ပြည်သူများထံမှ ခြိမ်းခြောက်ငွေတောင်းခံပြီး ဥပဒေမဲ့ လုပ်ရပ်များ ပြုလုပ်သည်ဟုဆိုကာ နေပြည်တော်တိုင်း(မ်) မှုခင်းသတင်းထောက် လေးဦးအား ဖမ်းဆီး

ပြည်သူများအပေါ် ခြိမ်းခြောက်ငွေတောင်းခံပြီး ဥပဒေမဲ့လုပ်ရပ်များ ပြုလုပ်သည်ဟုဆိုသည့် နေပြည်တော်တိုင်း(မ်) မှုခင်းသတင်းထောက် (မော်လိုက်ခရိုင်တာဝန်ခံ) လေးဦးအား အမှုဖွင့်ထားကြောင်း ဇူလိုင် ၁၀ ရက်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရရှိသည့် အချက်အလက်များအရ သိရသည်။

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ် သရက်ကုန်းကျေးရွာတွင် နေထိုင်သည့် ဦးထွန်းရင်သည် ဇူလိုင် ၉ ရက် မွန်းလွဲ ၁ နာရီခန့်က နေအိမ်တွင် ရှိနေစဉ် နန်းမော်လိုက် ကျေးရွာအုပ်စု  အုပ်ချုပ်ရေးမှူး၏ နေအိမ်တွင် ၎င်း၏ မိတ်ဆွေဖြစ်သူ ဦးသန်းရွှေ ရောက်ရှိနေကြောင်း သိရသဖြင့် သွားရောက်ခဲ့ရာ အဆိုပါ နေအိမ်တွင် အခြားအမျိုးသား လေးဦးကို တွေ့ရှိခဲ့ရပြီး အဆိုပါ အမျိုးသား လေးဦးမှာ ထောက်လှမ်းရေး သတင်းထောက်များ ဖြစ်ကြောင်းနှင့် နေပြည်တော်မှ မော်လိုက် ခရိုင်အတွင်း၌ တာဝန်ပေးထားသည့် စစစ၊ ဒ/န၊ SB၊ မီဒီယာအဖွဲ့ပေါင်းစုံ ဖြစ်သည်ဟု သိရှိခဲ့ရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့နောက် အဆိုပါ အမျိုးသားလေးဦးက ကျေးရွာအတွင်းရှိ ဦးခင်မောင်ဝင်းဆိုသူ၏ နေအိမ်ခြံဝင်းအတွင်း၌ အ.ထ.ကခွဲနှင့် ၀န်ထမ်းအိမ်ရာ ဆောက်လုပ်ရန် သစ်တစ်တန်ခန့် တွေ့ရှိကြောင်း၊ ထိုသစ်များကိုလည်း ဓာတ်ပုံရိုက်ထားကြောင်း၊ ထိုသစ်များမှာ ဥပဒေနှင့် ငြိစွန်းကြောင်း၊ တာဝန်ရှိသူများနှင့် လိုက်လျောညီထွေ ပူးပေါင်းဆောင်ရွက် နေသည့်အတွက် နေပြည်တော်မှ တိုက်ရိုက်လွှတ်ထားခြင်း ဖြစ်ကြောင်း၊ ထို့ပြင် ကျေးရွာအတွင်း၌ သစ်စက်လုပ်သူများ၏ အမည်စာရင်း ၁၀ ဦးရှိကြောင်းနှင့် ထိုသူများကို ခေါ်ခိုင်းသဖြင့် ခေါ်ပေးခဲ့ရကြောင်း သိရသည်။

