HIV ပိုးရှိကြောင်း မှားယွင်းဖော်ပြခဲ့သည့် မန္တလေးမြို့ မြို့တော်ဆေးရုံအား နစ်နာကြေး ကျပ်သိန်း ၃၀၀ ပေးလျော်စေရန် အမိန့်ချ

လူနာအား အိတ်ခ်ျအိုင်ဗွီပိုးရှိကြောင်း မှားယွင်းဖော်ပြခဲ့သည့် မြို့တော်ဆေးရုံအား ကျပ်သိန်း ၃၀၀ ရလိုမှုဖြင့် ခရိုင်တရားရုံးတွင် တရားစွဲဆိုထားရာ လူနာရှင်ဘက်က အနိုင် ရရှိခဲ့ကြောင်း သတင်းရရှိသည်။

အိတ်ခ်ျအိုင်ဗွီပိုးရှိကြောင်း မှားယွင်း ဖော်ပြခဲ့သဖြင့် လူနာရှင်အား တရားရုံးကုန် ကျစရိတ်နှင့် နစ်နာကြေး ကျပ်သိန်း ၃၀၀ ပေးဆောင်စေရန် ဖေဖော်ဝါရီ ၂၀ ရက်က အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ် ဘုရားလှကျေးရွာမှ ဦးဝင်းတင် (၆၆ နှစ်) သည် ၂၀၁၅ ခုနှစ် အောက်တိုဘာလအတွင်းက ကျန်းမာရေး မကောင်းသဖြင့် မန္တလေးမြို့ရှိ မြို့တော်ဆေးရုံ သို့ တက်ရောက်ကုသခဲ့ရာ ဆေးစစ်အဖြေ တွင် အိတ်ခ်ျအိုင်ဗွီပိုးတွေ့ရှိရပြီး ရောဂါပိုးမြင့်မားသောကြောင့် အဆုတ်ထဲသို့ပင် ရောက်ရှိနေပြီဖြစ်ကြောင်း ဆေးရုံမှ ပြောကြားခဲ့သည်ဟု သိရသည်။

ထို့နောက် ရောဂါအခြေအနေအရ ကုသခဲ့ရာ ဆေးရုံတွင် အိတ်ခ်ျအိုင်ဗွီပိုး ရောဂါရှိသူများနှင့်အတူ ကုသနေထိုင်ရသည့် အတွက် မနေလိုသဖြင့် ဆေးရုံမှဆင်းကာ ရွာသို့ပြန်လာခဲ့ကြောင်း၊ ဆေးရုံမှဆင်းအပြီး တစ်လခန့်အကြာ ကျန်းမာရေးပြန်လည် ကောင်းမွန်လာကာ နားအကြားအာရုံချို့တဲ့ နေသဖြင့် ရန်ကုန်မြို့ ဆာကူရာဆေးရုံသို့ သွားရောက်စစ်ဆေးခဲ့ရာ ဦးဝင်းတင်တွင် အိတ်ခ်ျအိုင်ဗွီပိုးမရှိသည်ကို ပေါ်ပေါက်ခဲ့ ကြောင်း၊ ထိုသို့ အိတ်ခ်ျအိုင်ဗွီပိုးမရှိဘဲ ရှိသည်ဟုဆိုကာ မှားယွင်းဖော်ပြခဲ့သလို အဆိုပါပိုး ရှိသည်ဆိုသဖြင့် သောက်သုံးခဲ့ရသည့်ဆေး များကြောင့် အကြားအာရုံချို့တဲ့ခဲ့ရကြောင်း၊ သို့ဖြစ်ပါ၍ ဆေးကုသရာတွင် တိကျသေချာ စွာမရှိမှုကြောင့် လူနာမှာ ရပ်ရွာတွင် အရှက်ရ ခြင်းတို့အတွက် နစ်နာကြေးရလိုမှုဖြင့် တရား စွဲဆိုခြင်းဖြစ်ကြောင်း သိရသည်။

ကျပ်သိန်း ၃၀၀ ရလိုကြောင်း နစ်နာခဲ့ သူ ဦးဝင်းတင်က တရားလိုပြုလုပ်ကာ မြို့တော်ဆေးရုံကိုယ်စား တာဝန်ခံရုံးအုပ်ကြီး ဒေါ်နွယ်နွယ်ဝင်းကို ၂၀၁၆ ခုနှစ် အောက်တိုဘာမှ စတင်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

လူနာရှင်အား နစ်နာကြေး ကျပ်သိန်း ၃၀၀ ပေးလျော်စေရန် အမိန့်ချခဲ့သောဖြစ်ရပ်သည်  ပုဂ္ဂလိကဆေးရုံ၏ အမှားကြောင့် ပထမဆုံး နစ်နာကြေးပေးရမှု ဖြစ်ဖွယ်ရှိကြောင်း သိရသည်။

မန္တလေး-မြစ်ကြီးနား လမ်းပိုင်းတွင် ပြေးဆွဲနေသော အမှတ် ၅၅ အဆန် အမြန်ရထားကို တွဲဆိုင်းအသစ်များဖြင့် ပြောင်းလဲပြေးဆွဲ

အမှတ် ၅၅ အဆန်အမြန်ရထား တွဲဆိုင်းအသစ်များဖြင့် ပြောင်းလဲပြေးဆွဲခြင်း ဖွင့်ပွဲပြုလုပ်စဉ်

မန္တလေးဘူတာကြီးမှ ထွက်ခွာပြေးဆွဲလျက်ရှိသော ရထားခရီးစဉ်များအနက် မန္တလေး-မြစ်ကြီးနား လမ်းပိုင်းတွင် ပြေးဆွဲနေသော အမှတ် ၅၅ အဆန် အမြန်ရထားအား တွဲဆိုင်းအသစ်များဖြင့် ပြောင်းလဲပြေးဆွဲခြင်းဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၅ ရက် မွန်းလွဲပိုင်းက မန္တလေးဘူတာကြီးတွင် ကျင်းပခဲ့သည်။

မြန်မာ့မီးရထား အနေဖြင့် ခရီးသွားပြည်သူများ ရထားစီးနင်းရာတွင် လုံခြုံစိတ်ချရပြီး သက်သောင့်သက်သာဖြင့် စိတ်ချမ်းမြေ့စွာ သွားလာနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြေးဆွဲနေသော ရထားခရီးစဉ်များ အနက် လမ်းပိုင်းအလိုက် ဦးစားပေးစနစ်ဖြင့် တွဲဆိုင်းအသစ်၊ စက်ခေါင်းအသစ်များဖြင့် လဲလှယ်ပြေးဆွဲခြင်းများ ဆောင်ရွက်လျက်ရှိရာတွင် ယခုနှစ် မြစ်ကြီးနား လမ်းပိုင်းတွင် ပြေးဆွဲနေသော အမြန်ရထား သုံးစင်းအနက် အမှတ် ၅၅ အဆန်၊ အမှတ် ၅၆ အစုန်ရထားကို နိုင်ငံတော်ငွေဖြင့် ပြည်တွင်းထုတ်လုပ် တည်ဆောက်သည့် တွဲဆိုင်းသစ်များဖြင့် အစားထိုး ပြေးဆွဲသွားမည်ဖြစ်ကာ ကနဦးအနေဖြင့် အမှတ် ၅၅ အဆန်ရထားအား ပြောင်းလဲပြေးဆွဲခြင်း ဖြစ်ကြောင်း သိရသည်။

“မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းမှာ အမှတ် ၅၅၊ အမှတ် ၅၆ ရထားတွေက လူစီးအများဆုံးရထားကို မြစ်ငယ်တွဲပြင်စက်ရုံကနေ ထုတ်လုပ်တဲ့ တွဲအသစ်တွေနဲ့ အစားထိုးပြီးတော့ ပထမဦးဆုံး အစားထိုးလဲလှယ် ပြေးဆွဲတဲ့ အခမ်းအနား ဖြစ်ပါတယ်။ အဲဒီဟာပြီးရင် ကျွန်တော်တို့က နောက်ထပ်လည်ပတ်ဖို့ တွဲဆိုင်းသုံးတွဲ လိုအပ်တာကြောင့် တွဲဆိုင်းသုံးတွဲစလုံးကို နောက်တစ်လ၊ နှစ်လအတွင်းမှာ လဲလှယ်အစားထိုး ပြေးဆွဲသွားမယ်။ အဓိက ရည်ရွယ်ချက်ကတော့ ခရီးသွားပြည်သူတွေ အဆင်ပြေစေဖို့တွက်ပါ။ ခရီးသွားပြည်သူတွေက မန္တလေး-မြစ်ကြီးနား လမ်းပိုင်းမှာဆိုရင် ကားလမ်းကလည်း အရမ်းမကောင်းသေးတော့ မီးရထားနဲ့ အဓိက သွားလာမှုရှိတယ်။ ဒါကြောင့် ခရီးသည်တွေ လုံခြုံစိတ်ချစွာ သွားနိုင်ဖို့ သက်သောင့်သက်သာ ဖြစ်အောင်လို့ လဲလှယ်ပြေးဆွဲတာဖြစ်ပြီး ဒီအတွက် ရထားလက်မှတ်ခ ဈေးနှုန်းတွေ ပြောင်းလဲသွားဖို့ မရှိပါဘူး” ဟု မြန်မာ့မီးရထားရုံးချုပ် စစ်ဆေးရေးဌာနမှ အထွေထွေမန်နေဂျာ ဦးဘမြင့်က ပြောကြားသည်။

