ပြည်နယ်နှင့်ပြည်မ ဖွံ့ဖြိုးမှုသည် အလှမ်းကွာဝေးနေသည့်အတွက် ရေများရာ မိုးထပ်ရွာသည့် ဘဏ္ဍာရေးကွက်ကြားမိုးကို ရပ်စဲသင့်ပြီဖြစ်ကြောင်း ANP ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး

ပြည်ထောင်စု၏ ဘဏ္ဍာငွေသုံးစွဲမှုသည် တိုင်းဒေသကြီး၊ ပြည်နယ်များ၏ သုံးစွဲမှုထက် အဆများစွာကွာဟနေ၍ ပြည်နယ်နှင့်ပြည်မ ဖွံ့ဖြိုးမှုသည်အလှမ်းကွာဝေးနေသည့် အတွက်ရေများရာ မိုးထပ်ရွာသည့် ဘဏ္ဍာရေးကွက်ကြားမိုးကို ရပ်စဲသင့်ပြီဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီဝင် (ANP) မှ မြေပုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ဆွေးနွေးသည်။

နေပြည်တော်၌ စက်တင်ဘာ ၄ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ၂၀၁၈-၂၀၁၉ ခုနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့၏မူနှင့် အခြေခံသဘောများ၊ စီမံကိန်းလုပ်ငန်းများ၊ ရငွေသုံးငွေများနှင့် စပ်လျဉ်းပြီး ဆွေးနွေးစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာန ရဲ့ဒီလိုမူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်တွေထဲမှာ ဖော်ပြထားပေမယ့် လက်တွေ့မှာတော့ တိုင်းဒေသကြီးအချို့မှာသာ ဘဏ္ဍာငွေ အမြောက်အမြားကုန်ကျမယ့် စီမံကိန်းလုပ်ငန်းကြီးတွေကို ပြည်ထောင်စုအစိုးရက တိုက်ရိုက်ရင်းနှီးမြှုပ်နှံနေတာကို တွေ့ရမှာဖြစ်ပါတယ်။ အခုနှစ် ပြည်ထောင်စုရဲ့ သုံးစွဲငွေဟာ ကျပ် ၂၄၉၅၄ ဘီလျံကျော်ရှိပြီး တိုင်းဒေသကြီး / ပြည်နယ်တွေကို ထောက်ပံ့ငွေ၊ ချေးငွေဟာ ကျပ် ၂၁၆၀ ဘီလျံကျော်ပဲရှိလို့ ပြည်ထောင်စုအသုံးစရိတ်ရဲ့ ၈ ဒသမ ၆၅ ရာခိုင်နှုန်းခန့်သာရှိတာကို တွေ့ရပါတယ်။ နှစ်စဉ်လည်း ၁၀ ရာခိုင်နှုန်းအောက်သာ ရှိတာကို တွေ့ရပါတယ်။ ဒီလိုအခြေအနေတွေကြောင့် ပြည်နယ်နဲ့ ပြည်မဖွံ့ဖြိုးတိုးတက်မှုဟာ တစ်စတစ်စ အလှမ်းပိုကွာဝေးလာတာကို တွေ့ရပါတယ်။ ဒေသတစ်ခုနဲ့တစ်ခု ဆင်းရဲချမ်းသာကွာဟမှု နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်ပေးဖို့လိုပါတယ်။ ရေများရာမှာ မိုးထပ်ရွာတဲ့ ဘဏ္ဍာရေး ကွက်ကြားမိုးတွေကို ရပ်စဲသင့်ပါပြီ” ဟု ပြည်ထောင်စုလွှတ်တော်တွင် ဦးဖေသန်းက ဆွေးနွေးသည်။

ပြည်ထောင်စုမှ ယင်းကဲ့သို့ ထောက်ပံ့နေရခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား ၅ အရ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၏ ကောက်ခံခွင့်ရသည့် အခွန်အခများသည် အလွန်နည်းပြီး ပြည်ထောင်စုမှ ကောက်ခံပိုင်ခွင့်ရှိသည့် အခွန်အခများမှာ ကြီးမားကျယ်ပြန့်ခြင်းကြောင့် ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အခွန်ကောက်ခံပိုင်ခွင့်ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ကန့်သတ်ထားသော်လည်း ထောက်ပံ့ငွေကို တိုးမပေးရန် ကန့်သတ်ထားခြင်းမရှိကြောင်း ၎င်းက ဆက်လက်ဆွေးနွေးသည်။

