ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုတွင် သေနတ်ပြပြီး iPhone နှစ်လုံး လုယူမှုဖြစ်ပွား

အခင်းဖြစ်ရာ လုံးခင်းကျေးရွာ လမ်းမကြီးနှင့် ဖုန်းဆိုင်ကို တွေ့ရစဉ်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုတွင် သြဂုတ် ၃၁ ရက် ညပိုင်းက သေနတ်ပြပြီး iPhone နှစ်လုံး လုယူမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ သြဂုတ် ၃၁ ရက် ည ၈ နာရီ ခန့်တွင် ဖုန်ကာမျက်နှာ အုပ်ထားသည့် အမျိုးသားနှစ်ဦးသည် ဆိုင်ကယ်ဖြင့် လုံးခင်းကျေးရွာရှိ ဦးချိုဖုန်းဆိုင်တွင် ဖုန်းဝယ်ဟန်ဆောင်ပြီး ငွေရှင်းချိန်တွင် သေနတ်ထုတ်ပြသဖြင့် ဆိုင်ရှိအရောင်းစာရေးမများမှာ ထွက်ပြေးသဖြင့် ကျပ်ငွေ ၁၅ သိန်းခန့်တန်ဖိုးရှိ iPhone နှစ်လုံးယူဆောင်သွားကြောင်း သိရသည်။

လုံးခင်းကျေးရွာ ရပ်မိရပ်ဖတစ်ဦးက “ဒီလိုဖြစ်တာက မနှစ်က ရိန်းဘိုးတရုတ်ဆိုင်မှာလည်း သေနတ်ပြပြီး ယူသွားပြီ။ မနေ့က iPhone နှစ်လုံးယူသွားတယ်။ လုံးခင်းမှာ ၁၀ တန်းတက်နေတဲ့ ကလေးမကို သတ်သွားတာလည်း တရားခံ မမိသေးဘူး။ ဒီမှာက မှုခင်းတွေ ဆက်တိုက်ဖြစ်နေတာ။ သေနတ်ပြတယ် ဆိုပေမဲ့ အတုလား အစစ်လား မသိရဘူး။ သေနတ်ထုတ်တာနဲ့ စာရေးမတွေက ပြေးကြပြီ။ အဲဒါနဲ့ အေးအေးဆေးဆေးပဲ ယူသွားတာ” ဟု ပြောကြားသည်။

ဖားကန့်ဒေသမှာ သေမှုသေခင်းတွေ ထူပြောနေကြောင်း ဒေသခံများ၊ လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။ ဖားကန့်ဒေသတွင် လုယက်မှု၊ ခိုးမှု၊ လူသတ်မှုများ နေ့စဉ်ဖြစ်ပွားနေပြီး တရားခံများကိုလည်း ဖမ်းဆီးရမိခြင်း မရှိကြောင်း၊ အထူးသဖြင့် ညအချိန်များတွင် အုပ်စုဖွဲ့ လုယက်ငွေတောင်းမှုများ ဖြစ်ပေါ်နေပြီး ပြန်လည်ခုခံပါက အသက်ဆုံးရှုံးသည်အထိ ဖြစ်နေကြောင်း သိရသည်။

လုံးခင်းကျေးရွာအုပ်စု ဆန်ခါကျေးရွာမှ ကိုကျော်က “ဒီမှာက ဆိုင်ကယ်ခိုး၊ အိမ်ဖောက်၊ ညဘက်လုတာက နေ့တိုင်းဖြစ်နေတာ။ လူတွေ ဒီလောက်များတော့ မထိန်းနိုင်ဘူး။ ကျွန်တော်တို့ဆိုရင် ဒီရောက်တာ ကြာပြီး တစ်ရက်နဲ့ တစ်ရက် လူတွေက အုပ်လိုက်ရောက်လာတာ။ ဘယ်ကလာလို့လာမှန်း မသိဘူး။ အခု ဆန်ခါကျေးရွာဘေးမှာ လောင်းကစားဝိုင်း အစုံရှိတယ်။ မူးယစ်ဆေးဝါး အစုံရှိတယ်။ နေ့တိုင်းကို ဆိုင်ကယ်ပျောက်နေတာ။ ရဲစခန်းမှာ မေးရင်လည်း တစ်မှုမှရှိမှာ မဟုတ်ဘူး။ အရင်ကတော့ မိရင်ဝိုင်းရိုက်ပြီး သေမှစခန်းရောက်တာ။ ဘယ်သူတွေရိုက်မှန်းလည်း မသိဘူး။ အခုဆိုးနေတာက ညမှာ ဓားတွေနဲ့ ၀ိုင်းလုတာပဲ။ အရင်လက ည ၉ နာရီလောက်မှာ လုံးခင်းမှော်ဆီဇာဘက်မှာ ၀ိုင်းလုပြီး အသတ်ခံရသေးတယ်။ လုယက်တာက အမြဲဖြစ်နေတယ်” ဟု ပြောကြားသည်။

ဖားကန့်ဒေသသည် ကချင်ပြည်နယ်၏ အကြီးမားဆုံး မူးယစ်ဆေးဝါး ဈေးကွက်အဖြစ် တည်ရှိနေပြီး ရွှေ့ပြောင်းလုပ်သား သိန်းနှင့်ချီ နေထိုင်သည့် ဒေသတစ်ခုဖြစ်သည်။ မှုခင်းကြီးများလည်း မကြာခဏ ဖြစ်ပွားလေ့ပြီး တရားဥပဒေ စိုးမိုးမှုကို ကြိုးစားလုပ်ဆောင် နေရကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့က ဆိုသည်။

 

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာတွင် တက္ကသိုလ်ဝင်တန်း ကျောင်းသူတစ်ဦး အသတ်ခံရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ ငြိမ်းချမ်းသာယာ ရပ်ကွက်တွင် အသက် (၁၆ နှစ်) အရွယ်ရှိ တက္ကသိုလ်ဝင်တန်း ကျောင်းသူတစ်ဦး သြဂုတ် ၂၅ ရက် မွန်းလွဲ ၃ နာရီဝန်းကျင်တွင် အသတ်ခံရကြောင်း သတင်းရရှိသည်။

အသတ်ခံရသူမှာ တက္ကသိုလ်ဝင်တန်း ဖြေဆိုရန်အတွက် ဘော်ဒါဆောင်တွင် နေထိုင်သူ မသဲနုအောင်ဖြစ်ပြီး သြဂုတ် ၂၄ ရက်က နေမကောင်းသဖြင့် မိဘနေအိမ်သို့ ခွင့်ယူပြန်လာနေခြင်း ဖြစ်ကြောင်း၊ သြဂုတ် ၂၅ ရက်တွင် မိခင်ဖြစ်သူက မောင်ဝမ်းကွဲ၏ ဇနီးဖြစ်သူကို ဆေးခန်းသွားပြစဉ် နေအိမ်ကို သော့ခတ်ကာ သမီးတစ်ဦးတည်း နေအိမ်တွင် ချန်ထားခဲ့ကြောင်း၊ နေအိမ်သို့ ပြန်လာစဉ် သမီးဖြစ်သူမှာ အိမ်ရှေ့တံခါးပေါက်ရှေ့တွင် ၀ဲနားထင် တစ်လက်မခန့် ပေါက်ပြဲတစ်ချက်၊ ၀ဲလက်မောင်းတွင် လက်မ၀က်ခန့် ထိုးသွင်းဒဏ်ရာနှစ်ချက်၊ ဦးခေါင်းနောက်စေ့တွင် လေးလက်မခန့်တစ်ချက်၊ တစ်လက်မခန့်တစ်ချက်၊ နှာတံပေါ်တွင် တစ်လက်မခန့် တစ်ချက်၊ ၀ဲလည်ပင်း နှစ်လက်မခန့် တစ်ချက် ပက်လက်အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရကြောင်း သိရသည်။

