မဘသ အမည်မှ ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်းဟု နာမည်ပြောင်း ဖွဲ့စည်းထားသော်လည်း တရားမ၀င်အဖွဲ့အစည်းကို နာမည်ပြောင်းထားသည့်အတွက် အလိုအလျောက် တရားမ၀င် အဖွဲ့အစည်းသာဖြစ်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ပြောကြား

မဘသ အမည်မှ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းဟု နာမည်ပြောင်း ဖွဲ့စည်းထားသော်လည်း တရားမ၀င်အဖွဲ့အစည်းကို နာမည်ပြောင်းထားသည့်အတွက် အလိုအလျောက် တရားမ၀င်အဖွဲ့အစည်းသာဖြစ်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။

သြဂုတ် ၃၁ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးအပြီးတွင် ပြည်ထောင်စုဝန်ကြီးအား သတင်းထောက်များက မေးမြန်းစဉ် ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

မဘသအဖွဲ့အမည်မှ ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းဟု နာမည်ပြောင်း၍ ဖွဲ့စည်းထားမှုများနှင့်ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီးအား မေးမြန်းခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က “ပထမကတော့ မဘသအဖွဲ့ဆိုပြီး ဖွဲ့စည်းခဲ့ပါတယ်။ နောက်အခြေအနေအရ အဲဒါကို  ဖျက်သိမ်းပြီးတော့မှ ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းဆိုပြီး ပြင်ဆင်ဖွဲ့စည်းပါတယ်။ ဖွဲ့စည်းပြီးတော့ ခုနက ဒီစက်တင်ဘာလဆန်းတုန်းက ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းထောက်ခံပွဲဆိုတာ ရန်ကုန်မှာလုပ်ခဲ့ပါတယ်။ ထောက်ခံပွဲလုပ်တယ်ဆိုတာ ထောက်ခံသူနည်းလို့ သို့မဟုတ် ထောက်ခံသူမရှိလို့ ထောက်ခံပွဲ လုပ်ရတာပါ။ ပြည်သူတွေသာ တစ်ခဲနက်ထောက်ခံနေမယ်ဆိုရင် ဒါလုပ်ဖို့တောင် မလိုပါဘူး။ ဘယ်အသင်း ဘယ်အဖွဲ့အစည်းဖြစ်ဖြစ် ပြည်သူရဲ့ ထောက်ခံအားပေးမှု နည်းလို့သာ ဒီလို ပွဲမျိုးလုပ်ရတာပါ။ ဆိုင်းဘုတ်တွေနဲ့ပတ်သက်လို့လည်းလေ။ ဆိုင်းဘုတ်က ပြည်နယ်၊ တိုင်း များမှာလည်း ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းဆိုပြီး ဆိုင်းဘုတ်ထောင်ထားတာ မရှိပါဘူး။ အရင် မဘသ ဆိုင်းဘုတ်ထောင်ခဲ့တဲ့ မန္တလေးနဲ့ ဘားအံနှစ်နေရာလောက်သာ ဆိုင်းဘုတ်ရှိတာပါ။ ဆိုင်းဘုတ်ရှိတော့လေ။ ဒါလည်း ဖြုတ်ဖြုတ်၊ မဖြုတ်ဖြုတ် ဆိုင်းဘုတ်က သက်ဝင်လှုပ်ရှားမှု မရှိတော့တဲ့ဆိုင်းဘုတ်များသာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒါနဲ့ ပတ်သက်ပြီးတော့လေ။ ဘာမှ ရေးကြီးခွင်ကျယ် သဘောထားပြီးမှ အတင်းဖြုတ်သိမ်းဖို့ ဘာတွေလုပ်ဖို့အစီအစဉ်မရှိပါဘူး။ မလုပ်ပါဘူး။ ပြောချင်တာလေးကတော့ ပြည်သူထောက်ခံမှုမရှိတဲ့ မည်သည့်အဖွဲ့အစည်းမျိုးမဆို သူ့ဘာသာသူပဲ မှေးမှိန် ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်လို့ ဖြေကြားချင်ပါတယ်။ မဘသအဖွဲ့ကြီးကို သံဃမဟာ နာယကအဖွဲ့ကြီးက တရားဝင်တဲ့ ဘာသာရေး အဖွဲ့အစည်းမဟုတ်ဘူးလို့ ကြေညာခဲ့ပါတယ်။ အဲဒီကနေ မဘသနာမည်ကနေပြီးမှ ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းဆိုပြီး နာမည်ပြောင်းပြီး ဖွဲ့စည်းပါတယ်။ တရားမ၀င်တဲ့ အဖွဲ့အစည်းကို နာမည်ကနေပြီးမှ ပြောင်းဖွဲ့စည်းတဲ့ အဖွဲ့အစည်းကလည်းပဲ မူလကတည်းက အလိုအလျောက် တရားမ၀င်အဖွဲ့အစည်းသာ ဖြစ်တယ်လို့ပြောကြားပါရစေ” ဟု ပြောကြားသည်။

ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်းအား တရားမ၀င် အဖွဲ့အစည်းအဖြစ် သတ်မှတ်ခြင်းမှတစ်ဆင့် သံဃာ့ဂိုဏ်းကွဲခြင်း၊ နိုင်ငံမတည်ငြိမ်ခြင်းများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်မိဟု ပြည်ခိုင်ဖြိုးပါတီ ကြေညာ

နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းကို တရားမ၀င် အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ပြီး နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် မလိုလားအပ်သော အန္တရာယ်မျိုးစုံ ကျရောက်နေချိန်တွင် ယခုအငြင်းပွားမှုမှတစ်ဆင့် သံဃာ့ဂိုဏ်းကွဲခြင်း၊ ပြည်သူလူထုအတွင်း စည်းလုံးညီညွတ်မှု ပြိုကွဲခြင်းနှင့် နိုင်ငံမတည်ငြိမ်မှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ပူပန်မိကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဇူလိုင် ၂၄ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။

နိုင်ငံတော်သံဃမဟာနာယက အဖွဲ့နှင့် ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းတို့အကြား တရားဝင်မှု အငြင်းပွားခြင်း၊ လုပ်ပိုင်ခွင့် အငြင်းပွားခြင်း၊ ရပ်တည်ပိုင်ခွင့် အငြင်းပွားခြင်းများ လတ်တလောတွင် ဖြစ်ပေါ်နေပြီး ယင်းကိစ္စမှတစ်ဆင့် နိုင်ငံမတည်ငြိမ်မှု စသည့်ကိစ္စများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်သောကြောင့် နိုင်ငံသားအားလုံးက သတိပြု ကာကွယ်ပေးနိုင်ကြရန် အလေးအနက် တိုက်တွန်းကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကြေညာသည်။

အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး (မဘသ) အဖွဲ့မှ အမည်ပြောင်းလဲထားသည့် ဗုဒ္ဓဓမ္မပရဟိ ဖောင်ဒေးရှင်းသည် သံဃာ့အခြေခံစည်းမျဉ်းနှင့် မညီညွတ်သည့်အတွက်  တရားမ၀င် အဖွဲ့အစည်း ဖြစ်ကြောင်းနှင့် ယင်းအဖွဲ့အစည်း အနေဖြင့် မည်သည့်အမှုကိစ္စမျှ ဆောင်ရွက်ခြင်းမပြုရန် ဇူလိုင် ၁၉ ရက်က ပြုလုပ်သည့် နိုင်ငံတော်သံဃမဟာနာယက (မဟန) အဖွဲ့ ၄၇ ပါး စုံညီအစည်းအဝေးက ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဗုဒ္ဓဓမ္မပရဟိ ဖောင်ဒေးရှင်း ဆိုင်းဘုတ်များကို ဖြုတ်သိမ်းရန်နှင့် အဆိုပါ ဆုံးဖြတ်ချက်များကို လိုက်နာခြင်း မရှိပါက ရဟန်းဖြစ်လျှင် သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေ ၂၀/၉၀ ဖြင့် လည်းကောင်း၊ လူဖြစ်လျှင် တည်ဆဲဥပဒေဖြင့် လည်းကောင်း အရေးယူရန် မဟန ၄၇ ပါးစုံညီ အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။

