၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက် တောင်းခံရာတွင် ပြုပြင်ပြီး ခန့်မှန်းခြေနှင့် ဖြည့်စွက် ခွင့်ပြုငွေအဖြစ် ဘတ်ဂျက်လိုငွေ ကျပ် ၆၄၀၁ ဘီလျံကျော်အထိ စံချိန်တင် များပြားစွာ တောင်းခံခဲ့သော်လည်း ယာယီ အမှန်စာရင်းအရ လိုငွေ ကျပ် ၂၀၉၆ ဘီလျံကျော်သာ ဖြစ်ပေါ်

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် အစိုးရနှင့် ၀န်ကြီးဌာနများအတွက် ဘတ်ဂျက်များ တောင်းခံရာတွင် စုစုပေါင်းလိုငွေ ကျပ် ၆၄၀၁ ဘီလျံကျော်အထိ ဖြစ်ပေါ်ကာ အများဆုံး ဘတ်ဂျက် တောင်းခံမှုအဖြစ် စံချိန်တင် ဘတ်ဂျက် တောင်းခံခဲ့သော်လည်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ယာယီ အမှန်စာရင်းအရ ကျပ် ၂၀၉၆ ဘီလျံကျော်သာ လိုငွေ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မူလ ခန့်မှန်းခြေတွင် ရငွေကျပ် ၁၆၆၀၅ ဘီလျံကျော်သာရှိပြီး သုံးငွေမှာ ကျပ် ၂၀၅၉၄ ဘီလျံအထိ ရှိခဲ့ကာ လိုငွေကျပ် ၃၉၈၉ ဘီလျံကျော်အထိ ရှိခဲ့သော်လည်း ပြုပြင်ပြီး ခန့်မှန်းခြေတွင် ရငွေ ကျပ် ၁၈၈၃၂ ဘီလျံသို့ မြင့်တက်ကာ သုံးငွေ ကျပ် ၂၂၇၆၀ ဘီလျံ ဖြစ်လာသဖြင့် လိုငွေကျပ် ၃၉၂၈ ဘီလျံကျော်အထိ ဖြစ်ပေါ်ခဲ့သည်။

ထို့နောက် ၂၀၁၇ နှစ် နိုဝင်ဘာလအတွင်း ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းများမှ ဘတ်ဂျက် ကျပ် ၂၅၄၄ ဘီလျံကျော်အထိ ထပ်မံတောင်းခံပြီး ကျပ် ၇၀ ဒသမ ၆၃ ဘီလျံ စိစစ်ဖြတ်တောက်ခဲ့သဖြင့် ဖြည့်စွက် ခွင့်ပြုငွေ ၂၄၇၃ ဘီလျံအထိ ဖြစ်ပေါ်ခဲ့သည်။

ထိုသို့ ဖြစ်ပေါ်ခဲ့သော်လည်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ယာယီအမှန်စာရင်းတွင် ဘတ်ဂျက်လိုငွေ ကျပ် ၂၀၉၆ ဘီလျံကျော်သာ ဖြစ်ပေါ်ခဲ့ပြီး လိုငွေနှင့် ဂျီဒီပီအချိုးမှာလည်း ၂ ဒသမ ၃၂ ရာခိုင်နှုန်းသို့ လျော့ကျခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၏ ပြည်ထောင်စုလွှတ်တော်သို့ ရှင်းလင်း တင်ပြသည့် အစီရင်ခံစာတွင် ဖော်ပြထားမှုအရ သိရသည်။

ဘတ်ဂျက်များကို အမှန်တကယ် သုံးစွဲနိုင်မှုမရှိဘဲ ၀န်ကြီးဌာနများက များပြားစွာ တောင်းခံနေမှုနှင့် လွှတ်တော် ကိုယ်စားလှယ်များက ထိရောက်စွာ ဖြတ်တောက်နိုင်မှု အားနည်းချက်ကြောင့် ပြည်သူများ၏ လူနေမှုဘ၀ကို ထိခိုက်စေသည့် ငွေဖောင်းပွမှု၊ ကုန်ဈေးနှုန်း မြင့်တက်မှုများစွာ ဖြစ်ပေါ်နေရကြောင်း ဝေဖန်မှုများ ရှိနေသည်။

ပြီးခဲ့သည့် အစိုးရ လက်ထက် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်အထိ ယခင် ဘဏ္ဍာနှစ် ခုနစ်ခုတွင် ဖြည့်စွက် ခွင့်ပြုငွေကျပ် ဘီလျံ ၁၃၀၀၀ ကျော် တောင်းခံကာ ဘီလျံ ၁၁၀၀၀ ကျော် ပြန်လည် အပ်နှံမှု ဖြစ်ပေါ်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအရ သိရသည်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်အထိ နှစ်အလိုက် နောက်ဆက်တွဲ ဘတ်ဂျက်ခွင့်ပြုငွေ စုစုပေါင်း ကျပ် ၁၃၀၇၃ ဘီလျံဖြစ်ပြီး ဘတ်ဂျက် ပိုလျှံငွေများ ပြန်လည်အပ်နှံငွေ ကျပ် ၁၄၆၂၃ ဘီလျံ ဖြစ်ကာ အပ်နှံငွေမှ လွှဲပြောင်းသုံးငွေ ကျပ် ၃၀၂၂ ဘီလျံ ဖြစ်သည့်အတွက် အသားတင် အပ်နှံငွေမှာ ကျပ် ၁၁၆၀၁ ဘီလျံ ဖြစ်ကြောင်း ကော်မတီ အစီရင်ခံစာအရ သိရသည်။