နေအိမ်မှာ ဖားကန့်လုံးခင်း မြို့ရှောင်လမ်း အေးချမ်းသာယာရပ်ကွက် အစွန်အိမ်ဖြစ်ပြီး ဘေးအိမ်များနှင့် အနည်းငယ် ကွာဝေးသည့် အနေအထားတွင် ရှိနေကြောင်း၊ သံသယရှိသူကို မဖော်ထုတ်နိုင်သေးကြောင်း သိရသည်။

ဖခင်ဖြစ်သူ ဦးအောင်စိုးမိုးက “ကျွန်တော့်သားသမီး သုံးဦးအနက် သမီးအကြီးဆုံးပေါ့။ ၁၀ တန်းတက်နေတယ်။ ကျန်းမာရေး မကောင်းလို့ မနေ့က ပြန်ခေါ်လာတာပါ။ ဒဏ်ရာက ပါးစပ်ကို တစ်ချက်ရိုက်တယ်။ နောက်စေ့မှာ ဓားနဲ့ထိုးသွင်းရာ သုံးချက်။ နားမှာ တစ်ချက်၊ လက်မောင်းမှာ ဓားရာတစ်ချက်ပါ။ အခု သမီးက ရင်ခွဲရုံထဲမှာပါ။ အရှေ့တံခါးက ပိတ်ထားတော့ နောက်ပေါက်ကနေ ၀င်လာတယ်လို့ ယူဆတယ်။ ကျွန်တော်တို့ ဈေးဝယ်သွားတာက ၁၂ နာရီ ၊ အိမ်ပြန်ရောက် တာက ၃ နာရီဆိုတော့ အဲဒီကြားမှာဖြစ်တာ။ ကျွန်တော်က ကုမ္ပဏီဝန်ထမ်းပေါ့။ အလောင်း တွေ့တာက ၃ နာရီကျွန်တော်တို့  ပြန်ရောက်တာက ၃ နာရီခွဲမှ။ ကျွန်တော်တို့ ဘ၀တွေက မလုံခြုံတော့ဘူး။ ကျွန်တော့်သမီးက အိမ်မှာ ဖြစ်တာလေ။ လမ်းမှာနေရင်းဖြစ်တာမဟုတ် ဘူး။ ဒါကြောင့် ကျွန်တော့်ဇာတိဖြစ်တဲ့ မိုးကောင်းကို ပြန်တော့မယ်လို့ ဆုံးဖြတ်တယ်။ ကျွန်တော်တို့ ဘ၀တွေကို လုံခြုံမှု ပေးလည်း မပေးနိုင်ဘူး။ ပေးလည်း မပေးကြဘူး။ ရှေ့ဆက်ပြီး ရပ်တည်လို့ မရတော့ဘူး။ ဘယ်က လူတွေ၊ ဘယ်သူတွေ လာကြမှန်းမသိဘူး။ ကျွန်တော့်သမီးကို ကိုယ့်အိုး၊ ကိုယ့်အိမ်မှာ အခန်းထဲမှာ ထားခဲ့တာ။ လုံလုံခြုံခြုံ ထားခဲ့တာပါ။ ကျွန်တော်လည်း ဘယ်သူနဲ့မှ ရန်ငြိုးရှိတာ၊ ရန်ဖြစ်တာ မရှိပါဘူး။ ကျွန်တော်က ကုမ္ပဏီမှာ ကားမောင်းတာ။ ညနေစောင်းမှ မိသားစုက အိမ်ပြန်ရောက်တာ။ ပစ္စည်းကတော့ မပျောက်ဘူး” ဟု ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ လုံးခင်းနယ်မြေရဲစခန်းတွင် (ပ) ၁၂/၂၀၁၈ အမှုကြီး အမှတ်စဉ် ၁၄/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။ တရားခံကို စုံစမ်းလျက်ရှိပြီး ဒေသခံများ သုံးသပ်ချက်အရ သူခိုးခိုးရန် ၀င်ရောက်စဉ် အိမ်ရှင်ဖြစ်သူကို တွေ့သဖြင့် အသင့်ဆောင်လာသည့် ဓားဖြင့် ကျူးလွန်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်မှုများ ရှိနေသည်။

ဖားကန့်ဒေသသည် ကချင်ပြည်နယ်၏ အကြီးမားဆုံး မူးယစ်ဆေးဝါး ဈေးကွက်အဖြစ် တည်ရှိနေပြီး ရွှေ့ပြောင်းလုပ်သား သိန်းနှင့်ချီ နေထိုင်သည့် ဒေသတစ်ခုဖြစ်သည်။  မှုခင်းကြီးများလည်း မကြာခဏ ဖြစ်ပွားလေ့ရှိပြီး တရားဥပဒေ စိုးမိုးမှုကို ကြိုးစားလုပ်ဆောင်နေရကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့က ဆိုသည်။

 

ဖားကန့်မြို့နယ် မော်ဝမ်းကလေးကျေးရွာ မြန်မာကြွယ်ဝ ကုမ္ပဏီတွင် မိုင်းခွဲပြီး မိုင်းကြိုးများရုပ်သိမ်းချိန်တွင် ကမ်းပါးပြိုကျသဖြင့် ကုမ္ပဏီဝန်ထမ်းတစ်ဦးနှင့် ရေမဆေးကျောက်ရှာသူတစ်ဦး ရေကန်အတွင်း နစ်မြုပ်ပျောက်ဆုံး

ဖားကန့်မြို့နယ် မော်ဝမ်းကလေးကျေးရွာ မြန်မာကြွယ်ဝ ကုမ္ပဏီတွင် မိုင်းခွဲပြီး မိုင်းကြိုးများရုပ်သိမ်းချိန်တွင် ကမ်းပါးပြိုကျသဖြင့် ကုမ္ပဏီဝန်ထမ်းတစ်ဦးနှင့် ရေမဆေးကျောက် ရှာသူတစ်ဦး ရေကန်အတွင်း နစ်မြုပ်ပျောက် ဆုံးမှု သြဂုတ် ၂၄ ရက် နံနက် ၉ နာရီခွဲဝန်းကျင်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဖားကန့်မြို့နယ် မော်ဝမ်းကလေးကျေးရွာ မြန်မာကြွယ်ဝ ကုမ္ပဏီတွင် မိုင်းခွဲပြီး ငါးမိနစ်ခန့်အကြာတွင် ကုမ္ပဏီဝန်ထမ်းက ကမ်းပါးအနီးရှိ မိုင်းကြိုးများရုပ်သိမ်းချိန်တွင် ကမ်းပါးပြိုကျသဖြင့် မိုင်းကြိုးသိမ်းသူ  တောင်ကြီးမြို့၊ ကျံပျော်ရပ်နေ အသက် ၃၈ နှစ်အရွယ်ရှိ ကရင်တိုင်းရင်းသား ဦးသိန်းထွန်းဦးနှင့် ကမ်းပါးအောက်တွင် ရေမဆေးလာရှာသူ ပုလဲမြို့စနယ်ကျေးရွာနေ ဦးလူမြင့်၏သားဖြစ်သူ အသက် ၂၃ အရွယ်ရှိ ဗမာတိုင်းရင်းသား မောင်အောင်သူတို့မှာ ပေ ၂၀၀ အမြင့်ရှိ ကမ်းပါးမှ ပေ ၁၀၀ ခန့်အနက်ရှိသော ရေကန်အတွင်းသို့ မြေသားများနှင့်အတူ ပြိုကျရာတွင် ပါသွားကြောင်း သိရသည်။

