ဘီးလင်းမြစ် ရေကြီးရေလျှံမှု လျော့နည်းစေရေးအတွက် ဆောင်ရွက်ပေးရန် အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီ အစည်းအဝေးတွင် တင်ပြမည်ဟုဆို

ဇူလိုင်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ တောင်ကျရေ လိမ့်ဆင်းမှုများကြောင့် ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းပေါ် ရေကျော်ခဲ့စဉ်

နှစ်စဉ်ရေကြီးရေလျှံမှု ဖြစ်ပွားလေ့ရှိသည့် မွန်ပြည်နယ် ဘီးလင်းမြို့ရှိ ဘီးလင်းမြစ်အား ရေကြီးရေလျှံမှု လျော့နည်းစေရေးအတွက် ဆောင်ရွက်ပေးရန် လာမည့် သြဂုတ် ၃၁ ရက်တွင် နေပြည်တော်၌ ကျင်းပပြုလုပ်မည့် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ အစည်းအဝေးတွင် တင်ပြသွားမည် ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောကြားသည်။

“ဘီးလင်းမြစ် ရေကြီးရေလျှံမှုကြောင့် အဆိုးဆုံး အခြေအနေကတော့ ဆက်သွယ်ရေး လမ်းကြောင်းတွေ ပြတ်တောက်တဲ့အထိ ကြုံတွေ ကြရတဲ့အတွက်ကို ဘီးလင်းမြစ်ရဲ့ အခြေအနေကိုတော့ အမြန်ဆုံး ကုစားနိုင်ဖို့ အကောင်အထည်ဖော် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဘီးလင်းမြို့နယ် အတွင်းမှာ ရန်ကုန်-မော်လမြိုင် ကားလမ်းနဲ့ ရန်ကုန်-မော်လမြိုင် ရထားလမ်းတွေမှာ ရှိနေတဲ့ ချောင်း၊ မြောင်းတွေကို ချဲ့ထွင်တာတွေ၊ ရေနုတ်မြောင်းတွေကို အသစ်ဖောက်လုပ်တာတွေကို ဆောင်ရွက်စေဖို့ အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီ အစည်းအဝေးမှာ တင်ပြသွားမှာ ဖြစ်ပါတယ်။ အဲဒီအပြင်ကို ပြည်ထောင်စုကို ဆက်လက်တင်ပြနိုင်ဖို့ ကျွန်တော့်ဆီမှာရှိနေတဲ့ ဆည်မြောင်းဦးစီးဌာနတို့၊ မြစ်ချောင်းဖွံ့ ဖြိုးရေး ဦးစီးဌာနတို့အပြင် လမ်းဦးစီးဌာနတို့၊ ကျန်တဲ့ဆက်စပ်ဌာနတွေကို ခေါ်ယူတွေ့ဆုံပြီးတော့မှ ဆောင်ရွက်မယ့် အစီအမံလေးတွေကို ကြိုတင်ပြီးတော့မှ စူးစမ်းလေ့လာခြင်း လုပ်ငန်းတွေကို အမြန်ဆုံး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ဦးထွန်းဌေးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ဘီးလင်းမြစ်ရဲ့ အထက်ပိုင်းမှာ သတ္တုတွေ တူးဖော်တဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး အထူးသဖြင့် ရွှေတူးတဲ့ကိစ္စတွေကလည်း အင်မတန်များပြားတဲ့အခါ ကျတော့ ပိုကျလာတဲ့ နုန်းအနည်အနှစ်တွေက ဘီးလင်းမြစ် တစ်လျှောက်လုံးမှာ တော်တော်လေးတော့ ပြည့်နေတယ်။ နာရီပိုင်း အတွင်းမှာ မိုးတအားရွာတဲ့ အခါကျတော့ ရေကလျှံထွက်လာတဲ့ အနေအထားမျိုးကို တွေနေရတယ်။ အဲဒီအတွက်ကြောင့် ဘီးလင်းမြစ်ရဲ့ အောက်ပိုင်းမှာ ရထားလမ်း၊ ကားလမ်းရဲ့ အောက်ဘက် နှင်းပုလဲနှင့် ဒုန်းဝန်းကြား အမြဲတမ်း ရေကြီးရေလျှံမှု ဖြစ်နေပါတယ်။ ဒီအတွက်ကြောင့် ဘီးလင်းမြစ်ရဲ့ သင့်တော်တဲ့ မြစ်ကြောင်းနေရာ နှစ်ဖက်ကို တစ်ဖြောင့်တည်း ဖောက်ပြီးတော့မှ ရေနုတ်မြောင်းအနေနဲ့ ဆက်သွယ် ဆောင်ရွက်ပေးနိုင်မယ် ဆိုရင်တော့ ရေစီးဆင်းမှုကို ကောင်းမွန်စေမယ်လို့ ယူဆထားပါတယ်” ဟုပြောကြားသည်။

မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ ရေကြီးရေလျှံမှုများ အမြဲတမ်း ဆိုးဆိုးရွားရွား ခံစားနေရသော တိုင်းဒေသကြီးနှင့် ပြည်နယ်ခြောက်နေရာရှိကြောင်း၊ အဆိုပါနေရာ ခြောက်နေရာတွင် ရေကြီးရေလျှံမှု လျော့နည်းသက်သာအောင် ဆောင်ရွက်ပေးသင့်သည့် မြစ်များ၊ ချောင်းများကို သုံးသပ်ပြီး အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီ အစည်းအဝေးတွင် တင်ပြကြမည်ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေး၏ ပြောကြားချက်များအရ သိရသည်။

ဇူလိုင်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ တောင်ကျရေ လိမ့်ဆင်းမှုများကြောင့် မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ ဘီးလင်းမြစ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့မှုပြီး ဘီးလင်းမြို့ အပါအ၀င် ဘီးလင်းမြို့နယ် အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့်အပြင် ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းပေါ် ရေကျော်ခဲ့သည့် အတွက် ဇူလိုင် ၂၆ ရက် ညပိုင်းမှ ဇူလိုင် ၃၀ ရက် မွန်းလွဲပိုင်းအထိ ဆက်သွယ်ရေးလမ်းကြောင်း ပြတ်တောက်ခဲ့ပြီး ယာဉ်အစီးရေ ရာနှင့်ချီပြီး ခရီးသည် ထောင်နှင့်ချီကာ စောင့်ဆိုင်းနေခဲ့ရကြောင်းနှင့် ဘီးလင်းမြို့နယ် အတွင်းရှိ ရန်ကုန်-မော်လမြိုင် မီးရထားလမ်းပိုင်း၌ တံတားများ ရေစီးအားကြောင့် ပျက်စီးမှုများ ရှိခဲ့သည့်အတွက် ရထားလမ်းကိုလည်း ပိတ်ထားခဲ့ရကြောင်း သိရသည်။

ဘီးလင်းမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်စဉ် ရေစီးနှင့်အတူ မျောပါသွားခဲ့သည့် စစ်သည်သုံးဦးအနက် စစ်သည်တစ်ဦး၏ ရုပ်အလောင်း ထပ်မံတွေ့ရှိကြောင်းနှင့် ကျန်စစ်သည်တစ်ဦးအား ဆက်လက်ရှာဖွေလျက်ရှိကြောင်း ထုတ်ပြန်

ဘီးလင်းမြို့နယ်အတွင်း ရေဘေးသင့် ဒေသခံပြည်သူများအား ကူညီကယ်ဆယ်စဉ်ရေစီးနှင့်အတူ မျောပါသွားခဲ့သည့်  စစ် သည်သုံးဦးအနက် စစ်သည်တစ်ဦး၏ ရုပ် အလောင်းအား ထပ်မံတွေ့ရှိကြောင်းနှင့် ကျန်စစ်သည် တစ်ဦးအား ဆက်လက် ရှာဖွေလျက်ရှိကြောင်း ဇူလိုင် ၃၁ ရက် မွန်းလွဲ ပိုင်းက တပ်မတော် ကာကွယ်ရေး ဦးစီးဌာနမှ သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ဇူလိုင် ၃၁ ရက် နံနက် ၈ နာရီ ၄၅ မိနစ် တွင် မစောတံတား၏ တောင်ဘက် မီတာ ၁၄၀၀ ခန့်အကွာ ရေအောက်ရှိ ချုံနွယ်များ အတွင်း ငြိတွယ်လျက်ရှိသော စစ်သည်တစ်ဦး၏ ရုပ်အလောင်းအား ထပ်မံရှာဖွေ တွေ့ရှိခဲ့ပြီး ဘီးလင်းမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိကာ ၎င်းစစ်သည်ရုပ်အလောင်းအား စစ်အခမ်းအနားဖြင့် ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးသွားမည် ဖြစ်ကြောင်းနှင့် ကျန်စစ်သည် တစ်ဦးအား ဆက်လက်ရှာဖွေ လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးဌာနမှ ထုတ်ပြန်ချက်အရသိရသည်။

“နံနက်က တပ်မတော်သားအလောင်း တစ်လောက်ထပ်တွေ့တယ်လို့ သိရတယ်။ နာမည်က တပ်သားဖြိုးရန်နိုင်ခန့်လို့ သိရပါတယ်။ ကျွန်တော်တို့ တောင်ကလေးရွာဘက်မှာ တပ်မတော်ကရော၊ မီးသတ်တွေရော၊ အရပ်ဘက်အဖွဲ့အစည်းတွေရော ၀ိုင်းရှာရင်းနဲ့ ပြန်တွေ့တယ်လို့ သိရပါတယ်” ဟု တောင်ကလေးကျေးရွာ ဒေသခံတစ်ဦး ဖြစ် သူ ကိုထွန်းလင်းက ပြောကြားသည်။

