လာမည့် နှစ်ရက်အတွင်း အားအလွန်ကောင်းလာနိုင်သည့် ဆိုင်ကလုန်းမုန်တိုင်းကြောင့် အလယ်ပိုင်းနှင့် တောင်တန်းဒေသတို့တွင် မိုးကြီးနိုင်ပြီး မြေပြိုမှုအန္တရာယ်နှင့် တောင်ကျချောင်းရေအန္တရာယ် ဖြစ်ပေါ်နိုင်

၂၀၁၈ ခုနှစ် သြဂုတ်လဆန်းပိုင်းက အင်းစိန်မြို့နယ်အတွင်း ရေကြီးရေလျှံမှုကို တွေ့ရစဉ် (ဓာတ်ပုံ-နေမျိုးဝင်း)

ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်လျက်ရှိသည့် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း တီလစ်သည် လာမည့် နှစ်ရက်အတွင်း အားအလွန်ကောင်းလာနိုင်သည့် အခြေအနေ ရောက်ရှိဖွယ်ရှိနေပြီး ယင်းမုန်တိုင်းကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများနှင့် တောင်တန်းဒေသများတွင် မိုးကြီးနိုင်ကြောင်း သိရသည်။

ထိုသို့ မိုးကြီးနိုင်ခြင်းကြောင့် တောင်ပေါ်ဒေသများတွင် မြေပြိုမှုအန္တရာယ်နှင့် တောင်ကျချောင်းရေအန္တရာယ် ဖြစ်ပေါ်နိုင်ဖွယ်ရှိသဖြင့် သတိပြုနေထိုင်ရန် လိုကြောင်း မိုးဇလညွှန်ကြားရေးမှူးချုပ်က ပြောကြားသည်။

မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အောက်တိုဘာ ၁၀ ရက် သတင်းထုတ်ပြန်မှုများအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း၊ အိန္ဒိယနိုင်ငံ ဂိုလ်ပါပူမြို့၏ တောင်-အရှေ့တောင်ဘက် မိုင် ၁၇၀ ခန့်နှင့် ကလင်ဂါပတ္တနမ်မြို့၏ အရှေ့တောင်ဘက် မိုင် ၁၅၀ ခန့်အကွာကို ဗဟိုပြုနေသည့် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း တီလစ်သည် နှစ်ရက်ခန့်အတွင်း အားအလွန်ကောင်းသည့် အခြေအနေသို့ ပြောင်းလဲဖွယ်ရှိနေကြောင်း သိရပြီး မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားဖွယ် မရှိသဖြင့် အ၀ါရောင်အဆင့် သတ်မှတ်ထားကြောင်း သိရသည်။

“လက်ရှိ မုန်တိုင်းရဲ့ အခြေအနေက အ၀ါရောင်ပေါ့။ မြန်မာနိုင်ငံဘက်ကို ရွေ့လျားဖို့တော့ မရှိလို့ပေါ့။ ဗဟိုချက် လေဖိအားကတော့ ၉၉၀ ဟက်တိုဖာစကေး ရှိတယ်။ အမြင့်ဆုံး လေတိုက်နှုန်းအနေနဲ့က တစ်နာရီကို မိုင် ၆၀ ရှိတယ်။ နောက် ၁၂ နာရီအတွင်း ခန့်မှန်းချက်ကတော့ ဒီအားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းက မြောက်-အနောက်မြောက်ဘက်ကို ဆက်လက် ရွေ့လျားပြီးတော့ နောက်ထက် ၁၂ နာရီအတွင်းမှာ အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ကို ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းရတယ်”ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦးက ပြောကြားသည်။

အဆိုပါ အားအလွန် ကောင်းလာနိုင်သည့် ဆိုင်ကလုန်းမုန်တိုင်း တီလစ်၏ အခြေအနေကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများဖြစ်သည့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် တောင်တန်းဒေသများ ဖြစ်သည့် ရှမ်းပြည်နယ်၊ ချင်းပြည်နယ် အပါအ၀င် ရခိုင်ကမ်းရိုးတန်းဒေသများ မိုးကြီးနိုင်ကြောင်း သိရသည်။

ယင်းသို့ မိုးကြီးနိုင်ခြင်းကြောင့် တောင်ကုန်းတောင်တန်း ဒေသများတွင် မြေပြိုမှုအန္တရာယ်နှင့် တောင်ကျချောင်းရေ ကျဆင်းမှု အခြေအနေများ ဖြစ်ပေါ်နိုင်ဖွယ် ရှိသဖြင့် အဆိုပါဒေသများတွင် နေထိုင်သူများ သတိပြုနေထိုင်ရန် လိုအပ်ကြောင်း မိုးဇလညွှန်ချုပ်က အကြံပြုပြောကြားသည်။