ပြည်ထောင်စုနှင့်တိုင်းဒေသကြီး၊ ပြည်နယ်များအကြား ဘတ်ဂျက်ခွဲဝေမှု မညီမျှဘဲ တစ်ဖက်စောင်းနင်းဖြစ်နေသည့် နောက်ထပ်အကြောင်းအရင်းတစ်ခုမှာ ပြည်ထောင်စုဝန်ကြီးဌာနများ၏ ဗဟိုချုပ်ကိုင်မှုများလွန်းခြင်းကြောင့်ဟု ယူဆကြောင်း၊ အထူးသဖြင့် ပညာရေး၊ ကျန်းမာရေး၊ ဆောက်လုပ်ရေး၊ နယ်စပ်၊ လယ် / ဆည် စသည့်ဝန်ကြီးဌာနများသည် သိန်းတစ်ရာအောက် လုပ်ငန်းအသေးအမွှားကအစ ဘတ်ဂျက်တွင်ထည့်သွင်းတောင်းခံသည်ကို တွေ့ရကြောင်း၊ ဘတ်ဂျက်နည်းပါးသည့် တိုင်းဒေသကြီး /  ပြည်နယ်များအနေဖြင့် ဘီလျံနှင့်ချီကုန်မည့် အဝေးပြေးလမ်းမကြီးများ၊ တံတားကြီးများ၊ မဟာဓာတ်အားလိုင်း စသည့် လုပ်ငန်းကြီးများတွင် ကျခံသုံးစွဲနေရကြောင်း၊ ထို့အတွက် ပြည်ထောင်စုနှင့်တိုင်းဒေသကြီး / ပြည်နယ်များအကြား ဘဏ္ဍာငွေစီမံခန့်ခွဲမှုအလွဲများ၊ အားနည်းချက်များဟုမြင်ကြောင်း ဦးဖေသန်းက ဆွေးနွေးသည်။

“တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဟာ ကျွန်တော်တို့နိုင်ငံအတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာ အားလုံးအသိ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက် အစိုးရတွေဟာ ပြည်မဒေသမှာပဲ စီမံကိန်းကြီးအများစုကို ရင်းနှီးမြှုပ်နှံကြပါတယ်။  ထီအသုံး အနှုန်းနဲ့ ပြောရမယ်ဆိုရင် အထူးဆုကြီးတွေကို ပြည်မကပဲပေါက်တာများပြီး ပြည်နယ်တွေ အနေနဲ့ကတော့ ဝေေ၀ဆာဆာ ပဒေသာဆုလေးတွေနဲ့ပဲ ကျေနပ်ခဲ့တာကြာပါပြီ။ ဒါကြောင့် စီမံကိန်းတွေကို ရေးဆွဲတဲ့အခါမှာ မတိုးတက်မဖွံ့ဖြိုးတဲ့ ဒေသတွေမှာနေတဲ့ တိုင်းရင်းသားတွေအနေနဲ့ ငါတို့ကို ဥပေက္ခာပြုထားပါလားဆိုတဲ့ စိတ်ခံစားမှုတွေ ဖြစ်လာမယ်ဆိုရင် ပြည်တွင်းငြိမ်းချမ်းရေးကို အထောက်အကူမပြုနိုင်ပါဘူး။ ဘတ်ဂျက်ခွဲဝေရာမှာ ဗဟိုချုပ်ကိုင်မှုကို လျှော့ချပြီး မဖွံ့ဖြိုး မတိုးတက်တဲ့ဒေသတွေကို ပိုပြီးရင်းနှီးမြှုပ်နှံနိုင်မှသာ ၀န်ကြီးဌာနရဲ့ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်တွေထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ပါလိမ့်မယ်။ မူဝါဒရည်မှန်းချက်တွေဆိုတာ စာအုပ်ပေါ်မှာ တစ်မျိုး၊ မြေပြင်မှာတစ်မျိုး မဖြစ်သင့်ပါဘူး” ဟု ၎င်းက ဆိုသည်။