ဇူလိုင် ၂၇ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ဘီးလင်းမြို့ လမ်းရေကျော်သည့် နေရာတွင် ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသော ကျိုက်ထိုမြို့ အမှတ် (၂) ခြေမြန်တပ်ရင်းမှ တပ်မတော်သား ခုနစ်ဦး ရေထဲမျောပါသွားရာ လေးဦးကယ်တင်ရရှိပြီး တပ်သားသုံးဦး ဖြစ်သည့် ဖြိုးရန်နိုင်ခန့်၊ ကျော်ကျော်၊ စောတင်မောင်ဝင်းတို့ ရေစီးနှင့်အတူ မျှောပါသွားခဲ့ပြီး သုံးရက်အကြာ ဇူလိုင် ၃၀ ရက် နံနက် ၁၁ နာရီ မိနစ်၄၀ တွင် တပ်မ (၄၄) ဒုဗိုလ်မှူးကြီး ဖြိုးဝေလတ်ဦးစီးအဖွဲ့ အမှတ် (၂) ခြေမြန်တပ်ရင်း ဗိုလ်ကြီးထွန်းလင်း တပ်စိတ်မှ မစောတံတားအနီး ရေအောက်ချုံနွယ်နှင့် ညှိနေသည့် တပ်သား စောတင်မောင်ဝင်း အလောင်းအား ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ယင်းနောက် တပ်သားစောတင်မောင်ဝင်း၏ အလောင်းအား မွန်းလွဲ ၁ နာရီခွဲတွင် ဘီးလင်းမြို့နယ် ပြည့်သူ့ဆေးရုံရင်ခွဲရုံမှ နာရေးကူညီမှုယာဉ်ဖြင့် သယ်ဆောင်ခဲ့ပြီး ညနေ၄ နာရီ ၁၅ မိနစ်တွင်ဘီးလင်းမြို့၊ ကန်သာယာရပ်ကွက်၊ ဂျပန်ကုန်းရပ်ရှိ သုသာန်ဇရပ်၌ တပ်မတော် အခမ်းအနားဖြင့် သင်္ဂြိုဟ်ခဲ့ကြောင်းနှင့် ကျန်ရှိနေသည့် တပ်မတော်သား တစ်ဦးကိုလည်း စစ်ဘက် နယ်ဘက် လူမှုကယ်ဆယ်ရေးအဖွဲ့မှ ဆက်လက် ရှာဖွေနေကြောင်း သိရသည်။

ဘီးလင်းမြို့နယ်အတွင်း ရေကြီးရေလျှံမှု ခုနစ်ရက်ရှိပြီဖြစ်၍ ကုန်စည်စီးဆင်းမှုပြတ်တောက်၊ တောင်ငူမြို့တွင် မြစ်ရေ စံချိန်တင် မြင့်တက်ဆဲဖြစ်ပြီး ပဲခူးမြို့၌ အနည်းငယ်ရေပြန်ကျ

ဘီးလင်းမြို့နယ်အတွင်း ရေကြီးရေလျှံမှု ဆက်လက်ဖြစ်ပွား နေသည်ကို ဇူလိုင် ၂၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ရှိုင်းလင်းအောင်)

ဘီးလင်းမြို့နယ်အတွင်း ရေကြီးရေလျှံမှု ခုနစ်ရက်ရှိပြီဖြစ်၍ ကုန်စည်စီးဆင်းမှု ပြတ်တောက်လျက်ရှိကာ တောင်ငူမြို့တွင် မြစ်ရေ စံချိန်တင် မြင့်တက်ဆဲဖြစ်ပြီး ပဲခူးမြို့၌ အနည်းငယ် ရေပြန်ကျခဲ့ကြောင်း သိရသည်။

 

ရေကြီးမှုကြောင့် ရန်ကုန် – မော်လမြိုင် လမ်းမကြီးအပေါ် ၂ မိုင်ခွဲ သုံးမိုင်ခန့်အထိ ကုန်တင်ကားများ တန်းစီပိတ်မိနေပြီး ကုန်စီးဆင်းမှု ရပ်တန့်နေဆဲဖြစ်

မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင်း မိုးအဆက်မပြတ် ရွာသွန်းကာ မြစ်ရေမြင့်တက်လျက်ရှိပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက် ရှိသည်။

ရေကြီးမှုကြောင့် ဘီးလင်းမြို့အ၀င်အနီး ရန်ကုန် – မော်လမြိုင် ကားလမ်းမပေါ် နှစ်မိုင်ခွဲ သုံးမိုင်ခန့်အထိ ကုန်တင်ကားများ တန်းစီပိတ်မိနေပြီး ကုန်စီးဆင်းမှု ရပ်တန့်နေဆဲဖြစ်ကြောင်း ဇူလိုင် ၂၉ ရက်က သိရသည်။ မွန် ပြည်နယ် ဘီးလင်းမြို့၌ ဇူလိုင် ၂၂ ရက်မှစ၍ ရေများမြင့်တက်လာခြင်းဖြစ်ပြီး  ဇူလိုင် ၂၆ ရက် ညပိုင်းတွင်  ရန်ကုန်-မော်လမြိုင် ကားလမ်းမရှိ ရေဖုံးလွှမ်းနေသော ကားလမ်းမကို မွန်ပြည်နယ်အစိုးရက ယာဉ်ဖြတ်သန်းခွင့် မပြုတော့ခြင်းဖြစ်သည်။

ယာဉ်ဖြတ်သန်းခွင့် ပိတ်ထားသည့်အတွက် ဇူလိုင် ၂၆ ရက် ညပိုင်းစ၍ ကုန်စိမ်း၊ ကုန်ခြောက်နှင့် အခြားကုန်ပစ္စည်းများ တင်ဆောင်လာသော ကုန်တင်ယာဉ်များ ပိတ်မိလျက်ရှိသည်။

“ကုန်ကားတွေပိတ်နေတော့ ကုန်ပ္စည်းတွေက ကျိန်းသေပေါက်ဈေးက တက်လာမှာပဲ။ မော်လမြိုင်အောက်ဘက် ထားဝယ်တို့ မြိတ်တို့ ကော့သောင်းတို့မှာ ကုန်တွေဈေးတက်သွားပြီ။ အခု သုံးရက်ပိတ်နေပြီ။ နောက်ထပ်ပိတ်ရင် ကုန်တွေပျက်ပြီ။ မော်လမြိုင်အောက်ဘက်ကပို့တဲ့ ငါးတို့ငါးခြောက်တို့လည်း ရန်ကုန်မှာ ဈေးတက်မှာပဲ။ ကားအုံနာတွေအတွက် ကုန်ကျစရိတ်တွေ များကုန်တာပေါ့။ ကုန်စိမ်းကားတွေကတော့ ပြန်လှည့်ကြတယ်။ ကုန်တွေပုပ်ကုန်မှာ စိုးလို့လေ” ဟု ဦးမန်းကျော်က ပြောကြားသည်။

“ကုန်ပစ္စည်းတွေ အခုလောလောဆယ် သောင်တင်နေတယ်။ အာလူးနဲ့ ကြက်သွန်ကို အပင်ပေါက်မှာ စိုးရိမ်ရတယ်။ မိုးကာနဲ့ အမြဲအုပ်ထားရလို့လေ။ ကားမသွားရတော့ ကားပေါ်က ကုန်တွေ ကြန့်ကြာနေတာပေါ့။ ကျွန်တော်တို့ ကားသမားတွေလည်း ဒုက္ခရောက်ကြတာပေါ့” ဟု ရန်ကုန်မှ တင်ဆောင်လာသော ကုန်ပစ္စည်းများကို မော်လမြိုင်သို့ ပို့ဆောင်ပေးရသည့် ယာဉ်မောင်း ကိုမောင်ခိုင်က ဆိုသည်။

အလားတူ မော်လမြိုင်ဘက်မှ ရန်ကုန်သို့ လာရောက်မည့် ကုန်များတင်ဆောင်လာသော ကုန်တင်ယာဉ်များသည် မိုင်တိုင် ၁၂၆ မှ ၁၂၉ အကြား ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်တွင် ရေများဖုံးလွှမ်းနေသဖြင့် ကုန်တင်ယာဉ်များ ရပ်တန့်ထားရကြောင်း သိရသည်။

မွန်ပြည်နယ် ဘီးလင်းမြို့မှာ မိုးများပြီး တောင်ကျရေ မြစ်ရေလွှမ်းမိုးမှုဒဏ်ကို မြို့ပေါ်ရပ်ကွက် ၅ ရပ်ကွက်နှင့် ကျေးရွာ ၂၂ ရွာ လူဦးရေ ၉၀၀၀ ကျော် ရေဘေးကယ်ဆယ်ရေးစခန်း ၃၅ ခုတွင် နေထိုင်နေရသည်။

 

ဘီးလင်းမြို့နယ်အတွင်း ရေကြီးရေလျှံမှုဖြစ်ပွားမှု ခုနစ်ရက်ရှိပြီဖြစ်၍ သောက်သုံးရေ ပြတ်လပ်မှုအချို့ ရှိနေ

ဘီးလင်းမြို့တွင် ရေကြီးရေလျှံမှု ဆက်လက် ဖြစ်ပွားနေသည်ကို ဇူလိုင် ၂၉ ရက်တွင် တွေ့ရစဉ် (ဓာတ်ပုံ-ရှိုင်းလင်းအောင်)

မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေ လိမ့်ဆင်းမှုကြောင့် ဘီးလင်းမြို့နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားနေမှု ခုနစ်ရက်မြောက်နေ့အထိ ရောက်ရှိလာပြီး သောက်သုံးရေ ပြတ်လပ်မှုအချို့ ဖြစ်ပေါ်နေဟု ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူများထံမှ ဇူလိုင် ၂၉ ရက်က သိရသည်။

“ဘီးလင်းမြို့နယ် အတွင်းမှာ ဒီနေ့ပါဆိုရင် ရေကြီးရေလျှံတာ ခုနစ်ရက်မြောက် ဖြစ်လာပါပြီ။ အဲဒီအတွက် သောက်သုံးရေ ပြတ်လပ်မှုတွေ ရှိလာပါတယ်။ အဲဒီအတွက် ရှိတဲ့အင်အားနဲ့ နိုင်သလောက်တော့ လိုက်ပို့ပေးနေပါတယ်။ ဒါပေမဲ့ လုံလောက်မှုတော့ မရှိသေးဘူး။ အခုလက်ရှိအချိန်အထိ ရေသန့်ကို တောင်းဆိုနေကြပါတယ်။ နောက်တစ်ခါ သွားလာရခက်ခဲတဲ့ ကျေးရွာတွေကို သွားဖို့က အခက်အခဲတွေ ရှိနေပါတယ်။ အခုနတ်ကြီးကျေးရွာဘက်ကို ရေလမ်းကြောင်းကတက်ဖို့ ကြိုးစားနေပေမယ့် ရေစီးကကြမ်းတော့ မတက်နိုင်ကြဘူး ဖြစ်နေတယ်” ဟု ဘီးလင်းမြို့ ကူညီကယ်ဆယ်ရေး တာဝန်ခံ ကိုပြည့်စုံအောင်က ပြောကြားသည်။

