ကျေးသီးမြို့နယ်တွင် ကျပ်သိန်း ၂၃၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့် ဆေးချက်ထိန်းချုပ် ဓာတုပစ္စည်းများ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် ကျေးသီးမြို့နယ် ၀မ်ဝပ်ကျေးရွာအုပ်စု ကောင်းလန်းကျေးရွာထိပ် လမ်းဆုံတွင် တပ်မတော်မှ တပ်ဖွဲ့ဝင်များသည် မော်တော်ယာဉ်များအား စစ်ဆေးနေစဉ် မော်တော်ယာဉ်တစ်စီးတွင် ဘိန်းဖြူများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသော ထိန်းချုပ်ဓာတုပစ္စည်းများ စုစုပေါင်း ကျပ်သိန်းပေါင်း ၂၃၀၀၀ ကျော် တန်ဖိုးရှိ ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ အောက်တိုဘာ ၁၇ ရက်တွင် သတင်းရရှိသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၁၄ ရက် ညနေ ၅ နာရီ ၄၅ မိနစ်တွင် ကောင်းလန်းကျေးရွာ ထိပ်လမ်းဆုံတွင် တပ်မတော်မှတပ်ဖွဲ့ဝင်များသည် မော်တော်ယာဉ်များကို စစ်ဆေးစဉ် မိုင်းနောင်မှ ကျေးသီးမြို့သို့ မောင်းနှင်လာသော ယုံချန်(ခ)အားချန် ၂၆ နှစ် မောင်းနှင်လာသည့် Nissan Fuso အဖြူရောင် ခြောက်ဘီးယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်ပေါ်တွင် တင်ဆောင်လာသည့် ကဖင်းဟု ယူဆရသော တရုတ်စာတန်းပါ အဖြူရောင် ဆာလာအိတ်တစ်အိတ်လျှင် ၂၅ ကီလိုခန့်ပါသော ပီနံအိတ် ၆၀ အိတ်အတွင်းမှ ၁၅၀၀ ကီလို (ဒေသကာလတန်ဖိုး ကျပ် ၁၅၀၀ သိန်း)၊ ဘိန်းဖြူဟု ယူဆရသော အဖြူရောင်အမှုန့် ၈၉ ဒသမ ၆၈ ကီလိုဂရမ်၊ (ဒေသကာလတန်ဖိုး ကျပ်သိန်း ၂၂၄၂၀ )၊ စုစုပေါင်း ကျပ်သိန်း ၂၃၉၂၀ ခန့်နှင့် လက်ကိုင်ဖုန်းတစ်လုံးအား ရှာဖွေတွေ့ရှိပြီး မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (၂၇) လွိုင်လင်သို့ လွှဲပြောင်းခဲ့ကြောင်း သိရသည်။

ထိုဖြစ်စဉ်ကို ကျေးသီးမြို့မရဲစခန်း မယ (ပ) ၃/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(ခ)/၁၉(က) ဖြင့် အမှုဖွင့်အရေးယူပြီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။

သမ္မတရုံးညွှန်ကြားချက် အိတ်ပိတ်စာဖြင့် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် အတွင်းရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းသို့ ၀င်ရောက်ရှာဖွေရာ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသော စိတ်ကြွရူးသွပ်ဆေးဝါးများကို တွေ့ရစဉ်

သမ္မတရုံးအိတ်ပိတ်စာဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ညွှန်ကြားချက်အရ မူးယစ်တပ်ဖွဲ့အပြင် နယ်မြေခံရဲတပ်ဖွဲ့တို့ ပါဝင်သော အဖွဲ့သည် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းသို့ ၀င်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးဝါးများကို အောက်တိုဘာ ၁၄ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

