မြစ်ကြီးနားမြို့နယ် ဒုတိယ ဥပဒေအရာရှိနေအိမ် မီးရှို့မှုမှ တရားခံ ပေါ်ပေါက်

မြစ်ကြီးနားမြို့နယ် ဒုတိယ ဥပဒေအရာရှိနေအိမ် မီးရှို့မှုမှ တရားခံကို စစ်ဆေး ပေါ်ပေါက်ခဲ့ကြောင်း သတင်းရရှိသည်။

မီးရှို့သူမှာ အဆိုပါနေအိမ်သို့ လွန်ခဲ့သည့် တစ်လခန့်မှ စတင်ပြောင်းရွှေ့လာသည့် ၀မ်းကွဲညီမ ကိုယ်တိုင်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ မှတ်တမ်းများအရ သိရသည်။

ဖြစ်စဉ်မှာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက် လမ်းသွယ် ၁ နယ်မြေ ၃ ရှိ အိမ်အမှတ် ၆၆ မြစ်ကြီးနားမြို့နယ် ဒုတိယ ဥပဒေအရာရှိ ဒေါ်ဂျာမိုင်လုနေအိမ်ကို သြ ဂုတ် ၁၉ ရက်တွင် တစ်ကြိမ် မီးရှို့ခဲ့ပြီး ၂၁ ရက်တွင် နေအိမ်အတွင်း ၀င်ရောက်ကာ ခြင်ထောင်နှင့် ဓာတ်ပုံများကို ဓားဖြင့် ထိုးခြစ်သွားကြောင်း၊ သြဂုတ် ၂၄ ရက် ညနေ ၅ နာရီကျော်တွင် တတိယအကြိမ် ကျူးကျော်ပြီး ဒုတိယအကြိမ် မီးရှို့မှု ဖြစ်ပွားခဲ့သည်။

သြဂုတ် ၂၄ ရက် မီးရှို့သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့၏ မေးမြန်းချက်များအရ အိမ်သားတစ်ဦးတည်း နေအိမ်တွင် ရှိနေစဉ် ၎င်းအား ကြိုးတုပ်ကာ အိမ်မီးရှို့သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ ကြိုးတုပ်ရာ မရှိခြင်း၊ ခုတင်တိုင်တွင် ကြိုးချည်ကာ ကိုယ်လွတ် ရုန်းလာခဲ့သည် ဆိုသော်လည်း ခုတင်တိုင်မှာ လူအားဖြင့် ရွှေ့နိုင်သော်လည်း မရွှေ့ခြင်း၊ မီးလောင်သည့်နေရာမှာ ကြိုးတုပ်သည့် နေရာနှင့် အလွန် နီးကပ်သော်လည်း လူတွင် မီးဟပ်သည့် ဒဏ်ရာမရှိခြင်း စသည့် အချက်များကို အခြေခံ၍ ထွက်ဆိုချက်များ ရယူပြီး စစ်ဆေးချက်အရ မီးရှို့သူမှာ ယင်းအိမ်သို့ လွန်ခဲ့သော တစ်လခန့်က ရောက်ရှိလာသည့် အသက် ၁၈ နှစ်အရွယ်ရှိ မ…..ကိုယ်တိုင် ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ကျူးလွန်ရသည့် အကြောင်းရင်းမှာ အမျိုးသမီးငယ်သည့် လွန်ခဲ့သော တစ်လကျော်အကြာက ၀ိုင်းမော်မြို့နယ်အတွင်း အိမ်ထောင်သည် အမျိုးသား ရှန်းထင်းတူးဂျာ ဆိုသူနှင့် ငြိစွန်းခဲ့ကြောင်း၊ ယင်းကိစ္စ နှစ်ဖက်မိဘများက သဘောတူခြင်း မရှိသဖြင့် ရှန်းထင်းတူးဂျာကို ၎င်း၏ မိခင်ဖြစ်သူက တရားလိုပြုလုပ်ကာ မြစ်ကြီးနား မြို့မရဲစခန်းတွင် (ပ) ၁၇၄၊၂၀၁၈ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၆၆၊ ၃၆၃ တို့ဖြင့် အမှုဖွင့်ခဲ့ကြောင်း၊ ယင်းဖြစ်စဉ်တွင် ဒုမြို့နယ် ဥပဒေအရာရှိ ဒေါ်ဂျာမိုင်လုက ကြိုးကိုင်သည်ဟု ယူဆသဖြင့် ရှန်ထင်းတူးဂျာ၏ မိတ်ဆွေများက ရန်ရှာသည့်ပုံစံဖြင့် ခြိမ်းခြောက်ရန် အကြံဖြင့် ယခုလို လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မြစ်ကြီးနား နယ်မြေရဲစခန်းတွင် (ပ) ၂၂၅ ၊၂၀၁၈ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၄၄၈၊ ၃၄၂၊ ၄၃၆၊ ၅၀၆ အိမ်ကျော်နင်းမှု၊ ချုပ်နှောင်မှု၊ မီးရှို့မှု၊ ခြိမ်းခြောက်မှုဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

 

မောင်တောမြို့ ကညင်တန်း (မြို့မ) အုပ်စု တောင်ရွာ၌ နေအိမ်နှစ်လုံး မီးလောင်မှုဖြစ်ပွား

မောင်တောမြို့ ကညင်တန်း (မြို့မ) အုပ်စု တောင်ရွာ၌ မီးလောင်မှု ဖြစ်ပွားနေသည်ကို တွေ့ရစဉ်

မောင်တောမြို့ ကညင်တန်း (မြို့မ) အုပ်စု တောင်ရွာ၌ နေအိမ်နှစ်လုံး သြဂုတ် ၂၉ ရက် နံနက် ၁ နာရီက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဉ်မှာ မောင်တောမြို့က ညင်တန်း (မြို့မ) အုပ်စု တောင်ရွာနေ မာမောက်ကာမာ (ဘ) မာမောက်ကာဆိမ်း အသက် (၃၅ နှစ်) ၏ (၂၀ x ၁၅ x ၁၀)ပေ သွပ်မိုး၊ ၀ါထရံကာ၊ ပျဉ်ခင်းနေအိမ်ရှိ မီးဖိုဆောင်မှ မီးဖိုတွင် အမဲသားခြောက် ကျပ်တင်ထားရာမှတစ်ဆင့် အနီးရှိ ၀ါးထရံသို့ မီးကူးစက် လောင်ကျွမ်းခဲ့ပြီး အနီးရှိ နေအိမ် အေဆန် (ဘ) မာမောက်ကာဆိမ်း ၏ (၂၅ x ၁၅ x ၁၀)ပေ သွပ်မိုး၊ ၀ါးထရံကာ၊ ပျဉ်ခင်း နေအိမ်နှစ်လုံး မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်းနှင့် မီးလောင်ဆုံးရှုံးမှု တန်ဖိုး ကျပ် ၇၇၀၀၀၀ ခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်မှုအား မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာသူ/သားများ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များ လိုက်ပါပြီး မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီတွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၂ နာရီခွဲ မီးလုံးဝငြိမ်းခဲ့ကြောင်း နှင့် လူ၊ တိရစ္ဆာန် ထိခိုက်ဒဏ်ရာ ရရှိမှုများ မရှိကြောင်း မောင်တောမီးသတ်တပ်ဖွဲ့မှ သိရသည်။