ရှမ်းပြည်နယ်သည် နေပြည်တော်ကောင်စီနယ်မြေထက် လူဦးရေအားဖြင့် ငါးဆများပြီး ဧရိယာအားဖြင့် ၂၂ ဆ ပိုမိုကျယ်ဝန်းကြောင်း၊ ရှမ်းပြည်နယ်အတွက် ထောက်ပံ့ငွေသည် ကျပ် ၂၂၄ ဘီလျံသာရှိပြီး နေပြည်တော်ကောင်စီနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ နှစ်ခုပေါင်း အသုံးစရိတ် တောင်းခံငွေသည် ကျပ် ၁၄၀ ဘီလျံကျော်ရှိသည်ကို တွေ့ရကြောင်း၊ ၀န်ကြီးဌာနများ၏ နေပြည်တော်ကောင်စီ နယ်မြေအတွင်း ရင်းနှီးမြှုပ်နှံမှုများ များစွာရှိနေကြောင်း၊ ယင်းအချက်များသည် မူဝါဒများနှင့်မကိုက်ညီသည်ကို လွယ်လင့်တကူ မြင်နိုင်ကြောင်း ဦးဖေသန်းက ဆွေးနွေးသည်။

 

ငွေစက္ကူ အပါအ၀င် အရေးကြီး စာရွက်စာတမ်းများ ရိုက်ထုတ်နေသည့် လုံခြုံရေးနှင့် ဆိုင်သော ပုံနှိပ်လုပ်ငန်းများမှ ဘဏ္ဍာနှစ်တိုင်း အမြတ်အစွန်း ရရှိနေပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ၂၅၉၂၆ ကျော် ရရှိရန် ခန့်မှန်း

ငွေစက္ကူ အပါအ၀င် အရေးကြီးသော စာရွက်စာတမ်းများ ရိုက်ထုတ်နေသည့် လုံခြုံရေးနှင့်ဆိုင်သော ပုံနှိပ်လုပ်ငန်းများမှ ဘဏ္ဍာနှစ်စဉ် အမြတ်အစွန်းရရှိနေပြီး လာမည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် ကျပ်သန်းပေါင်း ၂၅၉၂၆ ကျော်ရရှိရန် ခန့်မှန်းထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ အစီအစဉ်ဖြင့် ဆောင်ရွက်သော နိုင်ငံတော်စီးပွားရေး အဖွဲ့အစည်းများအဖြစ် ၂၆ ဖွဲ့အထိ ရှိနေပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ လက်အောက်တွင် မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရေးဘဏ်၊ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့အာမခံလုပ်ငန်းနှင့် လုံခြုံရေးနှင့်ဆိုင်သော ပုံနှိပ်လုပ်ငန်းများ စသည့် ခြောက်ဖွဲ့ရှိနေကြောင်း ဖော်ပြထားသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အနေဖြင့် ယင်းလုပ်ငန်း ခြောက်ခုမှ ကျပ်သန်းပေါင်း ၁၉၂၅၁၅ ကျော် အမြတ်အစွန်း ရရှိရန် ခန့်မှန်းထားပြီး မြန်မာ့စီးပွားရေးဘဏ်မှ ကျပ်သန်းပေါင်း ၁၁၂၅၄ ကျော်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရေးဘဏ်မှ ကျပ်သန်းပေါင်း ၃၈၉၃၆ ကျော်၊ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်မှ ကျပ်သန်းပေါင်း ၂၆၅၅၇ ကျော်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ကျပ်သန်းပေါင်း ၅၁၄၂၀ ကျော်၊ မြန်မာ့ အာမခံလုပ်ငန်းမှ ကျပ်သန်းပေါင်း ၃၈၄၂၀ ကျော်နှင့် လုံခြုံရေးနှင့် ဆိုင်သော ပုံနှိပ်လုပ်ငန်းများမှ ကျပ်သန်းပေါင်း ၂၅၉၂၆ ကျော်ရရှိရန် ခန့်မှန်းထားကြောင်း သိရသည်။