ထို့နောက် အဆိုပါလူများ ရောက်ရှိလာသည့် အခါတွင် မှတ်ပုံတင်များကို ဓာတ်ပုံရိုက်ယူပြီး တစ်ဦးလျှင် ငွေ ၁၅၀၀၀၀ နှုန်းဖြင့်  ၁၀ ဦးစာ ငွေကျပ် ၁၅ သိန်း ပေးရမည်ဖြစ်ကြောင်း၊ မပေးပါက ဖမ်းဆီးပြီး ရိုက်ပုတ်နှိပ်စက်မည်ဟု ခြိမ်းခြောက်ပြောဆိုသဖြင့် ကျေးရွာရှိ တာဝန်ရှိသူများ တိုင်ပင်ကာ ကျေးရွာစာသင်ကျောင်း အုတ်တံတိုင်းခတ်ရန် စုဆောင်းထားသည့်ငွေကျပ် ၁၀ သိန်းအား ပေးခဲ့ရကြောင်း၊ ထိုသို့ပေးခဲ့ရသဖြင့် ဦးထွန်းရင်မှာ သက်ဆိုင်ရာ ရဲစခန်းဖြစ်သည့် ဖောင်းပြင်မြို့မ ရဲစခန်းသို့ သွားရောက် တိုင်တန်းခဲ့ကြောင်း သိရသည်။

ယင်းသို့တိုင်တန်းသဖြင့် သက်ဆိုင်ရာ ရဲတာဝန်ရှိသူများက စုံစမ်းဆောင်ရွက်ခဲ့ရာ ခြိမ်းခြောက်ငွေ တောင်းယူသူများမှာ နေပြည်တော်တိုင်း(မ်) မှုခင်းသတင်းထောက် (မော်လိုက်ခရိုင်တာဝန်ခံ) များဖြစ်သည့် မောင်ဆန်း (၃၆ နှစ်)၊ အောင်ဖြိုးဝေ (၂၁ နှစ်)၊ မောင်စိုး (၅၄ နှစ်) နှင့် ကီးအောင်မင်း (၄၆ နှစ်) ဆိုသူတို့ ဖြစ်ကြောင်း သိရပြီး ၎င်းတို့လေးဦးကို ဇူလိုင် ၉ ရက်ညပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“ဖြစ်တာကတော့ ကျွန်တော်တို့ နန်းမော်လိုက်အုပ်စုမှာ ဇူလိုင်လ ၈ ရက်နေ့က သစ်စက်က ငွေ ၁၀ သိန်း တောင်းတယ်။ အဲဒါကို ရာဇသတ်ကြီးပုဒ်မ ၃၈၆ နဲ့ အမှုဖွင့်ထားတယ်။ ဇူလိုင်လ ၁ ရက်နေ့က ဟဲလှော် အုပ်စုက ကမ်းနားမှာရှိတဲ့ ထမင်းဆိုင်မှာ ဘီယာလေး ဘာညာ တင်ထားတာကို ဖမ်းမယ်ဆီးမယ်လုပ်လို့ ငွေနှစ်သောင်း တောင်းတယ်။ အဲဒါကို ရာဇသတ်ကြီး ပုဒ်မ ၃၈၄ နဲ့ ဖွင့်ထားတယ်။ ဖြစ်စဉ်က နှစ်နေရာ ဆိုတော့ နှစ်မှုပေါ့။ ဒီနေ့ကတော့ သူတို့ကို မြို့နယ်တရားသူကြီးဆီမှာ ချုပ်မိန့်ရမန် တောင်းပြီးတော့ အမှုကို ဆက်စစ်သွားမှာပါ။ ကျွန်တော်တို့ ဖောင်းပြင်မှာတော့ ဒါက ပထမဆုံး အကြိမ်ပါ။ ဒါကတော့ ဥပဒေကို ဖောက်ဖျက်တယ်ဆိုတော့ အထိုက်အလျောက်တော့ အရေးယူခံရမှာပေါ့” ဟု ဖောင်းပြင်မြို့နယ်ရဲမှူး ခင်မောင်အေးက ပြောကြားသည်။

ရာဇသတ်ကြီးပုဒ်မ ၃၈၆ မှာ မည်သူမဆို တစ်ဦးတစ်ယောက်သော သူကိုဖြစ်စေ၊ သူတစ်ပါးကိုဖြစ်စေ သေစေမည်ဟု သို့တည်းမဟုတ် အပြင်းအထန် နာကျင်စေမည်ဟု ကြောက်အောင်ပြု၍ ခြောက်လှန့်တောင်းယူမှုကို ကျူးလွန်လျှင် ထိုသူကို ၁၀ နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း သိရသည်။