ရေမဆေးရှာသူ ကိုသိန်းထွန်းက “မိုင်းခွဲပြီး နည်းနည်းလေးကြာမှ ကမ်းပါးပြိုတာ။ ရေမဆေးသမားက အ၀င်ပေါ့။ ကမ်းပါးစောက်မှာ ခေါင်းကျင်းလုပ်ထားကြတာလေ။ အပေါ်မှာက မိုင်းခွဲတဲ့သူတွေက ကြိုးသိမ်းနေတဲ့အချိန်ပြိုတော့ နှစ်ယောက်စလုံး ရေအောက် ရောက်သွားတာ။ ဆယ်ဖို့မဖြစ်နိုင်ဘူး။ မြေသားထူးတယ်လေ။ လွန်ခဲ့တဲ့ရက်ပိုင်းကလည်း မိုင်းခွဲတာ ကျောက်စင်ပြီး တစ်ယောက်သေတယ်။ ဒဏ်ရာရတာတွေလည်း ရှိတယ်။ လူတွေက အတင်းတိုးကြတာ” ဟု ပြောကြားသည်။

မြေပြိုရာတွင် ပါသွားသူများကို ရှာဖွေရန် လက်ရှိတွင် အခက်အခဲရှိနေကြောင်း ဒေသခံများက ဆိုသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ မော်ဝမ်းလေးကျေးရွာ ရာအိမ်မှူး ဦးဇော်ရာက “ဖြစ်တာက မနက် ၉ ခွဲလောက်မှာဖြစ်တာ။မြန်မာကြွယ်ဝ ကုမ္ပဏီလုပ်ကွက်ကနေ ကပ်လျက်က ကျင်းတူးပြီးသား KNDPC လို့ခေါ်တဲ့ ကချင်အမျိုးသားများ တိုးတက်ရေးလုပ်ကွက် ရေကန်ထဲပြိုကျတာ။ ကုမ္ပဏီလုပ်သားတစ်ဦးက မိုင်းခွဲပြီး ကြိုးသိမ်းချိန်မှာ ကမ်းပါးစပ်ကို ရောက်လာတာပေါ့။ မြေကအက်ကြောင်း ရှိနေမှာပေါ့။ အောက်မှာလည်း ခေါင်းပြီး ရေမရှာသူကလည်း အ၀င်မှာ မြေပြိုတာ။ ရှာသေးတယ်။ ရေက ပေ ၁၀၀ လောက် နက်တယ်။ အမြင့်ကမ်းပါး ပေ ၂၀၀ လောက်ဆိုတော့ ရှာဖို့မလွယ်တော့ဘူး။ ရေမဆေးတဲ့ ကလေးက ရွာမော်ဝမ်းလေးမှာ နေတဲ့ကလေးပါ။ ပုလဲမြို့နယ်စနယ်ကျေးရွာက။ ကုမ္ပဏီဝန်ထမ်း တောင်ကြီးမြို့၊ ကျုံပျော်ရပ်ကွက်ကတဲ့။လွန်ခဲ့တဲ့ရက်ပိုင်းကပဲ မိုင်းခွဲပြီးစကမ်းပါးကပ်ပြီး မြေစာပစ်တာ ကမ်းပါးပြိုပြီး ကားဆွဲချ သေးတယ်။ မိုင်းခွဲပြီး ကျောက်ခဲမှန်တာက ရွာနဲ့ကပ်လျက်က မှော်ဝမ်းကြီးမှာဖြစ်တာ ရက်ပိုင်းပဲ ရှိသေးတယ်” ဟု ဆိုသည်။

ဖားကန့်ဒေသတွင် ၂၀၁၈ ခုနှစ်အတွင်း မြေပြိုကျမှုကြောင့် အသက်ဆုံးရှုံးသူပေါင်း ၁၃၀ နှင့်အထက်ရှိနေပြီဖြစ်ကြောင်း လူမှုအသင်းအဖွဲ့မှတ်တမ်းများအရ သိရသည်။

ကျောက်စိမ်းတူးဖော်ရေးဌာန (လုံးခင်း) အနေဖြင့် ကုမ္ပဏီလုပ်ကွက်များ၏ကျောက်မိုင်းခွဲချိန်အား သုံးကြိမ်သာ သတ်မှတ်ထားပြီး တစ်ကြိမ်လျှင် အချိန်တစ်နာရီ ပေးထားကြောင်း၊ ယင်းအချိန်များမှာ နံနက် ၆ နာရီမှ ၇ နာရီအတွင်း တစ်ကြိမ်၊ နံနက် ၁၁ နာရီမှ ၁၂ နာရီအတွင်း တစ်ကြိမ်၊ ညနေ ၄ နာရီမှ ၅ နာရီအတွင်း တစ်ကြိမ် တစ်နေ့လျှင် သုံး ကြိမ်နှုန်းဖြင့် နေ့အချိန်တွင်သာ မိုင်းခွဲရန် ခွင့်ပြုထားကြောင်း သိရသည်။

ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်အများအပြားရှိသည့် လုံးခင်းကျေးရွာအုပ်စုနှင့် ဆိပ်မူကျေးရွာအုပ်စုတို့ရှိ ကျေးရွာများမှာ ကျောက်မိုင်းဒဏ်ကို အဓိကခံစားနေရပြီး လုံးခင်းကျေးရွာအုပ်စုအတွင်းရှိ မဇွပ်ယန်ကျေးရွာမှ ဒေသခံများမှာ ကျောက်မိုင်းခွဲမှု အခြေအနေနှင့်ပတ်သက်ပြီး သက်ဆိုင်ရာသို့  ၂၀၁၇ ခုနှစ်က တင်ပြမှုများရှိခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့နယ် တောင်းကော့ကျေးရွာအနီး သက်တမ်းကုန်လုပ်ကွက်တွင် ကျောက်စိမ်းတူးဖော်သူ ၁၉ ဦး ဖမ်းဆီးခံရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် တောင်းကော့ကျေးရွာအနီး သက်တမ်းကုန်နေသည့် စိန်လုံတောင်တန်း ကျောက်မျက်ကုမ္ပဏီ လုပ်ကွက်တွင် ကျောက်စိမ်းတူးဖော်သူ ၁၉ ဦးကို သြဂုတ် ၂၂ ရက်က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ယင်းတရားမ၀င် တူးဖော်သူများကို သတင်းအရ ခမရ (၃၃) မှ ဗိုလ်ကြီးညီညီအောင် ဦးစီးတပ်ဖွဲ့ဝင်များ၊ ဆိပ်မူရဲကင်းမှ ရဲအုပ်အောင်ကျော်ဇင် ဦးစီးတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဗမာ ၁၂ ဦး၊ ရှမ်းတိုင်းရင်းသား လေးဦး၊ တရုတ်လူမျိုးနှစ်ဦး၊ ပလောင်တိုင်းရင်းသား တစ်ဦးကို အရှည် နှစ်ပေ သံတိုင်တပ် တရုတ်နိုင်ငံလုပ် လက်ကိုင်ကျောက်တူးစက် ကိုးလုံးနှင့်အတူ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရရှိသူများကို ကျောက်စိမ်းတူးဖော်ရေးဌာနမှ လက်ထောက်မန်နေဂျာက တရားလိုပြုလုပ်ပြီး ဖားကန့်မြို့မ ရဲစခန်းတွင် (ပ) ၁၁၆/၂၀၁၈ ကျောက်မျက် ဥပဒေပုဒ်မ ၄၁(ခ)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ အခြေအနေနှင့် ပတ်သက်၍ မမုန်ကျေးရွာမှ ရပ်မိရပ်ဖ တစ်ဦးက “ဒီမှာ တရားဥပဒေ စိုးမိုးမှု မရှိဘူး ဖြစ်နေတာ။ သက်တမ်းကုန် လုပ်ကွက်တွေလည်း ကေအိုင်အေအဖွဲ့လိုလို၊ ဘာလိုလိုတွေက ကောင်းတဲ့နေရာတွေယူပြီး လုပ်ချင်သလိုလုပ်တာ။ ဖားနိုင်ဖားစား၊ ငါးနိုင်ငါးစားပေါ့။ အခုဖမ်းတဲ့နေရာက တစ်ဖက်နဲ့တစ်ဖက် ကူးတဲ့လမ်းပေါ့။ ကျောက်စိမ်းကြောက ကောင်းနေတော့ တားဆီးလို့မရဘူး။ အဲဒါကြောင့် ဖမ်းတာလို့ သိရတယ်။ အခုလို ဖမ်းဟယ်ဆီးဟယ် ဆိုရင်လည်း ရေမဆေးတွေ သိန်းချီပြီးရှိတော့ ဆူဆူပူပူ လုပ်ကြမှာလည်း စိုးရိမ်ရသေးတယ်။ တစ်ပိုင်တစ်နိုင် တူးဖော်ခွင့်တွေကို ဥပဒေအရ အသေအချာ စိစစ်ပြီး ချထားပေးမှ ဒီပြဿနာအေးမှာ” ဟု ပြောကြားသည်။