၎င်းကဆက်လက်ပြီး “အခုလက်ရှိ မြို့ ပေါ် ငါးရပ်ကွက်က ကယ်ဆယ်ရေးစခန်းတွေမှာ လူပေါင်း ၉၀၀၀ ကျော် ရှိနေပါတယ်။ ကျေးရွာပေါင်း ၂၂ ရွာလောက်မှာလည်း ရေကမြုပ်နေဆဲပါ။ အခုလက်ရှိ အခြေအနေက ဘီးလင်းမြစ်ရေက ၁၁၀၀ စင်တီမီတာလောက် ရောက်နေတော့ နောက်နှစ်ရက်လောက်အထိ ရေထပ်ကြီးနေမယ့်သဘော ရှိနေပါသေးတယ်” ဟု ပြောကြားသည်။

“ကျွန်မတို့ ရွာတွေဘက်မှာက ရေတွင်းတွေ ရေမြုပ်ကုန်လို့ သုံးမရတော့ဘူး။ အဓိက က သောက်ရေပေါ့။ အဲဒါကို အခုဘီးလင်းမြို့ နယ် ရေဘေးကယ်ဆယ်ရေး ကွပ်ကဲမှုရုံးမှာ လာထုတ်ယူနေတာပါ” ဟု ဘီးလင်းမြို့နယ် လိပ်ခုံးကျေးရွာမှ ဒေသခံတစ်ဦးက ဆိုသည်။

“ညက မိုးရွာလို့ ဘီးလင်းအထက်မှာရှိတဲ့ ဘင်ဘန်းကျေးရွာဘက်မှာ တောင်ပြိုတယ်လို့ သိရတယ်။ အခုလို ဘီးလင်းမြို့ထဲအထိကို ရေ၀င်နေတာ လေးရက်ရှိသွားပြီ။ စားရေး သောက်ရေးကတော့ အဆင်ပြေပါတယ်။ လက်ရှိအစိုးရရဲ့ လုပ်ဆောင်တွေက ကောင်းပါတယ်။ ကယ်ဆယ်ရေးတွေရော အားလုံး လိုလေသေးမရှိဘူး။ နောက်ကယ်ဆယ်ရေးတွေက အချိန်အခါမရှိ လိုက်ကယ်ဆယ်ပေးကြတယ်လေ” ဟု ဘီးလင်းမြို့ခံတစ်ဦးက ဆိုသည်။

ဘီးလင်းမြို့ ဘိုးရာဇာရပ်ကွက်နေ ပြည်သူတစ်ဦးဖြစ်သူ ဦးမြင့်နိုင်ကလည်း “ရေက လပြည့်မတိုင်ခင် တစ်ရက်က မြို့ထဲကို စ၀င်လာတယ်။ မိုးကအထက်မှာလည်း ရွာတယ်။ ချောင်းဖျားဘက်မှာလည်း ရွာတယ်။ နောက်တောင်တွေ ပြိုကျတာလည်းရှိတယ်။ အဲဒါတွေကြောင့် ရေကြီးတာပါ။ ဒီနေ့ပါဆို ဘီးလင်းမြို့ထဲ ရေကြီးနေတာ လေးရက်ရှိပါပြီ။ ရှေ့ဆက်ပြီးတော့ မိုးအခြေအနေအပေါ် မူတည်ပါတယ်။ မိုးက တန့်နေရင် အခြေအနေ ကောင်းနိုင်ပါတယ်။ မိုးများနေလို့ရှိရင်တော့ ပိုဆိုးရွားနိုင်ပါတယ်။ နေရေးထိုင်ရေးက စာသင်ကျောင်းမှာ ကယ်ဆယ်ရေးစခန်း ဖွင့်ထားပေးထားပါတယ်။ နောက်ထောက်ပံ့မှုတွေလည်း အများကြီး ရှိပါတယ်။ ပရဟိတ အဖွဲ့တွေရော၊ လူမှုရေးအဖွဲ့တွေပါ အများကြီး လာကြပါတယ်” ဟု ပြောကြားသည်။

ဘီးလင်းမြို့နယ်အတွင်း ဇူလိုင် ၂၂ ရက်မှာစတင်ကာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဘီးလင်းမြို့နှင့် ကျေးရွာအချို့ရှိ အနိမ့်ပိုင်းနေရာများသို့ ရေများ စတင်ဝင်ရောက်ခဲ့ကြောင်း၊ ဇူလိုင် ၂၃ ရက်တွင် မိုးအဆက်မပြတ် ရွာသွန်းသဖြင့် ဘီးလင်းမြစ်ရေလျှံမှုဖြစ်ပွား ကာ ဘီးလင်းမြို့၏ စိုးရိမ်ရေမှတ် ၁၀၂၂ စင် တီမီတာအနီးသို့ စတက်လာကြောင်း၊  ဇူ လိုင် ၂၄ ရက်တွင် စိုးရိမ်ရေမှတ်အား ကျော်လွန်ပြီး ဇူလိုင် ၂၆ ရက်ညနေပိုင်းမှ စတင်ကာ ရန်ကုန် -မော်လမြိုင်အဝေးပြေးလမ်းပေါ်ရှိ ဘီးလင်း မြို့နယ်အတွင်း မိုင်တိုင် ၁၂၆ မှ  ၁၂၉ အထိ လမ်းရေကျော်မှု ဖြစ်ပွားကာ ကားလမ်းများ ပြတ်တောင်မှုဖြစ်ပေါ်ခဲ့ကြောင်း၊ ဇူလိုင် ၂၇ ရက်တွင် စိုးရိမ်ရေမှတ် ၁၁၁၀ စင်တီ မီတာ အထိရောက်ရှိလာပြီး ဇူလိုင် ၂၈ ရက်တွင် စိုး ရိမ်ရေမှတ် ၁၁၁၁ စင်တီမီတာအထိ ရောက်ရှိ ခဲ့ကြောင်း၊ ယင်းအတွက်ကြောင့် ဘီးလင်းမြို့ ပေါ်၌ ရေဘေးရှောင်စခန်း ၂၄ ခု ဖွင့်လှစ်ခဲ့ရပြီး ဘီးလင်းမြစ်အဖျားရှိ နတ်ကြီးကျေးရွာမှ ဘီးလင်းမြစ်အောက်ပိုင်းရှိ လိပ်လုံးကျေးရွာဘက်အထိ ရွာပေါင်း ၂၀ ကျော်ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ဇူလိုင် ၂၉ ရက် နံနက်ပိုင်းအထိ ဘီးလင်းမြစ်ရေမှာ ၁၀၉၈ စင်တီမီတာသို့ ရောက်ရှိနေကြောင်း သိရသည်။

ဇူလိုင် ၂၈ ရက်က ဘီးလင်းမြို့အပေါ်ပိုင်းရှိ ဘင်ဘန်းတောင်ပြိုကျပြီး တောင်ကျရေများ များလာခြင်းကြောင့် ရေကြီးရေလျှံမှု ပိုမိုဖြစ် ပွားလာနိုင်သည့်အတွက် အနိမ့်ပိုင်းနေရာ များ၌ နေထိုင်သူများ အရေးပေါ်ရွှေ့ပြောင်း ကြရန် မွန်ပြည်နယ် အစိုးရအဖွဲ့က ဇူလိုင် ၂၈ ရက်ညပိုင်းက အရေးပေါ် ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် တောင်ကျရေလိမ့်ဆင်းမှုများကြောင့် မွန်ပြည်နယ် ဘီးလင်းမြို့နယ်အပြင် သထုံမြို့နယ်နှင့် ကျိုက်မရောမြို့နယ် အချို့ဒေသများ၌ ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း သိရ သည်။

 

ပဲခူးမြစ်ရေ နှစ်ပေါင်း ၅၄ နှစ်အတွင်း အမြင့်ဆုံးရေမှတ်သို့ ရောက်ရှိခဲ့ပြီး လက်ရှိတွင် အနည်းငယ်ကျဆင်း

ပဲခူးမြို့၌ မြစ်ရေအနည်းငယ် ပြန်ကျပြီ ဆိုသော်လည်း အနိမ့်ပိုင်း ရပ်ကွက်များတွင် ရေကြီးရေလျှံမှုကို ဇူလိုင် ၂၉ ရက် နေ့လယ်က တွေ့ရစဉ် (ဓာတ်ပုံ-မျိုးထက်ပိုင်)       

ပဲခူးမြစ်ရေသည် စိုးရိမ်ရေမှတ်ထက် ကျော်လွန်ကာ စံချိန်တင်အမှတ် ၉၆၈ သို့ မြင့်တက်ခဲ့ပြီးနောက် လက်ရှိတွင် အနည်းငယ် ပြန်ကျနေကြောင်း သိရသည်။

ပဲခူးမြစ်ရေသည် စိုးရိမ်ရေမှတ် ၈၈၀ စင်တီမီတာကို ကျော်လွန်ကာ ဇူလိုင်၂၈ရက် မွန်းလွဲ ၁၂ နာရီခွဲ တိုင်းတာချက်များအရ စံချိန်တင်အမှတ် ၉၆၈ စင်တီမီတာသို့ ရောက်ရှိခဲ့ပြီး ညနေပိုင်းတွင် တဖြည်းဖြည်း ပြန်လျော့ကျလာ၍ဇူလိုင်၂၉ ရက် နံနက်ပိုင်း တိုင်းတာချက်အရ  ၉၄၇ စင်တီမီတာသို့ ပြန်လည် လျော့ကျခဲ့ကြောင်း သိရသည်။