အလားတူ ၎င်းတို့လေးဦးသည် ဇူလိုင် ၁ ရက် ညနေပိုင်းကလည်း စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ် ဟဲလှော်ကျေးရွာနေ ဒေါ်မြင့်အုန်းဆိုသူ၏ နေအိမ်ဈေးဆိုင်သို့ သွားရောက်ပြီး အရက်ရောင်းသည် ဟုဆိုကာ ဖမ်းဆီးမည်ဟု ခြိမ်းခြောက်၍ ငွေကျပ် ၂၀၀၀၀ ကိုလည်း တောင်းယူခဲ့သဖြင့် ၎င်းတို့လေးဦးကို သက်ဆိုင်ရာ ရဲစခန်းတွင် ထပ်မံအမှုဖွင့်ကာ အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန် ၂၂ ရက် ည ၁၀ နာရီခန့်ကလည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်တွင် သတင်းထောက်ဆိုသူ လေးဦးက ငွေကြေးများ ခြောက်လှန့်တောင်းယူသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး ၎င်းတို့လေးဦးကိုလည်း တည်ဆဲဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

ဇန်န၀ါရီ ၁၇ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် “နိုင်ငံတော် လုံခြုံရေး အဖွဲ့အစည်းများ၏ အသွင်သဏ္ဌာန်ဖြင့် ယူနီဖောင်းများ ဖန်တီးဝတ်စား ဆင်ယင်ခြင်း မပြုကြရန်နှင့်  ၀တ်ဆင်ကြောင်း တွေ့ရှိပါက တရားဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ဇွန် ၁၆ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင်လည်း မှုခင်းသတင်းထောက်များ အပါအ၀င် သတင်းထောက် အသင်းဝင်များ အနေဖြင့် နိုင်ငံတော်လုံခြုံရေး အဖွဲ့အစည်းများနှင့် အသွင်သဏ္ဌာန်တူသော ၀တ်စုံများ ၀တ်ဆင်ခြင်းနှင့် ဥပဒေမဲ့ ငွေကြေးတောင်းခံခြင်း၊ ဥပဒေမဲ့လုပ်ရပ်များ လုပ်ကိုင်ခြင်းတို့အပေါ် စိစစ်တွေ့ရှိပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ထပ်မံထုတ်ပြန်ခဲ့သည်။

စစ်ကိုင်းတိုင်းတွင် ကျောင်းစာရေးစားပွဲခုံများ ပြုပြင်ရန် ပျဉ်တိုပျဉ်စပျဉ်ဟောင်းများသယ်၍ ပရိဘောဂဆိုင် သွားသူများကို မှုခင်းသတင်းထောက်ဝတ်စုံ ၀တ်ထားသူ လေးဦးက ဒဏ်ကြေးငါးသိန်း ပေးဆောင်ရန် တောင်းခံမှုဖြစ်ပွား