မန္တလေးဘူတာကြီးမှ မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းတွင် နေ့စဉ်လူစီးတွဲအဖြစ် အမြန်ရထားသုံးစင်း၊ စာပို့ရထားတစ်စင်း၊ RBE လေးစင်း၊ လူစီးကုန်တင် လော်ကယ်ရထားသုံးစင်း ပြေးဆွဲလျက်ရှိပြီး တစ်ရက်လျှင် ပျမ်းမျှရထားစီးနင်းသူဦးရေ တစ်သောင်းခန့်ရှိကာ အမြန်ရထား သုံးစင်းတွင် အမှတ် ၅၅ အဆန်၊ အမှတ် ၅၆ အစုန်ရထားမှာ ခရီးသည်လိုက်ပါစီးနင်းမှု အများဆုံးဖြစ်ကာ မန္တလေးဘူတာကြီးမှ နေ့စဉ် ညနေ ၄ နာရီတွင် ထွက်ခွာ၍ မြစ်ကြီးနား ဘူတာသို့ နောက်တစ်နေ့ နံနက် ၁၁ နာရီကျော်တွင် ဆိုက်ရောက်ကာ လမ်းတစ်လျှောက်တွင် ရွှေဘို၊ ကန့်ဘလူ၊ ကောလင်း၊ နဘား၊ မိုးညှင်း၊ ဟိုပင်၊ မိုးကောင်း စသည့် ဘူတာများတွင် ရပ်နားမှု ပြုလုပ်ကြောင်း သိရသည်။

 

ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌအပါအ၀င် နှစ်ဦးအား ထုတ်ပယ်ကြောင်း ဗကသအဖွဲ့ချုပ်မှ ကြေညာချက်ထုတ်ပြန်

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်၊ ဗဟိုလုပ်ငန်း ကော်မတီ၏ ထုတ်ပြန်ချက်

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်၊ ဗဟိုလုပ်ငန်း ကော်မတီမှ ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ဥက္ကဋ္ဌကိုကျော်သီဟရဲကျော်နှင့် စည်းရုံးရေးကော်မတီ တာဝန်ခံ ကိုရဲမျိုးဆွေတို့အား ထုတ်ပယ်ကြောင်း ဖေဖော်ဝါရီ ၁၂ ရက်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

“၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၆ ရက် ဘားအံပွဲကနေ သပိတ်မှောက် လှည့်ပြန်လာပြီး ကတည်းက သတင်းစာရှင်းပွဲမှာ ပြောခဲ့တာ ရှိပါတယ်။ သူတို့ဆွေးနွေးပွဲမှာ ကျွန်တော်တို့ အခြေခံသမဂ္ဂတွေ ချမှတ်ထားတဲ့ မူနှစ်ချက်နဲ့ ကိုက်ညီမှုမရှိလို့ လှည့်ပြန်ခဲ့တယ်။ အဲဒီလို လှည့်ပြန်ခဲ့တဲ့အတွက် လက်ရှိ CWC က အစကတည်းက ကျွန်တော်တို့အနေနဲ့ သူတို့ဖြစ်တည်မှုကို အသိအမှတ်ပြုတာလည်း မရှိခဲ့သလို အသိအမှတ် မပြုတာလည်း မရှိခဲ့ပါဘူး။ အဲဒီဆွေးနွေးပွဲက ရလာတဲ့ ရလဒ်တွေ၊ လုပ်ငန်းစဉ်တွေက ကျွန်တော်တို့နဲ့ သက်ဆိုင်မှု မရှိပါဘူးလို့ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၉ ရက် ကတည်းက တရားဝင် ပြောခဲ့ပြီးပါပြီ။ ကျွန်တော်တို့ လုပ်ငန်းစဉ်တွေက ကျောင်းသားထုအတွက် အကျိုးပြုလား၊ CWC ထဲမှာပါတဲ့ စွပ်စွဲချက်တွေက ဟုတ်မဟုတ်ဆိုတာ ကျောင်းသားထုနဲ့ သမိုင်းကပဲ ဆုံးဖြတ်သွားပါလိမ့်မယ်။ သူတို့ထုတ်ပြန်ချက်ကို ဘာမှ တုံ့ပြန်သွားဖို့ မရှိပါဘူး။ အစကတည်းက သက်ဆိုင်မှု မရှိကြောင်း ပြောထားပြီးသား ဖြစ်တဲ့အတွက် သူတို့ထုတ်ပြန်ချက်ကို ဘာမှပြောစရာ မရှိပါဘူး” ဟု ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ဥက္ကဋ္ဌ ကိုကျော်သီဟရဲကျော်က ပြောကြားသည်။

အဆိုပါ ကြေညာချက်တွင်၂၀၁၅ ခုနှစ် ဒီမိုကရေစီ ပညာရေးသပိတ် အကြမ်းဖက်ဖြိုခွဲခံရမှု ဖြစ်ပွားပြီး ဗကသများအဖွဲ့ချုပ် ခေါင်းဆောင်အများစု မတရားဖမ်းဆီး ချုပ်နှောင်ခံနေရသည့် အချိန်မှ စတင်ကာ ယခုအချိန်အထိ ရဲမျိုးဆွေသည် ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂကို အခြေပြု၍ ဗကသများ အဖွဲ့ချုပ် ဖွဲ့စည်းအုပ်ချုပ်ပုံ စည်းမျဉ်းဥပဒေ အခန်း (၁၃) အပိုဒ် (၅၇၊ ၅၉) ကိုချိုးဖောက်၍ ဗကသများအဖွဲ့ချုပ် ပြိုကွဲနိုင်သည့် လုပ်ရပ်များကို ပြုလုပ်လာခဲ့ကြောင်း၊ (က) ဗကသများအဖွဲ့ချုပ် ဖွဲစည်းအုပ်ချုပ်ပုံစည်းမျဉ်း ဥပဒေ အခန်း (၁၃) အပိုဒ် (၅၉) ကို တိုက်ရိုက်ချိုးဖောက်၍ ဗဟိုလုပ်ငန်း ကော်မတီ အများစု မတရားဖမ်းဆီး ချုပ်နှောင်ခံနေရချိန်တွင် ဗကသများအဖွဲ့ချုပ် (အထက်ဗမာပြည်) ဟု အမည်တပ်၍ ဂိုဏ်းခွဲထောင်ခြင်း၊ (ခ) ဂိုဏ်းခွဲထောင်ပြီးနောက် တစ်ဆက်တည်း ဗဟိုဆန့်ကျင်ရေး ပြုလုပ်ခြင်း၊ ပြုလုပ်ရန် စည်းရုံးလှုံ့ဆော်ခြင်း၊ (ဂ) ဗကသများအဖွဲ့ချုပ် ဖွဲ့စည်းအုပ်ချုပ်ပုံ စည်းမျဉ်းဥပဒေ အခန်း (၁၃) အပိုဒ် (၅၈) ကို တိုက်ရိုက်ချိုးဖောက်၍ ဘားအံမြို့တွင် ကျင်းပသည့် ကျောင်းသားထု ညီလာခံအကြို အစည်းအဝေးကို အကြောင်းပြချက် ခိုင်လုံမှု မရှိဘဲ ပွဲပျက်စေရန် ရည်ရွယ်ချက်ဖြင့် သပိတ်မှောက် ထွက်ခွာသွားခြင်း၊ (ဃ) ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်း ကော်မတီ၏ ခွင့်ပြုချက် မပါဝင်ဘဲ ဗကသများအဖွဲ့ချုပ်က တာဝန်ယူ လုပ်ဆောင်သယောင် အများပြည်သူ ထင်ယောင်ထင်မှား ဖြစ်အောင် ရည်ရွယ်၍ တရားမ၀င် ကြေညာချက်များ ထုတ်ပြန်ခြင်း၊ အထက်ပါ လုပ်ဆောင်ချက်များကို ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂကို အခြေပြု၍ ရဲမျိုးဆွေ ဦးဆောင် ပြုလုပ်ခဲ့ကြောင်း၊ ၎င်းလုပ်ဆောင်ချက်များသည် ဗကသများအဖွဲ့ချုပ်အပေါ်၌ သစ္စာဖောက် လုပ်ရပ်များ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ကြေညာချက်တွင် ထည့်သွင်း ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ရတနာပုံ တက္ကသိုလ်တွင် ပညာသင်ကြားနေသော ရဲမျိုးဆွေ ခုံအမှတ် ၂ဥ – ၂၄၁ (ရတနာပုံ တက္ကသိုလ် ကျောင်းသားများသမဂ္ဂ စည်းရုံးရေးကော်မတီ တာဝန်ခံ) သည် ရတနာပုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂကို အခြေပြု၍ ဆောင်ရွက်နေသောကြောင့် ရဲမျိုးဆွေကို ဗကသများအဖွဲ့ချုပ်မှ ရာသက်ပန် ထုတ်ပယ်ကြောင်း၊ ကျော်သီဟရဲကျော် ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်နေသည့် ရတနာပုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂကိုပါ ဗကသများ အဖွဲ့ချုပ်မှ ထုတ်ပယ်ကြောင်း၊ ဗကသများ အဖွဲ့ချုပ် ဖွဲ့စည်းအုပ်ချုပ်ပုံ စည်းမျဉ်းဥပဒေ အခန်း (၄) အပိုဒ် (၁၀) အရ အယူခံဝင်နိုင်ကြောင်း၊ အယူခံဝင်ရာတွင် ရတနာပုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂအနေဖြင့် ရဲမျိုးဆွေကို သမဂ္ဂမှ ထုတ်ပယ်၍ ဗကသများအဖွဲ့ချုပ် လက်ခံချက် သုံးရပ်ကို လက်ခံလျှင် အနီးဆုံး ဗကသများ အဖွဲ့ချုပ် ညီလာခံတွင် အယူခံဝင်နိုင်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ သက်ဆိုင်မှု မရှိကြောင်း ပြောထားပြီးသား ဖြစ်တဲ့အတွက် အယူခံဝင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဆွေးနွေးပွဲကနေ ပြန်လာပြီး သတင်းစာရှင်းပွဲမှာ ကတည်းက လက်မခံကြောင်း၊ ကျွန်တော်တို့နဲ့ သက်ဆိုင်မှု မရှိကြောင်း ပြောခဲ့ပြီးပါပြီ” ဟု စည်းရုံးရေးကော်မတီ တာဝန်ခံ ရဲမျိုးဆွေက ပြောကြားသည်။

အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှဥက္ကဋ္ဌ ကိုကျော်သီဟရဲကျော်နှင့် စည်းရုံးရေးကော်မတီ တာဝန်ခံကိုရဲမျိုးဆွေက တုံ့ပြန်ဆောင်ရွက်သွားမည် မဟုတ်ကြောင်း၊ CWC သည် ၎င်းတို့နှင့် သက်ဆိုင်မှုမရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ ထို့ပြင် ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂအပေါ် ရေးသားထုတ်ပြန်ခြင်းများနှင့် ပတ်သက်၍ ၎င်းတို့အမှုဆောင် ကော်မတီ အဖွဲ့ဝင်များ အချင်းချင်း ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ရတနာပုံ တိရစ္ဆာန်ဥယျာဉ်တွင် ၀န်ထမ်းတစ်ဦး ကျားလှောင်အိမ်အတွင်း လက်နှိုက်စနောက်ရာမှ ကျားကိုက်ခံရမှုဖြစ်ပွား

ရတနာပုံ တိရိစ္ဆာန်ဥယျာဉ်မှ ဝန်ထမ်းတစ်ဦးအား ကိုက်ခဲ့သော ကျားမ(မိုးစက်ဝိုင်)အား တွေ့ရစဉ်

ရတနာပုံ တိရစ္ဆာန်ဥယျာဉ်တွင် ဇန်န၀ါ ရီ ၃၁ ရက်က ၀န်ထမ်းတစ်ဦး ကျားလှောင်အိမ် အတွင်းရှိ ကျားအား လက်နှိုက်စရာမှ ကိုက်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) အုပ်ချုပ်ရေးမှူး ဦးသိန်းမင်းအောင်က “လက်ကို ကျားကိုက်ခံရတဲ့ ၀န်ထမ်းက အလုပ်ဝင်တာ တစ်လပဲ ရှိပါသေးတယ်။ သူ့ကို အဲဒီနေ့က မိကျောင်းနဲ့ ၀က်ဝံရုံမှာ တာဝန်ချထားတာပါ။ အဲဒီလို အစမ်းခန့် ၀န်ထမ်းတွေကို အသားစားပြကွက်လို ကျားနဲ့ ခြင်္သေ့လှောင်အိမ် အတွင်းပိုင်း အစာကြွးတဲ့နေရာမှာ တာဝန်မပေးပါဘူး။ နောက်ပြီးသူက အစာသွားကြွေးတာလည်း မဟုတ်ဘူး။ အဲဒီကျားက သူ့ကိုထိန်းနေတဲ့ Keeper ဆိုရင် လုံးထွေးပြီး ဖက်လဲတကင်းနေတာ။ သူက ဒါကိုမြင်တွေ့နေတော့ ဒီကျား အရမ်းလိမ္မာတယ်ဆိုပြီး ထင်နေတာပေါ့။ ဆိုလိုတာက ကျားကတော့ ကျားပဲလေ။ ဒါပေမဲ့ ကျားက ငယ်ငယ်လေးကတည်းက နို့တိုက်ကျွေးမွေးခဲ့လို့ ယဉ်ပါးလိမ္မာခဲ့တဲ့ ကျားဖြစ်နေလို့ ငုံရုံတင် ငုံလိုက်တဲ့ သဘောပါ” ဟု ပြောကြားသည်။

တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) တွင် ယခင်က ယင်းကဲ့သို့ ဖြစ်စဉ်မျိုး ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း သိရပြီး အုပ်ချုပ်ရေးမှူး ဦးသိန်းမင်းအောင်က “အရင်က ဒီလိုတစ်ခါမှ မဖြစ်ဖူးဘူး။ ဒီဖြစ်စဉ်မှာလည်း ကျားက မွေးကတည်းက နို့တိုက်မွေးလာပြီး လိမ္မာရဲ့သားနဲ့ ဘာကြောင့် ဒီလိုဖြစ်သလဲဆိုတော့ ဒီဝန်ထမ်းက သူ့ကိုထိန်းကျောင်းနေတဲ့သူ မဟုတ်ပဲ စိမ်းနေတာရယ်၊ ပြီးတော့ မိတ်လိုက်ချိန်ဖြစ်နေတော့ စိတ်အပြောင်းအလဲ ဖြစ်နေပြီး စိတ်က ကယောက်ကယက် ဖြစ်နေတဲ့သဘောပါ။ အဲဒီလိုဖြစ်တဲ့အချိန်မှာ ကျားထိန်းတဲ့  Keeper တွေက ကျားကို တုတ်နဲ့ထိန်းပြီး လှန့်လိုက်တော့မှ ပြန်လွတ်သွားတာ။ ဒဏ်ရာကတော့ ငုံရုံသဘောလောက်မို့ ကြီးကြီးမားမားတော့ ဖြစ်မသွားဘူး။ အပေါက်နှစ်ပေါက် ဖြစ်သွားတာပေါ့” ဟု ဦးသိန်းမင်းက ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားသည့် ကျားမှာ ရတနာပုံ တိရစ္ဆာန်ဥယျာဉ်သို့ ၂၀၁၁ ခုနှစ်က အာဖရိကနိုင်ငံမှ ရောက်ရှိလာသည့် ဂျက်ကီနှင့် ရိုဇီတို့မှ ပေါက်ဖွားခဲ့သည့် ကျားဖြစ်ပြီး မိုးစက်ဝိုင်ဟု အမည်ပေးထားကြောင်း သိရသည်။

ရတနာပုံ တိရစ္ဆာန်ဥယျာဉ်တွင် ကျားထီးငါးကောင်၊ ကျားမလေးကောင် စုစုပေါင်း ကိုးကောင်းရှိပြီး နို့တိုက်သတ္တ၀ါ ၃၁၄ ကောင်၊ ကျေးငှက်သတ္တ၀ါ ၄၁၅ ကောင်၊ တွားသွားသတ္တ၀ါ ၃၇၁ ကောင် ထိန်းသိမ်းပြသထားပြီး တိရစ္ဆာန်စုစုပေါင်း ၁၁၀၀ ရှိကြောင်း သိရသည်။

 

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငွေစက္ကူများ ဒီဇိုင်းရေးဆွဲခဲ့သည့် မြန်မာမှုဒီဇိုင်း သုတေသီ ဦးအေးမြင့်၏ ၈၈ နှစ်ပြည့် မွေးနေ့နှင့် အထိမ်းအမှတ် ကျောက်စာတိုင်ဖွင့်ပွဲ တောင်လေးလုံးကျောင်းတိုက်တွင် ကျင်းပ

မြန်မာမှုဒီဇိုင်း သုတေသီ ဦးအေးမြင့်၏ အထိမ်းအမှတ် ကျောက်စာတိုင်ကို တွေ့ရစဉ်

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငွေစက္ကူများကို ဒီဇိုင်းရေးဆွဲခဲ့သည့် မြန်မာမှုဒီဇိုင်း သုတေသီ ဦးအေးမြင့်၏ အသက် ၈၈ နှစ်ပြည့်မွေးနေ့နှင့် အထိမ်းအမှတ် ကျောက်စာတိုင်ဖွင့်ပွဲကို အမရပူရမြို့နယ် တောင်သမန်အင်း အနောက်ဘက်ထိပ်ရှိ တောင်လေးလုံးကျောင်းတိုက် သူဌေးဘုရားရင်ပြင်တွင် ဖေဖော်ဝါရီ ၂ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။

