မြန်မာမှ တင်သွင်းလာသော ဒေါ်လာ ၁၈ သန်းတန်ဖိုးရှိ မူးယစ်ဆေးများကို မလေးရှားက ဖမ်းဆီးရမိ

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအား လျှို့ဝှက်ထည့်သွင်းလာသည့် လက်ဖက်ခြောက်ထုတ်များအား ရဲများက မီဒီယာများကို ပြသနေစဉ် (Photo – AFP)

လက်ဖက်ခြောက်အထုတ်များထဲတွင် လျှို့ဝှက်ထည့်သွင်းလျက် မြန်မာနိုင်ငံမှတစ်ဆင့် သင်္ဘောဖြင့်တင်သွင်းလာသော ခရစ်စတယ် မက်သာဖီတမင်း စံချိန်တင် ၁ ဒသမ ၂ တန်နီးပါးအား ဖမ်းဆီးမိခဲ့ကြောင်း မလေးရှားတာဝန်ရှိသူများက မေ ၂၈ ရက်တွင် ပြောကြားခဲ့ရာ မလေးရှား၌ ပမာဏအများဆုံး မူးယစ်ဆေးဖမ်းဆီးမိမှုဖြစ်လာကြောင်း သိရသည်။

မြို့တော်ကွာလာလမ်ပူအပြင်ဘက်ရှိ ပို့တ်ကလန်တွင် အကောက်ခွန်တာဝန်ရှိသူများက မေ ၂၂ ရက်၌ပြုလုပ်ခဲ့သော ရှာဖွေစီးနင်းမှုအတွင်း ရင်းဂစ် ၇၁ သန်း (ဒေါ်လာ ၁၈ သန်း) တန်ဖိုးရှိသော ထိုမူးယစ်ဆေးများအား ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အကောက်ခွန်ဌာနမှ အထွေထွေမန်နေဂျာ Subromaniam Tholasy က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ရန်ကုန်မြို့မှ ကုန်သေတ္တာ တစ်လုံးဖြင့် ထိုမူးယစ်ဆေးဝါးများအား တင်သွင်းလာမှုနှင့်ပတ်သက်၍ မူးယစ်ဆေးမှောင်ခိုကူးသူများဟု သံသယရှိသူခြောက်ဦးကို ဖမ်းဆီးခဲ့ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

မြန်မာ၊ လာအို၊ ထိုင်းနှင့် တရုတ်တို့အား ဖြတ်သန်းသွားသော ဥပဒေစိုးမိုးမှုအားနည်းသည့် နယ်စပ်ဇုန်တစ်ခုဖြစ်သော နာမည်ဆိုးဖြင့်ကျော်ကြားသည့် ရွှေတြိဂံဒေသတွင် မူးယစ်ဆေးဝါးထုတ်လုပ်မှု တစ်ဟုန်ထိုး မြင့်တက်နေချိန်၌ မလေးရှားတွင် ယင်းကဲ့သို့ ခရစ်စတယ် မက်သာဖီတမင်းများကို စံချိန်တင် ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။

ခရစ်စတယ် မက်သာဖီတမင်းသည် Speed ၊ Shabu နှင့် Yaba ဟု လူသိများကြသော အလွန်အမင်းစွဲလမ်းစေရန် ဖန်တီးပြုလုပ်ထားသည့် မက်သာဖီတမင်းပုံစံတစ်မျိုး ဖြစ်သည်။

ထိုဖမ်းဆီးရမှုသည် မလေးရှားတွင် ဖမ်းမိသမျှ၌ တန်ဖိုးနှင့် ပမာဏတွင်ပါ အများဆုံးဖြစ်ကြောင်း Subromaniam က သတင်းထောက်များအား ပြောကြားခဲ့သည်။

“ဒီမူးယစ်ဆေးတွေက ဒေသဆိုင်ရာ ဈေးကွက်အတွက် ရည်ရွယ်တယ်လို့ ယူဆပါတယ်။ ပြီးတော့ ဒါက မြန်မာရာဇ၀တ်ဂိုဏ်းတစ်ခုနဲ့ လက်တွဲထားတဲ့ ဒေသဆိုင်ရာ ရာဇ၀တ်ဂိုဏ်းတစ်ခုရဲ့ လက်ချက်လို့ ထင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ဖမ်းဆီးခံခဲ့ရသူများမှာ အသက် ၂၂ နှစ် နှင့် ၄၈ နှစ်အကြားရှိ မြန်မာနိုင်ငံသား သုံးဦးနှင့် မလေးရှားနိုင်ငံသား သုံးဦးတို့ဖြစ်ကြောင်း Subromaniam က ပြောကြားခဲ့သည်။

