ညအချိန်လုံခြုံရေးအတွက် ယာဉ်စစ်ရာမှတစ်ဆင့် ဒါရိုက်တာမိုက်တီးအား မူးယစ်ဆေးဝါးများနှင့်အတူ တာမွေမြို့နယ်တွင် ဖမ်းဆီးရမိ

(Photo – Yangon Police)

ညအချိန်လုံခြုံရေးအတွက် ယာဉ်စစ်ရာမှတစ်ဆင့် ဒါရိုက်တာမိုက်တီးအား မူးယစ်ဆေးဝါးများနှင့်အတူ တာမွေမြို့နယ်တွင် ဖမ်းဆီးရမိကြောင်း အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဖြစ်စဉ်မှာ သြဂုတ် ၁၆ ရက်ည ၁၁ နာရီခန့်က တာမွေမြို့မရဲစခန်းမှ တာဝန်ရှိသူများသည် အ-ထ-က (၃) တာမွေကျောင်းအနီးတွင် ယာဉ်များအား ပိတ်ဆို့ရှာဖွေ စစ်ဆေးနေစဉ် ဒါရိုက်တာမိုက်တီး (ခ) သန်းထွန်းဇော် တစ်ဦးတည်း မောင်းနှင်လာသောယာဉ်အား စစ်ဆေးရာမှ မူးယစ်ဆေးဝါးများကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“သူ့ကို တာမွေထဲမှာ ယာဉ်ပိတ်ဆို့ စစ်ဆေးရင်း ဖမ်းမိတာ။ အခုတော့ စစ်ဆေးနေဆဲပါ။ အသေးစိတ်ကို ပြောလို့မရသေးပါဘူး” ဟု အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက သြဂုတ် ၁၇ ရက် နံနက် ၁ နာရီခွဲခန့်တွင် ပြောကြားသည်။

သြဂုတ် ၁၇ ရက် နံနက် ၁ နာရီခွဲကျော်အထိ ဒါရိုက်တာမိုက်တီးအား ဆက်လက် စစ်ဆေးနေဆဲဖြစ်ကြောင်း သိရပြီး ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး အမျိုးအစားအား အသေးစိတ်မသိရှိရသေးပေ။

သြဂုတ်လဆန်းပိုင်းမှစပြီး အနုပညာလောကအတွင်း စိတ်ကြွမူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများ ရှိလာခဲ့သည်။

သြဂုတ် ၉ ရက်က ရန်ကင်းမြို့နယ် အမှတ် (၁) ရပ်ကွက် ရန်ကင်းလမ်း၊ Golden City အိမ်ရာနေ အဆိုတော် ရွှေထိုက် (ခ) မဝေလွင်ဇော်နှင့် အမျိုးသားတစ်ဦးအား စိတ်ကြွရူးသွပ်ဆေးပြား ၁၁၉၉၄ ပြား၊ အိုက်စ် ၇၇၃ ဂရမ်၊ ဘိန်းဖြူ ၁၁ ဂရမ်နှင့် ဆေးခြောက် ၁၂ ဂရမ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ရန်ကင်းမြို့မရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

အလားတူ သြဂုတ် ၁၅ ရက်ကလည်း အဆိုတော် ​​ရဲမင်းသိန်း(ခ)ရသ အပါအ၀င် သုံးဦးအား မန္တလေးမြို့ ချမ်းမြသာစည်​မြို့နယ်​ထွန်​တုံးရပ်​ကွက်​ အောင်​​ဇေယျလမ်း ၄၉ လမ်းနှင့်​ ၅၀ လမ်းကြားရှိ ဧည့်​ရိပ်​မွန်​တစ်​ခုတွင် စိတ်ကြွရူးသွပ်ဆေးပြား စုစု​ပေါင်း​ ၁၆၅၅ ပြား၊ ကာလတန်​ဖိုး​ ကျပ်​ ၈၂၇၅၀၀၀ တို့နှင့်​အတူ ဖမ်းဆီးရမိခဲ့ပြီး အောင်ပင်လယ်နယ်မြေရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

မလေးရှားနိုင်ငံတွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် ဖမ်းဆီးထားသူသုံးဦး၏အမှု လာမည့်သြဂုတ် ၁၄ ရက်ရုံးချိန်းတွင် စတင်စစ်ဆေးမည်