မူလွန်ကျောင်းရှိ စာရေးစားပွဲခုံများ ပြုပြင်ရန် ပျဉ်တိုပျဉ်စပျဉ်ဟောင်းများကို သယ်ဆောင်၍ ပရိဘောဂဆိုင် သွားသူများကို မှုခင်းသတင်းထောက်ဝတ်စုံ ၀တ်ဆင်ထားသူ လေးဦးက ရုံးအတွင်းသို့ ခေါ်ဆောင်၍ ငါးသိန်းကျပ် ပေးဆောင်ရန် တောင်းခံမှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ယင်းဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် အောင်သာကုန်းကျေးရွာတွင် နေထိုင်သူ ဦးအောင်ထွန်း (၃၄နှစ်)သည် အခြားသူ သုံးဦးနှင့်အတူ ဇွန် ၂၂ ရက် ည ၁၀ နာရီခန့်တွင် ဦးဖိုးဖြူ (ခ) မြင့်ချိုဦး (၃၃ နှစ်) ၏ ပရိဘောဂဆိုင်ဂိုဒေါင်ပေါက်သို့ သယ်ဆောင်ခဲ့ကြောင်း၊ ထိုသို့သယ်ဆောင်၍ ဂိုဒေါင်ပေါက်သို့ ရောက်ရှိနေစဉ် မှုခင်းသတင်းထောက်ဝတ်စုံ ၀တ်ဆင်ထားသူလေးဦး ရောက်ရှိလာပြီး ဦးအောင်ထွန်းတို့ လေးဦးကို ဗန်းမောက်မြို့ မြနန္ဒာရပ်ကွက်ရှိ အဆောက်အအုံတစ်ခုသို့ ခေါ်ဆောင်သွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ အဆောက်အအုံအတွင်း၌ “ခရိုင် မှုခင်းသတင်းထောက်အဖွဲ့” ဆိုင်းဘုတ်အား တွေ့ရှိရကြောင်း၊ ယင်းနောက် ဦးအောင်ထွန်းတို့ လေးဦးအား ထိုင်ခိုင်းထားကြောင်း၊ ထို့နောက် မှုခင်းသတင်းထောက် ၀တ်စုံဝတ်ဆင်ထားသူ ဇော်လင်းထွန်းပါ လေးဦးတို့က ၎င်းတို့၏ လွယ်အိတ်များကို ရှာဖွေခဲ့ပြီး ပျဉ်တိုပျဉ်စနှင့် ပျဉ်ဟောင်းများ သယ်ဆောင်လာခြင်း အတွက် ကျပ်ငါးသိန်းပေးရန် တောင်းခံခဲ့သဖြင့် ပရိဘောဂဆိုင်ပိုင်ရှင် ဦးဖိုးဖြူထံမှ ချေးငှားပေးခဲ့ရကြောင်း၊ ယင်းကြောင့်မှုခင်း သတင်းထောက်ဝတ်စုံ ၀တ်ဆင်ထားသူ ဇော်လင်းထွန်းပါ လေးဦးတို့ကို အရေးယူပေးရန် တိုင်တန်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ ဗန်းမောက်မြို့မရဲစခန်းက (ပ)၅၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၄ (ခြောက်လှန့်တောင်းယူမှု) ဖြင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

နိုင်ငံတော် လုံခြုံရေး အဖွဲ့အစည်းများနှင့် အသွင်သဏ္ဌာန်တူသော ၀တ်စုံများ ၀တ်ဆင်ခြင်းနှင့် ဥပဒေမဲ့ ငွေကြေးတောင်းခံခြင်း ဥပဒေမဲ့ လုပ်ရပ်များ လုပ်ကိုင်ခြင်းတို့အပေါ် စိစစ်တွေ့ရှိပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးက ဇွန် ၁၇ ရက်တွင် အသိပေး ကြေညာချက် ထုတ်ပြန်ထားသည်။

 

အထူးသတင်းထောက်၊ မှုခင်းသတင်းထောက်များ အမည်ခံပြီး နိုင်ငံတော်လုံခြုံရေးအဖွဲ့အစည်းများသဏ္ဌာန် ၀တ်စုံဝင်ဆင်ကာ ငွေတောင်းခံခြင်း၊ ဥပဒေမဲ့လုပ်ရပ်များ လုပ်ကိုင်ခြင်းကို အရေးယူမည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်

