ဖားကန့်ဒေသ မယ့်လင်ချောင်မှော်၊ ရတနာတောင်တန်းကုမ္ပဏီ လုပ်ကွက်ဟောင်းတွင် တရားမ၀င် ကျောက်စိမ်းတူးနေသည့် အမျိုးသားခြောက်ဦးနှင့် ဘက်ဟိုးယာဉ် ခုနစ်စီး ဖမ်းဆီးရမိ

ဖမ်းဆီရမိသည့် ဘက်ဟိုးယာဉ်များကို စက်တင်ဘာ ၅ ရက်ညပိုင်းက သယ်ဆောင်လာသည်ကို တွေ့ရစဉ်

ကချင်ပြည်နယ် ဖားကန့်ဒေသ မယ့်လင်ချောင်မှော်၊ ရတနာတောင်တန်းကုမ္ပဏီ လုပ်ကွက်ဟောင်းတွင် တရားမ၀င် ကျောက်စိမ်းတူးနေသည့် အမျိုးသားခြောက်ဦးနှင့် ဘက်ဟိုးယာဉ် ခုနစ်စီးကို စက်တင်ဘာ ၅ ရက် ညနေပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ယင်းဖမ်းဆီးမှုကို တပ်မတော်တပ်မ (၃၃) ၊ ခလရ (၄)၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲတပ်ဖွဲ့ ၂၆ ၊ ရဲတပ်ဖွဲ့ ၃၀၊ ဖားကန့်မြို့မ ရဲတပ်ဖွဲ့ဝင်များသည် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ မယ်လင်ချောင်ရွာအနီး ရတနာ တောင်တန်းကုမ္ပဏီ လုပ်ကွက်ဟောင်းတွင် တရားမ၀င် ကျောက်စိမ်းတူးဖော်နေမှုများကို ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးမှုတွင် ဘက်ဟိုး ခုနစ်စီး၊ အမျိုးသား ခြောက်ဦး၊ ကျောက်စိမ်းရိုင်းတုံး ၈၁ ကီလိုဂရမ်ကျော် ဖမ်းဆီးရမိခဲ့ပြီး ဘက်ဟိုးများကို လုံးခင်းကျေးရွာအုပ်စု၊ လယ်ပြင်ယမ်းချက်စက်ရုံတွင် ခေတ္တ ထိန်းသိမ်းထားကြောင်း၊ ဖမ်းဆီးရမိသည့် အမျိုးသား ခြောက်ဦးကို ဖားကန့်မြို့မ ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း၊ စက်တင်ဘာ ၆ ရက် ညနေပိုင်းအထိ ဖားကန့်မြို့မရဲစခန်းတွင် အမှုဖွင့်ထားခြင်း မရှိသေးကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် ကျောက်စိမ်းလုပ်ကွက် နေရာသည် ၂၀၁၆ ခုနှစ်က ကမ္ဘာ့အကြီးဆုံး ကျောက်စိမ်းရိုင်းတုံး တစ်ခုဖြစ်သည့် တန်ချိန် ၂၁၀ ထွက်ရှိခဲ့သည့် လုပ်ကွက်အတွင်း ဖြစ်ကြောင်း သိရသည်။