မလေးရှားနိုင်ငံတွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် ဖမ်းဆီးထားသူ သုံးဦးအမှုကို သြဂုတ် ၈ ရက်က အနောက်ပိုင်းခရိုင်တရားရုံးတွင် လေးကြိမ်မြောက် ရုံးထုတ်ခဲ့သည်။

ယင်းနေ့ရုံးချိန်းတွင် အမှုမှ ဟူစိန်(ခ)မိုဟာမက်ဟူစိန်၏ တရားခံပြေးအမှုနှင့် ပတ်သက်ပြီး ဖမ်းဝရမ်း အတည်ပြုသည့် ရပ်ကွက်အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူနှစ်ဦးသည် ကြားရက်များတွင် လာရောက် အစစ်ခံခဲ့သောကြောင့် တရားခံပြေးအမှုအတွက် စစ်ဆေးမှု ပြီးစီးခဲ့ကာ ချင်ကျားမူ (ခ) မကျားဝေ (ခ)နှင်းဦးလွင်နှင့် ဟူစိန်(ခ)မိုဟာမက်တို့ကို တရားခံပြေးအဖြစ် အတည်ပြုခဲ့သည်။

ထို့နောက် လာမည့်ရုံးချိန်းကို သြဂုတ် ၁၄ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့ပြီး ယင်းနေ့ရုံးချိန်းတွင် ရာကြီးအမှုဖြစ်သည့် ၈၄/၂၀၁၈ အတွက် တရားလိုဖြစ်သူ ရဲမှူးခင်မောင်သိန်းကို စတင်စစ်ဆေးမည်ဖြစ်ကာ တရားလိုပြသက်သေ ၆၉ ဦး တင်သွင်းထားကြောင်း သိရသည်။

ပြီးခဲ့သည့် မေ ၂၂ ရက်က မလေးရှားနိုင်ငံ စီမရမ်မြို့ကုန်လှောင်ရုံတွင် မလေးရှားနိုင်ငံသားသုံးဦး၊ မြန်မာနိုင်ငံသားသုံးဦးတို့နှင့်အတူ မြန်မာနိုင်ငံဘက်မှ တင်ပို့လိုက်သည့် ကုန်သေတ္တာအတွင်းမှ အမေရိကန်ဒေါ်လာ ၁၈ သန်းတန်ဖိုးရှိ မက်သာဖက်တမင်း ၁၁၈၇ ကီလိုဂရမ်နှင့် ဘိန်းဖြူ ၇၅၀ ကီလိုဂရမ်တို့ကို မလေးရှားအကောက်ခွန်ဦးစီးဌာနက ဖမ်းဆီးရမိခဲ့ပြီး ယင်းကဲ့သို့ ဖမ်းဆီးနိုင်ခဲ့ခြင်းမှာ မလေးရှားနိုင်ငံသမိုင်းတွင် အများဆုံး ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး ပမာဏဖြစ်ကြောင်း မလေးရှားမီဒီယာများက ဖော်ပြခဲ့ကြောင်း သိရသည်။ ထွက်ပြေးတိမ်းရှောင်နေသည့် ချင်ကျားမူ(ခ)မကျားဝေ(ခ)နှင်းဦးလွင်နှင့် ဟူစိန်(ခ)မိုဟာမက်တို့ကို တွေ့ရှိပါက နီးစပ်ရာရဲစခန်းကို သတင်းပေးပို့ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

မလေးရှားတွင် ဖမ်းဆီးရမိသော ဒေါ်လာ ၁၈ သန်းတန် မူးယစ်ဆေးဝါးများနှင့် ဆက်စပ်၍ ရန်ကုန်မြို့ ပုစွန်တောင်မြို့နယ်ရှိ နေအိမ်တစ်အိမ်ကို မူးယစ်ရဲတပ်ဖွဲ့က ၀င်ရောက်ရှာဖွေပြီး သံသယရှိသူမှာ ထွက်ပြေးလွတ်မြောက်နေ

မလေးရှားတွင် ဖမ်းမိသည့် ဒေါ်လာ ၁၈ သန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်၍ ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်ရှိ နေအိမ်အား မူးယစ်ရဲတပ်ဖွဲ့က ၀င်ရောက် စစ်ဆေးရာ သံသယရှိသူမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း မေ ၃၁ ရက်က သိရသည်။