ဖားကန့်ဒေသတွင် ရွှေ့ပြောင်းလုပ်သား နှစ်သိန်းအထက် ရှိနေပြီး အများစုမှာ သက်တမ်းကုန်လုပ်ကွက်တွင် ကျောက်စိမ်းတူးဖော်ခြင်း၊ မြေစာပုံများတွင် ရေမဆေးရှာခြင်း၊ ကျောက်မျက်တူးဖော်ဆဲ ကုမ္ပဏီများတွင် ၀င်ရောက်ရှာဖွေခြင်းများ ပြုလုပ်နေခြင်းဖြစ်သည်။

 

ဖားကန့်ဒေသတွင် မိုင်းခွဲမှု၊ မြေစာပုံမြေထိန်း ပြိုကျမှုကြောင့် နှစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရ

ဖားကန့်တွင် မိုင်းခွဲမှု၊ မြေစာပုံမြေထိန်း ပြိုကျမှုကြောင့် သြဂုတ် ၁၆ ရက်က လူနှစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ရဲစခန်း မှတ်တမ်းများအရ သြဂုတ် ၁၆ ရက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် ဖားကန့်မြို့ မော်ဝမ်းကြီးကျေးရွာအနီး ကောင်းစုရတနာ ကျောက်မျက်ကုမ္ပဏီလုပ်ကွက် အမှတ် ၈ တွင် အမြင့်ပေ ၂၀၀ ခန့်ရှိ တောင်ကုန်းအား မိုင်းခွဲရာ ရေမဆေးကျောက် ရှာဖွေနေသူများအနက် မော်ဝမ်းရပ်ကွက်နေ အသက် ၂၀ နှစ်ရှိ ရခိုင်တိုင်းရင်းသား မောင်ဆန်းအား အလေးချိန် ၃၀ သားခန့်ရှိ ကျောက်တုံးတစ်တုံး ထိမှန်ပြီး ဦးခေါင်းယာဘက် ကြေမွကာ ဦးနှောက်များ ထွက်လျက် ဆေးရုံသို့ရောက်ရှိစဉ် သေဆုံးခဲ့ကြောင်း သိရသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဖားကန့်မြို့မရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၄၆/၂၀၁၈ ဖြင့် အမှုဖွင့်ရန် စီစဉ်နေကြောင်း သိရသည်။

နောက်ထပ်ဖြစ်စဉ် တစ်ခုမှာ သြဂုတ် ၁၆ ရက် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က မော်ဝမ်းလေးကျေးရွာအနီး နဂါးကိုးကောင် ကျောက်မျက်ကုမ္ပဏီအတွင်း စီနိုက်ထရိတ် အမျိုးအစား ၁၀ ဘီးမြေသယ်ယာဉ် နှစ်စီးမှာ စွန့်ပစ်မြေစာ သွန်စဉ် မြေသားနံရံ ပြိုကျသဖြင့် ကားနှစ်စီး ရေထဲနစ်မြုပ်ခဲ့ပြီး ကုမ္ပဏီ ယာဉ်မောင်းဖြစ်သူ မော်ဝမ်းလေးရပ်ကွက်နေ အသက် ၃၂ နှစ်အရွယ်ရှိ စိုးမြင့်ဝင်းမှာ ရေအိုင်အတွင်း နစ်မြုပ်သေဆုံးခဲ့ကြောင်း သိရသည်။

ကုမ္ပဏီ ယာဉ်မောင်းဖြစ်သူ အသက် ၄၆ နှစ်အရွယ် ဦးထွန်းထွန်းကျော်မှာ ၀ဲဘက် မျက်ခုံးပေါက်ပြဲ၊ ခြေမျက်စိပွန်းပဲ၊ လက်ဝဲလက် ပြင်ဖူးရောင်ဒဏ်ရာများဖြင့် ဖားကန့်ဆေးရုံသို့ ပို့ဆောင်ကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

ရေကန်အတွင်း မြေသယ်ကားနှစ်စီး နှင့် ယာဉ်မောင်း စိုးမြင့်ဝင်းအား ပြန်လည် ရရှိရေးအတွက် ကုမ္ပဏီတာဝန်ရှိသူများ၊ လူမှုအဖွဲ့အစည်းများက ဆောင်ရွက်နေကြောင်း သိရသည်။

ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု NLD ပါတီမှ ဦးရွှေသိန်းက “ဖားကန့်မှာက မတော်တဆမှုတွေနဲ့ လူ့အသက်တွေဆုံးတာက ဖြစ်နေကျပါ။ ဒီမှာက မိုင်းခွဲတာ မိုင်းအားလည်း ပြင်းတယ်။ ဥပဒေအရ သတ်မှတ်ပေးတဲ့ အချိန်တွေလည်း ရှိပါတယ်။ တချို့လည်း မလိုက်နာတာမျိုး ရှိတယ်။ ရေမဆေးတွေ ဘက်ကလည်း အန္တရာယ်ကင်းတဲ့ အနေအထားမှာ ရှိနေတာမျိုး မဟုတ်ဘဲ ဖြစ်တတ်တယ်။ မိုင်းကြောင့် ကိုယ်ခန္ဓာ ရှာမရတာ၊ ရုပ်လုံး မပေါ်တာတွေအထိ ကြုံဖူးတယ်။ ကျွန်တော်တို့ အုပ်စုမှာဆိုရင်လည်း မိုင်းဒဏ်ကြောင့် စေတီတွေ အက်ကြောင်းထင်တာ၊ အဆောက်အအုံတွေ အက်ကြောင်းထင်တာ၊ မိုင်းအားကလည်း တစ်ခါခွဲရင် ငလျင်လှုပ်သလို ဖြစ်သွားတာ။ အဲဒါတွေကြောင့် ကျေးရွာအများစုမှာ အငြင်းပွားတာတွေ ရှိတယ်။ ဟိုတိုင်ဒီတိုင်လုပ်မှ မဖြစ်စလောက်ငွေတွေနဲ့ လူအသက်တွေကို တန်ဖိုးဖြတ်ကြရတယ်။ အများကြီးပဲ ဖြစ်စဉ်တွေက။ မြေစာပုံမှာ လူအသက်ဆုံးတာတော့ ဒီအတိုင်းပဲ ပြီးနေကြတာ”ဟု ပြောကြားသည်။