ဖားကန့်မြို့နယ်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဒါရှီလဆိုင်းက “မနေ့ ညနေပိုင်းက ဖမ်းတယ်။ ဘာတွေ ဖမ်းသွားတယ် ဆိုတာတော့ မသိရသေးဘူး။ ဘက်ဟိုးတွေ မိတယ်လို့ သိရတယ်။ ဖားကန့်မှာက ဒီလိုကြီး တူးနေကြရင်တော့ တရားဝင်လား မ၀င်လား။ အပြင်လူတွေက ကြည့်ပြီး မသိနိုင်တော့ဘူး။ တရားဝင် တူးနေတဲ့ သူတွေကိုလည်း ဥပဒေအတိုင်း စစ်ဆေးရင် မညီတာတွေက ရှိနေတယ်။ ဖားကန့်မှာ ဒီလိုတရားမ၀င် တူးဖော်မှုတွေ မဖြစ်ဖို့ဆိုရင် လုပ်ကွက်ကြီး၊ လုပ်ကွက်လတ်၊ တစ်ပိုင်တစ်နိုင် စတဲ့ ဥပဒေတွေကို စိစစ်ပြီး ချထားပေးဖို့တော့ လိုပါတယ်။ အခု အခြေခံလူတန်းစားက သိန်းနဲ့ချီပြီး ရှိနေတယ်။ အောက်ခြေ လူတန်းစားအတွက် ခံစားခွင့် မရှိဘူးဆိုရင်လည်း ဒီလိုပြဿနာတွေက ရှိနေဦးမယ်။ မနေ့ညက လမ်းမကြီးအတိုင်း မောင်းသွားတော့ ကတ္တရာလမ်းတွေ၊ ကွန်ကရစ်လမ်းတွေ ထိသွားတယ်ဆိုပြီး ဒေသခံတွေက တင်ပြလာတော့ ဒီမနက်ပဲ လွှတ်တော်မှာ အလုပ်ရှိတာနဲ့ လွှတ်တော်ဥက္ကဋ္ဌကို တင်ပြပေးခဲ့တယ်” ဟု ပြောကြားသည်။

ဖမ်းဆီးမိသည့် ဘက်ဟိုးယာဉ်များနှင့် ပတ်သက်၍ မည်သည့်ကုမ္ပဏီ အဖွဲ့အစည်းမှ ဖြစ်သည်ကို ကချင်ပြည်နယ် အစိုးရအဖွဲ့သို့ ဆက်သွယ် မေးမြန်းသော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပေ။

လွန်ခဲ့သည့် သြဂုတ် ၂၂ ရက်က ဖားကန့်မြို့နယ်၊ တောင်းကော့ကျေးရွာအနီး သက်တမ်းကုန်နေသည့် စိန်လုံတောင်တန်း ကျောက်မျက်ကုမ္ပဏီ လုပ်ကွက်တွင် ကျောက်စိမ်းတူးဖော်သူ ၁၉ ဦးကို တပ်မတော်နှင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

ဖားကန့်ဒေသတွင် ရွှေ့ပြောင်းလုပ်သား နှစ်သိန်းအထက် ရှိနေပြီး အများစုမှာ သက်တမ်းကုန် လုပ်ကွက်တွင် ကျောက်စိမ်းတူးဖော်ခြင်း၊ မြေစာပုံများတွင် ရေမဆေးရှာခြင်း၊ ကျောက်မျက် တူးဖော်ဆဲ ကုမ္ပဏီများတွင် ၀င်ရောက် ရှာဖွေခြင်းများ ပြုလုပ်နေခြင်း ဖြစ်သည်။ ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ဖားကန့်ဒေသတွင် မူးယစ်ဆေးဝါး ပြဿနာ၊ ကျောက်မျက်သက်တမ်းကုန် လုပ်ကွက်ထိန်းသိမ်းရေး ပြဿနာ၊ ရွှေ့ပြောင်း လုပ်သားများပြားမှု ပြဿနာ၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ပြဿနာများကို ဘက်ပေါင်းစုံက ဖြေရှင်းနေရကြောင်း ဆိုသည်။

စက်တင်ဘာ ၆ ရက်က ဆိပ်မူကျေးရွာအုပ်စု နမ့်မှော်ကျေးရွာနှင့် မော်လကင်ကျေးရွာအနီး ရတနာစမ်းရွှင် လုပ်ကွက်အတွင်း ရေမဆေးကျောက် ရှာဖွေသူများနှင့် လုံခြုံရေးရဲတပ်ဖွဲ့တို့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က ခြောက်လှန့် ပစ်ခတ်၍ လူသုံးဦး မစိုးရိမ်ရဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ဖားကန့်ဒေသရှိ ကျောက်မျက်ကုမ္ပဏီ လုပ်ကွက်တစ်ခုအတွင်း ကမ်းပါးယံပြိုကျမှုဖြစ်စဉ်မှ ရုပ်အလောင်း ၁၇ လောင်း တူးဖော်တွေ့ရှိပြီးနောက် ရှာဖွေမှုလုပ်ငန်းများ ရပ်နား