နိုင်ငံတော်၏ စီးပွားရေး ကျဆင်းနေချိန်၊ ပြည်ပစွက်ဖက်မှု အန္တရာယ်ကို အပြင်းအထန် ခုခံကာကွယ် နေရချိန်၊ အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေ တည်တံ့ခိုင်မြဲရေးအတွက် အရေးကြီးနေချိန်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ပြင်းထန်သော စိန်ခေါ်မှုများ ရင်ဆိုင်နေရချိန်တွင် ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းနှင့် ပတ်သက်၍ အငြင်းပွားမှု အချိန်ကိုက် ပေါ်ပေါက်လာမှုအပေါ် အံ့အားသင့်ဖွယ် ဖြစ်ကြောင်းလည်း ပြည်ခိုင်ဖြိုးပါတီ၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။

နိုင်ငံသားများ၏ အခွင့်အရေးများနှင့် ပတ်သက်၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ သဘောထား ကြေညာချက်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မများကို ကိုးကားဖော်ပြခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသား အခွင့်အရေးများသည် အစိုးရအဖွဲ့ဖြစ်စေ၊ သာမန်ပြည်သူဖြစ်စေ နိုင်ငံသားတိုင်း ရယူခံစား ကျင့်သုံးနိုင်သော အခွင့်အရေးများ ဖြစ်ပါသည်ဟု ပြည်ခိုင်ဖြိုးပါတီက သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့သည်။

 

ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းသည် တရားမ၀င် ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်၍ အဖွဲ့အမည်သုံးပြီး မည်သည့် အမှုကိစ္စကိုမျှ ဆောင်ရွက်ခြင်း မပြုရန်နှင့် နိုင်ငံအနှံ့ စိုက်ထူထားသည့် ယင်းအဖွဲ့၏ ဆိုင်းဘုတ်များကို ၄၅ ရက်အတွင်း ဖြုတ်သိမ်းရန် မဟန ဆုံးဖြတ်

အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းသည် တရားမ၀င် ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်ပြီး အဖွဲ့ဝင်များ အနေဖြင့် အဖွဲ့အမည်သုံးပြီး မည်သည့်အမှုကိစ္စကိုမျှ ဆောင်ရွက်ခြင်း မပြုရန်နှင့် နိုင်ငံအနှံ့ စိုက်ထူထားသည့် ယင်းအဖွဲ့၏ ဆိုင်းဘုတ်များကို ၄၅ ရက်အတွင်း ဖြုတ်သိမ်းရန် ဆုံးဖြတ်ချက်ကို သတ္တမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ၄၇ ပါး စုံညီအစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။

ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ ၀ိဇယမင်္ဂလာ ဓမ္မသဘင်၌ ဇူလိုင် ၂၀ ရက်က ကျင်းပခဲ့သည့် သတ္တမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ အစည်းအဝေး ပထမနေ့တွင် အထက်ပါအတိုင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းမှ သတ္တမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ၄၇ ပါး စုံညီ အစည်းအဝေးတွင် လမ်းညွှန်ချက် တောင်းခံခြင်းအပေါ် အချက်ငါးချက်ဖြင့် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော် သံဃမဟာနာယက အဖွဲ့၏ ဆုံးဖြတ်ချက်အပေါ် လိုက်နာခြင်း မရှိပါက ရဟန်းပုဂ္ဂိုလ်ဖြစ်လျှင် သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေ (၂၀/၉၀) ဖြင့် အရေးယူရန်နှင့် လူပုဂ္ဂိုလ်ဖြစ်ပါက သက်ဆိုင်ရာ တည်ဆဲဥပဒေအရ အရေးယူရန် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ၄၇ ပါး စုံညီအစည်းအဝေးက အတည်ပြုထားသည်။

