မန္တလေးမြို့ ကမ်းနားလမ်းတွင် မူးယစ်ဆေးဝါး သုံးစွဲသူများ ခိုအောင်းနိုင်သည့် ကျူးကျော်တဲ ၃၃၈ တဲကို ရှင်းလင်း

မူးယစ်ဆေးဝါး သုံးစွဲနေသူများ ခိုအောင်းနိုင်သည့် ကျူးကျော်တဲများအား ရှင်းလင်းနေစဉ်

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ကမ်းနားလမ်း တစ်လျှောက်တွင် မူးယစ်ဆေးဝါး သုံးစွဲနေသူများ ခိုအောင်းနိုင်သည့် ကျူးကျော်တဲများကို ရှင်းလင်းခဲ့ရာ သြဂုတ် ၂၈ ရက်အထိ တဲပေါင်း ၃၃၈ လုံး ရှင်းလင်းပြီး ဖြစ်ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သြဂုတ် ၂၇ ရက်မှ စ၍ ဖျက်သိမ်းခဲ့သည့် အောင်မြေသာစံမြို့နယ် ကမ်းနားလမ်း ၁၂ လမ်းနှင့် ၂၂ လမ်းကြားရှိ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူများ အလွယ်တကူ ခိုအောင်းနိုင်သည့် ကျူးကျော်တဲ ၃၃၈ လုံးအထိ ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

မန္တလေးမြို့တွင် မူးယစ်ဆေးဝါး သုံးစွဲနေကြသည့် ဗီဒီယိုင်ဖိုင်အချို့ အင်တာနက် စာမျက်နှာများတွင် ပျံ့နှံ့ခဲ့ပြီးနောက် သတင်းများ ထွက်ပေါ်ခဲ့သော ပုသိမ်ကြီးမြို့နယ် ဇီးအုပ်ကျေးရွာနှင့် ကမ်းနားလမ်း ကျူးကျော်နေအိမ်များကို ရဲတပ်ဖွဲ့က ၀င်ရောက် ဖမ်းဆီးစစ်ဆေးမှုများ မကြာခဏဆိုသလို ပြုလုပ်ခဲ့ပြီး ကျော်စောသတင်းရှိ နေအိမ်များကို စည်ပင်သာယာ ဥပဒေအရ ဖျက်သိမ်းခဲ့ကြောင်း၊ ယခုရက်ပိုင်းအတွင်းမှာပင် မန္တလေးမြို့ ဧရာဝတီမြစ်နံဘေး ကမ်းနားရှိ နေအိမ်တစ်လုံးတွင် လူတချို့က အုပ်စုလိုက် မူးယစ်ဆေးဝါး သုံးစွဲနေသည့် ဗွီဒီယိုဖိုင်တစ်ခု သြဂုတ် ၁၉ ရက် ညပိုင်းက ဖေ့စ်ဘွတ်တွင် ထပ်မံ ထွက်ပေါ်လာခဲ့သည်။

အဆိုပါ ဗွီဒီယိုဖိုင် ပေါ်ထွက်လာပြီးနောက် မူးယစ်တပ်ဖွဲ့က ဦးဆောင်ပြီး နယ်မြေခံ ရဲတပ်ဖွဲ့အပါအ၀င် ပူးပေါင်း၍ စစ်ဆေး ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။

ထို့နောက် မန္တလေးမြို့ စည်ပင်သာယာရေး ကော်မတီက ဦးဆောင်ပြီး ကမ်းနားလမ်းတစ်လျှောက်ရှိ ကျူးကျော်တဲများကို ဖျက်သိမ်းခဲ့ရာ ရဲတပ်ဖွဲ့က လုံခြုံရေး ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

“ကမ်းနားလမ်း ကျူးကျော်တဲတွေကို တာဝန်ယူ ဖျက်သိမ်းတာက စည်ပင်သာယာကပါ။ ကျွန်တော်တို့ ရဲတပ်ဖွဲ့က လုံခြုံရေး ဆောင်ရွက်ပေးရတာပါ”ဟု အောင်မြေသာစံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်နိုင်က ပြောကြားသည်။

