ဘင်္ဂါလီအရေးနှင့်ပက်သက်၍ မြန်မာအစိုးရကို ICC သို့တင်ရန် ဗြိတိသျှလွှတ်တော်အမတ်များ ကြိုးပမ်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဘင်္ဂါလီဒုက္ခသည်စခန်း တစ်ခုကို ဧပြီလ အတွင်းက တွေ့ရစဉ် (Photo – AFP)

အစိုးရကသဘောတူသော ဘင်္ဂါလီများကို လူမျိုးသုဉ်းသတ်ဖြတ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတို့နှင့်သက်ဆိုင်သော သက်သေအထောက်အထားနှင့် ပက်သက်၍ မြန်မာအစိုးရကို အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုခုံရုံး (ICC) သို့ လွှဲပြောင်းပေးရန် ကြိုပမ်းမှုများကို ဗြိတိန်က ထောက်ခံသွားမည်ဖြစ်ကြောင်း ဗြိတိသျှလွှတ်တော် နိုင်ငံတကာဖွံ့ဖြိုးရေးကော်မတီက လွှတ်တော်အမတ်များက ထုတ်ဖော်ပြောကြားခဲ့ကြသည်။

မြန်မာနိုင်ငံသို့ ပေးအပ်သည့် ဗြိတိန်အထောက်အပံ့ကို အပြည့်အ၀ပြန်လည်သုံးသပ်သွားရန်လည်း ၄င်းတို့က တောင်းဆိုခဲ့ကြသည်။ ဗြိတိန်သည် ၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပေါင်သန်း ၁၀၀ ထောက်ပံ့ကူညီခဲ့ပြီး ထိုပမာဏမှာ ဒီမိုကရေစီသို့ အသွင်ကူးပြောင်းနေပုံရသောကြောင့် ထိုအချိန်တုန်းက ပေးအပ်ရန် သဘောတူခဲ့သော ပမာဏဖြစ်သည်ဟုဆိုသည်။

ယင်းသို့အသွင်ကူးပြောင်းမှုကိုလည်း မတွေ့ ရသကဲ့သို့ စစ်မှန်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မှန်သမျှကိုလည်း မတွေ့ရကြောင်း ကော်မတီက ကောက်ချက်ချကာ မြန်မာအာဏာပိုင်တို့က နောက်ဆုံးအချိန်ရောက်မှ ဗီဇာငြင်းပယ်လိုက်သောကြောင့် ဗြိတိန်အထောက်အပံ့ စီမံကိန်းများကို လာရောက်ကြည့်ရှုကြရန် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခွင့်လည်း တားမြစ်ခံခဲ့ရသည်ဟု လွှတ်တော်ဖွံ့ ဖြိုးရေးကော်မတီက ဖြည့်စွက်ပြောကြားခဲ့သည်။

လုံခြုံရေးကောင်စီတွင် ဗီတိုအာဏာရှိသောအဖွဲ့ဝင် တရုတ်နိုင်ငံက အတိုက်အခံလုပ်ခဲ့သောကြောင့် ကုလသမဂ္ဂတွင် မြန်မာနိုင်ငံကို စုပေါင်းအရေးယူရေးမည့် စိတ်ကူးသည် ရပ်တန့်နေခဲ့ရသည်။

လုံခြုံရေးကောင်စီက မြန်မာနိုင်ငံကို ICC သို့ လွှဲပြောင်းပေးရေးနှင့် ထိပ်တန်းပုဂ္ဂိုလ်အားလုံးကို ပစ်မှတ်ထားသည့် ဘဏ္ဍာရေးပိတ်ဆို့မှုကို ပြုလုပ်နိုင်ရန် ဗြိတိန်နှင့် မဟာမိတ်နိုင်ငံများက ထောက်ခံမှုနည်းလမ်းကို ရှာဖွေနေကြောင်း ကော်မတီက ပြောကြားသည်။ မြန်မာနိုင်ငံသည် ICC တွင် ပါဝင်ရန် လက်မှတ်ရေးထိုးထားသော နိုင်ငံမဟုတ်ပေ။

ဘင်္ဂါလီများ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိလာပုံကို ၄င်းအနေဖြင့် စုံစမ်းစစ်ဆေး၍ ရနိုင်၊ မရနိုင်ဆိုသည့် စီရင်ထုံးတစ်ရပ်ကို ရှာဖွေမည့် ICC ၏တရားစွဲဆိုရေးဆိုင်ရာ အကြီးအကဲ ဖာတူးဘင်ဆူးဒါး၏ လုပ်ဆောင်မှုကိုလည်း ကော်မတီက ကြိုဆိုသည်။

