲ ဆက်လုပ်မယ်ဆိုပြီး အကြောင်းပြန်တဲ့အတွက် အခုလို သတင်းစာလာရောက် ရှင်းလင်းရတာပါ” ဟု ကရင်အောင်းကျေးရွာက ဦးမြ၀င်းက ပြောကြားသည်။

ကျေးရွာမီးလင်းရေးအတွက် တင်ဒါခေါ်ယူစဉ်ကတည်းက မြေပြင်အခြေအနေပေါ်မူတည်၍ လိုအပ်သလိုပြုပြင်ပြောင်းလဲ ဆောင်ရွက်နိုင်သည်ဆိုသည့် အချက်ပါရှိကြောင်း၊ တင်ဒါအောင်သွားသည့် ဖြိုးကုမ္ပဏီကလည်း ၎င်းတို့ဝယ်ယူတပ်ဆင်ထားသည့် ပစ္စည်းများ၏ အရည်အသွေးနှင့်စပ်လျဉ်း၍ အာမခံချက် အပြည့်အ၀ပေးထားသကဲ့သို့ လူထုဗဟိုပြုဌာနကလည်း စာရင်းဇယားများကို သေချာစွာစစ်ဆေးပြီးမှ လက်ခံခြင်းသာဖြစ်ကြောင်း စွပ်စွဲခံရသည့် မီးလင်းရေးကော်မတီမှ ဦးမြကိုက ပြောကြားသည်။

“အစက ရွာမှာ ထရန်စဖော်မာတစ်လုံးပဲထားဖို့ စီစဉ်ထားပေမဲ့ မြေပြင်အခြေအနေကို ပြန်လည်ဆန်းစစ်ပြီး ထရန်စဖော်မာနှစ်လုံးထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ရွာအလယ်မှာ ထရန်စဖော်မာတစ်လုံးတည်း မထိုင်တော့ဘဲ နှစ်လုံးခွထိုင်ဖို့ လုပ်လိုက်တဲ့အခါ မိန်းကြိုးကနေ အိမ်တွေကို ပြန်ဆွဲတဲ့အခါ ၉၅ ကြိုးအစား ၇၀ ကြိုးကို အသုံးပြုလို့ရတာတွေ ရှိပါတယ်။ ဒါကိုလည်း လျှပ်စစ်ကျွမ်းကျင်သူတွေ ကိုယ်တိုင်တွက်ချက်ပြီး စစ်ဆေးထားတာပါ။ အခု သူတို့တိုင်တာကလည်း ခဏခဏပါပဲ။ အခု မီးကြိုးတွေဝယ်ယူတာကနေ ပိုတဲ့ငွေကြေး သိန်း ၆၀ ကျော်ကို ထရန်စဖော်မာဝယ်တဲ့အထဲမှာ ထည့်သွင်းအသုံးပြုသွားမှာ ဖြစ်ပါတယ်။ အခု သတင်းစာရှင်းလင်းပွဲ လုပ်တဲ့သူတို့တတွေလည်း နေပြည်တော်အထိ တက်တိုင်တာပဲ။ ခရိုင်နဲ့ မြို့နယ်က တာဝန်ရှိသူတွေအပြင် နေပြည်တော်က လျှပ်စစ်ဦးစီးကိုယ်တိုင် ကွင်းဆင်းစစ်ဆေးပြီး ပစ္စည်းစာရင်းတွေ၊ လုပ်ဆောင်တာတွေ မှန်ကန်ကြောင်း အတည်ပြုချက်ပေးထားခဲ့ပြီး ဖြစ်ပါတယ်။ နောက်ဆုံးပြောချင်တာကတော့ ကမ္ဘာ့ဘဏ်လိုအဖွဲ့အစည်းရဲ့ ငွေနဲ့လုပ်ရတာဟာ သူတို့ပြောသလို ပေါက်လွှတ်ပဲစားလုပ်ရတာ မဟုတ်ပါဘူး။ စာရင်းနဲ့ဇယားနဲ့လုပ်ရတာပါ။ ဦးတို့ရဲ့စာရင်းဇယားအားလုံးကိုလည်း လူထုဗဟိုပြုကို အပ်ပြီးသွားပြီဖြစ်ပြီး သူတို့ဘက်ကလည်း လက်ခံပြီးသားပါ။ ဦးတို့မှာ ဘာမဟုတ်တာမှ လုပ်မထားဘူးလို့ပဲ ပြောချင်ပါတယ်” ဟု ဦးမြကိုက ပြောကြားသည်။