နိုင်ငံတော် သံဃမဟာနာယက အဖွဲ့၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း (ဗဟို) က ဇူလိုင် ၂၁ ရက်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ယင်းကြေညာချက်ထဲတွင် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ထံ လမ်းညွှန်ချက် တောင်းခံခြင်းသည် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး (မဘသ/ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း) အဖွဲ့နှင့် ဆက်စပ်နေသော သံဃာအချင်းချင်း ပြေလည်စေလိုသောဆန္ဒ ရှိကြသည့် မဟန ဆရာတော်များ၏ တိုက်တွန်းချက်အရ တောင်းခံခြင်းဖြစ်ပြီး သြ၀ါဒခံယူခြင်း၊ ခွင့်ပြုချက်တောင်းခံခြင်း မဟုတ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး (မဘသ/ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း) အဖွဲ့သည် သီးခြားသံဃာ အဖွဲ့အစည်း မဟုတ်ကြောင်း၊ တိုင်းပြည်နှင့် လူမျိုးဘာသာသာသနာနှင့် ဆက်စပ်သည့် ရဟန်းရှင်လူပြည်သူများ ပါဝင်သော NGO အဖွဲ့မျိုးသာ ဖြစ်သည့်အတွက် မည်သည့်အဖွဲ့အစည်းကမျှ ပယ်ဖျက်နိုင်ခွင့် မရှိကြောင်း၊ သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေ၊ တည်ဆဲဥပဒေများအရ မဟန ဆုံးဖြတ်ထားသည့် မည်သည့် ပြစ်မှုမျှ ငြိစွန်းခြင်း လုံးဝမရှိပါ၍ မဖြုတ်သင့်ကြောင်း၊ မဖြုတ်လိုကြောင်းကိုလည်း ဖော်ပြထားသည်။

သို့သော် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး (မဘသ/ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း) အဖွဲ့သည် မြန်မာတစ်နိုင်ငံလုံး ရပ်ကျေး၊ မြို့နယ်၊ ခရိုင်၊ ပြည်နယ်၊ တိုင်းဒေသအသီးသီးရှိ ရဟန်းရှင်လူ ပြည်သူများ၏ ဆန္ဒဖြင့် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်၍ ဒေသအသီးသီးရှိ အများ၏ ဆန္ဒအတိုင်းသာ ဆိုင်းဘုတ်များကို ဖြုတ်သင့်၊ မဖြုတ်သင့် ဆုံးဖြတ်လိုသောကြောင့် ဆန္ဒကောက်ခံ သွားမည်ဟု ပါရှိသည်။

နိုင်ငံတော် သံဃမဟာနာယက အဖွဲ့၏ ဆုံးဖြတ်ချက်ကြောင့် သံဃာကွဲပြားမှုဖြစ်ခြင်း ဖြစ်ပေါ်လာပါက သက်ဆိုင်ရာ သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာနနှင့် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့များ၏ တာဝန်သာ ဖြစ်ပါလိမ့်မည်ဟု ဖော်ပြထားသည်။

နိုင်ငံတော် သံဃမဟာနာယက အဖွဲ့သည် ၂၀၁၆ ဇူလိုင်တွင် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ကို တရားမ၀င် အဖွဲ့အစည်းအဖြစ် ကြေညာပြီး နိုင်ငံတစ်ဝန်းရှိ မဘသ ဆိုင်းဘုတ်များကို ၂၀၁၇ ခုနှစ် ဇူလိုင် ၁၅ ရက် နောက်ဆုံးထား၍ အပြီးဖြုတ်သိမ်းရန် ညွှန်ကြားခဲ့သည်။