မူးယစ်ဆေးဝါးသတင်းအရ မူးယစ်ရဲတပ်ဖွဲ့စု ၁၇ နှင့် ပြည်ကြီးတံခွန်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တို့သည် ပြည်ကြီးတံခွန်မြို့နယ် ချမ်းမြသာယာရပ်ကွက် ချမ်းမြသာစည်ရိပ်သာဝင်းသို့ ၀င်ရောက်ရှာဖွေခဲ့ကြရာ အရှင်အာစိဏ္ဏ (ခေါ်) အေးကျော် ၅၂ နှစ်ကို ၎င်းနေထိုင်သည့် အိပ်ခန်းနံရံတွင် ချိတ်ထားသော အ၀ါရောင် လွယ်အိတ်အတွင်း၌ ၈၈/ ၁ စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၅၀ ပါ တစ်အိတ်၊ ၃၃ ပြားပါ တစ်အိတ်၊ စာအုပ်စင်ပေါ်ရှိ အမည်းရောင်အိတ် အတွင်းမှ ၈၈/၁ စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ စီပါ ၃၀ အိတ် စုစုပေါင်း (၆၀၀၀ ပြား) အလေးချိန် ဂရမ် ၆၀၀ ကိုလည်းကောင်း တွေ့ရှိခဲ့ကြောင်း၊ ဆက်လက်ရှာဖွေခဲ့ရာ ဗီရိုအံဆွဲအတွင်းမှ ၈၈/၁ စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀ ၊ ဗီရိုပေါ်ရှိ ဆောင်းဘောက်အတွင်း ရှာဖွေခဲ့ရာ ဗီရိုအံဆွဲအတွင်းမှ ၈၈/၁ စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ စီပါ ရှစ်အိတ်တို့ အသီးသီး တွေ့ရှိခဲ့ရာ စုစုပေါင်း ဆေးပြား (၈၃၈၃ ပြား) နှင့် အလေး ချိန် ၈၃၈ ဂရမ်၊ ကာလပေါက်ဈေးက ကျပ် ၄၁၉၁၅၀၀၀ တို့ကို သိမ်းဆည်းရမိခဲ့သည်ဟု ရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ဘုန်းကြီးကျောင်းအတွင်းသို့ မူးယစ်ဆေးဝါး ၀င်ရောက်ရှာဖွေ ဖမ်းဆီးရမှုနှင့် ပတ်သက်ပြီး ပြည်ကြီးတံခွန်မြို့နယ် ရဲတပ်ဖွဲ့ထံသို့ ဆက်သွယ်မေးမြန်းခဲ့ရာ “သမ္မတရုံးကတစ်ဆင့်လာတဲ့ တိုင်း၊ ခရိုင်ညွှန်ကြားချက် အိတ်ပိတ်စာအရ မြို့နယ်ရဲတပ်ဖွဲ့ပါဝင်တဲ့ အဖွဲ့က ၀င်ရောက် ဖမ်းဆီးရမိခဲ့တာပါ။ ကွင်းဆက်တရားခံတွေ ထပ်မံဖမ်းမိဖို့ ဆောင်ရွက်နေပါတယ်” ဟု မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနေမျိုးအောင်က ပြောကြားသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် အရှင်အာစိဏ္ဏကို မြို့နယ်သာ/ထိန်း ဥက္ကဋ္ဌတို့ရှေ့တွင် လူဝတ်လဲစေပြီး ပြည်ကြီးတံခွန်မြို့မ ရဲစခန်းမှ ရဲအုပ်ဇော်မိုးသန့်က တရားလိုပြုလုပ်ပြီး (ပ)၂၉/၂၀၁၈ မူး/စိတ် ပုဒ်မ ၁၉(က)/၂၀ တို့ဖြင့် အမှုဖွင့် ဖမ်းဆီးထားကြောင်း သိရသည်။

မူဆယ်မြို့မှ ခရီးသည်ယာဉ်ဖြင့် ပို့ဆောင်ခဲ့သည့် ဂျပ်ဖာဘူးအတွင်းမှ ကျပ် ၆၄၆ သိန်း တန်ဖိုးရှိ စိတ်ကြွဆေးများနှင့် မက်အက်ဖီတမင်း (ICE) များ ဖမ်းဆီးရမိ

ဓာတ်ပုံ-မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့

မူဆယ်မြို့မှ ခရီးသည်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့သည့် ဂျပ်ဖာဘူးအတွင်းမှ ကျပ် ၆၄၆ သိန်း တန်ဖိုးရှိ စိတ်ကြွဆေးများနှင့် မက်အက်ဖီတမင်း (ICE) များ ဖမ်းဆီးရမိခဲ့မှုနှင့် ပတ်သက်ပြီး နယ်မြေရဲစခန်း (အောင်ပင်လယ်) မှ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း အောက်တိုဘာ ၉ ရက်က သတင်းရရှိသည်။