နေအိမ်ပိုင်ရှင်အား ကညင်တန်း (မြို့မ) အုပ်စု တောင်ရွာနေ မာမောက်ကာမာ (ဘ) မာမောက်ကာဆိမ်းအား မောင်တောမြို့မရဲစခန်းမှ (ပ-၃၂/၂၀၁၈) ၊ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက် ရှိသည်။

ယင်းမတိုင်မီ သြဂုတ် ၂၄ ရက် ညနေ ၁၀ နာရီခွဲခန့်ကလည်း မောင်တောမြို့ သရက်အုပ်ကျေးရွာအုပ်စု အာရှိတ်ဂျာကျေးရွာနေ ဆော်ရောက်ဟူဆောင်း၏ (၁၅ x ၁၂ x ၁၀) ပေ၊ ဓနိမိုး၊ ၀ါးထရံကာ၊ မြေစိုက်နေအိမ်တွင် မီးဖိုဆောင်မှ တစ်ဆင့် အနီးရှိ ၀ါးထရံသို့ မီးကူးစက် လောင်ကျွမ်းခဲ့ကြောင်း၊ အိမ်နှစ်လုံး မီးကူးစက် လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးအတွင်း မီးလောင်ကျွမ်းမှုတွင် ရန်ကုန်ဆေးရုံကြီး လျှပ်စစ်ဌာနမှ နေ့စားဝန်ထမ်းကို အမှုဖွင့်

ရန်ကုန်ပြည်သူ့ဆေးရုံကြီးအတွင်း မီးလောင်ကျွမ်းမှုဖြစ်စဉ်တွင် ရန်ကုန်ဆေးရုံကြီး လျှပ်စစ်ဌာနမှ နေ့စားဝန်ထမ်းကို အမှုဖွင့်ထားကြောင်း သြဂုတ် ၁၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

“မီးလောင်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရန်ကုန်ဆေးရုံကြီး လျှပ်စစ်ဌာနက နေ့စားဝန် ထမ်းဖြစ်တဲ့လူကို အမှုဖွင့်ထားပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

အမှုဖွင့်ခံထားရသူမှာ လသာမြို့နယ် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးဝင်းအတွင်း နေထိုင်သည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး လျှပ်စစ်ဌာနမှ နေ့စားဝန်ထမ်း ကိုရဲသီဟကျော် (၃၄ နှစ်) ဆိုသူဖြစ်ပြီး ၎င်းကို လသာမြို့မရဲစခန်းက (ပ)၂၃၅ /၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှုမှာ သြဂုတ် ၁၃ ရက် ညနေ ၆ နာရီ ၄၅ မိနစ်ခန့်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ကင်ဆာရောဂါပြင်ပလူနာဌာန အသေးစားခွဲစိတ်ခန်းရှိ မီးခလုတ်ခုံ အပူလွန်ကဲရာမှတစ်ဆင့်စတင်ကာ မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

မီးလောင်ကျွမ်းမှုကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် ဒုညွှန်ချုပ်ဦးရဲမင်းသူ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ် ညွှန်မှူးဦးကျော်သူရ၊ ရန်ကုန်တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ ဦးစီးမှုးဦးမျိုးဝင်းအပါ အ၀င်သန္ဓေမီးသတ်တပ်ဖွဲ့ဝင်၊ အရန်မီးသတ်တပ်ဖွဲ့ဝင် စုစုပေါင်း ၃၇၁ ဦးတို့မှ ကွပ်ကဲမှုယာဉ်ရှစ်စီး၊ အထောက် အကူပြုယာဉ် ၁၁ စီး၊ မီးသတ်ယာဉ် ၂၅ စီးတို့ဖြင့် လာရောက်ငြှိမ်းသတ်ခဲ့ပြီး ည ၇ နာရီ ၁၀ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဉ်ကို  Level 2 အဖြစ် သတ်မှတ်ခဲ့ပြီး မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့ကြောင်းနှင့် ပညာရေးဝန်ကြီးဌာန အဏုမြူစွမ်းအင်ဌာနမှ တာဝန်ရှိသူများ၏ စစ်ဆေးချက်အရ ဓာတ်ရောင်ခြည် လုံခြုံမှုနှင့် ပတ်သက်ပြီး ထိခိုက်မှုမရှိကြောင်း၊ မီးလောင်မှုကြောင့် ကျပ်သုံးသိန်းကျော် ဆုံးရှုံးခဲ့ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ သတင်းထုတ်ပြန်ထားသည်။

 

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ၀ဘော်ကြီးကျေးရွာတွင် လူမနေသည့် နေအိမ်တစ်လုံးမှစ၍ နေအိမ် ၉၄ လုံး မီးကူးစက်လောင်ကျွမ်း

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ၀ဘော်ကြီးကျေးရွာ မီးလောင်မှုဖြစ်ပွားပြီးနောက် တွေ့ရစဉ် (Photo: Khinmg htoo)

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ၀ဘော်ကြီးကျေးရွာတွင် မေ ၁၂ ရက် ည ၁၁ နာရီခွဲခန့်တွင် လူမနေသည့် နေအိမ်တစ်လုံးမှစတင်ကာ နေအိမ် ၉၄ လုံး ကူးစက်မီးလောင်ခဲ့ကြောင်း မြို့နယ်မီးသတ်စခန်းမှ သိရသည်။

