ဂျာမနီတွင် ကမ္ဘာ့ပထမဆုံး ဟိုက်ဒရိုဂျင် စွမ်းအင်သုံးမီးရထား စတင်ပြေးဆွဲ

စက်တင်ဘာ ၁၆ ရက်တွင် ဂျာမနီနိုင်ငံ Bremervoerde မြို့အနီး ဟိုက်ဒရိုဂျင်စွမ်းအင်သုံး မီးရထားကို တွေ့ရစဉ် (Photo – AFP)

ဂျာမနီတွင် ကမ္ဘာ့ပထမဆုံး ဟိုက်ဒရိုဂျင်စွမ်းအင်သုံးမီးရထားကို စက်တင်ဘာ ၁၇ ရက်တွင် စတင်ပြေးဆွဲခဲ့သည်။ စရိတ်ပိုကြီးသော်လည်း သဘာဝပတ်ဝန်းကျင်နှင့် ပိုမိုလိုက်လျောညီထွေမှုရှိသော နည်းပညာကြောင့် ယင်းရထားများသည် လေထုညစ်ညမ်းမှုဖြစ်စေသော ဒီဇယ်ရထားများကို စိန်ခေါ်ရန်အတွက် အစပျိုးသည့် အရိပ်လက္ခဏာ ဖြစ်သည်။

ပြင်သစ်မြန်နှုန်းမြင့် မီးရထားထုတ်လုပ်သော Alstom ကုမ္ပဏီက ထုတ်လုပ်သည့် တောက်ပသောအပြာရောင် Coradia iLint ရထားနှစ်စင်းသည် ဂျာမနီမြောက်ပိုင်းရှိ Cuxhaven ၊ Bremerhaven ၊ Bremervoerde နှင့် Buxtehude မြို့များအကြား ၁၀၀ ကီလိုမီတာ (၆၂ မိုင်)ရှိသော လမ်းကြောင်းကို စတင်ပြေးဆွဲနေပြီ ဖြစ်သည်။

ကမ္ဘာ့ပထမဆုံး ဟိုက်ဒရိုဂျင်မီးရထားသည် စီးပွားဖြစ်ဝန်ဆောင်မှုကို စတင်ပြေးဆွဲနေပြီဖြစ်ကြောင်းနှင့် ယင်းရထားများကို ဆက်တိုက်ထုတ်လုပ်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း Alstom ကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ် Henri Poupart – Lafarge က  Bremervoerde မြို့ရှိ ဘူတာရုံတွင် ပြုလုပ်သည့် ဖွင့်ပွဲအခမ်းအနား၌ ပြောကြားခဲ့သည်။ ရထားများသည် ယင်းဘူတာတွင် ဟိုက်ဒရိုဂျင် ပြန်ဖြည့်ရမည်ဖြစ်သည်။

၂၀၂၁ ခုနှစ်မတိုင်မီ Lower Saxony ပြည်နယ်အတွက် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှင့်မှု သုညသာရှိသည့် ယင်းရထားမျိုး နောက်ထပ် ၁၄ စီး ပေးပို့ရန် စီစဉ်ထားကြောင်း၊ ဂျာမနီနိုင်ငံရှိ အခြားပြည်နယ်များကလည်း ယင်းရထားများကို စိတ်ဝင်စားမှုရှိသည်ဟု ပြသခဲ့ကြောင်း Alstom ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။

ဟိုက်ဒရိုဂျင်ဂျထားများတွင်  ဟိုက်ဒရိုဂျင်နှင့် အောက်ဆီဂျင်ပေါင်းစပ်ခြင်းမှတစ်ဆင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့်  လောင်စာဆဲလ်များ တပ်ဆင်ထားသည်။ ယင်းလုပ်ငန်းစဉ်သည် ရေနွေးငွေ့နှင့် ရေသာထုတ်လွှတ်မည် ဖြစ်သည်။ ပိုလျှံသည့်စွမ်းအင်ကို ရထားပေါ်ရှိ အိုင်းယွန်းလစ်သီယံဘက် ထရီများတွင် သိုလှောင်ထားမည် ဖြစ်သည်။

Coradia iLint ရထားများသည် ဟိုက်ဒရိုဂျင်တစ်တိုင်ကီဖြင့် ၁,၀၀၀ ကီလိုမီတာ ခန့်ခုတ်မောင်းနိုင်မည် ဖြစ်သည်။ ယင်းအကွာအဝေးသည် ဒီဇယ်ရထားများ ခုတ်မောင်းသည့်နှုန်းဖြင့် တူညီသည်။