မူးယစ်တပ်ဖွဲ့စု-၁၈ မှ တာဝန်ရှိသူများသည် အောက်တိုဘာ ၇ ရက် ည ၈ နာရီက မူဆယ်ဘက်မှ မန္တလေးဘက်သို့ MDY FF/—- ခရီးသည်ယာဉ်ဖြင့် မသင်္ကာဖွယ်ရာ ဂျပ်ဖာတစ်ခု ပါရှိလာကြောင်း သတင်းအရ စစ်ဆေးရာ စက္ကူဂျပ်ဖာပေါ်တွင် ရေးသားထားသည့် ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊ ၅၇ လမ်း၊ ဘုရင့်နောင်လမ်းနှင့် အောင်ဇေယျ လမ်းကြားတွင် အဆိုပါယာဉ်အား ရပ်တန့်ပြီး လိပ်မူပါ ဖုန်းနံပါတ်သို့ ဆက်သွယ်ကာ လာရောက်ရွေးယူရန် အကြောင်းကြားခဲ့ကြောင်း သတင်းရရှိသည်။

ထို့နောက် ယုန်ဆွမ်း(ခ)ရန်ယုန်စန်း ၃၂ နှစ်၊ ဈေးရောင်း၊ နမ့်ခမ်းမြို့နယ်နေသူသည် 54/—- Honda Scoopy ဖြင့် ရောက်ရှိလာပြီး ဂျပ်ဖာအား လာရောက်ရွေးယူစဉ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများသည် သက်သေများနှင့်အတူ ဖွင့်ဖောက်စစ်ဆေးရာ အဆိုပါ ဖုန်းနံပါတ်ဖြင့် အောင်အောင် ၅၇ လမ်း၊ ဘုရင့်နောင်လမ်းနှင့် အောင်ဇေယျလမ်းကြား သိပ္ပံလမ်း တောင်ဘက်လိပ်စာ တပ်ထားသည့် ဂျပ်ဖာဘူးအတွင်း အပြာရောင် ပလတ်စတစ်ကပ်ခွာ အိတ်တစ်ထုပ်လျှင် WY စာတန်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားစီပါ ၄၇ ထုပ်၊ စုစုပေါင်း ဆေးပြား ၉၄၀၀ ပြား၊ အလေးချိန် ၉၄၀ ဂရမ်၊ တန်ဖိုး ကျပ် ၄၇၀၀၀၀၀၀ ခန့်၊ မက်အက်ဖီတမင်း (ICE) ဟု ယူဆရသည့် အဖြူရောင်ပုံဆောင်ခဲ ၈၈၀ ဂရမ်၊ တန်ဖိုး ကျပ် ၁၇၆၀၀၀၀၀၊ စုစုပေါင်း တန်ဖိုးကျပ် ၆၄၆၀၀၀၀၀အား သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။

ထို့နောက် ရဲတပ်ဖွဲ့မှ ယုန်ဆွမ်းအား စစ်မေးရာ ၎င်းနှင့်ခင်မင်ရင်းနှီးခဲ့သည့် မူဆယ်မြို့တွင် နေထိုင်သည့် စုံစမ်းဆဲတစ်ဦးထံမှ တစ်ဆင့်ပြန်လည် ၀ယ်ယူခဲ့သဖြင့် ပို့ပေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးအမှုနှင့် ပတ်သက်ပြီး အောက်တိုဘာ ၈ ရက်တွင် နယ်မြေရဲစခန်း (အောင်ပင်လယ်) မှ မယ(ပ) ၂၀/၂၀၁၈ မူး/စိတ်ပုဒ်မ ၁၉(က) အရ အမှုဖွင့် ဆက်လက်စစ်ဆေးနေကြောင်း သတင်းရရှိသည်။

 