မြန်မာမှုဒီဇိုင်း သုတေသီ ဦးအေးမြင့် အမှတ်တရ ကျောက်စာတိုင်ကို တောင်လေးလုံး ကျောင်းတိုက်အတွင်းရှိ သူဌေးဘုရားရင် ပြင်တော်ပေါ်တွင် စိုက်ထူခဲ့ပြီး မာဘယ်လ် ကျောက်စာတိုင်ဖြစ်ကာ အရွယ်အစားမှာ အမြင့် ခြောက်ပေ သုံးလက်မ၊ ထုထည် သုံး ပေရှိကာ ပညာအလင်းပေး အထိမ်းအမှတ်အဖြစ် ဖယောင်းတိုင် မီးတောက်အတွင်း ဆရာဦးအေးမြင့်၏ပုံနှင့် ရှေ့သို့အဓိပ္ပာယ်ရသည့် သင်္ကေတပါရှိသည်။ အမရပူရ အထိမ်း အမှတ် ကနုတ်ပန်းနှင့် ဆရာဦးအေးမြင့်လက် မှတ်ရေးထိုးလေ့ရှိသည့် ခေါင်းလောင်းပုံအတွင်း ‘ဧ’ အက္ခရာ မွေးနေ့နံ ဂဠုန်ရုပ်တို့ကို ကျောက်စာတိုင်တွင် ထည့်သွင်းထားပြီး ကျောက်တိုင်ဖြစ်မြောက်ရေးအတွက် နိုင်ငံတစ်ဝန်းလုံးရှိ ဆရာဦးအေးမြင့်၏ တပည့်သားသမီးများက ဂုဏ်ပြုပူဇော်ကြခြင်းဟု ဆရာဦးဝင်းမောင် (တမ္ပ၀တီ) က ပြောကြားသည်။

“မြန်မာပြည်သူပြည်သားတွေ ပန်းချီပညာရှင်တွေကို မြန်မာမှုပန်းချီ ခံစားတတ်အောင် ရေးဆွဲထားခဲ့တဲ့၊ ဆရာကြီးရဲ့ ခေတ်အဆက်ဆက်ရေးခဲ့တဲ့ ရတနာမွန်မဂ္ဂဇင်း မျက်နှာဖုံးပုံတွေနဲ့ တခြားမဂ္ဂဇင်းသရုပ်ဖော် ပုံတွေကို အခုပွဲမှာ ပြသထားပါတယ်။ မြန်မာ ပန်းချီလိုင်းမျိုးစုံရှိပါတယ်။ သဘာဝကိုရေးတဲ့ ပန်းချီဆရာရှိမယ်၊ ခေတ်ပေါ်အနုပညာပန်း ချီဆရာရှိမယ်။ ဆရာကြီးကတော့ မြန်မာမှု ရိုးရာပန်းချီကိုအခြေခံတဲ့ မြန်မာပန်းချီတီ ထွင်ခဲ့ပြီး မြန်မာတွင်သာမက ကမ္ဘာမှာ ကျော်ကြားခဲ့တဲ့ ပညာရှင်တစ်ယောက်ကို ဂုဏ်ပြုပြီးတော့မှ သူရဲ့ ၈၈ နှစ်မြောက်မွေးနေ့မှာ အမှတ်တရ ကျောက်စာတိုင်ကို စိုက်ထူခဲ့တယ်” ဟု ဆရာဦးဝင်းမောင် (တမ္ပ၀တီ) က ပြောကြားသည်။

မြန်မာမှုဒီဇိုင်း သုတေသီ ဦးအေးမြင့်ကို ၁၉၃၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂ ရက်တွင် အဖဦးကျောက်၊ အမိဒေါ်မိစံ (ဒေါ်မမလေး) တို့က မန္တလေးမြို့တွင် မွေးဖွားခဲ့ပြီး ၁၉၄၇ ခုနှစ်၌ မန္တလေးမြို့၏ နာမည်ကြီးပန်းချီဆရာ ဦးကြွယ်လေးထံတွင် စီးပွားရေးကြော်ငြာပန်းချီ သုံးနှစ်သင်ကြားခဲ့သည်။

ထို့နောက် ဆရာဦးခင်မောင် (ဘဏ်အထွေထွေမန်နေဂျာနှင့် ပန်းချီ) ထံ ရသပန်းချီအခြေခံမှစ၍ သင်ယူခဲ့ပြီး ဆရာဦးခင်မောင်၏ အကူအညီဖြင့် ၁၉၅၁ ခုနှစ်မှ ၁၉၆၀ ပြည့်နှစ်အထိ ပျဉ်းမနားဦးလှ စာပေးစာယူ သင်ခန်းစာနှင့် ၀ါရှင်တန်ပန်းချီကျောင်း စာပေးစာယူ သင်ခန်းစာများကိုလည်း သင်ယူခဲ့သည်။

မြန်မာမှုဒီဇိုင်း သုတေသီ ဦးအေးမြင့်မှာ ၁၉၇၂ ခုနှစ်မှ ၁၉၇၇ ခုနှစ်အတွင်း မြန်မာ့ငွေ စက္ကူနှင့် လုံခြုံရေးဆိုင်ရာ စာရွက်စာတမ်းများ ထုတ်လုပ်သည့် ၀ါဇီစက်ရုံတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ယင်းအချိန်ပိုင်းက ထွက်ရှိခဲ့သော တစ်ကျပ်တန်၊ ငါးကျပ်တန်နှင့် ကျပ် ၁၀ တန်တို့တွင် ပါဝင်သော ဒီဇိုင်းများကို ရေးဆွဲပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် ၁၅ ကျပ်တန် ဒီဇိုင်းမှာလည်း ဆရာကြီးဦးအေးမြင့် ရေးဆွဲခဲ့သည်ဟု ဆိုသည်။

ထို့ပြင် ဆရာကြီးဦးအေးမြင့်မှာ မြန်မာမှုဒီဇိုင်း ရေးဆွဲတာဝန်များဖြင့် အီတလီ၊ ဂျာမနီ၊ အင်္ဂလန်၊ ဂျပန် စသည့်နိုင်ငံများတွင် ပြုလုပ်သည့် ကမ္ဘာ့ကုန်စည်ပြပွဲများ သွားရောက်ခဲ့ခြင်း၊ ထင်ရှားသည့် ဒီဇိုင်းလက်ရာများမှာ မင်းကွန်းပိဋကတ်စေတီ (၁၉၈၄)၊ ကမ္ဘာအေး သိမ်တော်ကြီး (၁၉၈၆)၊ ရွှေတိဂုံ တောင်ဘက်စောင်းတန်း (၁၉၉၆) တို့အပြင် ပုံရိုက်ဒီဇိုင်း၊ ပြက္ခဒိန်၊ မြန်မာ့စာပို့တိုက် တံဆိပ်ခေါင်းများ၊ သီရိပစ္စယာဟိုတယ်၊ ယွန်းကားနံရံများ၊ ရတနာ မွန်စာစောင်အဖုံး၊ မြတ်ဆုမွန်အဖုံး အစရှိသည့် ဗိသုကာဒီဇိုင်းနှင့် ပန်းချီတို့ကို ရေးဆွဲခဲ့သူဖြစ်သည်။

မြန်မာမှုဒီဇိုင်း သုတေသီ ဦးအေးမြင့်မှာ အောက်တိုဘာ ၃ ရက် ညနေ ၆ နာရီ ၁၅ မိနစ်က မန္တလေး အမရပူရမြို့နယ် ဆင်စွယ်ပွတ် ပန်းပဲတန်းရပ်ကွက်ရှိ သူ၏နေအိမ်တွင် ကွယ်လွန်ခဲ့သည်။

ဘီလျံ ၁၅၀ ကျော် ရင်းနှီးမြှုပ်နှံ အကောင်အထည်ဖော်နေသည့် မန္တလေးမြို့သာ စက်မှုဥယျာဉ်စီမံကိန်းတွင် နိုင်ငံတကာမှ လာရောက်ရင်းနှီးမြှုပ်နှံ လည်ပတ်နေသည့် စက်ရုံ ခုနစ်ရုံရှိနေပြီး ယခုနှစ်အတွင်း စက်ရုံပေါင်း ၁၀၀ ကျော်ရှိလာမည်

မန္တလေးမြို့သာ စက်မှုဥယျာဉ်စီမံကိန်း လုပ်ငန်းခွင်ကို တွေ့ရစဉ်

မြေဧက တစ်သောင်းကျော်တွင် ဘီလျံ ၁၅၀ ကျော်ရင်းနှီးမြှုပ်နှံ အကောင်အထည် ဖော်နေသည့် မန္တလေး မြို့သာစက်မှုဥယျာဉ် စီမံကိန်းအတွင်း၌ နိုင်ငံတကာမှ လာရောက် ရင်းနှီးမြှုပ်နှံ လည်ပတ်နေသည့် စက်ရုံခုနစ်ရုံ ရှိနေပြီး ယခုနှစ်အတွင်း စက်ရုံပေါင်း ၁၀၀ ကျော်ရှိလာမည် ဖြစ်ကြောင်း မြို့သာစက်မှု ဥယျာဉ်စီမံကိန်း ဥက္ကဋ္ဌ ဦးအောင်ဝင်းခိုင်က ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်ရှိ မြို့သာစက်မှုဥယျာဉ်နှင့် ဆီမီးခံ ဧရာဝတီဆိပ်ကမ်း စီမံကိန်းမှာ ၂၀၁၂ ခုနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် အများပိုင် ကုမ္ပဏီအဖြစ် အစုရှယ်ယာများ ရောင်းချပေးခဲ့ကာ လက်ရှိအချိန်တွင် အစုရှယ်ယာ ၁၃ သန်းကျော် ရောင်းချထားပြီး ဖြစ်ကြောင်း သိရသည်။