ဖားကန့်ဒေသရှိ ကျောက်မျက်ကုမ္ပဏီ လုပ်ကွက်တစ်ခုအတွင်း ကမ်းပါးယံပြိုကျမှုဖြစ်စဉ်မှ ရုပ်အလောင်း ၁၇ လောင်း တူးဖော်တွေ့ရှိပြီးနောက် မေ ၅ ရက်တွင် ရှာဖွေမှုလုပ်ငန်းများ ရပ်နားလိုက်ပြီဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များထံမှ သိရသည်။

မေ ၄ ရက်က ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာအနီးရှိ ကျောက်မျက်ရွှေပြည် ကုမ္ပဏီလုပ်ကွက် အမှတ် ၅၅၈ အတွင်း မတူးဖော်ရသေးသည့် ကျောက်သားမြေမှန်ခုံ ပြိုကျမှုဖြစ်ပေါ်ခဲ့ပြီး ပြင်ပမှ လုပ်ကွက်အတွင်း ၀င်ရောက်ကျောက်တူးဖော်နေသည့် ရေမဆေးကျာက်ရှာဖွေသူ အများအပြား နစ်မြုပ်ပျောက်ဆုံးခဲ့သည့်အတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ရုပ်အလောင်း ၁၇ လောင်း တူးဖော်တွေ့ရှိပြီးနောက် ရှာဖွေရေးလုပ်ငန်းများ ရပ်နားလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“မနေ့က နေ့လယ်ပိုင်းက ၁၄ ယောက်၊ ညနေပိုင်းက သုံးယောက် တွေ့ပါတယ်။ စုစုပေါင်း ၁၇ ယောက်ဖြစ်ပါတယ်။ အခုက ရှာဖွေတာတွေ ရပ်နားသွားပါပြီ။ မြေစာကလည်း ကုန်သလောက် ဖြစ်သွားပါပြီ။ ဒီမြေစာတွေက လူမပါသွားရင်လည်း ကုမ္ပဏီက ရှင်းထုတ်ရမယ့် မြေစာတွေပါ။ သူတို့က အောက်မှာ ကျောက်ကြောရောက်နေပြီ။ ကျောက်ပေါ်နေပြီလေ။ ဒါကို ကျုံးထုတ်ပြီးမှ သူတို့ကဆက်တူးရမှာပဲ။ အခုကတော့ အရေးပေါ်လူနာက ခြောက်ယောက်ရှိပါတယ်။ မနေ့က မြစ်ကြီးနားကို တစ်ယောက်ပို့တယ်။ အခု မန္တလေးကို တစ်ယောက်ပို့မယ်။ ဒီခြောက်ယောက်လုံးက လောလောဆယ် အားလုံးအသက်ရှင်နေပါတယ်” ဟု သင်္ခါလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးခင်မောင်က ဆိုသည်။

မေ ၄ ရက်က ပြိုကျချိန်မှစ၍ တစ်ရက်လုံး ရှာဖွေမှုပြုလုပ်ခဲ့သော်လည်း ညနေပိုင်းအချိန်တွင် မိုးရွာလာသဖြင့် ရှာဖွေမှုလုပ်ငန်းများ ခေတ္တရပ်နားခဲ့ကာ ၅ ရက်တွင်မူ အပြီးတိုင်ရပ်နားခဲ့ကြောင်း၊ ထိုသို့ရပ်နားခဲ့မှုအပေါ် ကျေနပ်ခြင်းမရှိသေးဘဲ ရုပ်အလောင်းများ ကျန်ရှိနေဦးမည်ဟု ယုံကြည်နေသူများလည်း ရှိနေသည်။