“ရေကနည်းနည်းတော့ ပြန်ကျတယ်။ ဒါပေမဲ့ လျော့တယ်ဆိုရုံပဲ ရှိသေးတယ်။ ကားတွေဆိုင်ကယ်တွေ ဖြတ်မရသေးဘူး။ မိုးကလည်း ဆက်ရွာနေသေးတယ်။ ရပ်ကွက်ထဲကိုတော့ လှေငှားပြီး သွားရတယ်။ စားရနေရတာတွေ အရမ်းကို ဒုက္ခရောက်နေကြတယ်။ မိုးတွေတိတ်ပြီး ရေမြန်မြန်ပြန် ကျပါစေလို့ပဲ ဆုတောင်းနေရတယ်” ဟု မဇင်းရပ်ကွက်နေ အမျိုးသမီး တစ်ဦးက ပြောကြားသည်။

ယခုအခါ ပဲခူးမြစ်ရေ အနည်းငယ် လျော့ကျသော်လည်း စိုးရိမ်ရေမှတ်အထက် များစွာကျော်လွန်လျက် ရှိနေသည်။ ယခုနှစ်တွင် အမြင့်ဆုံး စံချိန်ဖြစ်သော၂၀၁၁ ခုနှစ် မိုးတွင်းကာလ စိုးရိမ်ရေမှတ် ၉၆၀ စင်တီမီတာကို ကျော်လွန်ခဲ့ပြီး ပဲခူး-ရန်ကုန် ကားလမ်းအထက် သုံးပေကျော်ခန့် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်နေ၍ လမ်းကြောင်းပိတ်ဆို့မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

ပဲခူးမြစ်ရေသည်​ နှစ်ပေါင်း ၅၄ နှစ်အတွင်း အမြင့်ဆုံး ရေအမှတ်သို့ ရောက်ရှိပြီး ဇူလိုင်​၂၉ ရက်​တွင်​ မြစ်ရေစတင် ကျဆင်းနေပြီဖြစ်​ပြီး ကူညီကယ်ဆယ်မှုများ ဆက်လက်လုပ်ဆောင် ပေးလျက်ရှိ​ကြောင်း သိရသည်​။

“မြစ်​​ရေက သုံး​ပေ​လောက်​အထိ ကျသွားတယ်​။ ရေက​တော့ ကြီး​နေတုန်းပါပဲ။ အရင်​​လောက်​​တော့ မများတော့ပါဘူး။ မြစ်​​ရေကျသွား​ပေမယ့်​ မိုးကရွာ​နေ​တော့ ​ရေထပ်​တက်မှာကို​ စိုးရိမ်​​နေကြတယ်​။ အခြေအနေက​တော့ ​စောင့်​ကြည့်​ရမှာပါပဲ။ လက်​ရှိအချိန်​ထိ​တော့ ​ရေလွှမ်းတဲ့​နေရာ​တွေကို ထမင်းထုပ်​​ဝေတာတွေ၊ ကယ်​ဆယ်​​ရေး လုပ်​တာ​တွေ​တော့ လုပ်​​ဆောင်​​နေပါတယ်​” ဟု ကယ်​ဆယ်​​ရေး လုပ်​ငန်းများ ​ဆောင်​ရွက်​​နေသည့်​ မီးသတ်​ရဲအရာရှိ တစ်​ဦးက ​ပြောကြားသည်​။

ပဲခူးမြစ်​​ရေသည်​ ဇူလိုင်​ ၂၉ ရက်​ နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ ၉၅၀ စင်တီမီတာသို့ ကျဆင်းသွားကြောင်း သိရသည်​။

ပဲခူးမြို့ပေါ်ရပ်ကွက် အများစုတွင်​ မြစ်ရေကျဆင်းမှု​ကြောင့် အချို့​နေရာများတွင်​ လမ်းလျှောက် သွားနိုင်လောက်သည့်​ အနေအထားကို ရောက်ရှိကာ အချို့အနိမ့်ပိုင်း ရပ်ကွက်များတွင်​ မြစ်ရေလျှံမှုသည်​ သုံးပေခွဲ လေးပေခွဲလောက်အထိ ကျန်နေခြင်းကြောင့် လှေများ အသုံးပြု သွားလာနေဆဲဖြစ်​သည်။

ရွှေသာလျောင်း မြသာလျောင်းဘုရား တည်ရှိသည့်​ ပဲခူးမြို့မှ ကလျာဏီရပ်ကွက်တွင်​ မြစ်ရေ၀င်ရောက်မှု တစ်ပေခန့် ကျဆင်းသော်လည်း ရပ်ကွက်အတွင်းရှိသည့်​​ နေအိမ်များတွင်​ ရေ၀င်ရောက်မှုများ ရှိနေခြင်း​ကြောင့်  ရေဘေးကယ်ဆယ်ရေး စခန်းများ၌ ဆက်​လက်​​ နေထိုင်​​နေရဆဲဖြစ်​​ကြောင်း သိရသည်​။

“ရေမကြီးတာ သုံးနှစ်လောက်ရှိပြီး အခုလောက်ဖြစ်မယ် မထင်တဲ့သူတွေက ပိုပြီးဆုံးရှုံးမှုရှိပါတယ်။ အိမ်​က နှစ်ထပ်​အိမ်​ပါ။ အောက်​​ထပ်​တစ်​ထပ်​လုံး မြုပ်​သွား​တော့ အ​ပေါ်ထပ်​မှာ ​နေလို့ရ​သေး​တော့ ​နေကြတယ်​။ ရေထပ်​တက်မယ်​ ဆိုရင်​​တော့ ​နေလို့ရမှာ မဟုတ်​​တော့ဘူး။ ကယ်​ဆယ်​​ရေးစခန်း သွား​နေရမှာပါ” ဟု ကလျာဏီရပ်​ကွက်​တွင်​​ နေထိုင်​သူ မ​အေးနန္ဒာက ​ပြောကြားသည်​။

ရေကြီးရေလျှံမှုများနှင့်​အတူ ကျန်းမာရေးပြဿနာများ၊ သောက်သုံးရေ အခက်အခဲများ ကြုံတွေ့နေရ​ကြောင်း ရပ်​ကွက်​အတွင်း ​နေထိုင်​သူများက ​ပြောကြားသည်​။

ဇူလိုင် ၁၁ ရက်မှ စတင်ပြီး မိုးရက်ဆက် ရွာသွန်းကာ ပဲခူးမြစ်ရေ မြင့်တက်လာခြင်း​ကြောင့် ပဲခူးမြို့အတွင်းမှ ရပ်ကွက်​များတွင်​ ဇူလိုင် ၂၆ ရက်ကစ၍ ရေကြီးရေလျှံမှုများ ကြုံ​တွေ့ခဲ့ရခြင်းဖြစ်​သည်​။

ရေကြီးရေလျှံမှုများ​ကြောင့်​ ပဲခူးမြို့တွင်​ လူနှစ်ဦး သေဆုံးပြီး ရေဘေးကယ်ဆယ်ရေးစခန်း ၂၀ ကျော် ဖွင့်လှစ်ထားရှိကာ ရေဘေးသင့်ပြည်သူ နှစ်သောင်းကျော်ကို ကူညီကယ်ဆယ်မှုများ ပြုလုပ်ပေးခဲ့​ရကြောင်း သိရသည်​။

 

တောင်ငူမြို့တွင် မြို့ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက်နေ ပြည်သူများ ရွှေ့ပြောင်းနေရပြီး ကျန်းမာရေး၊ သောက်သုံးရေနှင့် သွားလာရေး အခက်အခဲများရှိနေ

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် စစ်တောင်းမြစ်ရေမှာ စိုးရိမ်ရေမှတ်အထက်သာ ရှိနေပြီး မြစ်ရေများ ၀င်ရောက်ခြင်းကြောင့် တောင်ငူမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက် နေပြည်သူများ ရေဘေးလွတ်ရာများသို့ ရွှေ့ပြောင်းနေကြရပြီး ကလေးငယ်များ၏ ကျန်းမာရေး စိုးရိမ်နေကြပြီး သောက်သုံးရေနှင့် သွားလာရေး အခက်အခဲ ကြုံတွေ့နေရကြောင်း သိရသည်။

တောင်ငူမြို့တွင် ဇူလိုင် ၂၈ ရက် နံနက်ပိုင်းမှ စတင်၍ စစ်တောင်းမြစ်ရေမှာ စိုးရိမ်ရေ အမှတ် ၆၀၀ စင်တီမီတာအထက် ၆၁၉ စင်တီမီတာသို့ ရောက်ရှိလာခဲ့ပြီး ဇူလိုင် ၂၉ ရက်နေ့လည် ၁၂ နာရီခွဲအချိန် မိုးဇလ၏ ထုတ်ပြန်ချက်အရ စိုးရိမ်ရေမှတ်အထက် ၆၂၇ စင်တီမီတာ (တစ်ပေခန့်) အထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။

မြစ်ရေတိုးလာ၍ တောင်ငူမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက် ကျေးရွာများ နေအိမ်များအတွင်း မြစ်ရေ၀င်ရောက် လာခြင်းကြောင့်နေ၍ မရတော့သော အိမ်များမှာ ရေဘေးလွတ်ရာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် ကုန်းမြင့်များသို့  ယာယီရွှေ့ပြောင်း နေရထိုင်ရကာ သွားလာရေးနှင့် သောက်သုံးရေ အခက်အခဲများ ရှိနေကြောင်း သိရသည်။

ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းရသည့် အခြေအနေနှင့် ပတ်သက်၍ တောင်ငူမြို့နယ် ၉ ရပ်ကွက်နေ ကိုထွန်းတင်ဦးက “ရေကတက်တာကတော့ လပြည့်နေ့ကနေ တဖြည်းဖြည်းချင်း တက်တာပေါ့နော်။ ရေကတဖြည်းဖြည်း တက်တော့ မြုပ်တဲ့နေရာတွေကျတော့ ဖြည်းဖြည်းချင်း သယ်ရတာ။ ၀ုန်းခနဲ တက်ရင်တော့ သယ်ရပြုရတာ မလွယ်ဘူးပေါ့။ ဖြည်းဖြည်းချင်း တက်တော့ သယ်ရပြုတာလည်း လွယ်ကူတယ်။ ပေါ်တော်မူ ဘုရားထဲမှာလည်း ဘုရားလူကြီးကနေ လုပ်ပေးထားတော့ အဆင်သင့် ဖြစ်သွားတာပေါ့။ ရေဘေး ကယ်ဆယ်ရေးအတွက် ဆိုပြီးတော့ သူတို့ကို အဲဒီမှာ နေရာလေး ပေးထားတယ်။ ရေကအခုထိ တက်နေတုန်း တဖြည်းဖြည်းနဲ့ တက်နေတော့ ရပ်ကွက်လူကြီးတွေက လိုက်ပြောတယ်။ မြုပ်တဲ့အိမ်တွေ ဘုရားပေါ်လာပါ။ အကုန်လုံးကို နေရ တွေ ပေးနေတာပေါ့နော်။ အခုအဲဒီလို လိုက်ပြီးတော့ နေရာတွေ ချပေးနေကြတယ်” ဟု ပြောကြားသည်။

