၂၀၁၈ ခုနှစ် မေတွင် မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၀၂ သန်းကျော် ၀င်ရောက်ခဲ့ပြီး ကုန်ထုတ်လုပ်ငန်းကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှု အများဆုံးဝင်ရောက်

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်နေသည့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကုန်ထုတ်စက်ရုံတစ်ရုံအား တွေ့ရစဉ် (ဓာတ်ပုံ-ပြည့်ဖြိုးအောင်)

၂၀၁၈ ခုနှစ် မေလတွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၀၂ သန်း ကျော်သာဝင်ရောက်ခဲ့ပြီး ကုန်ထုတ်လုပ်ငန်း ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံး ၀င်ရောက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန် ကြားမှုဦးစီးဌာနမှထုတ်ပြန်ထားသည့် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာစာရင်းများအရ သိ ရသည်။ ၂၀၁၇ ခုနှစ် မေလတွင်မူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ သန်း ၂၀၀ ကျော် ၀င်ရောက်ခဲ့သဖြင့် ၂၀၁၈ ခုနှစ် မေလတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှု ပမာဏမှာ ယခင်နှစ်ကာလတူထက် လျော့ကျခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဧပြီနှင့် မေလတို့တွင် စိုက်ပျိုးရေးကဏ္ဍသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ် လာ ၅ ဒသမ ၆၅၀ သန်း၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ် လာ ၄ ဒသမ ၆၃၅ သန်း၊ အိမ်ရာအဆောက် အအုံကဏ္ဍသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂ ဒသမ ၈၈၀ သန်း၊  စက်မှုဇုန် တည်ဆောက်မှုကဏ္ဍသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၆ ဒသမ ၄၈၁ သန်း၊ ကုန်ထုတ်လုပ်ငန်းကဏ္ဍသို့ ဒေါ်လာ ၁၀၃ ဒသမ ၂၈၈ သန်း၊ အခြားဝန်ဆောင်မှုကဏ္ဍသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂၆ ဒသမ ၂၇၃ သန်း၊ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ် နှံမှု ဒေါ်လာ ၁၄၉ ဒသမ ၂၀၇ သန်း ၀င်ရောက်ခဲ့သည်။

၂၀၁၈ ခုနှစ် ဧပြီလအထိ မြန်မာနိုင်ငံ တွင် ရင်းနှီးမြှုပ်နှံခွင့်ပြုထားသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ စုစုပေါင်းမှာ ဒေါ်လာ ၇၆၀၇၄ ဒသမ ၃၇၇ သန်းရှိပြီး မေလကုန်တွင် မြန်မာနိုင်ငံရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ စုစုပေါင်းမှာ ဒေါ်လာ ၇၆၁၇၆ ဒသမ ၄၈၅ သန်းရှိသဖြင့် မေလတစ်လတည်းတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၀၂ ဒသမ ၁၀၈ သန်းဝင်ရောက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

၁၉၈၈-၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၈ ခုနှစ် မေလအထိ ခွင့်ပြုပေးခဲ့သည့် နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၇၆ ဘီလျံကျော် တွင် တရုတ်နိုင်ငံက ပမာဏအများဆုံးရင်းနှီးမြှုပ်နှံထားပြီး စင်ကာပူက ဒုတိယအများ ဆုံးရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။ ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှုတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် အများဆုံးဖြစ် ပြီး စွမ်းအင်ကဏ္ဍတွင် ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံကြကြောင်း သိရသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အထိ ဆောင်ရွက်မည့် အ မျိုးသားဖွံ့ဖြိုးတိုးတက်မှု ဒုတိယကာလတို ငါးနှစ်စီမံကိန်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဖြင့်တွန်းအားပေး၍ ပို့ကုန်မြှင့်တင်ရေး၊ ပုဂ္ဂလိကကဏ္ဍ မြှင့်တင်ရေး၊ ဒေသဖွံ့ဖြိုးရေး စီမံချက်များအား စီးပွားဖြစ် ပူးပေါင်းဆောင်ရွက်မှု အဖြစ်သို့  ကူးပြောင်းစေရေး၊ ပုဂ္ဂလိကရင်း နှီးမြှုပ်နှံမှုအား ပြည်သူများ အကျိုးကျေးဇူး ဖြစ်ထွန်းစေရန်အတွက် ညှိနှိုင်းခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်ရန်အတွက် ကန့်သတ်နေသည့် ပြဋ္ဌာန်းချက်များကို ပြန်လည်စိစစ်နိုင်ရေး၊ လုပ်ငန်းထူထောင်ရာတွင် ကုန်ကျစရိတ် များပြားစေသော မြေယာဈေးနှုန်းနှင့် လုပ်ငန်းလည်ပတ်မှု အခက်အခဲများ လျှော့ချနိုင်ရေး၊ ပြည်တွင်းစီးပွားရေး လုပ်ငန်းများမှ ဆက်စပ်လုပ်ငန်းများနှင့် ဈေးကွက်သုတေသနဆိုင်ရာ အချက်အလက်များ အထောက်အပံ့နည်းပါးခြင်း၊ နိုင်ငံတော်၏ စာရင်းဇယား အချက်အလက်များကို ခိုင်မာစွာ ထုတ်ပြန်ပေးနိုင်ရေး၊ တန်ဖိုးမြှင့်ကုန်ထုတ် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် စက်မှုဖွံ့ဖြိုးမှုမူဝါဒများ လိုအပ်ခြင်း၊ အခြေခံ လိုအပ်ချက်ဖြစ်သော လျှပ်စစ်ဓာတ်အား ရရှိနိုင်မှု၊ ပို့ဆောင်ရေး အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးလာစေရန် ဆောင်ရွက်ခြင်းများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမျိုးသားဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းတွင် ဖော်ပြထားသည်။

ထို့ပြင် ပြည်တွင်းဘဏ္ဍာရေးစနစ် တိုးတက်လာအောင် ဆောင်ရွက်ခြင်းနှင့် နိုင်ငံတကာနှင့် ချိတ်ဆက် လုပ်ကိုင်နိုင်ရန် ဆောင်ရွက်ခြင်း၊ ငွေကြေးမူဝါဒများ ခိုင်မာအားကောင်းစေရေး၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ဖော်ထုတ်ပေးခြင်း၊ နိုင်ငံပိုင်လုပ်ငန်းများကို ဖက်စပ်လုပ်ကိုင်ခွင့်ပေးခြင်း (JV)၊ စီးပွား ရေးကတိစာချုပ်များဖြင့် ခွင့်ပေးခြင်း (BCC)၊ တည်ဆောက်လုပ်ကိုင်လွှဲပြောင်း (BOT) လုပ်ငန်းများကို အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းလုပ်ကိုင်ခြင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံခွင့်ပေးခြင်း စသည့် နည်းလမ်းအမျိုးမျိုးဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာစေရန် ဆောင်ရွက်သွားရန် ရှိကြောင်း သိရသည်။

ဘဏ္ဍာနှစ် ပြောင်းထားသည့်အတွက် မဖြစ်မနေရေးဆွဲရမည့် ဘဏ္ဍာငွေအရအသုံး ရေးဆွဲတင်ပြခြင်းဆိုင်ရာ ဥပဒေကြမ်းကို မကြာမီပြန်စမည့် လွှတ်တော်အစည်းအဝေး၌ အဓိကထား ဆွေးနွေးအတည်ပြုမည်

ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမစတင်မီ လွှတ်တော်ကိုယ်စားလှယ်များအား အစည်းအဝေးခန်းမအတွင်း တွေ့ရစဉ်

ဘဏ္ဍာနှစ် ပြောင်းထားသည့်အတွက် မဖြစ်မနေရေးဆွဲရမည့် ဘဏ္ဍာငွေအရအသုံး ရေးဆွဲတင်ပြခြင်းဆိုင်ရာ ဥပဒေကြမ်းကို မကြာမီပြန်စမည့် လွှတ်တော်အစည်းအဝေး၌ အဓိကထား ဆွေးနွေးအတည်ပြုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ထို့ပြင် ပြီးခဲ့သည့် လွှတ်တော်ပုံမှန်အစည်းအဝေးများတွင် ဆက်လက်ဆွေးနွေးအတည်ပြုရန် ကျန်ရှိသည့် ဥပဒေကြမ်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

လက်ရှိကျင့်သုံးလျက်ရှိသော ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ မတ် ၃၁ ရက်အထိအစား အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အဖြစ် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှစ၍ ပြောင်းလဲပြင်ဆင်သတ်မှတ်ခဲ့သည်။

ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ဒုတိယအကြိမ် လွှတ်တော်အသီးသီး၏ ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် ဘဏ္ဍာငွေအရအသုံး ရေးဆွဲတင်ပြခြင်းဆိုင်ရာ ဥပဒေကြမ်းကို အဓိကထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လွှတ်တော်အသီးသီးတွင် အတည်ပြုရန်ကျန်ရှိသည့် ဥပဒေများကိုလည်း ဆက်လက်ဆွေးနွေးအတည်ပြု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မေ ၉ ရက်က လွှတ်တော်ဝင်းအတွင်း ကျင်းပသည့် ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားထားသည်။