“ကျန်နေသေးတဲ့ မြေစာတွေထဲမှာ ရုပ်အလောင်းတွေ ကျန်နေဦးမယ်လို့ထင်တယ်။ ဘာလို့လဲဆိုတာ့ ပြိုကျတာက မိုးမလင်းသေးတဲ့ အချိန်ဖြစ်နေတယ်။ လူဦးရေကလည်း တော်တော်များများရှိကြတယ်လို့ ပြန်လွတ်လာသူတွေက ပြောကြတယ်ဗျ။ ပြန်လွတ်လာတဲ့သူတွေ ခန့်မှန်းတာဆိုရင် ဒီမှာ တစ်ရာကျော်လောက်ရှိမယ်လို့ ခန့်မှန်းကြတယ်။ အခုကတော့ ကုန်စင်အောင်ရှာတာမျိုးမလုပ်ဘဲ ရပ်နားထားလိုက်တော့တာပေါ့နော်။ သူတို့မှာ ဘာအခက်အခဲရှိသလဲဆိုတော့ ဆက်ပြီးတော့ရှာရင် အပေါ်က ကမ်းပါးက ပြိုကျနိုင်တာပေါ့” ဟု ဝှေခါကျေးရွာမှ အလုပ်သမားအခွင့်အရေးအတွက် ဆောင်ရွက်နေသူ ဦးချစ်ကောင်းက ပြောကြားသည်။

ကမ်းပါးယံပြိုကျမှုဖြစ်စဉ်မှာ မေ ၄ ရက် နံနက် ၄ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာအနီးရှိ ကျောက်မျက်ရွှေပြည်ကုမ္ပဏီလုပ်ကွက် အမှတ် ၅၅၈ အတွင်း ကမ်းပါးယံပြိုကျမှုဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ ကျောက်မျက်ရွှေပြည် ကုမ္ပဏီလုပ်ကွက်မှ အလျားပေ ၁၀၀၊ အနံထုပေ ၂၀ ခန့်ရှိ ကမ်းပါးယံသည် အမြင့်ပေ ၂၀၀ ခန့်မှ အောက်ဘက်ရှိ စိမ်းရွှေဝါကုမ္ပဏီလုပ်ကွက် အမှတ် ၄၄၄ အတွင်းသို့ လျှော့ကျခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ပြိုကျမှုကြောင့် ကုမ္ပဏီလုပ်ကွက်အတွင်း ပြင်ပမှဝင်ရောက် ကျောက်တူးဖော်နေကြသည့် ရေမဆေးကျောက် ရှာဖွေသူအများအပြား မြေစာပိသေဆုံးခဲ့သည့်အတွက် ကုမ္ပဏီမှ ဘက်ဟိုးယာဉ်ခုနစ်စီးဖြင့် ရှာဖွေမှုပြုလုပ်ခဲ့ရာ ရုပ်အလောင်း ၁၇ လောင်း တူးဖော်တွေ့ရှိခဲ့ပြီးနောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ရပ်နားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖားကန့်ဒေသရှိ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီလုပ်ကွက်တစ်ခုအတွင်း ကမ်းပါးပြိုကျမှုဖြစ်ပွားပြီး ယာဉ်ယန္တရားသုံးစီး နစ်မြုပ်ပျက်စီးကာ တစ်ဦးသေဆုံး

ဖားကန့်ဒေသရှိ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီလုပ်ကွက်တစ်ခုအတွင်း ကမ်းပါးပြိုကျမှုဖြစ်ပွားပြီး ယာဉ်ယန္တရားအချို့ နစ်မြုပ်ပျက်စီးသွားစဉ်

ဖားကန့်ဒေသရှိ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီ လုပ်ကွက်တစ်ခုအတွင်း ကမ်းပါးပြိုကျမှုဖြစ်ပွားပြီး ယာဉ်ယန္တရားသုံးစီး နစ်မြုပ်ပျက်စီးကာ လူတစ်ဦး သေဆုံးခဲ့ကြောင်း ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖားကန့်မြို့နယ်၊ အေးမြသာယာကျေးရွာအုပ်စု၊ ဗလခကျေးရွာအနီးရှိ နဂါးကိုးကောင် ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီ လုပ်ကွက်တစ်ခုအတွင်း ဇန်န၀ါရီ ၃၀ ရက် ည ၉ နာရီခွဲခန့်က အမြင့်ပေ ၅၀၀ ခန့်ရှိ ကျောက်ကမ်းပါး ပြိုကျမှုဖြစ်ပွားခဲ့ရာ လုပ်ငန်းဆောင်ရွက်နေသည့် ဘက်ဟိုးယာဉ်နှစ်စီးနှင့် မြေသယ်ယာဉ် တစ်စီးတို့မှာ မြေပြိုကျရာ၌ နစ်မြုပ် ပျက်စီးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ကမ်းပါးပြိုကျမှုမှာ ကုမ္ပဏီမှ ညအချိန် လုပ်ငန်းဆောင်ရွက်နေချိန်အတွင်း ပြိုကျခဲ့ခြင်းဖြစ်ပြီး နစ်မြုပ်ရာတွင် ပါဝင်သည့် ဘက်ဟိုးယာဉ်မောင်းနှင်သူ တစ်ဦးနှင့် မြေသယ်ယာဉ်မောင်းနှင်သူ တစ်ဦးတို့မှာ အချိန်မီ ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း ဘက်ဟိုးယာဉ်မောင်းနှင်သူ တစ်ဦးမှာမူ ဘက်ဟိုးယာဉ်နှင့်အတူ မြေစာများဖြင့် ဖုံးအုပ်သွားခဲ့ကြောင်း သိရသည်။