တောင်ငူမြို့နယ်အတွင်း ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းရသူ လူဦးရေ ၂၅၀၀ ၀န်းကျင်ခန့်ရှိနေရာ မြို့ပေါ်ရပ်ကွက်ဖြစ်သည့် အမှတ် ၉ ရပ်ကွက်နေ ပြည်သူများမှာ အနိမ့်ပိုင်းနေ ပြည်သူများဖြစ်ကြပြီး ကလေးငယ်နှင့် ကျန်းမာရေး အားနည်းသူများအတွက် အခက်အခဲများ ရှိနေကြောင်း သိရသည်။

ယင်းအခြေအနေနှင့် ပတ်သက်၍ အမှတ် ၉ ရပ်ကွက် ကြက်လျှာစွန်းရပ်နေ ကိုမျိုးကျော်က “လပြည့်နေ့ကတော့ တက်လာတာက အမြန်ပဲ။ အဲဒီနောက်တော့ တအားကြီး မမြန်ဘူး။ လပြည့်နေ့ကတော့ တအားတက်လာတာ။ တက်တော့ အခက်အခဲကြုံလို့ ကုန်းပေါ်မှာ လူကြီးတွေကိုပြောပြီး ရွှေ့ရတာပေါ့။ ကလေးတွေ ဒုက္ခရောက်တာ တစ်ခုပါပဲ။ လူကြီးတွေကတော့ ရိုးနေပါပြီ။ သွားနေကျ လာနေကျ ဆိုတော့ ကလေးတွေ အတွက်တော့ အန္တရာယ်ပေါ့နော်။ အန္တရာယ်ကြောက်ရတာရယ် ကျန်းမာရေးပေါ့။ အဲဒါလည်း စိုးရိမ်ရတယ်” ဟု ပြောကြားသည်။

တောင်ငူမြို့တွင် စစ်တောင်းမြစ်ရေကြီးခြင်းကြောင့် အနောက်ဆင်ကျေးရွာအုပ်စုမှ ရွာတန်းရှည် ရေကာတမံဟောင်းအား မြစ်ရေကျော်လွန်၍ တမံအနီးဝန်းကျင် ကျေးရွာသုံးရွာမှ လူနေအိမ်ခြေ ၆၅၀ ခန့်၊ လူဦးရေ ၂၂၀၀ ခန့်အား သောက်သုံးရေနှင့် အစားအသောက်များ ကူညီဆောင်ရွက် ခဲ့ရကြောင်း သိရသည်။

ထိုကဲ့သို့ တာတမံဟောင်းအားမြစ်ရေ ကျော်လွန်ခဲ့သော်လည်း တာတမံဟောင်း၏ အပြင်ဘက်တွင် ပန်းတာဟုခေါ်သော အရံတာ တစ်ခုအား တောင်ငူမြို့နယ် ဆည်မြောင်း ဦးစီးဌာနမှ ကြိုတင်တည်ဆောက်ထား ရှိသဖြင့် ကျေးရွာအတွင်း ရေ၀င်ရောက်မှု ရှိသော်လည်း အနီးဝန်းကျင် ကျေးရွာများမှ လယ်မြေများအား ရေ၀င်နစ်မြုပ် ပျက်စီးနိုင်ခြင်း မရှိကြောင်း တောင်ငူမြို့နယ် ဆည်မြောင်းဦးစီးအရာရှိ ဦးသောင်းတင်က ပြောကြားသည်။

ထို့ပြင် တောင်ငူခရိုင် ကျောက်ကြီးမြို့ နယ်တွင် မြို့လယ်ချောင်းရေကြီးခြင်း၊ စစ်တောင်းမြစ်ရေ တိုးခြင်းများကြောင့် ကျောက်ကြီးမြို့ပေါ် ငါးရပ်ကွက်၊ ကျေးရွာပေါင်း ၁၉ ရွာတို့မှ အိမ်ထောင်စုပေါင်း ၆၆၄ စု၊ လူဦးရေ ၂၉၃၀ ဦးတို့ ရေဘေးလွတ်ရာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် ကုန်းမြင့်များသို့ ယာယီရွှေ့ပြောင်း နေထိုင်ကြရပြီး ရေဘေးသင့် ပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုများနှင့် အစားအသောက် လိုအပ်ချက်များအတွက် မြို့နယ်အုပ်ချုပ်ရေး တာဝန်ရှိသူများ၊ နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ ရဲတပ်ဖွဲ့နှင့် လူမှုရေး အသင်းအဖွဲ့တို့က ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

 

စစ်တောင်းမြစ်ရေကြီးခြင်းကြောင့် တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်နှင့် ဖြူးမြို့နယ်တွင် လယ်မြေဧက ၄၀၀၀၀ နီးပါး ရေ၀င်နစ်မြုပ်

ကျောက်ကြီးမြို့နယ်အတွင်း ရေ၀င်နစ်မြုပ်သည့် အခြေအနေနှင့် ပတ်သက်၍ ဒုမြို့ နယ်အုပ်ချုပ်ရေးမှူး ဦးအေးလှိုင်က “ဒီနေ့မနက်အထိကတော့ အိမ်ထောင်စုပေါင်းက ၈၁၄ စုပါ။ လူဦးရေပေါင်းကတော့ ၃၆၇၅ ဦးပါ။ လယ်မြေက သုံးသောင်းကျော်။ အခုလောလောဆယ်တော့ ရေ၀င်တာပေါ့ဗျာ။ ရေလျော့သွားရင်တော့ ကောင်းရင် ကောင်းမှာပေါ့။ ပျက်ရင်ပျက်မှာပေါ့။ အဲဒါတော့ စာရင်းပြန်ကောက်ရမှာပေါ့နော်။ ရေကတော့ ဧက သုံးသောင်းကျော်လောက် ရေလွှမ်းနေတာပေါ့နော်။ ပျက်စီးဆုံးရှုံးမှုကတော့ ရေကျမှပဲ ပြန်ကြည့်ရမှာလေ။ ရေကျမှ တကယ်ပျက်သွားတာလား။ ဒါမှမဟုတ် ပြန်ရှင်နိုင်သေးလား ပြန်ကောက်ရမှာပေါ့နော်။ ရေအခြေအနေက ဒီနေ့တော့ ကျနေပါတယ်။ မိုးမရွာဘူး။ ရေနည်းနည်း ပြန်ကျသွားတယ်” ဟု ဇူလိုင် ၂၉ ရက် ညနေက ပြောကြားသည်။

ကျောက်ကြီးမြို့နယ်မှာ ဇူလိုင် ၂၃ ရက် မှစတင်၍ ရေကြီးရေလျှံမှု ကြုံတွေ့ခဲ့ရကာ ဇူလိုင် ၂၉ ရက်အထိ စာရင်းအရ ရေဘေးလွတ်ရာ ရွှေ့ပြောင်းနေထိုင်ရသူ ၃၆၀၀ ကျော်နှင့် လယ်များရေ၀င်နစ်မြုပ်မှု ၃၃၉၅၇ ဧက ကျော်ရှိနေကြောင်း၊ မြို့နယ်အတွင်းရှိ ချောင်း ရိုးတာများ ကျိုးပြတ်မှုများလည်း ရှိနေပြီး နယ်မြေခံ တပ်မတော်သားများနှင့် ဌာနဆိုင်ရာ အဖွဲ့အစည်းအသီးသီးတို့မှ ကူညီဆောင်ရွက် ပေးခဲ့ကြကြောင်း၊ ဇူလိုင် ၂၉ ရက်တွင် လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် အဖွဲ့က ကျောက်ကြီးမြို့နယ် ရေဘေးသင့် ပြည်သူများအား လာရောက်တွေ့ဆုံ၍ ထောက်ပံ့ကူညီမှုများ ပေးခဲ့ကြောင်း၊ ကျောက်ကြီးမြို့နယ်အတွင်း ရေဘေးကိစ္စများအတွက် တောင်ငူခရိုင် အုပ်ချုပ်ရေးမှူးက လာရောက် ကြီးကြပ်ဆောင်ရွက်နေကြောင်း ဦးအေးလှိုင်က ပြောကြားသည်။

ထို့ပြင် ဖြူးမြို့နယ်အတွင်း စစ်တောင်းမြစ်အနီး ကျေးရွာများတွင်လည်း ရေကြီးလွှမ်းမိုးမှု ဖြစ်ပွားခဲ့ပြီး စစ်တောင်းမြစ် အနီးရှိ ဘန်လောင်းကျေးရွာအုပ်စု၊ မိသလင်ကျေးရွာအုပ်စု၊ မြပဲခူးအုပ်စု စသည့် ကျေးရွာအုပ်စုကြီး သုံးရွာမှ ကျေးရွာခွဲပေါင်း ၁၈ ရွာတွင်မြစ်ရေ ၀င်ရောက်ခြင်းကြောင့် လယ်မြေဧကပေါင်း ၅၀၀၀ ကျော် ရေ၀င်နစ်မြုပ်လျက်ရှိကြောင်း သိရသည်။