ကျောက်ဆည်မြို့နယ်တွင် မူးယစ်ကျော်စောမှုဖြင့် ဖမ်းဆီးထားသူ ၇၀ အနက် ကိုးဦးအား တစ်နှစ်ခံဝန်ဖြင့် နေထိုင်စေရန် ကျောက်ဆည်မြို့နယ် တရားရုံးက အမိန့်ချမှတ်

မန္တလးတိုင်းဒေသကြီး၊ ကျောက်ဆည် မြို့နယ်တွင် မူးယစ်ကျော်စောမှုဖြင့် ဖမ်းဆီးထားသည့် ၇၀ အနက် ကိုးဦးအား တစ်နှစ်ခံဝန်ဖြင့် ကောင်းမွန်စွာ နေထိုင်စေရန် အောက်တိုဘာ ၈ ရက်က ကျောက်ဆည်မြို့နယ် တရားရုံးက အမိန့်ချမှတ်ခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

သြဂုတ် ၂၇ ရက်က မန္တလးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် လက်ပန်ရွာတွင် မူးယစ်ဆေးဝါး ၀ယ်ယူသုံးစွဲရန် ရောက်ရှိသူ ၇၀ ကျော်ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ထိုဖမ်းဆီးရမိခဲ့သည့် ၇၆ ဦးကို ကျောက်ဆည် မြို့မရဲစခန်းတွင် မူး/စိတ်ပုဒ်မ ၂၅(က)ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ရာ ၁၄ ဦးကိုမူ အောက်တိုဘာ ၄ ရက်တွင် အမိန့်ချမှတ်ခဲ့ပြီး အောက်တိုဘာ ၈ ရက်တွင် ကိုးဦးအား ထပ်မံအမိန့် ချမှတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

“မန္တလေး၊ မဟာအောင် မြေမြို့နယ်ထဲကသူတွေကို ကျောက်ဆည်မှာ မူးယစ်ကျော်စောနဲ့ဖမ်းမိ တရားစွဲဆိုထားတာပါ။ တရားရုံးက တစ်နှစ်ခံဝန်အမိန့် ချလိုက်တဲ့အတွက် ရဲတပ်ဖွဲ့ကသွားခေါ်ပြီး မိဘအုပ်ထိန်းသူတွေဆီ အပ်နှံခဲ့ရပါတယ်။ ချမ်းမြသာစည် မြို့နယ်ကလည်း ပါပါတယ်။ မူးယစ်ဆေးဝါး လက်ဝယ်မမိဘဲ ကျော်စောဖြစ်တာကြောင့် တရားစွဲတင်ပို့ခဲ့ရာမှာ တရားရုံးကခံဝန်နဲ့ နေစေဖို့ အမိန့်ချမှတ်ခဲ့တာပါ” ဟု မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ထွန်းအောင်က ပြောကြားသည်။

အောက်တိုဘာ ၈ ရက်တွင် အမိန့်ချမှတ်ခဲ့သည့် ကိုးဦးမှာ မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ ပုသိမ်ကြီးမြို့နယ်တို့မှ ခုနစ်ဦး၊ စဥ့်ကိုင်မြို့နယ်မှတစ်ဦး၊ ကျောက်ဆည်မြို့နယ်မှ တစ်ဦးဖြစ်ကြောင်း သိရသည်။

၎င်းတို့ကို ကျောက်ဆည် မြို့နယ်တရားရုံးမှ တစ်နှစ်အတွင်း ကောင်းမွန်စွာနေထိုင်စေရန် ငွေကျပ် ၁၀ သိန်းတန် ခံဝန်သူ နှစ်ဦးဖြင့် ခံဝန်ချုပ်ဆို လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