“ပြည်တွင်းက ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းရှင်က လက်ရှိအချိန်ထိ တော်တော်လေးကို နည်းသေးတယ်။ ပြည်ပကတော့ ၁၀ နိုင်ငံ ၁၁ နိုင်ငံလောက်ရှိပြီ။ ၂၀၁၈ မကုန်ခင် လောက်ဆို စက်ရုံပေါင်း ၁၀၀ အထက်မှာ လည်ပတ်နိုင်ဖို့ရှိတယ်။ ကားစက်ရုံတွေပါမယ်။ အထည်ချုပ်စက်ရုံတွေ၊ လျှပ်စစ်ပစ္စည်း ထုတ်လုပ်တဲ့ စက်ရုံတွေ၊ ဖိနပ်စက်ရုံတွေ စသဖြင့် တော်တော်များပါတယ်။ ဒီစက်မှုဥယျာဉ်ထဲမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ကမ်းလှမ်းတဲ့ ပြည်ပလုပ်ငန်းတွေက နေ့စဉ်ရှိနေပြီး လေ့လာမှုတွေ ရှိနေပါပြီ။ ပြောရရင် ကျွန်တော်တို့နိုင်ငံမှာ ဘယ်လောက်ထိ ပွင့်မလဲဆိုတာ စောင့်နေကြတာပါတာပေါ့။ အခုလောလောဆယ်မှာတော့ သြဂုတ်လလောက်ဆိုရင် စက်ရုံပေါင်း အလုံး  ၃၀ လောက် ပေါ်ထွက်လာတော့မှာပါ။ ကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏက ဘီလျံ ၁၅၄ လောက်ရှိပြီး ပေးစရာရှိတဲ့ အကြွေးတွေ နှုတ်လိုက်လို့ရှိရင် ဘီလျံ ၁၃၀ ကျော် ရှိပါတယ်” ဟု ဦးအောင် ၀င်းခိုင်က ပြောကြားသည်။

“လည်ပတ်နေတဲ့ စက်ရုံ ခုနစ်ရုံရှိပါပြီ။ တည်ဆောက်ဆဲ အဆင့်မှာတော့ စက်ရုံ ၃၀ လောက်ရှိပါမယ်။ အဲ့ဒါကတော့ ဘယ်လိုစက်ရုံ အမျိုးအစားတွေ လာမလဲ ဆိုတာတော့ မသေချာသေးပါဘူး။ ထပ်ဝင်လာဖို့ စာချုပ်ချုပ်ဆိုထားပြီး ဒီဇိုင်းဆွဲနေတဲ့ စက်ရုံတွေနဲ့ စိတ်ဝင်စားကြောင်း ပြသတဲ့ နိုင်ငံ ၁၀ နိုင်ငံလောက် ရှိပါတယ်။ နိုင်ငံတွေကတော့ အင်ဒိုနီးရှား၊ ထိုင်း၊ တရုတ်၊ ဂျပန်၊ နယ်သာလန်၊ ဟောင်ကောင်၊ သြစတြေးလျနဲ့ အာရှနိုင်ငံတွေပါ ပါတယ်။ အခုလပိုင်းအတွင်း စတင်တည်ဆောက်မယ့် စက်ရုံတွေက ဂျပန်နိုင်ငံကနေ လာရောက် ရင်းနှီးမြှုပ်နှံမယ့် အမှိုက်ကနေ တန်ဖိုးမြင့်ပစ္စည်း ထုတ်လုပ်မယ့် စက်ရုံ၊ ကားပစ္စည်း တပ်ဆင်မယ့် စက်ရုံ၊ ဖိနပ်တို့၊ အိတ်တို့ ချုပ်လုပ်မယ့် စက်ရုံတွေ ရှိပါတယ်။ အဲ့ဒီစက်ရုံကတော့ ၁၀၀ ရာနှုန်း Export ဖြစ်မှာပါ။ ဆိုလိုတာကတော့ ဒီမှာထုတ်လုပ်ပြီး အခြားနိုင်ငံက နာမည်ရှိပြီးသား တံဆိပ်တွေကို ပြန်သွင်းမှာပါ” ဟု မြို့သာစက်မှု ဥယျာဉ်စီမံကိန်း မန်နေးဂျင်းဒါရိုက်တာ ဒေါက်တာထွန်းထွန်းအောင်က ပြောကြားသည်။

“လတ်တလောမှာ ၁၀၀ ရာနှုန်း ရင်းနှီးမြှုပ်နှံထားတဲ့ အင်ဒိုနီးရှားက JAPFA အစာစပ်စက်ရုံက ၂၀၁၅ ခုနှစ်ကတည်းက စတင်လည်ပတ်နေပြီး အခုထပ်တိုးအနေနဲ့ မြေဧက ၅၂ ဧကမှာ အလုပ်ရုံ ၁၂ ရုံ တည်ဆောက်နေတယ်။ အဲဒီစက်ရုံတွေက မေ၊ ဇွန်လောက်မှာ ပြီးသွားမှာ ဖြစ်ပါတယ်။ နောက်တစ်ရုံကတော့ ဟောင်ကောင်ကနေ ၁၀၀ ရာနှုန်းလည်ပတ်နေတဲ့ သစ်ပါးလွှာ စက်ရုံပါ။ လုပ်ငန်းလည်ပတ်နေတာ နှစ်နှစ်ရှိပါပြီ။ နောက်ထပ်ကတော့ တရုတ်နိုင်ငံသား လုပ်ငန်းရှင်နဲ့ မြန်မာနိုင်ငံသား ဖက်စပ်လုပ်ကိုင်နေတဲ့ ဘီစကစ်စက်ရုံ ရှိပါတယ်။ ထိုင်းနိုင်ငံက ရင်းနှီးမြှုပ်နှံထားတဲ့ ကွန်ကရစ်ဓာတ်တိုင် စက်ရုံလည်းရှိပြီး အခုနောက်ဆုံး တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကနေ မြေဧက ၃၁၃ ဧကပေါ်မှာ ဒေါ်လာ ၃၉၉ သန်း ရင်းနှီးမြှုပ်နှံမယ့် ကုမ္ပဏီတစ်ခု ၀င်လာပါပြီ” ဟု ဒေါက်တာထွန်းထွန်းအောင်က ဆက်လက် ပြောကြားသည်။

အဆိုပါ မန္တလေးမြို့သာ စက်မှုဥယျာဉ် စီမံကိန်းအတွင်း ရင်းနှီးမြှုပ်နှံသည့် စက်ရုံအလုပ်ရုံများမှာ အခွန်ကောက်ခံမှု ကင်းလွတ်ခွင့် ခုနစ်နှစ်ရရှိထားပြီး လတ်တလောတွင် ပြည်တွင်းမှ ရင်းနှီးမြှုပ်နှံဝင်ရောက်မှု နည်းပါးနေသေးသော်လည်း ပြည်ပရင်းနှီးမြှုပ်နှံမှုမှာ ၆၄ ဘီလျံနှင့် စီမံကိန်းမြေ ရောင်းချရမှုမှာ ၂၅ ဒသမ ၅၆ ဘီလျံသာ ရှိသေးကြောင်း မြို့သာစက်မှုဖွံ့ဖြိုး တိုးတက်ရေး အများပိုင် ကုမ္ပဏီလီမိတက် ၂၀၁၆-၁၇ နှစ်ပတ်လည် စာရင်းများတွင် ဖော်ပြထားသည်။

 

ရဲတပ်သားဇနီးကို ရဲတပ်ဖွဲ့ဝင် အချို့နှင့် ၎င်းတို့၏ ဇနီးများက အုပ်စုဖွဲ့ ၀ိုင်းဝန်းရိုက်နှက်ခဲ့မှုအား အမှုဖွင့် အရေးယူပေးခြင်း မရှိကြောင်း သတင်းစာရှင်းလင်း

သတင်းစာ ရှင်းလင်းနေသည့် ရဲတပ်သား ဇနီးမောင်နှံအား တွေ့ရစဉ်

ရဲတပ်သားဇနီးကို အရာရှိပါဝင်သော ရဲတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများက အုပ်စုဖွဲ့ ၀ိုင်းဝန်းရိုက်နှက်ခဲ့မှုကို အမှုဖွင့် အရေးယူပေးခြင်း မရှိကြောင်း ကာယကံရှင် ရဲတပ်သားနှင့် ဇနီးက ဇန်န၀ါရီ ၂၆ ရက်တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် လမ်း ၈၀ နှင့် ၉ လမ်းရှိ အမှတ်(၄) နယ်မြေရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်သား သန်းဖြိုးအောင်၏ဇနီး မပွင့်ဖြူခိုင်ကို အရာရှိတစ်ဦးနှင့် ရဲတပ်သား တစ်ဦးတို့၏ ဇနီးများက ၀ိုင်းဝန်းရိုက်နှက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုသို့ရိုက်နှက်ခဲ့မှုအား အမှုဖွင့် အရေးယူပေးခြင်း မရှိသည့်အတွက် ရှင်းလင်းရခြင်း ဖြစ်ကြောင်း သိရသည်။

