မိတ္ထီလာ-တောင်ကြီးလမ်း သာစည်မြို့အ၀င်တွင် ရေကျော်နေသဖြင့် ခေတ္တလမ်းပိတ်ထားရပြီး မြို့ရှောင်လမ်းမှ မောင်းနှင်နေရ

အောက်တိုဘာ ၁၅ ရက် မွန်းလွဲပိုင်းက မိတ္ထီလာ-တောင်ကြီး လမ်းပိတ်ထားမှုကို တွေ့ရစဉ် (ဓာတ်ပုံ-၀ဏ္ဏ)

မိုးသည်းထန်စွာ ရွာသွန်းပြီး မိတ္ထီလာကန်ရေ ဖောက်ချမှုနှင့် မင်းလှကန် ရေကျော်နေခြင်းတို့ကြောင့် မိတ္ထီလာ-တောင်ကြီးလမ်း သာစည်မြို့ အ၀င်တွင် လမ်းအရှည် ပေတစ်ထောင်ခန့် ရေကျော်နေသဖြင့် အောက်တိုဘာ ၁၄ ရက် ည ၇ နာရီခန့်မှစ၍ ခေတ္တလမ်းပိတ်ထားပြီး မြို့ရှောင်လမ်းမှတစ်ဆင့် မောင်းနှင်ရန် လမ်းညွှန်ဆိုင်းဘုတ်များ စိုက်ထူထားကာ ကားများ ဖြတ်သန်းသွားလာခွင့် မပြုတော့ကြောင်း သိရသည်။

“မနေ့ည ၆ နာရီ မိနစ် ၄၀ ကစပြီး ဆိုင်းဘုတ် Safety အားလုံးစုံတယ်။ မင်းလှကန် ရေကျော်နေသဖြင့် လမ်းလွှဲမှ မောင်းပေးကြပါရန် ဆိုတဲ့စာသား ရောင်ပြန်ဆိုင်းဘုတ်နဲ့ မြားရယ် အားလုံးစနစ်တကျ ဟိုဘက်ဒီဘက် အားလုံးလုပ်ထားပါတယ်။ ရေထဲကို ဖြတ်လို့ရနေပေမယ့် ရေက လက်ရှိ တစ်ပေခွဲလောက် ကျန်နေသေးတယ်။ ရေရှစ်လက်မလောက်ဆိုရင် ဒီဘက်ကပဲ ပြန်လွှတ်မယ်။ ရေကျရင် လမ်းပြင်မယ်။ လမ်းပေါက်ဖာတာက နာရီဝက်အတွင်းပြီးတယ်။ ကတ္တရာက ရေခြောက်သွားတာနဲ့ ချက်ချင်းပြန်ခင်းလို့ရတယ်။ ကျောက်ကားတွေဘာတွေ အားလုံး အဆင်သင့်လုပ်ထားတယ်။ သာစည်ကနေ သပြေ၀၊ သပြေ၀ကနေ တစ်ဆင့် မိတ္ထီလာမြို့ရှောင်လမ်းကို လမ်းလွှဲထားပါတယ်။ အခက်အခဲတော့ သိပ်မရှိပါဘူး” ဟု တောင်ပေါ်ဒေသ ဆောက်လုပ်ရေးကုမ္ပဏီမှ လမ်းပိုင်းတာဝန်ရှိသူ တစ်ဦးက အောက်တိုဘာ ၁၅ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။