ကျောက်စိမ်းတူးဖော်ရေးဌာန (လုံးခင်း) အနေဖြင့် ကုမ္ပဏီလုပ်ကွက်များ၏ ကျောက်မိုင်းခွဲချိန်ကို သုံးကြိမ်သာ သတ်မှတ်ထားပြီး တစ်ကြိမ်လျှင် အချိန်တစ်နာရီ ပေးထားကြောင်း၊ ယင်းအချိန်များမှာ နံနက် ၆ နာရီမှ ၇ နာရီအ တွင်း တစ်ကြိမ်၊ နံနက် ၁၁ နာရီမှ ၁၂ နာရီအတွင်း တစ်ကြိမ်၊ ညနေ ၄ နာရီမှ ၅ နာရီအတွင်း တစ်ကြိမ် တစ်နေ့လျှင် သုံးကြိမ်နှုန်းဖြင့် နေ့အချိန်တွင်သာ မိုင်းခွဲရန် ခွင့်ပြုထားကြောင်း သိရသည်။

ဖားကန့်ရဲစခန်းမှ ဒုစခန်းမှူးနှင့် တပ်သားနှစ်ဦးအား မူးယစ်ဆေးဝါး ဖမ်းဆီးရာတွင် ငွေတောင်းခံမှုကြောင့် ရဲစည်းကမ်းဖြင့် အရေးယူ

ဖားကန့် ရဲစခန်းမှ ဒုစခန်းမှူးနှင့် တပ်သားနှစ်ဦးအား မူးယစ်ဆေးဝါး ဖမ်းဆီးရာတွင် ငွေတောင်းခံမှုကြောင့် ရဲစည်းကမ်းဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ သြဂုတ် ၉ ရက်တွင် ဖားကန့်မြို့ အေးမြသာယာရပ်ကွက် ရှရော်ခကျေးရွာနေ မူးယစ်ဆေးဖြင့် ကျော်ကြားသည့် နေအိမ်တစ်ခုကို ဖမ်းဆီးရာတွင် ကျော်စောသတင်းရှိသူ၏ မတ်ဖြစ်သူ ခေါ်ဆောင်ပြီး ကျပ်သိန်း ၃၅၀ ယူဆောင်မှု ဖြစ်ပေါ်ခဲ့ကြောင်း စုံစမ်းရာတွင် အဖြစ်မှန် ပေါ်ပေါက်သဖြင့် ယခုလို အရေးယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက “မူးယစ်ဆေးဝါး ဖမ်းဆီးရာမှာ ငွေတောင်းခံမှုကြောင့် ဖားကန့်မြို့မရဲစခန်း ဒုစခန်းမှူးနဲ့ တပ်သားအဆင့် နယ်ထိန်းနှစ်ဦးကို ထိန်းသိမ်း အရေးယူထားပါတယ်။ ဒီလိုဖြစ်စဉ်တွေမှာ အမှုမှန် မပေါ်ပေါက်သေးရင် စုံခုံဖွဲ့စစ်ဆေးရတယ်။ အမှုမှန်ပေါ်ရင်တော့ ချက်ချင်း သက်ချုပ်ယူရပါတယ်။ ရဲစည်းနဲ့ အရေးယူပြီး ထောင်တွေကျမယ်။ ရဲတပ်ဖွဲ့ကနေ အပြီးတိုင် ထုတ်ပစ်မှာပေါ့။ ဘယ်လို ပုဒ်မတွေနဲ့ အရေးယူမယ်ဆိုတာ အထက်ကနေ ကျမလာသေးပါဘူး”ဟုပြောကြားသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက်ကလည်း ကချင်ပြည်နယ် နန်းမားကျေးရွာအုပ်စုတွင် ရဲတပ်သားနှစ်ဦးက မူးယစ်ဆေးဝါး သုံးစွဲသူတစ်ဦးထံမှ ငွေကြေးတောင်းခံမှုကြောင့် ကျေးရွာအုပ်ချုပ်ရေးနှင့် ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးခဲ့သည်။

ထို့ပြင် ဗန်းမော်ခရိုင်၊ မိုးမောက်-လွယ်ဂျယ်လမ်းပိုင်းတွင် တာဝန်ကျ အရာရှိတစ်ဦးက သစ်မှောင်ခို ဖမ်းဆီးရာတွင် ပိုင်ရှင်ဖြစ်သူကို လွှတ်ပေးမှုဖြင့် အမှုရင်ဆိုင်နေရကြောင်း သိရသည်။

ကချင်ပြည်နယ် ရဲတပ်ဖွဲ့ဝင်အချို့အနေဖြင့် မူးယစ်ဖမ်းဆီးရာတွင် ငွေကြေးတောင်းခံခြင်း၊ ဖမ်းဆီးမူးယစ်ဆေးဝါး ထိမ်ချန်ခြင်း၊ တရားခံအချို့ကို လွတ်မြောက်စေခြင်း၊ လူမှုရေးဖောက်ပြန်ခြင်း စသည့်အချက်များဖြင့် ၂၀၁၈ ခုနှစ်အတွင်း အရေးယူခြင်းများ ရှိနေကြောင်း သိရသည်။

 

ဖားကန့်မြို့နယ် မှော်ပုံကျေးရွာရှိ မူးယစ်ဆေးဝါး ရောင်းဝယ်နေသည့် ဆိုင်ခန်း ၃၅ ခန်းကို မီးရှို့ဖျက်ဆီး

မီးရှို့ဖျက်ဆီးထားသည့် မူးယစ်ဆေးဝါး ရောင်းဝယ်နေသည့် ဆိုင်ခန်းများအား တွေ့ရစဉ်

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်ပုံကျေးရွာရှိ မူးယစ်ဆေးဝါး ရောင်းဝယ်နေသည့် ဆိုင်ခန်း ၃၅ ခန်းကို သြဂုတ် ၁၅ ရက်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။ ယင်းနေရာတွင် ယခင်က တဲငယ် ၅၅ တဲခန့်ရှိပြီး မူးယစ်ဆေးဝါးများ ရောင်းဝယ်နေခြင်း၊ ကျေးရွာအုပ်ချုပ်ရေးပိုင်းမှ မလွှမ်းမိုးနိုင်ခြင်း၊ ကျူးကျော်တဲများ ဖြစ်နေခြင်းတို့ကြောင့် သြဂုတ် ၁၀ ရက်တွင် နောက်ဆုံးထား ထွက်ခွာရန် အမိန့်ထုတ်ခဲ့ပြီး မူးယစ်ဆေးဝါးများ ဆက်လက် ရောင်းဝယ်မှုပြုနေသဖြင့် မီးရှို့ခဲ့ရခြင်းဖြစ်ကြောင်း ရပ်ကျေးအုပ်ချုပ်ရေးပိုင်းတွင် ပါဝင်သူတစ်ဦးက ပြောကြားသည်။

