စစ်တွေတွင် မိုင်းပေါက်ကွဲမှုနှင့် ပတ်သက်ပြီး သံသယဖြင့် ဖမ်းဆီးခံထားရသူများအနက် နှစ်ဦးအား ထောင်ဒဏ်ခြောက်လစီ ချမှတ်

စစ်တွေတွင် ဖေဖော်ဝါရီ ၂၄ ရက် နံနက်ပိုင်းက မိုင်းပေါက်ကွဲမှုနှင့် ပတ်သက်ပြီး သံသယဖြင့် ဖမ်းဆီးခံထားရသူများအနက် ဦးသန်းရွှေနှင့် ဦးမြင့်ကြည်တို့နှစ်ဦးအား နယ်စပ်ဖြတ်ကျော်မှုဖြင့် ထောင်ဒဏ်ခြောက်လစီ ချမှတ်လိုက်ကြောင်း သိရသည်။

မိုင်းပေါက်ကွဲမှုဖြစ်စဉ်ကြောင့် သံသယရှိသူကိုးဦးအား ဖမ်းဆီးခဲ့ပြီးနောက် ဦးနိုင်စိုး၊ ဦးမောင်မြင့်ရွှေ၊ ဦးရွှေထွန်းအောင်နှင့် ဦးတင်မြင့်ရွှေတို့ လေးဦးကို မတ် ၂၆ ရက် ညတွင် အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ပြီးနောက် မောင်သိန်းဦးကို မတ် ၂၇ ရက် နံနက်တွင် စစ်တွေမြို့မရဲစခန်းမှ အာမခံဖြင့် လွှတ်ပေးခဲ့ကြောင်း သိရသည်။

၎င်းတို့အနက် ကျန်ရှိနေခဲ့သော လေးဦးအထဲမှ မောင်သန်းရွှေနှင့် မောင်မြင့်ကြည်တို့ကို မတ် ၂၉ ရက်က စစ်တွေမြို့နယ် တရားရုံးတွင် တရားမ၀င် နယ်စပ်ဖြတ်ကျော်မှု ၁၃ (၁) ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကာ သြဂုတ် ၈ ရက်တွင် မြို့နယ်တရားရုံးက ထိုသို့ပြစ်ဒဏ် ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“စစ်တွေမြို့မှာ ကျွန်တော်တို့ ဖောက်ခွဲမှုနဲ့ အဖမ်းခံရတယ်။ ပြီးတော့ လ၀ကမှုနဲ့ တရားစွဲတယ်။ ဒီနေ့ ကျွန်တော်တို့ကို ထောင်ခြောက်လချလိုက်တယ်။ ဒီလိုအမိန့်ချမှတ်လိုက်မှုအပေါ်မှာ ကျွန်တော်တို့ မတရားဘူးလို့ ထင်ပါတယ်” ဟု မောင်သန်းရွှေက တရားရုံးမှ အထွက်တွင် မီဒီယာများအား ပြောကြားသည်။

ကျန်ရှိနေသေးသော ဦးမောင်အေးဝင်းနှင့် ဦးမောင်ဦးမြင့်တို့ကို ဧပြီ ၂၄ ရက်တွင် စစ်တွေခရိုင်တရားရုံး၌ အကြမ်းဖက်တိုက်ဖျက်ရေး ပုဒ်မများဖြစ်သည့် အမှုအမှတ် ၂၉/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၅၀ (က)/ (ဈ)၊ အမှုအမှတ် ၃၀/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၅၀ (ဈ) နှင့် အမှုအမှတ် ၃၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၅၀ (ဈ) များဖြင့် စွဲချက်တင်ခံခဲ့ရပြီး အမှုကိုရင်ဆိုင်နေရဆဲဖြစ်ကြောင်း သိရသည်။ သန်းလှိုင်

ယိုးတရုတ်ကျေးရွာအနီး မိုင်းပေါက်ကွဲမှုဖြစ်စဉ်တွင် သံသယဖြင့် တရားစွဲဆို ဖမ်းဆီးခံထားရသူသုံးဦး ပုဒ်မ ၁၇ (၂) မှ လွတ်မြောက်ပြီး ပုဒ်မ ၁၇ (၁) နှင့် ပုဒ်မ ၆ တို့ဖြင့် စစ်ဆေးခံရဆဲဖြစ်

