မန္တလေးမြို့ ကမ်းနားလမ်းတစ်လျှောက် မူးယစ်ဆေးဝါး သုံးစွဲရောင်းချနေသူများကို မူးယစ်တပ်ဖွဲ့က ဦးဆောင်ကာ ဖမ်းဆီးမှုများပြုလုပ်

မူးယစ်ဆေးသုံးစွဲရောင်းချသူအချို့ကို ဖမ်းဆီးနေစဉ်

မန္တလေးမြို့ ကမ်းနားတစ်လျှောက် မူးယစ်ဆေးဝါး သုံးစွဲရောင်းချနေမှုများကို မူးယစ်ရဲတပ်ဖွဲ့က ဦးဆောင်ကာ သြဂုတ် ၂၀ ရက် နေ့လယ် ၂ နာရီခန့်က စတင်ကာ ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

မန္တလေးမြို့ ဧရာဝတီ မြစ်ဘေးကမ်းနားရှိ အိမ်တစ်လုံးတွင် အုပ်စုလိုက် မူးယစ်ဆေးဝါး သုံးစွဲနေသည့် ဗွီဒီယိုဖိုင်တစ်ခု သြဂုတ် ၁၉ ရက် ညပိုင်းက လူမှုကွန်ရက် Facebook စာမျက်နှာတွင် ထွက်ပေါ်လာခဲ့သည်။

အဆိုပါ ဗီဒီယိုဖိုင် ပေါ်ထွက်လာပြီးနောက် မူးယစ်တပ်ဖွဲ့က ဦးဆောင်ကာ နယ်မြေခံ ရဲတပ်ဖွဲ့ အပါအ၀င် ပူးပေါင်းစစ်ဆေး ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကမ်းနားလမ်းတစ်လျှောက်ရှိ ကျူးကျော်တဲအိမ်များကို စစ်ဆေးခြင်း၊ အဆိုပါ အနီးတစ်ဝိုက် ဆိုင်ကယ်မောင်းနှင်လာသူများကို စစ်ဆေးခြင်းများပြုလုပ်ခဲ့ပြီး မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီမှ တည်ဆောက်ထားသည့် အငှားအိမ်ရာတိုက်ခန်းများကိုလည်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာ မူးယစ်ဆေးဝါး သုံးစွဲထားသူဟုယူဆရသည့် လူငယ်ရှစ်ဦးခန့်နှင့်အတူ စိတ်ကြွဆေးပြား ၃၆ ပြားခန့် ကနဦး ဖမ်းဆီးရမိထားကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အထက်မြန်မာပြည် မူးယစ်တပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီးမျိုးအောင်ကို မေးမြန်းခဲ့ရာ “လတ်တလော စစ်ဆေးဖမ်းဆီးနေဆဲမို့ ဘာမှပြောလို့ မရသေးပါဘူး။ နောက်မှ ထုတ်ပြန်ပေးပါမယ်” ဟု ပြန်လည်ပြောကြားခဲ့သည်။

ဇွန်လ ၅ ရက် နံနက်အစောပိုင်းကလည်း အင်တာနက် စာမျက်နှာများတွင် မန္တလေးမြို့၊ ကမ်းနားလမ်း တာရိုးအနီး မူးယစ်ဆေးဝါး သုံးစွဲနေကြသည့် ဗီဒီယိုဖိုင် တက်လာခဲ့ပြီး နောက်နံနက် ၈ နာရီခန့်မှ စတင်ကာ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အောင်မြေသာစံမြို့နယ် မင်းတဲအီကင်းရပ် ကမ်းနားလမ်း အနောက်ဘက်တွင် ၀င်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့ရာ မူးယစ်ဆေးဝါးနှင့် သုံးစွဲသူ၊ ရောင်းချသူများကို တွေ့ရှိခဲ့ခြင်းမရှိဘဲ တဲများကိုသာ ဖျက်သိမ်းခဲ့သည်။

မန္တလေးမြို့တွင် မကြာခဏဆိုသလို မူးယစ်ဆေးဝါး သုံးစွဲနေကြသည့် ဗီဒီယိုင်ဖိုင်အချို့ အင်တာနက်စာမျက်နှာများတွင် ပျံ့နှံ့ ခဲ့သလို သတင်းများ ထွက်ပေါ်နေခဲ့သော ပုသိမ်ကြီးမြို့နယ်၊ ဇီးအုပ်ကျေးရွာ အတွင်းသို့လည်း ဇွန် ၂ ရက်က ရဲတပ်ဖွဲ့က ၀င်ရောက် ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ကျော်စောသတင်းရှိ နေအိမ်၂၃ လုံးကို စည်ပင်သာယာ ဥပဒေအရ ဖျက်သိမ်းခဲ့ကြောင်း သိရသည်။