“၀ဘော်ကြီးမှာ နေအိမ်စုစုပေါင်း ၉၄ လုံး မီးလောင်ခဲ့ပါတယ်။ မီးက ရှို့မီးဖြစ်ပြီးတော့ လူမနေတဲ့ အဘိုးကြီးအိမ်က စလောင်တာပါ။ လူမနေတဲ့အိမ်က ဦးအောင်ဘသိန်း အသက် ၇၈ နှစ်ဆိုသူရဲ့အိမ်ပါ။ သူတို့က ပြောင်းရွှေ့သွားပါပြီ။ မီးလောင်သွားတဲ့ ၉၄ လုံးထဲမှာ လူမရှိတဲ့အိမ်က ၆၈ လုံးပါ။ အဲဒီ ၆၈ လုံးကလူတွေက သီလာဆိုတဲ့ရွာကို ပြောင်းသွားပါပြီ။ ၂၆ လုံးမှာ လူရှိပါတယ်။ မီးဘေးသင့်သူ ၁၀၃ ဦးက အခုလောလောဆယ်မှာ Cyclone Shelter နဲ့ ဘုန်းကြီးကျောင်းမှာ နေပါတယ်” ဟု မြေပုံမြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးမင်းသူက ပြောကြားသည်။

အဆိုပါ ၀ဘော်ကြီးကျေးရွာသည် ယခင်က အိမ်ခြေ ၁၇၅ လုံးရှိခဲ့သော်လည်း ရာသီဥတုဒဏ်ကို စိုးရိမ်သဖြင့် နေအိမ်အလုံး ၄၀ သည် ရန်ကုန်-စစ်တွေ ကားလမ်းနံဘေး သီလာကျေးရွာသို့ ပြောင်းရွှေ့ခဲ့ရာ လက်ရှိကျေးရွာတွင် နေအိမ် ၁၃၅ လုံးရှိသော ကျေးရွာဖြစ်ကြောင်း သိရသည်။

“မီးက မနေ့ကည ၁၁ နာရီလောက်မှာ လူမနေတဲ့နေအိမ်တစ်လုံးက စလောင်တာဖြစ်တယ်။ အားလုံး ကူးစက်လောင်သွားတာပါ။ မီးမလောင်တဲ့နေအိမ်က အလုံး ၄၀ ကျန်ပါတယ်။ မီးလောင်ဆုံးရှုံးသွားတဲ့ နေအိမ်က ၉၀ ကျော်ဖြစ်ပါတယ်။ မီးဘေးဒုက္ခရောက်နေသူတွေက Cyclone Shelter နဲ့ ဘုန်းကြီးကျောင်းမှာ နေကြပါတယ်။ မြို့နယ်က တာဝန်ရှိသူတွေလည်း ရောက်နေကြပါပြီ” ဟု ၀ဘော်ကြီးကျေးရွာသို့ ရောက်ရှိနေသည့် ဦးကျော်သိန်းက ပြောကြားသည်။

လက်ရှိ ၀ဘော်ကြီးကျေးရွာတွင် နေထိုင်သူဦးရေမှာ ကျား ၂၈၅ ဦး၊ မ ၃၀၂ ဦးပေါင်း ၅၈၇ ဦးရှိကြောင်း သိရသည်။

နေအိမ် ၉၄ လုံး မီးလောင်ဆုံးရှုံးမှု ဖြစ်ပွားခဲ့သည့် မြေပုံမြို့နယ် ၀ဘော်ကြီးကျေးရွာ မီးလောင်မှုမှာ မသမာသူတစ်ဦးက ၀ါးအိမ်ထရံသို့ မီးရှို့ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
ပြည်နယ်မီးသတ်တပ်ဖွဲ့ သတင်းထုတ်ပြန်ချက်တွင် မေ ၁၂ ရက် ည ၁၁ နာရီခွဲခန့်တွင် မြေပုံမြို့နယ် ကမ်းထောင့်ကြီးတိုက်နယ် ၀ဘော်ကြီးကျေးရွာတွင် မသမာသူတစ်ဦးက ၀ါးအိမ်ထရံသို့ မီးရှို့ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ရာ ရွာသူရွာသားများနှင့် ကျေးရွာရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ၀ိုင်းဝန်းငြှိမ်းသတ်သဖြင့် မေ ၁၃ ရက် နံနက် ၁ နာရီခွဲခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၅ နာရီတွင် မီးငြိမ်းခဲ့ကြောင်း၊ သတင်းရရှိသဖြင့် မြေပုံမြို့နယ် မီးသတ်စခန်းမှ ဒုမီးသတ်ဦးစီးမှူး ဦးမင်းသူ ဦးဆောင်၍ တပ်ဖွဲ့ဝင်နှစ်ဦး၊ မြေပုံမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း ပါရှိသည်။

မီးလောင်မှုကြောင့် သွပ်မိုး၊ ပျဉ်ခင်း၊ ထရံကာ (၁၅×၂၀×၁၂) ပေရှိ အိမ်ခြေငါးလုံး၊ သွပ်မိုး၊ ပျဉ်ခင်း၊ ထရံကာ (၁၃×၂၀×၁၀) ပေရှိ အိမ်ခြေ ၁၄ လုံး၊ သွပ်မိုး၊ RC (၁၂×၂၀×၂၀) ပေ နှစ်ထပ်အိမ်တစ်လုံး၊ ဓနိမိုး၊ ၀ါးကာ၊ ၀ါးခင်း (၁၅×၂၀×၁၂) ပေရှိ အိမ်ခြေ ၁၅ လုံးနှင့် ဓနိမိုး၊ ၀ါးကာ၊ ၀ါးခင်း (၁၂×၂၀×၁၂) ပေရှိ အိမ်ခြေ ၅၉ လုံး စုစုပေါင်းအိမ်ခြေ ၉၄ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်ရှိ ရှေးဟောင်းဝါဆိုဘုန်းကြီးကျောင်း မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မှုခဲ့ကြောင်းသိရ

ယနေ့ (မေလ ၁၀ ရက်) နံနက် ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်ရှိ ရှေးဟောင်းဝါဆို သစ်သားဘုန်းကြီးကျောင်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ကျောင်းထိုင်ဆရာတော်မှာ အဆိုပါမီးလောင်ကျွမ်းမှုတွင် ပျံလွန်တော်မူသွားခဲ့ကြောင်း သိရသည်။

ယင်းမီးလောင်မှုကြောင့် ပျံလွန်တော်မှုခဲ့သည့် သက်တော် ၈၆ ၊ ဝါတော် ၆၇ နှစ်ရှိ ပြည်နယ်သံဃာမဟာနာယက ဥက္ကဋ္ဌဟောင်းဖြစ်သူ ကျောင်းထိုင်ဆရာတော် ဥူးပညိန္ဒာသိရီမှာ လေဖြတ်ဝေဒနာ ခံစားနေရပြီး ခန္ဓာကိုယ်အောက်ပိုင်း မလှုပ်ရှားနိုင်ကြောင်း သိရသည်။