မိုးကုတ်မြို့ နှစ် (၈၀၀) ပြည့်ပွဲတော်သို့ နိုင်ငံခြားသား ခရီးသွားဧည့်သည်များကို အကန့်အသတ်ဖြင့် လာရောက် လည်ပတ်ခွင့်ပြုခဲ့ရာ ခရီးသွားဧည့်သည် ၁၆၀ ကျော် ၀င်ရောက်ခဲ့

မိုးကုတ် နှစ် (၈၀၀) ပြည့်ပွဲတော်သို့ လာရောက်လေ့လာသည့် ပြည်ပခရီးသွား တစ်ဦးကို တွေ့ရစဉ် (ဓာတ်ပုံ- ဌေးလှအောင်)

မိုးကုတ်မြို့ နှစ် (၈၀၀) ပြည့်ပွဲတော်သို့ နိုင်ငံခြားသား ခရီးသွားဧည့်သည်များကို အကန့်အသတ်ဖြင့် လာရောက် လည်ပတ်ခွင့်ပြုထားရာ မတ် ၃၀ ရက်အထိ နိုင်ငံခြားသား ခရီးသွားဧည့်သည် ၁၆၀ ကျော် လာရောက် လည်ပတ်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန (မိုးကုတ်ရုံးခွဲ) မှ စုံစမ်းသိရသည်။

မိုးကုတ်မြို့ နှစ် (၈၀၀) ပြည့်ပွဲတော်ကို မတ် ၂၉ ရက်မှ ၃၁ ရက်အထိ ပြုလုပ်လျက်ရှိပြီး အဆိုပါပွဲတော်ရက် သုံးရက်အတွင်း နိုင်ငံခြားသား ခရီးသွားများကို အကန့်အသတ်ဖြင့် လာရောက်လည်ပတ်ခွင့် ပြုထားခြင်း ဖြစ်ကြောင်း သိရသည်။

“မိုးကုတ်မြို့ နှစ် (၈၀၀) ပြည့်ပွဲတော် ကျင်းပတဲ့ သုံးရက်တာ ကာလအတွင်းမှာ နိုင်ငံခြားသား ခရီးသွားတွေ လာရောက် လည်ပတ်နိုင်ဖို့အတွက် စီစဉ်ပေးထားပါတယ်။ ကျွန်တော်တို့ ၀န်ကြီးဌာနကို တင်ပြထားတဲ့ စာရင်းတွေကို နိုင်ငံတော်သမ္မတရုံးကို တင်ပြပြီး သမ္မတရုံးရဲ့ လမ်းညွှန်ခွင့်ပြုချက်အတိုင်း ခွင့်ပြုပေးထားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဆီကို တင်ပြထားတဲ့ နိုင်ငံခြားသား ခရီးသွားဧည့်သည် စာရင်းက အားလုံးစုစုပေါင်း ၁၆၇ ဦး ဖြစ်ပါတယ်။ နိုင်ငံခြားသား ခရီးသွားတွေကိုတော့ မိုးကုတ်မြို့ပေါ်မှာပဲ လည်ပတ်သွားလာဖို့ ခွင့်ပြုပေးထားတယ်။ မြို့ပြင်နဲ့ အခြားနေရာတွေကိုတော့ သွားရောက်ဖို့ ခွင့်ပြုမထားပါဘူး။ ခွင့်ပြုပေးထားတာကလည်း မြို့ပြင်မပါဘူး။ မြို့တွင်းပဲ လည်ပတ်ဖို့ ခွင့်ပြုထားတာပါ” ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာန (မန္တလေး) မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်ခိုင်သန်းက ပြောကြားသည်။