“အရင်တုန်းက ရသုံးမှန်းခြေငွေစာရင်း ရေးဆွဲတင်ပြခြင်းဆိုင်ရာ ဥပဒေမှာက အရင်တုန်းက ဘဏ္ဍာရေးနှစ်က ဧပြီကနေ မတ်လအထိ သွားတယ်။ မူလဘတ်ဂျက်ဆို ဘယ်ကနေတင် RE ဘတ်ဂျက်ဆို ဘယ်အချိန်တင် ဒါကိုလုပ်တာပါပဲ။ အခုဟာက ကျွန်တော်တို့က ဘတ်ဂျက်ကာလ အောက်တိုဘာကနေ စက်တင်ဘာအထိ ပြောင်းတဲ့ကာလမှာ အဲဒီဟာနဲ့ ကွဲလွဲတဲ့အချိန်တွေ၊ လိုက်လျောညီအောင် ပြည်ထောင်စုလွှတ်တော်ကို တင်ပြရမယ့် အချိန်လေးတွေကို ပြောင်းလဲဖို့ပါပဲ” ဟု ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက The Daily Eleven သတင်းစာကို ပြောကြားသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးများကို မေ ၁၄ ရက်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်အသီးသီးက ကြေညာထားသည်။

မြန်မာနိုင်ငံ၏ ဘဏ္ဍာနှစ် သတ်မှတ်ခဲ့သည့် သမိုင်းကြောင်းကို လေ့လာပါက ဒုတိယကမ္ဘာစစ်မတိုင်မီက ဘဏ္ဍာရေးနှစ်သည် ဧပြီ ၁ ရက်မှ မတ် ၃၁ ရက်အထိဖြစ်ပြီး ဒုတိယကမ္ဘာစစ်ပြီးနောက် မြန်မာနိုင်ငံအား ဗြိတိသျှတို့ ပြန်လည်အုပ်ချုပ်သည့် ၁၉၄၅ ခုနှစ်မှ လွတ်လပ်ရေးရရှိသည့်အချိန်အထိ ဘဏ္ဍာရေးနှစ်ကို အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ သတ်မှတ်ခဲ့ကြောင်း၊ လွတ်လပ်ရေးရရှိပြီးသည့် အချိန်မှစ၍လည်း ၁၉၇၃ ခုနှစ်အထိ အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိကိုသာ ဘဏ္ဍာရေးနှစ်အဖြစ် ဆက်လက်သတ်မှတ်ခဲ့ကြောင်း၊ ၁၉၇၄ ခုနှစ် ပြည်သူ့လွှတ်တော်ကာလတွင် ဘဏ္ဍာရေးနှစ်ကို ဧပြီ ၁ ရက်မှ မတ် ၃၁ ရက်အထိသို့ ပြန်လည်ပြင်ဆင် သတ်မှတ်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ အနေဖြင့် ဘဏ္ဍာနှစ် ပြောင်းလဲသတ်မှတ်လိုသည့် အဓိကအကြောင်းရင်းမှာ ပြည်သူတို့၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ရာတွင် လိုအပ်နေသော အခြေခံအဆောက်အအုံများ အရှိန်အဟုန်ဖြင့် တည်ဆောက်ရန် လိုအပ်နေသည့် အချိန်ဖြစ်သဖြင့် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရများ၏ တည်ဆောက်ရေးနှင့် ၀ယ်ယူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တစ်ဆက်တည်းဖြစ်သော ပွင့်လင်းရာသီ အများဆုံးရရှိနိုင်စေရန်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်၌ ရှင်းလင်းပြောကြားထားသည်။

ထို့ပြင် ၂၀၁၅ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ရေးဆွဲတင်ပြခြင်းဆိုင်ရာ ဥပဒေတွင် လက်ရှိဘဏ္ဍာနှစ်နှင့် ဆီလျော်ညီညွတ်စေရန် ဘတ်ဂျက်ပြင်ဆင်မှုအတွက် အချိန်ကာလ သတ်မှတ်ချက်များကို ထည့်သွင်းပြဋ္ဌာန်းထားပြီး၊ အဆိုပါအချိန်ကာလ သတ်မှတ်ချက်များကို ပြောင်းလဲသည့် ဘဏ္ဍာရေးနှစ်နှင့် ညီညွတ်စေရန် ပြန်လည်ပြင်ဆင် အစားထိုးပြဋ္ဌာန်းရန်ကိစ္စမှာ များစွာအခက်အခဲမရှိနိုင်ကြောင်း ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက ဆိုထားသည်။

၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်အစ ဧပြီလတွင် မြ၀တီနယ်စပ်စခန်းမှ ကုန်သွယ်မှုမြင့်တက်လာ

မြ၀တီနယ်ကုန်သွယ်ရေး စခန်းသို့ ၀င်ရောက်လျက်ရှိသည့် ကုန်ကားအချို့ကို တွေ့ရစဉ်

ဘဏ္ဍာနှစ်သစ်ဖြစ်သော ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်အစ ဧပြီလတွင် မြ၀တီနယ်စပ်စခန်းမှ ကုန်သွယ်မှု မြင့်တက်လာပြီး ဧပြီ ၁ ရက်မှ ၂၀ ရက်အထိ အမေရိကန်ဒေါ်လာ ၃၆ ဒသမ ၆၀၈ သန်း ကုန်သွယ်နိုင်ခဲ့၍ ယခင်နှစ် ကာလတူကထက် ၉ ဒသမ ၃၂၈ သန်း ပိုမိုကုန်သွယ်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနမှ သိရသည်။

နှစ်သစ်ကူး အတာသင်္ကြန်လွန်ပြီးနောက် ထိုင်းကုန်ပစ္စည်းများ အလုံးအရင်းဖြင့် ပြည်တွင်းဈေးကွက်သို့ ၀င်ရောက်လာခဲ့ရာ ဧပြီ ၁ ရက်မှ ၂၀ ရက်အထိ သွင်းကုန် အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၅၄၂ သန်း ဖိုးတင်သွင်းခဲ့ပြီး ပြည်တွင်းထွက်ကုန်စည် များကို ၃ ဒသမ ၀၆၆ သန်းဖိုး တင်ပို့ခဲ့ကြောင်း သိရသည်။

သို့သော်လည်း ကျွဲ၊ နွား အပါအ၀င် ကုန်ပစ္စည်း အများစုမှာ တရားဝင်တင်ပို့ရန် ခက်ခဲနေပြီး သောင်ရင်းမြစ် ဖြတ်ကျော် ဂိတ်များမှတစ်ဆင့် တစ်ဖက်နိုင်ငံသို့ တရားမ၀င် တင်ပို့လျက်ရှိကြောင်း သိရသည်။

ပြည်တွင်းထွက်ကုန်ဖြစ်သည့် ရေထွက်ပစ္စည်း ငါးပုစွန်၊ ကဏန်းနှင့် လယ်ယာထွက် ပစ္စည်းများ၊ နှမ်း၊ နနွင်း၊ ကြက်သွန်၊ ငရုတ်၊ ပဲနှင့် ကြံများတရားဝင် တင်ပို့ခဲ့ကြောင်း သိရသည်။ သို့သော်လည်း ထိုင်းနိုင်ငံသား အကျိုးစီးပွား ကာကွယ်သည့် အနေဖြင့် ပြောင်းဖူးကို အဖူးထွက်ချိန်တွင် တင်ပို့ခွင့်မရှိဘဲ နှစ်လကြာချိန်မှ တင်ပို့ရသည့်အတွက် မြန်မာတောင်သူများ များစွာနစ်နာသလို မြန်မာ့ဆန်ကိုလည်း ဆန်အဖြစ် တင်ပို့ရောင်းချခွင့် မရှိ၍ ဆန်ကွဲသာ တင်ပို့ကြသည်ဟု ဆိုသည်။

အရှေ့အနောက် စီးပွားရေး စင်္ကြံမှာ တည်ရှိသည့် မြ၀တီနယ်စပ်စခန်းမှ ပြည်တွင်းသို့ စက်ယန္တရားများ၊ မော်တော်ဆိုင်ကယ်များ၊ လုပ်ငန်းသုံးပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းများ၊ သွပ်၊ သံ၊ ဘိလပ်မြေ၊ စားသောက်ကုန်မျိုးစုံ၊ ပလတ်စတစ် ပစ္စည်းများနှင့် သစ်သီးပျိုးပင်များလည်း တင်သွင်းခဲ့ပြီး စက်သုံးဆီ၊ ဓာတ်ငွေရည်များ၊ စားသုံးဆီများ တင်သွင်းလျက်ရှိကြောင်း သိရသည်။

ထို့ပြင် မော်တော်ယာဉ် တင်သွင်းမှုဆိုင်ရာမူဝါဒ အပြောင်းအလဲ၊ အခွန်ဒဏ်ကြေးဆိုင်ရာ အပြောင်းအလဲများကြောင့် မော်တော်ယာဉ် တင်သွင်းမှု မရှိသလောက် နည်းပါးခဲ့ကြောင်း သိရသည်။

သို့သော်လည်း တင်သွင်းခွင့်မရှိသော ဘီယာမျိုးစုံ၊ အေးခဲအသားနှင့် ကြက်နှင့် ကြက်ထွက် အသည်း၊ နှလုံးပါကင်ထုပ်များ၊ ဂျပန်တစ်ပတ်ရစ် Without Car များကို ဇုန်ရှောင်ကွင်းကာ နားလည်မှု လမ်းကြောင်းမှ တရားမ၀င် တင်သွင်းလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