“ပရစ်ရိုး၊ မြင်းကွက်တို့က ကန်တွေမနိုင်တဲ့အတွက် အကုန်ကျိုးကုန်တယ်။ ကျိုးကုန်တဲ့အတွက် မင်းလှကန်ထဲ ရေ၀င်တဲ့ ဆည်ပေါက်က ပြွန်ပေါက်နှစ်လုံးက ရေထွက်ပေါက် ၀င်ပေါက် မမျှဘူးဖြစ်နေတယ်။ ရေ၀င်ပေါက်က ပေအစိတ်လောက်ရှိတယ်။ ရေထွက်ပေါက်က သုံးပေပြွန် နှစ်ပေါက်ပဲရှိတယ်။ ရေ၀င်ရေထွက် မမျှတတဲ့ အတွက် ယာခင်းတွေဘာတွေ မြုပ်ကုန်တာလည်းရှိတယ်။ ဒီမင်းလှကန်ပေါင် ပြွန်ပေါက်ကြီး လုပ်တဲ့နေ့ကစပြီး အခက်အခဲ ဖြစ်တော့တာပဲ။ ပြွန်ပေါက်ကိုဖျက်ပြီး ရေကျော်ပုံစံနဲ့ လုပ်မယ်ဆိုရင် အဆင်ပြေမယ်။ ကားလမ်းမပေါ် ရေကျော်နေတာ ပေတစ်ထောင်လောက်ရှိမယ်။ သံလမ်းအောက်က ကျောက်သားထဲလည်း ရေဖြတ်တယ်။ ရထားအသွားအလာတော့ မပျက်သေးဘူး။ ဒီဘက်ကွမ်းခြံရိုးထိပ်ကတော့ ရေတစ်မိုက်လောက် ပြေးနေတော့ ရွာသားတွေအားနဲ့ ရေမ၀င်အောင် ပိတ်ထားရတယ်။ သာစည်သွားမယ့် ဆိုင်ကယ်တွေတော့ မင်းလှကန်ပေါင်ကနေ ဖြတ်သွားလို့ရတယ်။ ကားတော့ ကန်ပေါင်က အဖြတ်မခံဘူး” ဟု ကွမ်းခြံရိုးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစံသိန်းက အောက်တိုဘာ ၁၅ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။

မိတ္ထီလာ-တောင်ကြီးလမ်း မိုင်တိုင် ၁၁ အနီး မိတ္ထီလာဘက်မှ သာစည်မြို့အ၀င်တွင် မိုးများပြီး မိတ္ထီလာကန်ရေ ဖောက်ချခြင်းနှင့် မင်းလှကန် ရေကျော်ခြင်းတို့ကြောင့် အောက်တိုဘာ ၁၄ ရက် နံနက်မှစတင်ပြီး လမ်းရေကျော်လာကာ အဆိုပါနေ့ ညပိုင်းတွင် လမ်းခေတ္တပိတ်ခဲ့ရပြီး အောက်တိုဘာ ၁၅ ရက် ညနေပိုင်းအထိ မိတ္ထီလာမြို့ရှောင်လမ်းမမှ သပြေ၀၊ သပြေ၀မှတစ်ဆင့် သာစည်မြို့သို့  ရှောင်ကွင်းမောင်းနှင်နေရဆဲဖြစ်ပြီး မိတ္ထီလာ-တောင်ကြီးလမ်းမှာ ပုံမှန်ချိန်တွင် ခရီးသွား ကားကြီး၊ ကားငယ်နှင့် ကုန်တင်ကား တစ်ရက်လျှင် အစီး ၅၀၀ ခန့် ဖြတ်သန်းသွားလာလေ့ရှိသော လမ်းမကြီးဖြစ်သည်။

 

“ပြဿနာက ကြီးသွားမှာ။ အမုန်းတရားတွေကလည်း ပွားလာမှာ။ အမုန်းစကားထက် စာရင်တော့ ပန်းစကားပဲ ပြောစေချင်တယ်” ထီလာသုခသာမဂ္ဂီအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာခင်စိုးနှင့် တွေ့ဆုံခြင်း

 