လုံခြုံရေးနှင့် ဆိုင်သော ပုံနှိပ်လုပ်ငန်းများမှ ဘဏ္ဍာနှစ်အလိုက် ရရှိခဲ့သည့် အမြတ်အစွန်းများမှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ရှေ့ပြေး အမှန်စာရင်းအရ အသုံးစရိတ် ကျပ်သန်းပေါင်း ၄၅၀၂၂ ကျော်နှင့် ၀င်ငွေ ကျပ်သန်းပေါင်း ၉၄၆၂၂ ကျော် ရရှိခဲ့၍ ကျပ် ၄၉၅၅၉ သန်းကျော် အမြတ်အစွန်း ရရှိခဲ့ကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ယာယီ အမှန်စာရင်းအရ အသုံးစရိတ် ကျပ်သန်း ၅၀၇၉၆ ကျော်နှင့် ၀င်ငွေ ကျပ်သန်းပေါင်း ၇၆၈၃၅ ကျော် ရရှိခဲ့၍ ကျပ်သန်း ၂၆၀၃၈ ကျော် အမြတ်အစွန်း ရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ၂၀၁၈ ဘဏ္ဍာနှစ်တိုတွင် မူလ ခန့်မှန်းခြေအရ ၀င်ငွေ ကျပ်သန်း ၃၉၀၀၀ ရှိပြီး အသုံးစရိတ် ကျပ် ၁၈၈၁၀ သန်းကျော် ဖြစ်၍ ကျပ် ၂၀၁၈၉ သန်းကျော် အမြတ်အစွန်း ရရှိကာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင်မူ လုံခြုံရေးနှင့် ဆိုင်သော ပုံနှိပ်လုပ်ငန်းများမှ ၀င်ငွေအဖြစ် ကျပ်သန်းပေါင်း ၇၃၀၀၀ ရရှိရန် ခန့်မှန်းထားပြီး အသုံးစရိတ် ကျပ်သန်း ၄၇၀၇၃ ကျော် ရှိရန် ခန့်မှန်းထားကာ အမြတ်အစွန်းအဖြစ် ကျပ်သန်းပေါင်း ၂၅၉၂၆ ကျော် ရရှိရန် ခန့်မှန်းထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

ငွေစက္ကူ၊ ထီလက်မှတ်၊ စာချုပ်များနှင့် တံဆိပ်ခေါင်းများ ရိုက်ထုတ်နေသည့် လုံခြုံရေးနှင့် ဆိုင်သော ပုံနှိပ်လုပ်ငန်းများစက်ရုံကို ယခင်က ကာကွယ်ရေးဝန်ကြီးဌာန၏ လက်အောက်တွင် တည်ရှိကြောင်း ဖော်ပြခဲ့သည်။ ၂၀၁၈ ဘဏ္ဍာနှစ်တို၏ ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေပုဒ်မ ၁၄ (ဃ) ၏ ကုန်သွယ်လုပ်ငန်းခွန် မကျသင့်စေရ သတ်မှတ်ချက် ၂၃ တွင် “ကာကွယ်ရေးဝန်ကြီးဌာန၏ လုံခြုံရေးနှင့်ဆိုင်သော ပုံနှိပ်လုပ်ငန်းမှ ပုံနှိပ်ထုတ်ဝေမှု၊ ၀န်ဆောင်မှု လုပ်ငန်းများ”ကို ကုန်သွယ်လုပ်ငန်းခွန် မကျသင့်စေကြောင်း ဖော်ပြထားသော်လည်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများ၏ ကုန်သွယ်မှု အရှုံးအမြတ် စာရင်းများနှင့် ဘဏ္ဍာရေး အခြေအနေဖော်ပြချက်တွင်မူ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ လက်အောက်တွင် လုံခြုံရေးနှင့်ဆိုင်သော ပုံနှိပ်လုပ်ငန်းများ စက်ရုံမှ အမြတ်ရရှိကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရသည်။

ထိုသို့ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်တွင် နှစ်စဉ်ဖော်ပြခဲ့သည့် လုံခြုံရေး နှင့်ဆိုင်သော ပုံနှိပ်လုပ်ငန်းများကို စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်တွင် ဖော်ပြထားခြင်းနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုသည်များကို စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူများထံ သြဂုတ် ၂ ရက်က ဆက်သွယ်ရာ ကိုင်ဆောင်သည့်ဖုန်းများ စက်ပိတ်ထားကြောင်းသာ တုံ့ပြန်ခဲ့သည်။ ထို့ကြောင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူများနှင့် အဆက်အသွယ် ရရှိပါက လုံခြုံရေးနှင့် ဆိုင်သော ပုံနှိပ်လုပ်ငန်းများစက်ရုံနှင့် ပတ်သက်သည့် သတင်း အချက်အလက်များကို ဆက်လက်ဖော်ပြပေးမည် ဖြစ်သည်။