မြ၀တီနယ် ကုန်သွယ်ရေးစခန်းမှ ဘဏ္ဍာနှစ်အလိုက် ကုန်သယ်မှုမှာ ၂၀၁၂- ၂၀၁၃ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၁၄ ဒသမ ၈၀၂ သန်း၊ ၂၀၁၃- ၂၀၁၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ၂၇၁ ဒသမ ၅၀၁ သန်း၊ ၂၀၁၄- ၂၀၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၄၅၆ ဒသမ ၉၀၂  သန်း၊ ၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၇၂၆ ဒသမ ၁၁၂ သန်း၊ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၉၂၈ ဒသမ ၆၀၁ သန်း၊၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၈၁၇ ဒသမ ၇၇၃ သန်းဖိုး ကုန်သွယ်နိုင်ခဲ့ကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ်ကုန်ဆုံးရန် တစ်ပတ်အလိုအထိ ပြည်ပသို့ ကုန်သွယ်မှုပမာဏသည် ယခင်ဘဏ္ဍာနှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၁၃ ဒသမ ၅ ရာခိုင်နှုန်းကျော်အထိ မြင့်တက်

မြန်မာနိုင်ငံအနေဖြင့် ယခုဘဏ္ဍာနှစ်ကုန်ဆုံးရန် တစ်ပတ်အလိုအထိ ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုပမာဏသည် ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၁၃ ဒသမ ၅ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စာရင်းများအရ သိရသည်။

ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် မတ် ၂၃ ရက်အထိ ပြည်ပသို့ကုန်သွယ်မှုပမာဏသည် ဒေါ်လာ ၂၇ ဒသမ ၇၅၆ ဘီလျံကျော်သာရရှိခဲ့ပြီး ယခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ကာလတူတွင်မူ ဒေါ်လာ ၃၂ ဒသမ ၀၉၁ ဘီလျံအထိရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

အဆိုပါ ကုန်သွယ်မှုပမာဏများကို နှိုင်းယှဉ်ပါက ယခုဘဏ္ဍာနှစ်အတွင်း ကုန်သွယ်မှုပမာသည် ပြီးခဲ့သည့်ဘဏ္ဍာနှစ်ထက် ကုန်သွယ်မှုပမာဏ ၁၃ ဒသမ ၅ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကုန်တွင် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏမှာ ဒေါ်လာဘီလျံ ၃၀ ကျော်အထိရရှိမည်ဟု မျှော်မှန်းထားကြောင်းနှင့် သမိုင်းတစ်လျှောက် အမြင့်ဆုံးကုန်သွယ်မှု ပြုလုပ်နိုင်ခဲ့သည့် ယခင်နှစ်ကထက်ပင် ပိုမိုမြင့်မားမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောကြားသည်။

“ဒီနှစ် ကုန်သွယ်မှုအခြေအနေက ဖေဖော်ဝါရီလလယ်အထိ ၂၈ ဒသမ ၆ ဘီလျံလောက်အထိ ရထားပါတယ်။ မနှစ်ကတစ်နှစ်လုံးရဲ့ ကုန်သွယ်မှုပမာဏဟာ ၂၉ ဒသမ ၂၁၂ ဘီလျံဖြစ်တယ်။ အဲဒီတော့ မနှစ်က ကုန်သွယ်မှုပမာဏဟာ သမိုင်းတစ်လျှောက်လုံးမှာ အမြင့်ဆုံးရခဲ့တဲ့ ကုန်သွယ်မှုပမာဏပေါ့။ ဒီနှစ်မှာ အဲဒါထက်ကျော်သွားလိမ့်မယ်။ ဒီဖေဖော်ဝါရီလအတွင်းမှာတင် ၂၈ ဒသမ ၆ ဖြစ်တဲ့အတွက် နှစ်ကုန်တဲ့အချိန်မှာ ဘီလျံ ၃၀ ကျော်မယ်လို့ ကျွန်တော်တို့ မှန်းထားပါတယ်။ အဲဒီအတွက် ဒီနှစ်ရတဲ့ ကုန်သွယ်မှုပမာဏဟာ သမိုင်းတစ်လျှောက်မှာ မနှစ်ကထက် ပိုမြင့်မားလာမယ့်အခြေအနေတွေရှိတယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောကြားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလလယ်အထိ ပို့ကုန်နှင့် သွင်းကုန်တွင် မနှစ်ကကာလတူထက် ဒေါ်လာ ၄ ဒသမ ၂ ဘီလျံခန့်ပိုများကြောင်း၊ ယင်းအနက် သွင်းကုန်ကဏ္ဍတွင် ဒေါ်လာ ၁ ဒသမ ၉ ဘီလျံကျော်၊ ပို့ကုန်ကဏ္ဍတွင် ဒေါ်လာ ၂ ဒသမ ၃ ဘီလျံကျော်ပိုရထားသည့် အနေအထားရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ မတ် ၂၃ ရက်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏမှာ ဒေါ်လာ ၃၂ ဒသမ ၀၉၁ ဘီလျံရှိပြီး ယခင်ဘဏ္ဍာနှစ်ကာလတူထက် ဒေါ်လာ ၄ ဒသမ ၃၃၅ ဘီလျံ ပိုမိုရရှိခဲ့ကြောင်း သိရသည်။

လက်ရှိဘဏ္ဍာနှစ် မတ် ၂၃ ရက်အထိ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၂ ဒသမ ၀၉၁ ဘီလျံတွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၃ ဒသမ ၉၂၆ ဘီလျံနှင့် နယ်စပ်ကုန်သွယ်မှုပမာဏ ဒေါ်လာ ၈ ဒသမ ၁၆၅ ဘီလျံ ပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေအရ စိန်ခေါ်မှုများရှိနေသော်လည်း ရင်းနှီးမြှုပ်နှံသူများကြားတွင် စိတ်ဝင်စားမှု ဆက်လက်မြင့်တက်နေဆဲဖြစ်ကြောင်း Oxford Business Group-OBG အယ်ဒီတာချုပ် ပြောကြား

မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေအရ စိန်ခေါ်မှုများရှိနေသော်လည်း ရင်းနှီးမြှုပ်နှံသူများကြားတွင် စိတ်ဝင်စားမှု ဆက်လက်မြင့်တက်နေဆဲဖြစ်ကြောင်း Oxford Business Group (OBG) ၏ အယ်ဒီတာချုပ် Oliver Cornock က ပြောကြားသည်။

နိုင်ငံတကာနှင့် ထိတွေ့မှုမရှိသေးသည့် ကြီးမားသော ပြည်တွင်းဈေးကွက်နှင့် များပြားလှသော သယံဇာတများ စသည့် မြန်မာနိုင်ငံ၏ အားသာချက်များကြောင့် စီးပွားရေးအခြေအနေအရ စိန်ခေါ်မှုများရှိနေသော်လည်း ရင်းနှီးမြှုပ်နှံမှုများကြားတွင် စိတ်ဝင်စားမှု ဆက်လက်မြင့်မားနေဆဲဖြစ်ကြောင်း Oxford Business Group (OBG) မှ မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေနှင့်စပ်လျဉ်း၍ အစီရင်ခံစာအသစ် မိတ်ဆက်ပြီးချိန်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီထက်ပိုပြီး လုပ်စရာတွေရှိသေးပေမဲ့ မြန်မာနိုင်ငံက သူ့ရဲ့လုပ်ဆောင်နိုင်စွမ်းကို သက်သေပြပြီးဖြစ်သလို နိုင်ငံရဲ့ဈေးကွက် အားသာချက်တွေလည်းရှိတာကြောင့် စီးပွားရေးခေါင်းဆောင်တွေအနေနဲ့ မြန်မာနိုင်ငံကို သတိထားမိမှာ အသေအချာပါပဲ” ဟု Oxford Business Group (OBG) ၏ အယ်ဒီတာချုပ် Oliver Cornock က ပြောကြားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကုန်အထိ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၆ ဒသမ ၁၁၅ ဘီလျံကျော် ၀င်ရောက်ထားကြောင်း မတ် ၂၂ ရက်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မတ်လအကုန်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၂၂၂ ခုကို ခွင့်ပြုပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းပမာဏ အမေရိကန်ဒေါ်လာ ၄ ဒသမ ၇၇၆ ဘီလျံကျော်နှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအ၀င် စုစုပေါင်းပမာဏ အမေရိကန်ဒေါ်လာ ၅ ဒသမ ၇၁၇ ဘီလျံကျော်အထိရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် အထူးစီးပွားရေးဇုန်ဥပဒေအရ သီလ၀ါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာသန်း ၄၀၀ ခန့် ခွင့်ပြုပေးခဲ့သည့်အတွက် ယခုဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းအမေရိကန်ဒေါ်လာ ၆ ဒသမ ၁၁၅ ဘီလျံကျော်ထိ ခွင့်ပြုပေးထားပြီးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ခွင့်ပြုပေးရာတွင် လုပ်ငန်း၏စီးပွားရေးတွက်ခြေကိုက်မှု၊ အလုပ်အကိုင်သစ်များ ဖန်တီးပေးနိုင်မှု၊ အမျိုးသားဝင်ငွေနှင့် အခွန်တိုးတက်ရရှိနိုင်မှု၊ ပြည်တွင်းပြည်ပ ဈေးကွက်အခြေအနေ၊ ပြည်တွင်းစားသုံးရန် လိုအပ်ချက်၊ နည်းပညာဆီလျော်မှု၊ တီထွင်ဆန်းသစ်မှု၊ နည်းပညာလွှဲပြောင်းရရှိမှု၊ ပတ်ဝန်းကျင်ထိခိုက်မှုနှင့် လူမှုရေးထိခိုက်မှု ထိန်းသိမ်းကာကွယ်ရေး ဆောင်ရွက်မှုအစီအမံများ၊ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုဖြစ်ခြင်းနှင့် တည်ဆဲဥပဒေများကိုလိုက်နာခြင်း စသည့်အချက်များကို အခြေခံ၍ စိစစ်ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ ရင်းနှီးမြှုပ်နှံမှုကော်မတီများက ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာငါးသန်း သို့မဟုတ် ကျပ်သန်း ၆၀၀၀ အထိရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ခွင့်ပြုပေးလျက်ရှိကြောင်း၊ လက်ရှိအချိန်၌ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) တစ်နည်းအားဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ရုံးများကို ဖွင့်လှစ်ထားပြီဖြစ်သည်။