ပြီးခဲ့တဲ့ ၂၀၁၃ ခုနစ် မတ် ၂၀ ရက်က မိတ္ထီလာမြို့မှာ ရွှေအရောင်းအ၀ယ် လုပ်ရာကနေ ပြဿနာဖြစ်ပွားပြီး ပဋိပက္ခမီးက ကူးစက်ခဲ့ပါတယ်။ ဒီပဋိပက္ခကြောင့် ၄၃ ဦး သေဆုံးပြီး ၈၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်ထဲရေး ၀န်ကြီးဌာနကနေ ၂၀၁၃ မတ် ၂၉ ရက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ မိတ္ထီလာပဋိပက္ခဖြစ်စဉ် ဖြစ်ပွားခဲ့မှုဟာ အချိန်လေးနှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ပဋိပက္ခဖြစ်ပွားပြီး လေးနှစ်အကြာ မိတ္ထီလာ အခြေအနေတွေကို လူမှုရေး လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ထီလာသုခသာမဂ္ဂီအဖွဲ့မှ ဥက္ကဋ္ဌ ဒေါက်တာခင်စိုးနဲ့ တွေ့ဆုံမေးမြန်း ဖြစ်ခဲ့တာတွေထဲကနေ တချို့ကို ပြန်လည်ကောက်နုတ် ဖော်ပြလိုက်ရပါတယ်။

မေး- လက်ရှိ မိတ္ထီလာရဲ့ အခြေအနေကို ဆရာ့အနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဖြေ- ပဋိပက္ခဖြစ်ပြီး နောက်ပိုင်းမှာတော့ တော်တော်လေး တည်ငြိမ်မှုတော့ ရနေပါပြီ။ ဒါပေမဲ့ အပြည့်အ၀ကြီး ရနေတာတော့ မဟုတ်သေးဘူး။ တစ်ခါတလေကျတော့လည်း ကြိုကြားကြိုကြား အစွန်းရောက်တွေက ဖွတာလေးတွေတော့ ရှိတာပေါ့။ Facebook တို့ ဘာတို့ကနေ ဖွတာတို့တော့ ရှိတာပေါ့။ နောက်ပြီး ပြဿနာကို မီးထိုးတာတွေ ဘာတွေလည်း ရှိတာပေါ့။ အဲဒါမျိုးက ဒီပြည်သာယာတို့ ဘာတို့ အထဲမှာကိုရှိတယ်။ ဖြစ်ရင် ချက်ချင်းအရေးယူ ဆောင်ရွက်ရင်တော့ ကောင်းတာပေါ့။ တရားဥပဒေ စိုးမိုးရေးနဲ့ပဲ ကြည့်ရမှာပေါ့လေ။ ချက်ချင်းအုပ်နိုင်ရင်တော့ အကောင်းဆုံးပဲပေါ့။ နောက် ကောလာဟလတွေကိုလည်း မပြန့်ပွားအောင် သတင်းမှန် ထုတ်ပြန်ပေးဖို့ ဒါကလည်း အရေးကြီးပါတယ်။

မေး- ကိုယ့်အိမ်၊ ကိုယ့်နေရာကို မပြန်နိုင်ကြသေးတဲ့သူတွေ ရှိနေသေးတယ်လို့ သိရပါတယ်။ ဒီအပေါ်မှာ ဆရာ့အနေနဲ့ ဘာများပြောချင်ပါသလဲ။