ဇန်န၀ါရီ ၂၀ ရက်ညက ရဲတပ်သား သန်းဖြိုးအောင်၏ ဇနီးဖြစ်သူ မပွင့်ဖြူခိုင်သည် ကလေးသိပ်နေစဉ် တစ်ဖက်အခန်းမှ ရဲတပ်သား စိုင်းအာကာဖြိုးမှာ အရက်သောက်စား မူးယစ်လာပြီး ၎င်းအိမ်တွင် မွေးထားသော ခွေးများအား အော်ဟစ်ဆဲဆိုနေသဖြင့် မပွင့်ဖြူခိုင်မှ သွားရောက် ပြောဆိုခဲ့ကြောင်း၊ ထို့နောက် အပြန်အလှန် အချင်းများခဲ့သဖြင့် စခန်းမှူးထံတိုင်ရန် ထွက်လာစဉ် ရဲတပ်သား စိုင်းအာကာဖြိုးနှင့် ဇနီးက ဆဲဆိုကာ မပွင့်ဖြူခိုင်ကို ကုတ်ခြစ်ခဲ့ခြင်း၊ လက်သီးဖြင့် ထိုးခဲ့ခြင်း၊ ထို့ပြင် ရဲတပ်သား စိုင်းအာကာဖြိုး၏ ဘေးလိုင်းခန်း တစ်ခန်းကျော်မှ ရဲအုပ် ရဲကျော်သူနှင့် ဇနီးကပါ ဆွဲသလိုနှင့် ၀ိုင်းဝန်းရိုက်နှက်ခဲ့ကြောင်း ရှင်းလင်းခဲ့သည်။

ထိုးကြိတ်ခံရသည့် မပွင့်ဖြူခိုင်၏ခင်ပွန်း ရဲတပ်သား သန်းဖြိုးအောင်က “အဲဒီနေ့ညက သံဃာအပါးနှစ်သောင်း ဆွမ်းလောင်းပွဲ လုံခြုံရေးကျလို့ အိမ်ခဏပြန်လာပြီး ပိုက်ဆံလာယူတဲ့အချိန် ဖြစ်ပွားခဲ့တာပါ။ ကျွန်တော့်ဇနီးကို အခုလိုဝိုင်းဝန်း ထိုးကြိတ်နေတဲ့ထဲမှာ ရဲအုပ်တစ်ဦး ပါနေတဲ့အတွက် ၀င်ရောက်ဟန့်တား မဖျန်ဖြေရဲပါဘူး။ ကျွန်တော့်မိန်းမ ၀ိုင်းဝန်းရိုက်နှက် ခံရတာတွေကို ဘယ်သူကမှ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိသလို အမှုလည်း မဖွင့်ပေးတဲ့အတွက် အခုလို သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရခြင်း ဖြစ်ပါတယ်။ အခုလို မီဒီယာတွေ ချပြရှင်းလင်းရတဲ့အတွက် ကျွန်တော့်ကို နေရာပြောင်းရွှေ့တွေ၊ ရဲစည်းကမ်း ထိန်းသိမ်းရေးနဲ့ အရေးယူရခံနိုင် တာတွေလည်း သိပါတယ်” ဟု သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်ပြီး ပြောကြားသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ အမှတ် (၄) ရဲစခန်းသို့ သွားရောက် မေးမြန်းရာ အခင်းဖြစ်ပွားသည့်နေ့က တာဝန်မှူးဖြစ်သည့် ဒုရဲအုပ်သက်ဦးက “အမှုမဖွင့်ပေးဘူးဆိုတာ မဟုတ်ပါဘူး။ ရဲတပ်ဖွဲ့ဝင်ကိစ္စဖြစ်လို့ အဆင့်ဆင့် တင်ပြထားရပါတယ်။ အခင်းဖြစ်တဲ့အချိန် ကျွန်တော် တာဝန်မှူးကျနေတော့ ၀င်ရောက် ထိန်းသိမ်းခဲ့ရတာပါ” ဟု ဖြေကြားသည်။

မပွင့်ဖြူခိုင်နှင့် အချင်းများခဲ့သည့် ရဲတပ်သား စိုင်းအာကာဖြိုးနှင့် သူ၏ဇနီး အပါအ၀င် ရဲအုပ် ရဲကျော်သူတို့ ဇနီးမောင်နှံကိုပါ ထည့်သွင်းတိုင်ကြားခဲ့သဖြင့် ရဲအုပ် ရဲကျော်သူ၏ဇနီး မအိမွန်ခိုင်ကို မေးမြန်းရာ “တကယ်တော့ မပွင့်ဖြူခိုင်ကအရင် စိုင်းအာကာဖြိုးဇနီးကို ဆံပင်ဆောင့်ဆွဲ ခေါ်သွားတာပါ။ ကျွန်မတို့ ဇနီးမောင်နှံက ၀င်ရောက် ဖြန်ဖြေတာပါ။ ကျွန်မတို့လုံးဝ ရိုက်နှက်ခဲ့ခြင်း မရှိပါဘူး” ဟုပြောကြားသည်။

ထိုသို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည့် ရဲတပ်သား သန်းဖြိုးအောင်အား ညနေ ၆ နာရီခွဲခန့်တွင် အောင်မြေသာစံ မြို့နယ်မှူးကိုယ်တိုင် လာရောက် ခေါ်ဆောင်သွားကြောင်း သန်းဖြိုးအောင်၏ ဇနီးဖြစ်သူ မပွင့်ဖြူခိုင်၏ ပြောကြားချက်အရ သိရသည်။

မန္တလေးအဆင့်မြင့် ဈေးချိုတော်ကို ဖောက်ထွင်းရန် နှစ်လအတွင်း လေးကြိမ် ကြိုးစားခံရသဖြင့် ဈေးလုံခြုံရေး တိုးမြှင့်ဆောင်ရွက်မည်

ဖောက်ထွင်းခံရမှုကြောင့် ပျက်စီးသွားသော နှင်းဆီရုံ ပထမထပ်ရှိ မှန်ဘီရိုများ၊ တံခါးများကို တွေ့ရစဉ်

မန္တလေးမြို့ အဆင့်မြင့် ဈေးချိုတော်အား နှစ်လအတွင်း လေးကြိမ်မြောက် ဖောက်ထွင်းရန် ကြိုးစားခံရပြီး နောက်ဆုံးအကြိမ်ဖြစ်သော ဇန်န၀ါရီ ၂၅ ရက် ညပိုင်းက ဖောက်ထွင်းမှုတွင်မူ ဈေးချိုတော် ပထမထပ်၊ နှင်းဆီရုံ၊ ဆိုင်အမှတ် (၇၀) မှ ကောင်တာအတွင်း သိမ်းထားသော ကျပ်သုံးသိန်းကျော် ပါသွားခဲ့ပြီး အဆိုပါ ဖြစ်စဉ်များကြောင့် ဈေးချိုတော် လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

“ပြီးခဲ့တဲ့ ၂၀၁၇ ဒီဇင်ဘာလနဲ့ ၂၀၁၈ ဇန်န၀ါရီလအတွင်း အချိန်နှစ်လ အတွင်းမှာ ဈေးချိုတော်ရဲ့ ညပိုင်းလုံခြုံရေး ထိပါးခံရမှု လေးကြိမ်ရှိခဲ့ပါတယ်။ အခုတစ်ခါကတော့ ဈေးအတွင်း ၀င်ရောက်နိုင်သည်အထိ ဖြစ်ပွားခဲ့ပါတယ်။ ဈေးအကျိုးတော်ဆောင် အဖွဲ့အနေနဲ့ ဈေးရုံများပိတ်ချိန်လူကျန်မှုများ မရှိရန် စိစစ်ဖို့ ရုံကိုယ်စားလှယ်များကို နှိုးဆော်ထားပါပြီ။ သက်ဆိုင်ရာ စည်ပင်သာယာဈေး ၀န်ထမ်းများ စေ့စပ်သေချာစွာ ဆောင်ရွက်ပေးဖို့လည်း ဈေးနဲ့ သားသတ်ဌာနမှူးသို့ တင်ပြထားပါတယ်။ ဈေးဌာနမှူးကလည်း အလေးထား ဆောင်ရွက်ပေးမယ်လို့ အကြောင်းပြန်ထားပါတယ်” ဟု ဈေးအကျိုးဆောင်အဖွဲ့မှ ဦးမြကျော်ဦးက ပြောကြားသည်။

ဇန်န၀ါရီ ၂၅ ရက်ညပိုင်းက ဈေးချိုတော်အတွင်းထဲအထိ ဖောက်ထွင်းခံရမှုကြောင့် ဆိုင်တချို့၏ မှန်ဘီရိုများ ပျက်စီးခြင်း၊ တံခါးများ ပျက်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့ပြီး အဆိုပါ ဖောက်ထွင်းခံရမှုအား အမှတ် (၆) ရဲစခန်းတွင် တိုင်ချက်ဖွင့်ထားကြောင်း သိရသည်။