ပုသိမ်ကြီးမြို့နယ် ဇီးအုပ်ကျေးရွာရှိ ကျူးကျော်နေအိမ်များကို ဖျက်ဆီးရန် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက စာရင်းကောက်ယူမှုများ ပြုလုပ်နေစဉ် ကျူးကျော်နေအိမ်များ ထပ်မံ တည်ဆောက်လာသောကြောင့် ကျူးကျော်လာသည့် နေအိမ်ပေါင်း ၄၀၀ ကျော်ကို စည်ပင်သာယာက ဖျက်သိမ်းရာ ထိုသို့ ဖျက်သိမ်းနေစဉ် လာရောက် ဆန္ဒထုတ်ဖော်ခဲ့သူ ခုနစ်ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့သည်။

မန္တလေးမြို့ပေါ်ရှိ ကျူးကျော်နေထိုင်သူများကို စီမံချက်ချ ရှင်းလင်းမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အစိုးရ၏ ဒုတိယ တစ်နှစ်တာ ကာလ ဆောင်ရွက်ချက်များ ရှင်းလင်းပွဲတွင် ပြောကြားထားသည်။

 

ကချင်ပြည်နယ်၌ ၂၀၁၈ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ သြဂုတ် ၁၄ ရက်အတွင်း မူးယစ်ဆေးဝါး ကျပ်သိန်းပေါင်း တစ်သိန်းကိုးထောင်ကျော်ဖိုး ဖမ်းဆီးရမိ

ကချင်ပြည်နယ်တွင် ၂၀၁၈ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ သြဂုတ် ၁၄ ရက်အထိ မူးယစ်ဆေးဝါး ကျပ်သိန်းပေါင်း တစ်သိန်းကိုးထောင်ကျော်ဖိုး ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ပြည်နယ်ရဲတပ်ဖွဲ့ မှတ်တမ်းများအရ နယ်မြေရဲနှင့် အထူးမူးယစ်တပ်ဖွဲ့က ဖမ်းဆီးရမိမှု အမှုပေါင်း ၁၃၅၂ မှု၊ ကျား-တရားခံ ၁၅၅၇ ဦး၊မ-တရားခံ ၃၃၇ ဦး (ပေါင်း ၁၈၉၄ ဦး) ဖမ်းဆီး အရေးယူခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ဖမ်းဆီးနိုင်မှုမှာ နိုင်ငံတော်သမ္မတကြီး လမ်းညွှန်ပြီးနောက်ပိုင်း တိုးတက်လာခဲ့ပြီး ပြည်သူများ ပူးပေါင်း ပါဝင်မှုမှာလည်း အင်တိုက်အားတိုက် ပါဝင်လာကြောင်း ပြည်နယ် ရဲတပ်ဖွဲ့ ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လွင်မောင်သိန်းက ဆိုသည်။

ပြည်နယ်ရဲတပ်ဖွဲ့ ဒုပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လွင်မောင်သိန်းက“မူးယစ်ဖမ်းတဲ့အခါ နယ်မြေရဲနဲ့ အထူးမူးယစ် ဖမ်းတာဆိုပြီး နှစ်မျိုးရှိပါတယ်။ အခုသြဂုတ် ၁၄ ရက်စာရင်းအရ အမှုပေါင်း ၁၃၅၂ မှုနဲ့ ကျား-တရားခံ ၁၅၅၇ ဦး၊ မ-တရားခံ ၃၃၇ ဦး (ပေါင်း ၁၈၉၄ ဦး) ရှိတယ်။ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုက တန်ဖိုးငွေကျပ် ၁၀၉၆၈၈၅၀၂၁၅ ကျပ် ဆိုတော့ သိန်းပေါင်း တစ်သောင်းကိုးထောင် ကျော်ပါတယ်။ လွန်ခဲ့နှစ်ကလည်း စီမံချက်တွေ၊ အမျိုးသားရေးတာဝန်အဖြစ် ဖမ်းဆီးတယ်။ ဒီနှစ်မှာ ပြည်သူလူထု ပါဝင်လာတဲ့အတွက် သာမန်နှစ်တွေထက် များနေပါတယ်။ ဆက်တိုက်လည်း ရောင်းသူ၊ သယ်သူတွေ တန်ဖိုးအများကြီးနဲ့ မိနေတယ်။ ဆက်ပြီးလည်း ဖမ်းဆီးနေပါတယ်။ နိုင်ငံတော်သမ္မတ မိန့်မှာချက်၊ ပြည်ထဲရေးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရဲချုပ်တွေက အမျိုးသားရေးတာဝန်အနေနဲ့ လမ်းညွှန်တာ ဆောင်ရွက်တာတွေကြောင့်ပါ။ အဓိကတော့ ပြည်သူလူထု ပူးပေါင်း ပါဝင်ခြင်းပါပဲ။ အလွန်ဝမ်းမြောက်စရာ ဖြစ်ပါတယ်”ဟု ပြောကြားသည်။