သမ္မတဟောင်း ဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ စတင်၍ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အထိ နောက်ဆက်တွဲ ဘတ်ဂျက်ခွင့်ပြုငွေ စုစုပေါင်း ကျပ် ၉၃၇၁ ဘီလျံဖြစ်ပြီး အသားတင် ပြန်လည် အပ်နှံငွေမှာ ကျပ် ၉၉၁၄ ဘီလျံ ဖြစ်သည်။

ထို့ပြင် ယခင်သမ္မတ ဦးထင်ကျော် အစိုးရလက်ထက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် နောက်ဆက်တွဲ ဘတ်ဂျက် ခွင့်ပြုငွေမှာ ၁၂၈၄ ဘီလျံဖြစ်ပြီး အသားတင် ပြန်လည်အပ်နှံငွေမှာ ကျပ် ၁၆၈၇ ဘီလျံ ဖြစ်ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ဆိုသည်။

ဘတ်ဂျက် ခွင့်ပြုငွေများကို အပြည့်အ၀ သုံးစွဲနိုင်မှု မရှိခြင်းကြောင့် အထွေထွေပိုလျှံ ရန်ပုံငွေသို့ နှစ်စဉ် ကျပ်ဘီလျံ ထောင်ဂဏန်းအထိ ပြန်လည် အပ်နှံလျက်ရှိရာ ဌာနများအနေဖြင့် ဘတ်ဂျက် တိုးမြင့်ရရှိမှုနှင့် လိုက်လျောညီထွေဖြစ်ရန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု မရှိခြင်းကို သေချာစွာ ဆန်းစစ်လေ့လာ သုံးသပ်ရန် လိုအပ်နေပြီ ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက အကြံပြုထားသည်။

လာမည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက် တောင်းခံရာတွင်လည်း ကနဦး တောင်းခံမှုတွင် မူလခန့်မှန်းခြေမှာ ကျပ် ၄၉၀၃ ဘီလျံအထိ ဖြစ်ပေါ်နေပြီး ဦးသိန်းစိန် အစိုးရလက်ထက်နှင့် NLD အစိုးရ လက်ထက်နှစ်ဆက် မူလခန့်မှန်းခြေများတွင် အများဆုံးတောင်းခံမှု ဖြစ်ပေါ်နေသည်။ ထိုသို့ များပြားစွာ တောင်းခံထားသော်လည်း ၀န်ကြီးဌာနများမှ စီမံကိန်းများ အမှန်တကယ် လုပ်ဆောင်နိုင်ခြင်း မရှိခြင်း၊ ဘတ်ဂျက်နှင့် ပတ်သက်ပြီး ဆီးသီးဗန်းမှောက် ဘတ်ဂျက်ဟု ဝေဖန်ခံရမှုများ ရှိနေခြင်း၊ ကျပ်ငွေတန်ဖိုး လွန်မင်းစွာ ကျဆင်းနေခြင်း၊ နှစ်စဉ် ကျပ်ဘီလျံ ထောင်ပေါင်းများစွာ ပြန်လည်အပ်နှံနေခြင်း စသည့်အချက်များကြောင့် ပြည်ထောင်စု လွှတ်တော်အနေဖြင့် NLD အစိုးရ၏ ၀န်ကြီးဌာနများမှ များပြားသော ဘတ်ဂျက် တောင်းခံမှုများကို ထိရောက်စွာ ဖြတ်တောက်နိုင်ရန် လိုအပ်နေကြောင်း သုံးသပ်မှုများ ရှိနေသည်။

ဘဏ္ဍာနှစ် ကိုးနှစ်အတွင်း စံချိန်တင် လိုငွေများခဲ့သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဘတ်ဂျက်ကို တစ်ဒေါ်လာ ကျပ် ၁၃၆၀ ဖြင့် ရေးဆွဲထားပြီး လတ်တလော ရည်ညွှန်းငွေလဲနှုန်းမှာ ၁၄၂၇ ကျပ် ဖြစ်နေသဖြင့် တစ်ဒေါ်လာလျှင် ၆၇ ကျပ် ကွာဟမှု ဖြစ်ပေါ်နေပြီး လိုငွေ ပိုမိုမြင့်တက်ဖွယ် ရှိ

၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ကြားကာလ ၂၀၁၈ ဘဏ္ဍာနှစ်တို့ အပါအ၀င် ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်အထိ ဘဏ္ဍာနှစ် ကိုးနှစ်အတွင်း စံချိန်တင် လိုငွေများခဲ့သည့် ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ် ဘတ်ဂျက်ကို တစ်ဒေါ်လာ ကျပ် ၁၃၆၀ ဖြင့် ရေးဆွဲထားပြီး ဇူလိုင် ၂၆ ရက် ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်းမှာ တစ်ဒေါ်လာ ၁၄၂၇ ကျပ် ဖြစ်သဖြင့် တစ်ဒေါ်လာ ၆၇ ကျပ်အထိ ကွာဟမှု ဖြစ်ပေါ်နေကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

ထိုသို့ တစ်ဒေါ်လာ ကျပ် ၁၃၆၀ ဖြင့် ရေးဆွဲထားသည့် ဘတ်ဂျက်ကို လက်ရှိ ဖြစ်ပေါ်နေသည့် ရည်ညွှန်း ငွေလဲနှုန်း ၁၄၂၇ ကျပ်ဖြင့် ပြန်လည် တွက်ချက်ပါက လက်ရှိဖြစ်ပေါ်နေသည့် ဘတ်ဂျက်လိုငွေ ကျပ် ၄၉၀၃ ဘီလျံထက် လိုငွေ ပိုမိုမြင့်တက်ဖွယ် ရှိကြောင်း သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဘတ်ဂျက်လိုငွေ အများဆုံး တောင်းခံထားသည့် ဌာနများမှာ နိုင်ငံခြားငွေအများအပြား အသုံးပြုလေ့ရှိသည့် ကာကွယ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ စက်မှုဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန စသည့်ဌာနများ ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

NLD အစိုးရ တာဝန်ယူနေသည့် ကာလအတွင်း ၂၀၁၆ ခုနှစ် ဧပြီ ၄ ရက်တွင် တစ်ဒေါ်လာ ကျပ် ၁၂၁၀ သာ ရှိနေသော်လည်း ၂၀၁၈ ခုနှစ် ဇူလိုင် ၂၆ ရက်တွင် တစ်ဒေါ်လာ ၁၄၂၇ ကျပ် ဖြစ်သဖြင့် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှု ဆိုးရွားစွာ ဖြစ်ပေါ်နေသည်။ ထို့ပြင် တစ်ဒေါ်လာလျှင် ကျပ် ၁၅၀၀ အထိ မြင့်တက်ဖွယ် ရှိကြောင်း ခန့်မှန်းနေသဖြင့် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှု ပိုမိုဆိုးရွားဖွယ် ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ လက်ရှိ ဘတ်ဂျက်ရေးဆွဲသည့် ပုံစံမှာ နိုင်ငံခြားငွေ ရရှိသုံးစွဲမှုများအတွက် နိုင်ငံခြားငွေနှင့် ညီမျှသော မြန်မာကျပ်ငွေကို ဘတ်ဂျက်တွင် လျာထားခြင်း ဖြစ်သော်လည်း ပြည်တွင်း၌ နိုင်ငံခြားသုံးငွေ ဈေးကွက် ဖွံ့ဖြိုးခြင်း မရှိသေး၍ အစိုးရထံမှ နိုင်ငံခြားသုံးငွေကို တောင်းခံ သုံးစွဲနေရသည့် ပုံစံဖြစ်ပြီး အဆိုပါ အခြေအနေကို ပြင်ဆင်ရန် ပြည်တွင်း နိုင်ငံခြားသုံးငွေ ဈေးကွက်မှာလည်း ဖွံ့ဖြိုးရန် လိုအပ်မည်ဖြစ်ကြောင်း ၂၀၁၈ ခုနှစ် ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲရေး မဟာဗျုဟာတွင် ဖော်ပြထားသည်။ သို့သော် လက်ရှိအချိန်အထိ နိုင်ငံခြားသုံးငွေ ဈေးကွက်မှာ ဖွံ့ဖြိုးမှုမရှိဘဲ အစိုးရထံမှ နိုင်ငံခြားငွေကို တောင်းခံရယူသည့် အဆင့်သာ ရှိနေသည်။