လွန်ခဲ့သောလက လုံခြုံရေးကောင်စီမှ သံတမန်များ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့ပြီးနောက် ဘင်္ဂါလီဒုက္ခသည်များ ဘေးကင်းစွာပြန်လာနိုင်ရေးကို ၄င်းတို့က တောင်းဆိုခဲ့သည်သာမက မြန်မာ့အချုပ်အခြာအာဏာကိုလည်း အသိအမှတ်ပြုကြောင်း ပြောဆိုခဲ့ကြသည်။ ၂၀၁၇ ခုနှစ် သြဂုတ်လတွင် ပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက် ဘင်္ဂါလီ ၆၈၀၀၀၀ ကျော်သည် ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြသည်။

နှစ်နိုင်ငံနယ်စပ်စည်းမျဉ်းအနီး ARSA အကြမ်းဖက်အဖွဲ့များ ရောနှောဝင်ရောက်နေခြင်း၊ နေထိုင်သူများ တရားမ၀င်တိုးပွားလာမှုကို သတင်းဖလှယ်မှုမရှိခြင်းသည် သတ်မှတ်ချက်များကို ချိုးဖောက်ရာရောက်ကြောင်း နှစ်နိုင်ငံတပ်ရင်းမှူးအဆင့် တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာကန့်ကွက်

နှစ်နိုင်ငံ တပ်ရင်းမှူးအဆင့် အလံတင်အစည်းအဝေး ကျင်းပပြုလုပ်မှုကို တွေ့ရစဉ် (ဓာတ်ပုံ – သတင်းထုတ်ပြန်ရေး ကော်မတီ)

နေထိုင်ခွင့်မရှိသည့် နှစ်နိုင်ငံနယ်စပ် စည်းမျဉ်းအနီး ARSA အကြမ်းဖက်အဖွဲ့များ ရောနှောဝင်ရောက်နေသည့် နေထိုင်သူများ တရားမ၀င်တိုးပွားလာမှုကို သတင်းဖလှယ်မှုမရှိခြင်းသည် နှစ်နိုင်ငံနယ်နိမိတ် စာချုပ်၏ သတ်မှတ်ချက်များကို ချိုးဖောက်ရာရောက်ကြောင်း နှစ်နိုင်ငံတပ်ရင်းမှူးအဆင့် တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံက ကန့်ကွက်ခဲ့ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သည်။

မေ ၁၆ ရက်က တောင်ပြိုလက်ဝဲ ၀င်ထွက်တံတားအနီးပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၏ နှစ်နိုင်ငံ တပ်ရင်းမှူးအဆင့် တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာဘက်က ယင်းကဲ့သို့ ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားခဲ့သော မြန်မာနိုင်ငံနယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှူး၏ ပြောကြားမှုများအရ နှစ်နိုင်ငံ နယ်စပ်စည်းမျဉ်းအနီးတွင် မေ ၆ ရက် မှ မေ ၈ ရက်အတွင်း ယာယီတဲအသစ်ရှစ်လုံး ဆောက်လုပ်ထားသည်ကို တွေ့ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ဖော်ပြထားသည်။

မြန်မာနိုင်ငံနယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှူးက နှစ်နိုင်ငံနယ်စပ်စည်းမျဉ်းအနီး နေထိုင်ခွင့်မရှိသောနေရာတွင် လူဦးရေ၊ အိမ်ထောင်စုများ တရားမ၀င်တိုးပွားလာမှုကို သတင်းဖလှယ်မှုမရှိခြင်းသည် နှစ်နိုင်ငံအကြား ချုပ်ဆိုထားသော နယ်နိမိတ်စာချုပ်ပါ သတ်မှတ်ချက်များကို ချိုးဖောက်ရာ ရောက်သဖြင့် မြန်မာနိုင်ငံဘက်က တရားဝင်ကန့်ကွက်ကြောင်းနှင့် ARSA အကြမ်းဖက်အဖွဲ့များပါ ရောနှောဝင်ရောက်လာကြောင်း သိရသဖြင့် ကာကွယ်တားဆီးပေးရန် ပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ တရားဝင်ကန့်ကွက်မှုအား ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်ရဲတပ်ရင်းမှူးက နေရပ်စွန့်ခွာသူများသည် ကမ္ဘာ့အဖွဲ့အစည်းများ၏ ထောက်ပံ့ပေးမှုကြောင့် ရပ်တည်နေခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ်ဖြစ်စဉ်အပြီး ပြောင်းရွှေ့ဒုက္ခသည်များသည် ယခုအချိန်ထိ နယ်နိမိတ်စည်းမျဉ်းအတွင်း နေထိုင်လျက်ရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ထောက်ပံ့ပေးခဲ့မှုမရှိကြောင်း၊ ကမ္ဘာ့အဖွဲ့အစည်းများအနေဖြင့် ထောက်ပံ့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးမှုများဖြစ်သဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် ကန့်ကွက်၍မရကြောင်း စသည်ဖြင့် ပြန်လည်ဆွေးနွေးခဲ့သည်ဟု သတင်းထုတ်ပြန်ရေးကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် နှစ်နိုင်ငံနယ်စပ်၌ ဘင်္ဂါလီများ နေထိုင်လျက်ရှိပြီး မြန်မာအစိုးရအနေဖြင့် နယ်စပ်အား စောင့်ကြည့်ကာ လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မောင်တောမြို့နယ် ကိုင်းကြီး (မြို) တိုင်းရင်းသားများအတွက် ဆောက်လုပ်လှူဒါန်းသော နေအိမ် ၆၄ လုံးအား လွှဲအပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မောင်တောမြို့နယ် ကိုင်းကြီး (မြို) တိုင်းရင်းသားများအတွက် ဆောက်လုပ်လှူဒါန်းသော နေအိမ် ၆၄ လုံးအား မေ ၁၉ ရက်က လွှဲအပ်ခဲ့ကြောင်း သိရသည်။