ယင်းသို့ ဖမ်းဆီးမှုများတွင် သုံးစွဲနေသူ အများအပြားကိုသာ ဖမ်းဆီးရမိခဲ့ပြီး စိတ်ကြွဆေးပြား အနည်းငယ်သာ ဖမ်းဆီးရမိခဲ့ကြောင်းလည်း သိရသည်။

ကချင်ပြည်နယ်တွင် မူးယစ်ဆေးသုံးစွဲသူနှင့် ရောင်းချသူ လွန်စွာများနေသည်ဟုဆိုကာ နန်းမားမြို့တွင် ဆန္ဒထုတ်ဖော်

ကချင်ပြည်နယ်တွင် မူးယစ်ဆေးသုံးစွဲသူနှင့် ရောင်းချသူ လွန်စွာများနေသည်ဟုဆိုကာ ဇွန် ၂၄ ရက်က နန်းမားမြို့တွင် ဒေသခံများ ဆန္ဒထုတ်ဖော်စဉ်

မူးယစ်ဆေးဝါးတွေ သုံးစွဲသူ၊ ရောင်းသူ များလွန်းသဖြင့် ကချင်ပြည်နယ် နန်းမားမြို့တွင် ဇွန် ၂၄ ရက်က ဆန္ဒပြခဲ့ကြောင်း သတင်းရရှိသည်။

ယင်းဆန္ဒပြပွဲသို့ နန်းမားမြို့ခံများနှင့် ယင်းပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံ ၄၀၀ ကျော် တက်ရောက်ခဲ့ပြီး ဒေသတွင်း မူးယစ်ရောင်းသူများက သေနတ်၊ လက်ပစ်ဗုံးစတဲ့တွေ ကိုင်ဆောင်ရောင်းချနေတာကြောင့် မတက်ရောက်ရဲသည့် ကျေးရွာဒေသခံများလည်း ရှိနေကြောင်း ဆန္ဒပြပွဲကို ဦးဆောင်သူများက ဆိုသည်။

ဒေသခံများသည် ‘မူးယစ်ရောင်းသူ ဒို့ရန်သူ’ ‘နိုင်ငံတော်မှ ဖမ်းဝရမ်းကို မဆောင်ရွက်သူ အလိုမရှိ’ ‘နန်းမားဖျက်ထွန်းထွန်း ထွက်သွား’ ‘ရောင်းချသူအား ကူညီသူ ဒို့ရန်သူ’ စသည့် ဆိုင်းဘုတ်များ ကိုင်စွဲကာ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နန်းမားကျေးမြို့မှ ရပ်မိရပ်ဖတစ်ဦးဖြစ်သည့် ဦးသောင်းဥာဏ်က “ဒီနေ့က ဆန္ဒပြတာက နန်းမားအပြင် ကျေးရွာ လေး ငါးရွာက လူတွေလာတယ်။ အားလုံး အင်အား ၄၀၀ လောက်ရှိမယ်။ ဆန္ဒထုတ်ဖော်ရတဲ့ အကြောင်းရင်းကတော့ မူးယစ်ဆေးဝါးသုံးစွဲသူ ရောင်းသူက တအားများနေတယ်။ လူပေါင်းရာချီပြီး သုံးနေကြတယ်။ အဓိက ရောင်းနေတာက အရှေ့တောင်နားမှာပေါ့။ သက်ဆိုင်ရာ အာဏာပိုင်တွေလည်း သိပါတယ်။ ဘာကြောင့် မဖမ်းနိုင်သလဲဆိုတာ ကျွန်တော်တို့ မသိတာ။ ဒီနေ့ဆန္ဒပြတဲ့အခါမှာလည်း ‘နိုင်ငံတော်မှ ၀ရမ်းကို မဆောင်ရွက်သူ တို့ရန်သူ တို့၊ နန့်မားဖျက် ထွန်းထွန်း ထွက်သွားလို ဆိုင်းဘုတ်တွေပေါ့။ လက်နက်တွေကိုကိုင်ပြီး ရောင်းနေတော့ တချို့ ဒီနေ့ဆန္ဒပြပွဲကို မလာရဲကြဘူး။ ရောင်းသူက ဘယ်လောက်အားကောင်းသလဲဆိုရင် တနင်္ဂနွေနေ့မျိုးတွေမှာ အလကား သုံးခိုင်းတာ။ ၀က်သားတွေဝယ်ပြီး ဟင်းချက်ကျွေးတာတွေပါ ရှိနေတာလို့ ကြားနေရတယ်။ ဒီဒေသမှာ သုံးတဲ့သူ ဘယ်လောက်များလဲဆိုရင် လယ်ချိန်မှာ ပျိုးနုတ်တို့၊ တခြား စုပေါင်းလုပ်ရမယ်ဆိုရင် ဆေးပြားတို့၊ အဖြူတို့မပေးရင် လူမရဘူး။ အရင်က ထမင်းကျွေး၊ အလွန်ဆုံးရှိ အရက်တိုက်ပေါ့။ အခုက အဲဒီလို မဟုတ်တော့ဘူး အဖြူ၊ အပြားပါမှ။ တစ်နယ်လုံးပဲ” ဟု ပြောကြားသည်။