ဘဏ္ဍာနှစ်ကြားကာလဖြစ်သည့် လာမည့်ခြောက်လအတွင်း မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်းနှင့် ၀န်ဆောင်မှုလုပ်ငန်းများ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အဓိက၀င်ရောက်လာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။

“လက်ရှိအများဆုံးဝင်တာက ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်းနဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေက ဒီခြောက်လအတွင်းမှာ ဒီကဏ္ဍသုံးခုက အဓိက၀င်ရောက်မယ်” ဟု ဦးအောင်နိုင်ဦးက သုံးသပ်ပြောကြားသည်။

Oxford Business Group (OBG) သည် အာရှ၊ အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် အမေရိကတိုက်များမှ နိုင်ငံပေါင်း ၃၀ ကျော်တွင် လုပ်ငန်းများလုပ်ကိုင်နေသည့် နိုင်ငံတကာသုတေသနနှင့် အတိုင်ပင်ခံလုပ်ငန်းဖြစ်သည်။ ဇေယျာငြိမ်း

ဘဏ္ဍာနှစ်မကုန်ဆုံးမီ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၁ ဘီလျံကျော်ရှိလာပြီး ယခင်ဘဏ္ဍာနှစ်ကာလတူထက် ဒေါ်လာလေးဘီလျံကျော် ပိုမိုကုန်သွယ်ခဲ့

လက်ရှိဘဏ္ဍာနှစ်မကုန်ဆုံးမီ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏဒေါ်လာ ၃၁ ဘီလျံကျော်ရှိလာပြီး ယခင်ဘဏ္ဍာနှစ်ကာလတူထက် ဒေါ်လာလေးဘီလျံကျော် ပိုမိုကုန်သွယ်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှရရှိသည့် ကုန်သွယ်မှုဆိုင်ရာ စာရင်းများအရ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ မတ် ၉ ရက်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏမှာ ဒေါ်လာ ၃၁၁၁၆ ဒသမ ၀၅၉ သန်းရှိပြီး ယခင်ဘဏ္ဍာနှစ်ကာလတူထက် ဒေါ်လာ ၄၃၂၄ ဒသမ ၈၀၇ သန်းပိုမိုခဲ့ကြောင်း သိရသည်။

လက်ရှိဘဏ္ဍာနှစ် မတ် ၉ ရက်အထိ ပြည်ပကုန်သွယ်မှုပမာဏဒေါ်လာ ၃၁ ဘီလျံကျော်တွင် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ကုန်သွယ်မှုပမာဏဒေါ်လာ ၂၃၃၃၆ ဒသမ ၂၇၈ သန်းနှင့် နယ်စပ်ကုန်သွယ်မှုပမာဏ ဒေါ်လာ ၇၇၇၉ ဒသမ ၇၈၁ သန်းပါဝင်ကြောင်း သိရသည်။ ပင်လယ်ရေကြောင်း ကုန်သွယ်မှုပမာဏမှာ ယခင်ဘဏ္ဍာနှစ်ကာလတူထက် ဒေါ်လာ ၃၇၃၉ ဒသမ ၄၆၁ သန်းပိုမိုခဲ့ပြီး နယ်စပ်ကုန်သွယ်မှုပမာဏမှာမူ ယခင်ဘဏ္ဍာနှစ် ကာလတူထက်ဒေါ်လာ ၅၈၅ ဒသမ ၃၄၆ သန်းပိုမိုခဲ့ကြောင်း သိရသည်။

လက်ရှိဘဏ္ဍာနှစ် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၁ ဘီလျံကျော်တွင် ပို့ကုန်တန်ဖိုးဒေါ်လာ ၁၃၆၄၀ ဒသမ ၅၈၇ သန်း၊ သွင်းကုန်တန်ဖိုးဒေါ်လာ ၁၇၄၇၅ ဒသမ ၄၇၂ သန်းပါဝင်ကြောင်း သိရသည်။ သွင်းကုန်တန်ဖိုးမှာ ပို့ကုန်တန်ဖိုးထက် များပြားနေသဖြင့် ကုန်သွယ်မှုလိုငွေဒေါ်လာ ၃၈၃၄ ဒသမ ၈၈၅ သန်းဖြစ်ပေါ်နေကြောင်း သိရသည်။ ယခင်ဘဏ္ဍာနှစ်ကာလတူတွင်မူ ကုန်သွယ်မှုလိုငွေမှာ ဒေါ်လာ ၄၆၅၀ ဒသမ ၂၄၈ သန်းဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏဒေါ်လာ ၂၉ ဘီလျံနှင့် ကုန်သွယ်မှုလို ငွေဒေါ်လာတစ်ဘီလျံရှိမည်ဟု ခန့်မှန်းထားကြောင်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေ အဆိုပြုတင်ပြချက် အနှစ်ချုပ်တွင် ဖော်ပြထားသည်။

ပဲတီစိမ်း အဓိကတင်ပို့နေသော ဥရောပဈေးကွက်အပြင် တရုတ်နိုင်ငံက ၀ယ်လိုအားကောင်းနေသဖြင့် ပြည်တွင်း၌ ပဲတီစိမ်း ဈေးကောင်းရနေဟုဆို

ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ပဲစိုက်တောင်သူများ ပဲသိမ်းနေမှုကို တွေ့ရစဉ်

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပဲတီစိမ်းကို အဓိကတင်ပို့နေသော ဈေးကွက်ဖြစ်သည့် ဥရောပအပြင် တရုတ်နိုင်ငံတို့မှ ၀ယ်လိုအားကောင်းနေသဖြင့် ပဲတီစိမ်းဈေးနှုန်းများ ကောင်းနေကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်းမှ သိရသည်။

“ပဲတီစိမ်းကတော့ တရုတ်ဘက်က အ၀ယ်ကောင်းတာရော နောက်ဥရောပဘက်က အမာခံတွေနဲ့ဆိုတော့ ပဲတီစိမ်းကတော့ ဈေးကောင်းပါတယ်” ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်းမှ အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် ခရမ်းရွှေဝါပဲတီစိမ်း သုံးတင်းတစ်အိတ် (အချိန် ၆၀) ကို ကျပ် ၁၁၅,၀၀၀ အထိရှိကြောင်း၊ ခရမ်းရွှေဝါပဲတီစိမ်း တစ်တန်ကို ၁၁ သန်းခွဲခန့်အထိရှိကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်းမှ သိရသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပဲတီစိမ်းများကို ဥရောပနိုင်ငံများအနေဖြင့် ပဲပင်ပေါက် ဖောက်စားရန် ၀ယ်ယူခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ၀ယ်ယူရာတွင် အရည်အသွေး စံချိန်စံညွှန်း ကောင်းမွန်သော ပဲတီစိမ်းကိုသာ ၀ယ်ယူပြီး ဒေသတွင်းနိုင်ငံများထက် ဈေးနှုန်းပိုမိုရရှိကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ပဲတီစိမ်းကို တရုတ်နိုင်ငံဘက်မှ ကုန်သည်များသည် မန္တလေးတိုင်းအထိ ဆင်းဝယ်ကြောင်း ယင်းကဲ့သို့ ၀ယ်ယူရာတွင် အရည်အသွေး စံချိန်စံညွှန်းအားလုံးကို ၀ယ်ယူပြီး အရည်အသွေးပေါ် မူတည်ကာ ဈေးနှုန်းကွာခြားချက်ရှိကြောင်း သိရသည်။

ပဲတီစိမ်းကို ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရမ်းနှင့် သုံးခွမြို့နယ်များ၌ အဓိက အများဆုံး စိုက်ပျိုးနေခြင်း ဖြစ်ကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနနှင့် ဥရောပသမဂ္ဂနိုင်ငံများ ပူးပေါင်းပြီး ဥရောပ စံချိန်စံညွှန်းများဖြင့် ပဲတီစိမ်းကို ကန်ထရိုက်စိုက်ခင်းများ ဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံမှထွက်ရှိသည့် ပဲမျိုးစုံအနက် ပဲတီစိမ်း၊ မတ်ပဲနှင့် ပဲစင်းငုံတို့ကို ပြည်ပသို့ အဓိကတင်ပို့နေခြင်း ဖြစ်ကြောင်း၊ ပဲတီစိမ်းကို ဥရောပဈေးကွက်သို့ အဓိကတင်ပို့နေခြင်းဖြစ်ပြီး မတ်ပဲနှင့် ပဲစင်းငုံနှစ်မျိုးကို အိန္ဒိယနိုင်ငံသို့ အဓိက တင်ပို့နေခြင်းဖြစ်သည်။