ဖမ်းဆီးရရှိမှု စာရင်းများအရ ဘိန်းဖြူ၊ ဘိန်းမည်း၊ ဆေးပြား၊ ဘိန်းဆီခဲ၊ အဆင့်နိမ့်ဘိန်း၊ ဘိန်းရည်များဖြစ်ကြောင်း သိရပြီး ဘိန်းဖြူ အများဆုံးဖြစ်ကာ ဆေးပြားနှင့် ဘိန်းမည်းမှာ ဒုတိယနှင့် တတိယအများဆုံး ဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ဆောင်ရွက်ရာတွင် အရာရှိနှင့် တပ်သားများကို လာဘ်ပေးလာဘ်ယူမှုများနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့စည်းကမ်းများနှင့် ဖော်ထုတ် အရေးယူဆောင်ရွက်ရမိခြင်းများ ရှိခဲ့ကြောင်း ပြောကြားသည်။

ကချင်ပြည်အတွင်းသို့ ၀င်ရောက်လာသော မူးယစ်ဆေးဝါးလမ်းကြောင်း ခြောက်ခုရှိပြီး ယင်းတို့မှာ ဘိန်းဖြူ၊ ဘိန်းမည်း၊ စိတ်ကြွဆေးပြားများကို ရှမ်းပြည်နယ် ကွတ်ခိုင်-နန်းခမ်း- ဗန်းမော်-၀ိုင်းမော်-မြစ်ကြီးနား- ဖားကန့် လမ်းကြောင်း၊ လွယ်ဂျယ်-ဗန်းမော်-၀ိုင်းမော်-မြစ်ကြီးနား-ဖားကန့် လမ်းကြောင်း၊ ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းမှ ၀င်ရောက်လာသည့် မူးယစ်ဆေးဝါးများမှာ စစ်ကိုင်းတိုင်း အင်းတော်မြို့ကိုဖြတ်၍ မိုးညှင်း-မိုးကောင်း-ဖားကန့် လမ်းကြောင်း၊ မူဆယ်မြို့မှ တရုတ်ပြည် ရွှေလီကိုကူး၍ ရွှေလီ-ကန်ပိုင်တည်-၀ိုင်းမော်-မြစ်ကြီးနား-ဖားကန့်လမ်းကြောင်း၊ ဘိန်းစိမ်းအများစု သယ်သည့် ချင်းတွင်းအထက် ဟုမ္မလင်း -ဆယ်ဇင်း-တာမခံ -ဖားကန့်လမ်းကြောင်း၊ ဆဒုံး-၀ိုင်းမော်-မြစ်ကြီးနား-ဖားကန့်လမ်းကြောင်းတို့ ဖြစ်သည်။

ဖားကန့်ရဲစခန်းမှ ဒုစခန်းမှူးနှင့် တပ်သားနှစ်ဦးအား မူးယစ်ဆေးဝါး ဖမ်းဆီးရာတွင် ငွေတောင်းခံမှုကြောင့် ရဲစည်းကမ်းဖြင့် အရေးယူ