၎င်းက “အဲဒီနေရာက ကျူးကျော်တဲအိမ် အလုံး ၅၀ ကျော်နေတယ်။ လူတွေကို လွန်ခဲ့တဲ့ လပိုင်းတွေကတည်းက ပြောင်းခိုင်းတာ။ မူးယစ်ရောင်းဝယ်မှုတွေလည်း ဖြစ်နေတာ။ သြဂုတ် ၁၀ ရက် မတိုင်ခင် ပြောင်းဖို့အမိန့် ထုတ်ပြီးသား။ အိမ်အလုံး ၅၀ ကျော်မှာ သာမန် ၂၀ ကျော်က ပြောင်းသွားပြီ။ မူးယစ်ဆေး ရောင်းတဲ့သူတွေက အကာတွေကိုဖျက်ပြီး အမိုးတွေချန်ပြီး မူးယစ်ဆေး ရောင်းနေတာ။ အဲဒီတဲ အလုံး ၃၅ လုံး မီးရှို့လိုက်တယ်။ ဘာပြဿနာမှ မဖြစ်ပါဘူး။ အုပ်ချုပ်ရေးအဖွဲ့၊ ရပ်မိရပ်ဖနဲ့ မီးသတ်တပ်ဖွဲ့တွေ ပါတယ်”ဟု ပြောကြားသည်။

ကချင်ပြည်နယ်တွင် ၂၀၁၈ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ သြဂုတ် ၁၄ ရက်အထိ တန်ဖိုး ကျပ်သိန်းပေါင်း ၁၉၀၀၀ ကျော်ရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ပြည်နယ်ရဲတပ်ဖွဲ့ မှတ်တမ်းများအရ နယ်ရဲ နှင့် အထူးမူးယစ်တပ်ဖွဲ့မှ ဖမ်းဆီးမှုပေါင်းမှာ အမှုပေါင်း ၁၃၅၂ မှု၊ ကျား တရားခံ ၁၅၅၇ ဦး၊ မ တရားခံ ၃၃၇ ဦး စုစုပေါင်း ၁၈၉၄ ဦးကို ဖမ်းဆီး အရေးယူခဲ့ခြင်း ဖြစ်သည်။ ယင်းကဲ့သို့ ဖမ်းဆီးနိုင်မှုမှာ နိုင်ငံတော်သမ္မတကြီး လမ်းညွှန်ပြီးနောက်ပိုင်း တိုးတက်လာခဲ့ပြီး ပြည်သူများကလည်း အင်တိုက်အားတိုက် ပါဝင်လာကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ ဒုပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လွင်မောင်သိန်းက ဆိုသည်။

ဖားကန့်ဒေသမှာ ကချင်ပြည်နယ်၏ အကြီးဆုံး မူးယစ်ဈေးကွက်ကြီး ဖြစ်နေကြောင်း၊ ရွှေ့ပြောင်းလုပ်သား များပြားလွန်းခြင်း၊ တရားဥပဒေ စိုးမိုးမှုမရှိခြင်း၊ လက်နက်ကိုင် အဖွဲ့အစည်းများ ရောထွေးနေခြင်းတို့ကြာင့် ထိန်းချုပ်ရန် ခက်ခဲနေသည့် အခြေအနေဖြစ်ကြောင်း ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ဆိုသည်။

ဖားကန့်မြို့မ ဒုစခန်းမှူး ရဲအရာရှိတစ်ဦးနှင့် နယ်ထိန်း ရဲတပ်သားနှစ်ဦးကိုလည်း မူးယစ်ဆေးဝါး ဖမ်းဆီးရာတွင် ငွေကျပ်သိန်း ၃၅၀ တောင်းယူခဲ့မှုနှင့် ပတ်သက်၍ ယခုလအတွင်းက အရေးယူထားကြောင်း သိရသည်။

 

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကချင်ပြည်နယ် ဖားကန့်နှင့် ဥရုမြစ်ကြောင်းနံဘေးရှိ ကျေးရွာများတွင် ရေကြီးရေလျှံမှုဖြစ်ပွား

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖားကန့်ဒေသတွင် ရေကြီးရေလျှံ ဖြစ်နေသည်ကို သြဂုတ် ၄ ရက်က တွေ့ရစဉ်

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကချင်ပြည်နယ် ဖားကန့်ဒေသနှင့် ဥရုမြစ်ကြောင်းနံဘေးရှိ ကျေးရွာများတွင် သြဂုတ် ၄ ရက်ညနေပိုင်းက ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လုံးခင်းကျေးရွာတံတားဝန်းကျင် ရပ်ကွက်များနှင့် လုံးခင်းကျောက်ဝိုင်း၊ ဖားကန့်မြို့ပေါ် လေးရပ်ကွက်နှင့် ကျောက်ဝိုင်းများ ရေကြီးရေလျှံနေကြောင်း ဒေသခံတို့က ပြောကြားသည်။

ဖားကန့်မြို့မှ ကျောက်လုပ်ငန်းလုပ်ကိုင်သူ ကိုဂျူက “ကျောက်စိမ်းတောင် ကြိုးတံတား ထိနေတယ်။ ရေတက်နေတုန်းပဲ။ မိုးက အတော်သည်းခဲ့တာကိုး။ မြို့မရယ်၊ ငှက်ပျောတောရယ်၊ ကျောက်ဝိုင်းရယ်ကတော့ မြုပ်နေပြီ။ လုံးခင်းဘက်လည်း ကျောက်ဝိုင်း ရေမြုပ်နေတယ်” ဟု ဆိုသည်။

ယခုအကြိမ် ရေကြီးမှုမှာ ဖားကန့်ဒေသတွင် ယခုနှစ်အတွင်း တတိယအကြိမ် ရေလွှမ်းခြင်းဖြစ်ပြီး လွန်ခဲ့သည့် ဇွန် ၂ ရက်က ဖားကန့်နှင့် လုံးခင်းတွင် ရေကြီးမှုဖြစ်ပွားကာ အိမ်ခြေရာနှင့်ချီ နစ်မြုပ်ခဲ့ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် ဇွန် ၂၂ ရက်တွင် ဖားကန့်ဒေသ၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမြေပြိုမှု ဖြစ်ပွားရာ အနည်းဆုံး လူ ၁၄ ဦး သေဆုံးကာ လေးဦးပျောက်ဆုံးခဲ့ကြောင်း သိရသည်။

ဖားကန့်ဒေသ၌ ရေကြီးလျှံမှုမှာ ဥရုချောင်းမြစ်ကြမ်းပြင် ဆယ်ယူရာတွင် နည်းမကျမှု၊ စွန့်ပစ်မြေစာများ ဥရုချောင်းအတွင်း တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း ကျရောက်နေခြင်း၊ ရေမြောင်း ပိတ်သည့် အနေအထားကြောင့် ယခုကဲ့သို့ ရေလျှံခြင်းကို ကြုံတွေ့ရခြင်းဖြစ်ကြောင်း၊ ဖားကန့်မဲဆန္ဒနယ် အမှတ် (၂) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဒါရှီလဆိုင်းက ကချင်ပြည်နယ် လွှတ်တော်တွင် ဆွေးနွေးခြင်းများ ရှိခဲ့သည်။

ဖားကန့်ဒေသရှိ ကျောက်မျက်တူးဖော်ခဲ့သည့် စွန့်ပစ်မြေစာများကို နှစ်ပေါင်းများစွာ ဥရုမြစ်အတွင်း စွန်ပစ်မှုကြောင့် မြစ်ကြမ်းပြင် ပေ ၃၀ နီးပါးမြင့်တက်ပြီး ဥရုမြစ်ဘေးဝန်းကျင်ရှိ ကျေးရွာများ နှစ်စဉ်ရေကြီးမှုဒဏ်ကို ခံနေရခြင်းဖြစ်သည်။