ယခုဘဏ္ဍာနှစ် ၁၁ လကျော်အတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၂ သန်းကျော် တင်ပို့ထားပြီး တန်ဖိုး ဒေါ်လာ သန်း ၈၀၀ ကျော်ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မတ် ၂ ရက် အထိ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုသည် တန်ချိန် ၁ ဒသမ၂ သန်းကျော်ရှိပြီး တန်ဖိုး ဒေါ်လာ ၈၀၇ သန်းအထိရရှိထားကြောင်း စီးပွား/ကူးသန်းဝန်ကြီးဌာန စာရင်းများအရ သိရ သည်။

လက်ရှိ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဇန်န၀ါရီ ၁၉ ရက်အထိ ပြည်ပသို့ ပဲမျိုးစုံ တန်ချိန် ၁ ဒသမ ၀၉ သန်း တင်ပို့ထားကာ ၀င်ငွေ ဒေါ်လာ ၇၇၄ သန်းနီးပါးသာ ရရှိခဲ့သည်။

ဇန်န၀ါရီ ၁၉ ရက်မှ မတ် ၂ ရက်အထိ တစ်လကျော်အတွင်း တန်ချိန်တစ်သိန်းကျော် တင်ပို့ထားပြီး တန်ဖိုး ဒေါ်လာ ၃၃ သန်း အထိ ရရှိထားခြင်းဖြစ်ကြောင်း စာရင်းများအရ သိရသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုအစိုးရအဖွဲ့က ပြည်တွင်း ပြည်ပချေးငွေ ကျပ် ၇၅၉၃ ဘီလျံ ချေးယူခဲ့ပြီး ချေးယူခွင့်ပြုထားသည့် ကျပ်သန်းပေါင်း သိန်း ၅၀ (ကျပ်ဘီလျံ ၅၀၀၀) ထက် ကျပ် ၂၅၉၃ ဘီလျံ ပိုမိုချေးယူခဲ့ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ သုံးသပ်

ဇန်န၀ါရီ ၁၉ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး မစတင်မီ တက်ရောက် လာသူများကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူ)

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုအစိုးရအဖွဲ့က ပြည်တွင်း၊ ပြည်ပချေးငွေကျပ် ၇၅၉၃ ဒသမ ၀ ဘီလျံ ချေးယူခဲ့ပြီး ပြည်ထောင်စုဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေအရ ချေးယူခွင့် ပြုထားသည့် ကျပ်သန်းပေါင်း သိန်း ၅၀ (ကျပ် ၅၀၀၀ ဒသမ ၀၀ ဘီလျံ) ထက် ကျပ် ၂၅၉၃ ဒသမ ၀ ဘီလျံ ပိုမိုချေးယူခဲ့ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက သုံးသပ်ခဲ့သည်။

ဇန်န၀ါရီ ၁၉ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အစိုးရ၏ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာနှင့် ပတ်သက်ပြီး လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ တင်သွင်းခဲ့သည်။

အဆိုပါ အစီရင်ခံစာတွင်၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု အစိုးရအဖွဲ့က ရယူခဲ့သော ပြည်တွင်း၊ ပြည်ပချေးငွေ နှစ်ရပ်ပေါင်းမှာ ကျပ် ၇၅၉၃ ဒသမ ၀ ဘီလျံဖြစ်ရာ ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေအရ ချေးယူခွင့်ပြုထားသည့် ကျပ်သန်းပေါင်းသိန်းငါးဆယ် (ကျပ် ၅၀၀၀ ဒသမ ၀၀ ဘီလျံ) ထက် ကျပ် ၂၅၉၃ ဒသမ ၀ ဘီလျံ ပိုမိုချေးယူခဲ့သည်ကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။

ပြည်တွင်းချေးငွေ အနေဖြင့် အစိုးရငွေတိုက်စာချုပ်များ ရောင်းချခြင်း ကျပ် ၁၂၀၁ ဒသမ ၆ ဘီလျံ၊ အစိုးရငွေတိုက်လက်မှတ် လေလံတင်ရောင်းချခြင်း ကျပ် ၃၆၂၂ ဒသမ ၇ ဘီလျံ၊ အစိုးရငွေတိုက်လက်မှတ် ဗဟိုဘဏ် သို့ရောင်းချခြင်း ကျပ် ၂၃၁၀ ဒသမ ၃ ဘီ လျံဖြစ်ပြီး ပြည်ပချေးငွေ ကျပ် ၄၅၈ ဒသမ ၄ ဘီလျံ၊ စုစုပေါင်း ကျပ် ၇၅၉၃ ဒသမ ၀ ဘီ လျံဖြစ်ကြောင်း အစီရင်ခံစာတင်သွင်းခဲ့သည်။

ထို့ပြင် အလားတူကာလအတွင်း ပြည်ပ ချေးငွေ အမေရိကန်ဒေါ်လာ ၆၁၂ ဒသမ ၉၈၃ သန်းကို ပြန်လည်ပေးဆပ်နိုင်ခဲ့ရာတွင် တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၄၂၆ ဒသမ ၆၃၉ သန်းဖြစ်ကြောင်း၊ ၀န်ကြီးဌာနအလိုက် ပြန်လည်ပေးဆပ်မှုတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ အမေရိကန်ဒေါ်လာ ၂၈၆ ဒသမ ၆၀၆ သန်း၊ စက်မှုဝန်ကြီးဌာနမှ အမေရိကန်ဒေါ်လာ ၁၀၈ ဒသမ ၃၇၂ သန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာနမှ အမေရိကန်ဒေါ်လာ ၈၂ ဒသမ ၇၃၈ သန်းဖြင့် အများဆုံး ပေးဆပ်ခဲ့ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက အစီရင်ခံစာ တင်သွင်းခဲ့သည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ရယူခဲ့သည့် ပြည်တွင်းပြည်ပ ချေးငွေများအနက် ပြည်တွင်းချေးငွေဖြစ်သည့် အစိုးရငွေတိုက် စာချုပ်များ ရောင်းချမှုနှင့် အစိုးရငွေတိုက်လက်မှတ် လေလံတင် ရောင်းချမှုတို့ကို တိုးတက်ဆောင်ရွက် နိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့ အစိုးရငွေတိုက်လက်မှတ် ရောင်းချမှုကို လျှော့ချဆောင်ရွက် နိုင်ခဲ့ကြောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ရယူခဲ့သော ပြည်ပချေးငွေ အားလုံးသည် သက်သာသော ချေးငွေများဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု အစိုးရအဖွဲ့က ရယူခဲ့သော ပြည်တွင်း၊ ပြည်ပချေးငွေ နှစ်ရပ်ပေါင်းမှာ ကျပ် ၇၅၉၃ ဒသမ ၀ ဘီလျံဖြစ်ရာ ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေအရ ချေးယူခွင့်ပြုထားသည့် ကျပ်သန်းပေါင်း သိန်းငါးဆယ် (ကျပ် ၅၀၀၀ ဒသမ ၀၀ ဘီလျံ) ထက် ကျပ် ၂၅၉၃ ဒသမ ၀ ဘီလျံ ကျော်လွန်ခဲ့သော်လည်း ပြည်တွင်းချေးယူငွေ ပြန်လည် ပေးဆပ်မှုကို ကျပ် ၄၈၃၉ ဒသမ ၁ ဘီလျံအထိ ဆောင်ရွက်နိုင်ခဲ့သည့်အတွက် အသားတင်ချေးငွေပမာဏကို လျှော့ချနိုင်ခဲ့ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက အစီရင်ခံစာ တင်သွင်းခဲ့သည်။

 

သက်ရောက်မှု ရှိ/မရှိ စောင့်ကြည့်ရတော့မည့် ဘဏ္ဍာနှစ်အပြောင်းအလဲ

လက်ရှိကျင့်သုံးလျက်ရှိသော ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ မတ် ၃၁ ရက်အထိအစား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ရွေးချယ်တင်မြှောက်ထားသော နိုင်ငံတော်သမ္မတဦးထင်ကျော် ဦးဆောင်သည့် အစိုးရအနေဖြင့် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အဖြစ် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှစ၍ ပြောင်းလဲပြင်ဆင် သတ်မှတ်လိုက်ပြီး နှစ်ပေါင်း ၄၀ ကျော်အကြာတွင် ပြန်လည်ပြင်ဆင် သတ်မှတ်ခြင်းဖြစ်သည့်အပြင် လွှတ်တော်တွင်လည်း ၀ိုင်းဝန်းဆွေးနွေး အကြံပြုမှုများရှိခဲ့သည့်အတွက် ၂၀၁၇ ခုနှစ် ထင်ရှားကျော်ကြား ဖြစ်ရပ်တစ်ခုအဖြစ် ဖော်ပြအပ်ပါသည်။