ဖားကန့် ရဲစခန်းမှ ဒုစခန်းမှူးနှင့် တပ်သားနှစ်ဦးအား မူးယစ်ဆေးဝါး ဖမ်းဆီးရာတွင် ငွေတောင်းခံမှုကြောင့် ရဲစည်းကမ်းဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ သြဂုတ် ၉ ရက်တွင် ဖားကန့်မြို့ အေးမြသာယာရပ်ကွက် ရှရော်ခကျေးရွာနေ မူးယစ်ဆေးဖြင့် ကျော်ကြားသည့် နေအိမ်တစ်ခုကို ဖမ်းဆီးရာတွင် ကျော်စောသတင်းရှိသူ၏ မတ်ဖြစ်သူ ခေါ်ဆောင်ပြီး ကျပ်သိန်း ၃၅၀ ယူဆောင်မှု ဖြစ်ပေါ်ခဲ့ကြောင်း စုံစမ်းရာတွင် အဖြစ်မှန် ပေါ်ပေါက်သဖြင့် ယခုလို အရေးယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက “မူးယစ်ဆေးဝါး ဖမ်းဆီးရာမှာ ငွေတောင်းခံမှုကြောင့် ဖားကန့်မြို့မရဲစခန်း ဒုစခန်းမှူးနဲ့ တပ်သားအဆင့် နယ်ထိန်းနှစ်ဦးကို ထိန်းသိမ်း အရေးယူထားပါတယ်။ ဒီလိုဖြစ်စဉ်တွေမှာ အမှုမှန် မပေါ်ပေါက်သေးရင် စုံခုံဖွဲ့စစ်ဆေးရတယ်။ အမှုမှန်ပေါ်ရင်တော့ ချက်ချင်း သက်ချုပ်ယူရပါတယ်။ ရဲစည်းနဲ့ အရေးယူပြီး ထောင်တွေကျမယ်။ ရဲတပ်ဖွဲ့ကနေ အပြီးတိုင် ထုတ်ပစ်မှာပေါ့။ ဘယ်လို ပုဒ်မတွေနဲ့ အရေးယူမယ်ဆိုတာ အထက်ကနေ ကျမလာသေးပါဘူး”ဟုပြောကြားသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက်ကလည်း ကချင်ပြည်နယ် နန်းမားကျေးရွာအုပ်စုတွင် ရဲတပ်သားနှစ်ဦးက မူးယစ်ဆေးဝါး သုံးစွဲသူတစ်ဦးထံမှ ငွေကြေးတောင်းခံမှုကြောင့် ကျေးရွာအုပ်ချုပ်ရေးနှင့် ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးခဲ့သည်။

ထို့ပြင် ဗန်းမော်ခရိုင်၊ မိုးမောက်-လွယ်ဂျယ်လမ်းပိုင်းတွင် တာဝန်ကျ အရာရှိတစ်ဦးက သစ်မှောင်ခို ဖမ်းဆီးရာတွင် ပိုင်ရှင်ဖြစ်သူကို လွှတ်ပေးမှုဖြင့် အမှုရင်ဆိုင်နေရကြောင်း သိရသည်။

ကချင်ပြည်နယ် ရဲတပ်ဖွဲ့ဝင်အချို့အနေဖြင့် မူးယစ်ဖမ်းဆီးရာတွင် ငွေကြေးတောင်းခံခြင်း၊ ဖမ်းဆီးမူးယစ်ဆေးဝါး ထိမ်ချန်ခြင်း၊ တရားခံအချို့ကို လွတ်မြောက်စေခြင်း၊ လူမှုရေးဖောက်ပြန်ခြင်း စသည့်အချက်များဖြင့် ၂၀၁၈ ခုနှစ်အတွင်း အရေးယူခြင်းများ ရှိနေကြောင်း သိရသည်။

 

ထောင်ချောက်ဆင် သတ်ဖြတ်ခံခဲ့ရကြောင်း စွပ်စွဲချက်များ ထွက်ပေါ်ခဲ့အပြီး ဘင်္ဂလားဒေ့ရှ်က မူးယစ်ဆေးနှိမ်နင်းရေးစစ်ပွဲကို ကာကွယ်ပြောကြား

ဇွန် ၆ ရက်က ဒါကာမြို့တွင် မူးယစ်ဆေးဝါးနှိမ်နင်းရေးစစ်ပွဲအား ဆန့်ကျင်ဆန္ဒပြသူများကို ရဲများက ရိုက်နှက်နေစဉ် (Photo: AFP)

ဘင်္ဂလားဒေ့ရှ်တွင် အရှိန်မြှင့် လုပ်ဆောင်နေသော မူးယစ်ဆေးဝါးနှိမ်နင်းရေးစစ်ပွဲတွင် ညအချိန် အပြန်အလှန် ပစ်ခတ်မှုများ၌ သေဆုံးခဲ့ရသည့် မူးယစ်ဆေးဝါး မှောင်ခိုကူးသူများဟု သင်္ကာမကင်းဖြစ်ခံခဲ့ရသူ ၁၃၀ တွင် တစ်ဦးအပါအ၀င်ဖြစ်သည့် အက်ရာဟက်သည်လည်း ရဲများနှင့် ပစ်ခတ်မှုအတွင်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