အထူးသတင်းထောက်၊ မှုခင်းသတင်းထောက်များ အမည်ခံပြီး နိုင်ငံတော်လုံခြုံရေး အဖွဲ့အစည်းများသဏ္ဌာန်ဝတ်စုံ ၀တ်ဆင်ကာ ငွေတောင်းခံခြင်း၊ ဥပဒေမဲ့လုပ်ရပ်များ လုပ်ကိုင်ခြင်းကို အရေးယူမည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ ဇွန် ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီ ၁၇ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် “နိုင်ငံတော် လုံခြုံရေးအဖွဲ့အစည်းများ၏ အသွင်သဏ္ဌာန်ဖြင့် ယူနီဖောင်းများ ဖန်တီးဝတ်စား ဆင်ယင်ခြင်းမပြုကြရန်နှင့် ၀တ်ဆင်ကြောင်း တွေ့ရှိပါက တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း”  ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ အချို့သော သတင်းထောက်များအနေဖြင့် သတင်းရယူဆောင်ရွက်ရာတွင် ဥပဒေနှင့်မညီသော ပြုလုပ်မှုများကြောင့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများမှ ကျေနပ်မှုမရှိသဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် တည်ဆဲဥပဒေများအရ အရေး ယူပေးရန် တိုင်ကြားမှု ၁၂ မှုရှိခဲ့ပြီး သတင်းထောက် ၁၅ ဦး၊ မီဒီယာအသင်းဝင် တစ်ဦး၊ စုစုပေါင်း ၁၆ ဦးတို့အား အရေးယူခဲ့ကြောင်း သိရသည်။ အချို့သောသတင်းထောက်များသည် အထူးသတင်းထောက်များ၊ မှုခင်းသတင်းထောက်များ အမည်ခံ၍ လောင်းကစားမှုများ ပြုလုပ်ခြင်း၊ မှုခင်းများတွင် အမှုလိုက်အကျိုးဆောင်အဖြစ် လုပ်ကိုင်ခြင်း၊ ၀င်ရောက်စွက်ဖက်၍ ငွေကြေးတောင်းခံခြင်း၊ အသင်းဝင်အဖြစ် လျှောက်ထားသူများထံမှ ၀င်ကြေးများ ကောက်ခံခြင်း၊ မြေယာကိစ္စများတွင် ပါဝင်ပတ်သက်ခြင်း၊ ဒုစရိုက်လုပ်ငန်းလုပ်ကိုင်နေသူများထံမှ လစဉ်ကြေးများ ရယူခြင်းများ ရှိနေကြောင်းကိုလည်း စိစစ်တွေ့ရှိရကြောင်း၊ မှုခင်းသတင်းထောက်များ အပါအ၀င် သတင်းထောက်အသင်းများသည် အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေအရ မှတ်ပုံတင်ထားသော အဖွဲ့အစည်းဖြစ်၍ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာနည်းဥပဒေ ၄ ပါ ပြဋ္ဌာန်းချက်များကို လိုက်နာရန်ပျက်ကွက်ကြောင်း စစ်ဆေးတွေ့ရှိပါက ယင်းဥပဒေပုဒ်မ ၆(စ) အရ မှတ်ပုံတင်လက်မှတ်လဲလှယ်ခြင်း၊ သက်တမ်းတိုးခြင်းကို ငြင်းပယ်ခြင်းခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် သတင်းထောက်အသင်းဝင်များအနေဖြင့် နိုင်ငံတော် လုံခြုံရေးအဖွဲ့အစည်းများနှင့် အသွင်သဏ္ဌာန်တူသော ၀တ်စုံများဝတ်ဆင်ခြင်း၊ ဥပဒေမဲ့ ငွေကြေးတောင်း ခံခြင်းနှင့် ဥပဒေမဲ့လုပ်ရပ်များ လုပ်ကိုင်ခြင်းတို့ စိစစ်တွေ့ရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“သတင်းထောက်ကျင့်ဝတ်မှာ သတင်းထောက်ဖြစ်ကြောင်း၊ မည်သူမည်ဝါဖြစ်ကြောင်း ပြောရမယ်လေ၊ ယူနီဖောင်းဝတ်လိုက်မယ်ဆိုရင် ပြည်သူတွေထင်မှာက ယူနီဖောင်းဆိုတာက များသောအားဖြင့်တော့ ပြည်သူဝန်ထမ်း နိုင်ငံဝန်ထမ်းလို့ပဲ ပြည်သူတွေက ထင်မှာကို။ ဒီလိုမျိုးက နိုင်ငံဝန်ထမ်းနဲ့ ဆင်တူယိုးမှားလုပ်မယ်ဆိုရင် ရာဇသတ်ကြီး ဥပဒေပုဒ်မနဲ့ငြိမှာလေ။ ဒီလိုမျိုး ဟန်ဆောင်တာကျတော့ သတင်းထောက်ကျင့်ဝတ်အရလည်း ခွင့်မပြုထားသလို ဥပဒေအရလည်း ခွင့်ပြုထားတာမရှိပါဘူး။ သတင်းထောက်ဆိုတာ ကျင့်ဝတ်အရ ကိုယ့်စီမှာရှိတဲ့သတင်းကို တခြားသူဆီကို ပြန်ပြီးတော့ သတင်းပေးတဲ့ပုံစံမဟုတ်ဘဲ ပြည်သူကိုအစီရင်ခံတဲ့ပုံစံမျိုးဖြစ်ရမယ်။ အဲဒီလိုမျိုးမဟုတ်ရင် သတင်းထောက်ကျင့်ဝတ်ကို ချိုးဖောက်ရာရောက်တယ်။ ခုနလိုမျိုး ယူနီဖောင်းဝတ်ပြီးတော့ နိုင်ငံဝန်ထမ်းအယောင်ဆောင်မယ်ဆိုရင် နိုင်ငံဝန်ထမ်းဥပဒေနဲ့ထပ်ပြီး အရေးယူနိုင်တဲ့ကိစ္စ ရှိတယ်” ဟု မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ အဖွဲ့ဝင် ဦးဇေယျာလှိုင်က ပြောကြားသည်။