မန္တလေးတိုင်းရဲတပ်ဖွဲ့၏ သိန်းငှက်စီမံချက်အရ မန္တလေးမြို့အပြင် အခြားမြို့နယ်များတွင်လည်း ဆောင်ရွက်ခြင်းဖြစ်ပြီး ကျောက်ဆည်ခရိုင် ရဲတပ်ဖွဲ့မှူး အပါအ၀င် မန္တလေးတိုင်း ရဲအကူတပ်ဖွဲ့ဝင်များက စဥ့်ကိုင်မြို့နယ်နှင့် ကျောက်ဆည်မြို့နယ်တို့တွင် မူးယစ်ဆေးဝါး အထူးနှိမ်နင်းရေး စီမံချက်တို့ဖြင့် ဆောင်ရွက်ရာမှ ၇၀ ကျော် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ကျောက်ဆည်မြို့နယ် အတွင်းရှိ လက်ပန်လှကျေးရွာနယ်မြေ အတွင်းသို့ ပူးပေါင်းအဖွဲ့များဖြင့် ရှာဖွေခဲ့ရာ စိတ်ကြွရူးသွပ်ဆေးပြား၂၀၀ ခန့်၊ဆေးပြားသုံးစွဲရာတွင် ပါဝင်သည့် ဆက်စပ်ပစ္စည်းများကို အမျိုးသား တစ်ဦးထံမှ လည်းကောင်း၊ ဆက်လက်ပြီး ရှာဖွေခဲ့ရာ လက်ပန်လှရွာအတွင်း မူးယစ်ဆေးဝါး ၀ယ်ယူသုံးစွဲရန် ရောက်ရှိနေသည့် မသင်္ကာ သူ ၇၂ ဦးနှင့် တိုယိုတာ ကားတစ်စီး၊ ဆိုင်ကယ်မျိုးစုံ ၄၃ စင်းတို့ကို ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

“မူးယစ်ဆေးဝါး လက်ဝယ်မိတာတွေသာ မူးစိတ်ပုဒ်မတွေနဲ့ အမှုဖွင့်လို့ရတာ။ သုံးစွဲကလည်း အမှုဖွင့် တရားစွဲလို့ မရတော့ဘူးလေ။ လက်ဝယ်မမိတဲ့ဟာတွေကျ ကျော်စောမှုနဲ့ အမှုဖွင့် တရားစွဲရပါတယ်။ ကျော်စောမှုတွေ ဆိုရင်တော့ တရားရုံးက ခံဝန်နဲ့ နေထိုင်ဖို့ ပြန်လွှတ်ပေးတာ များပါတယ်။ ကျောက်ဆည်မှာမိတဲ့ အတော်များများက မန္တလေးက သူတွေများတယ်။ မန္တလေးမှာ ပိုက်စိတ်တိုက် ဖမ်းဆီးတော့ ကျောက်ဆည်ရောက်သွားကြတဲ့ သဘောပဲ။ ဒါကြောင့် တရားရုံး ခံဝန်အမိန့် ချမှတ်တဲ့အခါ သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့က သွားရောက်ခေါ်ဆောင်ပြီး အုပ်ထိန်းသူတွေလက်ထဲ ပြန်အပ်နှံရပါတယ်” ဟု ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

မန္တလေးမြို့တွင် မူးယစ်ဆေးဝါး သုံးစွဲနေကြသည့် ဗီဒီယိုင်ဖိုင်အချို့ အင်တာနက် စာမျက်နှာများတွင် မကြာခဏ ဆိုသလို ပျံ့နှံ့ခဲ့ပြီးနောက် သတင်းများ ထွက်ပေါ်နေခဲ့သော ပုသိမ်ကြီးမြို့နယ်၊ ဇီးအုပ်ကျေးရွာနှင့် ကမ်းနားလမ်း ကျူးကျော်နေအိမ်များက ရဲတပ်ဖွဲ့မှဝင်ရောက် ဖမ်းဆီးစစ်ဆေးမှုများ မကြာခဏ ဆိုသလို ပြုလုပ်ခဲ့ပြီး ကျော်စောသတင်းရှိ နေအိမ်များကို စည်ပင်သာယာ ဥပဒေအရ ဖျက်သိမ်းခဲ့ကြောင်း သိရသည်။

မန္တလေးမြို့တွင် မူးယစ်ဆေးဝါး ကျော်ဇောမှုဖြင့် ထွက်ပြေးတိမ်းရှောင်နေသော ဘိုစနေ၏ဇနီးအား သုံးနှစ်ခံဝန်ဖြင့် ချုပ်ဆိုနေထိုင်စေရန် အောင်မြေသာစံမြို့နယ် တရားရုံးမှ စက်တင်ဘာ ၁၀ ရက်က အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