သို့သော် ၎င်း၏ခင်ပွန်းဖြစ်သူသည် ထောင်ချောက်ဆင်မှုတစ်ခုတွင် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း အက်ရာဟက်၏ ဇနီးဖြစ်သူ အယီရှာဘက်ဂမ်က အသံဖိုင်များအား ထုတ်ပြန်ခဲ့ရာ ရဲတပ်ဖွဲ့၏ ထိုနှိမ်နင်းမှုသည် ပထမဆုံးအကြိမ် စေ့စေ့စပ်စပ် စိစစ်မှုကြုံခဲ့ရပြီး အုတ်အော်သောင်းတင်း ဖြစ်စေခဲ့သည်။

ဘက်ဂမ်က ဟက် သေဆုံးခဲ့ရသည့်ညက မှတ်တမ်းယူထားခဲ့သော ဖုန်းအသံဖိုင်များနှင့် ရဲတပ်ဖွဲ့၏ တရားဝင်ထုတ်ပြန်မှုသည် ကွဲလွဲနေသည်။ ဟက်သည် လက်နက်ကိုင်ဆောင်ထားပြီး ရဲများကို ပစ်ခတ်သဖြင့် ခုခံကာကွယ်သည့်အနေဖြင့် ပြန်လည်ပစ်ခတ်မှုတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ “သူတို့က သွေးအေးအေးနဲ့ သတ်ပစ်ခဲ့တာ” ဟု ဒေသဆိုင်ရာ ကောင်စီဝင်တစ်ဦးဖြစ်သူ ၎င်း၏ခင်ပွန်း မေ ၂၇ ရက်တွင် ပစ်သတ်ခံခဲ့ရသည့် နိုင်ငံအရှေ့တောင်ပိုင်းရှိ Teknaf မြို့တွင် ဘက်ဂမ်က အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

“အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ သူတို့ပြောတယ်။ ဒါပေမဲ့ ကျွန်မယောက်ျား ပစ်သတ်ခံရတုန်းက သူ့လက်တွေ အတုပ်ခံထားရတယ်။ ကျွန်မယောက်ျား အပစ်ခံရပြီးတဲ့ချိန်မှာ သူ့ကို ကြိုးဖြည်ပေးလိုက်ဖို့ တစ်ယောက်ယောက်ပြောလိုက်တာ ကြားလိုက်ရတယ်” ဟု ဘက်ဂမ်က ဖုန်းမှတ်တမ်းတွင် ကြားခဲ့ရမှုကို ရည်ညွှန်းပြောကြားခဲ့သည်။ အေအက်ဖ်ပီက ထိုအသံဖိုင်ကို နားထောင်ခဲ့သော်လည်း ယင်းအသံများသည် ဟက်၊ ၎င်းင်း၏ ဇနီးနှင့် သမီးဖြစ်သူတို့၏ အသံများ ဟုတ်၊ မဟုတ်ကို လွတ်လပ်စွာ အတည်မပြုနိုင်ခဲ့ပေ။

ပြည်ထဲရေးဝန်ကြီးအဆက်ဒူ ဇာမန်ခန်းက ရဲတပ်ဖွဲ့တွင်လည်း ထိုအသံဖိုင်များရှိပြီး စုံစမ်းစစ်ဆေးနေကြောင်း ပြောကြားခဲ့သော်လည်း အသေးစိတ် မပြောကြားခဲ့ပေ။

ဘင်္ဂလားဒေ့ရှ်တွင် ပျံ့နှံ့ခဲ့သော ထိုအသံဖိုင်များသည် စစ်မှန်ပါက ရဲတပ်ဖွဲ့သည် မေ ၁၅ ရက်တွင် စတင်ခဲ့သော မူးယစ်ဆေးဝါးနှိမ်နင်းရေးစစ်ပွဲ၌ တရားလက်လွတ် သတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည့် သက်သေအထောက်အထားများ ဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့များက ထောက်ပြခဲ့ကြသည်။ ထိုအသံဖိုင်များ ထွက်ပေါ်လာခဲ့ပြီးနောက် စုံစမ်းစစ်ဆေးမှု ချက်ချင်းပြုလုပ်ရန် တောင်းဆိုမှုများ ထွက်ပေါ်ခဲ့ပြီး အချို့ကမူ ဖိလစ်ပိုင်တွင် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရသည့် မူးယစ်ဆေးဝါးနှိမ်နင်းရေးစစ်ပွဲနှင့် ခိုင်းနှိုင်းခဲ့ကြသည်။