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာအနီး ကားလမ်းဘေးတွင် ၂၀၁၇ ဇန်န၀ါရီ ၁ ရက်က မိုင်းပေါက်ကွဲမှုဖြစ်စဉ်တွင် သံသယဖြင့် တရားစွဲဆို ဖမ်းဆီးခံထားရသူသုံးဦး ပုဒ်မ ၁၇ (၂) မှ လွတ်မြောက်ခွင့်ရရှိပြီး ပုဒ်မ ၁၇ (၁) နှင့် ပုဒ်မ ၆ တို့ဖြင့် ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးခံထားရသူများမှာ ယိုးတရုတ်ကျေးရွာနေ ဦးယဉ်မောင်၊ ဦးနိုင်နိုင်နှင့် ဦးအောင်အောင်တို့ဖြစ်ပြီး ၂၀၁၇ ဇန်န၀ါရီ ၂ ရက်က ဖမ်းဆီးလိုက်ခြင်းဖြစ်ကာ ပုဒ်မ ၁၇(၁)(၂) တို့အပြင် ပုဒ်မ ၆ ဖြင့်လည်း တရားစွဲဆို ခံထားရခြင်းဖြစ်သော်လည်း ပြည်နယ်တရားလွှတ်တော်သို့ လျှောက်ထားခဲ့သည့်အတွက် ဦးယဉ်မောင်မှာ ပုဒ်မ ၆ မှ လွတ်မြောက်ခွင့်ရခဲ့သော်လည်း ကျန်နှစ်ဦးမှာ ပုဒ်မ ၁၇ (၁) နှင့်ပုဒ်မ ၆ တို့ဖြင့် အမှုရင်ဆိုင်နေရဆဲဖြစ်ကြောင်း သိရသည်။

ယင်းတို့အား ရုံးထုတ်သည့် အရေအတွက်မှာ ၈၉ ကြိမ်မြောက်ခဲ့ပြီဖြစ်ကာ ၂၀၁၈ ခုနှစ် မေ ၃ ရက်တွင် တစ်နှစ်နှင့် လေးလကျော် ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး ဦးအောင်အောင်၏ ဆွေမျိုးဖြစ်သူ ဒေါ်ခင်သန်းနုက “အခုဆိုရင် ၁၇ (၂) ဆိုတဲ့ပုဒ်မက လွတ်တယ်လို့ပြောတယ်။ တခြားစွဲထားတာတွေနဲ့ ဆက်လက်ဖမ်းဆီးထားတယ်။ ၃ ရက်နေ့က ရုံးထုတ်တယ်၊ ရုံးချိန်းထပ်ပေးလိုက်တယ်။ ပြောချင်တာကတော့ ထောင်ချချင်လည်း ချလိုက်ပါတော့လားလို့ ပြောချင်တယ်။ နောက်မှ ထောင်ဝင်စာ သွားတွေ့တော့မှာပေါ့။ ဘာတတ်နိုင်မှာလဲ။ ရုံးချိန်းတိုင်း သွားနေရတာကလည်း ငွေကုန်လူပန်းလှပါပြီ။ အခုက လွတ်ငြိမ်းချမ်းသာခွင့်လည်း မရလိုက်ဘူးပေါ့။ မထူးတော့ပြီလို့သာ ပြောချင်တယ်။ ဒါပေမဲ့ လာမယ့် မေ ၁၆ ရက်ကို ချိန်းဆိုလိုက်ပါတယ်။ အဲဒီနေ့မှာတော့ အမိန့်ချမယ့် အခြေအနေတွေရှိတယ်လို့လည်း ကြားခဲ့ရတယ်။ ချမချတော့ မသိပါဘူး” ဟုပြောကြားသည်။