ဖြူးမြို့နယ် ဘန်းလောင်ကျေးရွာ အုပ်စုအတွင်း လယ်မြေများအတွင်း ရေ၀င်ရောက်မှု အခြေအနေနှင့် ပတ်သက်ပြီး ကျေးရွာတာဝန်ခံ ကိုဇော်ဦးက “ကျွန်တော်တို့ ကျောက်စောင်းကျေးရွာဆိုရင် ရေကြီးတယ်။ အခုရွာပေါ်ကို ရေဖြတ်တက်နေတယ်။ လယ်ယာမြေဧကပေါင်းက ဘန်းလောင်အုပ်စု တစ်ခုလုံး အနေအထားနဲ့ ပြောရင်တော့ ဧကပေါင်း၂၇၀၀ နီးပါးခန့်မှာ အခု ဧက ၂၂၀၀ လောက် ရေကြီးနစ်မြုပ်မှုဒဏ်ကို ကြုံတွေ့နေရပါတယ်။ ကြုံ တွေ့နေရတဲ့ ဒါလေးတွေအပေါ်မှာ တာဝန်ရှိပုဂ္ဂိုလ်များ အားလုံးအပေါ် ကျွန်တော် တင်ပြချင်ပါတယ်” ဟု ပြောကြားသည်။

စစ်တောင်းမြစ်အနီး ဖြူးမြို့နယ် မိသလင်ကျေးရွာအုပ်စုတွင်လည်း လယ်မြေဧက ၂၁၀၀ ကျော် ရေ၀င်နစ်မြုပ်နေပြီး လူနေအိမ်ခြေများအတွင်း ရေ၀င်ရောက်ခြင်း၊ တာတမံများ ကျိုးပေါက်ပျက်စီးခြင်းတို့ ကြုံတွေ့နေရကြောင်း သိရသည်။

 

ဘီးလင်းကားလမ်း ရေကျော်ကားပိတ်၍ မော်လမြိုင် ရပ်ကွက်အချို့တွင် ဆန်တစ်ပြည် ကျပ်နှစ်ရာခန့် ဈေးတက်

ဘီးလင်းလမ်းရေကျော်၍ ကားလမ်းများ ပိတ်ထားမှုကြောင့် မော်လမြိုင်မြို့နယ် ရပ်ကွက်အချို့တွင် ဆန်တစ်ပြည် ကျပ်နှစ်ရာခန့် ဈေးတက်နေကြောင်း သိရသည်။

“အိမ်ကတော့ ဆန်ကို တစ်ပြည် နှစ်ပြည်ပဲ ၀ယ်စားပါတယ်။ ဘီးလင်းလမ်းရေကျော်ပြီး ပိတ်တာကြာတော့ ရပ်ကွက်ဈေး ဆန်ဆိုင်တွေက ရန်ကုန်ဆန် မ၀င်လို့ဆိုပြီး တစ်ပြည် ကျပ်၂၀၀ တိုးပြီး အရင်တစ်ပြည်        ကျပ် ၁၈၀၀ ဟာ အခု တစ်ပြည်ကျပ် နှစ်ထောင်နဲ့ ၀ယ်စားနေရတယ်” ဟု တက္ကစီလိုင်းဆွဲသူ ကိုမောင်က ပြောကြားသည်။

 

ဘီးလင်းမြို့အပေါ်ဘက်ရှိ ဘင်ဘန်းတောင် ပြိုကျမှုဖြစ်ပွားခဲ့ပြီး တောင်ကျရေများလာသဖြင့် ဘီးလင်းမြို့အား ရေဘေးအန္တရာယ် အရေးပေါ်အခြေအနေ ကြေညာ

ဘီးလင်းမြို့အတွင်း ရေကြီးနစ်မြုပ်နေမှုအား ဇူလိုင်လ ၂၈ ရက် မွန်းလွဲပိုင်းက တွေ့ရစဉ်

ဘီးလင်းမြို့အပေါ်ဘက်ရှိ ဘင်ဘန်းတောင် ပြိုကျမှုဖြစ်ပွားခဲ့ပြီး တောင်ကျရေ များလာသဖြင့် ဇူလိုင် ၂၈ ရက် ညဉ့်နက်ပိုင်းတွင် ဘီးလင်းမြို့အား ရေဘေးအန္တရာယ် အရေးပေါ်အခြေအနေကြေညာခဲ့ကြောင်း သိရသည်။

ဘီးလင်းမြို့တွင် ထိုကဲ့သို့ အရေးပေါ်အခြေအနေ ကြေညာမှုနှင့်ပတ်သက်၍ ဇူလိုင် ၂၉ ရက် နံနက် ၀၀  နာရီ မိနစ် ၃၀ က မေးမြန်းရာ “ဟုတ်ပါတယ်။ တောင်ကျရေများလာတယ်။ တောင်ပြိုတာလည်းဖြစ်တော့ ရေထပ်တိုးလာနိုင်တဲ့အတွက် အရေးပေါ်အခြေအနေ ကြေညာဖြစ်တာပါ။ လက်ရှိတက်နေတဲ့ ရေထက် မြင့်တက်လာနိုင်တဲ့အနေအထားရှိလို့ ပြောင်းရွှေ့ဖို့လုပ်နေတာပါ။ အရေးပေါ်အခြေအနေ ကြေညာထားတာကို ဘီးလင်းက ပြည်သူတွေကို စက်တွေနဲ့လိုက်အော်ပြီး အသိပေးနေပါတယ်။ ညဘက်ကြီးဖြစ်ပြီး လျှပ်စစ်မီး မရှိတော့ ဓာတ်မီးတွေနဲ့ပဲ ကယ်တယ်ရေးလုပ်နေရတယ်” ဟု ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်စွာရဲက အတည်ပြုပြောကြားသည်။

“အရေးပေါ်အခြေအနေ ကြေညာတာမဟုတ်ပါဘူး။ အရေးပေါ်ဖြစ်နေတာပါ။ တောင်ကျရေကျလာလို့ သွားကယ်နေကြပြီ။ လူတော်တော်များလို့ အဲဒီမှာ။ လူ ၃၀၀ ကျော်လောက်ရှိတယ်။ ဘီးလင်းနတ်ကြီးမှာ ဖြစ်တာ။ ရွာက ရှမ်းစုရွာမှာ ၁၀၀ကျော်တယ်။ ကော့တစ် (လွှတ်တော်ကိုယ်စားလှယ်၏ အသံထွက်အတိုင်း) မှာ ၁၃၀၊ ရွာမမှာ ၁၀၀ ကျော်ရှိနေပြီ။ ဘင်ဘန်းတောင်က ရေစီးနဲ့ပြိုကျလို့ပါ။ နတ်ကြီး ဖာပွန်ဆိုတာ ကရင်ပြည်နယ်နဲ့ နီးတယ်။ ဘီးလင်းအပေါ်ဘက်က အဲဒီနေရာက ဘင်ဘန်းတောင်ကပြိုကျတာ။ ရေတွေက ရွာထဲကို လှိမ့်ဝင်လာတာ။ ရွာသားတွေက ကုန်းပေါ်ကိုပြေးတက်ကြပါတယ်။ ကယ်ဆယ်ရေးက စက်လှေတွေလည်း သွားနေပါပြီ။ အိမ်တွေက အကုန်မြှုပ်နေပြီ။ နတ်ကြီးရွာတစ်ရွာလုံးက ရေမြုပ်သွားပြီ။ ကယ်ဆယ်ရေးအတွက် တပ်မတော်၊ လူကယ်ပြန်၊ အခြားလူမှုအဖွဲ့အစည်းတွေရှိမယ်။ အန်အယ်လ်ဒီ အဖွဲ့တွေရှိမယ်”  ဟု သထုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ပြောကြားသည်။

ဘီးလင်းမြို့နယ်အတွင်း လမ်းရေကျော်မှု ဖြစ်ပွားနေမှုကြောင့် ရေဘေးကယ်ဆယ်ရေး ကူညီဆောင်ရွက်ပေးနေသော တပ်မတော်သားသုံးဦး ရေဖြင့်မျောပါ ပျောက်ဆုံးနေ

ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာအနီး ရေကြီးရေလျှံမှုကို ဇူလိုင် ၂၈ ရက်က တွေ့ရစဉ်

မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေ ကျဆင်းမှုကြောင့် ရန်ကုန်-မော်လမြိုင် အဝေးလမ်းမပေါ်ရှိ ဘီးလင်းမြို့နယ်အတွင်း လမ်းရေကျော်မှု ဖြစ်ပွားနေမှုကြောင့် ရေဘေးကယ်ဆယ်ရေး ကူညီဆောင်ရွက်ပေးနေသော တပ်မတော်သား သုံးဦးမှာ ဇူလိုင် ၂၇ ရက် မွန်းလွဲ ၂ ခွဲခန့်က ဘီးလင်းမြို့နယ် တောင်ကလေးကျေးရွာ မစောတံတားအနီး ရေဖြင့်မျောပါ ပျောက်ဆုံးနေကြောင်း သိရသည်။

ရေဖြင့်မျောပါ ပျောက်ဆုံးနေသော တပ်မတော်သား သုံးဦးမှာ ကျိုက်ထိုမြို့ အမှတ် (၂) ခြေမြန်တပ်ရင်းမှ တပ်သားစိုးရန်နိုင်၊ တပ်သားကျော်ကျော်၊ တပ်သားစောတင်မောင်ဝင်း ဖြစ်ကြောင်း သိရသည်။

“မနေ့က မစောတံတားအနီးမှာရှိတဲ့ လယ်ထွန်စက် တစ်စီးကို တပ်မတော်သားတွေရော၊ ရဲတပ်ဖွဲ့ဝင်တွေရော၊ ကြက်ခြေနီတွေရော ကူပြီးတော့ ရေထဲကနေ ရွှေ့ပြောင်းအပြီးမှာ တပ်မတော်သား ခုနစ်ဦး ရေစီးအား ပြင်းထန်လို့ ရေထဲမျောသွားတယ်။ တပ်မတော်သား လေးဦးကတော့ နီးစပ်ရာ ဓာတ်မီးတိုင်တွေမှာ ခိုနေပြီး ကျန်ခဲ့တယ်။ ကျန်တပ်မတော်သား သုံးဦးကတော့ ရေထဲမျောသွားပါတယ်” ဟု အဆိုပါ မစောတံတားအနီးရှိ မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်များအရ သိရသည်။