လက်ဖက်ခြောက်ထုပ်များတွင် ထည့်သွင်းလျက် မြန်မာနိုင်ငံမှတစ်ဆင့် သင်္ဘောဖြင့် တင်သွင်းလာသော ၁ ဒသမ ၂ တန်နီးပါးရှိ ခရစ်စတယ်မက်သာဖီတမင်း (Ice) များကို ဖမ်းဆီးရမိထားကြောင်း မေ ၂၈ ရက်တွင် မလေးရှားရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အဆိုပါ မူးယစ်ဆေးဝါးအမှုနှင့် ပတ်သက်နေသူဟု သံသယရှိသူမှာ ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ် ၅၃ လမ်း အမှတ် ၂၂၊ ၂၄ ရှိ နေအိမ်တိုက်ခန်းတစ်ခုတွင် နေထိုင်သော မွတ်စလင်လူမျိုး အမျိုးသားဖြစ်ကြောင်း၊ ၎င်းနေအိမ်အား ရှာဖွေရာတွင် သံသယရှိသူမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း ကနဦးသတင်းများအရ သိရသည်။

“သတင်းတွေမှာ တက်နေသလို ကုမ္ပဏီ ဆိုတာမဟုတ်ဘူး။ လူနေအိမ်ပါ။ အဲဒီအိမ်မှာ ရှာတဲ့လူက မရှိဘူး။ သူ့ရဲ့မိဘတွေ ရှိတယ်။ အဓိကလူက မရှိဘူး။ အဲဒီလူက ဘာအလုပ် လုပ်တယ်၊ ဘယ်သူဘယ်ဝါဆိုတာ ကျွန်တော်လည်း အတိအကျ မသိဘူး။ ဌာနဆိုင်ရာ အိမ်ကိုလာရှာတယ်။ အဲဒီလူက မွတ်စလင်လူမျိုး အမျိုးသားပါ။ ဒါက ကျွန်တော်သိသလောက် ပြောပြတာပါ” ဟု ပုဇွန်တောင်မြို့နယ် အမှတ် (၂)ရပ်ကွက်ရှိ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပုဇွန်တောင်မြို့နယ် ၅၃ လမ်းတွင် နေထိုင်ခဲ့သော သံသယရှိသူနှင့် ပတ်သက်၍ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ မူးယစ်တပ်ဖွဲ့ခွဲ (၃) ရန်ကုန်ရုံးသို့ သွားရောက်မေးမြန်းခဲ့ရာ တပ်ဖွဲ့ခွဲမှူးမှာ တိုင်းဒေသကြီးအစိုးရရုံးသို့ သွားရောက်နေကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် မူးယစ်တပ်ဖွဲ့စုသို့ သွားရောက်မေးမြန်းရာ တာဝန်ရှိသူတစ်ဦးက “ဒီအမှုကို နေပြည်တော်က တာဝန်ရှိသူတွေက မူးယစ်ရဲအထူး အဖွဲ့တစ်ဖွဲ့ဖွဲ့ပြီး စုံစမ်းခိုင်းထားတယ်။ အဲဒီအဖွဲ့ကပဲ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်” ဟု ပြောကြားသည်။

ယင်းကြောင့် နေပြည်တော်ရှိ သတင်းနှင့် ပြန်ကြားရေးရဲတပ်ဖွဲ့ရုံးဖုန်းသို့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖြေဆိုခြင်းမရှိပေ။

အလားတူ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က တာဝန်ရှိသူများ၏ ရုံးဖုန်း၊ ကိုယ်ပိုင်ဖုန်းများကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ဖြေဆိုခြင်း မရှိပေ။

မြန်မာ့ဆိပ်ကမ်းမှတစ်ဆင့် သင်္ဘောဖြင့် သယ်ဆောင်လာသော ကွန်တိန်နာအတွင်းမှ မူးယစ်ဆေးဝါးများ မလေးရှားတွင် ဖမ်းဆီးရမိသည့် အမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ တာဝန်ရှိသူများ၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တာဝန်ရှိသူများ အစည်းအဝေးများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဒေါ်လာ ၁၈ သန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများမှာ ရန်ကုန်မြို့မှ ကုန်သေတ္တာတစ်လုံးဖြင့် တင်သွင်းလာခြင်းဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးမှောင်ခိုကူးသူဟု သံသယရှိသူခြောက်ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း မလေးရှားရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ ဖမ်းဆီးခံထားရသူများမှာ မြန်မာလူမျိုးသုံးဦးနှင့် မလေးရှားလူမျိုးသုံးဦးတို့ဖြစ်ကြောင်း သိရသည်။