ဖြေ- သူတို့လည်း တတ်နိုင်သလောက် လုပ်ပေးပါတယ်။ ဒါပေမဲ့ အကုန်လုံးကိုတော့ လုပ်မပေးနိုင်သေးဘူး။ တချို့နေရာက သူတို့နေရာကို ပြန်မရောက်သေးတဲ့ သူတွေလည်း ရှိတယ်။ ဒါကလည်း အခက်အခဲအမျိုးမျိုး ကြောင့်လည်း ဖြစ်မှာပေါ့။ တချို့က ကိုယ့်နေရာကိုယ် ပြန်နေချင်ပေမယ့်လို့ အဲဒီနေရာတွေက နေထိုင်ဖို့ မသင့်တော့ ပြန်မပေးတာတွေလည်းရှိတယ်။ အဲဒါဆို သူတို့ဘာသာသူတို့ ဒီနေရာကို ရောင်းစားရင်စားသွား ဒီနေရာမှာတော့ လာမနေနဲ့ပေါ့။ အဲဒီလိုမျိုး ရပ်ကွက်က လက်မခံတာတွေလည်းရှိတယ်။ အမျိုးမျိုးပေါ့။ အဲဒါတွေကို အာဏာပိုင်တွေက စီစဉ်ဆောင်ရွက်တာဆိုတော့ အသေးစိတ် ကျွန်တော်တို့က မသိဘူး။ ကမ့်တွေက မရှိတော့ဘူး။ အရင်တုန်းကတော့ ဖိုးဆယ်ကျောင်းထဲမှာရှိတယ်။ နောက်ရေအရင်းအမြစ်ထဲမှာ ရှိတယ်။ နောက် ခရိုင်အားကစားကွင်းထဲမှာ ရှိတယ်။ ဗုဒ္ဓဘာသာတွေကျတော့ ဘုန်းကြီးကျောင်းတွေမှာပေါ့။ အခုကတော့ အစိုးရက အဆောက်အအုံတွေ ဆောက်ပေးတဲ့အတွက် သူ့နေရာသူ ပြန်ရောက်သွားကြပြီ။ တချို့ကလည်း မဲနှိုက်ပြီးတော့ ကျတဲ့နေရာယူရတာပေါ့။ တချို့လည်း ဂရန်ရှိတော့ ကိုယ့်နေရာကို ပြန်ရတယ်။ တချို့ငှားပြီး နေတဲ့သူတွေကတော့ ပိုင်းပြီးနေကြတယ်။ ပေါင်းပြီးနေကြတယ်။ အရင်လို အခြေအနေကြီးတော့ မရဘူး။ ပြန်ပြီး အကွက်ရိုက်တဲ့ နေရာမှာ အရင်အကွက်ထက် ကျဉ်းချင်လည်း ကျဉ်းသွားတာ။ ဘာပဲပြောပြော အစိုးရက ဆောက်ပေးတဲ့အတွက် သူတို့ကလည်း ကျေကျေနပ်နပ် ယူကြတယ်။ မယူလို့လည်း မရဘူးလေ။ မယူဘူးဆို မရရုံပဲရှိတဲ့အတွက် ယူကြတယ်။ အဓိက,ကတော့ ပဋိပက္ခပြန်ဖြစ်မှာ စိုးတာတို့၊ ဖြစ်လို့ရှိရင် ဘယ်သူတာဝန်ယူမှာလဲလို့ အဲဒီလိုမျိုးတွေရှိတာပေါ့။ တာဝန်မယူချင်ကြတော့ အဲဒီလိုမျိုးနေရာတွေမှာ မထားဘူး။ အဲဒီလိုမျိုးနေရာတွေက ပြဿနာဖြစ်တတ်တယ်။ ပြဿနာအကြီးအကျယ် ဖြစ်သွားတဲ့ နေရာတွေဆိုလည်း ပြန်မပေးဘူး။

မေး- မိတ္ထီလာပဋိပက္ခ ဖြစ်တာက လေးနှစ်ရှိပြီဆိုတော့ အစိုးရရဲ့ ပြန်လည်ထူထောင်ရေး အပေါ်မှာ ဆရာ့အနေနဲ့ ဘယ်လိုများ မြင်ပါသလဲ။

ဖြေ- ပြန်လည်ထူထောင်ရေးကတော့ လိုအပ်ချက်က ရှိပါတယ်။ သူတို့လည်း တတ်နိုင်သလောက် ကြိုးစားလုပ်ပေးတယ် ဆိုပေမယ့်လည်း ပြည့်စုံလုံလောက်မှုကတော့ မရှိဘူး။ နည်းနည်း ကျပ်ကျပ်တည်းတည်း နေရတာတွေတို့၊ မိသားစုတွေ ပေါင်းနေရတာတွေတို့၊ ရေစီးရေလာ မကောင်းဘဲ ရေတွေဝပ်နေတာတွေတို့၊ နောက် ရေအခက်အခဲ ရှိတာတို့၊ သန့်ရှင်းရေးတွေ အခက်အခဲရှိတာတို့ ဒါမျိုးတွေတော့ ရှိပါတယ်။ အဲဒါတွေကလည်း ဘာဖြစ်လို့ဖြစ်လဲဆိုတော့ အစနေရာချကတည်းက ရေမြောင်းစနစ်တို့၊ ရေထွက်ပေါက်တို့ အဲဒါတွေက မကောင်းတော့လည်း ရေ၀ပ်တာပေါ့လေ။ ရေအခက်အခဲတွေလည်း နည်းနည်းရှိတယ်။ အဲဒါတွေကို ကျွန်တော်တို့ဘက်က တတ်နိုင်သလောက် ကူညီဖြေရှင်းပေးတာတွေ ရှိပါတယ်။