မိုးကုတ်မြို့ နှစ် (၈၀၀) ပြည့်ပွဲတော်ကို မတ် ၂၉ ရက်မှ ၃၁ ရက်အထိ သုံးရက်ကြာ ပြုလုပ်သွားမည်ဖြစ်ကာ အစီအစဉ်ပေါင်း များစွာဖြင့် ပြုလုပ်လျက်ရှိကြောင်း သိရသည်။ ဖွင့်ပွဲစတင်ကျင်းပသည့်နေ့တွင် အနုပညာရှင်များ၏ ဖျော်ဖြေရေး အစီအစဉ်များအပြင် ပွဲတော်အတွင်း မိုးကုတ်မြို့၏ သမိုင်းမှတ်တမ်း ဓာတ်ပုံများ၊ ပတ္တမြားနှင့် ဓာတ်သတ္တုထွက်ရှိရာတွင်းများ၏ တည်နေရာပြမြေပုံနှင့် ပုံစံငယ်များ အစရှိသည့် မိုးကုတ်မြို့နှင့် သက်ဆိုင်သည့် မှတ်တမ်းများအား ခင်းကျင်းပြသထားသည်။ မတ် ၃၀ ရက်နှင့် ၃၁ ရက်တို့တွင် ဖျော်ဖြေရေး အစီအစဉ်များ အပါအ၀င် သံဃာတော်များကို ဆွမ်းဆန်စိမ်း လောင်းလှူသွားမည်ဖြစ်ကြောင်း သိရသည်။ မိုးကုတ်မြို့ နှစ် (၈၀၀) ပြည့် ပွဲတော်ကာလအတွင်း မြို့ခံများနှင့် ကုမ္ပဏီများက စတုဒိသာ ကျွေးမွေးမှုများလည်း ပြုလုပ်ခဲ့ကြသည်။ မတ် ၂၉ ရက်က ဖွင့်ပွဲနေ့တွင် မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ပွဲတော်ကျင်းပရေး ကော်မတီဝင်များ၊ အနုပညာရှင်များဖြင့် ဖွင့်လှစ်ခဲ့ပြီး ညနေပိုင်းတွင် တိုင်းရင်းသား ပေါင်းစုံနှင့် ဘာသာပေါင်းစုံတို့က ရိုးရာဝတ်စုံများဖြင့် မြို့အတွင်း ၀င်းခင်းလှည့်လည် ခဲ့ကြသည်။ မတ် ၃၀ ရက် မွန်းလွဲပိုင်းတွင် သံဃာတော်အပါး ၂၅၀၀ အား ဆွမ်းဆန်စိမ်း လောင်းလှူခဲ့ကြသည်။

မိုးကုတ်မြို့ နှစ် (၈၀၀) ပြည့်ပွဲတော်သို့ လာရောက်သည့် ပြည်တွင်းခရီးသွားဧည့်သည် ဦးရေမှာ သောင်းဂဏန်းကျော်အထက် ရှိနေပြီး ကားလက်မှတ်ဈေးနှုန်းများ မြင့်တက်လျက်ရှိကာ မြို့အတွင်းရှိ တည်းခိုခန်းနှင့် ဟိုတယ်အခန်းများမှာလည်း အခန်းပြည့်လျက်ရှိကြောင်း သိရသည်။

 

မိုးကုတ်မြို့သို့ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ အမြဲတမ်း လာရောက်လည်ပတ်ခွင့်ရရှိရန် ပြည်ထောင်စု အဆင့်သို့ တင်ပြတောင်းဆို သွားမည်ဟု မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ပြောကြား

မိုးကုတ်မြို့ မြင်ကွင်းအား အပေါ်စီးမှ တွေ့ရစဉ်

မိုးကုတ်မြို့သို့ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ အမြဲတမ်း လာရောက်လည်ပတ်ခွင့် ရရှိရန်အတွက် ပြည်ထောင်စုအစိုးရ အဖွဲ့ထံသို့ တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က မိုးကုတ်မြို့ နှစ် ၈၀၀ ပြည့်ပွဲတော်သို့ တက်ရောက်လာစဉ် ပြောကြားသည်။

မိုးကုတ်မြို့သို့ နိုင်ငံခြားသား ခရီးသွား ၀င်ရောက်မှုကို ယခင်အစိုးရ လက်ထက်များ ကတည်းက ကန့်သတ်ပိတ်ပင် ထားခြင်းဖြစ်ပြီး ယခုနှစ် ၈၀၀ ပြည့်ပွဲတော်အထိမ်း အမှတ်အဖြစ် ခွင့်ပြုမှုမှာ ပွဲတော်ကာလဖြစ်သည့် မတ် ၂၉ မှ ၃၁ ရက်အထိသာ အစိုးရက အကန့်အသတ်ဖြင့် ခွင့်ပြုထားခြင်းဖြစ်သည်။