စည်ပင်သာယာရေးအဖွဲ့အချို့သည် ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရာတွင် အမှန်တကယ်သုံးစွဲခြင်းမရှိဘဲ မျောက်ပြဆန်တောင်းသလိုမျိုးဖြစ်နေကြောင်း တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ပြောကြား

အချို့သော ၀န်ကြီးဌာန၏ ဆောင်ရွက်ကြသည့်လုပ်ငန်းများတွင် ပွင့်လင်းမြင်သာမှုအားနည်းနေပြီး ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခြင်းမရှိကြောင်း စည်ပင်သာယာရေး အချို့အဖွဲ့များသည် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရာတွင် အမှန်တကယ်သုံးစွဲခြင်းမရှိဘဲ မျောက်ပြဆန်တောင်းသလိုမျိုးဖြစ်နေကြောင်း ဘုတလင်မြို့နယ် မဲဆန္ဒနယ်မြေအမှတ် (၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာကျော်ဇေလင်းက ပြောကြားသည်။

မတ် ၁၄ ရက်ကကျင်းပခဲ့သည့် ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမမြောက်နေ့မှာ တိုင်းဒေသကြီးစာရင်းချုပ်မှ တင်သွင်းသည့် စစ်ကိုင်းတိုင်းဒေသကြီး၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်၊ ဘဏ္ဍာငွေ အရအသုံးစာရင်း စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့်ပတ်သက်၍ ၎င်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“အချို့သောဝန်ကြီးဌာနရဲ့ ဆောင်ရွက်တဲ့လုပ်ငန်းတွေမှာ ပွင့်လင်းမြင်သာမှု အင်မတန်အားနည်းပြီးတော့ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်တာတွေ မဟုတ်တာတွေ ကျွန်တော်တို့တွေ့ရှိရပါတယ်။ တချို့ စည်ပင်သာယာရေးအဖွဲ့တွေရဲ့ ဒီလိုမျိုးပေါ့နော်။ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ရာမှာ အမှန်တကယ်သုံးစွဲတာမဟုတ်ဘဲနဲ့ မြေပြင်မှာ ဘယ်လိုဖြစ်နေလဲဆိုတော့ မျောက်ပြဆန်တောင်းသလိုဖြစ်နေတယ်။ သက်ဆိုင်ရာဝန်ကြီးဌာနက ၀န်ကြီးအနေနဲ့ ကြပ်ကြပ်မတ်မတ် လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်သွားဖို့ ကျွန်တော်တို့အနေနဲ့ တောင်းဆိုပါတယ်။ ၀န်ကြီးတွေအနေနဲ့ နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာနဲ့ ခေတ်ကာလရဲ့ ဂုဏ်သိက္ခာတွေကို မထိခိုက်စေဘဲ တိတိကျကျ ဆောင်ရွက်သွားကြဖို့ ကျွန်တော်တို့လွှတ်တော်ကနေပြီးတော့ တောင်းဆိုပါတယ်” ဟု ဘုတလင်မြို့နယ် မဲဆန္ဒနယ်မြေ အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာကျော်ဇေလင်းက ပြောကြားသည်။

ထို့အပြင် ၀န်ကြီးဌာနအနေဖြင့် အဂတိတရားကင်းရှင်းခြင်း၊ နိုင်ငံတော်အတွက်ဆိုသည့်အချက်နှင့် တိတိကျကျဆောင်ရွက်မှသာလျှင် ဒီမိုကရေစီအုတ်မြစ် ခိုင်မာမည်ဖြစ်ကြောင်း ၎င်းအပြင် ပြည်ထောင်စုအရေးနှင့် အနာဂတ်ကိစ္စရပ်များမှာလည်း ခိုင်မာမည်ဖြစ်ကြောင်း ယင်းကဲ့သို့ ခိုင်မာသေချာစေရေးအတွက် တာဝန်ယူရသည့် ၀န်ကြီးဌာနအနေဖြင့် တိကျပြတ်သားစွာ ၎င်းတို့၏၀န်ထမ်းများအား လမ်းညွှန်မှုလိုအပ်ကြောင်း ဒေါက်တာကျော်ဇေလင်းက ဆိုသည်။