မေး-  မိတ္ထီလာမြို့မှာ ၂၀၁၃ ပဋိပက္ခဖြစ်စဉ် ဖြစ်ပွားပြီး နောက်ပိုင်း နောက်ထပ်ဘယ်လို အခြေအနေမျိုးတွေကို ကြုံတွေ့နေရပါသလဲဆရာ။

ဖြေ- ပဋိပက္ခ အသေးလေးတွေပါပဲ။ တစ်ယောက်နဲ့ တစ်ယောက်က ဥပမာ မိသားစု ပြဿနာလေးတွေကနေ သူတို့က ကြီးအောင်လုပ်ချင် ကြတာပေါ့။ ဒါပေမဲ့ အဲဒီလောက်ကြီး မဖြစ်အောင် ချက်ချင်းအရေးယူတာတွေ ရှိတဲ့အတွက် မဖြစ်ဘူးပေါ့။

မေး- အမုန်းစကားတွေအပေါ်မှာ ဆရာ့အနေနဲ့ ဘာများပြောချင်ပါသလဲ။

ဖြေ- ကျွန်တော်တို့ကတော့ အမုန်းစကားတွေကိုတော့ မပြောစေချင်ဘူး။ ပြောလို့ရှိရင်လည်း အဲဒါတွေကို အာဏာပိုင်တွေ အနေနဲ့ ခွင့်မပြုစေချင်ဘူး။ ဘာလို့လဲဆိုတော့ ဒီဟာတွေကနေပြီးတော့ ပြဿနာက ကြီးသွားမှာ။ အမုန်းတရားတွေကလည်း ပွားလာမှာ။ အမုန်းစကားထက် စာရင်တော့ ပန်းစကားပဲ ပြောစေချင်တယ်။

မေး- လက်ရှိ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လုပ်ကိုင်ဆောင်ရွက်မှု အပေါ်မှာ အားရကျေနပ်မှု ရှိပါရဲ့လား။

ဖြေ- အဖွဲ့အစည်းတွေက အထက်ရဲ့အမိန့်ကို နာခံရတာဆိုတော့ အရင်ထက်စာရင် အခုနောက်ပိုင်းတော့ အရေးယူ ဆောင်ရွက်မှုက မြန်ဆန်လာပါတယ်။ အရင်တုန်းကတော့ သူတို့က အမိန့်အရ ဘာမှမလုပ်နဲ့ဆို မလုပ်ရဘူးပေါ့လေ။

မေး- လက်ရှိ မိတ္ထီလာ အခြေအနေဟာ ၂၀၁၃ ခုနှစ် မတိုင်ခင်က အခြေအနေကို ပြန်ရောက်နေပြီလို့ ပြောနိုင်မလားဆရာ။

ဖြေ- ၂၀၁၃ ခုနှစ်မတိုင်ခင် မိတ္ထီလာ အခြေအနေမျိုးက တော်တော်များများတော့ ပြန်ဖြစ်နေပါပြီ။ ဒါပေမဲ့ လုံးလုံးကြီးတော့ ပြန်မရောက်သေးဘူး။ ပဋိပက္ခကြောင့် ရိုက်ခတ်တဲ့ လှိုင်းတံပိုး လေးတွေကတော့ နည်းနည်းတော့ရှိတယ်။