 

ဘင်္ဂါလီများ ပြန်လည်လက်ခံခြင်းကို ဆန့်ကျင်ကန့်ကွက်ကြောင်းနှင့် အစိုးရနှင့်​တပ်​မ​တော်​ကို အ​ရေးယူရန် (ICC) အဖွဲ့သို့တင်​ရန်​ကြိုးပမ်း​နေသည့်​ ပုဂ္ဂိုလ်​၊ အဖွဲ့အစည်းမှန်​သမျှကို ကန့်​ကွက်​ရှုတ်​ချကြောင်း အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း (ဗဟို) သဘောထား ထုတ်ပြန်

အမျိုးဘာသာသာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း (ဗဟို)သည်  ဘင်္ဂါလီများ ပြန်လည်လက်ခံခြင်းကို ဆန့်ကျင်ကန့်ကွက်ကြောင်းနှင့် အစိုးရနှင့်​ တပ်​မ​တော်​ကို အ​ရေးယူရန် (ICC) အဖွဲ့သို့ တင်ရန်​ကြိုးပမ်း​နေသည့်​ပုဂ္ဂိုလ်​၊ အဖွဲ့အစည်းမှန်​သမျှကို ပြင်းထန်​စွာကန့်​ကွက်​ရှုတ်​ချကြောင်း စသည့် အကြောင်းအရာများပါဝင်သော သဘောထားထုတ်ပြန် ကြေညာချက်တစ်စောင်ကို မေ ၂၇ ရက် ထုတ်ပြန်ခဲ့သည်။

သဘောထားကြေညာချက်တွင် သူတို့ ဆန္ဒအလျောက် ထွက်ခွာသွားကြသော ခိုးဝင်ဘင်္ဂါလီအကြမ်းဖက်များသည် မိမိတို့၏ မူရင်းတိုင်းရင်းသားများလည်းမဟုတ်၊ သူတို့ နှင့် လူမျိုးတူ၊ ဘာသာတူ သူတို့နိုင်ငံသို့ ပြန် ရောက်နေသူများလည်းဖြစ်ခြင်းကြောင့် လိုအပ်သော အကူအညီများအထိုက်အလျောက် ကူညီရုံမှလွဲ၍ မြန်မာနိုင်ငံအတွင်း ပြန်လည်လက်ခံခြင်းကို ဆန့်ကျင်ကန့်ကွက်ကြောင်းနှင့် နိုင်ငံတော်အစိုးရ တာဝန်ရှိပုဂ္ဂိုလ်များကို မထီမဲ့မြင်ပြုလုပ်ခဲ့သော ကုလသမဂ္ဂလုံခြုံရေး ကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံမှ ကိုယ်စားလှယ်များအပါအ၀င် နိုင်ငံ၏ အချုပ်အခြာအာဏာကို အန္တရာယ်ပြုနိုင်သည့် မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမျှ မြန်မာ့မြေပေါ်သို့ ခြေချခွင့် မပေးရန် နိုင်ငံတော်အစိုးရအား တောင်းဆို ကြောင်း ဖော်ပြပါရှိသည်။