“လိုအပ်တဲ့ ပစ္စည်းတွေ၊ ယန္တရားတွေ ၀ယ်တဲ့အခါကျတော့ နိုင်ငံခြားငွေနဲ့ပဲ ရှင်းရတာကိုး။ နိုင်ငံခြားငွေနဲ့ ရှင်းတဲ့အခါ ဘာပဲပြောပြော အစိုးရရဲ့ဘဏ္ဍာငွေ၊ ဘတ်ဂျက်ထဲကပဲ သုံးရတာတွေ ရှိနိုင်တယ်။ အဲဒီလိုကျတော့ ဘယ်လိုပုံစံ ငွေပေးငွေယူ ရှင်းတမ်းတွေ လုပ်မလဲ။ နိုင်ငံခြားငွေ ဆိုတာက ပြည်ပပို့ကုန်တွေ (ကုန်စည်တွေ ၀န်ဆောင်မှုတွေ) က ရတာပေါ့။ သူများနိုင်ငံတွေ ကျတော့ ဒီနှစ်မျိုးတည်းနဲ့ မကတော့ဘူး။ မျိုးစုံရှိတယ်။ အစုရှယ်ယာ ၀ယ်ယူတာမျိုး အကျိုးအမြတ်တွေ ရတာပေါ့။ ကျွန်တော်တို့က အဲဒီအဆင့်ကို မရောက်သေးဘူး။ ကျွန်တော်တို့က ၀န်ဆောင်မှု ဆိုတာတောင် ၀န်ဆောင်မှုက မြင့်မြင့်မားမား ရနိုင်တာ မရှိသေးဘူး။ ကုန်စည်ကပဲ ရနေသေးတယ်။ အဲဒီကုန်စည်တွေမှာကိုတောင် သယံဇာတ ၀င်ငွေတွေပဲ ရှိနေသေးတယ်။ အဲဒီလိုငွေတွေကို သုံးမယ်ဆိုရင် ၀န်ကြီးဌာနတွေ အနေနဲ့လည်း သေသေချာချာ စဉ်းစားဖို့ လိုတယ်” ဟု မူဝါဒဆိုင်ရာ စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက သုံးသပ်ထားသည်။

လက်ရှိအစိုးရ လက်ထက်တွင် ဘတ်ဂျက်လိုငွေ စံချိန်တင် မြင့်မားနေပြီး ယခင် အစိုးရလက်ထက် ငါးနှစ်သက်တမ်းအတွင်း လိုငွေ ကျပ်ဘီလျံ ၈၀၂၈ သာ ရှိခဲ့သော်လည်း လက်ရှိအစိုးရ လက်ထက်တွင် ကနဦးစာရင်းများအရ လိုငွေမှာ ကျပ်ဘီလျံ ၁၈၂၆၉ ဘီလျံကျော် ဖြစ်ပေါ်နေသည်။

ထို့ပြင် ၂၀၁၈ ခုနှစ် ဘဏ္ဍာနှစ်၏ ခြောက်လတာ ဘတ်ဂျက်တွင် နိုင်ငံခြားငွေ အသုံးစရိတ်များအတွက် ငွေကြေးလဲလှယ်နှုန်းကို ဈေးကွက်တွင် မဖြစ်ပေါ်ခဲ့သည့် နှုန်းထားများဖြစ်သည့် တစ်ဒေါ်လာ ကျပ် ၁၃၈၀ ဖြင့် ရေးဆွဲထားမှုမှာ မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှုအပေါ် အကျိုးသက်ရောက်စေနိုင်မည်ဖြစ်ပြီး အဆိုပါနှုန်းထားကို ဈေးကွက်တွင် အမှန်တကယ် ဖြစ်ပေါ်ခဲ့သည့်နှုန်းထားကိုသာ အခြေခံတွက်ချက်ရန် လိုအပ်ကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက သုံးသပ် အကြံပြုထားသည်။

ဘတ်ဂျက်လိုငွေ စံချိန်တင် များပြားနေပြီး ဘီလျံ ၅၀၀၀ နီးပါးရှိနေချိန်တွင် ယခုနှစ်ဘတ်ဂျက်၌ ပြန်ကြားရေးဝန်ကြီးဌာနက ယမန်နှစ် အသုံးစရိတ် ကျပ် ဘီလျံ ၆၀ ကျော်ထက် ရာခိုင်နှုန်း ၇၀ ကျော် ပိုများသော ကျပ် ၁၀၈ ဘီလျံကျော် ခွင့်ပြုရန် လွှတ်တော်သို့ တင်ပြတောင်းခံ

နေ့စဉ် သတင်းစာ၊ ဂျာနယ်ရောင်းချနေသည့် မြင်ကွင်းအား ၂၀၁၆ ခုနှစ်အတွင်းက တွေ့ရစဉ် (ယခုအချိန်တွင် ဂျာနယ်အချို့နှင့် သတင်းစာအချို့ ရပ်နားသွားပြီဖြစ်သည်)

ဘတ်ဂျက်လိုငွေ စံချိန်တင် ဘီလျံ ၅၀၀၀ နီးပါး ရှိနေချိန်တွင် ယခုနှစ်ဘတ်ဂျက်၌ ပြန်ကြားရေးဝန်ကြီးဌာနက ယမန်နှစ် အသုံးစရိတ် ကျပ် ဘီလျံ ၆၀ ကျော်ထက် ရာခိုင်နှုန်း ၇၀ ကျော် ပိုများသော ကျပ် ၁၀၈ ဘီလျံကျော် ခွင့်ပြုရန် လွှတ်တော်သို့ တင်ပြတောင်းခံထားကြောင်း ဇူလိုင် ၂၅ ရက်တွင် ပြည်ထောင်စုလွှတ်တော်သို့ ပြန်ကြားရေးဝန်ကြီးဌာနမှ လာရောက် ရှင်းလင်းမှုအရ သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းပါ ရငွေသုံးငွေများအရ ပြန်ကြားရေးဝန်ကြီးဌာန၏ အသုံးစရိတ်ကို ဘဏ္ဍာရေးကော်မရှင်က ကျပ် ၁၀၈ ဘီလျံကျော် စိစစ်ခွင့်ပြုခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြည်ထောင်စုလွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့သည်။

ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် သာမန်အသုံးစရိတ်အဖြစ် ကျပ် ၈၃ ဘီလျံကျော်နှင့် ငွေလုံးငွေရင်း အသုံးစရိတ်အဖြစ် ကျပ် ၃၅ ဘီလျံကျော် စုစုပေါင်း ၁၁၉ ဘီလျံကျော်ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် သာမန်နှင့် ငွေလုံးငွေရင်း အသုံးစရိတ်အဖြစ် အဆိုပြုခဲ့သော်လည်း ဘဏ္ဍာရေးကော်မရှင်က သာမန်အသုံးစရိတ်ကို ကျပ် ၈၀ ဘီလျံကျော်နှင့် ငွေလုံးငွေရင်း အသုံးစရိတ်ကို ကျပ် ၂၈ ဘီလျံကျော် စုစုပေါင်း ၁၀၈ ဘီလျံကျော် စိစစ်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီး၏ ရှင်းလင်းချက်အရ သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာနသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် သာမန်ရငွေ ကျပ် ၆၀ ဘီလျံကျော်နှင့် ငွေလုံးငွေရင်းရငွေ ကျပ် ၂၀ ဘီလျံ (ပြည်ပအကူအညီရငွေ) စုစုပေါင်း ကျပ် ၈၀ ဘီလျံကျော် ရရှိမည်ဖြစ်ပြီး အဆိုပြု စီမံကိန်းများ အနေဖြင့် ရေဒီယိုမြန်မာပိုင်း အစီအစဉ်နှင့် တိုင်းရင်းသား အစီအစဉ်များကို အရည်အသွေး ကောင်းမွန်စွာဖြင့် ထုတ်လွင့်နိုင်ရေးအတွက် ရုပ်မြင်သံကြားထပ်ဆင့်လွှင့် စက်ရုံနှစ်ရုံတွင် FM Radio လွှင့်စက်များ တိုးချဲ့တပ်ဆင်ရန် စက်ပစ္စည်း ၀ယ်ယူတပ်ဆင်ခြင်းနှင့် ရေဒီယိုလုပ်ငန်းသုံး ပစ္စည်းများ၊ ရုပ်မြင်သံကြား လုပ်ငန်းသုံး စက်ပစ္စည်းများနှင့် Studio များအတွက် လိုအပ်သည့် စက်ပစ္စည်းများနှင့် Spare Parts ပစ္စည်းများ ၀ယ်ယူဖြည့်တင်းခြင်းများ ပါဝင်ကြောင်း ဒေါက်တာဖေမြင့်က ပြောကြားသည်။

ထို့ပြင် Japan International Cooperation Agency က ကူညီထောက်ပံ့သည့် ODA စီမံကိန်းဖြစ်သော ရုပ်မြင်သံကြား၊ ရေဒီယို အစီအစဉ်များ ထုတ်လုပ်မှုဆိုင်ရာ နည်းပညာနှင့် စတူဒီယို ပစ္စည်းများ အဆင့်မြင့်တင်ခြင်း၊ News Room System အဆင့်မြှင့်တင်ရေးအတွက် လိုအပ်သော စက်ပစ္စည်းများ တိုးချဲ့တပ်ဆင်ခြင်း၊ လွိုင်ကော်မြို့တွင် သတင်းဗျူရိုရုံး တည်ဆောက်ခြင်းနှင့် မန္တ္လလေးသတင်းဌာနခွဲတွင် Mini Studio တည်ဆောက်ခြင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (ရုံးချုပ်) နှင့် နယ်ထပ်ဆင့် လွှင့်စက်ရုံများတွင် လိုအပ်လျက်ရှိသော အဆောက်အဦးများ တည်ဆောက်ခြင်းနှင့် ပြုပြုထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်း စသည်ဖြင့် ၀န်ကြီးက ပြောကြားသည်။