ကျောင်းထိုင်ဆရာတော်၏ ရုပ်ကလာပ်အား ၄င်းအိပ်ရာအခန်းတွင်းမှ ရှာဖွေတွေ့ရှိပြီး လွိုင်ကော်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စစ်ဆေးနေကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားခဲ့သော သစ်သားကျောင်းဆောင်ထဲတွင် ကျောင်းထိုင်ဆရာတော်နှင့် ကပ္ပိယဦးဝင်းမြင့်သိန်းတို့သာ အိပ်ကြပြီး ကျောင်းတွင်းတွင် ကျောင်းထိုင်ဆရာတော် အပါအဝင် ဘုန်းတော်ကြီး နှစ်ပါးသာရှိပြီး ကိုယ်ရင်ငယ်လေးများသာ နေထိုင်သောကျောင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုအား နံနက် ၁ နာရီ မိနစ် ၄၀ ခန့်တွင် မီးထိန်းနိုခဲ့ပြီး ဘုရားမီးပူဇော်ရာမှတဆင့် မီးလောင်ကျွမ်းခြင်းဖြစ်နိုင်ကြောင်း မီးသတ်တပ်ဖွဲ့ဝင်များထံမှ ကနဦးသတင်းများအရ သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ ဒီးမော့ဆိုမြို့နှင့် လွိုင်ကော်မြို့မှ တာဝန်ကျ မီးသတ်တပ်ဖွဲ့ဝင်များမှ မီးသတ်ကား ၁၁ စီးဖြင့် လာရောက်ငြိမ်းသတ်ခဲ့ကြပြီး ပရဟိတအသင်းများမှလည်း လာရောက်ကူညီကြကြောင်း သိရသည်။

တောင်ငူမြို့ ၁၉ ရပ်ကွက် ပြိုင်ကင်းဂျုံကြိတ် ခေါက်ဆွဲဆိုင်နေအိမ်တွင် လျှပ်စစ်အပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ၁၉ ရပ်ကွက် ရန်ကုန်-မန္တလေး လမ်းမဟောင်းဘေးရှိ ပြိုင်ကင်းဂျုံကြိတ် ခေါက်ဆွဲဆိုင်နေအိမ်တွင် လျှပ်စစ်အပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ဘေးပတ်ဝန်းကျင်နေ အိမ်များသို့ မီးကူးစက်လောင်ကျွမ်းခြင်းမရှိကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး တောင်ငူခရိုင် မီးသတ်ဦးစီးမှူး ဦးမြင့်နိုင်ထွန်းက “လေ့လာတွေ့ရှိချက်အရတော့ သူတို့ ဒီလျှပ်စစ်မီးပူကို သုံးပြီးထားခဲ့တာပေါ့၊ ထားခဲ့တဲ့အခါကျတော့ အောက်ကအငွေ့တွေနဲ့ အုံပြီးလောင်နေတယ်၊ ဒီအခန်းကို သူတို့ကလူမနေဘူးဆိုတဲ့ သဘောတွေ့ရှိရပါတယ်၊ ဘာလို့တုန်းဆိုတော့ ဒီပစ္စည်းကိုထားပြီး သူတို့က တံခါးပိတ်ခဲ့တာဖြစ်တဲ့အတွက် မီးလောင်တာကို ချက်ချင်းမသိနိုင်ပါဘူး၊ သို့သော် သူတို့သိတဲ့အချိန်သည် အဲဒီအိပ်ခန်းအတွင်းမှာရှိတဲ့ ပစ္စည်းတွေအားလုံးလောင်ပြီး ပြတင်းပေါက်ကနေ မျက်နှာကျက်ကနေ လျှံထွက်တဲ့အခါကျမှ ပတ်ဝန်းကျင်က သိတဲ့အနေအထားပါ၊ ဒါကြောင့်မို့လို့ အပေါ်ထပ်တစ်ထပ်လုံးကို ပြန့်သွားရခြင်းဖြစ်တယ်” ဟု ပြောကြားသည်။

ဖြစ်စဉ်မှာ မေ ၉ ရက် နံနက် ၇ နာရီ ၀န်းကျင်ခန့်က တောင်ငူမြို့ ၁၉ ရပ်ကွက် ရန်ကုန်-မန္တလေး လမ်းမဟောင်းဘေးရှိ ဦးဥာဏ်စိုး၊ အသက် ၅၁ နှစ်(ဘ)ဦးကျော်ရင် ပိုင်သည့် ပြိုင်ကင်း ဂျုံကြိတ်ခေါက်ဆွဲဆိုင်နှင့်တွဲလျက် နေအိမ်အပေါ်ထပ်တွင် မီးပူတိုက်ပြီး မေ့ထားခဲ့ရာမှ မီးပူအပူလွန်ကဲမှုဖြစ်ပွားကာ နေအိမ်အား မီးကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

မီးလောင်ကျွမ်းမှုဖြစ်ပွားပြီးနောက် တောင်ငူခရိုင်/ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင် သန္ဓေ ၃၇ ဦး၊ အရန် ၂၅ ဦးနှင်ရေသယ်ယာဉ် သုံးစီး၊ မီးငြှိမ်းသတ်ယာဉ်ရှစ်စီး စုစုပေါင်း ၁၁ စီးအပါအ၀င်၊ မြို့နယ်ပရဟိတ ကူညီရေးအဖွဲ့များ၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် မြို့ခံများမှ သွားရောက်ကူညီ၍ ငြှိမ်းသတ်ပေးခဲ့ကြရာ လောင်ကျွမ်းချိန် မိနစ်၂၀ ခန့်အကြာတွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၇ နာရီခွဲခန့်တွင် မီးညွန့်ကျိုးကျသည်အထိ မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းနေအိမ်အား မီးငြှိမ်းသတ်ခဲ့ရသည့် အခြေအနေနှင့်ပတ်သက်ပြီး ခရိုင်မီးသတ်ဦးစီးက “ကျွန်တော်တို့တစ်နေ့ တာလုပ်ငန်းပေါ့ ၇ နာရီမှာ တပ်ဖွဲ့ဝင်တွေ အားလုံးတန်းစီမယ့်အချိန်နဲ့ ကွက်တိဖြစ်သွားတာပေါ့၊ ၇ နာရီလောက်က စလောင်တယ်၊ လောင်လောင်ချင်းဖုန်းသတင်းရတယ်၊ ကြည့်လိုက်တဲ့အခါကျတော့ ပြိုင်ကင်းဆိုတော့ ကျွန်တော်တို့ကြည့်လိုက်တော့ မီးခိုးလုံးတွေ ထောင်ထွက်နေတာတွေ့လိုက်တယ်၊ အရင်ဆုံး မီးသတ်ယာဉ်ငါးစီး၊ ရေသယ်ယာဉ်သုံးစီး ချက်ချင်းထွက်ပါတယ်၊ နောက်က တပ်ဖွဲ့ဝင် ၃၇ ဦးနဲ့ဝိုင်းဝန်းငြှိမ်းသတ်ပါတယ်၊ ကျွန်တော်တို့ရောက်တဲ့အချိန်မှာကတော့ မီးကတော်တော်လေးကို ဘေးထွက်နေတဲ့အနေအထားရှိတယ်၊ သို့သော်လည်း ကျွန်တော်တို့က သုံးနေရာ၊ နေရာယူပြီးတာနဲ့ အောက်ကနေ၀င်ပြီးတော့ရအောင် ငြှိမ်းတာဖြစ်တဲ့အတွက် အုပ်မိတယ်ပေါ့၊ အုပ်မိတာဖြစ်တဲ့အတွက် ဘေးကိုကူးခြင်း မရှိပါဘူး၊ အိမ်ရဲ့အပေါ်ထပ် တစ်လုံးပဲ ကူးစက်လောင်ကျွမ်း ခံရပါတယ်၊ ဆုံးရှုံးမှုတန်ဖိုးကတော့ ၁၀ သိန်းလောက် ခန့်မှန်းထားပါတယ်” ဟု ဆိုသည်။