“မနေ့(ဇူလိုင်၂၇ ရက်) က ကျွန်တော်တို့ ဘီးလင်းမြို့ထဲ ရောက်တဲ့အချိန်မှာ ကြားတဲ့သတင်းက ရေဘေးကယ်ဆယ်ရေး ကူညီဆောင်ရွက်ပေးနေတဲ့ တပ်မတော်သားသုံးဦး ရေထဲမျောပါ ပျောက်ဆုံးနေတဲ့ သတင်းပါ။ ဘယ်နေရာမှာဖြစ်လဲမေးတော့ မစောတံတား အနီးမှာ ဖြစ်တာလို့ ကြားသိရပါတယ်။ တပ်မတော်သား ခုနစ်ဦးမျောတာ လေးဦးက ဓာတ်တိုင်ကို သွားဖက်မိလို့ ပြန်ကယ်လို့ ရလိုက်ပါတယ်။ ကျန်တဲ့သုံးဦးကိုတော့ အခုအချိန်အထိ ရှာဖွေနေဆဲပါပဲ” ဟု မွန်ပြည်နယ် ၀န်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။

“လက်ရှိ ဘီးလင်းရေကြီးမှု ဖြစ်စဉ်မှာ လူအသေအပျောက် မဖြစ်ရလေအောင် တတ်နိုင်သမျှ ထိန်းသိမ်းဆောင်ရွက် နေပါတယ်။ အဲဒီလို ဆောင်ရွက်နေတဲ့ အချိန်မှာ အခုလို တပ်မတော်သား သုံးဦးက မမျှော်လင့်ဘဲနဲ့ ပျောက်ဆုံးသွားတဲ့အတွက် ကျွန်တော်တို့ မွန်ပြည်နယ် အစိုးရအဖွဲ့အနေနဲ့ အထူးပဲ ၀မ်းနည်းမိပါတယ်။ လက်ရှိမှာ ကျွန်တော်တို့ မွန်ပြည်နယ် အစိုးရအဖွဲ့အနေနဲ့ တပ်မတော်သား တစ်ဦးကို ကျပ်သိန်း ၂၀ နှုန်းနဲ့ ထောက်ပံ့ကူညီ ထားပါတယ်။ အခုလက်ရှိတော့ တပ်မတော်သား သုံးဦးက ပျောက်ဆုံးဆဲ အဆင့်မှာပဲ ရှိပါသေးတယ်” ဟု မွန်ပြည်နယ် ၀န်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။

ရေထဲမျောပါ ပျောက်ဆုံးနေသော တပ်မတော်သား သုံးဦးအား တပ်မတော်၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့ များမှ လှေများဖြင့် လိုက်လံရှာဖွေ လျက်ရှိကြောင်း သိရသည်။

 

ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းပေါ်ရှိ ဘီးလင်းမြို့နယ်အတွင်း ကားလမ်းရေကျော်နေသည့်အတွက် ကားများ ရာနှင့်ချီပိတ်မိနေပြီး လာမည့်နှစ်ရက်အတွင်း မြစ်ရေ ဆက်လက်မြင့်တက်ဖွယ်ရှိသဖြင့် ယာဉ်များဖြတ်သန်းခွင့်ပိတ်ထား

ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်း ဘီးလင်းမြို့နယ်အတွင်း ရေကြီးရေလျှံမှုမြင်ကွင်း (ဓာတ်ပုံ-ကိုလွင်ကိုကိုလတ်)

ရန်ကုန်-မော်လမြိုင် အဝေးပြေးကား လမ်းပေါ်ရှိ ဘီးလင်းမြို့နယ်အတွင်း ကားလမ်းရေကျော်မှုများ ဖြစ်ပေါ်နေသည့်အတွက် လာမည့် နှစ်ရက်အတွင်း ယာဉ်များဖြတ်သန်းသွားလာခွင့်မပြုကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့က ဇူလိုင် ၂၇ ရက် ညနေ ၅ နာရီက အသိပေး ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ဘီးလင်းမြို့နယ်အတွင်းမြစ်ရေ ကျော်တက်မှု၊ ရေကြီးရေလျှံမှုများဖြစ်ပေါ် လျက်ရှိရာ ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီး၏ ဘီးလင်းမြို့နယ်အတွင်း ဖြတ်သန်းသော အချို့လမ်းပိုင်းများတွင်မြစ်ရေကျော်မှုကြောင့် မော်တော်ယာဉ်များ ဖြတ်သန်းသွား လာ၍မရဘဲ ယာဉ်ကြော ပိတ်ဆို့လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

သို့ပါ၍ လာမည့်နှစ်ရက်အတွင်း မြစ်ရေဆက်လက်မြင့်တက်နိုင်ဖွယ် ရှိပါသောကြောင့် မော်တော်ယာဉ်ကြီး၊ ယာဉ်ငယ်များအား ဖြတ်သန်းသွားလာခွင့် ခေတ္တပိတ်ထားမည်ဖြစ်ပါကြောင်း မိဘပြည်သူများအား အသိပေးနှိုးဆော်ပန်ကြားအပ်ပါသည်ဟု အသိပေးကြေညာချက်တွင် ဖော်ပြထားသည်။

ရန်ကုန်မြို့မှ လာရောက်စဉ် ဘီးလင်းမြို့အတွင်း ရေကြီးရေလျှံ၍ ပိတ်မိနေသူ ကိုလွင်ကိုကိုလတ်က “ကျွန်တော်တို့ရောက်နေတဲ့ နေရာမှာက ရေကတော့ ပုံမှန်ပဲ။ ကျတော့မကျ သေးဘူး။ ကားတွေကတော့ နောက်တော့ဆုတ်သွားပြီ။ ဒါပေမဲ့ ကားကြီးတွေတော့ကျန်သေးတယ်။ ကျွန်တော်တို့ဒီနေရာကို ရောက်ခဲ့တာ  ဇူလိုင် ၂၆ ရက်ည  ၈ နာရီခွဲ  ၉ နာရီလောက်မှာ ရောက်တယ်။ နေရာက ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာ အကောင်းကြိုက် ထမင်းဆိုင်အကျော် ကီလိုမီတာနဲ့ဆို (၁.၅) KM လောက်အကွာမှာ ရောက်နေတာပါ။ ရှေ့ဆက်သွားမယ်ဆိုရင် ရေတွေကျော်နေတဲ့ တံတားကျဉ်းနေရာကို ရောက်မှာပါ။ အဲဒီနေရာကတော့ ဖြတ်လို့မရတော့ဘူး။ အခုလက်ရှိ အချိန်မှာ ကျွန်တော်တို့ ဝန်းကျင်မှာ ကုန်ကားကြီးတွေလောက်ပဲ ရှိတော့တယ်။ ခရီးသည်တင်ကားတွေမှာတော့ ခရီးသည်တွေမရှိတော့ဘူး။ ယာဉ်မောင်းနဲ့ယာဉ်အကူလောက်ပဲ ရှိတော့တယ်။ ဒီနေ့တစ်နေ့တာမှာ လူမှုကူညီရေးအသင်းအဖွဲ့တွေက ထမင်းထုပ်တွေ၊ ရေသန့်တွေ လာဝေတာတွေရှိပါတယ်။ ရွှေရောင်ပြနဲ့အကောင်းကြိုက် ထမင်းဆိုင်နားမှာ ရေကဖြတ်စီးနေတော့ ကျွန်တော်တို့ကား ပြန်ဆုတ်လို့ရှိရင်လည်း ကားတွေက ပြန်ပိတ်သွားမှာ။ အဲဒီနေရာမှာလည်း ကားတွေကအများကြီး။ အဲဒါကြောင့် ကားကိုရှေ့လည်း ဆက်မသွားဘူး။ နောက်လည်းပြန်မဆုတ်ဘူး။ ရေကျတဲ့အထိကို စောင့်လိုက်တော့မယ်။ ကျွန်တော်က ရန်ကုန်ပြန်မှာဆိုတော့ ရေကျမှပဲဆက်သွားတော့မယ်။ လက်ရှိအချိန်မှာလည်း မိုးရွာနေသေးပါတယ်”ဟု ပြောကြားသည်။

ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်း ဘီးလင်းမြို့နယ်အတွင်း ရေကြီးရေလျှံမှုမြင်ကွင်း (ဓာတ်ပုံ-ကိုလွင်ကိုကိုလတ်)

မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေလိမ့်ဆင်းမှုကြောင့် ဇူလိုင် ၂၆ ရက် ညနေ ပိုင်းအချိန်မှ စတင်ကာ ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းပေါ်ရှိ ဘီးလင်းမြို့နယ်အတွင်း ကားလမ်းရေကျော်နေမှုကြောင့် အဆက်အသွယ်ပြတ်တောက်နေပြီး နှစ်ဖက်ယာဉ်စီးရေ ရာနှင့်ချီ၍ပိတ်ဆို့နေကာ ခရီးသွား ထောင်နှင့်ချီ၍ စောင့်ဆိုင်းနေရကြောင်း သိရသည်။

“လက်ရှိအချိန်မှာ ရေက တအားကိုလျှံနေတော့ ယာဉ်အသွားအလာခက်ခဲမှုတွေ ရှိနေပါတယ်။ ဘီးလင်းမြို့အရက်ပြန်စက်ရုံရှေ့မှာ တစ်နေရာ၊ နောက်ပြီး ရွှေရောင်ပြဘက်က ကဇိုင်းတံတား (ဒေသအခေါ် မစောတံတား) မှာတစ်နေရာ ရေက ကားလမ်းမကို ကျော်နေပါတယ်။ အဲဒါကြောင့် ယာဉ်အသွားအလာခက်ခဲမှုတွေ ရှိနေပါတယ်။ နောက်ပြီး ကားတွေကိုလည်း ပေးမသွားသေးဘဲနဲ့ တားထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘီးလင်းမြစ်ရေကလည်း စိုးရိမ်ရေအမှတ်ကို ကျော်နေလို့ပါ။ နောက်ပြီး အန္တရာယ်လည်းရှိလို့ပါ။ ခရီးသွားတွေကိုတော့ တပ်မတော်ရယ်၊ ကယ်ဆယ်ရေးအဖွဲ့တွေရယ်၊ မီးသတ်တပ်ဖွဲ့တွေက လှေတွေနဲ့ပို့ဆောင်ပေးနေပါတယ်။ လက် ရှိအချိန်အထိတော့ ကားလမ်းတွေ ရေကျော်နေလို့ ပိတ်ထားဆဲပါ” ဟု ဘီးလင်းမြို့လူမှုကူညီကယ်ဆယ်ရေးအသင်းဥက္ကဋ္ဌဖြစ်သူ ဦးစန်းနိုင်က ပြောကြားသည်။