ဒေသခံ လွှတ်တော်ကိုယ်စားလှယ် ဦးလဆိုင်းက ဖားကန့်မြို့နယ်တွင် ဥရုမြစ်နံဘေး ကျေးရွာ ၂၀ ခန့်နှင့် မြို့များအားလုံး ဥရုမြစ်ကြမ်းပြင် မြင့်တက်မှုကြောင့် နှစ်စဉ် ရေလွှမ်းဒဏ် ခံနေရကြောင်း၊ အိမ်ခြေရာနှင့်ချီ ထိခိုက်ခဲ့ကြောင်း၊ မြစ်ကြောင်း ရှင်းလင်းရေး ကော်မတီ ဖွဲ့ထားသော်လည်း လုပ်ပိုင်ခွင့်နှင့် တာဝန် ပေးအပ်ထားခြင်း မရှိသဖြင့် နှစ်စဉ်ဆယ်ယူမှုနှင့် ချောင်းအတွင်း မြေစာပြန်ကျမှု ထပ်တူနီးပါးသာ ဖြစ်သဖြင့် တိုးတက်မှု မရှိကြောင်း၊ မြစ်ကြောင်း ရှင်းလင်းရေးနှင့် ယင်းနှင့်ဆက်စပ်သည့် စွန့်ပစ်မြေစာပုံများကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းမှသာ နောင်နှစ်ပေါင်းများစွာတွင် တဖြည်းဖြည်း အဆင်ပြေနိုင်ကြောင်း ပြည်နယ်လွှတ်တော်တွင် ပြောကြားခဲ့ကြောင်း သိရသည်။

ယင်းမေးမြန်းမှုနှင့် ပတ်သက်ပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦး H လအောင်က ဖားကန့်ဒေသတွင် ဥရုမြစ်ကြမ်းပြင် မြင့်တက်လာပြီး နှစ်စဉ် ရေကြီးရေလျှံ ဖြစ်ပေါ်နေမှုကြောင့် ဥရုမြစ်ထိန်းသိမ်းရေး လုပ်ငန်းကို ပြည်ထောင်စုအစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာန၏ လမ်းညွှန်ချက်အရ လုံးခင်းအခြေစိုက် ကျောက်မျက်တူးဖော်ရေးမှ ရပ်မိရပ်ဖများ၊ ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ကျောက်မျက် ကုမ္ပဏီများကိုလည်း စနစ်တကျ မြေစာစွန့်ပစ်ရေး ဆောင်ရွက်နေကြောင်း၊ စွန်ပစ်မြေစာပုံများ ဥရုမြစ်အတွင်း ပြိုကျခြင်းများကို တွေ့နေရကြောင်း၊ ယခုကုမ္ပဏီများကို တူးဖော်စေရာတွင် EMP (ပတ်ဝန်းကျင်ထိန်းသိမ်းရေး အစီအစဉ်) များကို စနစ်တကျ ရေးဆွဲစေကြောင်း၊ ဥရုမြစ် ရှင်းလင်းရေး လုပ်ငန်းများ၊ မြေစာပုံစောင့်ကြည့်ရေး လုပ်ငန်းများလည်း ပါဝင်ကြောင်း၊ ထို့ကြောင့် ချောင်းရှင်းလင်းရေး ကော်မတီနှင့် မြေစာပုံစောင့်ကြည့်ရေး ကော်မတီအား စည်ပင်သာယာ ကော်မတီများကဲ့သို့ စနစ်တကျ ရွေးချယ်ဖွဲ့စည်းပေးရန် အစီအစဉ် မရှိပါကြောင်း ဖြေကြားခဲ့သည်။

ဖားကန့်ဒေသတွင် ကျောက်စိမ်းတူးဖော်သည့် ကုမ္ပဏီများက စွန့်ပစ်မြေစာများ စည်းကမ်းမဲ့ စွန့်ပစ်ခြင်းကြောင့် ဥရုမြစ် နှစ်စဉ် နှစ်ပေနီးပါး တိမ်ကောလာမှုကို ဖားကန့်မြို့ အပါအ၀င် ကျေးရွာများ ရေရှည်တည်တံ့ရန် ဒေသခံများက ဒုတိယသမ္မတ အပါအ၀င် သက်ဆိုင်ရာသို့ ၂၀၁၄ ခုနှစ်က တိုင်ကြားခဲ့ကြောင်း သိရသည်။

ဖားကန့်ဒေသပြဿနာများကို ဘက်ပေါင်းစုံက ကိုင်တွယ်နေပြီး ငြိမ်းချမ်းရေးရမှသာ အပြည့်အ၀ ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြောကြား

ဇန်န၀ါရီ ၂၄ ရက်နေ့က ဖားကန့်ဒေသတွင် ဖြစ်ပွားခဲ့သည့်  မြေပြိုမှု တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ – မမိုး)

ဖားကန့်ဒေသ ပြဿနာများကို ဘက်ပေါင်းစုံက ကိုင်တွယ်နေပြီး အားလုံးပြေလည်အောင် ငြိမ်းချမ်းရေးရမှသာ ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ဇူလိုင် ၂၉ ရက်တွင် ပြောကြားသည်။

ကချင်ပြည်နယ် ၀န်ကြီးချုပ် ဒေါက်တာခက်အောင်က “ဖားကန့်နဲ့ ပတ်သက်တာတော့ ရေမဆေးတွေကို အန္တရာယ်ရှိလို့ တားမြစ်တာတွေ ရှိပါတယ်။ ဖားကန့်ကိစ္စနဲ့ပတ်သက်ပြီး အစီအစဉ်တွေကို ငြိမ်းချမ်းရေးရမှ အသေအချာ ဆွဲလို့ရမှာပါ။ ငြိမ်းချမ်းရေးမရရင် ဒီရေမဆေးပြဿနာကို မရှင်းနိုင်ဘူးလေ။ အားလုံးရောနေတာ။ ကျွန်တော်တို့ အစိုးရကတော့ တရားမ၀င် ဖြစ်နေတယ်။ အန္တရာယ်ရှိတယ်။ မလုပ်ကြပါနဲ့ တားမြစ်ပါတယ်။ တရားဥပဒေနှင့် မညီဘူး။ အစိုးရက ခွင့်မပြုဘူး။ လုပ်လည်း မလုပ်ခိုင်းဘူး။ ဒီကြားထဲမှာ ဖြစ်နေတာ။ ဖြစ်သွားတော့ လူသားချင်းစာနာ ထောက်ထားမှုကလည်း လုပ်ရတာပေါ့။ ပြောရရင် ရှည်တယ်ဗျာ။ သက်တမ်းကုန်တွေကို အမြဲတမ်းတောင်းတယ်။ မကျူးကျော်ဖို့လည်း တားမြစ်ထားတယ်။ နောက်ဆုံးဖြစ်တဲ့ မမုံမှာ လုပ်ကွက် (၂) က သက်တမ်းကုန်ပြီ။  (၃) က သက်တမ်းရှိသေးတယ်။ ကြားမှာ လုပ်တဲ့ဘက်မှာ ဖြစ်တာ။ ကျွန်တော်သိတာ။ မထိန်းသိမ်းနိုင်တာက။ ငြိမ်းချမ်းရေး မရှိတော့ တပ်ကလည်း မစောင့်နိုင်။ ရဲကလည်း မထိန်းဘူး။ သက်တမ်းကုန် လုပ်ကွက်တွေကိုလေ။ ငြိမ်းချမ်းရေးရမှ နေရာအနှံ့ ဥပဒေစိုးမိုးအောင် လုပ်နိုင်မှ တားဆီးနိုင်မှာ။ ပုဒ်မ ၁၄၄ ထုတ် ပြန်ဖို့တော့ အစိုးရက ခွင့်မပြုနိုင်ဘူး။ ပုံရိပ်က နိုင်ငံတကာနဲ့ ပြည်သူအမြင်ရော အထင်မှားစရာတွေ ဖြစ်နိုင်တော့ ခွင့်မပြုနိုင်ဘူး။ ပုဒ်မ ၁၄၄ က မလိုလားအပ်တဲ့ နောက်ဆက်တွဲတွေ ဖြစ်နိုင်တယ်။ ဖားကန့်နဲ့ပတ်သက်ပြီး ဘက်ပေါင်းစုံက ကိုင်တွယ်နေတယ်” ဟု ဆိုသည်။