စစ်ကိုင်း၊ အင်းတော်၊ လေရှီးနှင့် ခန္တီးမြို့နယ်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်မှ အတည်ပြုပေးထားသည့် လုပ်ငန်းများရှိသော်လည်း မြေပြင်တွင် ယင်းမြို့များရှိလုပ်ငန်းများအား ပြောင်းလဲလုပ်ကိုင်လျက်ရှိကြောင်း ဘတ်ဂျက်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ၀န်ကြီးဌာနနှင့် ဦးစီးဌာနတို့၏ တစ်ဦးတစ်ယောက်၏ ပြောင်းလဲခြင်းမျိုးမဟုတ်ဘဲ လွှတ်တော်၏ အတည်ပြုချက်ရယူသင့်ကြောင်း ၎င်း၏ဆက်လက်ပြောကြားခဲ့ခြင်းဖြစ်သည်။

ဘဏ္ဍာငွေသုံးစွဲမှုနှင့် ပြည်သူတို့၏ လိုအပ်ချက်

အစိုးရသစ်လက်ထက် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရာတွင် အများပြည်သူအတွက် အရေးပါသည့် အမှန်တကယ် လိုအပ်သော ပြုပြင်ပြောင်းလဲမှုများဖြစ်ရန် လိုအပ်လျက်ရှိသည်။ ယခင်က မြန်မာနိုင်ငံ၏ မြို့တော်အဖြစ် သတ်မှတ်ခဲ့ပြီး ယခုအခါ မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်အဖြစ် အဓိက အချက်အချာကျဆဲဖြစ်သော ရန်ကုန်မြို့၏ မြို့ပြဆိုင်ရာ အပြောင်းအလဲများသည် အမှန်တကယ် လက်တွေ့လိုအပ်ချက်နှင့် ကိုက်ညီမှုရှိရန် အလွန်အရေးကြီးသည်။ ခေတ်အဆက်ဆက်၏ စနစ်အမျိုးမျိုးအောက်၌ စီမံခန့်ခွဲမှုအလွဲများနှင့် အဂတိလိုက်စားမှု ပြဿနာများကြောင့် အဘက်ဘက်မှ လိုအပ်ချက် များပြားခဲ့သော မြို့ပြကို အပြောင်းအလဲ ပြုလုပ်ရာတွင် ပိုမိုသတိထားရမည်ဖြစ်သည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၃ ရက်က ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ၂၀၁၈ ခုနှစ် ဘဏ္ဍာနှစ်အတွက် ဘဏ္ဍာငွေလျာထားချက်များနှင့် ပတ်သက်သော အစီရင်ခံစာတစ်ရပ်ကို ဖတ်ကြားခဲ့သည်။ အဆိုပါ အစီရင်ခံစာတွင် ရန်ကုန်မြို့ရှိ သမိုင်းဝင် အဆောက်အအုံ စာရင်းဝင် ဗိုလ်ချုပ်အောင်ဆန်းဈေးအပါအ၀င် ဈေးအချို့အား ပြုပြင်တည်ဆောက်ခြင်းများ ပြုလုပ်ရန်အချက် ပါဝင်နေသည်။

ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ၏ ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လအတွက် ရသုံးမှန်းငွေစာရင်း (လျာထားချက်) နှင့်ပတ်သက်ပြီး သုံးသပ်ချက် အစီရင်ခံစာတွင် ရန်ကုန်မြို့ရှိ သမိုင်းဝင် အဆောက်အအုံတစ်ခုဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းဈေး အပါအ၀င် သိမ်ကြီးဈေး၊ အင်းစိန်ဈေးနှင့် မြို့နယ်အသီးသီးရှိ ဈေးဟောင်းလေးခုကို အဆင့်မြှင့်တင် ပြုပြင်တည်ဆောက်ခြင်းများ ပြုလုပ်မည်ဟု ဖော်ပြထားသည်။ ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းဈေးသည် ရန်ကုန်မြို့ပြ အမွေအနှစ် စောင့်ရှောက်ရေးအဖွဲ့ (YHT) ၏ ရန်ကုန်မြို့ပြ အမွေအနှစ် အထိမ်းအမှတ် ၁၆ ခုမြောက် အပြာရောင် ကမ္ပည်းပြားတပ်ဆင်ထားသည့် နေရာဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းဈေးကို ၁၉၂၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ကမ္ဘာလှည့်ခရီးသွားများအား ဆွဲဆောင်ရာ နေရာတစ်ခုလည်း ဖြစ်သည်။