 

မောင်တောတွင် ကာလတန်ဖိုး ကျပ်သန်းပေါင်း ၂၃၀၀ ကျော် တန်ဖိုးရှိသည့် စိတ်ကြွဆေးပြား ၁၁ သိန်းကျော် ဖမ်းဆီးရမိ

မောင်တောတွင် ကာလတန်ဖိုး ကျပ်သန်းပေါင်း ၂၃၀၀ ကျော် တန်ဖိုးရှိသည့် စိတ်ကြွဆေးပြား ၁၁ သိန်းကျော် အောက်တိုဘာ ၈ ရက် ညနေပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း မောင်တောခရိုင် ရဲတပ်ဖွဲ့မှ သိရသည်။

အဆိုပါ စိတ်ကြွဆေးပြားများကို မောင်တောမြို့နယ် မြို့ဦးကျေးရွာအုပ်စု လသာကျေးရွာရှိ ဘင်္ဂါလီ နေအိမ်တစ်လုံးမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး စိတ်ကြွဆေးပြားပေါင်း ၁,၁၇၀,၀၀၀ ရှိပြီး ကာလတန်ဖိုး ကျပ် ၂၃၄၀,၀၀၀,၀၀၀ ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၁၈ ရက် ည နေ ၄ နာရီ ၁၅ မိနစ်တွင် မောင်တောမြို့နယ် မြို့ဦးကျေးရွာအုပ်စု လသာကျေးရွာနေ ရော်ဖီးဆိုသူ၏ နေအိမ်တွင် ရော်ဖီး(ခ) ရော်ဖီးအူလာ (၄၀ နှစ်) ဆိုသူမှ မူးယစ်ဆေးဝါးအိတ်များ ရွှေ့ပြောင်း သယ်ဆောင်နေကြောင်း သတင်းရရှိသည့်အတွက် ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်း၏ စီမံကွပ်ကဲမှုဖြင့် မောင်တောခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ထွန်းမြင့်ထွန်း ကြီးကြပ်သော ပူးပေါင်းရဲတပ်ဖွဲ့မှ အဆိုပါ နေအိမ်အား ၀င်ရောက် ရှာဖွေခဲ့ရာ တံခါးသော့ခတ်ထားသည်ကို တွေ့ရှိသဖြင့် သက်သေများနှင့် ၀င်ရောက် ရှာဖွေခဲ့ ရာမှ အိပ်ခန်းအတွင်း အ၀ါရောင် ဆာလာအိတ် ခြောက်လုံးဖြင့် ထည့်လျက် ဖယောင်းစက္ကူ ပတ်ထားသော တစ်ထုပ်လျင် WY စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား ၉၇၅၀ ပြားစီပါ အထုပ် ၁၂၀ စုစုပေါင်း ပန်းရောင် စိတ်ကြွဆေးပြား ၁၁၇၀၀၀၀ ပြား တစ်ပြားလျှင် ကျပ် ၂၀၀၀ နှုန်းဖြင့် စုစုပေါင်း ကာလ တန်ဖိုး ကျပ်သန်းပေါင်း ၂၃၄၀ အား ရှာဖွေ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှ တရားခံကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိပြီး အမှုနှင့်ပတ်သက်ပြီး မောင်တောမြို့မရဲစခန်းတွင် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အလားတူ အောက်တိုဘာ ၅ ရက် ညနေပိုင်းတွင် မောင်တောမြို့နယ် ကျီးကန်းပြင် (၃) မိုင်သွား ကားလမ်း၌ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂၈၂၇၅၀ ပြား (ခန့်မှန်း တန်ဖိုး ကျပ်သိန်းပေါင်း ၅၀၀၀ ကျော်) နှင့် ဆိုင်ကယ်တစ်စီး ဖမ်းဆီးရမိခဲ့ပြီး တရားခံများမှာ ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။

 

မောင်တောခရိုင်အတွင်း ၂၀၁၈ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ အောက်တိုဘာ ၁ ရက်အထိ မူးယစ်ဆေးဝါး အမှုပေါင်း ၄၈ မှုမှ ကာလတန်ဖိုး ငွေကျပ်သိန်းပေါင်း ၁၃၀၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၆၄ သိန်းကျော် ဖမ်းဆီးဖော်ထုတ်နိုင်ခဲ့