ကိုင်းကြီး (မြို) တိုင်းရင်းသားများအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသော အိမ်ရာ ၆၄ လုံးအား ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်မှစတင်ကာ BLUE & GREEN ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး နေအိမ်အမျိုးအစားမှာ RC သွပ်မိုး ၃၀×၁၈ အရွယ်အစားဖြစ်ကြောင်းနှင့် နေအိမ်တစ်လုံးတန်ဖိုးမှာ ငွေကျပ် ၉၅ သိန်းဖြစ်ပြီး နေအိမ် ၆၄ လုံးအတွက် စုစုပေါင်းကုန်ကျငွေမှာ ငွေကျပ်သန်းပေါင်း ၆၀၈၀ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိုင်းကြီးကျေးရွာမှ မြိုတိုင်းရင်းသားများအတွက် နေအိမ်များမှာ ပြီးစီးခဲ့ပြီဖြစ်သဖြင့် လွှဲအပ်ပွဲအခမ်းအနားကို မေ ၁၉ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၅၀ က ကျင်းပခဲ့ရာ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဝင်းသိန်းနှင့် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပုတို့ တက်ရောက်ဖွင့်လှစ် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ကျေးရွာသား ရှစ်ဦးသတ်ဖြတ်ခံခဲ့ရသည့် ကိုင်းကြီး မြိုတိုင်းရင်းသားကျေးရွာအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ နေအိမ်များ ဆောက်လုပ်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အိမ်ရာ ၅၆ လုံးနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အိမ်ရာ ၆၄ လုံးကို လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

သြဂုတ် ၃ ရက်က မောင်တောမြို့နယ်တောင်ပိုင်း မေယုတောင်ပေါ်ရှိ ကိုင်းကြီးမြိုတိုင်းရင်းသားကျေးရွာမှ ကျေးရွာသားရှစ်ဦးသည် တောင်ယာသွားရင်း ဘင်္ဂါလီအကြမ်းဖက်သမားများ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။

ရွာသားရှစ်ဦး သတ်ဖြတ်ခံခဲ့ရသည့် ကိုင်းကြီး (မြို) ရွာသားများသည် မူလနေရာဖြစ်သော မေယုတောင်ပေါ်တွင် မနေရဲတော့သဖြင့် ပြောင်းရွှေ့နေရာချထားရန် တောင်းဆိုခဲ့သောကြောင့် မောင်တော-အငူမော်ကားလမ်း အရှေ့ဘက် မေယုတောင်ခြေတွင် ရွာသစ်တည်ပေးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ ကိုင်းကြီး (မြို) ကျေးရွာအား မောင်တောမြို့နယ်တောင်ပိုင်း၊ ဝေသာလီ-ဥဒေါင်း ကွန်ကရစ်လမ်းဘေး အရှေ့ဘက် မေယုကြိုးဝိုင်း၊ သံဒါကျေးရွာအုပ်စု၊ သံဒါကွင်း၊ ကွင်းအမှတ် ၁၃၆ တွင် ပြန်လည်နေရာချထားခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ် အောက်တိုဘာ ၂၀ ရက်က ပန္နက်ရိုက်အခမ်းအနား ပြုလုပ်ခဲ့ပြီး အိမ်ရာကွက်အရွယ် ပေ ၄၀×၆၀၊ အိမ်ရာကွက်များတွင် နေအိမ်များ တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။

ကိုင်းကြီး(မြို)တိုင်းရင်းသားကျေးရွာတွင် အိမ်ထောင်စု ၄၈ စုရှိခဲ့ရာမှ လက်ရှိတွင် အိမ်ထောင်စု ၄၆ စု လူဦးရေ ၂၅၀ ရှိနေကြောင်း သိရသည်။