မေး- ဆရာ့အနေနဲ့ ဖြည့်စွက်ပြောချင်တာလေးများ ရှိပါသေးလား။

ဖြေ- ကျွန်တော်တို့ကတော့ အရင်လိုပဲ သင့်သင့်မြတ်မြတ်နဲ့ ဘာသာပေါင်းစုံက ချစ်ချစ်ခင်ခင်ပဲ နေထိုင်ချင်တယ်။ အဲဒီလိုမျိုး အခြေအနေရောက်အောင် ကြိုးပမ်းရမှာက လူတိုင်းမှာ တာဝန်ရှိပါတယ်။

မိတ္ထီလာမြို့ စည်ပင်သာယာရေး နယ်နိမိတ်မြေပုံအား မောင်းသူမဲ့ လေယာဉ်များဖြင့် တိုင်းတာမှုလုပ်ငန်းစတင်

မောင်းသူမဲ့လေယာဉ်ဖြင့် တိုင်းတာမှု ပြုလုပ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ – ၀ဏ္ဏ)

မိတ္ထီလာမြို့ စည်ပင်သာယာရေး နယ်နိမိတ် မြေပုံအား မောင်းသူမဲ့လေယာဉ်များဖြင့် တိုင်းတာမှုလုပ်ငန်းများ စတင်ဆောင်ရွက် နေပြီဖြစ်ကြောင်း သိရသည်။

“မောင်းသူမဲ့ လေယာဉ်တွေနဲ့ပျံသန်းပြီး မိတ္ထီလာ စည်ပင်သာယာရေး နယ်နိမိတ်မြို့ မြေပုံထုတ်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဌာနက နည်းပညာ အကူအညီပေးပြီး စည်ပင်သာယာကော်မတီက လိုအပ်တဲ့ ပံ့ပိုးမှုတွေလုပ် ပေးပါတယ်။ ကျွန်တော်တို့အနေနဲ့ မောင်းသူမဲ့ လေယာဉ်အမျိုးအစား နှစ်မျိုးနဲ့ မောင်းသူမဲ့ လေယာဉ်နှစ်စင်း အသုံးချ ပျံသန်းမှာ ဖြစ်ပါတယ်။ မြို့ဧရိယာ လူနေထူထပ်တဲ့ နေရာတွေမှာ ပန်ကာခြောက်လက်တက်၊ ပန်ကာရှစ်လက် တက်မောင်းသူမဲ့လေယာဉ် နှစ်စင်းအသုံးပြု ပျံသန်းသွားမှာ ဖြစ်ပါတယ်။ မြို့ဧရိယာ ကျယ်တဲ့နေရာမှာ လက်ပစ်မောင်းသူမဲ့ လေယာဉ်အမျိုးအစားတွေနဲ့ ပျံသန်းတိုင်းတာမှာပါ။ ကျွန်တော့် လေယာဉ်ပျံတွေက တစ်ကြိမ်ပျံသန်းရင် ဧက ၄၀၀ ကနေ ဧက ၅၀၀ အထိ ပျံသန်းတိုင်းတာနိုင်မှာ ဖြစ်ပါတယ်။ ကွန်တိုလိုင်းပါတဲ့ တိကျတဲ့ မြေပုံတွေရရှိမှာ ဖြစ်ပါတယ်။ မြေပြင်ဂျီပီအက်စ် အမှတ်အသားတွေ ချထားတဲ့ တိကျတဲ့ မြေပုံတွေ ရရှိနိုင်မှာပါ။ မြေပုံရဲ့တိကျမှုကတော့ 4 cm ကနေ 8 cm ထိရရှိမှာဖြစ်ပြီး ကြည်လင်ပြတ်သားမှုကတော့ 4 cm ထိရရှိမှာ ဖြစ်ပါတယ်။ မောင်းသူမဲ့ လေယာဉ်တွေက အမြင့်မီတာ ၃၀၀ ကနေ ပျံသန်းမှာဖြစ်ပြီးတော့ ဧက ၃၀၀ ကနေ ၅၀၀ ထိ တိုင်းတာသွားမှာပါ။ မြေပုံထုတ်နိုင်ဖို့ထိ နှစ်လလောက် ကြာမယ်လို့ ခန့်မှန်းသတ်မှတ်ပါတယ်” ဟု မြန်မာနိုင်ငံ လေကြောင်းနှင့် အာကသပညာ တက္ကသိုလ် မောင်းသူမဲ့ လေယာဉ် သုတေသနဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာသဲမောင်မောင်က ပြောကြားသည်။