ထို့ပြင်  မြန်​မာတိုင်းရင်းသားများနှင့်​ နိုင်ငံသားများကို ရက်​ရက်​စက်​စက်​ လူမျိုးတုံး သတ်​ဖြတ်​​နေ​သော ဘင်္ဂါလီအ​ကြမ်းဖက်​ (ARSA) အဖွဲ့၏ လုပ်​ရပ်​ကို မသိကျိုးကျွန်ပြုကာ ပြည်​သူလူထု၏ အသက်​အိုးအိမ်​ စည်းစိမ်​ကို ကာကွယ်​​စောင့်​​ရှောက်​​နေ​သော နိုင်ငံ​တော်​အစိုးရနှင့်​မြန်​မာ့တပ်​မ​တော်​ကို ​အရေးယူဖို့ (ICC) အဖွဲ့သို့ တင်​ရန်​ကြိုးပမ်း​နေသည့် ပုဂ္ဂိုလ်​၊ အဖွဲ့အစည်းမှန်​သမျှကို ပြင်းထန်​စွာ ကန့်​ကွက်​ရှုတ်​ချကြောင်းနှင့် မြန်​မာ့တပ်​မတော်​ကို ထိခိုက်​နစ်​နာ​၊ ဆုတ်​ယုတ်​ပျက်​စီး​အောင်​ ပြုလုပ်​သည့်​ မည်​သည့်​အပြုအမူ၊ ပုဂ္ဂိုလ်​၊ ပါတီ၊ အဖွဲ့အစည်းကိုမဆို ပြင်းထန်​စွာ ကန့်​ကွက်​ကြောင်း သဘောထားကြေညာချက်တွင် ဖော်ပြထားသည်​။

ကြေညာချက်တွင် ဆက်လက်၍  နိုင်ငံတော်အစိုးရက ယနေ့ ရခိုင်ပြည်နယ်၌ ခိုးဝင်ဘင်္ဂါလီများအား နိုင်ငံသားစိစစ်ခံယူမည့်သူ၏ သက်သေခံကတ်ပြားခေါ် NVC ကတ်ခွင့်ပြု ချထားပေးခြင်းသည် အနာဂတ်မြန်မာနိုင်ငံတော်နှင့် တိုင်းရင်းသားများအတွက် အသက်အိုးအိမ်၊ စည်းစိမ်လုံခြုံရေးစသော အန္တရာယ်များ ကျရောက်နိုင်ခြင်းကြောင့် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနှင့်အညီသာ အတိအကျ လိုက်နာဆောင်ရွက်ပေးရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း ပါရှိသည်။

ဆက်လက်၍  မြန်မာနိုင်ငံ၌ ငြိမ်းချမ်း မေတ္တာအဖွဲ့ (Religions for Peace) စသော အမည်ခံ ဘာသာရေးပေါင်းစုံအဖွဲ့နှင့် ထိုအဖွဲ့၌ ပါဝင်နေသော ပုဂ္ဂိုလ်များ၏ လုပ်ရပ်နှင့် ရပ်တည်ချက်များသည်

(က) လူပြိန်းကြိုက် ခေါင်းစဉ်လှလှ၊ အဖွဲ့ နာမည်လှလှ အသုံးပြုကာ ဘာသာရေး ခုတုံးလုပ်၍ ကိုယ်ကျိုးရှာ နိုင်ငံရေး အမြတ်ထုတ်နေသော လုပ်ရပ်များ ဖြစ်ခြင်း၊

(ခ) မူရင်း အများစုကိုးကွယ်ရာ ဂုဏ်ထူး ၀ိသေသနှင့်ပြည့်စုံသည့် ဗုဒ္ဓဘာသာကိုပင် သေးသိမ်ညှိုးမှိန်အောင် လုပ်ရာရောက်ခြင်း၊

(ဂ) နိုင်ငံတော်၏ အဓိကရည်ရွယ်ချက် ဖြစ်သော အမျိုးသားရင်ကြားစေ့ရေးကိုလည်း အထောက်အကူ မပြုခြင်းတို့ကြောင့် ယင်းလုပ် ရပ်များကို ပြင်းထန်စွာ ရှုတ်ချကန့်ကွက် ကြောင်း သဘောထားကြေငြာချက်တွင် ပါရှိသည်။