“မိုးကုတ်မြို့ဆိုတာ ပတ္တမြားနဲ့နီလာ ဆိုတဲ့ ကျောက်သံပတ္တမြားတွေ ထွက်ရှိတဲ့နေရာဖြစ်တယ်။ နောက်ပြီး နိုင်ငံရေးအရပြောရရင် ဒီမိုကရေစီအပေါ်မှာ ယုံကြည်ချက် ပြင်းထန်တဲ့ နေရာဖြစ်တယ်။ မိုးကုတ်မြို့ ဖွံ့ဖြိုးတိုးတက်ခြင်းဟာ မန္တလေးတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ခြင်းနဲ့လည်း သက်ဆိုင်ပါတယ်။  ဒေသခံတွေလည်း ဖွံ့ဖြိုးတိုးတက်ဖို့လိုတယ်။ အဲဒီလိုဖွံ့ဖြိုး တိုးတက်ဖို့ဆိုရင် နိုင်ငံတကာကလည်း လွတ်လွတ်လပ်လပ် ၀င်ထွက်သွားလာခွင့် ပြုဖို့လိုတယ်။ နောက်တစ်ခုက ဟိုတယ်နဲ့ ခရီးသွားလာရေးဖြစ်တဲ့ နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေ အနေနဲ့ မန္တ လေးမြို့ကို လာရောက်လည်ပတ်ကြပြီဆိုရင် တောင်ကြီး၊ အင်းလေး၊ ပုဂံ စတာတွေကိုသွားကြတယ်။ အဲဒီထဲမှာက မန္တလေးကို ရောက်လာတာနဲ့ မိုးကုတ်မြို့ဆိုတာကို သွားရောက်သင့်တဲ့ နေရာတစ်ခု ဖြစ်လာအောင် ကျွန်တော်တို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ က ဒါကို ကြိုးပမ်းဆောင်ရွက်မှာပါ။ ဘာလို့လဲဆိုတော့ မိုးကုတ်မြို့ဟာ ပတ္တမြားနဲ့နီလာတွေ ထွက်ရှိတဲ့နေရာ ဖြစ်တဲ့အတွက် ဒါကို နိုင်ငံတကာကသိအောင်၊ အရင်ကလည်း နိုင်ငံတကာမှာ အစဉ်အလာလည်း ရှိခဲ့ဖူးတယ်။ အဲဒီလိုဖြစ်ဖို့အတွက်က ဒီမှာနိုင်ငံခြားသားတွေ လွတ်လွတ်လပ်လပ် သွားလာလို့ရဖို့အတွက် မိုးကုတ်မြို့ကို မန္တလေး-မတ္တရာ-မိုးကုတ်လမ်းကနေ လာလို့ရဖို့အတွက် ပြည်ထောင်စုအဆင့်အထိ တောင်းဆိုသွားပါမယ်။ ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးမှာလည်း တောင်းခဲ့ပြီးပါပြီ။ အဲဒီတော့ နိုင်ငံခြားသားတွေ မိုးကုတ်ဒေသကို လွတ်လွတ်လပ်လပ် လာလို့ရပြီဆိုရင် ဒီဒေသဟာ ဖွံ့ဖြိုးတိုးတက်လာမှာပါ” ဟု မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

မိုးကုတ်ဒေသသို့ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ လွတ်လပ်စွာ ၀င်ထွက်သွားလာခွင့် ရရှိရန်အတွက် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးတွင် ဆွေးနွေးမှုများ ပြုလုပ်ထားပြီး အမြဲတမ်း ၀င်ထွက်သွားလာခွင့် ရရှိရန်အတွက် ပြည်ထောင်စုအစိုးရ အဖွဲ့ထံသို့ တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် မိုးကုတ်မြို့နှစ် ၈၀၀ ပြည့်ပွဲတော်သို့ သုံးရက်တာ ကာလအတွင်း နိုင်ငံခြားသား ခရီးသွား ဧည့်သည်များကို အကန့်အသတ်ဖြင့် သွားလာခွင့်ပြုထားပြီး နိုင်ငံခြားသား ခရီးသွားဧည့်သည် ၁၆၀ ကျော် ၀င်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သိရ သည်။ အဆိုပါ သုံးရက်တာ ကာလအတွင်း နိုင်ငံခြားသား ခရီးသွားဧည့်သည်များကို ၀င်ရောက်ခွင့်ပြုရာတွင် မိုးကုတ်မြို့အတွင်း သွားလာလည်ပတ်ခွင့် ရရှိမည်ဖြစ်ပြီး မြို့ပြင်နှင့် အခြားနေရာများသို့ သွားရောက်လေ့လာခွင့် ကန့်သတ်ထားကြောင်း သိရသည်။