ARSA အနေဖြင့် ဒုက္ခသည်စခန်းများ၌ ခြေကုပ်ယူလျက်ရှိပြီး အကြမ်းဖက်မှုနှင့် အစွန်းရောက်တို့၏ အမာခံနယ်မြေတစ်ခု မကြာမီဖြစ်လာလိမ့်မည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီ ထုတ်ပြန်

ARSA အနေဖြင့် ဒုက္ခသည်စခန်းများ၌ ခြေကုပ်ယူလျက်ရှိနေပြီး အကြမ်းဖက်မှုနှင့် အစွန်းရောက်တို့၏ အမာခံ နယ်မြေတစ်ခု မကြာမီ ဖြစ်လာလိမ့်မည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက မေ ၁၆ ရက်က ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ပါရှိသည်။

အလားတူ ဘင်္ဂလားဒေ့ရှ်ဘက်မှ ဒေသတွင်း၌ အစွန်းရောက်များ ပေါ်ပေါက်လာစေရန် အမှတ်တမဲ့ ခွင့်ပြုနေခြင်းအပေါ် မိမိတို့အနေဖြင့် လွန်စွာ စိုးရိမ်ပူပန်ပါကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

မေ ၉ ရက်က လေးဦးမှ ခြောက်ဦးအထိ ပါဝင်သည့် အကြမ်းဖက်အုပ်စုသည် ဘူလူကာလီ ဒုက္ခသည်စခန်းသို့ ၀င်ရောက်ခဲ့ပြီး အသက် ၄၆ နှစ်အရွယ် Mohamed Faisal Ulhaq ဆိုသူအား ခေါ်ထုတ်ပြီး ဓားဖြင့် ထိုးသတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ ၎င်းသည် နေရပ်တိမ်းရှောင်နေသူများ ရခိုင်ပြည်နယ်သို့ ပြန်ရန် လှုံ့ဆော်စည်းရုံးနေသူ တစ်ဦးဖြစ်သည်ဟု သိရကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါဝင်သည်။

မြန်မာဘက်ခြမ်းရှိ အပြည်ပြည်ဆိုင်ရာ နယ်နိမိတ်မျဉ်းအတွင်း တရားမ၀င် နေထိုင်သူများကို အဆောက်အအုံများ ဆောက်လုပ်နိုင်ရန် ဘင်္ဂလားဒေ့ရှ်က အကူအညီပေးလျက် ရှိသည်ကို တွေ့ရှိရကြောင်း၊ ယင်းမှာ မြန်မာနိုင်ငံ၏ ပိုင်နက်နယ်မြေ တည်တံ့မှုနှင့် အချုပ်အခြာအာဏာကို ပေါ်ပေါ်တင်တင် ချိုးဖောက်နေခြင်းပင် ဖြစ်ကြောင်း၊ ယင်းလုပ်ရပ်ကို ချက်ချင်းရပ်တန့်ရန် လိုအပ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါဝင်သည်။

မောင်တောဒေသရှိ တိုင်းရင်းသားများသည် အကြမ်းဖက်များ၏ ဆိုးရွားသည့် လုပ်ရပ်များကြောင့် စိတ်ဒဏ်ရာများ ခံစားနေကြရကြောင်း၊ ARSA များကြောင့် စိုးရိမ်ကြောက်ရွံ့မှုများ ကြီးမားလာပြီး မိမိတို့ပိုင်သည့် မြေပေါ်တွင်ပင် လူနည်းစု မလုံခြုံမှုများ ခံစားနေကြရကြောင်း သိရသည်။

 

ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိသွားသူများက ပြန်လည် ခိုးဝင်လာပြီး ဘူးသီးတောင်မြို့နယ်အတွင်း နေအိမ်ဆောက်လုပ် နေထိုင်မှု အများအပြားရှိနေကြောင်း လွှတ်တော်ကိုယ်စားလှယ်များ ပြောကြား

ဂူတာပြင်ကျေးရွာတွင် ခိုးဝင်ပြီး အိမ်အသစ် ဆောက်လုပ်ထားသည်ကို ယခုရက်ပိုင်းအတွင်း တွေ့ရစဉ်

၂၀၁၇ သြဂုတ် ၂၅ ရက်က လက်နက်ကိုင်စခန်းပေါင်း ၃၀ ကျော်ကို တစ်ချိန်တည်း တစ်ပြိုင်တည်း ၀င်ရောက် တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိသွားကြပြီးနောက် ယခုလပိုင်းများအတွင်း ဘူးသီးတောင်မြို့နယ်အတွင်းသို့ တိတ်တဆိတ် ပြန်လည် ၀င်ရောက်လာကာ နေအိမ်ဆောက်လုပ်နေထိုင်မှု အများအပြား ရှိနေကြောင်း ဒေသခံ လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။