မီးလောင်ကျွမ်းမှုကြောင့် အလျား ၃၂ ပေ၊ အနံ ၄၀ ပေရှိသည့် သွပ်မိုးအုတ်နံရံကာ၊ နေအိမ်အပေါ်ထပ်တစ်ခုလုံး မီးလောင်ကျွမ်း ဆုံးရှုံးမှုဖြစ်ပွားခဲ့သော်လည်း ဘေးပတ်ဝန်းကျင် ကပ်လျက်နေအိမ်များသို့ မီးကူးစက်ခြင်း မရှိဘဲ လူများအားလည်း ထိခိုက်ဒဏ်ရာရရှိ ခြင်းမရှိကြောင်းနှင့် ဆုံးရှုံးမှုတန်ဖိုးကျပ် ၁၀ သိန်းဝန်းကျင်ခန့် လောင်ကျွမ်းဆုံးရှုံးခဲ့ကြောင်း မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။

အဆိုပါမီးလောင်ကျွမ်းမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြိုင်ကင်းဂျုံကြိတ်ခေါက်ဆွဲနေအိမ်ပိုင်ရှင် ဦးဥာဏ်စိုးအား တောင်ငူမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူနိုင်ရန် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တောင်​ငူမြို့ ၁၉ ရပ်​ကွက်​ ပြိုင်​ကင်းဂျုံကြိတ်​​ခေါက်​ဆွဲဆိုင်​ ​နေအိမ်​တွင်​ လျှပ်​စစ်​အပူလွန်​ကဲရာမှ မီး​လောင်​ကျွမ်းမှုဖြစ်​ပွား

ပဲခူးတိုင်း​ဒေသကြီး ​တောင်​ငူမြို့ ၁၉ ရပ်​ကွက်​၊ ရန်​ကုန်​-မန္တ​လေးလမ်းမ​ဟောင်း​ဘေးရှိ ပြိုင်​ကင်းဂျုံကြိတ်​​ခေါက်​ဆွဲဆိုင်​ ​နေအိမ်​တွင်​ လျှပ်​စစ်​အပူလွန်​ကဲရာမှ မီး​လောင်​ကျွမ်းမှု ဖြစ်​ပွားခဲ့ပြီး ​ဘေးပတ်​ဝန်းကျင်​​နေအိမ်​များသို့ မီးကူးစက်​​လောင်ကျွမ်းခြင်း မရှိ​ကြောင်း သိရသည်​။

မီး​လောင်​ကျွမ်းမှုဖြစ်​စဉ်​နှင့်​ပတ်​သက်​ပြီး ​တောင်​ငူခရိုင် ​မီးသတ်​ဦးစီးမှူး ဦးမြင့်​နိုင်​ထွန်းက “လေ့လာတွေ့ရှိချက်အရတော့ သူတို့ဒီလျှပ်စစ်မီးပူကိုသုံးပြီး ထားခဲ့တာပေါ့။ ထားခဲ့တဲ့အခါကျတော့ အောက်ကအငွေ့တွေနဲ့ အုံပြီးလောင်နေတယ်။ ဒီအခန်းကို သူတို့က လူမနေဘူးဆိုတဲ့ သဘောတွေ့ရှိရပါတယ်။ ဘာလို့တုန်းဆိုတော့ ဒီပစ္စည်းကိုထားပြီး သူတို့က တံခါးပိတ်ခဲ့တာဖြစ်တဲ့အတွက် မီးလောင်တာကို ချက်ချင်းမသိနိုင်ပါဘူး။ သို့သော် သူတို့သိတဲ့အချိန်သည် အဲ့ဒီအိပ်ခန်းအတွင်းမှာရှိတဲ့ ပစ္စည်းတွေ အားလုံးလောင်ပြီး ပြတင်းပေါက်ကနေ မျက်နှာကျက်ကနေ လျှံထွက်တဲ့အခါကျမှ ပတ်ဝန်းကျင်ကသိတဲ့ အနေအထားပါ။ ဒါကြောင့်မို့လို့ အပေါ်ထပ်တစ်ထပ်လုံးကို ပျံ့သွားရခြင်းဖြစ်တယ်” ဟု ပြောကြားသည်။

ဖြစ်​စဉ်​မှာ ​မေ ၉ ရက်​ နံနက်​ ၇ နာရီဝန်းကျင်​ခန့်​က ​တောင်​ငူမြို့ ၁၉ ရပ်​ကွက် ​ရန်​ကုန်​-မန္တ​လေးလမ်းမ​ဟောင်း​ဘေးရှိ​ ဦးဥာဏ်​စိုး၊ အသက်​ ၅၁ နှစ်​(ဘ)ဦး​ကျော်​ရင်​ပိုင်​သည့်​ ပြိုင်​ကင်းဂျုံကြိတ်​​ခေါက်​ဆွဲဆိုင်​​နှင့်​တွဲလျှက်​ ​နေအိမ်​ အ​ပေါ်ထပ်​တွင်
မီးပူတိုက်​ပြီး ​မေ့ထားခဲ့ရာမှ မီးပူအပူလွန်​ကဲမှုဖြစ်​ပွားကာ ​နေအိမ်​အား မီးကူးစက်​​လောင်​ကျွမ်းခဲ့ခြင်း ဖြစ်​သည်​။