နှစ်စဉ်လိုငွေပြနေသည့် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ဦးသိန်းစိန်အစိုးရလက်ထက် ၂ဝ၁၃-၂ဝ၁၄ဘဏ္ဍာနှစ်တွင် ရငွေကျပ်သန်းပေါင်း ၂၉၁၄၃ ကျော်သာ ရှိခဲ့ပြီး သုံးငွေနှင့် ဖြည့်စွက်တောင်းခံငွေမှာ ကျပ်သန်းပေါင်း ၈၆၈၈ဝ (ကျပ် ၈၆ ဘီလျံကျော်) ကျော် ရှိခဲ့ကာ လိုငွေပမာဏက ကျပ်သန်းပေါင်း ၅၇၇၃၆ ကျော် ဖြစ်ပေါ်ခဲ့သည်။ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ရငွေကျပ်သန်းပေါင်း ၂၇၂၈၅ ကျော်သာရှိခဲ့ပြီး သုံးငွေနှင့် ဖြည့်စွက် တောင်းခံငွေမှာ ကျပ်သန်းပေါင်း ၈၄၂၁ဝ (ကျပ် ၈၄ ဘီလျံကျော်) ကျော်ရှိခဲ့သဖြင့် လိုငွေပမာဏ ကျပ်သန်းပေါင်း ၆၁၁၂၉ ကျော် ဖြစ်ပေါ်ခဲ့သည်။ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် ရငွေကျပ်သန်းပေါင်း ၄၁ဝ၂၃ ကျော်သာ ရှိခဲ့ပြီး သုံးငွေနှင့် ဖြည့်စွက်တောင်းခံငွေ ကျပ်သန်းပေါင်း ၇၅၄၁၉ (ကျပ် ၇၅ ဘီလျံကျော်) ကျော်ရှိခဲ့ကာ လိုငွေပမာဏ ကျပ်သန်းပေါင်း ၃၄၃၉၅ ကျော် ဖြစ်ပေါ်ခဲ့သည်။

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ရငွေကျပ်သန်းပေါင်း ၃၆ဝ၇၈ ကျော်သာရှိပြီး သုံးငွေမှာ ကနဦးစာရင်းများအရ ကျပ်သန်းပေါင်း ၅၈၂၄၉ (ကျပ် ၅၈ ဘီလျံကျော်) ကျော်ရှိခဲ့ကာ ကနဦးလိုငွေ ကျပ်သန်းပေါင်း ၂၂၁၇ဝ ကျော် ဖြစ်ပေါ်ခဲ့သည်။ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင်လည်း ပြန်ကြားရေးဝန်ကြီးဌာန၏ ကနဦးစာရင်းများအရ ရငွေက ကျပ်သန်းပေါင်း ၃၅၇၅၃ ကျော်သာ ရှိခဲ့ပြီး သုံးငွေမှာ ကနဦးစာရင်းများအရ ကျပ်သန်းပေါင်း ၆ဝဝ၅၄ (ကျပ် ၆၀ ဘီလျံကျော်) ကျော်ရှိခဲ့ရ်ျ လိုငွေပမာဏ ကျပ်သန်းပေါင်း ၂၄၃ဝ၁ ကျော်အထိ ဖြစ်ပေါ်ခဲ့သည်။ ၂၀၁၈ ဘဏ္ဍာနှစ်တိုတွင်လည်း ရငွေကျပ်သန်းပေါင်း ၁၇၅၀၅ (ကျပ် ၁၇ ဘီလျံကျော်) ကျော်သာရှိကာ သုံးငွေမှာ ကျပ်သန်းပေါင်း ၂၄၇၈၅ ကျော် သုံးစွဲခဲ့သဖြင့် လိုငွေကျပ်သန်းပေါင်း ၇၂၇၉ ကျော် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

နှစ်စဉ်အသုံးစရိတ်အနေဖြင့် လိုငွေအမြဲတမ်း ဖြစ်ပေါ်နေသည့် ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် မြန်မာနိုင်ငံတွင် ပုံနှိပ်မီဒီယာများစွာ ရပ်တန့်နေချိန်၌ နှစ်စဉ်သုံးစွဲမှုထက်ပိုမို၍ ကျပ် ၁၀၈ ဘီလျံအထိ ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ရငွေမှာ ကျပ် ၈၀ ဘီလျံကျော် (ကျပ်သန်းပေါင်း ၈၀၄၃၉ ကျော်) သာရှိကာ သုံးငွေမှာ ၁၀၈ ဘီလျံကျော် (ကျပ်သန်း ၁၀၈၆၆၀ ကျော်) ဖြစ်သဖြင့် လိုငွေ ၂၈ ဘီလျံကျော် (ကျပ်သန်း၂၈၂၂၀ ကျော်) ဖြစ်ပေါ်ထားသည်။

ပြည်တွင်းသတင်းစာများ ရပ်ဆိုင်းလုဖြစ်ပေါ်နေပြီး သတင်းစာ၊ ဂျာနယ် အများအပြား ရပ်ဆိုင်းနေချိန်တွင် ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် နှစ်စဉ်ဘတ်ဂျက်များ ပိုမိုသုံးစွဲကာ အစိုးရအာဘော်များကိုသာ ဆက်တိုက်ရေးသား ဖော်ပြမှုကြောင့် ဝေဖန်ခံနေရသည်။ ထို့ပြင် အစိုးရတစ်ရပ်၏ ၀ါဒဖြန့်ချိရေးယန္တရားအတွက် ငွေအများအပြား သုံးစွဲနေချိန်တွင် မြန်မာနိုင်ငံ မီဒီယာလွတ်လပ်ခွင့်မှာ ကျဆင်းနေကြောင်း သုံးသပ်မှုများရှိနေပြီး ပြည်တွင်းသတင်းသမားများမှာ ဆက်သွယ်ရေးဥပဒေ ၆၆ (ဃ)၊ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃(၁) (ဂ) စသည့် ပုဒ်မများဖြင့် အစိုးရက တရားစွဲဆိုမှုများ ပြုလုပ်နေသည်။

မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်မှာ ယခင်အစိုးရလက်ထက်ကထက် NLD အစိုးရလက်ထက်တွင် အနုတ်သဘောဆောင်လာသည်ဟု အသံအဖွဲ့ဝင်များက ဇွန် ၁၀ ရက်တွင် Phandeeyar ၌ ပြုလုပ်သည့် အစိုးရသစ်လက်ထက် ပထမနှစ်နှစ်အတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခြေအနေ အစီရင်ခံစာ မိတ်ဆက်ပွဲတွင် ပြောကြားထားသည်။

“တစ်အချက်က ဆက်သွယ်ရေးဥပဒေနဲ့ ပတ်သက်ပြီး တရားစွဲဆိုခံရမှုတွေဟာ အရင်အစိုးရထက် မြင့်တက်လာတယ်။ နောက်တစ်ခုက သတင်းသမား တရားစွဲဆိုခံရမှုကလည်း အရင်အစိုးရထက် ပိုများတယ်၊ လက်ရှိအစိုးရ အသစ်ပြဋ္ဌာန်းထားတဲ့ Privacy Law ကလည်း အားနည်းချက်တွေ အများကြီးနဲ့” ဟု မောင်ဆောင်းခက ပြောကြားသည်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ကျဆင်းနေပြီး အစိုးရမှ ပြည်သူများ၏ လွတ်လပ်စွာ ပြောရေးဆိုခွင့်ကို ပိုမိုထိန်းချုပ်လာသည်ဟု ဝေဖန်ခံရမှုများရှိနေသည့် NLD အစိုးရအနေဖြင့် ဆိုရှယ်မီဒီယာများကို စောင့်ကြည့်ပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ထိခိုက် နစ်နာစေသူများအား ရှာဖွေဖော်ထုတ်နိုင်ရေးအတွက် ကျပ်သန်း ၆၄၀၀ ကျော် သုံးစွဲထားကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ရှင်းလင်းမှုတွင်လည်း အစိုးရက Facebook နှင့် ချိတ်ဆက်၍ ပြည်သူများ၏ လွတ်လပ်စွာပြောရေးဆိုခွင့်ကို ကန့်သတ် ခြိမ်းခြောက်နေကြောင်း ဝေဖန်မှုများ ရှိခဲ့သည်။

နယ်စည်းမခြားသတင်းထောက်အဖွဲ့ RSF ၏ ၂၀၁၈ ခုနှစ် ဧပြီ ၂၅ ရက်က ထုတ်ပြန်ကြေညာသည့် သတင်းလွတ်လပ်ခွင့်ဆိုင်ရာ အစီရင်ခံစာအရ မြန်မာ့မီဒီယာလွတ်လပ်ခွင့်မှာ ယခင်ကထက် အဆင့်ခြောက်ဆင့် ကျဆင်းသွားကြောင်း သိရသည်။

ယမန်နှစ်က ထုတ်ပြန်ခဲ့သည့် RSF ၏ အစီရင်ခံစာတွင် ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အဆင့်သတ်မှတ်ချက်စာရင်းတွင် မြန်မာနိုင်ငံမှာ အဆင့် ၁၃၁ တွင် ရပ်တည်နိုင်ခဲ့သော်လည်း ယခု ၂၀၁၈ ခုနှစ်အတွက် ထုတ်ပြန်ချက်တွင် အဆင့် ၁၃၇ သို့ ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။