“ကျွန်တော်က ရေးမြို့ဘက်ကလာတာပါ။ ဒီနေရာကို မနေ့ (ဇူလိုင်၂၆) ည ၁၁ နာရီ လောက်ကတည်းက ရောက်နေတာ။ ရှေ့ကားလမ်းမပေါ်မှာ ရေကျော်နေတယ်ဆိုလို့ ကားတွေညကတည်းက သွားလို့မရဘူး။ ဒီနေ့မွန်း တည့်အချိန်အထိကို ကားတွေကသွားလို့ မရဘူးဖြစ်နေတယ်” ဟု ရန်ကုန်တိုင်းဒေသကြီးမှ ကုန်ကားမောင်းသမား ဦးမင်းသူက ဆိုသည်။

“ထမင်းဘူးနဲ့ရေသန့်တွေကို လာဝေတာတွေရှိတဲ့အတွက် စားရေးသောက်ရေး အဆင်ပြေပါတယ်။ ကားလမ်းပိတ်နေတာကြာလာတော့ တချို့လည်း လှည့်ပြန်သွားတာတွေ ရှိနေတယ်။ အခုရေကလည်း မနက်ပိုင်းကထက်စာရင် ပိုတက်လာတယ်” ဟု ဦးမင်းသူက ဆက်လက်ပြောကြားသည်။

“ဘီးလင်းမြစ်ရေက စိုးရိမ်ရေအမှတ် ၁၀၂၂ စင်တီမီတာကို ကျော်လွန်ပြီးတော့ ၁၀၅၅ အထိရောက်လာတဲ့အတွက် ရန်ကုန်-မော်လမြိုင် ကားလမ်းမိုင်တိုင်အမှတ် ၁၂၆ နဲ့ ၁၂၉ ကြားထဲမှာ အမြင့်ပေ လေးပေခန့်ရှိတဲ့ ရှိတဲ့ရေကျော်မှု ခြောက်နေရာ ဖြစ်ပွားနေပါတယ်။ ရေစီးကလည်းသန်နေတဲ့အတွက် အရဲစွန့်ပြီး မဖြတ်ကြဖို့ မေတ္တာရပ်ခံလိုပါတယ်။ ကားသေးတွေအပြင် ကားကြီးတွေအတွက်လည်း အန္တရာယ်ရှိတဲ့အတွက်ကို ယာဉ်တွေဖြတ်သန်းဖို့အတွက်ကို လောလောဆယ် ခွင့်မပြုနိုင်သေးပါဘူး။ အခုအချိန်အထိ ရေကဆက်တက်နေပြီးတော့ ၁၀၉၅ စင်တီမီ တာအထိတက်လာနေတဲ့အတွက် မြစ်ရေက စိုးရိမ်ရေအမှတ်ထက် သုံးပေလောက်ကို ကျော်နေပါတယ်။ လက်ရှိမှာတော့ ခရီးသည်တွေကို လှေတွေနဲ့ သယ်ပို့ပေးနေတယ်လို့ သိရပါတယ်” ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။

ဘီးလင်းမြစ်ရေမှာ ဇူလိုင် ၂၇ ရက် နံနက် ၁၁း၃၀ နာရီ တိုင်းထွာချက်အရ  ဘီးလင်းမြို့၏ စိုးရိမ်အမှတ် ၁၀၂၂ စင်တီမီတာအား ကျော်လွန်၍ ၁၀၉၀ စင်တီမီတာသို့ ရောက်ရှိနေကြောင်း သိရသည်။

ထို့ပြင် ဘီးလင်းမြို့နှင့် ဘီးလင်းမြို့နယ် အတွင်းရှိ ကျေးရွာများတွင်လည်း ရေဘေးရှောင်ပြည်သူ ထောင်နှင့်ချီ၍ ရေဘေးရှောင် စခန်းများ၌ ခိုလှုံနေရကြောင်းနှင့် ဇူလိုင် ၂၇ ရက် မွန်းလွဲ ၁ နာရီအထိ တောင်ကျရေမှာ ဆက်လက်တိုးလာနေသည်။

ဦးကျော်မျိုးမင်း (ဘီးလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ )

ကားလမ်းအခြေအနေကတော့ နောက်နှစ်ရက်လောက် ဖြတ်လို့ရဦးမှာ မဟုတ်ဘူး။ ဟိုဘက်ဒီဘက်မှာလည်း  ကားတွေက ပြည့်နေတယ်။ အခုအချိန်မှာ ရန်ကုန်ဘက်ကလူတွေကို မော်လမြိုင်ဘက်ကို  မပေးကူးတော့ဘူး။ ဘာ့ကြောင့်လဲဆိုရင် သထုံနဲ့ဘီးလင်းကြားမှာက နားခိုစရာ မရှိဘူး။ အဲဒီအတွက် ကျွန်တော်တို့က ဒီနေ့မှာ ခရီးသည်တွေအတွက်က  စားသောက်စရာတွေကို လိုက်လံဝေငှပေးထားပါတယ်။ ဒါပေမဲ့ ရေက နှစ်ရက်လောက် ကျော်နေဦးမှာဖြစ်တဲ့အတွက် ပြည်နယ်ဝန်ကြီးချုပ်ရဲ့  ညွှန်ကြားသွားတာက အားလုံးကို ပြန်လွှတ်မယ်။ ဥပမာ သထုံ ဘက်ကတက်လာတဲ့သူတွေကို မော်လမြိုင်ပြန်ချင်ရင် သထုံမော်တော်ယာဉ်အသင်းကနေ အားလုံးကို အခမဲ့ ကြိုပေးမယ်။  ရန်ကုန်ဘက်ကဆင်းလာတဲ့ သူတွေကျတော့ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပြန်ကြပါ။ ဘာ့ကြောင့်လဲဆိုတော့ အခုအချိန်အထိ လမ်းကြောင်းက ယာဉ်တွေသွားလာလို့ ရတဲ့ အခြေအနေမျိုးရှိနေလို့ပါ။ အဲဒီသဘောမျိုးပါ။ အခုအချိန်မှာလည်း မိုးတွေကထပ်ရွာ နေတုန်းပဲဖြစ်တဲ့အတွက်  နောက်နှစ်ရက် ခေါင်ရေနဲ့ဆိုရင် အခုပိတ်မိနေတဲ့ ကားတွေ ဘယ်လိုမှ ဖြတ်လို့မရနိုင်သေးဘူး။

ဘီးလင်းမြို့နယ်အတွင်းက ရေဘေးအခြေအနေက အခုလက်ရှိအချိန်မှာ ရေဘေးရှောင် စခန်းပေါင်း ၂၅ ခု ဖွင့်လှစ်ထားတယ်။ ရေဘေးရှောင်ပြည်သူအားလုံးပေါင်း  ၅၀၀၀ ကျော်သွားပါပြီ။ ရေဘေးရှောင်ပြည်သူတွေအတွက် ထောက်ပံ့မှုတွေကတော့ တော်တော်လေးကို ကောင်းပါတယ်။ ဒါပေမဲ့ ထောက်ပံ့မှုတွေပေးဖို့အတွက် လမ်းကြောင်းတွေက ရေတွေနဲ့ဆိုတော့ ဆက်သွယ် သွားလာရအခက်အခဲတွေတော့ ရှိနေပါတယ်။ ဘီးလင်းမြို့ပေါ် ၅ ရပ်ကွက်မှာ တချို့နေရာလောက်ပဲ ရေလွတ်တယ်။ ကျန်တဲ့နေရာတွေမှာ ရေတွေဝင်နေပါတယ်။ အဲဒီအပြင်ကို ဘီးလင်းမြစ်ရဲ့ အရှေ့ဘက်ကမ်းမှာရှိတဲ့ ဂတီပု၊ ဘုရားဆိပ်၊ မဲလံဂေါင်း စတဲ့ကျေးရွာတွေမှာလည်း ရေတွေ ၀င်နေပါတယ်။ ကယ်ဆယ်ရေးတွေအတွက်ရော၊ ကူညီထောက်ပံ့ရေးတွေအတွက်ပါ တပ်မတော်က ရေယာဉ်တွေ၊ မီးသတ်တပ်ဖွဲ့က ရေယာဉ်တွေက ကူညီဆောင်ရွက်ပေးနေပါတယ်။

ဒုတိယရဲမှူးကြီးကျော်ဝင်း (သထုံခရိုင် ရဲတပ်ဖွဲ့မှူး)

ပြီးခဲ့တဲ့ နှစ်ရက်လောက်ကစပြီးတော့ သထုံခရိုင်ထဲမှာ ရေကြီးရေလျှံမှုတွေ များလာတယ်။ အဲဒီအပြင်ကို မနေ့စပြီးတော့ ဘီးလင်းမြို့နယ်အတွင်းမှာ ရေကြီးရေလျှံမှုတွေ ပိုများလာတဲ့အတွက်ကို ဘီးလင်းမြို့နယ်မှူးဦးစီးတဲ့ ရဲတပ်ဖွဲ့အင်အား  ၄၀ နဲ့ သထုံမြို့နယ်မှူးဦးစီးတဲ့ အင်အား  ၄၀ ကို သထုံခရိုင် ရဲတပ်ဖွဲ့မှူးနဲ့  ဒုခရိုင်ရဲတပ်ဖွဲ့မှူးတို့နဲ့ ကြီးကြပ်ဆောင်ရွက်ပေးလျက် ရှိပါတယ်။ လက်ရှိအချိန်အထိကို တပ်မတော်သားတွေရယ်၊ ရဲတပ်ဖွဲ့ရယ်၊ မီးသတ်တပ်ဖွဲ့တွေရယ်၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးတော့ ရေဘေးကယ်ဆယ်ရေး၊ လမ်းကြောင်းရှင်းလင်းရေးတွေကို ကူညီဆောင်ရွက်ပေးနေပါတယ်။