မလေးရှား၏ ပြင်းထန်သော မူးယစ်ဆေးဝါးနှိမ်နင်းရေး ဥပဒေများအရ ထိုဖမ်းဆီးခံရသူများသည် မူးယစ်ဆေးဝါးမှောင်ခိုကူးမှုတွင် ပြစ်မှုထင်ရှားပါက သေဒဏ်ကျခံရနိုင်ကြောင်း သိရသည်။

ထို့ပြင် ယင်းစီးနင်းရှာဖွေမှု၌ မလေးရှားအကောက်ခွန် တာဝန်ရှိသူများသည် ဘိန်းဖြူဂရမ် ၇၅၀ နှင့် တရားမ၀င်တင်သွင်းလာသော စီးကရက် အလိပ်တစ်သန်းခန့်ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

Ref ;AFP

မြန်မာမှ တင်သွင်းလာသည့် ဒေါ်လာ ၁၈ သန်း တန်ဖိုးရှိ မူးယစ်ဆေးများကို မလေးရှားက ဖမ်းဆီးရမိ

မြန်မာနိုင်ငံမှ တင်သွင်းလာသော လက်ဖက်ခြောက်ပုံစံပြုလုပ်ထားသည့် မူးယစ်ဆေး ၁ ဒသမ ၂ တန် နီးပါးကို ဖမ်းဆီးမိခဲ့ပြီး မလေးရှားတွင် ခရစ္စတယ်မက်သာဖီတမင်း အများဆုံး စံချိန်တင် ဖမ်းဆီးရမှုဖြစ်ကြောင်း မလေးရှားတာဝန်ရှိသူများက မေ ၂၈ ရက်တွင် ပြောကြားခဲ့သည်။ ရန်ကုန်မှတစ်ဆင့် မလေးရှားမြို့တော် ကွာလာလမ်ပူအပြင် ဘက်ရှိပို့တ်ဂလန်သို့ ပို့ဆောင်ခဲ့သည့် ကုန်သေတ္တာတစ်လုံးထဲတွင် ရင်းဂစ် ၇၁ သန်း (ဒေါ်လာ ၁၈ သန်း) တန်ဖိုးရှိသော မူးယစ်ဆေး စုစုပေါင်း ၁၁၈၇ ကီလိုဂရမ်ကို ဖမ်းဆီးမိခဲ့ကြောင်း အကောက်ခွန် ညွှန်ကြားရေးမှူးချုပ် ဆူဘရိုမာနီယမ်တိုလက်ဆီးက ပြောကြားခဲ့သည်။ ခရစ္စတယ်မက်သာဖီတမင်းသည် Speed ၊ Shabu နှင့် Yaba ဟု လူသိများသော အလွန်အမင်း စွဲလမ်းစေသည့် မက်သာဖီတမင်း ပုံစံတစ်မျိုး ဖြစ်သည်။ ထို ကုန်သေတ္တာအား ကွာလာလမ်ပူ ဆင်ခြေဖုံးရှိ မလေးရှားကုန်သွယ်ရေး ကုမ္ပဏီတစ်ခုထံ လိပ်မူ၍ စားစရာများအဖြစ် ဖော်ပြလျက် ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသေတ္တာအား မေ ၂၂ ရက်တွင် ဖမ်းဆီးမိခဲ့ခြင်းဖြစ်ကြောင်း ဆူဘရိုမာနီယမ်က ပြောကြားခဲ့သည်။ ထိုဖမ်းဆီးမှုအတွင်း မြန်မာနိုင်ငံသား သုံးဦးနှင့် မလေးရှားနိုင်ငံသား သုံးဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ထိုကိစ္စအား စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ဖမ်းဆီးရမိသည့် အဖွဲ့သည် မြန်မာနိုင်ငံရှိအဖွဲ့များနှင့် ပတ်သက်မှုရှိနိုင်သည်ဟု ယုံကြည်ကြောင်း  ဆူဘရိုမာနီယမ်က ပြောကြားခဲ့သည်။ ထို့ပြင် တာဝန်ရှိသူများသည် ဘိန်းဖြူပမာဏ အနည်းငယ်နှင့် တရားမ၀င် စီးကရက်အလိပ် တစ်သန်းခန့်ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

Ref ;Reuters

ဘန်ကောက်တွင် ယာဉ်တန်းပေါ်မှ ဒေါ်လာ ၄၅ သန်း တန်ဖိုးရှိ မက်သာဖက်တမင်းများကို ထိုင်းရဲများ သိမ်းဆည်း

သိမ်းဆည်းမိခဲ့သော မူးယစ်ဆေးများနှင့် လက်နက်များအား မေ ၁၁ ရက်က ဘန်ကောက်တွင် သတင်းစာရှင်းလင်းပွဲ၌ ပြသထားစဉ် (Photo: AFP)