၎င်းအပြင် အဆိုပါ အစီရင်ခံစာတွင် ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ လျာထားရေးဆွဲခဲ့သော ရငွေသုံးငွေစာရင်းတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အနေဖြင့် ရငွေထက် ပိုမိုသုံးစွဲငွေမှာ ၃၇,၁၀၉ ဒသမ ၆၁၆ သန်းဖြစ်ပြီး အဆိုပါငွေမှာ ပြည်ထောင်စုအစိုးရက ဖြည့်စွက်ပေးခဲ့သော ထောက်ပံ့ငွေ ၂၀,၈၄၇ ဒသမ ၆၇ ကျပ်သန်းအပြင် ၁၆,၂၆၁ ဒသမ ၉၄ ကျပ်သန်း ပိုမိုသုံးစွဲထားကြောင်း သိရသည်။ အဆိုပါ အစီရင်ခံစာပါ လျာထားငွေစာရင်းတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဈေးများဌာနနှင့် အင်ဂျင်နီယာ (အဆောက်အအုံ) ဌာနအနေဖြင့် ငွေလုံးငွေရင်း အသုံးစရိတ်လျာထားချက်တွင် ဗိုလ်ချုပ်အောင်ဆန်းဈေးမှ အဆောက်အအုံ ၁၄ လုံး နှင့် သိမ်ကြီးဈေး B ရုံ ပြုပြင်ခြင်းများ အပါအ၀င် ယင်းကဲ့သို့ ဈေးသစ်များတည်ဆောက်ခြင်းသည် ရန်ကုန်တစ်မြို့လုံးရှိသည့် ဈေးများအား တစ်ပုံစံတည်းဖြစ်အောင် ပြန်လည် တည်ဆောက်ရန် ချမှတ်ထားသည့် မူဝါဒနှင့် ကိုက်ညီရန် လိုအပ်သည်ဟုလည်း အကြံပြုထားသည်။

သို့သော် နှစ်စဉ် မိုးတွင်းကာလတွင် ကြုံတွေ့ရလေ့ရှိသော ရေကြီးရေလျှံမှု ပြဿနာများ၊ ရန်ကုန်မြို့ရှိ လူတန်းစားအသီးသီး နေ့စဉ်ရင်ဆိုင်နေရသည့် ယာဉ်ကြောပိတ်ဆို့မှု ပြဿနာများ၊ ကားပါကင် အခက်အခဲများ ကဲ့သို့သော အဓိကဖြေရှင်းရန် လိုအပ်သည့် ကိစ္စရပ်များကို ပိုမိုဦးစားပေး ဆောင်ရွက်ရန် လိုအပ်နေသည်။ အမှန်တကယ်၌ ရန်ကုန်မြို့တွင် အပြိုင်အဆိုင် တည်ဆောက်ထားကြသော ဈေးဝယ်စင်တာကြီးများ နေရာအနှံ့ပေါများစွာ တည်ရှိလာမှုကြောင့် ဈေးကြီးများ၏ အရေးပါမှုမှာ လျော့ကျလာခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ဈေးကြီးများ တည်ဆောက်ခြင်းသည် ရန်ကုန်မြို့နေ ပြည်သူများအတွက် ဖော်ပြပါ ပြဿနာများကဲ့သို့ အရေးပေါ်ကိစ္စရပ်များမဟုတ်ပါ။ အခွန်ထမ်းပြည်သူတို့ထံမှ ကောက်ယူရရှိသည့် အခွန်ငွေများအား ပြည်သူတို့အတွက် အမှန်တကယ် လိုအပ်သည့် သို့မဟုတ် ပိုမိုလိုအပ်သည့် ကိစ္စရပ်များအတွက် ဦးစားပေး သုံးစွဲသင့်သည်။

ထို့ကြောင့် နိုင်ငံ၏ ဘဏ္ဍာငွေများအား အများပြည်သူအတွက် အရေးပါသည့် အမှန်တကယ် လိုအပ်သော နေရာများ၌ စနစ်တကျ သုံးစွဲနိုင်ရေးအတွက် မှန်ကန်သော စီမံခန့်ခွဲမှုဖြစ်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဒီဇင်ဘာ ၁၆ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်