ထိုသို့ ဘဏ္ဍာနှစ်ပြောင်းလဲ ပြင်ဆင်သတ်မှတ်ရန် ကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတဦးထင်ကျော်က ပြည်ထောင်စုလွှတ်တော်နာယကထံသို့ စက်တင်ဘာ ၂၉ ရက် ရက်စွဲဖြင့် သ၀ဏ်လွှာပေးပို့ခဲ့ပြီး ၎င်းကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက အောက်တိုဘာ ၁၇ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ရှင်းလင်းခဲ့သည်။

နိုင်ငံတစ်နိုင်ငံ၏ ဘဏ္ဍာနှစ်သတ်မှတ်ရာတွင် နိုင်ငံ၏စီးပွားရေးရည်မှန်းချက်၊ ငွေကြေးမူဝါဒ၊ ဘဏ္ဍာရေးမူဝါဒတို့ကို ချမှတ် ဆောင်ရွက်ရာတွင် ချမှတ်သည့်ရည်မှန်းချက်အတိုင်း အထမြောက် အောင်မြင်စေရန် အဓိကထား၍ သတ်မှတ်ကြခြင်းဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံ၏ ရာသီဥတုအခြေအနေ၊ အစိုးရကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍ၊ နှစ်ချုပ်ဘဏ္ဍာရေး ငွေစာရင်းများနှင့် နှစ်ချုပ်ကုန်ထုတ်လုပ်မှု ဆိုင်ရာစာရင်းများ ရေးဆွဲမှုတို့နှင့်လည်း လိုက်လျောညီထွေဖြစ်စေရန် သတ်မှတ်ကြကြောင်း၊ ဘဏ္ဍာနှစ်ဘတ်ဂျက်နှစ်ဟူသည် တစ်နှစ်တာသို့မဟုတ် ၁၂ လကာလအတွက် အစိုးရ၏ ဘဏ္ဍာငွေအရ အသုံးကိစ္စများ လျာထားအကောင်အထည်ဖော်ရန် အချိန်ကာလ သတ်မှတ်ချက်ဖြစ်ကြောင်း ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက ရှင်းလင်းတင်ပြခဲ့သည်။

ထို့ပြင် ၁၉၇၄ ခုနှစ်တွင် ဘဏ္ဍာနှစ်ကို ဧပြီ ၁ ရက်မှ မတ် ၃၁ ရက်အထိ ပြန်လည်ပြင်ဆင် သတ်မှတ်ခဲ့စဉ်က အဓိကအားဖြင့် မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကို အဓိကထား ဆောင်ရွက်သည့်နိုင်ငံဖြစ်ခြင်းကြောင့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများ မစတင်မီ တောင်သူလယ်သမားများအား စိုက်ပျိုးစရိတ် ထုတ်ချေးပေးနိုင်ရေး၊ မြန်မာနိုင်ငံ၏ ဘဏ္ဍာနှစ်ကို မြန်မာသက္ကရာဇ်တို့နှင့် ညီညွတ်စေရေးတို့အတွက်ဖြစ်သည်ဟု သိရှိရကြောင်း ဦးမောင်မောင်ဝင်းက ရှင်းပြသည်။

လက်ရှိကျင့်သုံးလျက်ရှိသည့် ဘဏ္ဍာနှစ်သည် ဧပြီ ၁ ရက်မှ စတင်သည့်အတွက်ကြောင့် တည်ဆောက်ရေးလုပ်ငန်းများကို မိုးရာသီကာလကျော်လွန်မှသာ လုပ်ငန်းစတင်နိုင်သဖြင့် လုပ်ငန်းဆောင်ရွက်ချိန် နည်းပါးခြင်း၊ ပြည်ပချေးငွေ၊ ပြည်ပအကူအညီရငွေများ ရယူရာတွင် ပေးအပ်သည့်နိုင်ငံ၊ အဖွဲ့အစည်း၏ဘဏ္ဍာနှစ်နှင့် မကိုက်ညီပါက အချိန်များညှိနှိုင်းရခြင်း၊ အထွေထွေရွေးကောက်ပွဲ ပြုလုပ်သည့်နှစ်တွင် နောင်အစိုးရအတွက် ဘတ်ဂျက်ကို လက်ရှိအစိုးရက ရေးဆွဲပေးရခြင်းစသည့် အားနည်းချက်များရှိကြောင်း၊ ဘဏ္ဍာနှစ်ကို ပြင်ဆင်သတ်မှတ်ပါက တည်ဆောက်ရေး၊ ၀ယ်ယူရေးစသည့် လုပ်ငန်းများတွင် တစ်ဆက်တည်းရှစ်လခန့် ပွင့်လင်းရာသီရရှိနိုင်ခြင်း၊ ဘဏ္ဍာနှစ် စတင်ချိန်နှင့် နှစ်သစ်ကူး ရုံးပိတ်ရက်များ တိုက်ဆိုင်နေမှု မရှိတော့ခြင်း၊ ပွင့်လင်းရာသီအစတွင် လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ပြီး ဘတ်ဂျက်ကုန်ဆုံးခါနီး မိုးရာသီတွင် လုပ်ငန်းများ အပြီးသတ် ဆောင်ရွက်နိုင်ခြင်း၊ သုံးလပတ်အလိုက် ဘဏ္ဍာငွေသုံးစွဲမှု ပိုမိုညီညွတ် မျှတလာနိုင်ခြင်း အစရှိသည့် အားသာချက်များ ရရှိမည်ဖြစ်ကြောင်း ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက ရှင်းလင်းတင်ပြသည်။

သို့ရာတွင် ၂၀၁၅ ခုနှစ် ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ် ၄၂ ဖြင့် အတည်ပြု ပြဋ္ဌာန်းထားသည့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ရေးဆွဲတင်ပြခြင်းဆိုင်ရာ ဥပဒေပါ ဘတ်ဂျက်ရေးဆွဲ တင်ပြရမည့်အချိန်နှင့် မကိုက်ညီတော့သဖြင့် အဆိုပါ ဥပဒေအား ပြင်ဆင်ရေးဆွဲရန် လိုအပ်ခြင်း၊ ပြည်ပအကူအညီ၊ ချေးငွေများအတွက် မိမိဘဏ္ဍာနှစ်နှင့် မကိုက်ညီသည့်နိုင်ငံ၊ အဖွဲ့အစည်းများနှင့် အချိန်ညှိနှိုင်းရခြင်း၊ အထွေထွေရွေးကောက်ပွဲ ကျင်းပသည့်နှစ်တွင် လက်ရှိအစိုးရက ရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ဘတ်ဂျက်သည် အစိုးရသစ်သို့ တာဝန်လွှဲပြောင်းပေးချိန်တွင် အကောင်အထည်ဖော်ဆောင်ရွက်မှု ခြောက်လသာရှိသေးခြင်းစသည့် အားနည်းချက်များရှိကြောင်း ဒုတိယ၀န်ကြီးက ပြောကြားသည်။

ဘဏ္ဍာနှစ်ပြောင်းလဲ ပြင်ဆင်သတ်မှတ်ရန် ကိစ္စနှင့်ပတ်သက်၍ အောက်တိုဘာ ၂၃ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးရာတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်၊ ရခိုင်အမျိုးသားပါတီမှ လွှတ်တော်ကိုယ်စားလှယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်တို့က ဘတ်ပေါင်းစုံမှပြန်လည် စဉ်းစားသုံးသပ်ရန် လိုအပ်ကြောင်း ဆွေးနွေးအကြံပြုခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံအကြံပြု ဆွေးနွေးခဲ့ကြသည်။

အစိုးရတစ်ရပ်၏ ဘဏ္ဍာနှစ် သတ်မှတ်မှုကို လေ့လာရာမှာ သမိုင်းကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ အများပြည်သူရုံးပိတ်ရက်၊ ရာသီဥတု အခြေအနေများအပြင် အခြားသော အမျိုးသားအကျိုးစီးပွားဆိုင်ရာ အဆောက်အအုံများနှင့် လုပ်ငန်းစဉ်များက လွှမ်းမိုးလျက်ရှိကြောင်း၊ လွှတ်တော်မှ ဘတ်ဂျက်အား ထိန်းညှိစောင့်ကြည့်ရန် အချိန်ကာလ လုံလောက်ရန် လိုအပ်သဖြင့် အစိုးရတစ်ရပ်၏ ဘဏ္ဍာနှစ်သည် လွှတ်တော်၏ လုပ်ငန်းစဉ်များနှင့်လည်း ကိုက်ညီရန်လိုအပ်ကြောင်း တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးသောင်းထိုက်စိုးက ဆွေးနွေးအကြံပြုခဲ့သည်။

ထို့ပြင် ၎င်းက လွန်ခဲ့သောဆယ်စုနှစ်များအတွင် အမေရိကန်၊ နယူးဇီလန်၊ ဖီဂျီ၊ တီမောလက်စ်တေစသည့် နိုင်ငံအနည်းငယ်သာ ဘဏ္ဍာနှစ်ကို ပြောင်းလဲခဲ့ကြကြောင်း၊ ဘဏ္ဍာနှစ်ပြောင်းလဲရခြင်းကြောင့် ဘတ်ဂျက်ဆိုင်ရာ လုပ်ငန်းများ ပြုပြင်ပြောင်းလဲရေးအတွက် ကုန်ကျစရိတ်များရှိခြင်း၊ စာရင်းအင်း စနစ်ပြောင်းလဲရခြင်း၊ ၀န်ထမ်းများနှင့် အဖွဲ့အစည်းများအား ဘဏ္ဍာရေးနှင့် ပတ်သက်သည့် သင်တန်းများ၊ စာရင်းစစ်သင်တန်းများ၊ ဘတ်ဂျက်ပြင်ဆင်ခြင်းနှင့် ရေးဆွဲခြင်းဆိုင်ရာ သင်တန်းများပို့ချရခြင်း စသည့် လုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ပြီး မိမိတို့နိုင်ငံအနေဖြင့် အထက်ပါ အချက်များနှင့်ပတ်သက်၍ အသင့်ဖြစ်ပြီလားဟု မေးခွန်းထုတ်ခဲ့သည်။