ဘက်ဟိုးယာဉ်မောင်း ကိုအေးဥာဏ် (၃၈) နှစ်၊ (ဘ)ဦးလောမောင်မှာ မြေစာဖုံးလွှမ်းနေသောယာဉ်၌ ပါရှိနေကြောင်း သိရသဖြင့် မြေစာဖုံးလွှမ်းနေသော ကိုအေးဥာဏ်အား ၀ိုင်းဝန်းရှာဖွေခဲ့ရာ ဇန်န၀ါရီ ၃၁ ရက် နံနက် ၅ နာရီခွဲတွင် သေဆုံးလျက် တွေ့ရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့်ကမ်းပါးပြိုကျရာတွင် သေဆုံးခဲ့သည့် နဂါးကိုးကောင်ကုမ္ပဏီ ၀န်ထမ်းတစ်ဦးဖြစ်သူ ဘက်ဟိုးယာဉ်မောင်း ကိုအေးဥာဏ်အား ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် သိရှိနိုင်ရန် ရဲအုပ်ဇော်ဇော်က တရားလိုပြုလုပ် တိုင်တန်းသဖြင့် ဖားကန့်မြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် (၉/၂၀၁၈)ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီိး ဒုရဲမှူး ၀င်းဇော်ဦးက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဇန်န၀ါရီလအတွင်း ဖားကန့်ဒေသတွင် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းခွင်များနှင့် ဆက်စပ်သည့် ဘေးအန္တရာယ်များ မကြာခဏဖြစ်ပွားခဲ့ပြီး လူ ၂၃ ဦးထက်မနည်း လူသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း၊ ဇန်န၀ါရီ ၄ ရက်က မော်မောင်းဘွမ်ကျေးရွာအနီးတွင် မြေစာပုံပြိုကျမှုဖြစ်ပွားခဲ့ပြီး ရေမဆေးကျောက်ရှာဖွေသူ ခြောက်ဦးသေဆုံးခဲ့ကာ ဇန်န၀ါရီ ၆ ရက်တွင် ဝှေခါကျေးရွာအနီးရှိ အဂ္ဂရတနာကုမ္ပဏီလုပ်ကွက်အတွင်း ကျောက်ကမ်းပါးပြိုကျ၍ ရေမဆေးကျောက်ရှာဖွေသူ ငါးဦး သေဆုံးခဲ့ကြောင်း၊ ဇန်န၀ါရီ ၁၀ ရက်ကလည်း နမ့်မော်ကျေးရွာအနီးရှိ စွန့်ပစ်မြေစာပုံ ပြိုကျမှုဖြစ်ပွားခဲ့ပြီး ရေမဆေးကျောက်ရှာဖွေသူ လေးဦးသေဆုံးခဲ့ကြောင်း၊ ဇန်န၀ါရီ ၂၀ ရက်ကလည်း ကုဋေကျေးရွာအနီးရှိ ကျောက်မျက်ကုမ္ပဏီ လုပ်ကွက်တစ်ခုတွင် နွံအိုင်ကန်ပေါက်ကျမှု ဖြစ်ပွားပြီး ကုမ္ပဏီ ၀န်ထမ်းများနှင့် ပြင်ပမှ ရေမဆေးကျောက်ရှာဖွေသူများ စုစုပေါင်း ခုနစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။