အထူးသတင်းထောက်၊ မှုခင်းသတင်းထောက်များနှင့်ပတ်သက်ပြီး ဇွန် ၄ ရက်တွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ တာဝန်ရှိသူများမှ မြန်မာနိုင်ငံ မှုခင်းသတင်းထောက်များအသင်း (MCRA) သည် သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေ၊ ကျင့်ဝတ်နှင့် စည်းကမ်းများကို လေးစားလိုက်နာခြင်းမရှိသော အသင်းအဖွဲ့ဖြစ်ပြီး ယင်းအဖွဲ့ကို သတင်းထောက်အဖွဲ့ဟု အသိအမှတ်မပြုကြောင်း ရှင်းလင်းခဲ့သည်။ ထိုရှင်းလင်းပွဲနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ချက်တွင်  ဦးသက်နိုင်ဦး (အယ်ဒီတာချုပ်) ‘ရှုထောင့်’ မှုခင်းနှင့် သတင်းဂျာနယ်၊ ဥက္ကဋ္ဌ (MCRA) ဗဟိုသည် ၂၀၁၈ မေ၂၂ ရက် နေ့စွဲဖြင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌထံသို့ လိပ်မူပြီး တိုင်ကြားစာပေးပို့ခဲ့ကြောင်း၊ ယင်းစာနှင့် ပတ်သက်ပြီး တိုင်ကြားသူ ဦးသက်နိုင်ဦး အနေဖြင့် မေ ၃၁ ရက်တွင်   မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ လာရောက်ရန် မေ ၂၈ ရက်တွင် စာထုတ်၍ ဆင့်ခေါ်ချိန်းဆိုခဲ့ကြောင်း၊ ဆင့်ခေါ်ချိန်းဆိုခဲ့သည့်နေ့တွင် ဦးသက်နိုင်ဦးအနေဖြင့် ကိုယ်တိုင်လာရောက်ခြင်းမရှိဘဲ ကိုယ်စားလှယ်တစ်ဦးကိုသာ စေလွှတ်ခဲ့ပါသည်။ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအနေဖြင့် လူကိုယ်တိုင် လာရောက်ရန် ယင်းကိုယ်စားလှယ်မှ တစ်ဆင့် ထပ်မံဆင့်ခေါ်ခဲ့ရာ ယနေ့ထိလာရောက်ခဲ့ခြင်းမရှိကြောင်း သိရသည်။