မီး​လောင်​ကျွမ်းမှုဖြစ်​ပွားပြီး​နောက်​ ​တောင်​ငူခရိုင်​/မြို့နယ်​ မီးသတ်​တပ်​ဖွဲ့ဝင်​ သ​န္ဓေ ၃၇ ဦး၊ အရံ ၂၅ ဦးနှင့်​ ​ရေသယ်​ယာဉ် ​၃ စီး၊ မီးငြိမ်းသတ်​ယာဉ်​ ၈ စီး စုစု​ပေါင်း ၁၁ စီး အပါအဝင်​၊ မြို့နယ်​ပရဟိတကူညီ​ရေးအဖွဲ့များ၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့်​ မြို့ခံများမှ သွား​ရောက်​ကူညီ၍ ငြိမ်းသတ်​​ပေးခဲ့ကြ​ရာ ​လောင်​ကျွမ်းချိန်​ ၂၀ မိနစ်​ခန့်​ အကြာတွင်​ မီးထိန်းနိုင်​ခဲ့ပြီး နံနက်​ ၇ နာရီခွဲအချိန်​ခန့်​တွင်​ မီးညွန့်​ကျိုးကျသည်​အထိ မီးငြိမ်းသတ်​နိုင်​ခဲ့​ကြောင်း သိရသည်​။

မီး​လောင်​ကျွမ်း​နေအိမ်​အား မီးငြိမ်းသတ်​ခဲ့ရသည့်​ အ​ခြေအ​နေနှင့်​ပတ်​သက်​ပြီး ခရိုင်​မီးသတ်​ဦးစီးက “ကျွန်တော်တို့ တစ်နေ့တာ လုပ်ငန်းပေါ့ ၇ နာရီမှာ တပ်ဖွဲ့ဝင်တွေအားလုံး တန်းစီမယ့်အချိန်နဲ့ ကွက်တိဖြစ်သွားတာပေါ့။ ၇ နာရီလောက်က စလောင်တယ်။ လောင်လောင်ချင်း ဖုန်းသတင်းရတယ်။ ကြည့်လိုက်တဲ့အခါကျတော့ ပြိုင်ကင်းဆိုတော့ ကျွန်တော်တို့ကြည့်လိုက်တော့ မီးခိုးလုံးတွေ ထောင်ထွက်နေတာ တွေ့လိုက်တယ်။ အရင်ဆုံး မီးသတ်ယာဉ် ၅ စီး၊ ရေသယ်ယာဉ် ၃ စီး ချက်ချင်းထွက်ပါတယ်။ နောက်ကတပ်ဖွဲ့ဝင် ၃၇ ဦးနဲ့ ၀ိုင်းဝန်းငြိမ်းသတ်ပါတယ်။ ကျွန်တော်တို့ရောက်တဲ့အချိန်မှာကတော့ မီးကတော်တော်လေးကို ဘေးထွက်နေတဲ့ အနေအထားရှိတယ်။ သို့သော်လည်း ကျွန်တော်တို့က သုံးနေရာ၊ နေရာယူပြီးတာနဲ့ အောက်ကနေ၀င်ပြီးတော့ ရအောင် ငြိမ်းတာဖြစ်တဲ့အတွက် အုပ်မိတယ်ပေါ့။ အုပ်မိတာဖြစ်တဲ့အတွက် ဘေးကိုကူးစက်ပျံ့ပွားခြင်း မရှိပါဘူး။ အိမ်ရဲ့အပေါ်ထပ်တစ်လုံးပဲ ကူးစက်လောင်ကျွမ်းခံရပါတယ်။ ဆုံးရှုံးမှုတန်ဖိုးကတော့ ၁၀ သိန်းလောက် ခန့်မှန်းထားပါတယ်” ဟု ဆိုသည်။

မီး​လောင်​ကျွမ်းမှု​ကြောင့်​ အလျား ၃၂ ​ပေ၊ အနံ ၄၀ ​ပေရှိသည့်​ သွပ်​မိုးအုတ်​နံရံကာ၊ ​နေအိမ်​အ​ပေါ်ထပ်​တစ်​ခုလုံး မီး​လောင်​ကျွမ်းဆုံးရှုံးမှု ဖြစ်​ပွားခဲ့​သော်​လည်း ​ဘေးပတ်​ဝန်းကျင်
်​ကပ်​လျှက်​​နေအိမ်​များသို့ မီးကူးစက်​ခြင်းမရှိပဲ လူများအားလည်း ထိခိုက်​ဒဏ်​ရာရရှိခြင်း မရှိ​ကြောင်းနှင့် ဆုံးရှုံးမှုတန်​ဖိုး ကျပ်​ ၁၀ သိန်းဝန်းကျင်​ခန့်​ ​လောင်​ကျွမ်းဆုံးရှုံးခဲ့​ကြောင်း မီးသတ်​ဦးစီးမှူးရုံးမှ ​သိရသည်​။

အဆိုပါ မီး​လောင်​ကျွမ်းမှုဖြစ်​စဉ်​နှင့်​ ပတ်​သက်​ပြီး ပြိုင်​ကင်းဂျုံကြိတ်​​ခေါက်​ဆွဲ​နေအိမ်​ပိုင်​ရှင်​ ဦးဥာဏ်​စိုးအားေ​တာင်ငူမြို့မရဲစခန်းမှ ​အမှုဖွင့်​ အ​ရေးယူနိုင်​ရန်​ စစ်​​ဆေး​ဆောင်​ရွက်​လျှက်​ရှိ​ကြောင်း သိရသည်​။

ဖျာပုံမြို့နယ်မှ မီးဘေးသင့်ပြည်သူ ၂၀၀ ကျော် ကယ်ဆယ်ရေးစခန်း၌ မှီခိုနေရပြီး ထောက်ပံ့ကူညီမှုများ လိုအပ်နေ

မြစ်ကမ်းဘေးတွင် ဆိုက်ကပ်ထားသော စက်လှေမီးလောင်မှုဖြစ်ရာမှ မြစ်ကမ်းဘေးရှိ နေအိမ်များသို့ မီးကူးစက်လောင်ကျွမ်းခဲ့စဉ်

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်မှ မီးဘေးသင့်ပြည်သူ ၂၀၀ ကျော် ကယ်ဆယ်ရေးစခန်း၌ မှီခိုနေရပြီး ထောက်ပံ့ကူညီမှုများ လိုအပ်နေကြောင်း စုံစမ်းသိရသည်။