ယင်းနှင့်ပတ်သက်ပြီး ဘူးသီးတောင်မြို့မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက “ဂူတာပြင်ရွာဟာ သြဂုတ်လအတွင်းက စခန်းတွေကို တိုက်ခိုက်ပြီးနောက်ပိုင်းမှာ လက်နက်ကိုင်တပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့တဲ့ ရွာဖြစ်တယ်။ အဲဒီရွာကလည်း အားလုံး ထွက်ပြေးသွားတယ်။ ဒါပေမဲ့ အခု အိမ်သစ် ဆောက်လုပ်နေတာ အိမ်ခြေ ၆၀ နီးပါး ရှိနေပြီဖြစ်တယ်။ ဒါကို အစိုးရက မသိဘူး လုပ်နေတယ်။ ဒီလိုဆောက်ခွင့် ရတာဟာ လက်နက်ကိုင်တပ်ဖွဲ့တွေ ပူးပေါင်းပါဝင်မှု ရှိနေတယ်လို့ သိရတယ်။ အထူးသဖြင့် ညောင်ချောင်းစခန်းက တာဝန်ရှိသူတွေ အလိုတူအလိုပါ လုပ်နေတယ်လို့ သိရတယ်။ ပြဿနာဖြစ်တိုင်းလည်း အဲဒီရွာက စတင်ခဲ့တာ ရှိတယ်။ ဂူတာပြင်နဲ့ စိမ့်ညှင်းပြားရွာမှာ တစ်ယောက်မှ မရှိတော့ပေမယ့် အခုအိမ်တွေ ဆောက်နေတယ်ဆိုတာ တရားဥပဒေ စိုးမိုးမှု မရှိတာကို ပြသနေတာ ဖြစ်ပါတယ်။ သပိတ်တောင် ရခိုင်ရွာသားတွေကို ၀ိုင်းထားလို့ စစ်ကူသွားရောက်ပြီး ကယ်ထုတ်ခဲ့ရတဲ့ အနေအထားမှာ ရှိခဲ့တယ်။ ဂူတာပြင်ရွာသားတွေဟာ လက်နက်ကိုင်တပ်ဖွဲ့တွေကို လမ်းက ဖြတ်တိုက်ပြီးနောက် ကိုယ့်အိမ်ကိုယ် မီးရှို့ပြီး ထွက်ပြေးသွားကြတဲ့အတွက် တစ်ယောက်မှ မရှိတော့တဲ့ ရွာဖြစ်တယ်။ အခုဆိုရင် ဓာတ်ပုံမှာ မြင်နေရသလို အိမ်တွေ ၆၀ နီးပါး ဖြစ်နေပြီ”ဟု ပြောကြားသည်။

သို့သော်လည်း ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူးက တရားမ၀င် ၀င်ရောက်နေထိုင်မှု ရှိသည်ဟု မသိရကြောင်း၊ တရားမ၀င် ၀င်ရောက်လာပါက သက်ဆိုင်ရာ ဌာနဆိုင်ရာများအနေဖြင့် အရေးယူသွားမည် ဖြစ်ကြောင်း၊ ဂူတာပြင်တွင် နေအိမ်များ ဆောက်လုပ်နေသည့် သတင်းအပေါ်လည်း အထက်သို့ တင်ပြထားကြောင်း ပြောကြားသည်။

ထို့ပြင် နယ်ခြားစောင့် တပ်ရင်းမှူးက “ကျွန်တော် သိထားသလောက်တော့ ဘင်္ဂလားဘက်က ခိုးဝင်တာ ဘာညာတော့ မရှိဘူးခင်ဗျ။ လွှတ်တော် ကိုယ်စားလှယ်တော့ ပြောတာပဲ။ ဘယ်လိုများ သိလို့လဲတော့ မသိဘူး။ ဂူတာပြင်ကတော့ ကျွန်တော်တို့ သဘောထား မှတ်ချက် ပေးထားပြီးသားပါ။ ဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့အတွက် လုံခြုံရေးအရ ခွင့်မပြုဘူးလို့ မှတ်ချက်ပေးထားတာ ရှိတယ်။ ထွေအုပ်ကတော့ အကြောင်းကြားစာလည်း မလာဘူး။ မီးမလောင်ဘဲနဲ့ ကျန်ခဲ့တဲ့အိမ်တွေ ရှိတာပေါ့။ အဲဒီမှာ ပေါင်းပြီးနေကြတာတော့ ရှိတယ်။ ဒါပေမဲ့ အိမ်ဆောက်လုပ်ခွင့်တော့ ပြုမထားသေးဘူး”ဟု ပြောကြားသည်။

ဂူတာပြင်ကျေးရွာတွင် ခိုးဝင်ပြီး အိမ်အသစ် ဆောက်လုပ်ထားသည်ကို ယခုရက်ပိုင်းအတွင်း တွေ့ရစဉ်