ထို့ပြင် ဦးသက်နိုင်ဦး ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် မြန်မာနိုင်ငံမှုခင်းသတင်းထောက်များအသင်း (MCRA) သည် သတင်း မီဒီယာဥပဒေ ၉(ဈ) တွင် ပြဋ္ဌာန်းထားသည့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ကျင့်ဝတ် နှင့် စည်းကမ်းအချက်များဖြစ်သည့် ၈-၁၊ ၂၁-၁၊ ၂၁-၂ တို့ကို လိုက်နာခြင်းမရှိကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၏ အငြင်းပွားမှုနှင့် တိုင်ကြားမှုများ ညှိနှိုင်းဖြေရှင်းရေး ကော်မတီက စစ်ဆေးဆုံးဖြတ်ခဲ့ကြောင်း၊ ထို့ကြောင့် ဦးသက်နိုင်ဦးအပါအ၀င် ၎င်းဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသည့် မြန်မာနိုင်ငံ မှုခင်းသတင်းထောက်များအသင်း MCRA သည် သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေ၊ ကျင့်ဝတ်နှင့် စည်းကမ်းများကို လေးစားလိုက် နာခြင်းမရှိသော အသင်းအဖွဲ့ဖြစ်ကြောင်း သတင်းမီဒီယာ နည်းဥပဒေ ၃၈ (ဆ)၊ ၄၀ တို့ အရ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ မှုခင်းသတင်းထောက်များအသင်းမှာ သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေ၊ ကျင့်ဝတ်နှင့် စည်းကမ်းများကို လေးစားလိုက်နာခြင်း မရှိသဖြင့် သတင်းထောက်အဖွဲ့အဖြစ် အသိအမှတ်မပြုကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ရှင်းလင်း

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ တာဝန်ရှိသူများ သတင်းစာရှင်းလင်းစဉ်

မြန်မာနိုင်ငံ မှုခင်းသတင်းထောက်များအသင်း (MCRA) သည် သတင်းမီဒီယာ ဥပဒေ၊ နည်းဥပဒေ၊ ကျင့်ဝတ်နှင့် စည်းကမ်းများကို လေးစားလိုက်နာခြင်း မရှိသော အသင်းအဖွဲ့ဖြစ်ပြီး ယင်းအဖွဲ့ကို သတင်းထောက်အဖွဲ့ဟု အသိအမှတ် မပြုကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ တာဝန်ရှိသူများက ပြောကြားသည်။

ဇွန် ၄ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ၃၅ လမ်း အလယ်ဘလောက်ရှိ မြန်မာနိုင်ငံ သတင်းမီဒီယာရုံး၏ ရုံးခန်းတွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့သည်။