လက်ရှိ ဈေးချိုတော်လုံခြုံရေး အခြေအနေများအား မည်သို့မည်ပုံ လုပ်ဆောင်သွားမည့် ကိစ္စရပ်များကို မေးမြန်းရန် ဈေးချိုတော် ကြီးကြပ်ရေးမှူး ဦးကြည်ဝင်း၏ လက်ကိုင်ဖုန်းအား ခေါ်ဆိုသော်လည်း ပြန်လည် ဖြေကြားခြင်း မရှိခဲ့ပါ။

 

ပညာရေးဘတ်ဂျက်မြှင့်တင်ပေးရန် ဆန္ဒပြတောင်းဆိုရာတွင် ပါဝင်ခဲ့သည့် မန္တလေးမြို့ရတနာပုံတက္ကသိုလ်ကျောင်းသားများအနက် ကျောင်းသူ ကျောင်းသား ၁၂ ဦးအား ကျောင်းမှထုတ်ပယ်

ဇန်န၀ါရီ ၂၆ ရက်က ပြုလုပ်သည့် ရတနာပုံတက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့ အစည်းအဝေးကို တွေ့ရစဉ်

ရတနာပုံ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ပညာရေး အသုံးစရိတ်တိုးမြှင့်ပေးရန် တောင်းဆိုခဲ့ကြသော ကျောင်းသားကျောင်းသူများအနက် ကျောင်းသားကျောင်းသူ ၁၂ ဦးအား ကျောင်း မှထုတ်ပယ်ကြောင်း ကြော်ညာချက်ကို ဇန်န၀ါရီ ၂၆ ၇က် ညနေ ၃နာရီက ကျောင်းသားများထံပေးပို့ကာ အကြောင်းကြားခဲ့ကြောင်း သိရသည်။

အဆိုပါအသိပေးအကြောင်းကြားစာကို ၂၀၁၈ ခုနှစ်ဇန်န၀ါရီ ၂၆ ရက် ညနေ ၃ နာရီက သမဂ္ဂရုံးခန်းက ကျောင်းသားများထံ ပေးပို့ခဲ့ကြောင်း၊ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန် စာအုပ်ပါ စည်းကမ်းချက်များအတိုင်း ထုတ်ပယ်ခဲ့ကြောင်း၊ ဆန္ဒပြတောင်းဆိုမှုတွင် ပါဝင်သည့် ရတနာပုံတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများ စုစုပေါင်း ၁၂ ဦးအား ထုတ် ပယ်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၂-၁-၂၀၁၈ မှ ၂၄-၁- ၂၀၁၈ အထိ ရတနာပုံတက္ကသိုလ်လေး ထပ်ဆောင်ရှေ့နှင့် တက္ကသိုလ်ကျောင်းဝင်း အတွင်း စာသင်ခန်းများတွင် ဆန္ဒဖော်ထုတ် ခဲ့သော ကျောင်းသားကျောင်းသူ ၁၄ ဦးအနက် နှစ်ဦးမှာ ကျောင်းမအပ်ရသေးသည့် ပြင်ပမှ ကျောင်းသားနှစ်ဦးဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ပါ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များ အပိုင်း (ဃ) အပိုဒ်(၁ )၊ အကျင့်စာရိတ္တပျက်ပြားမှုဆိုင်ရာ ပြစ်မှုများအမှတ်စဉ် (၆) ၊ ကျောင်းစည်းကမ်းဖောက်ဖျက်မှုဆိုင်ရာ ပြစ်မှုများ အမှတ်စဉ် (၁) တို့ကို ဖောက်ဖျက်ကျူးလွန်သောကြောင့် (၂၆.၁.၂၀၁၈) ရက်က ကျင်းပသည့် ရတနာပုံတက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့အစည်းအဝေး ဆုံးဖြတ်ချက်အရ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှစ၍ သင်တန်းမှရပ်စဲလိုက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

ကျောင်းအပ်လက်ခံရန်အတွက် အသနားခံစာ၊ ကတိဝန်ခံချက်များ ပေးပို့လျှင် ကျောင်းအပ်ပြန်လည် လက်ခံသွားမည်ဖြစ်ကြောင်း၊ ဥပဒေအရ အရေးယူဖမ်းဆီးတရားစွဲဆိုမှု ယခုအချိန်အထိ မရှိသေးကြောင်း၊ ကျောင်းထုတ်ခံရသည့် ကျောင်းသားများမှာလည်း အသနားခံစာ တင်လိုခြင်းမရှိဘဲ တိုက်ပွဲကော်မတီဝင်များနှင့် ညှိနှိုင်းဆွေးနွေးကာ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

“အခု ကျွန်တော်တို့ကျောင်းထုတ်ခံရတဲ့အပေါ် ဘာမှတ်ချက်မှ မပေးလိုဘူး။ ကျောင်းကလည်း ကျောင်းစည်းကမ်းအတိုင်း ပြုလုပ်တာ။ ကျွန်တော်တို့လုပ်ခဲ့တဲ့လုပ်ရပ်က ကျွန်တော်တို့ကောင်းကျိုးအတွက်လည်း မဟုတ်ဘူး။ တစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းသား ကျောင်းသူတွေ၊ ဆရာ၊ ဆရာမတွေ၊ ပညာ ရေးဝန်ထမ်းတွေအားလုံးအတွက် တောင်းဆိုခဲ့တာဖြစ်တယ်။ ဒါ့ကြောင့်ကျောင်းထုတ်ခံရတဲ့အပေါ် ဘာမှလည်း မှတ်ချက်မပေးလိုပါဘူး။ ကျွန်တော်တစ်ဦးထဲ သဘောထားကတော့ ဒီကိစ္စအပေါ် အသနားခံစာတင်မှာ မဟုတ်ပါဘူး။ ဖြစ်သင့်ဖြစ်ထိုက်တဲ့အရာတစ်ခုကို တောင်းဆိုခဲ့တာဖြစ်တယ်။ အသနားခံစာတင်ပြီး ကျောင်းပြန်တတ်မှာမဟုတ်ပါဘူး။ တိုက်ပွဲကော်မတီဝင်တွေနဲ့ ဒီတိုက်ပွဲကိုဘယ်လို ဆက်လက်အကောင်အထည်ဖော်သွားမလဲဆိုတာကိုပဲ တိုင်ပင်မယ်။ မိဘတွေကတော့ ကျောင်းကကိစ္စတွေပြီးရင် အိမ်ပြန်လာခဲ့ဖို့ပဲပြောပါတယ်။ ကျွန်တော့်ကိုအခြားဘာမှတော့ မပြောပါဘူး” ဟု ရတနာပုံတက္ကသိုလ်ကျောင်း သား ကျော်သီဟရဲကျော်က ပြောသည်။

“သူတို့ရဲ့သက်ဆိုင်ရာ ပြစ်မှုအရဆိုရင် ၆ ရယ်၊ ကျောင်းစည်းကမ်းဆိုင်ရာ ပြစ်မှု ၁ ရယ် အရ ဆောင်ရွက်ရတာဖြစ်တဲ့အတွက်ကြောင့် သူတို့အပေါ်မှာမူတည်မယ်။ သူတို့ကိုသင်တန်းကနေ ရပ်စဲလိုက်တာ။ သူတို့သာ လိမ္မာမယ်ဆိုရင်၊ ပြစ်မှုကျူးလွန်မှု တွေ မရှိဘူးဆိုရင် ကျွန်တော်တို့ဘက်က ပြန်လည် လက်ခံပေးလို့ရတဲ့ အခြေအနေတစ်ခုမှာ ပြန်လည်လက်ခံမယ်။ လုံးဝကြီး ၁၀နှစ်၊  ၃နှစ် အဲလိုထုတ်ပယ်ထားတာတော့ မဟုတ်ဘူး။သူတို့အပေါ် မူတည်တယ်။ သင်တန်းက နေရပ်စဲထားတဲ့ သဘောပါ။ သူတို့ကို ကျောင်းစည်းကမ်းအရ အရေးယူတဲ့သဘောပါ။ ကျောင်းထဲမှာ အခုလိုလုပ်တယ်။ ဆရာ၊ ဆရာမတွေက မလုပ်ဖို့တားတယ်။ စကား နားမထောင်ဘူး။ ငြိမ်းချမ်းစွာ စာသင်နေတဲ့စာသင်ခန်းတွေထဲ အထိ ဝင်ရောက် နှောင့်ယှက်တယ်။ ဒါ့ကြောင့်ကျောင်းစည်းကမ်းအရပဲ အရေးယူတာပါ။” ဟု ပါမောက္ခချူပ် ဒေါက်တာမောင်မောင်နိုင်ကပြောသည်။