ဘန်ကောက်မြို့လယ်တွင် ယာဉ်တန်းတစ်ခုမှ မြန်မာနိုင်ငံထုတ် ယာဘဆေးပြား ၁၀ သန်းနှင့် လက်ဖက်ရည်ထုပ်များထဲ၌ ၀ှက်ထားသော တန်ဝက်ခန့်ရှိ ခရစ္စတယ် မက်သာဖက်တမင်းများကို သိမ်းဆည်းနိုင်ခဲ့သည်ဟု ထိုင်းရဲများက မေ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဒေသတွင်းပေါက်ဈေးဒေါ်လာ ၄၅ သန်း ၀န်းကျင်တန်ဖိုးရှိသော ထိုမူးယစ်ဆေးများကို ထိုင်း၏ မူးယစ်ဆေးဝါးလမ်းကြောင်း (အယုဒ္ဓယပြည်နယ်မှ ဘန်ကောက်သို့၊ ယင်းမှတစ်ဆင့် မလေးရှားတောင်ပိုင်းသို့) အတိုင်း သယ်လာခဲ့ခြင်းဖြစ်သည်။

ရဲများသည် အယုဒ္ဓယမှ ကားလေးစီးနောက်သို့ လိုက်ခဲ့ကြပြီး မေ ၁၀ ရက် နှောင်းပိုင်း၌ ထိုကားများ ဘန်ကောက်မြို့သို့ ရောက်ချိန်တွင် ဖမ်းဆီးခဲ့ကြသည်ဟု သိရသည်။ ကားများထဲတွင် ခရစ္စတယ် မက်သာဖက်တမင်းများ ထည့်ထားသော တရုတ်အမှတ်တံဆိပ် လက်ဖက်ရည်ထုပ်များနှင့် ဆေးထုပ်များကိုတွေ့ခဲ့ကြသည်။ အယုဒ္ဓယသည် မြန်မာနိုင်ငံဘက်မှလာသော မက်သာဖက်တမင်းများအား သိုလှောင်ရာ အဓိကနေရာတစ်ခုဖြစ်သည်။

“ဒီမူးယစ်ဆေးတွေကို သယ်ယူပို့ဆောင်ပေးဖို့ အခကြေးငွေရရှိထားတဲ့ သံသယရှိသူ ထိုင်းခြောက်ဦးကို ဖမ်းထားပါတယ်” ဟု အမျိုးသား ရဲချုပ် ဗိုလ်ချုပ်ကြီး ချာတစ်ချာဂျင်ဒါက သတင်းထောက်များကို ပြောကြားခဲ့သည်။ ဖမ်းဆီးမိသည့်ထဲ၌ပါဝင်သော အချို့မူးယစ် ဆေးများသည် နိုင်ငံခြားတိုင်းပြည်များအတွက် ဒီဇိုင်းထုတ်ထားခြင်းဖြစ်သည်ဟု သိရသည်။

“ဒီ မူးယစ်ဆေးတွေကို မြောက်ပိုင်း ၀ အုပ်စုက ပိုင်တာဖြစ်ပါတယ်” ဟု ရဲချုပ်က ရှမ်းပြည်နယ် အခြေစိုက် မျိုးနွယ်စုကို ရည်ညွှန်းပြောကြားခဲ့သည်။

ထိုင်းဘာသာစကားအရ ရူးသွပ်စေသော ဆေးဝါးဟု အဓိပ္ပာယ်ရသော ယာဘသည် မက်သာဖက်တမင်းနှင့် ကဖိန်းကို ရောထားသည့် ဆေးပြားများဖြစ်ပြီး အာရှတစ်လွှားတွင် သုံးစွဲကြသည်။ ယင်းယာဘ ဆေးပြားများကို ပါတီပွဲများမှအစ လယ်သမားများ၊ လော်ရီကားမောင်းသူများအထိ အသုံးပြုကြသည်။ မြန်မာဘက်မှ အမြောက်အမြားတင်ပို့မှုကြောင့် ထိုင်းနိုင်ငံထဲတွင် ယာဘ ဆေးပြားများ၏ ဈေးနှုန်းသည် ထိုးကျသွားပြီး တစ်ပြားလျှင် ဘတ် ၁၀၀ (သုံးဒေါ်လာဝန်းကျင်) သာရှိတော့သည်။

ယာဘထက် ပိုမိုပြင်းထန်ပြီး စွဲလမ်းစေနိုင်သည်မှာ Ice ဟုခေါ်သော မက်သာဖက်တမင်းဆေးပြားများဖြစ်ပြီး ယင်းတို့ကိုလည်း ဒေသတွင်းတွင် အသုံးပြုကြသည်။ Ice တစ်ကီလိုဂရမ် (၂ ဒသမ ၂ ပေါင်) သည် ဒေါ်လာ ၃၀၀၀၀ အထိ ထိုင်းတွင်ဈေးပေါက်ပြီး မြန်မာနိုင်ငံရှိ ပင်ရင်းမှတင်ပို့ပါက ဈေးပိုများကြောင်း သိရသည်။