သြဂုတ် ၁၇ ရက် ညနေပိုင်းက မောင်တောမြို့ ရွှေဇားတံတားအနီး ဂျင်း(ချင်း) များ တင်ဆောင်လာသော ယာဉ်တစ်စီးအား ရပ်တန့်စစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့သည့် စိတ်ကြွဆေးပြားများကို တွေ့ရစဉ်

မောင်တောခရိုင်အတွင်း ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်ထိ မူးယစ်ဆေးဝါးအမှု ပေါင်း ၄၈ မှုမှ ကာလတန်ဖိုး မြန်မာငွေ ကျပ် သိန်းပေါင်း ၁၃၀၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြား ၆၄ သိန်းကျော် ဖမ်းဆီးဖော်ထုတ်နိုင်ခဲ့ မောင်တောခရိုင်ရဲတပ်ဖွဲ့မှ သိရှိရသည်။

မောင်တောခရိုင်အတွင်း စိတ်ကြွဆေးပြားများ ဖမ်းဆီးရရှိမှု မြင့်တက်လျက်ရှိပြီး ၂၀၁၈ ခုနှစ် ဇန်န၀ါရီမှ အောက်တိုဘာ ၁ ရက်ထိ မူးယစ်ဆေးဝါး အမှုပေါင်း ၄၈ မှု ဖမ်း ဆီးဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ပြီး တရားခံ ကျား ၅၄ ဦး၊ မ ၂၀ စုစုပေါင်း ၇၄ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့  ဒီနှစ် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုမှာ အမှုပေါင်း ၄၈ မှု ရှိပြီးတော့မှ ငွေကျပ်သိန်းပေါင်း တစ်သိန်းသုံးသောင်း ကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖော်ထုတ် ဖမ်းဆီးခဲ့ပါတယ်။ ဒီအထဲမှာ  နယ်ခြား စောင့် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိတာ မပါသေးပါဘူး။ ခရိုင်ရဲက ဖမ်းဆီးတဲ့ အမှုတွေသာဖြစ်ပါတယ်” ဟု မောင်တောခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးထွန်းမြင့်ထွန်းက ပြောကြားသည်။

၂၀၁၈ ခုနှစ်တွင် မောင်တောခရိုင်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှုမှာ ယခင်နှစ် အလားတူကာလထက် မြင့်တက်ခဲ့ကြောင်းနှင့်  ၂၀၁၇ ခုနှစ်အတွင်း ဇန်န၀ါရီလမှ စက်တင်ဘာလကုန်အထိ မူးယစ်ဆေးဝါး အမှုပေါင်း ၃၄ မှုရှိခဲ့ကြောင်းလည်း သိရသည်။

၂၀၁၈ ခုနှစ်အတွင်း  မောင်တောခရိုင် မောင်တောမြို့နှင့် ဘူးသီးတောင်မြို့၌  စိတ်ကြွ ဆေးပြားများ အများအပြား ဖမ်းဆီးရမိမှု ဖြစ်စဉ်များမှာ သြဂုတ် ၂၅ ရက် ညနေ ၆ နာရီ ခွဲ အချိန်ခန့်တွင် မူးယစ်ဆေးဝါး သတင်းအရ ပြည်နယ်ရဲတပ်ဖွဲ့မှူး၏ စီမံကွပ်ကဲမှုဖြင့် မောင်တောခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးထွန်း မြင့်ထွန်းကိုယ်တိုင် အနီးကပ်ကြီးကြပ်ပြီး ရဲတပ်ဖွဲ့မှ ဘူးသီးတောင်မြို့ အမှတ် (၅) ရပ် ကွက် မြို့ ၀င်/ထွက် စစ်ဆေးရေးဂိတ်တွင် ကားများအား စစ်ဆေးရှာဖွေရာ ဓည၀တီ လမ်းအတိုင်း မြို့ဝင်/ထွက် စစ်ဆေးဂိတ်ဘက် သို့မောင်းနှင်လာသော မော်တော်ယာဉ် တစ်စီးအား ရပ်တန့်စစ်ဆေးရှာဖွေရာ လှိုင်သာယာမြို့နယ် အမှတ် (၁) ရပ်ကွက်နေ ယာဉ်မောင်းအောင်မျိုးလွင် ( ၃၇ နှစ်) (ဘ)ဦးသန်းကျော်  မောင်းနှင်ကာ ယာဉ်ပေါ်တွင် တစ် ရက်တည်းနေ ကျော်စိုးဦး (ခ) ခင်မောင်ဝင်း ( ၄၁ နှစ်)(ဘ) ဦးလှဝင်း လိုက်ပါလာပြီး ယာဉ်အား သက်သေများနှင့်အတူ ဆက်လက်ရှာဖွေရာ ယာဉ်နောက်ခန်းတွင် ပီနံအိတ်အကြီး ခုနစ်ထုပ်၊ အသေးတစ်ထုပ်အတွင်းမှ မြင်းချေးရောင် စက္ကူဖြင့် ထုပ်ထားသော အထုပ် ၁၄၉ ထုပ်ကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