အဆိုပါဆန္ဒပြမှုတွင် တက္ကသိုလ်ပေါင်းစုံမှ စုစုပေါင်း ကျောင်းသူကျောင်းသား ၁၀၀ ကျော်ပါဝင်ပြီး ကျောင်းတွင်းမှ ဖယ်ထုတ်ကာ မိဘများထံ ပြန်လည်အပ်နှံသည့် ဇန်န၀ါရီ ၂၅ ရက်နံနက်တွင် ၇၂ ဦး ပါဝင်ခဲ့ကြောင်း၊ ကျောင်းသား ၅၉ ဦး ၊ ကျောင်းသူ ၁၄ ဦး ပါဝင် ကြောင်း၊ ဆန္ဒပြတောင်းဆိုမှုကို ဇန်န၀ါရီ ၂၂ ရက် နံနက် ၉ နာရီမှ စတင်ပြုလုပ်ခဲ့ပြီး ကျောင်းဝင်းအတွင်း ညအိပ်စောင့်ဆိုင်းကာ  ဇန်န၀ါရီ ၂၃ ရက်တွင် ကျောင်းဝင်းအတွင်း လှည့်လည်ခြင်း၊ စာသင်ခန်းများအတွင်း ၀င်ရောက်ဆွေးနွေးခြင်းများပြုလုပ်ပြီး ထပ်မံ ညအိပ်စောင့်ဆိုင်းခဲ့ကြောင်း၊ ဇန်န၀ါရီ ၂၄ ရက် နံနက်မှ စတင်ကာ ပဲခူးနှင့် မြင်းခြံမှ ကျောင်းသားများ ထပ်မံလာရောက်ပူးပေါင်းခဲ့ပြီး ကျောင်းဝင်းအတွင်း ဆန္ဒပြနေမှုများ ထပ်မံ ပြုလုပ်ခဲ့ကြောင်း၊ ၂၅ ရက် နံနက် ၄ နာရီ ၁၅ မိနစ်တွင် ကျောင်းဝင်းအတွင်းမှ ခေါ်ထုတ်ကာ မိဘများထံပြန်လည်အပ်နှံပြီး နေရပ်သို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း၊ အဆိုပါဆန္ဒပြမှုတွင် တက္ကသိုလ်ပေါင်းစုံမှ ကျောင်းသူ ကျောင်းသားများသည် ပညာရေးအသုံးစရိတ်တိုးမြှင့်ရေး၊ ကျောင်းတွင်းအဆောင်များ တည်ဆောက်ရေး၊ သင်ထောက်ကူပစ္စည်းလုံလောက်ရေးတို့အတွက် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့က ဒီနေရာမှာတည်ငြိမ်အေးချမ်းမှု ရှိစေဖို့အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့အတူကျောင်းသားတွေကိုခေါ်သွားပြီး မန္တလာသီရိအားကစားကွင်းထဲမှာ မိဘတွေထံပြန်လည်အပ်နှံပြီးသက်ဆိုင်ရာ နေရပ်ကိုပို့ဆောင်ပေးခဲ့ပါတယ်။ ဥပဒေဆိုတာက တစ်ဖက်က တိုင်ကြားလာတဲ့အခါ ကျွန်တော်တို့ဘက်က အမှုဖွင့်ရတာရှိပါတယ်။ လက်ရှိအခြေအနေမှာ အခုထိ အမှုဖွင့်တိုင်တန်းထားတာ မရှိသေးတဲ့အတွက် လတ်တလောတော့အရေးယူမှုမရှိပါဘူး” ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲမှုးကြီး မြင့်ဦးကပြောသည်။

န၀မတန်းကျောင်းသား ကိုးဦးအား တစ်နှစ်တည်း ကျောင်းထုတ်ခဲ့ခြင်းနှင့် ပတ်သက်ပြီး မိဘများက ချမ်းမြသာစည်မြို့နယ်တွင် သတင်းစာ ရှင်းလင်းပွဲပြုလုပ်

န၀မတန်းကျောင်းသား ကိုးဦးအား တစ်နှစ်တည်း ကျောင်းထုတ်ခဲ့ခြင်းနှင့် ပတ်သက်ပြီး မိဘများက သတင်းစာ ရှင်းလင်းပွဲကို ဇန်န ၀ါရီ ၂၂ ရက်က ချမ်းမြသာစည်မြို့နယ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်ရှိ အထက (၃၅) စာသင်ကျောင်း၌ ပညာသင်ကြားနေသည့် ကျောင်းသားကိုးဦးကို ရည်းစားထားခြင်း၊ ရန်ဖြစ်ခြင်း စသည့်အကြောင်းပြချက်များဖြင့် ကျောင်းထုတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

“ကျောင်းထုတ်ရတဲ့ အပြစ်က ဘာလဲဆိုတော့ ကောင်မလေးနဲ့ စကားပြောလို့ပါတဲ့။ စကားပြောတာပဲ ချိန်းတွေ့တာမှ မဟုတ်တာ။ စာမေးပွဲလည်း နီးနေပြီမို့ ကျောင်းမထုတ်ဖို့ အနူးအညွတ် တောင်းပန်ခဲ့ပါတယ်။ အပြစ်လည်း အဲဒီလောက် ကြီးတာလည်း မဟုတ်ဘဲ ထုတ်ပါတယ်။ ကလေးမှာလည်း စာမသင်ရတော့ အပြင်မှာလည် စိတ်လေနေတဲ့ အတွက် အနာဂတ်အတွက်ပါ ရင်လေးရပါတယ်။ ကျောင်းပြန်တက်ရနိုး တက်ရနိုးနဲ့ ကျောင်းနားသွားပေမဲ့ ခုထိလက်မခံဘူး။ နောက်ဆုံး ကျောင်းတက်ချိန် နှစ်လပဲကျန်တော့တာမို့ ကျန်နှစ်လ ဆက်တက်ခွင့်ရဖို့  တောင်းဆိုပေမဲ့လည်း မရခဲ့ပါဘူး” ဟု ကျောင်းထုတ်ခံခဲ့ရသူ မောင်မိုးယံ၏ မိခင်ဖြစ်သူ ဒေါ်ငယ်ထွေးက ပြောကြားသည်။

ထိုသို့ကျောင်းထုတ်ခံရသည့် ကျောင်းသားများအနက် ခိုက်ရန်ဖြစ်ပွားမှုများလည်း ပါဝင်ခဲ့သော်လည်း စကားများခြင်းသာဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရရှိခြင်းများ မရှိသော်လည်း ပထမဆုံး အကြိမ်တွင်ပင် မိဘခေါ် ကျောင်းထုတ်ခြင်း ဖြစ်ကြောင်း သိရသည်။

မိဘမပါဘဲ ကျောင်းသားတစ်ဦးတည်းကိုသာ သတိပေးလက်မှတ်ထိုးမှု လေးကြိမ်ခန့်ရှိခဲ့ပြီး ကျောင်းထုတ်မည့် အချိန်မှသာ မိဘခေါ်ယူသဖြင့် သိရှိရကြောင်း၊ ကျောင်းထုတ်သည့် ပြစ်ချက်များမှာလည်း ကျောင်းထုတ်သည်အထိ ပြစ်ချက်ကြီးမားခြင်း မရှိကြောင်း၊ ယခုပညာသင်နှစ်တွင်ပင် ကျောင်းသားကိုးဦးထိ ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မိဘတစ်ယောက် အနေနဲ့ဆိုရင် ကိုယ့်သားပညာသင်ခွင့် ဆက်မရတော့တဲ့ အပြစ် က မမျှတပါဘူး။ အပြင်ကျောင်းမှာလည်း ထားဖို့ ပိုက်ဆံ မတတ်နိုင်ပါဘူး။ ဒီကျောင်းမှာပဲ ကျောင်းပြန်တက်ခွင့် ရချင်ပါတယ်” ဟု စကားများ ရန်ဖြစ်သည်ဟုဆိုကာ ကျောင်းထုတ်ခံခဲ့ရသည့် မောင်ဇော်လှိုင်မြင့်၏မိခင် ဒေါ်မြင့်ရီက ဆိုသည်။

ထို့ပြင် လက်ရှိကျောင်းတွင် ကျောင်းအုပ်မရှိဘဲ နေရာပြောင်းရွှေ့ ခံထားရသဖြင့် ကျောင်းစည်းကမ်း ထိန်းသိမ်းရေး ကော်မတီ ၁၀ ဦးဖြင့် ကျောင်းကို စီမံခန့်ခွဲနေခြင်းဖြစ်ပြီး အဆိုပါ ကော်မတီဝင်တစ်ဦး ဖြစ်သူမှာ ကိုယ်ပိုင်ဘော်ဒါ တည်ထောင်ထားကြောင်း၊ ယခုကျောင်းထုတ်ခံရသူ ကိုးဦးထဲမှ နှစ်ဦးကို ၎င်းဘော်ဒါတွင် လက်ခံထားကာ တခြားကျောင်းများတွင် ကျောင်းအပ်ရန် အခကြေးငွေယူ ဆောင်ရွက်ပေးထားကြောင်း မိဘများက ရှင်းလင်းပွဲတွင် ပြောကြားသည်။

ထိုကျောင်းတွင် ဆရာမတစ်ဦး ပင်စင်ယူခါနီးတွင် ကျောင်းသားတစ်ဦးလျှင် ကျပ် ၁၅၀၀ စီ ကောက်ခံခဲ့သည် ဟုဆိုကာ တိုင်ကြားမှုကြောင့် ငွေများပြန်လည် ပေးအပ်ဖူးကြောင်း စသည့်ကိစ္စရပ်များရှိကြောင်း သိရသည်။