“အဓိကတော့ နေရာကွက် မိုးကြီးတာတို့၊ ဒေသအလိုက် မိုးကြီးတာတို့ ဖြစ်နိုင်တဲ့အတွက် တောင်ကုန်းတောင်တန်းဒေသတွေမှာ မြေပြိုမှုအန္တရာယ်တွေ သတိပြုသင့်တယ်။ နောက်တစ်ခုကတော့ မိုးကြီးမှာဆိုတော့ တောင်ကျချောင်းရေ ရုတ်တရက် ထိုးဆင်းတာတွေ ဖြစ်နိုင်တယ်။ ပြီးတော့ အလယ်ပိုင်းဒေသတွေမှာ ချောင်းချောက်တွေ ရှိတယ်။ ချောင်းချောက်တွေမှာ မိုးသည်းထန်စွာရွာရင် အချိန်ခဏလေးအတွင်း ရေအလုံးအရင်းနဲ့ ထိုးဆင်းတာတွေ ဖြစ်နိုင်လို့ သတိပြုနေထိုင်ဖို့တော့ လိုအပ်တယ်”ဟု ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။

ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းကြောင့် ရခိုင်၊ မွန်၊ ကရင်၊ တနင်္သာရီတို့တွင် နှစ်ရက်ခန့် နေရာကွက်ပြီး မိုးကြီးနိုင်

မြစ်ရေ မြင့်တက်မှုကြောင့် ရန်ကုန်မြို့ မော်တင် ကမ်းနားလမ်းတွင် ရေကြီးရေလျှံနေသည်ကို သြဂုတ် ၁၄ ရက် ညနေပိုင်းက တွေ့ရစဉ်

ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းကြောင့် ရခိုင်၊ မွန်၊ ကရင်နှင့် တနင်္သာရီတို့တွင် နှစ်ရက်ခန့် နေရာကွက်ပြီး မိုးကြီးနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။

“မိုးကတော့ ဒီတစ်ရက် နှစ်ရက်လောက်အထိ လိုက်ဦးမယ်။ နောက်ရက်တွေမှာ မိုးအား လျော့သွားမယ်။ ဘင်္ဂလား ပင်လယ်အော်က မုန်တိုင်းက အိန္ဒိယ ကုန်းတွင်းပိုင်းကို ၀င်နေပြီ။ သြဂုတ် ၁၆ ရက်မှာလည်း ကုန်တွင်းပိုင်းမှာ ဆက်ရှိနေမယ်။ မုတ်သုံလေကတော့ အားနည်းနည်း လျော့သွားမယ်။ မုန်တိုင်းကြောင့် ရခိုင်၊ မွန်၊ ကရင်၊ တနင်္သာရီတို့မှာ နှစ်ရက်လောက်တော့ မိုးကြီးနိုင်တယ်။ အခုလည်း ထားဝယ်တို့၊ ရေးတို့၊ ပဲခူးတို့မှာတော့ နေရာကွက် မိုးကြီးတာတွေ ရှိတယ်” ဟု ဒေါက်တာ ဦးကျော်မိုးဦးက ပြောကြားသည်။

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမို အားကောင်းလာကာ မုန်တိုင်းငယ် (Depression) တစ်ခုအဖြစ် ရောက်ရှိခဲ့ပြီး အိန္ဒိယနိုင်ငံ၊ သြရိဿကမ်းခြေကို ဘူဘမ်နဆွာမြို့ (Bhuba Neswar) အနီးမှ ဖြတ်ကျော် ၀င်ရောက်လျက်ရှိကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သြဂုတ် ၁၅ ရက် မွန်းလွဲ ၂ နာရီတွင် ထုတ်ပြန်ခဲ့သည်။

မုန်တိုင်းငယ် (Depression) ၏ လက်ရှိ အခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အ၀ါရောင်အဆင့် သတ်မှတ်ကြောင်း၊ အဆိုပါ မုန်တိုင်းငယ်၏ ဗဟိုချက် လေဖိအား ၉၉၄ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၃၀ နှုန်းဖြစ်ကြောင်း သိရသည်။ နောက် ၂၄ နာရီအတွင်း ခန့်မှန်းချက်အနေဖြင့် မုန်တိုင်းငယ်သည် အနောက် – အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားမည်ဟု ခန့်မှန်းကြောင်း မိုးဇလမှ ထုတ်ပြန်ထားသည်။

မုန်တိုင်းငယ်ကြောင့် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်သည် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ကိုးပေမှ ၁၂ ပေခန့် ရှိနိုင်ကြောင်း၊ ထို့ကြောင့် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုရန် မိုးဇလက ထုတ်ပြန်ထားသည်။