ဖျာပုံမြို့နယ် ခါးပြတ်ကျေးရွာ ရွှေထီးဘက်ကမ်း၌ မီးဘေးကြုံတွေ့ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် မီးဘေးသင့်ပြည်သူများမှာ စာသင်ကျောင်း၌ ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်း၌ ပြောင်းရွှေ့နေထိုင်နေရကြောင်း သိရသည်။

“ကယ်ဆယ်ရေးစခန်းကို အထကခွဲ ရွှေထီးမှာ ဖွင့်လှစ်ထားပါတယ်။ ကယ်ဆယ်ရေးစခန်းမှာ ခိုလှုံသူဦးရေက အိမ်ထောင်စု ၃၆ စု၊ လူဦးရေ ၂၀၂ ဦး ရှိပါတယ်။ ကျေးရွာထဲက လူငယ်တွေ စုပေါင်းပြီး ကူညီပေးနေတယ်။ အလှူရှင်ရှာပြီး ထမင်းကျွေးနေရတယ်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးက ထောက်ပံ့မှုတချို့ပေးနေပြီ။ အိမ်တွေက မီးလောင်ပြင်ကြီးကို ဖြစ်သွားတာ။ သီးခြားထောက်ပံ့ကူညီမှုတွေ အများကြီး လိုအပ်နေတယ်” ဟု မီးဘေးသင့် ပြည်သူများအား ကူညီပေးနေသည့် ဒေသခံ ကိုသန့်ဇင်က ပြောကြားသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမည့် အစီအမံအား သိရှိနိုင်ရန် ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးသန်းစိုးထံ ဆက်သွယ် မေးမြန်းခဲ့ရာ “အိမ်ခြေတွေအတွက် ၄၃ သိန်း ထောက်ပံ့မယ်။ လူဦးရေ ၂၀၂ ဦးအတွက် ဆန်ရိက္ခာတစ်ပတ်စာကျပ် ၄၂၄၂၀၀ ထောက်ပံ့မှာပါ။ စုစုပေါင်း ကျပ် ၄၇၂၄၂၀၀ ထောက်ပံ့ပါမယ်။ မီးဘေးသင့်တဲ့အိမ်ထောင်စု ၃၆ စုအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးကိုတော့ တစ်နေ့တည်း ထောက်ပံ့ခဲ့ပြီးပါပြီ။ ကွင်းဆင်းထောက်ပံ့မှုတွေကို ဖျာပုံခရိုင်ဘေးစီမံဦးစီးဌာနက ဆောင်ရွက်လျက် ရှိပါတယ်” ဟု ပြောကြားသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်မှာ ဖျာပုံမြို့နယ်၊ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ ခါးပြတ်ကျေးရွာ၊ ရွှေထီးဘက်ကမ်း၌ မတ် ၂၆ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြစ်ကမ်းဘေးတွင် ဆိုက်ကပ်ထားသော စက်လှေ မီးလောင်မှုဖြစ်ရာမှ မြစ်ကမ်းဘေးရှိ နေအိမ်များသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှု ဖြစ်ပွားခဲ့သည့်နေရာသည် ချောင်းခြားနေခြင်းကြောင့် မီးသတ်ယာဉ်များ သွားလာ၍မရသဖြင့် မီးသတ်ယာဉ်ပေါ်ပါ အပေါ့စားမီးသတ်စက်များ၊ ကျေးရွာရှိ အပေါ့စား မီးသတ်စက်များဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းမီးလောင်မှုဖြစ်စဉ်ကြောင့် စက်လှေတစ်စင်းနှင့် နေအိမ်များအပြင် အလုပ်သမားတန်းလျားသုံးခုနှင့် ရေစင်လေးစင် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ဖျာပုံခရိုင် အောင်ချမ်းသာရေစင်ဆိပ်ကမ်းရှိ သင်္ဘောမီးလောင်ရာမှ ကုန်းပေါ်ရှိနေအိမ်များသို့ ကူးစက်လောင်ကျွမ်းပြီး ဆီတိုင်ကီပေါက်ကာ ကျေးရွာနေအိမ် အများအပြား မီးလောင်ကျွမ်း

သင်္ဘောမီးလောင်ရာမှ ကုန်းပေါ်ရှိ နေအိမ်များသို့ ကူးစက်လောင်ကျွမ်းခဲ့စဉ်

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဖျာပုံမြို့ရှိ ဒေါ်ငြိမ်ကျေးရွာအုပ်စု ခါးပြတ်ကျေးရွာတွင် အောင်ချမ်းသာရေစင် ဆိပ်ကမ်းရှိ သင်္ဘောမီးလောင်ရာမှ ကုန်းပေါ်ကူးစက် လောင်ကျွမ်းစဉ် ဆီတိုင်ကီပေါက်ကာ ကျေးရွာရှိ လူနေအိမ်များ လောင်ကျွမ်းမှု မတ် ၂၆ ရက် နံနက် ၁၁ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အမှတ် (၆) ရပ်ကွက်နေ ရေလုပ်ငန်းရှင် ဒေါ်ခင်လှိုင် ပိုင်ဆိုင်သော အောင်ချမ်းသာ ငါးပေါင်းဖားကူး ချွန်းသင်္ဘော မီးလောင်ကျွမ်းရာမှ ကုန်းပေါ်ရှိ ရေစင်မီးလောင်ကျွမ်းကာ ရေစင်ရှိ လောင်စာတိုင်ကီအား မီးကူးစက်ပေါက်ကွဲပြီး ကျေးရွာအတွင်းရှိ အိမ်များသို့ မီးကူးစက် လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ကမ်းနားရှိ ရေစင်နှင့် အိမ်ထောင်စု ၃၅ စု၏နေအိမ် မီးလောင်ကျွမ်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

 

အမြန်လမ်းတွင် လူရှစ်ဦး သေဆုံးခဲ့သည့် ယာဉ်မီးလောင်မှုမှ ယာဉ်မောင်းအား ပုဒ်မသုံးခုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ် ချမှတ်

ယာဉ်မီးလောင်မှုကြောင့် ရှစ်ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်မှ ယာဉ်မောင်းအား အမိန့်ချမှတ်ရန် မတ် ၂၁ ရက်က ရုံးထုတ်လာစဉ်