အလားတူ ဘဏ္ဍာနှစ်ပြောင်းလဲ ပြင်ဆင်သတ်မှတ်ရန် ကိစ္စနှင့်ပတ်သက်၍လည်း ပျော်ဘွယ်မဲဆန္ဒနယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက “နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် စက်တင်ဘာ ၁၉ ရက်က ပြောခဲ့တဲ့ မိန့်ခွန်းမှာပါ။ ကျွန်မတို့အနေနဲ့ အများမျှော်လင့်ထားတဲ့အရာလမ်းကို ကျော်လွှားနိုင်ဖို့ ၁၈ လဆိုတဲ့ အချိန်ကာလဟာ အင်မတန် တိုတောင်းတဲ့ကာလဖြစ်တယ်လို့ တင်ပြထားတဲ့အတိုင်း အချိန်ကာလ တိုတောင်းသေးတဲ့အပြင် အစိုးရစတင် ဖွဲ့စည်းတုန်းကလည်း ၀န်ကြီးအရေးအတွက် လျှော့ချပြီး ၀န်ကြီးဌာနအချို့ ပေါင်းစည်းဖွဲ့စည်းလိုက်တဲ့အတွက် လုပ်ငန်းအသီးသီးရဲ့ အခြေအနေမှန်ကို သိရှိဖို့အတွက် ခက်ခဲပါတယ်။ ပြည်သူတွေအနေနဲ့လည်း ငွေကြေးအကျပ်အတည်း၊ အလုပ်အကိုင် အခက်အခဲ၊ ရာသီဥတု ဖောက်ပြန်မှုတွေ ကြုံတွေ့နေရတဲ့အတွက် အခုချိန်မှာ နိုင်ငံတော်ဘဏ္ဍာနှစ် ပြောင်းလဲပြင်ဆင် သတ်မှတ်ခြင်းကို မသင့်သေးဘူးလို့ ဆိုလိုပါတယ်” ဟု ဆွေးနွေးတင်ပြခဲ့သည်။

အုတ်တွင်းမဲဆန္ဒနယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချိုကလည်း မြန်မာနိုင်ငံနှင့် ရာသီဥတု အနီးကပ်ဆုံး တူညီနေသည့် အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်းနှင့် လာအိုတို့တွင် ဘဏ္ဍာနှစ်ကို အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ သတ်မှတ်ထားသောကြောင့် မြန်မာနိုင်ငံအနေဖြင့်လည်း အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ပြောင်းလဲသတ်မှတ်လိုက်ခြင်းဖြင့် မြန်မာနိုင်ငံ၏ ရာသီဥတုနှင့် မိုးရွာသွန်းမှုများကြောင့် လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ဇွန်လမှ နိုဝင်ဘာလအထိ လုပ်ငန်းများ ရပ်ဆိုင်းထားစရာမလိုဘဲ လုပ်ငန်းများ နှောင့်နှေးမှုမရှိဘဲ လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း ထောက်ခံဆွေးနွေးခဲ့သည်။

ဆက်လက်၍ အောက်တိုဘာ ၃၁ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက ပြန်လည်ရှင်းလင်း တင်ပြခဲ့ရာ ပြည်ထောင်စုအစိုးရအဖွဲ့ အနေဖြင့် ဘဏ္ဍာနှစ်ပြောင်းလဲ သတ်မှတ်လိုသည့် အဓိကအကြောင်းရင်းမှာ ပြည်သူတို့၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ရာတွင် လိုအပ်နေသော အခြေခံ အဆောက်အအုံများ အရှိန်အဟုန်ဖြင့် တည်ဆောက်ရန် လိုအပ်နေသည့် အချိန်ဖြစ်သဖြင့် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရများ၏ တည်ဆောက်ရေးနှင့် ၀ယ်ယူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တစ်ဆက်တည်းဖြစ်သော ပွင့်လင်းရာသီ အများဆုံး ရရှိနိုင်စေရန်ဖြစ်ကြောင်း ဆိုသည်။

ထို့ပြင် ၂၀၁၅ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံးရေးဆွဲ တင်ပြခြင်းဆိုင်ရာဥပဒေတွင် လက်ရှိဘဏ္ဍာနှစ်နှင့် ဆီလျော်ညီညွတ်စေရန် ဘတ်ဂျက်ပြင်ဆင်မှုအတွက် အချိန်ကာလ သတ်မှတ်ချက်များကို ထည့်သွင်း ပြဋ္ဌာန်းထားပြီး၊ အဆိုပါ အချိန်ကာလ သတ်မှတ်ချက်များကို ပြောင်းလဲသည့်ဘဏ္ဍာနှစ်နှင့် ညီညွတ်စေရန် ပြန်လည်ပြင်ဆင် အစားထိုးပြဋ္ဌာန်းရန်ကိစ္စမှာ များစွာအခက်အခဲ မရှိနိုင်ကြောင်း၊ ပြည်ပချေးငွေများနှင့် ပတ်သက်၍လည်း မည်သည့်ဘဏ္ဍာနှစ်ကို သတ်မှတ်သည်ဖြစ်စေ နှစ်ဦးနှစ်ဖက် ညှိနှိုင်းဆောင်ရွက်သွားခြင်းဖြင့် ပြေလည်စေမည်ဖြစ်ကြောင်း၊ ဘဏ္ဍာနှစ်ပြောင်းလဲရန် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်ဌာန၊ အဖွဲ့အစည်းများနှင့် အသေးစိတ် ညှိနှိုင်းဆွေးနွေးပြီး ဖြစ်သည့်အတွက် အဆင်ပြေချောမွေ့စွာ လိုက်ပါ ပြောင်းလဲနိုင်မည်ဖြစ်ကြောင်းလည်း သဘောထား မှတ်ချက်များ ရရှိပြီးဖြစ်ကြောင်းလည်း ဒုတိယ၀န်ကြီးက ဆိုသည်။

ထို့နောက် မြန်မာနိုင်ငံ၏ လက်ရှိဘဏ္ဍာနှစ်ဖြစ်သည့် ဧပြီ ၁ ရက်မှ မတ် ၃၁ ရက်အထိအစား အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ပြောင်းလဲပြင်ဆင် သတ်မှတ်မှုကို ပြည်ထောင်စုလွှတ်တော်က အောက်တိုဘာ ၃၁ ရက်တွင် မှတ်တမ်းတင်ခဲ့သည်။

လက်ရှိဘဏ္ဍာနှစ်မှာ မတ် ၃၁ ရက်တွင်ကုန်မည်ဖြစ်ပြီး ပြန်စမည့် ဘဏ္ဍာနှစ်သစ် ၂၀၁၈-၂၀၁၉ မှာ အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်ဖြစ်သည့်အတွက် လစ်လပ်နေသည့် ခြောက်လအတွက် အစိုးရအဖွဲ့ အနေဖြင့် မည်ကဲ့သို့ ဆောင်ရွက်သွားမည် ဆိုသည်ကို မေးခွန်းများ ထုတ်လာခဲ့ကြသည်။

လက်ရှိဘဏ္ဍာနှစ်မှာ မတ် ၃၁ ရက်တွင် ကုန်မည်ဖြစ်ပြီး ပြန်စမည့်ဘဏ္ဍာနှစ်သစ် ၂၀၁၈-၂၀၁၉ မှာ အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်ဖြစ်သည့်အတွက် ၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ လစ်လပ်နေသည့် ခြောက်လအတွက် ခြောက်လဘတ်ဂျက် သက်သက်ရေးဆွဲပြီး ဆောင်ရွက်ရန် စီစဉ်နေကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

အဆိုပါ ခြောက်လစာ ဘတ်ဂျက်ကို ပြည်ထောင်စုလွှတ်တော်သို့ ၂၀၁၈ ခုနှစ် ဇန်န၀ါရီ ၁၅ ရက်မတိုင်မီ တင်သွင်းဖြစ်ဖို့များကြောင်း ဦးမောင်မောင်ဝင်းက ပြောကြားခဲ့ပြီး ၂၀၁၈ ခုနှစ် ဇန်န၀ါရီလအတွင်း ပြန်စမည့် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးများ၌ ခြောက်လစာဘတ်ဂျက်ကို စိစစ်ရမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့ကပြောကြားသည်။