ဘူးသီးတောင်မြို့နယ်အပြင် မောင်တောမြို့နယ်အတွင်း၌လည်း ထိုသို့ ခိုးဝင်နေထိုင်မှုများ ရှိနေကြောင်း ဒေသခံများက ပြောဆိုကြသည့်အပြင် လူမှုကွန်ရက်များတွင်လည်း ရေးသားတင်ပြနေသည်ကို မြင်တွေ့ရသော်လည်း သက်ဆိုင်ရာဌာနများ အနေဖြင့် ပြတ်သားစွာ ပြောဆိုရန်နှင့် ပြတ်သားစွာ လုပ်ဆောင်ရန် လိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ထောက်ပြမှုများ ရှိနေသည်။

“ဒေသခံ ပြည်သူတွေကလည်း ကျွန်တော့်ကို လှမ်းပြီးပြောနေကြတယ်။ ဘူးသီးတောင်နယ်မှာ အိမ်တွေ ဆောက်လုပ်နေတာကို မြင်ရတယ်လို့ ပြောတယ်။ ကျွန်းပေါက်ကျေးရွာမှာလည်း ၀င်ရောက်ပြီး အိမ်တွေ ဆောက်လုပ်နေကြပြီလို့ သိရတယ်။ ဒီလိုမျိုး နယ်စပ်ဖြတ်ကျော်သွားသူတွေကို လျစ်လျူရှုထားမယ်ဆိုရင် အကြမ်းဖက်မှုတွေ ထပ်ပြီး ဖြစ်လာနိုင်တယ်။ သူတို့ကို အမှီပြုပြီး အကြမ်းဖက်သမားတွေ ၀င်လာနိုင်တယ်။ အကြမ်းဖက်သမားတွေအတွက် အထောက်အပံ့ဖြစ်လာနိုင်သလို ကူညီသူလည်း ဖြစ်လာနိုင်တယ်။ ဒီကိစ္စဟာ ဒေသခံ တိုင်းရင်းသားတွေအတွက် အလွန်တစ်ရာ စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်လာပါတယ်။ ဂူတာပြင်ဆိုတာကလည်း အကြမ်းဖက်တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တဲ့ ရွာဖြစ်တယ်။ စစ်ကြောင်းကိုလည်း တိုက်ခိုက်ခဲ့တယ်။ နောက်ပိုင်းမှာ ရွာကို မီးရှို့ပြီး ထွက်ပြေးသွားကြတယ်။ အဲဒါကလည်း စစ်တပ်ကို အပြစ်ပုံချဖို့ လုပ်ဆောင်ခဲ့တာသာ ဖြစ်တယ်။ တစ်ယောက်မှ မကျန်တော့တဲ့ ရွာမှာ အခုလိုမျိုး နေအိမ်တွေ ဆောက်လုပ်နေတာ အထင်အရှား မြင်တွေ့နေရပေမယ့် မျက်စိမှိတ်ထားမယ်ဆိုရင် တိုင်းရင်းသားတွေ ထပ်ပြီး အသတ်ခံရနိုင်တယ်။ တရားဥပဒေ စိုးမိုးရေးဆိုတာ ဘာလဲလို့ မေးစရာ ဖြစ်နေပါတယ်။ တိုင်းရင်းသားအတွက် တရားဥပဒေ စိုးမိုးရေးဆိုတာ မရှိတော့တဲ့ အနေအထားမှာ ရှိနေတယ်လို့ မြင်ပါတယ်”ဟု ဘူးသီးတောင်မြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောကြားသည်။

ဂူတာပြင်ကျေးရွာတွင် ခိုးဝင်ပြီး အိမ်အသစ် ဆောက်လုပ်ထားသည်ကို ယခုရက်ပိုင်းအတွင်း တွေ့ရစဉ်

လက်ရှိအချိန်တွင် မြန်မာအစိုးရအနေဖြင့် ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိသွားသော ဘင်္ဂါလီများအား ပြန်လည်လက်ခံရေးစခန်းများ ဖွင့်လှစ်ပြီး လက်ခံနေသော်လည်း တရားဝင် ၀င်ရောက်လာသူ ဆယ်ဂဏန်းမျှသာ ရှိသေးသည့်တိုင် တရားမ၀င် လမ်းကြောင်းမှ ၀င်ရောက်နေထိုင်မှုများ ရှိနေသည်ကို အထင်အရှား မြင်တွေ့နေရကြောင်းနှင့် ၎င်းတို့အား ဥပဒေကြောင်းအရ အပြစ်ပေးမှုများ မရှိပါက မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် မြို့နယ်များအတွင်း အခြေချနေထိုင်နေကြသည့် တိုင်းရင်းသားများ အနေဖြင့် နေရပ်စွန့်ခွာမှု ပိုများလာနိုင်ကြောင်း သုံးသပ်ကြသည်။