လူများကို ခြောက်လှန့်ခြင်း

ထိုစွပ်စွဲချက်များသည် မည်သည့်ဒီမိုကရေစီနိုင်ငံနှင့် လူမှုဝန်းကျင်တွင်မဆို မတွေးတတ်အောင်ပင်ဖြစ်ကြောင်း လွတ်လပ်ရေးစစ်ပွဲ သူရဲကောင်းများနှင့် ထင်ရှားသည့် စာရေးဆရာများ အပါအ၀င် ဘင်္ဂလားဒေ့ရှ်မှ ထင်ရှားကျော်ကြားပုဂ္ဂိုလ် ၁၀ ဦးက လက်မှတ်ထိုးထားသည့်စာတွင် ဖော်ပြခဲ့သည်။ ယင်းကဲ့သို့ ဖြစ်ရပ်တစ်ခုတည်းကပင် ထိုနှိမ်နင်းရေးစစ်ပွဲတစ်ခုလုံးကို မေးခွန်းထုတ်ရန်နှင့် လူများကို ခြောက်လှန့်ရန် လုံလောက်ကြောင်း ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေထားသည့် ထိုစာတွင် ဖော်ပြခဲ့သည်။

ယခုအချိန်အထိ သေဆုံးခဲ့သူ အားလုံးသည် မူးယစ်ဆေးမှုဖြင့် အလိုရှိနေသူများဖြစ်ပြီး ၎င်းတို့အားလုံးသည် ညနက်ပိုင်း လူမိုက်များ၏ ရန်ပွဲများ သို့မဟုတ် ရဲများနှင့် အပြန်အလှန် ပစ်ခတ်မှုများအတွင်း သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ သို့သော် ရဲတစ်ဦးကမျှ ဒဏ်ရာပြင်းထန်စွာ မရခဲ့ပေ။

မြန်မာရှိ မူးယစ်ဆေး ထုတ်လုပ်သည့်ရုံများမှတစ်ဆင့် နယ်စပ် ဖြတ်ကျော်တင်သွင်းသည့် ယာဘ ဆေးပြားများအား အဓိကတစ်ဆင့်ခံ ဖြန့်သည့်မြို့ဖြစ်သည့် Teknaf တွင် ပစ်သတ်ခံခဲ့ရသည့် ဟက်သည် ထိုဆေးပြားများကုန်သွယ်မှု၌ အခရာကျသူဟု ရဲတပ်ဖွဲ့က စွပ်စွဲခဲ့သည်။

ဟက်၏ဖြစ်စဉ်တွင် ၎င်း၏ ကိုယ်ပေါ်မှ ယာဘဆေးပြား ၁၀၀၀၀၊ သေနတ်နှစ်လက်၊ ကျည်ငါးတောင့်တို့အား ရှာဖွေတွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ သို့သော် ကလေးနှစ်ဦး၏ ဖခင်ဖြစ်သူ ဟက်သည် အပြစ်ကင်းကြောင်း ၎င်း၏ မိသားစုက ထုတ်ပြန်ခဲ့သည်။

“သူသာ ယာဘဆေးပြားဖြန့်တဲ့သူဆိုရင် ကျွန်မတို့မှာ အိမ်တွေ၊ မြေတွေ အများကြီးပိုင်နေရမှာပါ့။ အခုတော့ ကျွန်မသမီးတွေရဲ့ ကျောင်းစရိတ်တွေပေးနိုင်ဖို့ ရုန်းကန်နေရတုန်းပါပဲ” ဟု ဘက်ဂမ်က ပြောကြားခဲ့သည်။ ဘက်ဂမ်က မေ ၃၁ ရက်တွင် မီဒီယာများသို့ ထုတ်ပြန်ခဲ့သော ဖုန်းအသံဖိုင်လေးခု၌ ပထမသုံးခုတွင် ဟက်က ၎င်း၏သမီးအား စကားပြောနေသည်ကို ကြားခဲ့ရသည်။ နောက်ဆုံးတစ်ခုတွင်မူ ဟက်က ဘာမှမပြောတော့ဘဲ ခဏအကြာ၌ သေနတ်သံများ ကြားခဲ့ရပြီး ခင်ပွန်းသည်၏ ညည်းညူနေသံကို ကြားခဲ့ရကြောင်း ဘက်ဂမ်က ပြောကြားခဲ့သည်။ အခြားအမျိုးသားတစ်ဦးက ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် နေရာတွင် ကျည်ဖြည့်ထားသော သေနတ်၊ ကျည်ဆန်များနှင့် ယာဘဆေးပြားများကို အစီအစဉ်တကျ အကွက်ဆင်ထားရန် ဆွေးနွေးနေသံများကိုလည်း ကြားခဲ့ရကြောင်း ဘက်ဂမ်က ပြောကြားခဲ့သည်။