အဆိုပါဖြစ်စဉ်မှာ ယိုးတရုတ်ကျေးရွာနှင့် သဲတက်ကျေးရွာကြား ရန်ကုန်-စစ်တွေကားလမ်း မိုင်တိုင်အမှတ် ၁၆၀ အနီး၌ ဇန်န၀ါရီ ၁ ရက် ညနေ ၄ နာရီတွင် ပေါက်ကွဲမှုဖြစ်ပွားကြောင်း၊ ယင်းပေါက်ကွဲမှုမှာ ကားလမ်း၏အရှေ့ဘက် ၁၂ ပေခန့်အကွာတွင် ပေါက်ကွဲပြီး စနက်တံအိမ်ခေါင်းတစ်ခု၊ ဓာတ်ခဲနှစ်လုံးဆံ့ ဓာတ်ခဲအိမ်နှစ်ခု၊ ၀ိုင်ယာကြိုးများဖြင့် သွယ်တန်းထားသည့် ပလတ်စတစ်အိတ်တစ်ထုပ်၊ ယမ်းထည့်ထားသည်ဟု ယူဆရသည့် ပေါက်ကွဲပြီး ပလတ်စတစ်အစအနများကို တွေ့ရှိခဲ့ရသည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။ ယင်းနှင့်ပတ်သက်ပြီး မသင်္ကာဖွယ်ဖြစ်သူများအား ခေါ်ယူစစ်ဆေးခဲ့ရာ ယိုးတရုတ်ကျေးရွာနေ အောင်အောင် (ဘ) ဦးစောလှ၊ ၃၁ နှစ်၊ နိုင်နိုင် (ဘ) ဦးစောလှ၊ ၃၃ နှစ်၊ ဦးယဉ်မောင် (ဘ) ဦးကျော်သန်းမောင်၊ ၄၁ နှစ်တို့မှာ ဖောက်ခွဲရေးလုပ်ဆောင်ရာတွင် ပါဝင်ကူညီခဲ့ကြောင်း ၀န်ခံခဲ့သည်ဟုလည်း သိရပြီး ဖောက်ခွဲသူအား ဖမ်းဆီးရရှိခြင်းမရှိသေးကြောင်း သိရသည်။

ယင်းတို့အား ပုဏ္ဏားကျွန်း မြို့နယ်တရားရုံးနှင့် စစ်တွေခရိုင်တရားရုံးတို့တွင် ရုံးထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ကျောက်မဲမြို့မှ သီပေါမြို့ဘက်အထွက် ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ တိုးဂိတ်အနီးတွင် မိုင်းသုံးလုံး ပေါက်ကွဲမှုဖြစ်ပွား

ကျောက်မဲမြို့ အိုရီယမ်တယ်တိုးဂိတ်အနီး မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်နေရာ တစ်နေရာအား တွေ့ရစဉ် (ဓါတ်ပုံ – U Tin Maung Thein)

မန္တလေး-လားရှိုး ပြည်ထောင်စုကားလမ်းမကြီးပေါ် ကျောက်မဲမြို့မှ သီပေါမြို့အထွက် အော်ရီယမ်တယ်တိုးဂိတ် အနီးတွင် မတ်လ ၂၆ ရက်နေ့ည သန်းခေါင်ယံ အချိန်က မိုင်းပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဗုံးပေါက်ကွဲမှုမှာ မတ်လ ၂၆ ရက်နေ့ည ၁၁ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် အော်ရီယမ်တယ်ဟိုက်ဝေး တိုးဂိတ်နှင့် ကိုက်(၂၀)ခန့်အကွာတွင် အသံမိုင်းတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ယင်းနေရာသို့ သက်ဆိုင်ရာမှ ရှင်းလင်းရေး ပြုလုပ်နေစဉ် မတ်လ ၂၇ ရက်နေ့ နံနက် (၀၀း၂၅)မိနစ်အရောက်တွင် တိုးဂိတ်နှင့်(၁၀)ကိုက် ခန့်အကွာမှ လက်လုပ်ရီမုမိုင်းနှစ်လုံး တစ်ပြိုင်တည်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မနေ့ညက ဗုံးပေါက်ကွဲမှုက ပထမတစ်လုံးက အသံမိုင်းကွဲတယ်။ နောက်ထပ် တစ်နာရီလောက်နီးနီး ကြာတဲ့အချိန်မှာမှ မိုင်းရှင်းလင်းရေး လုပ်နေတဲ့အချိန်မှာ နောက်ထပ်မိုင်းနှစ်လုံးက ရှေ့ဆင့်နောက်ဆင့် ကွဲတာ။ တပ်ကြပ်တစ်ယောက်ကတော့ မိုင်းရှင်းရင်းနဲ့ ရီမုမိုင်းကွဲတော့ ပုခုံးရှပ်မှန်သွားတယ်။ လက်ရှိ အချိန်မှာတော့ အဝေးပြေး ကုန်တင်ကားတွေ ခရီးသည်တင်ကားတွေ ပုံမှန်အတိုင်း ဖြတ်သန်းသွားလာ နေပါတယ်” ဟု ကျောက်မဲမြိှု့မှ ဒေသခံတစ်ဦးဖြစ်သူ ဦးတင်မောင်သိန်းက ပြောကြားသည်။