ကိုယ်ပိုင်ငွေကြေးစိုက်ထုတ်ကာ လုပ်ကိုင်နေရသည့် ပုဂ္ဂလိကမီဒီယာများ အနေဖြင့် အစိုးရမှ ဘတ်ဂျက်စိုက်ထုတ်ပေးနေသည့် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယှဉ်ပြိုင်နိုင်မှုမရှိသဖြင့် နှစ်စဉ် သတင်းစာ၊ ဂျာနယ်များ ရပ်နားမှု ဖြစ်ပေါ်နေသည်။ ပြန်ကြားရေးဝန်ကြီးဌာနသို့ ဂျာနယ် ၄၉၀ မှတ်ပုံတင်ထားသော်လည်း ၂၆၃ စောင်သာ ထွက်ရှိနေပြီး လက်ရှိတွင် အစောင်ရေ ၉၀ ရပ်နားသွားပြီဖြစ်ကြောင်း၊ ရာခိုင်နှုန်းအားဖြင့် ယခင်ထုတ်ဝေခဲ့မှုမှာ ၁၀၀ ရာခိုင်နှုန်းနှင့် လက်ရှိ ထုတ်ဝေနေမှုမှာ ၃၅ ရာခိုင်နှုန်းသာ ရှိတော့ကြောင်း၊ သတင်းစာ ထုတ်ဝေမှုမှာလည်း ၂၀၁၃ ခုနှစ် နောက်ပိုင်းတွင် သတင်းစာအစောင်ရေ ၁၂ စောင်အထိ ရပ်နားသွားပြီဖြစ်ကြောင်း၊ မှတ်ပုံတင်ထားသည့် သတင်းစာ အရေအတွက် ၄၀ ကျော် ရှိသော်လည်း (လတ်တလော စုံစမ်းသိရှိထားသည့် အချက်အလက်စာရင်းအရ) ၂၃ စောင်သာ ထွက်ရှိနေကြောင်း၊ ပုဂလိကသတင်းစာ ၇ စောင်သာ ထွက်ရှိနိုင်ကြောင်း၊ အစိုးရ၊ ဌာနဆိုင်ရာ သတင်းစာ ၇ စောင် ထွက်ရှိနေကြောင်း၊ ယခင်ထုတ်ဝေမှု ၁၀၀ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက လက်ရှိတွင် ၃၈ ဒသမ ၀၉ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့ကြောင်း၊ ထို့အတူ မဂ္ဂဇင်းထုတ်ဝေမှု အပိုင်းတွင်လည်း ယခင်က အောင်မြင်ခဲ့သည့် မဂ္ဂဇင်းအတော်များများ ရပ်နားသွားပြီဖြစ်ကာ လက်ရှိအချိန်တွင် မဂ္ဂဇင်း ၃၄၀ ကျော် မှတ်ပုံတင်ထားသည့်အနက် ၂၀၀ ကျော်သာ ထုတ်ဝေနိုင်တော့ကြောင်း သတင်းထောက်တစ်ဦးဖြစ်သူ ကိုစိုးရာဇာထွန်းက ယင်း၏လူမှုကွန်ရက် စာမျက်နှာတွင် ဇွန် ၇ ရက်က ရေးသားထားသည်။

NLD အစိုးရလက်ထက်တွင် ၀န်ကြီးဌာနများမှ အမှန်တကယ် သုံးစွဲနိုင်မှုမရှိဘဲ ငွေပိုမိုတောင်းခံထားမှုများ ပိုမိုကြုံတွေ့လာနေပြီး ဦးသိန်းစိန်အစိုးရလက်ထက်တွင် ဘတ်ဂျက်လိုငွေအမြင့်ဆုံးအဖြစ် ကျပ်ဘီလျံ ၃၀၀၀ ကျော်သာ ဖြစ်ပေါ်ခဲ့သော်လည်း NLD အစိုးရလက်ထက်တွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်နှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် နှစ်နှစ်တွင် တစ်နှစ်လျှင် ကျပ် ဘီလျံ ၄၀၀၀ ခန့် လိုငွေဖြစ်ပေါ်လာနေသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျပ် ဘီလျံ ၅၀၀၀ ခန့် ဖြစ်ပေါ်နေပြီး လိုငွေ၏ ရာခိုင်နှုန်း ၂၀ ကို ငွေစက္ကူ ရိုက်ထုတ်မည်ဟု ပြောဆိုမှုများကြောင့် ပြည်သူများအကြား ငွေဖောင်းပွမှုနှင့် ကုန်ဈေးနှုန်း ပိုမိုမြင့်တက်လာမည်ကို စိုးရိမ်မှုများစွာ ဖြစ်ပေါ်နေသည်။ ထို့ပြင် NLD အစိုးရလက်ထက်တွင် ငွေကြေးဖောင်းပွမှုနှုန်း ကျဆင်းလာသည်ဟု အစိုးရဘက်မှ တွက်ချက်မှုများ ရှိနေသော်လည်း မြန်မာကျပ်ငွေတန်ဖိုးမှာ နှစ်စဉ်ကျဆင်းမှု ဆိုးရွားစွာ ဖြစ်ပေါ်နေပြီး NLD အစိုးရ စတင်တာဝန်ယူသည့် ၂၀၁၆-၂၀၁၇ ခုနှစ်အတွင်း ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းတွင် ၂၀၁၆ ခုနှစ် ဧပြီ ၄ ရက်တွင် ကျပ် ၁၂၁၀ သာ ရှိခဲ့သော်လည်း ၂၀၁၈ ခုနှစ် ဇူလိုင် ၂၅ ရက်တွင် ၁၄၂၇ ကျပ်အထိ သတ်မှတ်ခဲ့သဖြင့် လတ်တလောတွင် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှု ကျပ် ၂၁၇ ကျပ်အထိ ဖြစ်ပေါ်နေသည်။