“သူတို့အသင်းရဲ့ ရည်ရွယ်ချက်တွေထဲမှာ ရဲတပ်ဖွဲ့ရဲ့ အရန်အင်အားအဖြစ် ထားရှိရန်ဆိုတဲ့ဟာမျိုးရယ်၊ နောက်တစ်ခုက ရဲတပ်ဖွဲ့၊ လုံခြုံရေးတပ်ဖွဲ့တွေကို မှုခင်းကျဆင်းရေးအတွက် သတင်းပေးရန် ဆိုတဲ့ဟာတွေ ပါဝင်တာတွေ့ရှိရတယ်။ သတင်းမီဒီယာ ဥပဒေရဲ့ ၉(ဈ) မှာ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီရဲ့ ကျင့်ဝတ် စည်းကမ်းတွေကို လိုက်နာရမယ်လို့ ဆိုထားတယ်။ ကျင့်ဝတ်မှာ အတိအလင်း ပြဋ္ဌာန်းထားတယ်။ ကျင့်ဝတ်နဲ့ သူတို့အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်နဲ့က တိုက်ရိုက်ကို ဆန့်ကျင်နေတဲ့အတွက် MCRA အဖွဲ့ က သတင်းမီဒီယာ ဥပဒေ၊ နည်းဥပဒေ ကျင့်ဝတ် စည်းကမ်းတို့ကို လိုက်နာခြင်းမရှိတဲ့ အဖွဲ့ဖြစ်တယ်။ ဒါကြောင့် ဒီအဖွဲ့က သတင်းမီဒီယာအဖွဲ့အစည်း မဟုတ်ကြောင်း ကျွန်ေ တော်တို့က ထုတ်ပြန်ကြေညာတယ်။ သူတို့ ဘာသာသူတို့ မှုခင်းကျဆင်းရေးအတွက် ပရဟိတပဲ လုပ်လုပ်၊ ဘာအဖွဲ့ပဲ လုပ်လုပ် ဒါကတော့ ပြည်ထဲရေးမှာ တရားဝင် မှတ်ပုံတင်ပြီး လုပ်ခွင့်ရှိတယ်။ သို့သော် သတင်းမီဒီယာ သတင်းသမား အဖွဲ့အစည်း၊ မှုခင်းသတင်းထောက် အဖွဲ့အစည်း၊ သတင်းထောက်ဆိုတဲ့ အသုံးအနှုန်း၊ သတင်းမီဒီယာ ဆိုတဲ့ အသုံးအနှုန်း အဖွဲ့အစည်း ဖြစ်နေတော့ ကောင်စီက အသိအမှတ်မပြုဘူး” ဟု မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော်က ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက သတင်းထုတ်ပြန်ခဲ့ပြီး ထုတ်ပြန်ချက်တွင် ဦးသက်နိုင်ဦး ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် မှုခင်းသတင်းထောက်များအသင်း (MCRA) သည် သတင်းမီဒီယာဥပဒေ ၉(ဈ)တွင် ပြဋ္ဌာန်းထားသည့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ကျင့်ဝတ်နှင့် စည်းကမ်းချက်များဖြစ်သည့် ၈-၁၊၂၁-၁၊ ၂၁-၂ တို့ကို လိုက်နာခြင်း မရှိကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၏ အငြင်းပွားမှု တိုင်ကြားမှု ညှိနှိုင်းဖြေရှင်းရေးကော်မတီက စစ်ဆေး ဆုံးဖြတ်ခဲ့ကြောင်း၊ ထို့ကြောင့် ဦးသက်နိုင်ဦး အပါအ၀င် ၎င်းဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် မြန်မာနိုင်ငံ မှုခင်းသတင်းထောက်များအသင်း (MCRA) သည် သတင်းမီဒီယာဥပဒေ နည်းဥပဒေ ကျင့်ဝတ်နှင့် စည်းကမ်းများကို လေးစားလိုက်နာခြင်း မရှိသော အဖွဲ့ဖြစ်ကြောင်း စသည်တို့ ပါရှိသည်။

“ဒီအဖွဲ့နဲ့ပတ်သက်လို့ မီဒီယာကောင်စီကို နယ်အသီးသီးက တိုင်စာတွေ အများကြီးရတယ်။ မှုခင်းသတင်းတပ်ဖွဲ့ သတင်းထောက်တွေ မှုခင်းအဖွဲ့ရဲ့ အဖွဲ့ဝင် သတင်းထောက်တွေက နယ်တွေမှာ လာဘ်ပေးလာဘ်ယူ ကိစ္စတွေရော မတရားမှုတွေရော အများကြီးပဲ တိုင်စာတွေ ရတယ်။ မီဒီယာကောင်စီကို လာတိုင်သလို သက်ဆိုင်ရာ အစိုးရဌာနတွေကိုလည်း တိုင်တယ်။ သတင်းထောက်ဆိုတဲ့ နာမည်ကို မသုံးရင် အခုလိုဖြေရှင်းနေရမှာ မဟုတ်ဘူး”ဟု မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ (၁) ဦးအုန်းကြိုင်က ပြောကြားသည်။

ထို့ပြင် ဥပဒေအရ အရေးယူနိုင်ရန် ဥပဒေပညာရှင်များနှင့် တိုင်ပင်နေကြောင်း သတင်းမီဒီယာကောင်စီမှ တာဝန်ရှိသူများက ပြောကြားသည်။ နေမျိုးဝင်း၊ လွင်မျိုးသူ