“ဟိုက်ဒရိုဂျင်ရထားတစ်စင်း ၀ယ်ယူမှုဟာ ဒီဇယ်ရထားတစ်စင်းထက် သေချာပေါက် ဈေးပိုကြီးပေမယ့်  ခုတ်မောင်းရာမှာ ဈေးပိုသက်သာတယ်” ဟု Alstom ၏ ဟိုက်ဒရိုဂျင်ရထားစီမံကိန်းမန်နေဂျာ Stefan Schrank က ပြောကြားခဲ့သည်။

ဗြိတိန်၊ နယ်သာလန်၊ ဒိန်းမတ်၊ အီတလီနှင့် ကနေဒါနိုင်ငံအပါအ၀င် အခြားနိုင်ငံများကလည်း ဟိုက်ဒရိုဂျင်ရထားများကို စုံစမ်းနေသည်ဟု Alstom က ထုတ်ပြန်ခဲ့သည်။ ပြင်သစ်တွင် ၂၀၂၂ ခုနှစ်မတိုင်မီ မီးရထားလမ်းများတွင် ပထမဆုံးဟိုက်ဒရိုဂျင်ရထားများ ပြေးဆွဲရန်အသင့်ဖြစ်နေပြီဟု အစိုးရက ထုတ်ပြန်ခဲ့သည်။

Ref ; AFP

ဂျပန် အိုဒီအေချေးငွေဖြင့် ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဇူလိုင်တွင် စတင်မည်

ဂျပန်နိုင်ငံမှ အိုဒီအေချေးငွေဖြင့် ရန်ကုန်-မန္တလေး ရထားလမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ လာမည့်ဇူလိုင်တွင် စတင်မည် ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းအတွက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA မှ ချေးငွေ အမေရိကန်ဒေါ်လာ ၂၇၀ ဒသမ ၆၄ ဘီလျံ သုံးစွဲသွားမည်ဖြစ်ပြီး ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ငါးနှစ်စီမံကိန်းအဖြစ် သတ်မှတ်လုပ်ဆောင်သွားမည် ဖြစ်သည်။

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း၏ အရှည်မှာ ၃၈၅ ဒသမ ၅ မိုင်ရှည်လျားပြီး သယ်ယူပို့ဆောင်ရေးအနေနှင့် အမြန်ရထား ခြောက်စင်း၊ စာပို့ရထားနှစ်စင်း၊ ရန်ကုန်- နေပြည်တော် အစုန်အဆန် လေးစင်းတို့ဖြင့် ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

“တင်ဒါခေါ်တဲ့အခါ လုပ်ငန်းစဉ်တွေ မမှားအောင်၊ မကြာသင့်တာ မကြာအောင် ကြီးကြပ်ရပါတယ်။ဒီလမ်းပိုင်း အဆင့်မြှင့်တင်ဖို့ကို၂၀၁၇ ခုနှစ်တည်းက အဆင့်ဆင့် လုပ်ငန်းဆောင်ရွက်ခဲ့တာပါ။ လာမယ့် ဇူလိုင်မှာ စီမံကိန်းကို စတင်လုပ်ဆောင်မှာဖြစ်ပြီး လိုအပ်တဲ့လမ်းပိုင်းပြင်ဆင်မှု အပိုင်းတွေကို စတင်တော့မှာပါ” ဟု မြန်မာ့မီးရထား (စီမံကိန်းအဖွဲ့) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းပြင် အိန္ဒိယနိုင်ငံမှ ရထားစက်ခေါင်း အသစ်များကိုလည်း ၀ယ်ယူထားပြီး အဆိုပါစက်ခေါင်းများကို ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သတင်းရရှိသည်။

မန္တလေး-မြစ်ကြီးနား ပျက်စီးခဲ့သောလမ်းပိုင်းကို ပြန်လည်ပြင်ဆင်ခဲ့ပြီး ခရီးစဉ်များ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲ

နယ်မြေလုံခြုံရေး အခြေအနေအရ မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပိုင်း ကချင်ပြည်နယ်အတွင်း အစုန်၊ အဆန်ရထားများကို နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိသာ ဖြတ်သန်းခွင့်ပြုမည်ဟူသော သတင်းမှာ မဟုတ်မှန်ဘဲ ပျက်စီးခဲ့သောလမ်းပိုင်းအား ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး လက်ရှိတွင် ရထားခရီးစဉ်များကို ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲလျက်ရှိကြောင်း မြန်မာ့မီးရထားတိုင်း (၃) မှ သိရသည်။

မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းတွင် မေ ၁၅ ရက် ညပိုင်းက မိုင်းရှင်းရထားနှင့် တံတားသုံးစင်းအား မိုင်းခွဲဖျက်ဆီးခံခဲ့ရပြီး မီးရထားလမ်းပိုင်း ပျက်စီးမှုများကြောင့် ခရီးသွားပြည်သူများ လမ်းပိုင်းဘူတာများတွင် ပိတ်မိမှုဖြစ်ခဲ့ကာ မီးရထားခရီးစဉ်များကို ပြေးဆွဲမှု ခေတ္တရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မြစ်ကြီးနားရထားလမ်းပိုင်းကို မနေ့က နေ့ပိုင်း ၂ နာရီမှာ ပြန်ဖွင့်လိုက်တယ်။ အခု ပုံမှန်အတိုင်းပြေးနေတယ်။ မြစ်ကြီးနားဘက်က ရထားလည်းလာသလို မန္တလေးကရထားလည်း ပုံမှန်အတိုင်းပြေးနေပါတယ်။ ပျက်စီးခဲ့တဲ့ ရထားလမ်းပိုင်းတွေကို မေ ၁၇ ရက် ညနေ ၆ နာရီလောက်မှာ အားလုံးပြင်ဆင်ပြီးသွားခဲ့တယ်။ ဒါကြောင့် မနေ့က မွန်းလွဲ ၂ နာရီကနေစပြီး ပြန်ပြေးနေတယ်။ မြစ်ကြီးနားကနေပြီး ၄၂ အစုန်၊ ၅၆ အစုန်၊ ၅၀ အစုန်ရထားတွေကို မန္တလေးဘက်ကို လွှတ်လိုက်တယ်။ မန္တလေးဘက်ကနေလည်း ပုံမှန်အချိန်တွေအတိုင်း ပြေးဆွဲနေပါတယ်” ဟု မြန်မာမီးရထား မန္တလေးတိုင်းတိုင်းအမှတ် (၃) မှ အထွေထွေမန်နေဂျာက ပြောကြားသည်။

အွန်လိုင်းသတင်းများတွင် မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်း ကချင်ပြည်နယ်အတွင်း အစုန်၊ အဆန်ရထားများကို နယ်မြေလုံခြုံရေးအခြေအနေအရ နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်း သွားလာခွင့်ပြုထားကြောင်းနှင့် ရထားစီးခရီးသည်များ ဘေးကင်းလုံခြုံစေရန် လမ်းပိုင်းတွင် ပြေးဆွဲသည့် အစုန်၊ အဆန်ရထားများအနေဖြင့် ညနေ ၆ နာရီတွင် ရောက်ရှိသည့်ဘူတာတွင် ညအိပ်ရပ်နားရမည်ဟု သတင်းများပျံ့နှံ့ခဲ့သော်လည်း ယင်းကဲ့သို့ ကန့်သတ်ထားခြင်းမရှိကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်း မြစ်ကြီးနားလမ်းပိုင်းတွင် မေ ၁၅ ရက်က မိုင်းရှင်းရထားနှင့် တံတားသုံးစင်း မိုင်းခွဲဖျက်စီခံခဲ့ရခြင်းကြောင့် ၄၅ ဒီဂရီတိမ်းစောင်းကာ ဘီးပြုတ်ကျခြင်း၊ လမ်းပိုင်းချော်ကျခြင်းများ ဖြစ်ပေါ်ခဲ့ပြီး မီးရထားလမ်းနှင့် တံတားများပျက်စီးမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကာ ယင်းဖြစ်စဉ်များကြောင့် ရထားစီးနင်းခငွေများ ပြန်အမ်းခြင်းပြုလုပ်ခဲ့ရပြီး ရထားခရီးစဉ်များကို ဖျက်သိမ်းခဲ့ခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒေါ်လာသန်း ၇၀၀ ကျော်မြှုပ်နှံမည့် Yoma Central စီမံကိန်း၏ The Peninsula Residences Yangon မှ အိမ်ရာများ စတင်ရောင်းချမည်ဖြစ်ကြောင်း ကြေညာ

The Peninsula Residences Yangon စီမံကိန်း ပါဝင်တည်ဆောက်မည့် မြန်မာ့မီးရထား ရုံးချုပ်ဟောင်းကို တွေ့ရစဉ်

ဒေါ်လာသန်း ၇၀၀ ကျော် မြှုပ်နှံမည့် Yoma Central စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သော The Peninsula Resdnce Yangon မှ အိမ်ရာများ စတင်ရောင်းချမည်ဖြစ်ကြောင်း FMI က မတ် ၂၆ ရက်တွင် အသိပေးကြေညာချက် ထုတ်ပြန်သည်။