နန်းမားအုပ်ချုပ်ရေးမှူး ဦးခင်အောင်ဌေးက “ဒီနေ့ဆန္ဒပြတာကတော့ တောင်အင်းဆိုတဲ့ ရွာဘက်မှာ မူးယစ်ဆေးရောင်းတဲ့အဖွဲ့တွေက ဘိန်းဖြူခွက်ယူသွားတဲ့ကလေးကို နားထင်ကို သေနတ်နဲ့ချိန်ပြီး ချိန်းခြောက်ခဲ့တာတွေရှိတယ်။ အဲဒါကို ရွာသားတွေက မကျေနပ်ကြဘူး။ မူးယစ်ရောင်းသူတွေက လက်နက် အတို၊ အရှည်၊ လက်ပစ်ဗုံးတွေကအစ ရှိနေတာကိုး။ ဒီမှာတော့ ဘယ်လောက်များသလဲဆိုရင် လူ ၁၀၀ မှာ ၈၀ ရာခိုင်နှုန်းလောက် ဖြစ်နေတယ်။ မူးယစ်ရောင်းငွေဟာ တစ်ရက်မှာ သိန်း ၁၅၀ လောက် ဖြစ်နေတယ်လို့ သိရတယ်။ မူးယစ်ဆေး ဘာကြောင့်ပေါသလဲဆိုရင် ရောင်းသူက တောင်ခြေမှာဖြစ်နေတယ်။ တစ်ဖက်သော အဖွဲ့အစည်းတွေနဲ့လည်း နီးနေတယ်။ ကျွန်တော်က ရပ်ရွာမှာ ကာကွယ်ရေး ပြည်သူ့စစ်ခေါင်းဆောင်လည်းဖြစ်တော့ ဒီလိုတွေသွားဖမ်းရင် ကိုယ့်လူကို ထိခဲ့မှာလည်း စိုးရိမ်တယ်။ ကျွန်တော်တို့ အများကြီး ဖမ်းခဲ့တယ်။ သက်ဆိုင်ရာကပဲ ပြန်လွှတ်တာမျိုးတွေ ရှိနေတယ်။ တစ်ဖက်က တရားစွဲခံရတာမျိုးတွေရှိတယ်။ ဒါက ပြည်သူ့ရဲတွေ အလုပ်လေ။ အဲဒီလိုတွေကြောင့် အခုလို ဖြစ်နေတာ” ဟု ပြောကြားသည်။

ဇွန် ၂၀ ရက်က ကချင်ပြည်နယ် မိုးညှင်းဒေသ နန်းမားမြို့တွင် မူးယစ်ရာဇာတစ်ဦးကို ဖမ်းဆီးရာတွင် အဓိက တရားခံလွတ်မြောက်ခဲ့ပြီး ဇနီးဖြစ်သူကို သေနတ်နှင့် လက်ပစ်ဗုံးများ၊ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးခဲ့သည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာ ၉ ရက်တွင် ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားကျေးရွာနယ်မြေရဲစခန်းပိုင် တောင်အင်းကျေးရွာအုပ်စု နန့်စွန်းတောင်တန်း လဆန်ရွာပျက်အနီး တောင်ခြေတွင် တရားမ၀င် လက်နက်ကိုင်ဆောင်၍ မူးယစ်ဆေးရောင်းသည့်အဖွဲ့ကို တပ်နှင့် ရဲဝင်စီးရာ ၂၈ ဦးဖမ်းဆီးမိပြီး အဓိကသံသယဖြစ်သူ ထွန်းထွန်း (ခ) အောင်ဝင်းထွန်းမှာ လွတ်မြောက်သွားခဲ့သည်။ စီးနင်းမှုတွင် အဓိက တရားခံဖြစ်သူ ထွန်းထွန်း(ခ)အောင် ၀င်းထွန်းမှာ လွတ်မြောက်သွားပြီး မူးယစ်ဆေးဝါးသုံးစွဲပြီးနှင့် သုံးစွဲရန် ရောက်ရှိနေသူ ၂၈ ဦးကို သက်သေခံ ဆိုင်ကယ် ၁၀ စီး၊ အခြားသက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ တောင်အင်းကျေးရွာရှိ ထွန်းထွန်း (ခ) အောင်ဝင်းထွန်း၏ နေအိမ်ကို ဆက်လက်ရှာဖွေရာတွင်လည်း မတွေ့ရှိရကြောင်း သိရသည်။