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး လေးမိုင်နှစ်ဖာလုံခန့်တွင် Toyota Hiace ယာဉ်တစ်စီး မီးလောင်မှုကြောင့် ရှစ်ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်မှ ယာဉ်မောင်း အောင်ခန့်ဇွဲမြန်မာအား မတ် ၂၁ ရက်တွင် လှည်းကူးမြို့နယ် တရားရုံး၌ ရုံးထုတ်ခဲ့ပြီး ပုဒ်မသုံးခုဖြင့် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါအမှုမှာ အခင်းဖြစ်ပြီး တစ်နှစ်နှင့် နှစ်လအကြာတွင် ယင်းကဲ့သို့ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ယာဉ်မောင်း အောင်ခန့်ဇွဲမြန်မာအား ပုဒ်မ ၃၀၄ (က) ဖြင့် အလုပ်နှင့်ထောင်ဒဏ် ခုနစ်နှစ်၊ ပုဒ်မ ၂၈၅ ဖြင့် အလုပ်နှင့်ထောင်ဒဏ် သုံးနှစ်၊ ပုဒ်မ ၂၇၉ ဖြင့် အလုပ်နှင့်ထောင်ဒဏ် နှစ်နှစ်တို့ ချမှတ်ခဲ့ပြီး ပြစ်ဒဏ်များအား သီးခြားစီ ကျခံစေခဲ့ကြောင်း လှည်းကူးမြို့နယ် တရားရုံးမှ ပြန်ကြာရေးအရာရှိက ပြောကြားသည်။

ယင်းအမှုတွင် တရားလို အပါအ၀င် တရားလိုပြသက်သေ စုစုပေါင်း ၂၂ ဦးကို စစ်ဆေးခဲ့ပြီး စွဲချက်တင် အမိန့်ချမှတ်ရာတွင် တရားစွဲဆိုခံထားရသည့် အောင်ခန့်ဇွဲမြန်မာကို မဆင်မခြင်မှုကြောင့် လူသေစေမှုပုဒ်မ ၃၀၄ (က)၊ ယာဉ်မဆင်မခြင် မောင်းနှင်မှု ပုဒ်မ ၂၇၉ ၊ မီးပေါ့ဆမှုပုဒ်မ ၂၈၅ တို့ဖြင့် စွဲချက်တင်ခဲ့ကြောင်း သိရသည်။

ထို့နောက် တရားခံဘက်မှ ရှေ့နေဖြစ်သူက တရားလိုဖြစ်သူ ရဲအုပ်ပြည့်လင်းအောင် အပါအ၀င် သက်သေ လေးဦးကို ပြန်ခေါ်သက်သေအဖြစ် စစ်ဆေးပေးရန်အတွက် တရားရုံးသို့ တင်ပြခဲ့ကြောင်း သိရသည်။

အသက်ရှင် လွတ်မြောက်ခဲ့သူ အောင်ခန့်ဇွဲမြန်မာမှာ ယာဉ်ကို မောင်းနှင်ခဲ့သူဖြစ်ကြောင်း ဇန်န၀ါရီ ၂၃ ရက်တွင် ၀န်ခံ ထွက်ဆိုခဲ့ပြီးနောက် အမှတ် (၃) အမြန်လမ်းမကြီး ရဲစခန်းက ပုဒ်မ ၃၀၄ (က)/၃၃၇/၂၈၅ ဖြင့် ကနဦးတွင် အမှုဖွင့်ခဲ့ကာ ဇန်န၀ါရီ ၂၃ ရက်မှ ဖေဖော်ဝါရီ ၆ ရက်ထိ ပထမအကြိမ် ရမန်ယူ၍ စစ်ဆေးခဲ့ကြောင်း၊ ဇန်န၀ါရီ ၂၆ ရက်တွင် စီအိုင်ဒီသို့ လွှဲပြောင်းပေးခဲ့ပြီး စီအိုင်ဒီမှ လွှဲပြောင်းစစ်ဆေးဆဲကာလတွင် ပထမအကြိမ် ရမန်ယူရက် ကုန်ဆုံးခဲ့သဖြင့် ဖေဖော်ဝါရီ ၆ ရက်မှ ဖေဖော်ဝါရီ ၂၀ ရက်ထိ ဒုတိယအကြိမ် ရမန်ယူခဲ့ပြီး ယင်းနေ့တွင် ပုဒ်မ ၃၀၄ (က)ဖြင့် တရားစွဲတင်ခဲ့ကြောင်း သိရသည်။

ယာဉ်မီးလောင်မှု ဖြစ်စဉ်တွင် ကားပေါ်မှ အောင်ခန့်ဇွဲမြန်မာနှင့်အတူ ဆင်းလာသူဟု စွပ်စွဲခံရသူအား CID မှ ခေါ်ယူမေးမြန်းရာ ၀င်ရောက် အကူအညီပေးခြင်းသာ ဖြစ်သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း စီအိုင်ဒီ ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦး ဖေဖော်ဝါရီ ၁၂ ရက်တွင် ပြောကြားသည်။

ယင်းဖြစ်စဉ်တွင် သေဆုံးခဲ့သူများ၏ မိသားစုဝင်များမှ အဆိုပါ ဖြစ်စဉ်သည် ကြိုတင်ကြံစည်၍ ဖြစ်ပွားခဲ့ခြင်း ဖြစ်နိုင်ကြောင်း ယူဆမှုများနှင့်အမှုမှန် အမြန်ဆုံးပေါ်ပေါက်နိုင်ရန် ပြောဆိုမှုများ ရှိခဲ့သည်။

ယာဉ်မီးလောင်ကျွမ်းမှု ဖြစ်စဉ်မှာ ယာဉ်၏ ၀ဲဘက်ဘီးပေါက်ကာ လမ်းလယ်ကျွန်းရှိ Guard Rail အား တိုက်မိရာမှတစ်ဆင့်မီး လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း၊ ယာဉ်ပေါ်တွင် လိုက်ပါလာခဲ့သူများမှာ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီး ခုနစ်ဦးဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည့် ယာဉ်မှာ ၂၀၁၇ ခုနှစ် ဇန်န၀ါရီ ၁၉ ရက်က ပုဂံ-ညောင်ဦးသို့ ဘုရားဖူးရန် သွားရောက်ခဲ့ခြင်း ဖြစ်ပြီး အပြန်ခရီးတွင် နေပြည်တော်သို့ အလုပ်ကိစ္စဖြင့် ၀င်ရောက်ခဲ့ပြီးမှ ရန်ကုန်မြို့သို့ ပြန်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယာဉ်မောင်းမှအပ သေဆုံးခဲ့သူများမှာ ဆဌဂံဆောက်လုပ်ရေးကုမ္ပဏီမှ ဖြစ်ကြောင်း သေဆုံးခဲ့သူများ၏ မိသားစုဝင်များက ပြောကြားသည်။