ကျောက်မဲမြို့နယ် ဂုတ်တွင်းလမ်းနှင့် ကျောက်မဲမြို့ အကြားတွင် ဖေဖော်ဝါရီလနှင့် မတ်လအတွင်း ပြည်ထောင်စု ကားလမ်းမကြီးပေါ်တွင် ဖြတ်သန်းမောင်းနှင်နေသော နွားတင်ယာဉ်များအား ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားခြင်း၊ ကျောက်မဲမြို့နယ် အတွင်းရှိ ကျေးရွာအချို့တွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့ခြင်းများ ရှိခဲ့ကြောင်း သိရသည်။

နွားတင်ယာဉ်များအား ပစ်ခတ်မှုများကြောင့် သေဆုံးနှင့် ထိခိုက်ဒဏ်ရာရသူများ ရှိခဲ့ပြီး တိုက်ပွဲများကြောင့်လည်း ကျောက်မဲမြို့သို့ စစ်ပွဲရှောင်သူ အများအပြား လာရောက်ခိုလှုံနေရကြောင်း သိရသည်။

 

စစ်တွေမြို့တွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မသင်္ကာသူသုံးဦးအား ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးနေကြောင်း သိရ

စစ်တွေမြို့တွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မသင်္ကာသူသုံးဦးအား ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးနေကြောင်း သိရသည်။

မိုင်းပေါက်ကွဲမှုကြောင့် ဖမ်းဆီးစစ်ဆေးမှုများ ရှိသလားဟု ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးအား ဆက်သွယ်မေးမြန်းခဲ့ရာ “မသင်္ကာသူ သုံးဦးအား စစ်ဆေးနေကြောင်းနှင့် အမည်ကို ထုတ်ဖော်ပြောကြားဖို့ စောပါသေးတယ်” ဟု ပြောကြားခဲ့သည်။

စစ်တွေမြို့တွင် ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၄ နာရီ ၁၀ မိနစ်ခန့်က လက်လုပ်မိုင်းသုံးလုံး သုံးနေရာတွင်ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ပြီးနောက် မပေါက်ကွဲသေးသည့် မိုင်းသုံးလုံးကိုလည်း တွေ့ရှိသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ ယင်းနှင့်ဆက်စပ်ပြီး မသင်္ကာသူများကို လိုက်လံစစ်ဆေးနေခြင်း ဖြစ်နိုင်ကြောင်းလည်း သိရသည်။

စစ်ဆေးမေးမြန်းရန်ဟုဆိုကာ ကိုနိုင်စိုး (ခ) မဲလုံး၊ စစ်တွေမြို့ လမ်းသစ်ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း ဦးရွှေထွန်းအောင်နှင့် အခြားနှစ်ဦးတို့အား ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၅ ရက်တွင် ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ယင်းသို့ခေါ်ဆောင်သွားခြင်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပါ။ သို့သော် စစ်ဆေးရန်ဟုဆိုကာ ခေါ်ဆောင်သွားခြင်းခံရသူ ကိုနိုင်စိုး၏ညီဖြစ်သူ ရဲပိုင်စိုးက “ညနေ ၆ နာရီကျော်လောက်ကတော့ ဓည၀တီနေအိမ်ကနေပြီး မေးမြန်းစရာရှိတယ်ဆိုပြီး ကိုနိုင်စိုးကိုခေါ်သွားတယ်။ အခုအထိတော့ ဘာမှမပြောဘူး။ ဘာကိုမေးမြန်းမှာလဲဆိုတာကိုလည်း သေချာမသိရသေးဘူး။ ကျွန်တော်တို့လည်း ရဲစခန်းကိုရောက်နေပါတယ်။ သူနဲ့ပတ်သက်ပြီး သိချင်လို့လိုက်လာတာပါ” ဟု ပြောကြားသည်။

စစ်တွေမြို့တွင် မှိုင်းပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ဒေသခံများကလည်း စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်နေကြကြောင်းနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို လုံခြုံစေလိုကြောင်း ပြောဆိုဝေဖန်မှုများရှိနေသည်ဟု သိရသည်။