အဆိုပါ အထုပ် ၁၄၉ ထုပ်အား သက်သေများရှေ့ ဖွင့်ဖောက်စစ်ဆေးရာ WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား  ၁၄၅၂၇၅၀ ပြား ၊ ကာလတန်ဖိုး တစ်ပြားလျှင် ကျပ် ၃၀၀၀ နှုန်းဖြင့် စုစုပေါင်း တန်ဖိုး ၄၃၅၈၂၅၀၀၀၀ ကျပ်အား ရှာဖွေတွေ့ရှိခဲ့ကြောင်းသိရသည်။

အလားတူ  သြဂုတ် ၁၇ ရက် ညနေပိုင်းကလည်း မောင်တောမြို့နယ်ရွှေဇား ကျေးရွာအုပ်စု ရွှေဇားတံတားအနီးတွင် တွေ့ရှိသည့်  ဂျင်း(ချင်း)များတင်ဆောင်လာသော တေပါ ယာဉ်တစ်စီးအား ရပ်တန့်စစ်ဆေးရာမှ ချင်းများဖြင့် ရောနှောတင်ဆောင်လာသော ငွေကျပ်သိန်းပေါင်း ၈၃၀၀၀ နီးပါး တန်ဖိုးရှိ စိတ်ကြွဆေးပြားပေါင်း ၂၇၆၆၀၀၀ ပြားကို စံချိန်တင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့အပြင် သြဂုတ် ၂ ရက် ည ၉ နာရီ ၄၅ မိနစ်က မောင်တောမြို့မြို့မကညင်တန်း ကျေးရွာ တောင်ဗလီလမ်းကြားတွင် အဏ္ဏ၀ါဆာဒတ်ဆိုသူအား  တန်ဖိုးငွေကျပ်သိန်းပေါင်း ၃၀၀၀ နီးပါးရှိ WY/R စာတန်းရောရာပါ ပန်းရောင်စိတ်ကြွဆေးပြား ၁၄၇၇၅၀ ပြား နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ စိတ်ကြွဆေးပြားများဖမ်းဆီးရမိအောင် ဆောင်ရွက်နိုင်ခဲ့သဖြင့် မောင်တောခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ထွန်းမြင့်ထွန်းအား ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး၏ အမှုထမ်းကောင်းလက်မှတ်ကို ချီးမြှင့်ခဲ့ကြောင်း သိရသည်။  အလားတူ မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်အတွင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့မှဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးအမှုများမှာလည်း အများအပြားရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုမှာ အများဆုံးဒေသများထဲတွင်  မောင်တောနယ်စပ်ဒေသသည် တစ်ခုအပါ အ၀င်ဖြစ်ပြီး  ရခိုင်ပြည်နယ် ခရိုင်ငါးခုတွင်  မောင်တောခရိုင်သည် မူးယစ်ဆေးဝါး ဒုတိယ အများဆုံး ဖမ်းဆီးရမိသည့် ခရိုင်ဖြစ်ကြောင်းလည်း သိရသည်။