ဖားကန့်ဒေသတွင် လက်လုပ်လက်စား ပြဿနာများကို ဖြေရှင်းရန် တစ်နိုင်တစ်ပိုင် လုပ်ကွက်များ ချထားပေးရေးမှာ လုပ်ကွက်စစ်တမ်း ကောက်ယူထားခဲ့ပြီး ပြည်ထောင်စု ၀န်ကြီးဌာနမှ တရားဝင် ညွှန်ကြားချက် မရှိသေးကြောင်း၊ ဖားကန့်ဒေသသည် အကြီးဆုံး မူးယစ်ဈေးကွက်ဖြစ်နေပြီး ရာဇ၀တ်မှု ကျူးလွန်ခဲ့သူများလည်း ခိုလှုံရာနေရာ ဖြစ်နေကြောင်း၊ ပြည်သူများအနေဖြင့် ဥပဒေကို လေးစားလိုက်နာမှသာ အန္တရာယ်ကင်းမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးရမှသာလျှင် ပြဿနာများကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က “အသေးစား၊ လက်လုပ်လက်စားလုပ်ဖို့ ဘယ်နေရာ၊ ဘယ်မှော်မှာ ဘယ်လောက်ရှိတယ်ဆိုပြီး ရှင်းလင်းကြတယ်။ (ပြည်ထောင်စု) ၀န်ကြီးဌာန ညွှန်ကြားချက် မရှိသေးတော့ လက်တွေ့အကောင်အထည် မဖော်နိုင်သေးဘူး။ ဖားကန့်ကိစ္စနဲ့ ပတ်သက်ရင်တော့ အင်မတန်မှ ဖြေရှင်းရခက်တဲ့ ပြဿနာပါ။ ဖားကန့်ဒေသမှာ ငြိမ်းချမ်းရေး မရသေးတော့ ဥပဒေ မစိုးမိုးနိုင်ဘူး။ မူးယစ်ဆေးဝါး ဈေးကွက်ကြီးရှိတယ်။ ရာဇ၀တ်မှု ကျူးလွန်ခဲ့သူတွေလည်း အဲဒီလိုနေရာမှာရှိတယ်။ ပြောချင်တာက ငြိမ်းချမ်းရေးရဖို့ပါပဲ။ ငြိမ်းချမ်းရေးရမှ ပြည်သူတွေအတွက် အသေးစားဖြစ်ဖြစ်၊ အလတ်စားဖြစ်ဖြစ် လုပ်စားနိုင်မှ အဆင်ပြေမှာ။ ကျွန်တော်မှာချင်တာတော့ တရားဥပဒေကို လိုက်နာကြပါ။ ဥပဒေလိုက်နာရင်တော့ ဒီလိုတွေ သေကျေကြတာ ရှိမှာမဟုတ်ဘူး” ဟု ပြောကြားသည်။

ဒေသတွင်း လူမှုကူညီရေး မှတ်တမ်းများအရ ၂၀၁၈ ခုနှစ်အတွင်း မြေပြိုမှုကြောင့် အနည်းဆုံး လူဦးရေ ၁၃၀ ထက်မနည်း သေဆုံးခဲ့ပြီဖြစ်ကြောင်း သိရသည်။

 

ဖားကန့်ဒေသ မြန်မာတကောင်း လုပ်ကွက်ဟောင်း မြေပြိုမှုမှ ပျောက်ဆုံးသူများအနက် အလောင်း ကိုးလောင်း ထပ်မံတွေ့ရှိ

ဖားကန့်ဒေသ ဆိပ်မူအုပ်စု မပြင်ကျေးရွာနှင့် အောက်မယ့်လင်ချောင်မှော်ကြားရှိ မြန်မာတကောင်း လုပ်ကွက်ဟောင်း မြေပြိုမှု မှ ပျောက်ဆုံးသူများအနက် အလောင်း ကိုးလောင်း ဇူလိုင် ၂၆ ရက်က ရေပေါ် ပြန်ပေါ်လာ၍ တွေ့ရှိခဲ့ကြောင်း သိရသည်။

ဖားပြင် သုခကာရီ လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးယဉ်ထွေးက “ကိုးလောင်း ပေါ်တယ်။ ရှစ်လောင်းက နာမည်စာရင်းရတယ်။ ဖားပြင်၊ စပေါ့၊ မမုန်၊ အထက်မယ်လင့်ချောင် ကပါတယ်။ တစ်ဦးကတော့ ဘယ်သူမှန်း မသိဘူး။ ပိုင်ရှင်မပေါ်ဘူး။ ရေလှိုင်းရိုက်ပြီး ရေလှိုင်းဆွဲချပြီး ရေနစ်သေသူတွေပေါ့။ ပျောက်ဆုံးက ၁၉ ဦး ဖြစ်နေသေးတာပေါ့။ ရေထဲက လူတွေကို လှေငယ်လေးတွေနဲ့ ရှာနေတယ်။ မြေပြိုတဲ့နေရာကို ဘက်ဟိုးလေးစီးနဲ့ မြေလှန်ရှာဖွေနေတယ်”ဟု ပြောကြားသည်။

ဖားကန့်ဒေသ၊ ဆိပ်မူအုပ်စု၊ မပြင်ကျေးရွာနှင့် အောက်မယ့်လင်ချောင်မှော်ကြားရှိ မြန်မာတကောင်း လုပ်ကွက်ဟောင်းတွင် ဇူလိုင် ၂၄ ရက် နံနက် ၅ နာရီကျော်က မြေပြိုကျမှုဖြစ်ရာ လူ ၄၀ ၀န်းကျင် ပါသွားခြင်း ဖြစ်ပြီး ဇူလိုင် ၂၅ ရက်အထိ ပျောက်ဆုံးစာရင်း ၂၇ ဦးရှိနေခြင်းဖြစ်သည်။ မြေပြိုမှုတွင် ပူတာအိုခရိုင်အတွင်း အဓိကနေထိုင်သည့် ရ၀မ်တိုင်းရင်းသား ၁၉ ဦး ပါသွားပြီး ကူညီပေးနိုင်ရေး ခက်ခဲနေကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ ရ၀မ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးရန်နမ်ဖုန်က ဆိုသည်။

ဒေသခံများ၏ ပြောပြချက်အရ မြေပြိုသည့်နေရာသည် ကျောက်ကောင်းထွက်သည့် အမဲကြောနှင့် မြေဖြူကြော စပ်သည့်နေရာဖြစ်ပြီး ဇူလိုင် ၂၄ ရက်က မြေပြိုပြီးနောက်ပိုင်းတွင် မြေထပ်ပြိုနိုင်ခြေ ရှိသော်လည်း ကျောက်ရှာဖွေသူ များပြားနေကြောင်း သိရသည်။

ဇွန် ၂၂ ရက်ကလည်း ဖားကန့်ဒေသတွင် မိုးကြီးမြေပြိုမှုကြောင့် ၁၄ ဦး သေဆုံးကာ လေးဦး ပျောက်ဆုံးပြီး အိမ်ခြေ ၁၆၀ ကျော် ထိခိုက်ခဲ့သည်။