“တိုင်းရင်းသားတွေအနေနဲ့ မောင်တောတောင်ပိုင်းက သင်္ဘောကွေ့ကျေးရွာမှာ အခြေချဖို့လုပ်တော့ အစိုးရဘက်က ဟန့်တားမှုတွေ လုပ်တယ်။ မီးလောင်ပြင်ဖြစ်လို့ နေထိုင်လို့ မရဆိုဘူးဆိုပြီး မောင်းထုတ်နေချိန်မှာ ဒီနေ့ ဂူတာပြင်ကျေးရွာမှာ ဆောက်လုပ်နေတဲ့ နေအိမ်တွေကို တွေ့ရခြင်းအားဖြင့် ဥပဒေဟာ တရားမ၀င် လာရောက်နေထိုင်သူတွေကို အကာအကွယ်ပေးဖို့အတွက်သာ ဖြစ်နေသလားလို့ ထင်ရပါတယ်။ ခိုးဝင်ပြီး နေအိမ်ဆောက်လုပ်မှုတွေကို အမြန်ဆုံး အရေးယူဖို့ လိုအပ်နေပါတယ်။ ဒါဟာ သိပ်ပြီး အရေးကြီးတဲ့ ကိစ္စတစ်ရပ်လည်း ဖြစ်ပါတယ်”ဟု ဦးထွန်းအောင်သိန်းက ပြောကြားသည်။

 

ဘင်္ဂါလီ အကျပ်အတည်းအတွက် ICC တရားသူကြီးများ တံခါးပိတ်ဆွေးနွေးမည်

မြန်မာနိုင်ငံမှ ဘင်္ဂါလီမွတ်စလင်များ အစုအပြုံလိုက် ထွက်ပြေးမှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရန် ခွင့်ပြုမည် မပြုမည်ကို လာမည့်လတွင် အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုခုံရုံး (ICC) မှ တရားသူကြီးများက တံခါးပိတ် ဆွေးနွေးမည် ဖြစ်ကြောင်း ICC ၏ ဥက္ကဋ္ဌတရားသူကြီး ပီတာကိုဘတ်စ် ကပြီးခဲ့သည့် မေ ၁၁ တွင် အမိန့်ထုတ်ထားကြောင်း AFP က ယင်းအမိန့်ကို ကိုကားပြီး မေ ၁၄ တွင် ဖော်ပြခဲ့သည်။

ဇွန် ၂၀ တွင် ICC ၏ ရှေ့နေချုပ် ဖာတိုအိုဗင်ဆူဒါသည် တရားသူကြီး သုံးဦးရှေ့မှောက်တွင် လာရောက် ဆွေးနွေးရမည်ဖြစ်ကြောင်း ပီတာကိုဘတ်စ်က ယင်းအမိန့်တွင် ပြောကြားထားသည်။

ဘင်္ဂါလီမွတ်စလင်များ နေရပ်ရွှေ့ပြောင်းရမှုသည် လူသားချင်း ရာဇ၀တ်မှုကျူးလွန်ခြင်း ဖြစ် မဖြစ်ကို စုံစမ်းစစ်ဆေးခွင့်ပေးရန် ICC ၏ တရားသူကြီးများကို အဆုံးအဖြတ်ပေးရန် ဗင်ဆူဒါက ပြီးခဲ့သည့်လတွင် တောင်းဆိုခဲ့သည်။

မြန်မာနိုင်ငံသည် ICC တွင် လက်မှတ်ရေးထိုးထားသော နိုင်ငံမဟုတ်သောကြောင့် ယင်းတောင်းဆိုချက်သည် တရားရေးဆိုင်ရာအရ ရှုပ်ထွေးသော တောင်းဆိုချက်တစ်ခု ဖြစ်ခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် သည်ဟိဂ်၌ တည်ထောင်ခဲ့သော ICC သည် လူမျိုးတုန်း သတ်ဖြတ်မှု အပါအ၀င် ကမ္ဘာ့နိုင်ငံများ၏ တရားရုံးများက အရေးယူဆောင်ရွက်ရန် မတတ်နိုင်သော သို့မဟုတ် မဆောင်ရွက်လိုသော အဆိုးဆုံးရာဇ၀တ်မှုများအတွက် အရေးယူဆောင်ရွက်သည့် တရားရုံးဖြစ်သည်။

ဘင်္ဂါလီများ တရားမ၀င် ၀င်ရောက်နေသည်ကို တွေ့မြင်နေရသည့်အတွက် လုံခြုံရေး စိုးရိမ်သဖြင့် ကျောင်းသားများ အပါအ၀င် လူငယ် ၈၀ ကျော် မြို့ပေါ်ကျောင်းများသို့ ပြောင်းရွှေ့

ကျောင်းသားများ ရွှေ့ပြောင်းလာသည်ကို မေ ၁၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဦးသန်းထွန်း)