ဘဏ္ဍာနှစ်ပြောင်းလဲမှုများ ပတ်သက်၍ လေ့လာကြည့်ပါက ကမ္ဘာ့နိုင်ငံ ၂၂၇ နိုင်ငံတွင် ဇန်န၀ါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ (ပြက္ခဒိန်နှစ်အတိုင်း) သတ်မှတ်သည့်နိုင်ငံ ၁၅၆ နိုင်ငံရှိပြီး ဧပြီ ၁ ရက်မှ မတ် ၃၁ ရက်အထိ သတ်မှတ်သည့်နိုင်ငံ ၃၃ နိုင်ငံနှင့် ဇူလိုင် ၁ ရက်မှ ဇွန် ၃၀ ရက်အထိ သတ်မှတ်သည့် နိုင်ငံ ၂၀၊ အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ သတ်မှတ်သည့်နိုင်ငံ ၁၂ နိုင်ငံရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ဘဏ္ဍာနှစ်သတ်မှတ်ခဲ့သည့် သမိုင်းကြောင်းတွင် ဒုတိယကမ္ဘာစစ်မတိုင်မီက ဘဏ္ဍာနှစ်သည် ဧပြီ ၁ ရက်မှ မတ် ၃၁ ရက်အထိဖြစ်ပြီး ဒုတိယကမ္ဘာစစ်ပြီးနောက် မြန်မာနိုင်ငံအား ဗြိတိသျှတို့ ပြန်လည်အုပ်ချုပ်သည့် ၁၉၄၅ ခုနှစ်မှ လွတ်လပ်ရေးရရှိသည့် အချိန်အထိ ဘဏ္ဍာနှစ်ကို အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ သတ်မှတ်ခဲ့ကြောင်း သိရသည်။

လွတ်လပ်ရေး ရရှိပြီးသည့် အချိန်မှစ၍လည်း ၁၉၇၃ ခုနှစ်အထိ အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိကိုသာ ဘဏ္ဍာနှစ်အဖြစ် ဆက်လက် သတ်မှတ်ခဲ့ကြောင်း၊ ၁၉၇၄ ခုနှစ် ပြည်သူ့လွှတ်တော်ကာလတွင် ဘဏ္ဍာနှစ်ကို ဧပြီ ၁ ရက်မှ မတ် ၃၁ ရက်အထိသို့ ပြန်လည်ပြင်ဆင် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဘဏ္ဍာနှစ် ပြောင်းလဲတဲ့ကိစ္စကျတော့ ကျွန်တော်တို့က ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းမှာ ကတည်းကလည်း ကြိုးစားခဲ့ဖူးပါတယ်။ ဘာကြောင့်လဲဆိုတော့လည်း သူက တည်ဆောက်ရေးလုပ်ငန်းတွေ အပေါ်မှာ အခက်အခဲရှိတယ်။ နောက်ဘဏ်ချေးငွေအပေါ်မှာ တောင်သူလယ်သမားတွေ စိုက်ပျိုးစရိတ် ထုတ်ချေးပေးတဲ့ ကဏ္ဍတွေမှာလည်း ပြန်လည်ပြီး ပြန်ပေးဆပ်ရမယ့်အချိန်တွေမှာ နှစ်ကုန်တဲ့အချိန်နဲ့ သွားကြုံတဲ့ကိစ္စရပ်တွေစတဲ့ အခက်အခဲတွေ ကြုံတွေ့နေရတာ တွေ့ရတယ်။ အဲဒီတော့ အဲလိုမျိုး အခက်အခဲတွေ ရှိလာတော့ အဲဒါတွေကို ပြေလည်ဖို့ဆိုရင် ဘဏ္ဍာနှစ်ကို ပြောင်းလဲဖို့ လိုအပ်လိမ့်မယ်လို့ ကျွန်တော်တို့ သုံးသပ်ခဲ့ဖူးပါတယ်။ ဘဏ္ဍာနှစ်က ပြောင်းလဲဖို့ လိုအပ်ပါတယ်” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က ပြောကြားသည်။

ဘဏ္ဍာနှစ် ပြောင်းလဲလိုက်သည့်အတွက် အကျိုးသက်ရောက်မှုရှိစေမည့် ကိစ္စရပ်များကို ကြိုတင်ပြင်ဆင်ပြီးမှ စနစ်တကျ ပြောင်းလဲသင့်ကြောင်း ဦးစိုင်းသီဟကျော်က အကြံပြုသည်။

လက်ရှိတွင် မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ (Least Development Country-LDC) စာရင်းထဲ ပါဝင်လျက်ရှိသည်။

အစိုးရ အနေဖြင့် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံအဖြစ်မှ လွတ်မြောက်ရေးကို ဆောင်ရွက်နိုင်ရန်အတွက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သည့် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံအဖြစ်မှ လွတ်မြောက်ရေးအတွက် အကောင်အထည်ဖော်ရေး ကော်မတီကို ဖွဲ့စည်းပြီး ဆောင်ရွက်နေကြောင်း သိရသည်။

လက်ရှိ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ၂၀၁၈ ခုနှစ် မတ် ၃၁ ရက်တွင် ကုန်ဆုံးမည်ဖြစ်ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်သည် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်မှ စတင်မည်ဖြစ်ပြီး ၂၀၁၉ စက်တင်ဘာ ၃၀ ရက်တွင် ကုန်ဆုံးမည် ဖြစ်သည်။ ဘဏ္ဍာနှစ် ပြောင်းလဲပြင်ဆင်လိုက်သည့်အတွက် ပထမဦးစွာ ၂၀၁၅ ခုနှစ်က ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းထားသည့် ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံး ရေးဆွဲတင်ပြခြင်းဆိုင်ရာ ဥပဒေကို မဖြစ်မနေ ပြန်လည်ပြင်ဆင်ရမည်ဖြစ်ပြီး ဘဏ္ဍာနှစ် ပြောင်းလဲလိုက်ခြင်းအတွက် အစိုးရ၏လုပ်ငန်းများ ဘယ်လောက်အောင်မြင်မည်လဲ။ ဘယ်လောက်အထိ တိုးတက်လာမည်လဲ။ ပြည်သူလူထုအတွက် ဘယ်လိုအကျိုးတွေ ဖြစ်ထွန်းမည်လဲဆိုတာကို စောင့်ကြည့်သွားရန် လိုအပ်ပေသည်။

မြစိမ်းရောင်ကျေးရွာစီမံကိန်းကို လက်ရှိဘဏ္ဍာနှစ်အတွင်း ကျပ် ၄၅ ဘီလျံဖြင့် ဆောင်ရွက်ရန် မျှော်မှန်းထားပြီး ပထမခြောက်လပတ်တွင် ကျပ် ၃၁ ဘီလျံကျော် အကောင်အထည်ပေါ်

မြစိမ်းရောင်ကျေးရွာစီမံကိန်းကို လက်ရှိဘဏ္ဍာနှစ်အတွင်း ငွေကျပ် ၄၅ ဘီလျံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန် လုပ်ဆောင်ရန် မျှော်မှန်းထားပြီး လက်ရှိဘဏ္ဍာနှစ် ပထမခြောက်လပတ်တွင်ပင် ကျပ် ၃၁ ဘီလျံကျော် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ပထမခြောက်လပတ် အစီရင်ခံစာအရ သိရသည်။

မြစိမ်းရောင်ကျေးရွာစီမံကိန်းကို လက်ရှိဘဏ္ဍာနှစ်တွင် ကျေးရွာ ၁၅၀၀၀ အတွက် ကျပ် ၄၅ ဘီလျံ လျာထားခဲ့ခြင်းဖြစ်ပြီး ပထမ ခြောက်လပတ်တွင်ပင် ကျေးရွာ ၁၀၃၅ ရွာအတွက် ကျပ် ၃၁ ဒသမ ၀၅ ဘီလျံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ကျေးလက်နေမိသားစုများ၏ စီးပွားရေး ၀င်ငွေတိုးတက်စေရန် ရည်ရွယ်လုပ်ဆောင်ခဲ့သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ယခင်အစိုးရလက်ထက် ၂၀၁၄ ခုနှစ်တွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနက စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေး မဟာဗျုဟာ မူဘောင် နှင့်အညီ လူထုဗဟိုပြုဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများကို အခြေခံကာရေးဆွဲခဲ့ခြင်းဖြစ်ပြီး ယင်းစီမံကိန်းကို စီမံကိန်း ကျေးရွာတစ်ရွာလျှင် အရင်းမပျောက်လည်ပတ် ရန်ပုံငွေ ကျပ် သိန်းသုံးရာမတည်ကာ ကျေးရွာတစ်ထောင်ကျော်တွင် စတင်ခဲ့သည်။

ထိုသို့ စတင်ခဲ့ပြီးနောက် လက်ရှိအချိန်တွင် ကျေးရွာပေါင်း ၁၀၀၀၀ ခန့်၌ နိုင်ငံတော် ခွင့်ပြုရန်ပုံငွေ ကျပ် ၂၄၁ ဒသမ ၇၁ ဘီလျံ ဖြင့် ဆောင်ရွက်နေကြောင်း မြစိမ်းရောင် ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲနှင့် မူဝါဒရေးရာအကြံပေးညှိနှိုင်းခြင်း အလုပ်ရုံ ဆွေးနွေးပွဲမှ သိရသည်။

လက်ရှိတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ကျေးရွာများတွင် စဉ်ဆက်မပြတ် ဘဏ္ဍာရေး အရင်းအမြစ်ရရှိစေရေး၊ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရေး၊ ၀င်ငွေ တိုးပွားစေရေး စသည့်အချက်များကို ရည်မှန်းပြီး ဆောင်ရွက်နေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။