စစ်​ကိုင်း​တိုင်း​ဒေသကြီး၊ မင်းကင်းမြို့နယ်​၊ ကျောက်​တန်း​ကျေးရွာတွင် ​ဟော​ပြောသော  စာ​ရေးဆရာမောင်​​သွေးချွန်​(ခ) ဦးမြင့်စိုးအား တရားစွဲဆိုခြင်းသည်​ “လူခင်​ မူပြင်​၊ လူမုန်း မူသုံး” ပုံစံမျိုးသက်​​ရောက်​​နေသဖြင့်​ ဒီမိုက​ရေစီစံနှုန်းနှင့်​ ဆန့်​ကျင်​​နေခြင်း​ကြောင့် ယင်းစွဲဆိုမှုအ​ပေါ် ပြန်​လည်​စဉ်းစားသုံးသပ်​​ပေးရန်​ နိုင်​ငံ​တော်​အစိုးရအား အ​လေးအနက်​​တောင်း​ဆိုကြောင်း ဖော်ပြပါရှိသည်။

မင်းကင်းမြို့နယ်တွင် ဟောပြောမှုများနှင့်ပတ်သက်၍ အမျိုးသားရေးစာရေးဆရာ မောင်သွေးချွန်အား နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) (ဂ) တို့ဖြင့် အမှုဖွင့်

အမျိုးသားရေးနှင့် ပတ်သက်သည့် အကြောင်းအရာများ ရေးသားသော စာရေးဆရာ မောင်သွေးချွန်အား မင်းကင်းမြို့နယ်တွင် ဟောပြောမှုများနှင့်ပတ်သက်၍ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) (ဂ) တို့ဖြင့် တရားစွဲဆိုထားကြောင်း မင်းကင်း မြို့နယ်မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းက ပြောကြားသည်။

မတ် ၂၅ ရက်က မင်းကင်းမြို့နယ် ကျောင်းတန်းကျေးရွာတွင် MRTV ဆရာတော်က မိဘကျေးဇူးဆပ် တရားပွဲကျင်းပခဲ့ကြောင်း၊ အဆိုပါတရားပွဲသည် ရက်ရှည် ကျင်းပသည့်တရားပွဲဖြစ်ကြောင်း၊ ယင်းမိဘ ကျေးဇူးတရားပွဲတွင် မစိုးရိမ်ကျောင်းတိုက်

မှ အရှင်ဝီရသူ ပါဝင်ကြောင်း၊ အရှင်ဝီရသူ မဟောကြားမီ ၎င်းက ဟောပြောခဲ့ခြင်း ဖြစ်ကြောင်း မင်းကင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းက ပြောကြားသည်။

“မတ် ၂၅ ရက်မှာ ဆရာတော်ဝီရသူ တရားဟောမယ့် အနေအထားမှာ သူက အရှေ့ကနေပြီးတော့မှ တွယ်ချသွားတာ။ သူ ပြောသွားတဲ့အထဲမှာ ဘာတွေပါလဲဆိုတော့ အဓိကအထဲကတော့ မြန်မာနိုင်ငံမှာ ဗုဒ္ဓ ဘာသာ ကွယ်ပျောက်တော့မယ်။ဘာကြောင့် လဲဆိုတော့ မြန်မာနိုင်ငံရဲ့ဒုတိယသမ္မတ ကလည်းပဲ ခရစ်ယာန်ပေါ့။ ထိုနည်းတူ အမျိုးသားလွှတ်တော်မှာလည်းပဲ လွှတ်တော်ဥက္ကဋ္ဌ က ခရစ်ယာန်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက လည်း ခရစ်ယာန်။ ဒါကြောင့်မို့လို့ ဗုဒ္ဓဘာသာမြန်မာနိုင်ငံဟာ ပပျောက်တော့မှာ ဘာ ညာဆိုပြီးတော့ အဲဒီလိုပြောသွားတာ” ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းက ပြောကြားသည်။

ထိုသို့ဟောပြောမှုအား ပါတီအနေဖြင့် တရားစွဲဆိုရန် စီစဉ်ခဲ့သော်လည်း ခွင့်ပြုချက်မရသဖြင့် မင်းကင်းမြို့နယ် စီမံခန့်ခွဲရေး ကော်မတီက စွဲဆိုခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်း၏ ပြောကြားချက်အရ သိရသည်။