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းသို့ ဘင်္ဂါလီများ တရားမ၀င် ၀င်ရောက်နေသည်ကို တွေ့မြင်နေရသည့်အတွက် လုံခြုံရေးအပေါ် စိုးရိမ်သဖြင့် တရိန်း၊ ဂြစ်ချောင်း၊ နန်းရာကိုင်း၊ လောင်းဒုံ အစရှိသော ကျေးရွာတို့မှ ရခိုင်၊ မြို၊ ဒိုင်းနက်၊ သက် လူမျိုးကျောင်းသားများအပါအ၀င် လူငယ် ၈၀ ကျော်ကို မြို့ပေါ်နှင့် လုံခြုံမည်ဟု ယူဆရသည့် နေရာများသို့ မေ ၁၀ ရက်က ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။

ထိုသို့ ပြောင်းရွှေ့ရာတွင် မှန်လုံကားကြီး နှစ်စီးဖြင့် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး တိုင်းရင်းသားကျေးရွာများအပေါ် လုံခြုံရေးဂရုစိုက်မှု မရှိဟု ခံစားရခြင်း၊ မျက်နှာစိမ်း ဘင်္ဂါလီများကို တစ်နေ့ထက်တစ်နေ့ ပိုမိုတွေ့မြင်လာရခြင်းတို့အပြင် ထွက်ပြေးမည်ဆိုပါကလည်း ကလေးငယ်များနှင့် အဆင်ပြေမည် မဟုတ်သည့်အတွက် ထိုသို့ပြောင်းရွှေ့ထားရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။

ယင်းနှင့်ပတ်သက်၍ ဒေသခံတစ်ဦးဖြစ်သူ ဦးငွေမောင်းက “ပညာရေးအဆင်ပြေမယ့် နေရာတွေကို ပို့တာဖြစ်ပါတယ်။ မြောက်ပိုင်းမှာကျတော့ ကျောင်းတွေမှာ တာဝန်ကျတဲ့ဆရာတွေကလည်း သိပ်မနေချင်ကြဘူးလေ။ ကိုယ့်သားသမီးကို ကိုယ်အဆင်ပြေတဲ့နေရာတွေမှာ သွားထားတဲ့သဘောပါ။ သားသမီးတွေရှိနေတော့ ပြေးရမယ်ဆိုရင်တောင် ပြေးရလွှားရ အဆင်ပြေမှာမဟုတ်ဘူး။ ကျွန်တော်တို့ဘက်မှာက ဘာတွေဖြစ်လာမယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ ဒါကြောင့် ကလေးတွေ မြို့အနီးကို ပို့ထားကြတာပါ” ဟု ပြောကြားသည်။

မောင်တောမြောက်ပိုင်းဒေသရှိ တိုင်းရင်းသားများအနေဖြင့် ကျေးရွာများကို စွန့်ခွာရာတွင် ကလေးငယ်များကို ဦးစွာပြောင်းရွှေ့ထားပြီး ကျန်မိသားစုဝင်များ တဖြည်းဖြည်း ပြောင်းရွှေ့သွားကြခြင်းများ ရှိသကဲ့သို့ တိုင်းရင်းသားကျေးရွာအချို့တွင် နေထိုင်သူ မရှိသလောက် နည်းပါးခဲ့ပြီဖြစ်ကြောင်း သိရသည်။

“တကယ်တော့ ပညာရေးတစ်ခုတည်းအတွက် မဟုတ်ဘူးပေါ့။ လုံခြုံရေးကင်းမဲ့သလို ခံစားလာရတဲ့အခါ ကိုယ့်သားသမီးကို ဘယ်သူမဆို ဘေးကင်းမယ့်နေရာမှာတော့ ထားချင်ကြတာပေါ့လေ။ နောက်ပိုင်းမှာလည်း မိဘတွေအနေနဲ့ လွယ်လင့်တကူ ပြောင်းရွှေ့ သွားနိုင်တဲ့သဘောလို့ မြင်တယ်။ မောင်တော မြောက်ပိုင်းမှာရှိတဲ့ ရခိုင်နဲ့ မျိုးနွယ်စုတွေက မလုံခြုံဘူးလို့ ခံစားလာကြတဲ့အတွက်လည်း ပါမယ်။ နောက်တစ်ခုက တစ်ဖက်နိုင်ငံကို  ထွက်ပြေးသွားတဲ့ ဘင်္ဂါလီတွေကလည်း အခုအခါမှာ တရားမ၀င်တဲ့လမ်းကြောင်းက ၀င် ရောက်လာသူတွေဟာလည်း နေရာအသီးသီးမှာ ရောက်ရှိနေကြတော့ စိုးရိမ်စိတ် ပိုများလာတယ်လို့ သုံးသပ်မိပါတယ်” ဟု စစ်တွေ မြို့မှ ဦးသန်းထွန်းက သုံးသပ်ပြောကြားသည်။