သြဂုတ် ၁၆ ရက် မိုးရွာသွန်းနိုင်မှု အခြေအနေသည် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲ၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် တောင်ပိုင်း) တို့တွင် နေရာ စိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့ မိုးထစ်ချုန်းရွာပြီး ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန် ရာနှုန်းပြည့် ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၌ ဧပြီ၊ မေနှင့် ဇွန်လဆန်းပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မုန်တိုင်းဝင်ရောက်ခဲ့မှုကြောင့် သီးနှံစိုက်ခင်းဧကတစ်သိန်းကျော် ရေ၀င်ရောက်မှုဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရေ၀င်နစ်မြုပ်ခဲ့သည့် သီးနှံစိုက်ခင်းအချို့ကို တွေ့ရစဉ်

စစ်ကိုင်းတိုင်းဒေသကြီး၌ ဧပြီ၊ မေလနှင့် ဇွန်လဆန်းပိုင်းတွင် မိုးသည်းထန်စွာရွာ သွန်းမှုနှင့် မုန်တိုင်းဝင်ရောက်ခဲ့မှုကြောင့် သီးနှံစိုက်ခင်းဧကတစ်သိန်းကျော် ရေ၀င်ရောက်မှုဖြစ်ပွားခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တိုင်းဒေသကြီးစီမံကိန်းတာဝန်ခံ ဒေါက်တာတင်မာမာဦးက ပြောကြားသည်။

မိုးနှင့်မုန်တိုင်းဝင်ရောက်ခဲ့မှုကြောင့် ပျက်စီးခဲ့သည့် သီးနှံများသည် နွေစပါး၊ နွေနှမ်း၊ ပဲတီစိမ်းစိုက်ခင်းများ အပါအ၀င် မြို့နယ် (၂၁) မြို့နယ်အတွင်းမှ သီးနှံစုံတစ်ဆယ့်သုံးမျိုးအထိ ပျက်စီးခဲ့ကြောင်း တိုင်းဒေသကြီးတွင် သီးနှံပျက်စီးမှုအများဆုံးမြို့သည် ရွှေဘိုခရိုင် ၀က်လက်မြို့နယ်မှာ ပျက်စီးမှုအများဆုံးဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျွန်မတို့ စစ်ကိုင်းတိုင်းဒေသကြီးမှာ ၂၀၁၈-၂၀၁၉ ခုနှစ်မှာ ဧပြီလကနေ ဇွန်လအထိ မိုးသည်းစွာရွာသွန်းမှုကြောင့် ကျွန်မတို့ စစ်ကိုင်းတိုင်းဒေသကြီးမှာရှိတဲ့ ၂၁ မြို့ နယ်က နွေစပါး မိုးစပါးနဲ့ နွေနှမ်းအပါအ၀င် သီးနှံစုံ တစ်ဆယ့်သုံးမျိုးမှာ ဧကပေါင်းတစ်သိန်းကျော် ရေ၀င်ရောက်ခဲ့ပါတယ်။ အဲဒီတစ်သိန်းကျော်ထဲမှာ ဒီနေ့အထိဆိုရင် ဧကပေါင်းခြောက်သောင်းကျော် ထိခိုက်ပျက်စီးခဲ့ပါတယ်” ဟု ဒေါက်တာတင်မာမာဦးက ဆက်လက်ပြောကြားသည်။

၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ် ဇွန်လအထိ ရေ၀င်ရောက်နစ်မြုပ်မှုသည် သီးနှံစုံ စိုက်ခင်းဧက နှစ်သောင်းကျော် နစ်မြုပ်ခဲ့ကြောင်း၊ ယခင်နှစ်သီးနှံများ ထိခိုက်ပျက်စီးမှုသည် ဇွန်လအထိ သီးနှံစိုက်ခင်းပေါင်း ဧကတစ်သောင်းကျော်သာ ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း ၎င်းက ဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် ယခင်နှစ်က သီးနှံစုံစိုက်ခင်းများ ပျက်စီးမှုအခြေအနေနှင့် ယခုနှစ် သီးနှံစုံစိုက်ခင်းများပျက်စီးမှု အခြေအနေသည် မတူညီကြောင်း ယခုနှစ် ဧပြီ၊ မေလနှင့်ဇွန်လဆန်းပိုင်းတွင် မိုးသည်းစွာရွာသွန်းမှုနှင့် မုန်တိုင်းဝင်ရောက်ခဲ့မှုကြောင့် သီးနှံစုံစိုက်ခင်းများသည် ယခင်နှစ်ကထက် ထိခိုက်ပျက်စီးမှု များပြားခဲ့ကြောင်း ၎င်း၏ ပြောပြချက်အရ သိရသည်။