“ကျွန်တော်တို့အနေနဲ့ မိတ္ထီလာမြို့ စည်ပင်သာယာရေး မြေပုံထုတ်နေတာပါ၊ အရင်တုန်းက မြေပုံတွေနဲ့စာရင် ဒီကမြေပုံတွေက တိကျပြီး ခေတ်မီတဲ့ မြေပုံတွေ ထွက်လာမှာပါ၊ ခုထွက်လာမယ့် မြေပုံကို အသုံးပြုပြီး လမ်းဖောက်တာတွေ၊ ရေမြောင်းစနစ်တွေ မြို့ပြအစီအမံတွေ၊ တည်ဆောက်ရေး လုပ်ငန်းတွေ၊ ရေပေးရေး လုပ်ငန်းတွေ ဘာပဲလုပ်လုပ် အသုံးဝင်မှာပါ၊ ကောင်းကင်မြေပုံ ဖြစ်တဲ့အတွက် ပိုမိုတိကျပြီး မြို့ပြဖွံ့ဖြိုး တိုးတက်မှု ပိုမိုလုပ်ဆောင်နိုင်မှာပါ” ဟု မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။

မိတ္ထီလာမြို့စည်ပင်သာယာရေး နယ်နိမိတ်အား မောင်းသူမဲ့လေယာဉ်ဖြင့် မြေပုံတိုင်းတာ ပျံသန်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကာ အဆိုပါ မြေပုံတိုင်းတာခြင်းအား မြန်မာနိုင်ငံ လေကြောင်းနှင့် အာကသပညာ တက္ကသိုလ် မောင်းသူမဲ့လေယာဉ် သုတေသနဌာနနှင့်  မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ မြေပုံလုပ်ငန်းများ ပြီးစီးပါက မြို့ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ ပိုမိုလုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း သိရသည်။

မိတ္ထီလာမြို့ ဓမ္မသုခကန်ဦး ရွှေစည်းခုံစေတီတော်ရင်ပြင်ရှိ အလှူခံပုံး ဖွင့်ဖောက်ခိုးယူသည့် လူငယ်တစ်ဦးအား ဖမ်းဆီးရမိ

မိတ္ထီလာမြို့ ဓမ္မသုခကန်ဦးရွှေစည်းခုံ စေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ အလှူခံပုံး ဖောက်ခိုးယူသည့် လူငယ်တစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁၁ ရက် မွန်းလွဲပိုင်းက မိတ္ထီလာမြို့ ဈေးအရှေ့ပြင်ရပ်ကွက် မိတ္ထီလာ မြောက်ကန်အနီးရှိ ဓမ္မသုခကန်ဦး ရွှေစည်းခုံစေတီတော် ဂေါပကများက စေတီရင်ပြင်အား လုံခြုံရေးအတွက် လှည့်လည်စစ်ဆေးစဉ် ဘုရားတောင်ဘက်မုခ်ပေါက် အနီးရှိ ရွှေသင်္ကန်းကပ်လှူပူဇော်ရန် အလှူခံပုံးအား ဖွင့်ဖောက်ခိုးယူနေသော အောင်ထက်မြတ် (၂၁ နှစ်) အား တွေ့ရှိသဖြင့် ဖမ်းဆီးကာ အမှတ် (၂) နယ်မြေရဲစခန်းတွင် တရားလိုပြုလုပ် တိုင်တန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါအမှုအား မိတ္ထီလာမြို့ အမှတ် (၂) နယ်မြေရဲစခန်းက (ပ)၂၃၈/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၇၉/၂၉၅ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။