မြန်မာ့မီးရထားရုံးချုပ်ဟောင်းနေရာကို The Peninsula Residences Yangon အဖြစ် ဖော်ဆောင်မှုအတွက် Meeyahta Development Limited နှင့် Hongkong and Shanghai Hotels (HSH) တို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။ HSH သည် The Peninsula ဟိုတယ်များကို  ကိုယ်တိုင် စီမံအုပ်ချုပ် ပိုင်ဆိုင်သည့် သက်တမ်းရင့် ဟိုတယ်လုပ်ငန်းစုဖြစ်ပြီး Meeyahta Development Limited ကို မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းရှိ နာမည်ကြီး အမှတ်တံဆိပ်များဖြစ်သည့် Yoma Strategic မှ ၄၈ ရာခိုင်နှုန်း၊ FMI မှ ၁၂ ရာခိုင်နှုန်း၊ Mitsubishi ကုမ္ပဏီများမှ ရာခိုင်နှုန်း ၃၀၊ IFC မှ ငါးရာခိုင်နှုန်းနှင့် ADB မှ ငါးရာခိုင်နှုန်းတို့ဖြင့် အကျိုးတူပူးပေါင်းထားသည်။

“၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်လုပ်ငန်းတွေ အားလုံးပြီးဆုံးသွားချိန်မှာ Yoma Central စီမံကိန်းဟာ အိမ်ခြံမြေစီမံကိန်းတွေရဲ့ စံပြဖြစ်လာမှာဖြစ်ပါတယ်။  စီမံကိန်းအတွက် ဒေါ်လာသန်း ၇၀၀ ကျော်မြှုပ်နှံသွားမှာဖြစ်ပြီး အိမ်ခြံမြေကဏ္ဍမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရဲ့ အကြီးဆုံးစီမံကိန်းဖြစ်လာပါမယ” ဟု FMI ဥက္ကဋ္ဌ ဦးသိမ်းဝေက ပြောကြားထားသည်။

အဆင့်မြင့် ဇိမ်ခံအိမ်ရာပေါင်း ၉၆ ခု ပါရှိလာမည်ဖြစ်သည့် The Peninsula Residences Yangon စီမံကိန်းသည် ၁၀ ဧက ကျယ်ဝန်းပြီး ဆူးလေဘုရားလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းဆုံရာ ရန်ကုန်မြို့ လယ်ရှိ Yoma Central စီမံကိန်းအတွင်း၌ တည်ရှိသည်။ The Peninsula Residences Yangon ကို မြန်မာ့ယဉ်ကျေးမှုအနုပညာနှင့် ရှေးဟောင်းလက်ရာများကို အခြေခံ၍ ကမ္ဘာ့ထိပ်တန်း ဒီဇိုင်းဗိသုကာပညာရှင်များက တည်ဆောက်သွားမည်ဖြစ်သည်။ စီမံကိန်းကို ၂၀၂၁ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးရန် ခန့်မှန်းထားပြီး မြန်မာနိုင်ငံတွင် မရှိဖူးသေးသည့် အရည်အသွေးနှင့် ခေတ်မီမှုကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ကြေညာထားသည်။

“လက်ရှိဈေးနှုန်းတော့ မသိရသေးပါ ဘူး” ဟု FMI မှ တာဝန်ရှိသူတစ်ဦးက မတ် ၂၆ ရက်တွင် ပြောကြားသည်။

ရန်ကုန်မြို့ရှိ သက်တမ်းအရှည်ဆုံးနှင့် နာမည်အကြီးဆုံး ကိုလိုနီခေတ် အဆောက်အအုံဖြစ်သည့် ယခင်မီးရထားရုံးချုပ်နေရာကို ပြန်လည်ပြုပြင်တည်ဆောက်သွားမည့် The Peninsula Residences Yangon ၌  The Peninsula Yangon အမည်ရှိ ကမ္ဘာ့အဆင့်မီ အဆင့်မြင့်ဟိုတယ်နှင့်အတူ Yoma Central ၏ စုပေါင်းအိမ်ရာ တည်ဆောက်ရေးတွင် ပါဝင်သည့်အပြင် Grade A အဆင့်ရှိ ရုံးခန်းများပါရှိသော တာဝါနှစ်ခုနှင့် စီပွားရေးလုပ်ငန်းဟိုတယ်များကိုလည်း လက်လီအရောင်းဆိုင်ခန်းတွဲတစ်ခုနှင့် ဆက်စပ် ပေါင်းကူးထားသည်။

FMI မှ လုပ်ဆောင်နေသည့် စီမံကိန်း ဖြစ်သော Landmark Development စီမံကိန်းအဖြစ် အမည်ပြောင်းလဲကာ စီမံကိန်းစတင်မှုကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်က စတင်ခဲ့ပြီး  Yoma Central စီမံကိန်းအဖြစ် အမည်ပြောင်းလဲလိုက်သည့် စီမံကိန်းတွင် စီမံကိန်း (က) နှင့် (ခ) နှစ်ပိုင်းပါဝင်ကာ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Mixed-use ဘက်စုံဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းနှင့် မြန်မာ့မီးရထားရုံးချုပ် ဟောင်းအား The Peninsula Yangon အဖြစ် ဖော်ဆောင်ခြင်းတို့ ပါဝင်သည်။