“အဲဒါနဲ့ပတ်သက်လို့ ကျွန်တော်တို့က လက်မခံနိုင်ဘူး။ ဒါဟာနိုင်ငံတော်ကို စော်ကားတာပဲ။ ဒါဟာနိုင်ငံတော် အကြည်ညို ပျက်စေမှုကို လှုံ့ဆော်တာဖြစ်တယ်။ အမှန်တော့ ဒါကို ပါတီကနေ တရားစွဲဖို့လုပ်သေးတယ်။ ပါတီကနေ တရားမစွဲပါနဲ့လို့ ညွှန် ကြားချက်ရတာမို့လို့ ကျွန်တော်တို့က တရား မစွဲဘဲနေတာ။ မင်းကင်းမြို့နယ် စီ-ခန့် ကော် မတီက တရားစွဲရတာ။ တရားစွဲထားတဲ့အမှု ကတော့ ၅၀၅(ခ)နဲ့ (ဂ)လို့ ကြားတယ်” ဟု ဦးကျော်ဆန်းက ပြောကြားသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး မေ ၂၃ ရက်မှ စ၍ တရားလိုနှင့်သက်သေများကို စစ်ဆေးခဲ့ကြောင်း၊ စွပ်စွဲခံရသူအား တရားရုံးက ချိန်းဆိုပြီး ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ရဲ တာဝန်ရှိသူများက စစ်ဆေးမှုမှ ရရှိသည့် အချက်များကို တရားရုံးသို့ ပေးပို့မည်ဖြစ်ကြောင်း မင်းကင်းမြို့နယ် မြို့မရဲစခန်းမှူး ဒုရဲမှူးကိုဌေးက ပြောကြားသည်။

“တရားလို ဦးနိုင်နိုင်ဇော်ကို မနေ့က (မေ ၂၃ ရက်) စစ်ပါတယ်။ ဒီကနေ့တော့ ကျောက်တန်းကျေးရွာအုပ်စု လျှော်ဖြူပင်က သက်သေတွေကို ချိန်းဆိုထားပြီးတော့ သက်သေတွေကို စစ်ဖို့ လုပ်နေပါတယ်။ တရားစွဲဆိုခံထားရတဲ့ စာရေးဆရာမောင်သွေးချွန်ကို  အကြောင်းကြားချိန်းဆိုတာက တရားရုံးက ဆောင်ရွက်မှာပါ။ ကျွန်တော်က ဦးတိုက်တဲ့အမှုနဲ့ ပတ်သက်ပြီးတော့ သက်သေတွေကို စစ်ဆေးပေးရပါတယ်။ ကျွန်တော်တို့က စစ်ဆေးပြီးသွားရင်တော့ ၆ လပိုင်း ၄ ရက် ( ဇွန် ၄ ရက်) ကို တရားရုံးကို အချိန်မီ တင်ပြရမှာပါ ” ဟု မင်းကင်းမြို့နယ်မြို့မရဲစခန်းမှူး ဒုရဲမှူးကိုဌေးက ပြောကြားသည်။

ထိုသို့ အမှုဖွင့်ထားခြင်းနှင့် ပတ်သက်ပြီး မိမိထံ အကြောင်းကြားခြင်း မရှိသေးကြောင်း၊ အကြောင်းကြားပါက ဖြေရှင်းရင်ဆိုင်မည် ဖြစ်ကြောင်း စာရေးဆရာ မောင်သွေးချွန်က ပြောကြားသည်။

တရားစွဲဆိုခံရသည့် မောင်သွေးချွန်မှာ ဖျက်သိမ်းလိုက်သည့် အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေးအသင်း (မဘသ) အဖွဲ့ တွင် ဦးဆောင်ပါဝင်ခဲ့ပြီး အမျိုးသားရေး စာစောင်များတွင် အယ်ဒီတာချုပ်အဖြစ် လုပ်ကိုင်ခဲ့သူဖြစ်သည်။