သတ်ဖြတ်ရန် အားထုတ်ခဲ့သလား

ဘင်္ဂလားဒေ့ရှ်လုံခြုံရေးများသည် ကွပ်မျက်သည့် ပုံစံသတ်ဖြတ်မှုများကို ပြုလုပ်ခဲ့ဖူးသည့် ရာဇ၀င်ရှိပြီး ဟက်အသတ်ခံရသည်ဆိုသော ဖြစ်စဉ်သည် ထိုအနေအထားနှင့် ကိုက်ညီကြောင်း လူ့အခွင့်အရေး အဖွဲ့များက ထုတ်ပြန်ခဲ့သည်။ ဟက်၏ဖြစ်စဉ်သည် ထောင်ချောက်ဆင် အသတ်ခံခဲ့ရသည့် ပထမဆုံးဖြစ်စဉ် မဟုတ်ကြောင်း ဒေသဆိုင်ရာ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ နာခန်းလီတန်က ပြောကြားခဲ့သည်။ “အသတ်ခံခဲ့ရသူတွေရဲ့ မိသားစုအချို့က ပြောပြတယ်။ ပထမဆုံး အဲဒီအသတ်ခံရတဲ့သူတွေက အဖမ်းခံရတယ်။ နောက်တော့ အပြန်အလှန် ပစ်ခတ်မှု ပုံစံလို့ယူဆရတဲ့ အနေအထားတွေမှာ အသတ်ခံခဲ့ရတယ်လို့ ပြောကြတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ယခုနှစ် နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲမတိုင်မီ ၎င်းတို့၏ခေါင်းဆောင် ထောင်ဒဏ်ချမှတ်ခံထားရသော အဓိကအတိုက်အခံပါတီက ထိုသတ်ဖြတ်မှုများသည် နိုင်ငံရေးအရလည်း ရည်ရွယ်ကြောင်း၊ ယခု အချိန်အထိ အတိုက်အခံ ထောက်ခံသူငါးဦးသည် ပစ်သတ်ခံထားရကြောင်း ထုတ်ပြန်ခဲ့သည်။ “သူတို့တွေက အပြစ်မဲ့သူတွေကို သတ်ပြပြီး အကြောက်တရားကို ဖန်တီးတယ်။ ဒါဆိုရင် ဘယ်သူကမှ အစိုးရကို ဆန့်ကျင်ဆန္ဒပြဖို့ မရဲကြတော့ဘူး” ဟု ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးဝါဒီပါတီ ပြောခွင့်ရပုဂ္ဂိုလ် ရစ်ဗီအာမက်က ပြောကြားခဲ့သည်။

ယာဘဆေးပြားသန်းပေါင်း များစွာကို ဖမ်းမိခဲ့သော်လည်း ပြီးခဲ့သောနှစ်တွင် နောက်ထပ်ဆေးပြား သန်း ၄၀၀ ခန့် ဈေးကွက်ထဲသို့ ရောက်ရှိခဲ့ကြောင်း အစိုးရက ခန့်မှန်းခဲ့သည်။ ပြည်တွင်း၌ ပေါ်ထွက်လာခဲ့သော အစ္စလာမ္မစ် အစွန်းရောက်မှုများအား တိုက်ဖျက်ခဲ့သည့်ပုံစံအတိုင်းပင် ထိုမူးယစ်ဆေးဝါးအန္တရာယ်ကို နှိမ်နင်းသွားမည်ဟုလည်း အစိုးရက ကတိပြုခဲ့သည်။

Ref: AFP